မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်တော်–ပရောဖက်ပြုချက်၏ အာရုံစိုက်ရာ

ခရစ်တော်–ပရောဖက်ပြုချက်၏ အာရုံစိုက်ရာ

ခရစ်တော်–ပရောဖက်ပြုချက်​၏ အာရုံစိုက်​ရာ

“ယေရှု​အဖို့ သက်သေခံခြင်း​အမှုသည် ပရောဖက်ပြု​ခြင်း​ကို မှုတ်သွင်း​သော​အရာ​ဖြစ်သည်။”—ဗျာ. ၁၉:၁၀၊ က​ဘ။

၁၊ ၂။ (က) စီ.အီး. ၂၉ ခုနှစ်​က​စ၍ ဣသရေလ​လူမျိုး​သည် အဘယ်​ဆုံးဖြတ်ချက် ချ​ခဲ့​ရသနည်း။ (ခ) ဤ​ဆောင်းပါး​တွင် အဘယ်​အကြောင်းအရာကို ဆွေးနွေး​သုံးသပ်​မည်​နည်း။

စီ.အီး. ၂၉ ခုနှစ်​ဖြစ်သည်။ ဣသရေလ​နိုင်ငံ​တွင် ကတိထားရာ​မေရှိယ​အကြောင်း စိတ်​လှုပ်ရှား​စွာ ပြောဆို​နေကြ​သည်။ နှစ်ခြင်း​ဆရာ​ယောဟန်​၏​ဓမ္မ​အမှု​က မျှော်လင့်​နေ​မှု​ကို တိုးမြှင့်​ပေး​လိုက်​၏။ (လုကာ ၃:၁၅) မိမိသည် ခရစ်တော်​မဟုတ်​ဟု ယောဟန် ဆို​၏။ ယင်းအစား၊ သူသည် နာဇရက်​မြို့သား ယေရှုကို ညွှန်ပြ​လျက် “ဤ​သူသည် ဘုရားသခင်​၏​သားတော်​ဖြစ်​တော်​မူ​ကြောင်းကို သက်သေခံ​သည်” ဟုဆိုလေ၏။ (ယောဟန် ၁:၂၀၊ ၃၄) မကြာမီ လူအုပ်သည် ယေရှု​နောက်လိုက်​ကြ​ပြီး ကိုယ်တော်​၏​သွန်သင်ချက်​ကို နားထောင်​ကာ ကုသမှု​ခံယူ​ကြသည်။

နောက်ပိုင်း​လ​များ​တွင် ယေဟောဝါ​သည် မိမိ၏​သားတော်​နှင့်​သက်ဆိုင်​သည့် အထောက်အထား​များစွာ ဖော်ပြ​ပေး​သည်။ သမ္မာကျမ်းစာ​ကို လေ့လာ​ပြီး ယေရှု၏​လုပ်ဆောင်မှုများ​ကို တွေ့မြင်​သူများ​သည် ကိုယ်တော့်​အား ယုံကြည်​ရန် ခိုင်လုံ​သော​အကြောင်းရင်းကို ရရှိ​သွား​ကြသည်။ သို့သော် ဘုရားသခင်​နှင့်​ပဋိညာဉ်ဖွဲ့​ထား​သူ​အများစု​သည် ယုံကြည်ခြင်း​မရှိကြ​ချေ။ ယေရှုသည် ဘုရားသခင်​၏​သားတော် ခရစ်တော်​ဖြစ်​ကြောင်း အသိအမှတ်​ပြုသူ မရှိသလောက်​ပင်။ (ယောဟန် ၆:၆၀-၆၉) ထို​အချိန်တွင် သင်​အသက်ရှင်ခဲ့​မည်​ဆိုလျှင် အဘယ်အရာ​ပြုလုပ်​မည်​နည်း။ သင်သည် ယေရှုကို မေရှိယ​အဖြစ် လက်ခံ​ပြီး ကိုယ်တော်​၏​တည်ကြည်သော နောက်လိုက်​ဖြစ်​ဖို့ လှုံ့ဆော်​ခံ​ခဲ့​ရမည်​လော။ ဥပုသ်​နေ့ကို ချိုးဖောက်​သည်​ဟု ယေရှု​စွပ်စွဲ​ခံရ​ချိန်​က မိမိသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ပြသ​ခဲ့​သော အထောက်အထား​ကို သုံးသပ်​ပြီး တည်ကြည်သော​တပည့်​များ​၏ ယုံကြည်ခြင်း ခိုင်ခံ့​စေရန် နောက်ထပ်​ပြ​ခဲ့​သော သက်သေ​များ​ကို သတိပြုပါ။

ယေရှု​ကိုယ်တော်တိုင် သက်သေ​အထောက်အထား​ပြ

၃။ အဘယ်​အခြေအနေ​များ​က ယေရှုသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အထောက်အထား​ပြ​စေ​ခဲ့​သနည်း။

စီ.အီး. ၃၁ ခုနှစ်၊ ပသခါ​ပွဲတော်​ကာလ​ဖြစ်သည်။ ယေရှုသည် ယေရုရှလင်​မြို့တွင်​ရှိနေ​၏။ ၃၈ နှစ်​တိုင် ရောဂါစွဲ​နေသော လူနာ​တစ်ဦး​ကို ကုသ​ပေး​ပြီး​ခါ​စ​ရှိသေး​သည်။ သို့သော် ဥပုသ်​နေ့တွင် ထိုသို့​ကုသ​ပေး​မှု​အတွက် ယေရှုကို ဂျူး​တို့ ညှဉ်းဆဲ​ကြသည်။ ယေရှု​က ဘုရားသခင်​ကို မိမိ၏​အဘ​ဟု​ခေါ်ဆို​သောကြောင့် ဘုရားသခင်​ကို စော်ကား​သည်​ဟု စွပ်စွဲ​ကာ ယေရှုကို သတ်​ဖို့​ပင် ရှာကြံ​ကြ​၏။ (ယောဟန် ၅:၁-၉၊ ၁၆-၁၈) ယေရှု၏​ချေပ​ချက်​က မိမိသည် အမှန်ပင် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း စိတ်ရင်းမှန်​သော မည်သည့်​ဂျူး​ကို​မဆို ယုံကြည်​စိတ်ချ​စေ​မည့် အကြောင်းကောင်း​သုံးရပ်​ကို ဖော်ပြ​ပေး​၏။

