မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လော့

ယေရှုပြခဲ့သော ပုံသက်သေကို လိုက်လော့

ယေရှု​ပြ​ခဲ့​သော ပုံသက်သေ​ကို လိုက်​လော့

“ငါသည် သင်တို့၌​ပြု​သကဲ့သို့ သင်တို့သည် ပြု​စေခြင်း​ငှာ ပုံသက်သေ​ကို​ပြ​ခဲ့ပြီ။”—ယောဟန် ၁၃:၁၅

၁။ ယေရှုသည် ခရစ်ယာန်​များ တုပထိုက်​သည့် စံပြ​နမူနာ အဘယ်ကြောင့် ဖြစ်​ရသနည်း။

လူ့​သမိုင်း​တစ်လျှောက်​တွင် လူတစ်ဦး​တည်း​သာ တစ်သက်လုံး အပြစ်​မရှိဘဲ နေထိုင်သွား​ခဲ့​သည်။ ထို​သူ​ကား ယေရှု​ပင်​တည်း။ ယေရှု​မှ​လွဲ​၍ “မ​ပြစ်မှား​တတ်သော​လူ တစ်ယောက်မျှ​မရှိ။” (၃ ဓမ္မ​ရာဇဝင် ၈:၄၆; ရောမ ၃:၂၃) ထို​အကြောင်းကြောင့် ခရစ်ယာန်စစ်​များသည် ယေရှုကို တုပထိုက်​သည့် အကောင်းဆုံး​စံပြ​နမူနာ​အဖြစ် ရှုမြင်​ကြသည်။ မှန်ပါသည်၊ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်​နေ့ ယေရှု​မ​ကွယ်လွန်​မီ​လေး​တွင် မိမိကို​တုပ​ကြ​ရန် နောက်လိုက်​များ​အား မိန့်မှာ​၏။ ကိုယ်တော်​က “ငါသည် သင်တို့၌​ပြု​သကဲ့သို့ သင်တို့သည် ပြု​စေခြင်း​ငှာ ပုံသက်သေ​ကို​ပြ​ခဲ့ပြီ” ဟု​ဆို​သည်။ (ယောဟန် ၁၃:၁၅) ထို​နောက်ဆုံး​ည​တွင် ယေရှုသည် ခရစ်ယာန်​များ မိမိ​ကဲ့သို့​ဖြစ်​ရန် ကြိုးစား​သင့်​သည့် နည်းလမ်း​အတော်များများကို မိန့်မှာ​ခဲ့​၏။ ဤ​ဆောင်းပါး​တွင် အဆိုပါ​နည်းလမ်းများ​မှ အချို့​ကို သုံးသပ်​သွား​ကြ​မည်။

စိတ်​နှိမ့်ချမှု​လိုအပ်

၂၊ ၃။ ယေရှုသည် အဘယ်​နည်းများဖြင့် ပြည့်စုံ​ကောင်းမွန်​သည့် စိတ်​နှိမ့်ချမှု​ပုံသက်သေ ပြသ​ခဲ့​သနည်း။

မိမိ​ပြ​ခဲ့​သော ပုံသက်သေ​ကို လိုက်​ကြ​ရန် တပည့်​များ​အား ယေရှု တိုက်တွန်း​သည့်​အခါ စိတ်​နှိမ့်ချမှု​နှင့်​ပတ်သက်​၍ အထူးပြု​မိန့်ဆိုခဲ့သည်။ စိတ်​နှိမ့်ချမှု​ရှိကြ​ရန် နောက်လိုက်​များ​အား တစ်ကြိမ်​ထက်မက ကိုယ်တော်​ဆုံးမ​ခဲ့​သည့်​အပြင် နိသန်လ ၁၄ ရက်​ည​တွင် တမန်​တော်​များ​၏​ခြေ​ကို ဆေး​ပေးခြင်း​ဖြင့် ကိုယ်တော်​၏​စိတ်​နှိမ့်ချမှုကို ပြသ​တော်​မူ​ခဲ့​သည်။ ထို့နောက် ယေရှု​က “ငါသည် သခင်​ဖြစ်​လျက်၊ အရှင်​ဘုရား​လည်း​ဖြစ်​လျက်​နှင့် သင်တို့၏​ခြေ​ကို​ဆေး​လျှင် သင်တို့သည် အချင်းချင်း​တို့၏​ခြေ​ကို ဆေး​ရ​ကြ​မည်” ဟု​မိန့်ဆိုခဲ့​၏။ (ယောဟန် ၁၃:၁၄) ထို့နောက် ကိုယ်တော်​က မိမိ​ပြ​ခဲ့​သော ပုံသက်သေ​ကို လိုက်​ကြ​ရန် တမန်​တော်​များ​အား မိန့်မှာ​လေ​သည်။ အလွန်​ကောင်းမွန်​သည့် စိတ်​နှိမ့်ချမှု​ပုံသက်သေ​ပင်!

ကမ္ဘာ​မြေပေါ် မကြွလာမီ​က ယေရှုသည် “ဘုရားသခင်​၏​သဏ္ဌာန်တော်​နှင့်​ပြည့်စုံ​တော်​မူ​သည်” ဟု​တမန်​တော်​ပေါလု​က ဆို​၏။ မည်သို့​ပင်​ဆို​စေ၊ ကိုယ်တော်​သည် မိမိ​ဂုဏ်​အသရေ​ကို​စွန့်​၍ နိမ့်ကျသော​လူသား​အဖြစ် ဖွားမြင်ခြင်း​ကို ခံ​တော်​မူ​သည်။ ထို​မျှ​မ​က ကိုယ်တော်​သည် “အသေခံ​ခြင်း​သာ​မဟုတ်၊ လက်ဝါးကပ်တိုင်​မှာ အသေခံ​ခြင်း​တိုင်အောင် အစေ​ကျွန်ခံ​၍ ကိုယ်ကို​ကိုယ်​နှိမ့်ချ​တော်​မူ​၏။” (ဖိလိပ္ပိ ၂:၆-၈) စဉ်းစား​ကြည့်​ပါ​လေ။ စကြဝဠာ​တွင် ဒုတိယ​အကြီးဆုံး​ပုဂ္ဂိုလ်​ဖြစ်သော ယေရှုသည် ကောင်းကင်တမန်​များ​ထက် အဆင့်နိမ့်၊ ဘာမျှ​မစွမ်းဆောင်​နိုင်​သည့် နို့စို့​ကလေး​အနေ​နှင့် မွေးဖွား၊ မစုံလင်​သော​မိဘများ​ကို လက်အောက်ခံ​၍ ကြီးပြင်း​လာ​ကာ နောက်ဆုံး​တွင် စက်ဆုပ်ဖွယ် ရာဇဝတ်သား​အဖြစ် သေဆုံး​ရန်​တို့ကို သဘောတူခဲ့​သည်။ (ကောလောသဲ ၁:၁၅၊ ၁၆; ဟေဗြဲ ၂:၆၊ ၇) ထူးကဲ​သော စိတ်​နှိမ့်ချမှု​ပင်! “ထို​စိတ်​သဘောကို” တုပ​ပြီး ထိုသို့​သော “နှိမ့်ချသော​စိတ်” မွေး​နိုင်​မည်​လော။ (ဖိလိပ္ပိ ၂:၃-၅) မွေး​နိုင်​သော်လည်း လွယ်ကူ​မည်​မဟုတ်​ချေ။

