မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေနိုင်ကြောင်းကို လူအများ မယုံရခြင်းအကြောင်း

ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေနိုင်ကြောင်းကို လူအများ မယုံရခြင်းအကြောင်း

ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေ​နိုင်​ကြောင်းကို လူအများ မယုံ​ရခြင်း​အကြောင်း

“ကိုယ့်​အိမ်နီးချင်း​ကို ချစ်​လော့။” (မဿဲ ၂၂:​၃၉က​ဘ) အမူအကျင့်​ဆိုင်ရာ ဤ​အခြေခံ​စည်းမျဉ်း​ကို ဘာသာ​တရား​များစွာက အတည်ပြု​ထောက်ခံ​သည်။ ဤ​ဝတ်ပြုရေးသည် ကိုယ့်​အိမ်နီးချင်း​ကို​ချစ်​ဖို့ မိမိတို့​အသင်းသားများ​အား ထိရောက်​စွာ သွန်သင်​ပေး​ခဲ့​ပါ​မူ ၎င်းတို့၏​သိုးတော်စု​များသည် တစ်စိတ်​တစ်​ဝမ်း​တည်း ပေါင်းစည်း​ကြ​ပေ​လိမ့်​မည်။ သို့သော် ထိုသို့​စည်းလုံး​ကြသည်​ကို သင်​မြင်တွေ့​ဖူး​သလော။ ဝတ်ပြုရေး​များသည် စည်းလုံးစေ​သော တွန်းအား​ဖြစ်သလော။ ဂျာမနီ​နိုင်ငံ​တွင် မကြာသေးမီ​က​ပြုလုပ်​ခဲ့​သော စစ်တမ်း​တစ်ခု​က “ဝတ်ပြုရေး​များသည် လူ​တို့ကို စည်းလုံးစေ​သလော၊ သို့​မဟုတ် ကွဲပြား​စေဖို့ အကြောင်း​ပို​များ​သလော” ဟု​မေးမြန်းခဲ့​သည်။ ဖြေဆိုသူ​များ​တွင် စည်းလုံးစေ​သည်​ဟု​ယူမှတ်​သူ ၂၂ ရာခိုင်နှုန်း​ရှိသော်လည်း ကွဲပြား​စေ​သည်​ဟု​ယူမှတ်​သူ ၅၂ ရာခိုင်နှုန်း​ရှိ၏။ သင့်​နိုင်ငံ​ရှိ​လူများ​လည်း အလားတူ​ယူမှတ်​ကောင်း ယူမှတ်​နိုင်​သည်။

ဝတ်ပြုရေးသည် လူသားတို့အား စည်းလုံးစေ​နိုင်​ကြောင်းကို အဘယ်ကြောင့် လူ​တို့ အယုံအကြည်​နည်း​ကြ​သနည်း။ သူတို့​သိရှိ​ထား​သည့် သမိုင်းကြောင်း​ကြောင့် ဖြစ်​နိုင်​သည်။ ဝတ်ပြုရေးသည် လူ​တို့ကို တ​ပေါင်း​တ​စည်း​ဖြစ်စေ​မည့်​အစား ကြိမ်ဖန်​များစွာ တ​ကွဲ​တ​ပြား​ဖြစ်စေ​ခဲ့ပြီ။ ဖြစ်ရပ်​အချို့​တွင် ဝတ်ပြုရေး​အရေခြုံ​ပြီး ကြောက်မက်​ဖွယ်​အကောင်းဆုံး ရက်စက်​ယုတ်မာ​မှုများ ကျူးလွန်​ခဲ့​ကြပြီ။ လွန်ခဲ့သော​အနှစ် ၁၀၀ အတွင်းမှ သာဓက​အချို့​ကို သုံးသပ်ကြည့်​ပါ။