၄၊ ၅။ ယောဟန်​၏​ဓမ္မ​အမှု​ရည်ရွယ်ချက်ကား အဘယ်နည်း၊ သူသည် ယင်းကို မည်သို့​ထိရောက်​စွာ​ပြီးမြောက်​စေ​ခဲ့​သနည်း။

ပထမ​ဦးစွာ၊ ယေရှုသည် မိမိ၏​ရှေ့ပြေး​ဖြစ်သူ နှစ်ခြင်း​ဆရာ​ယောဟန်​၏ သက်သေခံချက်​ကို ဖော်ပြ​ပြီး ဤသို့​ဆို​၏– ‘သင်တို့သည် ယောဟန်ထံ​သို့​စေလွှတ်​ကြ​၏။ သူသည် အမှန်တရား​ဘက်၌ သက်သေခံ​၏။ ယောဟန်​သည် ညှိ​ထွန်း​၍ လင်း​သော​ဆီ​မီး​ဖြစ်၏။ သင်တို့သည် သူ၏​အလင်း​၌ ခဏ​သာ​မွေ့လျော်ခြင်း​ငှာ အလိုရှိ​ကြ​၏။’—ယောဟန် ၅:၃၃၊ ၃၅

နှစ်ခြင်း​ဆရာ​ယောဟန်​သည် ဟေရုဒ်​မင်း​၏​မတရား​ထောင်ချ​မခံရမီ မေရှိယ​အတွက် လမ်း​ပြင်ဆင်​ပေးခြင်း ဘုရားသခင်​ပေး​တာဝန်​ကို ကျေပွန်​စွာ ထမ်းဆောင်​ခဲ့​သောကြောင့် “ညှိ​ထွန်း​၍ လင်း​သော​ဆီ​မီး” ဖြစ်၏။ ယောဟန်​က ဤသို့​ဆို​ခဲ့​သည်– “[မေရှိယ] ကို ဣသရေလလူ​တို့အား ထင်ရှားစေ​ခြင်း​ငှာ ငါသည် ရေ​၌[နှစ်ခြင်း]ကို ပေး​လျက်​လာ​၏။ ထို​မှတစ်ပါး ဝိညာဉ်တော်သည် ကောင်းကင်​မှ ချိုးငှက်​ကဲ့သို့​ဆင်းသက်​၍ ထို​သူ၏​အပေါ်​၌ နား​တော်​မူ​သည်ကို ငါ​မြင်ရ​ပြီ။ အစ​က ထို​သူကို ငါ​မသိ။ ရေ​၌[နှစ်ခြင်း]ကို​ပေး​စေခြင်း​ငှာ ငါ့ကို စေလွှတ်​တော်​မူ​သော​သူက အ​ကြင်​သူ၏​အပေါ်​၌ ဝိညာဉ်​တော်​ဆင်းသက်​၍ နား​တော်​မူ​သည်ကို သင်သည်​မြင်လျှင်၊ ထို​သူ​ကား သန့်ရှင်းသော​ဝိညာဉ်​တော်​၌ [နှစ်ခြင်း]ကို​ပေး​သော​သူ​ပေ​တည်း​ဟု မိန့်တော်မူသည်​နှင့်​အညီ ငါသည်​မြင်​၍ ဤ​သူသည် ဘုရားသခင်​၏​သားတော်​ဖြစ်​တော်​မူ​ကြောင်းကို သက်သေခံ​သည်။” * (ယောဟန် ၁:၂၆-၃၇) ယေရှုသည် ဘုရားသခင်​၏​သားတော် ကတိထားရာ​မေရှိယ​ဖြစ်​ကြောင်း ယောဟန် အတိအကျ​ဖော်ပြ​ခဲ့​သည်။ ယောဟန်​သေ​ပြီး ရှစ်​လ​ခန့်အကြာ​တွင် စိတ်နှလုံး​ရိုး​ဖြောင့်သော ဂျူး​များစွာက “ဤ​သူ၏​အကြောင်းကို ယောဟန်​ပြော​သမျှ​မှန်​ပေ​၏” ဟု​ဝန်ခံ​ရသည့်​အထိ ယောဟန်​၏​သက်သေခံချက်​သည် အလွန်​ရှင်းလင်း​ထိရောက်​ခဲ့​သည်။—ယောဟန် ၁၀:၄၁၊ ၄၂

၆။ ဘုရားသခင်​၏​ကျော​ထောက်​နောက်ခံ​ရှိကြောင်း ယေရှု၏​လုပ်ရပ်များ​က လူ​တို့အား အဘယ်ကြောင့် ယုံကြည်​စိတ်ချ​စေ​သင့်​သနည်း။

ထို့နောက် ယေရှု​က မိမိသည် မေရှိယ​ဖြစ်​ကြောင်း လက်ခံ​ယုံကြည်ထိုက်​သော နောက်ထပ်​အကြောင်းရင်း​တစ်ခု​ကို အသုံးပြု​သည်။ ဘုရားသခင်​၏​ကျော​ထောက်​နောက်ခံ​ရှိကြောင်း ကိုယ်တော်​၏​လုပ်ရပ်များ​က ဖော်ပြ​သည်။ ကိုယ်တော်​က ဤသို့​မိန့်ဆို​၏– “ယောဟန်​၏​သက်သေ​ထက် သာ၍ကြီးသော​သက်သေ​သည် ငါ​၌​ရှိ၏။ အ​ကြင်​အမှုတို့​ကို ငါ​ပြီးစီး​စေခြင်း​ငှာ ခမည်းတော်​သည် ငါ့​လက်​သို့​အပ်ပေး​တော်​မူ​၍ ငါ​ပြုသော​ထို​အမှုတို့​သည်လည်း ငါ့​ဘက်၌​နေ၍ ခမည်းတော်​သည် ငါ့ကို​စေလွှတ်​တော်​မူ​သည်​အကြောင်းကို သက်သေခံ​ကြ​၏။” (ယောဟန် ၅:၃၆) အံ့ဖွယ်အမှု​များစွာ​ပါဝင်​သည့် ဤ​သာဓက​ကို ယေရှု၏​ရန်သူများ​ပင် မငြင်း​နိုင်​ကြ​ချေ။ နောက်ပိုင်း​တွင် တချို့က “ငါ​တို့သည် အဘယ်​သို့​ပြုလျက်​နေကြ​သနည်း။ ထို​သူသည် များစွာသော​နိမိတ်​လက္ခဏာကို​ပြ​၏” ဟု​မေး​ကြသည်။ (ယောဟန် ၁၁:၄၇) သို့သော် တချို့က တလိုတလား​တုံ့ပြန်​ပြီး “ခရစ်တော်​သည် ကြွလာ​တော်​မူ​သောအခါ ဤ​သူ​ပြ​သော​နိမိတ်​လက္ခဏာ​ထက် သာ၍​များသော​နိမိတ်​လက္ခဏာ​တို့ကို ပြတော်မူ​မည်​လော” ဟု​ဆို​ကြသည်။ (ယောဟန် ၇:၃၁) ယေရှု၏​ပရိသတ်​များသည် သားတော်​တွင် ခမည်းတော်​၏​အရည်အသွေး​တော်​များ​ကို ပိုင်းခြား​သိမြင်​နိုင်​သည့် အကောင်းဆုံး​အနေအထား​တွင် ရှိနေကြ​သည်။—ယောဟန် ၁၄:၉