၄။ အဘယ်အရာ​များသည် လူ​တို့ကို မာနကြီး​စေ​သနည်း၊ သို့သော် မာနကြီး​ခြင်း​သည် အဘယ်ကြောင့် အန္တရာယ်​ရှိ​သနည်း။

စိတ်​နှိမ့်ချ​ခြင်း​၏​ဆန့်ကျင်ဘက်​မှာ မာနကြီး​ခြင်း​ဖြစ်သည်။ (သု. ၆:၁၆-၁၉) မာနကြီး​ခြင်း​ကြောင့် စာတန် ကျဆုံး​ခဲ့​ရ၏။ (၁ တိမောသေ ၃:၆) မာနကြီး​ခြင်း​သည် လူ့​နှလုံး​ထဲ အမြစ်စွဲ​ဖို့ လွယ်ကူ​ပြီး စွဲ​သွား​သည်​နှင့် ပြန်​ထုတ်​ဖို့ ခဲယဉ်း​သွား​သည်။ လူတို့သည် မိမိတို့၏​နိုင်ငံ၊ လူမျိုး၊ ဥစ္စာ​ပစ္စည်း၊ ပညာရေး၊ လောက​အောင်မြင်မှု​များ၊ လူမှုရေး​အဆင့်အတန်း၊ ရုပ်ရည်၊ အားကစား​စွမ်းရည်​နှင့် အခြား​အရာများ​စွာ​တို့​ကြောင့် မာနကြီး​ကြသည်။ သို့​တိုင် ထို​အရာရှိသမျှ​သည် ယေဟောဝါ​အတွက် အရေးမပါ​ချေ။ (၁ ကောရိန္သု ၄:၇) ကျွန်ုပ်​တို့သည် ၎င်း​တို့​ကြောင့် မာနကြီး​မည်​ဆိုလျှင် ကိုယ်တော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို ပျက်ပြား​စေနိုင်​သည်။ ‘ထာဝရ​ဘုရားသခင်​သည် မြင့်မြတ်​တော်​မူ​သော်လည်း စိတ်​နှိမ့်ချသော​သူတို့ကို ကြည့်ရှု​တော်​မူ​၏။ စိတ်​မြင့်သော​သူတို့ကို​ကား အဝေးက​သိတော်မူ၏။’—ဆာလံ ၁၃၈:၆; သု. ၈:၁၃

ကျွန်ုပ်​တို့​ညီအစ်ကို​များ​ကြား စိတ်​နှိမ့်ချ

၅။ အကြီးအကဲ​များသည် စိတ်​နှိမ့်ချမှု​ရှိဖို့ အဘယ်ကြောင့် အရေးကြီး​သနည်း။

ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ကျွန်ုပ်​တို့၏​အနေအထား​များနှင့် အောင်မြင်မှု​များ​ကြောင့်​ပင် မာန​မကြီး​သင့်​ပေ; အသင်းတော်​၏​တာဝန်​များ​ကြောင့်​လည်း မာန​မကြီး​သင့်​ချေ။ (၁ ရာဇဝင်ချုပ် ၂၉:၁၄; ၁ တိမောသေ ၆:၁၇၊ ၁၈) အမှန်စင်စစ် ကျွန်ုပ်​တို့၏​တာဝန် သာ၍​ကြီး​လာ​လေ၊ နှိမ့်ချမှု​ရှိဖို့ ပို​၍​လို​လာ​လေ​ဖြစ်သည်။ တမန်​တော်​ပေတရု​က အကြီးအကဲ​များ​အား “ဘုရားသခင်​ပိုင်ဆိုင်ရာ​တော်​ကို အာဏာ​ထား​၍ အစိုးတရ​ပြု​သည်မဟုတ်​ဘဲ၊ သိုးတော်စု​ရှေ့မှာ ပုံသက်သေ​ကို​ပြ​သော​သူ​ဖြစ်​ကြလော့” ဟူ၍ အားပေး​တိုက်တွန်း​ခဲ့​သည်။ (၁ ပေတရု ၅:၃က​ဘ) အကြီးအကဲ​များသည် အာဏာ​ထား​၍ အုပ်ချုပ်​ဖို့​မဟုတ်ဘဲ အစေခံ​၍ ပုံသက်သေ​ပြဖို့ ခန့်အပ်​ခံရ​ကြ​၏။—လုကာ ၂၂:၂၄-၂၆; ၂ ကောရိန္သု ၁:၂၄