ဝတ်ပြုရေး​အရှိန်အဝါ​ဖြင့်

ဒုတိယ​ကမ္ဘာ​စစ်​အတွင်း ဘော်လ်ကန်​နိုင်ငံ​များ​ရှိ . . . ခ​ရို​အက်​များနှင့် ဩသ​ဒေါ​က်စ်​ဆာ့ဘ်​တို့ ပဋိပက္ခ​ဖြစ်​ခဲ့​ကြသည်။ အုပ်စု​နှစ်စု​စ​လုံး​က မိမိတို့သည် ကိုယ့်​အိမ်နီးချင်း​ကို​ချစ်​ဖို့ သွန်သင်​ပေး​ခဲ့​သော ယေရှု၏​နောက်လိုက်​များ​ဖြစ်သည်ဟု​ဆို​၏။ သို့သော် သုတေသီ​တစ်ဦး၏​အဆို​အရ သူတို့၏​ပဋိပက္ခ​သည် “သမိုင်း​တွင် ထိတ်လန့်ဖွယ်​အကောင်းဆုံး အရပ်သား​သိမ်း​ရုံး​သတ်ဖြတ်မှု​တစ်ခု” ဖြစ်စေ​ခဲ့​သည်။ အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၅၀၀,၀၀၀ ကျော်​သေဆုံး​ခဲ့​ရာ ကမ္ဘာ​ကို တုန်လှုပ်​ချောက်ချား​စေ​ခဲ့​သည်။

၁၉၄၇ ခုနှစ်​တွင် ကမ္ဘာ့​လူဦးရေ​ငါး​ပုံ​တစ်​ပုံ​ခန့်​ဖြစ်သော၊ . . . ဝတ်ပြုရေး​ဝင်​များ​ဖြစ်သည့် လူဦးရေ သန်းပေါင်း ၄၀၀ ခန့်​သည် အိန္ဒိယ​တိုက်ငယ်​၌ နေထိုင်ကြ​သည်။ အိန္ဒိယ​ကို နှစ်​နိုင်ငံ​ခွဲ​လိုက်​သောအခါ ပါကစ္စတန်​အစ္စလာမ်မစ်​သမ္မတနိုင်ငံ​ပေါ်ပေါက်​လာ​သည်။ ထို​အချိန်တွင် နှစ်​နိုင်ငံ​စ​လုံး​မှ သိန်း​နှင့်​ချီ​သော​စစ်ပြေး​များသည် မီးရှို့ခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ခြင်း​ခံရ​ကြ​ပြီး ဘာသာရေး​ကြောင့်​ဖြစ်သော သိမ်း​ရုံး​သတ်ဖြတ်မှု​များ​တွင် ပစ်သတ်​ခံရ​ကြသည်။

အထက်ပါ​ထိတ်လန့်ဖွယ် သာဓက​များနှင့် မလုံလောက်​သေး​သည့်​အလား ရာစုနှစ်​အကူးအပြောင်း​က အကြမ်းဖက်မှု​အန္တရာယ်ကို ရှေ့တန်း​သို့​ရောက်​စေ​ခဲ့​သည်။ ယနေ့ အကြမ်းဖက်မှု​သည် တစ်ကမ္ဘာ​လုံး​ကို သတိ​အနေအထား​ရှိစေပြီး ထို​အကြမ်းဖက်​အုပ်စု​အများ​မှာ ဝတ်ပြုရေး​အသီးသီး​ရှိ​သူများ​ဖြစ်သည်ဟု​ဆို​ကြ​၏။ ဝတ်ပြုရေး​အား စည်းလုံး​ရန် အားပေး​လှုံ့ဆော်​သော​အရာ​အဖြစ် မမြင်​ကြ​တော့​ချေ။ ထိုသို့​ဖြစ်​မည့်​အစား ယင်းသည် အများအားဖြင့် အကြမ်းဖက်မှု၊ သဘောထား​ကွဲလွဲ​မှု​တို့​နှင့် ဆက်စပ်​လျက်​ရှိသည်။ ယင်းကြောင့် ဂျာမန်​သတင်း​မဂ္ဂဇင်း​ဖိုး​ကပ်​စ်​က ကမ္ဘာ့​အဓိက​ဝတ်ပြုရေး​များ​ဖြစ်သော​—. . . ဘာသာ၊ ခရစ်ယာန်​ဘာသာ၊ ကွန်​ဖူး​ရှ​ပ်စ်​ဘာသာ၊ ဟိန္ဒူ​ဘာသာ၊ အစ္စလာမ်​ဘာသာ၊ ဂျူး​ဘာသာ၊ တာ​အို​ဘာသာ​တို့ကို ယမ်းမှုန့်​နှင့် နှိုင်းယှဉ်ခဲ့​ခြင်း​သည် အံ့အားသင့်​စ​ရာ​မဟုတ်ပါ။