၇။ ဟေဗြဲ​ကျမ်းစောင်​များသည် ယေရှု​နှင့်​ပတ်သက်​၍ မည်သို့​သက်သေခံ​သနည်း။

နောက်ဆုံး​တွင် ယေရှုသည် မငြင်း​နိုင်သော​သက်သေခံချက်​တစ်ခု​ကို အာရုံစိုက်​စေ​ခဲ့​သည်။ ကိုယ်တော်​သည် ဤသို့​ဖြည့်စွက်​၍​မိန့်ဆို​၏– “ထို​ကျမ်းစာ​ပင် ငါ​၏​သက်သေ​ဖြစ်၏။ သင်တို့သည် မောရှေ၏​စကား​ကို​ယုံ​လျှင် ငါ့​စကား​ကို​မယုံ​ဘဲ​မနေနိုင်​ကြ။ အကြောင်း​မူ​ကား၊ မောရှေ​သည် ငါ့​အကြောင်းကို​ရေးထား​၏။” (ယောဟန် ၅:၃၉၊ ၄၆) မှန်ပါသည်၊ မောရှေ​သည် ခရစ်တော်​အကြောင်း ရေးသားခဲ့​သော ခရစ်ယာန်​ခေတ်​မတိုင်မီ​က သက်သေ​များစွာ​မှ တစ်ဦး​ဖြစ်၏။ သူတို့၏​ရေးသားချက်​များ​တွင် ရာ​နှင့်​ချီ ပရောဖက်ပြုချက်​များနှင့် မျိုးဆက်​စာရင်း​များ အသေးစိတ်​ပါရှိ​ပြီး ယင်း​တို့အားလုံး​သည် မေရှိယကို ညွှန်ပြ​နေသည်။ (လုကာ ၃:၂၃-၃၈; ၂၄:၄၄-၄၆; တမန်​တော် ၁၀:၄၃) မောရှေ​ပညတ်​နှင့်​ပတ်သက်​၍​ကော အသို့နည်း။ တမန်​တော်​ပေါလု​က “ပညတ်တရား​သည် ခရစ်တော်​ထံ​သို့ ငါ​တို့ကို​ပို့ဆောင်​၍ ငါ​တို့၏​အထိန်း​ဖြစ်​သတည်း” ဟု​ရေးသားခဲ့​သည်။ (ဂလာတိ ၃:၂၄) မှန်​၏၊ “ယေရှု​အဖို့ သက်သေခံခြင်း​အမှုသည် ပရောဖက်ပြု​ခြင်း​ကို မှုတ်သွင်း​သော​အရာ [သို့​မဟုတ်၊ သဘော​ရင်း၊ ကြံရွယ်​ရာ​နှင့် ရည်ရွယ်​ရာ​အလုံးစုံ] ဖြစ်သည်။”—ဗျာ. ၁၉:၁၀က​ဘ။

၈။ ဂျူး​များစွာတို့သည် မေရှိယကို အဘယ်ကြောင့် မယုံကြည်​ခဲ့​ကြ​သနည်း။

ယောဟန်​၏​ရှင်းလင်း​ပြတ်သား​သော သက်သေခံချက်၊ ယေရှု၏​တန်ခိုး​ပါ​လုပ်ရပ်များနှင့် ဘုရားသခင့်​ရေးရာ​အရည်အသွေးများ၊ သမ္မာ​ကျမ်းစာ​ပါ အထောက်အထား​များစွာ​တို့​ဖြစ်သည့် အဆိုပါ​သာဓက​အားလုံး​က ယေရှုသည် မေရှိယ​ဖြစ်​ကြောင်း သင့်ကို ယုံကြည်​စိတ်ချ​စေ​သည်မဟုတ်​ပေ​လော။ ဘုရားသခင်​နှင့် ကိုယ်တော်​၏​စကားတော်​ကို မေတ္တာ​မှန်​နှင့် မြတ်နိုးကြ​သည့် မည်သူ​မဆို ၎င်းကို အလွယ်တကူ ပိုင်းခြား​သိမြင်ပြီး ယေရှုကို ကတိထားရာ​မေရှိယ​အဖြစ် ယုံကြည်​ကြ​ပေမည်။ သို့သော် ဣသရေလ​လူမျိုး​တွင် ဤသို့​သော​မေတ္တာ​အရင်းခံ​မရှိကြ​ချေ။ ယေရှုသည် အတိုက်အခံပြု​သူများ​အား “ဘုရားသခင်​ကို​ချစ်ခြင်း​မေတ္တာသည် သင်တို့၌​မရှိ​သည်ကို ငါ​သိ​၏” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၅:၄၂) သူတို့သည် “ဘုရားသခင်​သာ​လျှင် ပေး​တော်​မူ​တတ်သော ဘုန်း​အသရေ​ကို” ကြိုးစား​ရှာ​ကြ​မည့်​အစား “အချင်းချင်း​ပေး​သော ဘုန်း​အသရေ​ကို​သာ​ခံ” ကြသည်။ ဤ​စိတ်ဓာတ်​မျိုးကို ရွံရှာ​သော ခမည်းတော်​၏ စိတ်ဓာတ်​မျိုး​ရှိသူ ယေရှု​နှင့် သူတို့ အစေး​မ​ကပ်​သည်​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ။—ယောဟန် ၅:၄၃၊ ၄၄; တမန်​တော် ၁၂:၂၁-၂၃