၆။ ခရစ်ယာန်​အသက်တာ​၏ အဘယ်​ကဏ္ဍ​များ​တွင် စိတ်​နှိမ့်ချမှု​လိုအပ်​သနည်း။

အကြီးအကဲ​များ​သာ စိတ်​နှိမ့်ချမှု​ပြဖို့​မဟုတ်​ချေ။ အသက်ကြီး​သော​သူတို့နှင့် နှိုင်းယှဉ်​ကြည့်​လျှင် ဉာဏ်ရည် သာ၍​ထက်မြက်​ခြင်း၊ ကာယ​ခွန်အား​သန်မာ​ခြင်း​တို့​ကြောင့် မာနကြီး​လာနိုင်​ဖွယ်​ရှိသည့် လူငယ်များ​ကို ပေတရု​က ဤသို့​ရေးခဲ့​သည်– “အချင်းချင်း​တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချလျက်​နေ၍ နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်​ကြလော့။ အကြောင်း​မူ​ကား၊ ထောင်လွှား​စော်ကား​သော​သူတို့ကို ဘုရားသခင် ဆီးတား​တော်​မူ​၏။ စိတ်​နှိမ့်ချသော​သူတို့အား ကျေးဇူးပြု​တော်​မူ​၏။” (၁ ပေတရု ၅:၅) မှန်ပါသည်၊ ခရစ်တော်​နည်းတူ ကျွန်ုပ်​တို့အားလုံး နှိမ့်ချမှု​ရှိဖို့ အရေးကြီး​သည်။ သတင်းကောင်း​ဟောပြော​သည့်​အခါ အထူးသဖြင့် ဥပေက္ခာပြု​ခံရ သို့​မဟုတ် ရန်လို​ခံရ​သည့်​အခါ စိတ်​နှိမ့်ချမှု​ရှိဖို့လို​သည်။ သွန်သင်ချက်​ကို လက်ခံဖို့​နှင့် ခရစ်ယာန်​ဓမ္မ​အမှု​တွင် တိုးချဲ့​ပါဝင်​နိုင်​ရန် ဘဝကို ရိုးရှင်း​စွာ​ထား​ဖို့ နှိမ့်ချမှု​လို​၏။ ထို့​ပြင် လူသိရှင်ကြား ပုတ်ခတ်​ပြောဆိုမှု၊ တရား​ဥပဒေ​နှင့်​ထိုးနှက်မှု​များ သို့​မဟုတ် ကြမ်းတမ်း​သည့် ညှဉ်းပန်း​နှိပ်စက်မှု​တို့ကို ခံရ​ချိန်​တွင် နှိမ့်ချမှု​သာမက ရဲဝံ့​သော​ယုံကြည်ခြင်း​ရှိဖို့လို​သည်။—၁ ပေတရု ၅:၆

၇၊ ၈။ စိတ်​နှိမ့်ချမှုကို ပျိုးထောင်​နိုင်​သည့် နည်း​အချို့​ကား အဘယ်နည်း။

လူတစ်ဦး​သည် မာနစိတ်ကို ချိုးနှိမ်​ပြီး “သူတစ်ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်းမြတ်​သည်​ဟု နှိမ့်ချသော​စိတ်” နှင့်​မည်သို့​ပြုမူ​နိုင်​သနည်း။ (ဖိလိပ္ပိ ၂:၃) မိမိကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ ကိုယ့်​ကိုယ်ကို​ရှုမြင်​ရမည်။ “ထို​နည်းတူ သင်တို့​ဆောင်ရွက်​ပြီး​သော် ငါ​တို့သည် အသုံးမကျ​သော​ကျွန်​များ​ဖြစ်​ကြ​၏။ ဆောင်ရွက်ရန် ကိုယ့်​တာဝန်​ကို​သာ​ဆောင်ရွက်​ခဲ့ပြီ​ဟူ၍ အောက်မေ့​ကြ” ဟု​ယေရှု​မိန့်ဆို​စဉ်​က စိတ်ရင်းမှန်မှု​ကို ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၇:၁၀က​ဘ) ကျွန်ုပ်​တို့​လုပ်ဆောင်​နိုင်ရာ​သည် ယေရှု​လုပ်ဆောင်ခဲ့​ရာ​နှင့် မည်သို့​မျှ မယှဉ်နိုင်​ကြောင်း သတိရပါ။ သို့​တိုင် ယေရှုသည် စိတ်​နှိမ့်ချမှု​ရှိ​တော်​မူ​၏။

ထို့​ပြင် မိမိကိုယ်ကို အမြင်မှန်​ရှိ​နိုင်​ရန် ယေဟောဝါ​၏​အကူအညီကို တောင်းခံ​နိုင်​သည်။ ဆာလံဆရာ​နည်းတူ ကျွန်ုပ်​တို့​လည်း ဤသို့​ဆုတောင်း​နိုင်၏– “ပညတ်တော်​များ​ကို အကျွန်ုပ်​ယုံကြည်သည်​ဖြစ်၍ ပိုင်းခြား​သိမြင်​သော​ဉာဏ်​နှင့် အသိပညာ၌ သွန်သင်​တော်​မူ​ပါ။” (ဆာလံ ၁၁၉:၆၆သ​မ) ယေဟောဝါ​သည် ချင့်ချင့်ချိန်ချိန်​နှင့် ဟန်ချက်ညီ​ညီ ကျွန်ုပ်​တို့​ကိုယ်ကို ရှုမြင်​တတ်​ရန် ကူညီပေး​ပြီး ကျွန်ုပ်​တို့၏​စိတ်​နှိမ့်ချမှု​အတွက် ကောင်းချီး​ပေး​လိမ့်​မည်။ (သု. ၁၈:၁၂) ယေရှု​က ဤသို့​မိန့်ဆိုခဲ့သည်– “အကြင်သူသည် မိမိကို​ချီးမြှောက်​အံ့၊ ထို​သူသည် နှိမ့်ချ​ခြင်း​သို့​ရောက်​လတ္တံ့။ အကြင်သူသည် မိမိကို နှိမ့်ချ​အံ့၊ ထို​သူသည် ချီးမြှောက်​ခြင်း​သို့ ရောက်​လတ္တံ့။”—မဿဲ ၂၃:၁၂

အမှားအမှန်​အပေါ် အမြင်မှန်

၉။ ယေရှုသည် အမှားအမှန်​ကို မည်သို့​ရှုမြင်ခဲ့​သနည်း။

ယေရှုသည် မစုံလင်​သော​လူသားများ​နှင့်အတူ ၃၃ နှစ်​တိုင် နေထိုင်ခဲ့​သော်လည်း “အပြစ်​နှင့်​ကင်းလွတ်​တော်​မူ​၏။” (ဟေဗြဲ ၄:၁၅) မေရှိယ​အကြောင်း ပရောဖက်ပြု​စဉ်​က ဆာလံဆရာ ဤသို့​ဆို​ခဲ့​သည်– “ကိုယ်တော်​သည် ဖြောင့်မတ်ခြင်း​တရားကို နှစ်သက်၍ မတရားသော​အမှုကို မုန်းတော်မူ​၏။” (ဆာလံ ၄၅:၇; ဟေဗြဲ ၁:၉) ဤ​တွင်​လည်း ယေရှုကို ခရစ်ယာန်​များ ကြိုးစား​တုပ​ကြ​၏။ သူတို့သည် အမှားအမှန်​ကို သိ​ရုံ​သာမက အမှား​ကို မုန်း​ပြီး အမှန်​ကို နှစ်သက်​ကြသည်။ (အာမုတ် ၅:၁၅) ၎င်း​က သူတို့၏​မွေးရာပါ​အပြစ်ပြု​လို​သော သဘောထားများကို တွန်းလှန်​နိုင်​စေ​သည်။—ကမ္ဘာဦး ၈:၂၁; ရောမ ၇:၂၁-၂၅