အတွင်း​ပဋိပက္ခ​များ

ဝတ်ပြုရေး​အချို့​က အချင်းချင်း​စစ်တိုက်​နေကြ​စဉ် အခြား​ဝတ်ပြုရေး​များ​မူ အတွင်း​ပဋိပက္ခ​များ​ဖြစ်​လျက်​ရှိသည်။ သာဓက​အနေ​နှင့် မကြာသေးမီ​နှစ်များ​အတွင်း ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များသည် အယူဝါဒ​ပိုင်း​နှင့်​ဆိုင်သော မဆုံး​နိုင်​သည့်​အငြင်းပွားမှု​တို့​ကြောင့် ကွဲပြား​နေကြ​သည်။ ဓမ္မ​ဆရာများ​ကော လူ​ဝတ်​ကြောင်​များ​ပါ ဤသို့​မေး​ကြသည်– သန္ဓေတား​နည်းကို ခွင့်ပြု​သလော။ ကိုယ်ဝန်​ဖျက်ချခြင်း​ကို​ကော။ အမျိုးသမီးများ​အား ခရစ်ယာန်​ဘုန်းကြီး​များ​အဖြစ် ခန့်အပ်​သင့်​သလော။ လိင်​တူ​ဆက်ဆံခြင်း​ကို မည်သို့​ရှုမြင်​သင့်​သနည်း။ ဘာသာ​တရားသည် စစ်​ကို ထောက်ခံ​အားပေး​သင့်​သလော။ ဤသို့​စိတ်ဝမ်း​ကွဲပြား​နေခြင်း​ကို​ထောက်၍ လူအများ​က ‘ဘာသာ​တရား​တစ်ခု​သည် မိမိ၏​အသင်းသားများ​ကို​ပင် မ​စည်းလုံးစေ​နိုင်​လျှင် လူ့​ဘောင်​ကို မည်သို့​စည်းလုံးစေ​နိုင်​မည်​နည်း’ ဟု​တွေးဆ​ကြသည်။

ရှင်း​နေသည်​မှာ ဝတ်ပြုရေး​အများ​သည် စည်းလုံးစေ​သော တွန်းအား​ဖြစ်​ဖို့ ပျက်ကွက်​ခဲ့ပြီ။ သို့သော် ဝတ်ပြုရေး​အားလုံး စိတ်ဝမ်း​ကွဲပြား​နေ​သလော။ ၎င်း​တို့​နှင့်​မတူ​—လူ​တို့အား စည်းလုံးစေ​နိုင်သော ဝတ်ပြုရေး​တစ်ခု ရှိပါ​သလော။

[စာ​မျက်နှာ ၃ ပါ ရုပ်ပုံ]

၁၉၄၇ ခုနှစ်​တွင် အိန္ဒိယ​နိုင်ငံ​ရှိ ဝတ်ပြုရေး​အုပ်စု​များ​အကြား ပဋိပက္ခ​ဖြစ်ပွား​စဉ် ရဲ​များ ဒဏ်ရာ​ရခဲ့​ကြ

[Credit Line]

Photo by Keystone/Getty Images