ပရောဖက်ပြုချက်​ဆိုင်ရာ မြင်ကွင်း​ကြောင့် ခိုင်ခံ့​လာ

၉၊ ၁၀။ (က) ယေရှု၏​တပည့်​များ​အတွက် နိမိတ်​ပြ​မှု​တစ်ခု​သည် အဘယ်ကြောင့် အချိန်ကိုက်​ဖြစ်​ခဲ့​သနည်း။ (ခ) ယေရှုသည် အဘယ်​ထူးခြားသော​ကတိတော်​ကို တပည့်​များ​အား ပေး​ခဲ့​သနည်း။

မိမိသည် မေရှိယ​ဖြစ်​ကြောင်း ယေရှု သက်သေပြ​ခဲ့​သည်​မှာ တစ်နှစ်​ကျော်သွား​ပေ​ပြီ။ စီ.အီး. ၃၂ ခုနှစ်​၏ ပသခါ​ပွဲတော် ကျင်းပ​ပြီးစီး​သွားခဲ့ပြီ။ ယုံကြည်သူများ​စွာ​တို့သည် ညှဉ်းပန်း​နှိပ်စက်မှု၊ ရုပ်ပစ္စည်း​လိုက်စားမှု၊ သို့​မဟုတ် ဘဝ၏​စိုးရိမ်​ပူပန်မှု​တို့​ကြောင့် ကိုယ်တော်​၏​နောက် ဆက်​မလိုက်ကြတော့ချေ။ ယေရှု​အား ဘုရင်​တင်မြှောက်​လို​သူတို့၏ ကြိုးစား​မှုများ​ကို ကိုယ်တော်​ငြင်းပယ်​လိုက်​သောကြောင့် အခြားသူများ​မှာ​မူ ဇဝေဇဝါ​ဖြစ်သွား​ကြ သို့​မဟုတ် စိတ်ပျက်​သွား​ကြ​ပေမည်။ မိမိကို ဂုဏ်တက်​စေ​မည့် ကောင်းကင်​နိမိတ်​တစ်ခု​ပြ​ရန် ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​က စိန်ခေါ်​တောင်းဆို​သည့်​အခါ ကိုယ်တော်​ငြင်းပယ်​လိုက်​သည်။ (မဿဲ ၁၂:၃၈၊ ၃၉) ဤသို့​ငြင်း​လိုက်ခြင်း​ကြောင့် အချို့​သူများ တွေဝေ​သွားပေ​မည်။ ထို့​ပြင် ယေရှု​က မိမိသည် “ယေရုရှလင်​မြို့​သို့​သွား​ရမည်။ လူ​အကြီးအကဲ၊ ယဇ်ပုရောဟိတ်​အကြီး၊ ကျမ်း​ပြု​ဆရာ​တို့​လက်၌ များစွာ​ခံရ​မည်။ အသေ​သတ်​ခြင်း​ကိုလည်း ခံရ​မည်” ဟူသော တပည့်​များ နားလည်​ရ​ခက်​သွား​စေသည့်​အချက်​ကို ဖွင့်ပြော​ခဲ့​လေ​သည်။—မဿဲ ၁၆:၂၁-၂၃

၁၀ နောက်​ကိုး​လ၊ ဆယ်လ​ခန့်အကြာ​တွင် “ယေရှုသည် ဤ​လောက​မှ ခမည်းတော်​ထံ​သို့ ပြောင်း​ရသော​အချိန်” ရောက်လာ​တော့​မည်။ (ယောဟန် ၁၃:၁) တည်ကြည်သော​တပည့်​များ​ကို အလွန်​စိုးရိမ်မကင်း​ဖြစ်နေ​သော ယေရှုသည် ယုံကြည်ခြင်း​ကင်းမဲ့​သည့် ဂျူး​များ​ကို ပြသ​ဖို့ ငြင်း​ခဲ့​သည့် ကောင်းကင်​နိမိတ်​တစ်ခု​ကို ပြ​မည်​ဟု တပည့်​တချို့​ကို ကတိပြု​၏။ ယေရှု​က “ငါ​အမှန်​ဆိုသည်ကား၊ လူသား​သည် နိုင်ငံတော်​တည်လျက် ကြွလာ​တော်​မူ​သည်ကို ဤ​အရပ်၌​ရှိသောသူ​အချို့​တို့သည် မမြင်​မီ သေခြင်း​သို့​မရောက်ရ​ကြ” ဟု​မိန့်တော်မူ၏။ (မဿဲ ၁၆:၂၈) ယေရှု၏​တပည့်​အချို့​သည် မေရှိယနိုင်ငံတော် တည်ထောင်​မည့် ၁၉၁၄ ခုနှစ်​တိုင်အောင် အသက်ရှင်​ကြလိမ့်မည်​ဟု ကိုယ်တော် မိန့်ဆို​နေခြင်း​မဟုတ်ပါ။ ယေရှုသည် ကိုယ်တော်​၏​အရင်းနှီးဆုံး တပည့်​သုံးဦး​အား ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​ဖြင့် ကိုယ်တော့်​ဘုန်းတော်​၏ အံ့မခန်းဖွယ်​ကြိုတင်​မြင်ကွင်း​ကို တွေ့မြင်​စေ​လို​၏။ အဆိုပါ​ကြိုတင်​မြင်ကွင်း​ကို ကိုယ်ယောင်​ပြောင်း​ခြင်း​ဟု​ခေါ်​သည်။