၁၀။ ကျွန်ုပ်​တို့သည် နောင်တ​မယူ​ဘဲ “ဆိုးယုတ်​သော​အကျင့်” ကို​ပြုကျင့်​နေ​မည်​ဆိုလျှင် အဘယ်​စိတ်​သဘောကို ဖော်ပြ​နေရာ​ရောက်​သနည်း။

၁၀ ယေရှုသည် ဖာရိရှဲ​ဖြစ်သူ နိကောဒင်​ကို ဤသို့​မိန့်ဆိုခဲ့သည်– ‘ဆိုးယုတ်​သော​အကျင့်ကို ကျင့်​သော​သူအပေါင်း​တို့သည် အလင်း​ကို​မြင်​ပြင်း​၍ မိမိတို့​အကျင့်​၌ အပြစ်​ပါ​သည်ကို မထင်ရှား​စေခြင်း​ငှာ အလင်း​သို့​မ​ချဉ်းကပ်​ကြ။ အမှန်တရားကို​ကျင့်​သော​သူ​မူ​ကား၊ မိမိ​အကျင့်​တို့သည် ဘုရားသခင်​၏​အလိုတော်နှင့်​ညီ​သည်ကို ထင်ရှားစေ​ခြင်း​ငှာ အလင်း​သို့​ချဉ်းကပ်​သည်။’ (ယောဟန် ၃:၂၀၊ ၂၁) ယောဟန်​သည် ယေရှုကို “ခပ်သိမ်း​သော​လူအပေါင်း​တို့အား အလင်း​ကို​ပေး​သော​သူ” အဖြစ် ဖော်ပြ​ထား​သည်ကို သုံးသပ်ကြည့်​ပါ။ (ယောဟန် ၁:၉၊ ၁၀) သို့သော် ယေရှု​က ကျွန်ုပ်​တို့သည် ဘုရားသခင်​လက်မခံ​သော အမှား​များ​ဖြစ်သည့် “ဆိုးယုတ်​သော​အကျင့်” ကို​ပြုကျင့်​နေ​မည်​ဆိုလျှင် အလင်း​ကို မုန်း​ရာ​ကျ​သည်​ဟု မိန့်ဆိုခဲ့သည်။ ယေရှု​နှင့် ကိုယ်တော်​၏​စံနှုန်း​များ​ကို မုန်း​ဖို့ သင်​စိတ်ကူး​ကြည့်​နိုင်​သလော။ သို့​တိုင် နောင်တ​မယူ​ဘဲ အပြစ်ပြု​သောအခါ ထိုသို့​ဖြစ်​နိုင်၏။ သူတို့သည် မုန်းသည်​ဟု မ​ရှုမြင်ကြ​သော်လည်း ယေရှု​က ထိုသို့​ပင် ရှုမြင်​သည်​မှာ ရှင်း​ပါ​သည်။

အမှားအမှန်​အပေါ် ယေရှု၏​အမြင်မျိုး ပျိုးထောင်​နိုင်​ပုံ

၁၁။ အမှားအမှန်​အပေါ် ယေရှု၏​အမြင်မျိုး ပျိုးထောင်​ဖို့​ဆိုလျှင် အဘယ်အရာက အရေးကြီး​သနည်း။

၁၁ ကျွန်ုပ်​တို့သည် အမှားအမှန်​အပေါ် ယေဟောဝါ​၏​အမြင်ကို အသေအချာ နားလည်​ဖို့​လို​သည်။ ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​ကို လေ့လာ​မှ​သာ ၎င်းကို နားလည်​နိုင်​မည်။ ဤသို့​နည်း​မှန်​လမ်း​ကျ​လေ့လာ​သည့်​အခါ ဆာလံဆရာ​နည်းတူ ‘အို​ထာဝရ​ဘုရားသခင်၊ ကိုယ်တော်​၏​လမ်း​တို့ကို အကျွန်ုပ်​အား​ပြညွှန်​၍ ခရီးတော်​တို့ကို သွန်သင်​တော်​မူ​ပါ’ ဟူ၍ ကျွန်ုပ်​တို့​လည်း ဆုတောင်း​ဖို့​လို​သည်။ (ဆာလံ ၂၅:၄) သို့သော် ထို​စာတန်​ပင် လှည့်စား​တတ်​ကြောင်း သတိရပါ။ (၂ ကောရိန္သု ၁၁:၁၄) သူသည် အမှား​ကို ဖုံးကွယ်​ပြီး သတိမမူ​သော​ခရစ်ယာန်​တစ်ဦး​က ယင်းကို လက်ခံနိုင်ဖွယ်​အဖြစ်​မြင်လာ​စေရန် ဖန်တီး​နိုင်​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့ လေ့လာ​သိရှိရာ​ကို အလေးအနက်​ဆင်ခြင်​တွေးတော၍ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ၏​ဆုံးမ​စကား​ကို အနီးကပ်​လိုက်နာ​ဖို့​လို​သည်။ (မဿဲ ၂၄:၄၅-၄၇) လေ့လာခြင်း၊ ဆုတောင်းခြင်း​နှင့် သိရှိရာ​ကို ဆင်ခြင်​တွေးတောခြင်း​တို့သည် ကျွန်ုပ်​တို့ကို ရင့်ကျက်​စေပြီး “ကောင်းကျိုး​မကောင်း​ကျိုး​ကို ပိုင်းခြား​၍​သိနိုင်​သော​ဉာဏ်​ပေး​တတ်သော၊ အကြား​အမြင် အတွေ့​အစမ်း​များသော” သူများ​အဝင် ဖြစ်စေ​နိုင်​သည်။ (ဟေဗြဲ ၅:၁၄) ထို​အခါ အမှား​ကို မုန်း​ပြီး အမှန်​ကို နှစ်သက်​လာ​ပါ​လိမ့်​မည်။