၁၁။ ကိုယ်ယောင်​ပြောင်း​ခြင်း မြင်ကွင်း​ကို ရုပ်လုံးဖော်​ပြ​ပါ။

၁၁ နောက်​ခြောက်​ရက်​အကြာတွင် ဟေရမုန်​တောင်ရိုး​ဖြစ်ဖွယ်​ရှိသည့် မြင့်​လှ​သော​တောင်ပေါ်​သို့ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ယေရှု ခေါ်သွား​သည်။ ထို​တွင် ယေရှုသည် “သူတို့ရှေ့​၌ ထူးခြားသော​အဆင်း​အရောင်​နှင့် ပြည့်စုံ​သည်​ဖြစ်၍ မျက်နှာတော်​သည် နေကဲ့သို့​ထွန်းတောက်​လျက် အဝတ်​တော်​သည် အလင်းကဲ့သို့​ဖြူလျက်ရှိ၏။” ပရောဖက်​မောရှေ​နှင့် ဧလိယ​တို့သည်​လည်း ပေါ်​လာ၍ ယေရှု​နှင့် စကားပြော​နေကြ​သည်။ ဤ​အံ့ဖွယ်​ဖြစ်ရပ်​သည် ည​အချိန်တွင် ဖြစ်ပျက်​ခဲ့​ပုံ​ရှိရာ အထူး​ပေါ်လွင်​ထင်ရှား​ခဲ့​သည်။ ပကတိ​နှင့်​အလွန်​တူနေရာ ပေတရု​က ယေရှု၊ မောရှေ​နှင့် ဧလိယ​တို့အတွက် တဲ​တစ်ဆောင်​စီ သုံးဆောင်​ဆောက်​ပေး​ပါ​ရစေ​ဟု လျှောက်​လေ​၏။ ထိုသို့​ပေတရု​ဆို​နေစဉ် ထွန်းလင်း​သော​မိုးတိမ်​သည် သူတို့ကို လွှမ်းမိုး၍ “ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ ငါ​၏​ချစ်​သား​ပေ​တည်း။ သူ၏​စကား​ကို နားထောင်​ကြလော့” ဟု​မိုးတိမ်​က အသံတော်​ထွက်​လာ​၏။—မဿဲ ၁၇:၁-၆

၁၂၊ ၁၃။ ကိုယ်ယောင်​ပြောင်း​ခြင်း​မြင်ကွင်း​သည် ယေရှု၏​တပည့်​များ​အပေါ် အဘယ်​အကျိုး သက်ရောက်​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၂ အမှန်​ဆို​သော် ယေရှုသည် “ခရစ်တော်​တည်း​ဟူသော အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​၏ သားတော်​ဖြစ်​တော်​မူ​သည်” ဟု​မကြာမီ​က​ပင် ပေတရု​ဖော်ပြ​ခဲ့​ပြီး​ဖြစ်သည်။ (မဿဲ ၁၆:၁၆) သို့သော် ဝိညာဉ်​တော်​ဖွား​သားတော်​သည် မည်သူ​မည်ဝါ​ဖြစ်​ပြီး ကိုယ်တော်​၏​အပိုင်းကဏ္ဍ​ကို အတည်ပြု​ပေး​သည့် ဘုရားသခင် ကိုယ်တော်တိုင်​၏​သက်သေခံချက် စကားသံ​ကို ကြား​ယောင်​ကြည့်​ပါ! ဤ​ကိုယ်ယောင်​ပြောင်း​ခြင်း​မြင်ကွင်း​သည် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့​အတွက် ယုံကြည်ခြင်း အလွန်​ခိုင်ခံ့​စေသည့် အဖြစ်အပျက်​တစ်ခု​ပေ​တည်း! သူတို့၏​ယုံကြည်ခြင်း အလွန်​ခိုင်ခံ့​လာ​ကြ​ရာ ရှေ့တွင်​ကြုံတွေ့​ရမည့်​အရာ​နှင့် အနာဂတ်​အသင်းတော်တွင် သူတို့​ထမ်းဆောင်​ရမည့် အရေးကြီး​တာဝန်​အတွက် ယခု ပို​၍​အသင့်​ဖြစ်နေ​ကြပြီ။

၁၃ ဤ​ကိုယ်ယောင်​ပြောင်း​ခြင်း​သည် တပည့်​များ​၏​စိတ်​တွင် တစ်သက်လုံး​စွဲမှတ်​သွား​ကြ​၏။ နောင်​အနှစ် ၃၀ ကျော်​အကြာတွင် ပေတရု​က ဤသို့​ရေးသား​၏– “ဤ​သူသည် ငါ​နှစ်သက်​မြတ်နိုးရာ ငါ​၏​ချစ်​သား​ပေ​တည်း​ဟူသော အသံတော်​သည် ထူးမြတ်​သော​အရောင်အဝါ​တော်​ထဲ​က [ယေရှု]သို့​ရောက်​သောအခါ ခမည်းတော်​ဘုရားသခင့်​အထံတော်​မှ ဂုဏ်​အသရေ၊ ဘုန်း​အာနုဘော်​ကို ခံရ​တော်​မူ​၏။ ကောင်းကင်​က​ရောက်လာ​သော ထို​အသံတော်​ကို ငါ​တို့သည် သန့်ရှင်းသော​တောင်ပေါ်​မှာ သခင်​ဘုရား​နှင့်အတူ​ရှိသော​အခါ ကြား​ရ​ကြ​၏။” (၂ ပေတရု ၁:၁၇၊ ၁၈) ယောဟန်​သည်လည်း ထို​အဖြစ်အပျက်​ကို ထို​နည်းတူ စိတ်စွဲ​မှတ်​ခဲ့​သည်။ ထိုသို့​ဖြစ်ပျက်​ပြီး​နောက် အနှစ် ၆၀ ကျော်​တွင် သူသည် ဤ​စကား​ဖြင့် ယင်းကို​ရည်ညွှန်းခဲ့​ဖွယ်​ရှိ၏– “ကျေးဇူးတော်​နှင့်​လည်းကောင်း၊ သစ္စာတော်​နှင့်​လည်းကောင်း​ပြည့်စုံ​လျက် ငါ​တို့​တွင်​တည်​နေ​တော်​မူ​သည်​ဖြစ်၍ ခမည်းတော်​၌ တစ်ပါး​တည်း​သော​သားတော်​၏ ဘုန်းတော်​ကို ငါ​တို့သည် မြင်ရ​ကြပြီ။” (ယောဟန် ၁:၁၄) သို့​တိုင် ကိုယ်ယောင်​ပြောင်း​ခြင်း​သည် ယေရှု​နောက်လိုက်​များ​အား ပြသ​ခဲ့​သည့် နောက်ဆုံး​မြင်ကွင်း မဟုတ်​ချေ။

ဘုရားသခင်​၏​တည်ကြည်သူ​များ​ကို နောက်ထပ်​အလင်းဖြာ​ပေးခြင်း

၁၄၊ ၁၅။ တမန်​တော်​ယောဟန်​သည် ယေရှု​ကြွလာ​သည်​အထိ အဘယ်​နည်းဖြင့် ရှိနေ​ရန်ဖြစ်​သနည်း။

၁၄ ယေရှုသည် ရှင်ပြန်ထမြောက်​ပြီး​နောက် ဂါလိလဲ​ပင်လယ်​တွင် မိမိ၏​တပည့်​များ​ကို ကိုယ်ယောင်​ပြ​ခဲ့​သည်။ ထို​တွင် ကိုယ်တော်​က ပေတရု​အား “ငါ​ကြွလာ​သည်​ကာလ​တိုင်အောင် [ယောဟန်]ကို နေ​စေခြင်း​ငှာ ငါ​အလို​ရှိလျှင် သင်သည် အဘယ်​သို့​ဆိုင်​သနည်း” ဟု​မိန့်ဆို​၏။ (ယောဟန် ၂၁:၁၊ ၂၀-၂၂၊ ၂၄) အဆိုပါ​စကား​များ​က တမန်​တော်​ယောဟန်​သည် အခြား​တမန်​တော်​များ​ထက် အသက်ပိုရှည်​မည်​ဟု ဆိုလို​သလော။ ဆိုလို​နိုင်​ဖွယ်​ရှိပါ​သည်၊ အကြောင်း​မှာ သူသည် နောက်​အနှစ် ၇၀ နီးပါး​အထိ ယေဟောဝါ​၏​အမှုတော်ကို တည်ကြည်​စွာ ထမ်းဆောင်​လျက်​ရှိ၍​တည်း။ သို့သော် ယေရှု၏​မိန့်ဆိုချက်​တွင် ထို​ထက်မက ရှိသေး​သည်။

၁၅ “ငါ​ကြွလာ​သည်​ကာလ​တိုင်အောင်” ဟူသော​စကား​က ‘ဘုရားသခင့်​နိုင်ငံတော်​တည်လျက် လူသား ကြွလာ​တော်​မူ’ ခြင်း​ကို ယေရှု​ရည်ညွှန်း​ကြောင်း ကျွန်ုပ်​တို့အား အမှတ်ရ​စေ​သည်။ (မဿဲ ၁၆:၂၈) နောက်ပိုင်း​တွင် ယောဟန်​သည် ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​နှင့် ယေရှု​ကြွလာ​သော ပရောဖက်ပြုချက်​ဆိုင်ရာ စိတ်အာရုံ​မြင်ကွင်း​ကို ရရှိခဲ့​ခြင်း​ကြောင့် ယင်း​သဘော​မျိုး​ဖြင့် ယေရှု​ကြွလာ​သည့်​တိုင်အောင် ယောဟန်​ရှိနေခြင်း​ဖြစ်သည်။ ပတ်မုကျွန်း​၌ ယောဟန်​ကွယ်လွန်​ခါနီး​တွင် “သခင်​ဘုရား​နေ့” အတွင်း ဖြစ်ပျက်​မည့် အံ့သြဖွယ်​ပရောဖက်ပြုချက်​ဆိုင်ရာ အဖြစ်အပျက်​နိမိတ်​များ​ပါ​သည့် စိတ်အာရုံ​မြင်ကွင်း​ကို မြင်တွေ့ရ​လေ​သည်။ ယောဟန်​သည် အဆိုပါ​အံ့မခန်းဖွယ်​စိတ်အာရုံ​မြင်ကွင်း​များ​ကြောင့် အလွန်​စိတ်စွဲ​မှတ်​သွား​ရသည်၊ ယေရှု​က “ငါသည် အလျင်အမြန်​လာ​မည်” ဟု​မိန့်ဆို​သောအခါ ယောဟန်​က “အာမင်။ သခင်​ယေရှု​ကြွလာ​တော်​မူ​ပါ” ဟု​ဖြေဆို​၏။—ဗျာ. ၁:၁၊ ၁၀; ၂၂:၂၀၊ ၂၁

၁၆။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​နေ​စေရန် အဘယ်ကြောင့် အရေးကြီး​သနည်း။

၁၆ ပထမ​ရာစု​တွင် အသက်ရှင်ခဲ့​ကြသော စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် ယေရှုကို မေရှိယ​အဖြစ် လက်ခံ​ယုံကြည်​ကြသည်။ ယုံကြည်​လာ​ကြ​သူများ​သည် သူတို့​ဝန်းကျင်​မှ လူတို့၏​ယုံကြည်ခြင်း​ကင်းမဲ့မှု​ကြောင့်​နှင့် သူတို့​လုပ်​ရမည့်​လုပ်ငန်း​နှင့် ရှေ့တွင်​ကြုံတွေ့​ရမည့် စမ်းသပ်မှု​များ​ကြောင့် ယုံကြည်ခြင်း ခိုင်ခံ့​ဖို့​လို​သည်။ ယေရှုသည် တည်ကြည်သော​နောက်လိုက်​များ​ကို အားပေး​ရန် မိမိသည် မေရှိယ​ဖြစ်​ကြောင်း အလုံအလောက်​သက်သေပြ​ပြီး ဉာဏ်​အလင်း​ပေး​သော ပရောဖက်ပြုချက်​ဆိုင်ရာ စိတ်​အာရုံများ​ကို ဖော်ပြ​ပေး​ခဲ့​သည်။ ယနေ့ ကျွန်ုပ်​တို့သည် “သခင်​ဘုရား​နေ့” အတွင်း ရောက်ရှိ​နေကြပြီ။ မကြာမီ ခရစ်တော်​သည် စာတန်​၏​စနစ်ဆိုး​တစ်ခုလုံး​ကို ဖျက်ဆီး​ပြီး ဘုရားသခင်​၏​လူမျိုးတော်ကို ကယ်လွှတ်​ပေး​တော့​မည်။ ကျွန်ုပ်​တို့​လည်း မိမိတို့၏​ဝိညာဉ်​ရေး​အကျိုးအတွက် ယေဟောဝါ​ပြင်ဆင်​ပေး​သမျှ​မှ အပြည့်အဝ​အကျိုး​ရယူခြင်း​ဖြင့် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​ရမည်။

မှောင်မိုက်​ကာလ​နှင့် ဆင်းရဲခြင်း​တစ်လျှောက် ကာကွယ်​ခံရ

၁၇၊ ၁၈။ ပထမ​ရာစု​ရှိ ယေရှု၏​နောက်လိုက်​များနှင့် ဘုရားသခင်​၏​ရည်ရွယ်ချက်များ​ကို ဆန့်ကျင်သူ​များ​ကြား အဘယ်​သိသာ​သော​ခြားနား​ချက် ရှိခဲ့​သနည်း၊ အုပ်စု​တစ်စု​စီ​၏​အကျိုး​ရလဒ်​ကား အဘယ်နည်း။