၁၂။ အဘယ်​ကျမ်းစာ​ဆုံးမ​စကား​က ကျွန်ုပ်​တို့အား မတရားမှုကို မကျင့်​သုံး​စေ​သနည်း။

၁၂ အမှား​ကို မုန်း​မည်​ဆိုပါ​က ကျွန်ုပ်​တို့၏​နှလုံး​တွင် အမှား​ပြု​လို​သည့်​ဆန္ဒ​ကို ကြီးထွား​စေ​ခွင့်ပြု​မည်​မဟုတ်​ချေ။ ယေရှု​ကွယ်လွန်​ပြီး နှစ်များ​စွာ​အကြာတွင် တမန်​တော်​ယောဟန်​က ဤသို့​ရေးသားခဲ့​၏– ‘လောကကို​လည်းကောင်း၊ လောက​၌​ရှိသော​အရာ​တို့ကို​လည်းကောင်း မချစ်​ကြ​နှင့်။ လောကကို​ချစ်သော​သူ​မည်​သည်​ကား၊ ခမည်းတော်​ကို ချစ်ခြင်း​မေတ္တာ​မရှိ။ လောက​၌​ရှိသမျှ​သော​အရာ​တည်း​ဟူသော ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လောက​စည်းစိမ်​၌ ဝါကြွားခြင်း​တို့သည် ခမည်းတော်​နှင့်​မစပ်ဆိုင်၊ လောက​နှင့်​သာ​စပ်ဆိုင်​ကြ​၏။’—၁ ယောဟန် ၂:၁၅၊ ၁၆

၁၃၊ ၁၄။ (က) လောက​အရာများ​ကို တပ်မက်​ခြင်း​သည် ခရစ်ယာန်​များ​အဖို့ အဘယ်ကြောင့် အန္တရာယ်​ရှိ​သနည်း။ (ခ) ကျွန်ုပ်​တို့သည် လောက​အရာများ တပ်မက်​ခြင်း​ကို မည်သို့​ရှောင်နိုင်​သနည်း။

၁၃ လောက​၌​ရှိသမျှ​အရာ​သည် အမှား​ချည်း​မဟုတ်​ဟူ၍ အချို့​က ဆင်ခြေ​တက်​ကြ​မည်။ ထိုသို့​မှန်​စေ​ဦး​တော့၊ လောက​နှင့် လောက​၏​ဆွဲဆောင်မှု​များသည် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​မှု​မှ ကျွန်ုပ်​တို့ကို အလွယ်တကူ သွေဖည်​သွား​စေနိုင်​၏။ လောက​၏​ကမ်း​လှမ်း​ရာ​ရှိသမျှသည် ဘုရားသခင်​ထံ ချဉ်းကပ်​စေနိုင်​သည်မဟုတ်။ သို့​ဖြစ်၍ လောက​အရာများ​ကိုယ်နှိုက်​က မမှား​သည့်​တိုင် ယင်း​တို့ကို တပ်မက်​လာ​လျှင် ကျွန်ုပ်​တို့သည် အန္တရာယ်​ရှိ​လမ်းပေါ် လျှောက်​မိ​လျက်​သား​ဖြစ်နေ​ပြီ။ (၁ တိမောသေ ၆:၉၊ ၁၀) ထို့​ပြင် လောက​အရာ​အများစု​သည် အမှန်ပင် မကောင်းသော​အရာများ​ဖြစ်၏၊ ကျွန်ုပ်​တို့ကို ထိခိုက်​ပျက်စီး​စေနိုင်​၏။ အကြမ်းဖက်မှု၊ ရုပ်ပစ္စည်း​တပ်မက်မှု သို့​မဟုတ် လိင်​အကျင့်​ယိုယွင်းမှု​တို့ကို အသားပေး​ထား​သည့် ရုပ်ရှင်​များ သို့​မဟုတ် ရုပ်မြင်သံကြား​အစီအစဉ်များ​ကို ကြည့်​မည်​ဆိုလျှင် ၎င်းတို့သည် လက်ခံနိုင်စရာ​ဖြစ်လာ​ပြီး​နောက် ကျွန်ုပ်​တို့ကို သွေးဆောင်​နိုင်၏။ ဘဝ​ပုံစံ​တိုးတက်ရေး သို့​မဟုတ် စီးပွား​တက်လမ်း​ဖန်တီး​ရေး​ဘက်တွင် အားသန်​သူများ​နှင့် ပေါင်းသင်း​မည်​ဆိုလျှင် ယင်း​တို့သည် ကျွန်ုပ်​တို့အတွက်​လည်း အဓိက​အရေးကြီး​ရာ​များ​ဖြစ်လာ​နိုင်​သည်။—မဿဲ ၆:၂၄; ၁ ကောရိန္သု ၁၅:၃၃

၁၄ တစ်ဖက်​တွင်​မူ၊ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စကားတော်​ကို ဖတ်ရှုခြင်း​၌ ပျော်မွေ့​နေ​မည်​ဆိုလျှင် ‘ကိုယ်ကာယ​တပ်မက်​ခြင်း၊ မျက်စိ​တပ်မက်​ခြင်း၊ လောက​စည်းစိမ်​၌​ဝါကြွားခြင်း​တို့’ ၏​သွေးဆောင်မှု​ကို များစွာ​လျော့ပါး​သွား​စေ​လိမ့်​မည်။ ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​ကို ရှေးဦး​ထား​သူများ​နှင့် ပေါင်း​မည်​ဆိုလျှင် ကျွန်ုပ်​တို့သည် သူတို့​နည်းတူ ဖြစ်လာ​ပြီး သူတို့​နှစ်သက်ရာကို နှစ်သက်၍ သူတို့​ရှောင်ရှား​ရာ​ကို ရှောင်ရှား​လာ​လိမ့်​မည်။—ဆာလံ ၁၅:၄; သု. ၁၃:၂၀

၁၅။ ယေရှု၏​အဖြစ်​မှာ​ကဲ့သို့ ဖြောင့်မတ်ခြင်း​ကို နှစ်သက်​ပြီး မတရားမှုကို မုန်း​ခြင်း​သည် ကျွန်ုပ်​တို့ကို မည်သို့​အားရှိစေ​သနည်း။