၁၇ ယေရှု​ကွယ်လွန်​ပြီး​နောက် တပည့်​များသည် “ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင်” ကိုယ်တော့်​အကြောင်း သက်သေခံ​ရမည်​ဟူသော မိန့်မှာချက်ကို သတ္တိရှိရှိ လိုက်နာ​ကြသည်။ (တမန်​တော် ၁:၈) ပြင်းထန်သော ညှဉ်းပန်း​နှိပ်စက်မှု လှိုင်း​ဂယက်​များ​ကြား​မှ ယေဟောဝါ​သည် တည်ထောင်​ခါ​စ ခရစ်ယာန်​အသင်းတော်ကို ဝိညာဉ်​ရေး​အလင်းဖြင့်​လည်းကောင်း၊ တပည့်​သစ်​များစွာ​ဖြင့်​လည်းကောင်း ကောင်းချီး​ပေး​တော်​မူ​သည်။—တမန်​တော် ၂:၄၇; ၄:၁-၃၁; ၈:၁-၈

၁၈ သတင်းကောင်းကို အတိုက်အခံပြု​သူများ​၏​အလားအလာ​များ​မှာ​မူ တဖြည်းဖြည်း မှောင်မိုက်​လာပေမည်။ နယပုံပြင် ၄:၁၉ က ဤသို့​ဖော်ပြ​သည်– “မတရားသော​သူတို့၏​လမ်း​မူ​ကား မှောင်မိုက်​ကဲ့သို့​ဖြစ်၍ သူတို့သည် လဲ​သောအခါ အဘယ်အရာကို တိုက်မိ​သည်​ဟု​မသိ​ရ​ကြ။” ယေရုရှလင်​မြို့ကို ရောမ​စစ်တပ်​များ ဝိုင်းရံ​သည့် စီ.အီး. ၆၆ ခုနှစ်​တွင် သာ၍ “မှောင်မိုက်” လာ​လေ​၏။ ရောမ​တို့သည် သိသာ​သော​အကြောင်းရင်း​မရှိဘဲ ခေတ္တ​ဆုတ်ခွာ​သွားပြီး​နောက် စီ.အီး. ၇၀ ပြည့်နှစ်​တွင် တစ်ဖန်​ပြန်လာ​ကာ မြို့ကို ဖျက်ဆီး​လိုက်​သည်။ ဂျူး​သမိုင်း​ပညာရှင် ဂျိုစီဖတ်စ်​၏​အဆို​အရ ဂျူး​တစ်သန်း​ကျော် သေဆုံး​သွားခဲ့​၏။ သို့သော် တည်ကြည်သော​ခရစ်ယာန်​များသည် လွတ်မြောက်​ခဲ့​၏။ အဘယ်ကြောင့်​နည်း။ ပထမ​အကြိမ် ဝိုင်းရံ​ထား​ရာ​မှ ရုတ်တရက်​ဆုတ်ခွာ​သွား​ချိန်​တွင် ထွက်ပြေး​ပါ​ဟူသော ယေရှု၏​မိန့်မှာချက်ကို သူတို့​နာခံကြ​သောကြောင့်​တည်း။—လုကာ ၂၁:၂၀-၂၂

၁၉၊ ၂၀။ (က) ဘုရားသခင်​၏​လူမျိုးတော်သည် လက်ရှိ​အစီအစဉ်​စနစ် အဆုံးတိုင်​ခါနီး​သည်​နှင့်​အမျှ အဘယ်ကြောင့် ကြောက်စရာ​အကြောင်း​မရှိ​သနည်း။ (ခ) ၁၉၁၄ ခုနှစ်​မတိုင်မီ ဆယ်စုနှစ်​များ​တွင် ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်​အား အဘယ်​ထူးခြားသော​ထိုးထွင်း​သိမြင်မှု​ကို ပေးသနား​ခဲ့​သနည်း။

၁၉ ကျွန်ုပ်​တို့၏​အခြေအနေ​သည်လည်း ထို​နည်း​လည်းကောင်း​ပင်။ ဖြစ်​အံ့​ဆဲ​ရှိ​ကြီးစွာ​သော​ဆင်းရဲခြင်း​သည် စာတန်​စနစ်ဆိုး​တစ်ခုလုံး​၏​နိဂုံး​ကို ဖော်ဆောင်​၏။ သို့သော် ဘုရားသခင်​၏​လူမျိုးတော်​မှာ ကြောက်စရာ​မလို​ပေ၊ အကြောင်း​မှာ ယေရှု​က “ငါသည်​လည်း ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင် သင်တို့​နှင့်အတူ အစဉ်မပြတ်​ရှိသည်” ဟု​ကတိပြု​ခဲ့​၏။ (မဿဲ ၂၈:၂၀) အစောပိုင်း​တပည့်​များ​၏​ယုံကြည်ခြင်းကို တည်ဆောက်​ပေး​ပြီး ရှေ့တွင်​ကြုံတွေ့​ရမည့်​အရာ​အတွက် အသင့်ပြင်​ဆင်​ပေး​ရန် ယေရှုသည် မေရှိယ​ဘုရင်​အဖြစ် ကိုယ်တော်​၏​ကောင်းကင်​ဘုန်းတော်​ကို သူတို့အား ကြိုတင်​မြင်​စေ​ခဲ့​သည်။ ယနေ့​ကော အသို့နည်း။ ထို​ကြိုတင်​မြင်ကွင်း​သည် ၁၉၁၄ ခုနှစ်​တွင် အမှန်ပင်​ဖြစ်ပေါ်​လာ​လေ​သည်။ ယင်းသည် ဘုရားသခင်​၏​လူမျိုးတော်​အတွက် အမှန်ပင် ယုံကြည်ခြင်း​ခိုင်ခံ့​စေ​ခဲ့​သည်! ယေဟောဝါ​၏​ကျေးကျွန်​များသည် အံ့မခန်းဖွယ် အနာဂတ်​ကတိတော်​ကို ရရှိကြ​ပြီး ထို​အဖြစ်မှန်​ကို တဖြည်းဖြည်း တိုး၍​ထိုးထွင်း​သိမြင်​လာ​ခဲ့​ကြသည်။ ယနေ့ မှောင်မိုက်​သော​လောက​အလယ်တွင် “ဖြောင့်မတ်​သော​သူတို့၏​လမ်း​သည် တက်​သော​အရုဏ်​ကဲ့သို့​ဖြစ်၍ နေ​ထွက်​သည်​တိုင်အောင် တိုးပွား​ထွန်းလင်း​တတ်၏။”—သု. ၄:၁၈