၁၅ ယေရှုသည် မတရားမှုကို မုန်း​ပြီး ဖြောင့်မတ်မှု​ကို နှစ်သက်သော​ကြောင့် “မိမိ​ရှေ့၌​ထားသော ဝမ်းမြောက်ခြင်း” ကို​အာရုံစိုက်​နိုင်​ခဲ့​သည်။ (ဟေဗြဲ ၁၂:၂) ကျွန်ုပ်​တို့​လည်း ထို​နည်းတူ​ဖြစ်​နိုင်၏။ ‘လောက​နှင့်​လောက​တပ်မက်​ခြင်း​သည် ရွေ့သွား​ကွယ်ပျောက်’ တော့​မည်​ကို ကျွန်ုပ်​တို့ သိထားကြသည်။ ဤ​လောက​မှ​ပေး​နိုင်သော မည်သည့်​ပျော်ရွှင်​သာယာမှု​မဆို ခေတ္တ​ယာယီ​မျှ​သာ​ဖြစ်၏။ သို့သော် ‘ဘုရားသခင်​၏​အလိုတော်နှင့်​အညီ ကျင့်​သော​သူ​မူ​ကား ထာဝရ​တည်​၏။’ (၁ ယောဟန် ၂:၁၇) ယေရှုသည် ဘုရားသခင်​၏​အလိုတော် လုပ်ဆောင်ခဲ့​သောကြောင့် လူသားများ ထာဝရ​အသက်​ရရှိစေရန် လမ်းဖွင့်​ပေး​နိုင်​ခဲ့​သည်။ (၁ ယောဟန် ၅:၁၃) ကျွန်ုပ်​တို့အားလုံး ကိုယ်တော့်​ကို တုပ​ပြီး ကိုယ်တော်​၏​သမာဓိ​မှ အကျိုး​ရနိုင်​ကြ​ပါစေ။

ညှဉ်းပန်း​နှိပ်စက်မှု​ကို ခံရပ်​ခြင်း

၁၆။ ယေရှုသည် အချင်းချင်းချစ်​ကြ​ရန် နောက်လိုက်​များ​အား အဘယ်ကြောင့် တိုက်တွန်း​ခဲ့​သနည်း။

၁၆ ယေရှုသည် တပည့်​များ မိမိကို​တုပ​နိုင်​သည့် တခြား​နည်းကို ဖော်ပြ​ကာ ဤသို့​မိန့်မှာ​သည်– “ငါ့​ပညတ်​ဟူ​မူ​ကား၊ ငါသည် သင်တို့ကို ချစ်​သည့်​နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်​ကြလော့။” (ယောဟန် ၁၅:၁၂၊ ၁၃၊ ၁၇) ခရစ်ယာန်​များသည် မိမိတို့၏​ညီအစ်ကို​များ​ကို ချစ်​ရသည့် အကြောင်းရင်း​များစွာ​ရှိ၏။ ဤ​တစ်ချိန်​၌ ယေရှု၏​စိတ်ထဲ​တွင်​ရှိနေ​သည့်​အရာ​မှာ အခြား​အရာများ​ထက် လောက​မှ သူတို့​ခံရ​မည့် မုန်းတီးမှု​ဖြစ်၏။ ကိုယ်တော်​က ဤသို့​မိန့်မှာ​သည်– ‘လောကသား​တို့သည် သင်တို့ကို​မုန်း​လျှင် သင်တို့ကို​မမုန်း​မီ ငါ့ကို​မုန်း​ကြသည်​ကို သိမှတ်​ကြလော့။ ကျွန်​သည် မိမိ​သခင်​ထက် သာ၍​ကြီးမြတ်​သည်မဟုတ်၊ သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို ညှဉ်းဆဲ​ကြလိမ့်မည်။’ (ယောဟန် ၁၅:၁၈၊ ၂၀) မှန်ပါသည်၊ ညှဉ်းဆဲ​နှိပ်စက်မှု​ခံရ​ခြင်း​တွင်​ပင်​လျှင် ခရစ်ယာန်​များသည် ယေရှု​နှင့်​တူ​ကြသည်။ သူတို့သည် ထို​မုန်းတီးမှု​ကို ကြံ့ကြံ့ခံ​နိုင်​ရန် ခိုင်မာ​သော မေတ္တာပါ​နှောင်ကြိုး ရစ်ပတ်​နေဖို့လို​သည်။

၁၇။ လောကသည် ခရစ်ယာန်စစ်​များ​ကို အဘယ်ကြောင့် မုန်း​ကြ​သနည်း။

၁၇ လောကသည် ခရစ်ယာန်​များ​ကို အဘယ်ကြောင့် မုန်း​ကြ​သနည်း။ အကြောင်း​မှာ သူတို့သည် ယေရှု​နည်းတူ “ဤ​လောက​နှင့်​မဆက်ဆံ” ကြသော​ကြောင့်​ဖြစ်၏။ (ယောဟန် ၁၇:၁၄၊ ၁၆) သူတို့သည် စစ်​နှင့် နိုင်ငံရေး​တွင် ကြားနေ​ကြသည်၊ ကျမ်းစာ​မူများ​ကို လိုက်လျှောက်​ကြသည်၊ အသက်​၏​မြင့်မြတ်မှု​ကို တန်ဖိုး​ထား​လေးစား​ပြီး မြင့်မားသော​ကိုယ်ကျင့်တရား​စံနှုန်း​များ​အတိုင်း နေထိုင်​လျက်​ရှိကြသည်။ (တမန်​တော် ၁၅:၂၈၊ ၂၉; ၁ ကောရိန္သု ၆:၉-၁၁) သူတို့၏​အဓိက​ပန်းတိုင်​များ​မှာ ရုပ်ပစ္စည်း​မဟုတ်၊ ဝိညာဉ်​ရေးရာ​ဖြစ်၏။ သူတို့သည် ဤ​လောကတွင် အသက်ရှင်နေ​ထိုင်​ကြသော်လည်း ပေါလု​ရေးသားခဲ့​သည့်​အတိုင်း သူတို့သည် “ဤ​လောကကို အပြည့်အဝ​အသုံး” မပြု​ကြ​ချေ။ (၁ ကောရိန္သု ၇:၃၁က​ဘ) မှန်​၏၊ အချို့​သူတို့သည် ယေဟောဝါသက်သေ​များ​၏ မြင့်မားသော​စံနှုန်း​များ​ကို ချီးကျူး​ပြောဆို​ခဲ့​ကြသည်။ သို့သော် ယေဟောဝါသက်သေ​များသည် အများ​၏​ချီးကျူး​မှု သို့​မဟုတ် နှစ်သက်​လက်ခံမှုကို​ရအောင် ဖန်တီး​နေကြ​ခြင်း​မဟုတ်​ချေ။ ထို့​ကြောင့် လောကသား​အများစု​သည် သူတို့ကို နားမလည်​နိုင်​ကြ​ချေ၊ အများ​က သူတို့ကို မုန်း​ပင်​မုန်း​ကြ​၏။