၂၀ ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​အုပ်စုငယ်​သည် ၁၉၁၄ ခုနှစ်​မတိုင်မီ​က​ပင် သခင်​ပြန်​ကြွလာခြင်း​နှင့်​ပတ်သက်​၍ အရေးကြီး​အမှန်တရား​များ​ကို သဘောပေါက်​စ​ပြု​ခဲ့​သည်။ ဥပမာ၊ ကောင်းကင်​သို့ ယေရှု​တက်ကြွ​သွားစဉ် စီ.အီး. ၃၃ ခုနှစ်​တွင် တပည့်​များ​ရှေ့​ပေါ်လာ​သော ကောင်းကင်တမန်​နှစ်ပါး​၏ ပြောဆိုချက်​အရ မျက်မြင်မရ​နည်းဖြင့် သခင်​ပြန်​ကြွလာ​မည်​ကို သူတို့ ပိုင်းခြား​သိမြင်ခဲ့​ကြသည်။ တပည့်​များ​၏​မြင်ကွင်း​မှ ယေရှု​ပျောက်ကွယ်​သွားပြီး​နောက် ကောင်းကင်တမန်​များ​က “သင်တို့​နှင့်​ခွာ​၍ ကောင်းကင်​သို့​ဆောင်ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေရှုသည် သင်တို့​မျက်မှောက်​၌ ကောင်းကင်​သို့ ကြွသွား​တော်​မူ​သည်​နည်းတူ တစ်ဖန်​ကြွလာ​တော်​မူ​လတ္တံ့” ဟု​ပြောဆို​၏။—တမန်​တော် ၁:၉-၁၁

၂၁။ နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်းအရာကို ဆွေးနွေး​မည်​နည်း။

၂၁ ယေရှု​ထွက်ခွာ​သွားခြင်း​ကို တည်ကြည်သော​နောက်လိုက်​များ​သာ မြင်တွေ့ခဲ့ကြ​ရသည်။ ကိုယ်ယောင်​ပြောင်း​ခြင်း​မှာ​ကဲ့သို့​ပင်​ဖြစ်​ကာ လူအများရှေ့​တွင်​မဟုတ်​ခဲ့​ချေ; လောကသား​အများစု​သည် ဖြစ်ပျက်​ခဲ့​ရာ​ကို သိ​ပင်မ​သိ​ကြ​ချေ။ ဘုရားသခင့်​နိုင်ငံတော်​တန်ခိုး​ဖြင့် ခရစ်တော်​ပြန်​ကြွလာချိန်​လည်း ထို​နည်းတူ​ပင်​ဖြစ်​လိမ့်​မည်။ (ယောဟန် ၁၄:၁၉) ကိုယ်တော်​၏​တည်ကြည်သော ဝိညာဉ်​တော်​ဖွား​တပည့်​များ​သာ ဘုရင်​အဖြစ် ကိုယ်တော်​ရောက်ရှိခြင်း​ကို ပိုင်းခြား​သိမြင်ကြပါ​လိမ့်​မည်။ ဤ​ထိုးထွင်း​သိမြင်မှု​က သူတို့​အပေါ် မည်သို့​အကျိုးများစွာ သက်ရောက်​မည်​ကိုလည်း​ကောင်း၊ ယေရှု​အား မြေကြီးပေါ်​တွင် လက်အောက်ခံ​ကြ​မည့် သန်းနှင့်ချီ​သော​သူများကို စုသိမ်းခြင်း​သည် မည်သို့​အထွတ်အထိပ်​တိုင်​မည်​ကိုလည်း​ကောင်း နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သိမြင်​ရ​ပါ​လိမ့်​မည်။—ဗျာ. ၇: ၉၊ ၁၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 5 ယေရှု နှစ်ခြင်း​ခံ​ချိန်​တွင် ဘုရားသခင်​၏​အသံတော်​ကို ယောဟန်​တစ်ဦးတည်း​သာ ကြား​ခဲ့​ရ​ကြောင်း ထင်ရှား​၏။ ယေရှု ဟောပြောနေ​သော ဂျူး​များသည် “ခမည်းတော်​၏​စကားသံ​တော်​ကို . . . မကြား၊ သဏ္ဌာန်တော်​ကို​မမြင်” ခဲ့​ရ​ချေ။—ယောဟန် ၅:၃၇

သင်​မှတ်မိ​သလော

ယေရှုသည် ဥပုသ်​ကို ချိုးဖောက်​ပြီး ဘုရားသခင်​ကို စော်ကား​သည်​ဟု စွပ်စွဲ​ခံရ​သည့်​အခါ မိမိသည် မေရှိယ​ဖြစ်​ကြောင်း အဘယ်​အထောက်အထား​ပြ​ခဲ့​သနည်း။

ယေရှု၏​အစောပိုင်း​တပည့်​များသည် ကိုယ်ယောင်​ပြောင်း​ခြင်း​မှ မည်သို့​အကျိုး​ရရှိခဲ့ကြ​သနည်း။

ယေရှု​ကြွလာ​သည်​တိုင်အောင် ယောဟန်​ရှိနေ​မည်​ဟု မိန့်ဆို​သည့်​အခါ အဘယ်အရာကို ကိုယ်တော်​ဆိုလို​ခဲ့​သနည်း။

၁၉၁၄ ခုနှစ်​တွင် အဘယ်​ကြိုတင်​မြင်ကွင်း​သည် အမှန်ပင်​ဖြစ်ပျက်​လာ​ခဲ့​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိမိသည် မေရှိယ​ဖြစ်​ကြောင်း အထောက်အထား​များ​ကို ယေရှု​ပြ​ခဲ့

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ကိုယ်ယောင်​ပြောင်း​ခြင်း​မြင်ကွင်း​သည် ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​ခဲ့

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေရှု “ကြွလာ” သည်​တိုင်အောင် ယောဟန် ရှိနေ​ရန်ဖြစ်​ခဲ့