၁၈၊ ၁၉။ ယေရှု၏​ပုံသက်သေ​ကို လိုက်​ကြသော ခရစ်ယာန်​များသည် ဆန့်ကျင်မှု​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​တို့ကို မည်သို့​ရင်ဆိုင်​ကြ​သနည်း။

၁၈ ယေရှုကို​ဖမ်း​ပြီး ကွပ်မျက်​ချိန်​၌ ဤ​လောက​၏​ခါးသီး​သော​မုန်းတီးမှု​အပြင် ထို​မုန်းတီးမှု​ကို ယေရှု​မည်သို့​ရင်ဆိုင်ခဲ့​ပုံ​ကိုလည်း ကိုယ်တော်​၏​တမန်​တော်​များ မြင်တွေ့ခဲ့ကြ​၏။ ဂေသရှေမန်​ဥယျာဉ်​တွင် ယေရှုကို ရန်ပြု​သော​ဘာသာရေး​သမားများ​သည် ကိုယ်တော့်​ကို ဖမ်းဆီး​ရန် ရောက်ရှိ​လာ​ကြသည်။ ပေတရု​သည် ဓား​ဆွဲ​၍ ကိုယ်တော့်​ကို ကာကွယ်​ရန် ကြိုးစား​ခဲ့​သော်လည်း ယေရှု​က ပေတရု​အား “သင့်​ဓားကို သူ့​နေရာ၌​ပြန်​ထား​လော့။ ဓားကို​ကိုင်​သော​သူ​ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့ ရောက်​ကြလိမ့်မည်” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၆:၅၂; လုကာ ၂၂:၅၀၊ ၅၁) ရှေးခေတ် ဣသရေလလူ​တို့သည် သူတို့၏​ရန်သူများ​ကို ဓား​ဝ​င့်၍ တိုက်ပွဲဝင်​ခဲ့​ကြသည်။ သို့သော် ယခု​မူ အခြေအနေ ပြောင်းလဲ​သွားခဲ့ပြီ။ ဘုရားသခင့်​နိုင်ငံတော်​သည် “ဤ​လောက​နှင့်​မစပ်ဆိုင်” သည့်​ပြင် ကာကွယ်​ရမည့် နိုင်ငံ​နယ်နိမိတ်​လည်း​မရှိ​ချေ။ (ယောဟန် ၁၈:၃၆) မကြာမီ ပေတရု​သည် ကောင်းကင်​နိုင်ငံသား​ဖြစ်ခွင့်​ရမည့် ဝိညာဉ်​ရေး​လူမျိုးအဝင်​ဖြစ်လာ​တော့​မည်။ (ဂလာတိ ၆:၁၆; ဖိလိပ္ပိ ၃:၂၀၊ ၂၁) သို့​နှင့် ထို​အချိန်​မှ​စ၍ ယေရှု၏​နောက်လိုက်​များသည် မုန်းတီးခြင်း​နှင့် ညှဉ်းပန်း​နှိပ်စက်ခြင်း​တို့ကို ယေရှု​နည်းတူ ကြောက်ရွံ့​တုန်လှုပ်ခြင်း​မရှိဘဲ ငြိမ်သက်​စွာ ရင်ဆိုင်​သွား​ကြ​လေ​သည်။ ဖြစ်ပေါ်​လာ​မည့်​ကိစ္စရပ်​များ​ကို ယေဟောဝါ​၏​လက်တော်​တွင် ယုံကြည်​စိတ်ချ​စွာ အပ်နှံ​ထားပြီး ကြံ့ကြံ့ခံရပ်​နိုင်​ရန် ကိုယ်တော့်​ကို မှီခို​အားထား​သွား​ကြ​လေ​သည်။—လုကာ ၂၂:၄၂

၁၉ နှစ်​အတန်ကြာ​ပြီး​နောက် ပေတရု​သည် ဤသို့​ရေးသားခဲ့​၏– ‘ခရစ်တော်​သည် ငါ​တို့အတွက်​ခံ​တော်​မူ​သည်​ဖြစ်၍ ခြေရာ​ကို​လျှောက်လိုက်​စေခြင်း​ငှာ ပုံသက်သေ​ကို ထား​တော်​မူ​ပြီ။ . . . ကဲ့ရဲ့​ခြင်း​ကို​ခံရသော​အခါ ပြန်၍​မ​ကဲ့ရဲ့။ အသေခံ​ရသောအခါ ခြိမ်းခြောက်​ခြင်း​ကို​မပြု။ တရား​သဖြင့်​စီရင်တော်မူ​သော​သူ၌ ကိုယ်ကို​ကိုယ်​အပ်နှံ​တော်​မူ​၏။’ (၁ ပေတရု ၂:၂၁-၂၃) ယေရှု​သတိပေး​ခဲ့​သည့်​အတိုင်း ခရစ်ယာန်​များသည် နှစ်များ​တစ်လျှောက် ညှဉ်းပန်း​နှိပ်စက်မှု​ခံ​ခဲ့​ရ၏။ ပထမ​ရာစု​မှာ​ရော လက်ရှိ​အချိန်​မှာ​ပါ သူတို့သည် ယေရှု၏​ပုံသက်သေ​ကို​လိုက်ပြီး သစ္စာရှိ​ရှိ​ခံရပ်​ကြ​သည့် မှတ်တမ်းကောင်း​တစ်ခု​ထား​ရှိခဲ့​သည်၊ သို့​နှင့် သူတို့သည် အေးဆေး​ငြိမ်သက်​သော သမာဓိ​စောင့်ထိန်း​သူများ​ဖြစ်​ကြောင်း ပြသ​ကြ​၏။ (ဗျာ. ၂:၉၊ ၁၀) ကျွန်ုပ်​တို့အားလုံး​သည် အခြေအနေ​က တောင်းဆို​လာ​သည့်​အခါ ထိုသို့​သော​သူများ​ဖြစ်​နိုင်​ကြ​ပါစေ။—၂ တိမောသေ ၃:၁၂

“သခင်​ယေရှု​ခရစ်​ကို ယူတင်​ဝတ်ဆောင်​ကြလော့”

၂၀-၂၂။ ခရစ်ယာန်​များသည် အဘယ်​နည်းဖြင့် “သခင်​ယေရှု​ခရစ်​ကို ယူတင်​ဝတ်ဆောင်” ကြ​သနည်း။

၂၀ ပေါလု​သည် ရောမ​ရှိ အသင်းတော်​ထံ ဤသို့​စာရေး​ခဲ့​၏– “သခင်​ယေရှု​ခရစ်​ကို ယူတင်​ဝတ်ဆောင်​ကြလော့။ ကိုယ်ကာယ​၏​တပ်မက်​ခြင်း​အ​လို့​ငှာ မကြံစည်​ကြ​နှင့်။” (ရောမ ၁၃:၁၄) ခရစ်ယာန်​များသည် ယေရှုကို ဝတ်ရုံ​ကဲ့သို့ ဝတ်ဆင်​ထား​ကြသည်။ သူတို့သည် မစုံလင်သူ​များ​ဖြစ်​လင့်​ကစား သူတို့၏​သခင်​ကို ရောင်ပြန်ဟပ်​နိုင်​သည့်​အထိ ကိုယ်တော်​၏​အရည်အသွေးများနှင့် လုပ်ဆောင်ပုံ​များ​ကို ကြိုးစား​တုပ​ကြ​၏။—၁ သက်သာလောနိတ် ၁:၆

၂၁ သခင်​ယေရှု၏​အသက်တာ​နှင့် ကောင်းစွာ​ရင်းနှီး​ပြီး ကိုယ်တော်​၏​နေထိုင်​ကျင့်ကြံ​ပုံ​အတိုင်း ကြိုးစား​နေထိုင်သွား​မည်​ဆိုလျှင် “သခင်​ယေရှု​ခရစ်​ကို ယူတင်​ဝတ်ဆောင်” ရာ​တွင် အောင်မြင်​နိုင်​လိမ့်​မည်။ ကိုယ်တော်​၏​စိတ်​နှိမ့်ချ​ခြင်း၊ ဖြောင့်မတ်မှု​ကို နှစ်သက်ခြင်း၊ မတရားမှုကို မုန်းတီးခြင်း၊ ညီအစ်ကို​များ​ကို ချစ်ခြင်း၊ ဤ​လောက​နှင့်​မဆက်ဆံ​ခြင်း​နှင့် ဆင်းရဲ​ဝေဒနာ​ကို စိတ်ရှည်ရှည်​ခံရပ်​ခြင်း​တို့ကို ကျွန်ုပ်​တို့​တုပ​ကြသည်။ ကျွန်ုပ်​တို့သည် ‘သွေးသား​တပ်မက်မှု​ကို ဦးစား​ထား​ဖို့ မ​ကြံ​ကြ’ ချေ၊ ဆိုလိုသည်မှာ ကျွန်ုပ်​တို့၏​ဘဝတွင် လောက​ပန်းတိုင်​များ​သို့ ရောက်ရှိ​ရန် သို့​မဟုတ် သွေးသား​ဆန္ဒ​များ​ကို ဖြည့်ဆည်း​ပေး​ရန် အဓိက​မရည်ရွယ်​ခြင်း​ဖြစ်သည်။ ယင်းအစား၊ ဆုံးဖြတ်ချက်​ချ​သည့်​အခါ သို့​မဟုတ် ပြဿနာ​တစ်ခု​ကို ကိုင်တွယ်​သည့်​အခါ ကျွန်ုပ်​တို့ ဤသို့​မေး​ကြသည်– ‘ယေရှု​သာ​ဆိုလျှင် ဤ​အခြေအနေ​မျိုး​တွင် အဘယ်​သို့​လုပ်ဆောင်​မည်​နည်း။ ကျွန်ုပ်​တို့ကို ကိုယ်တော် မည်သို့​လုပ်ဆောင်​စေ​လို​မည်​နည်း။’

၂၂ နောက်ဆုံး​အနေ​နှင့် “ဧဝံဂေလိတရား​ကို​ဟော” ပြော​ခြင်း​တွင် ဆက်​အလုပ်​များနေ​ခြင်း​ဖြင့် ယေရှုကို ကျွန်ုပ်​တို့ တုပ​ကြ​၏။ (မဿဲ ၄:၂၃; ၁ ကောရိန္သု ၁၅:၅၈) ခရစ်ယာန်​များသည် ထို​နည်းဖြင့်​လည်း ယေရှု​ပြ​ခဲ့​သော ပုံသက်သေ​ကို လိုက်လျှောက်​ကြသည်၊ နောက်​ဆောင်းပါး​တွင် မည်သို့​လိုက်လျှောက်​ကြ​ကြောင်း ဆွေးနွေး​ပါ​လိမ့်​မည်။

သင်​ရှင်းပြ​နိုင်​သလော

ခရစ်ယာန်​တစ်ဦး​သည် စိတ်​နှိမ့်ချမှု​ရှိဖို့ အဘယ်ကြောင့် အရေးကြီး​သနည်း။

ကျွန်ုပ်​တို့သည် အမှားအမှန်​အပေါ် အမြင်မှန်​ရှိ​ရန် မည်သို့ ပျိုးထောင်​နိုင်​သနည်း။

ခရစ်ယာန်​များသည် ဆန့်ကျင်မှု​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​တို့ကို ရင်ဆိုင်​ရာ​တွင် ယေရှုကို အဘယ်​နည်းဖြင့် တုပ​ကြ​သနည်း။

“သခင်​ယေရှု​ခရစ်​ကို ယူတင်​ဝတ်ဆောင်” ရန် အဘယ်​သို့ ဖြစ်​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

အကောင်းဆုံး​စိတ်​နှိမ့်ချမှု​ပုံသက်သေ​ကို ယေရှု​ပြ​ခဲ့

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဟောပြောခြင်း​အပါအဝင် ခရစ်ယာန်​တစ်ဦး၏​ဘဝ​ကဏ္ဍ​တိုင်း​တွင် စိတ်​နှိမ့်ချမှု​လိုအပ်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

မတော်လျော်​သော​ဖျော်ဖြေမှု​ကို ခရစ်ယာန်​တစ်ဦး လက်ခံ​နိုင်​ပုံ​ပေါက်​အောင် စာတန် ဖန်တီး​နိုင်

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို ချစ်​သည့်​မေတ္တာသည် ဆန့်ကျင်မှု​ကို ကြံ့ကြံ့ခံရပ်​နိုင်​စေမည်