စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ရှံဆုန်သည် သူသတ်လိုက်သည့် အသေကောင်များကို ထိလျက်နှင့် မည်သို့ နာဇရိလူဆက်ဖြစ်နိုင်သေးသနည်း။
ရှေးဣသရေလနိုင်ငံတွင် လူတိုင်းသည် စိတ်လိုကိုယ်လျောက် ကတိကဝတ်ပြုပြီး ကာလအပိုင်းအခြားတစ်ခုကြာ နာဇရိလူဖြစ်လာနိုင်သည်။ * ဤကတိကဝတ်ပြုသူလိုက်နာရမည့် ကန့်သတ်ချက်တစ်ခုကို ဤသို့ပြဋ္ဌာန်းထားသည်– ‘ထာဝရဘုရားသခင်အဖို့ မိမိကိုခြားနားစေသောကာလပတ်လုံး အသေကောင်ကို မချဉ်းမကပ်ရ။ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။’ အကယ်၍ “သူ့အနားမှာ တစ်စုံတစ်ယောက်သောသူသည် ချက်ချင်းသေ” သွားလျှင်ကော။ အသေကောင်ကို အမှတ်တမဲ့ထိမိခြင်းကြောင့် သူ၏နာဇရိလူအဖြစ်ကို ညစ်ညူးစေပေမည်။ ထို့ကြောင့် “လွန်သောကာလပျောက်ရမည်” ဟုဖော်ပြထားသည်။ သူသည် စင်ကြယ်ခြင်းအစီအစဉ်ကို ပြုရန်လိုပြီး နာဇရိကာလကို တစ်ဖန်ပြန်စတင်ရပေမည်။—တောလည်ရာ ၆:၆-၁၂။
သို့သော် ရှံဆုန်၏နာဇရိလူဖြစ်ခြင်းမူ တစ်မျိုးတစ်ဘာသာဖြစ်သည်။ ရှံဆုန်မမွေးဖွားမီ ယေဟောဝါ၏ကောင်းကင်တမန်က မိခင်ဖြစ်သူအား ဤသို့ပြော၏– “အကြောင်းမူကား ပဋိသန္ဓေယူ၍ ဖွားမြင်ရလတ္တံ့သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကိုမခံဘဲ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နုတ်စပြုလိမ့်မည်။” (တရားသူကြီး ၁၃:၅) ရှံဆုန်သည် နာဇရိလူအဖြစ် ကတိမပြုခဲ့ပေ။ သူသည် ဘုရားသခင့်ခန့်အပ်ချက်ကြောင့် နာဇရိလူဖြစ်ရခြင်းဖြစ်ပြီး ရာသက်ပန် နာဇရိလူဖြစ်၏။ လူသေကောင်နှင့်မထိရန် တားမြစ်ချက်သည် သူ့ကိစ္စရပ်တွင် မသက်ဆိုင်နိုင်ပေ။ အကယ်၍ သူနှင့်သက်ဆိုင်၍ အသေကောင်ကို အမှတ်တမဲ့ထိမိလျှင် သူမွေးဖွားချိန်ဖြင့်စခဲ့သော ရာသက်ပန်နာဇရိလူ မည်သို့တစ်ဖန်ပြန်လည်စနိုင်အံ့နည်း။ သို့ဖြစ်၍ တစ်သက်လုံး နာဇရိလူဖြစ်သူတို့အတွက် တောင်းဆိုချက်များသည် ဆန္ဒအလျောက် နာဇရိလူဖြစ်သူတို့နှင့် ခြားနားသည်မှာ ထင်ရှားနေပါသည်။
ကျမ်းစာတွင်ဖော်ပြထားသော ရာသက်ပန် နာဇရိလူဖြစ်ခဲ့သူ သုံးဦး—ရှံဆုန်၊ ရှမွေလ၊ နှစ်ခြင်းဆရာယောဟန်—တို့အတွက် ယေဟောဝါ၏မိန့်မှာချက်များကို သုံးသပ်ကြည့်ပါ။ အစောပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်း ရှံဆုန်သည် ဆံပင်မဖြတ်ဖို့ တောင်းဆိုခံရသည်။ ဟန္နသည် ရှမွေလကို ကိုယ်ဝန်မဆောင်သေးမီကပင် ဤသို့ကတိကဝတ်ပြုခဲ့သည်– “သူ၏ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တစ်သက်လုံး ထာဝရဘုရား[သခင်] ၏ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါမည်။” (၁ ဓမ္မရာဇဝင် ၁:၁၁) နှစ်ခြင်းဆရာယောဟန်၏ကိစ္စတွင် ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ဆိုသည်– “စပျစ်ရည်နှင့်ယစ်မျိုးကို မသောက်ဘဲနေ” ရမည်။ (လုကာ ၁:၁၅) ထို့ပြင် “ထိုယောဟန်သည် ကုလားအုတ်အမွေးနှင့်ရက်သောအဝတ်ကို ဝတ်လျက်၊ ခါး၌ သားရေခါးပန်းကိုစည်းလျက်၊ ကျိုင်းကောင်နှင့် တော၌ဖြစ်သောပျားရည်ကို စားလျက်နေ၏။” (မဿဲ ၃:၄) ဤသူသုံးဦးတွင် မည်သူမျှ အသေကောင်အနီး မချဉ်းကပ်ရန် မိန့်မှာခံရခြင်း မရှိခဲ့ချေ။
ရှံဆုန်သည် နာဇရိလူတစ်ဦးဖြစ်သော်လည်း လုယူသူတို့လက်မှ ဣသရေလလူမျိုးကို ကယ်လွှတ်ရန် ယေဟောဝါပေါ်ထွန်းစေတော်မူသော တရားသူကြီးများတွင် ပါဝင်၏။ (တရားသူကြီး ၂:၁၆) ဤတာဝန်ကို ကျေပွန်စေရာတွင် သူသည် အသေကောင်များနှင့် ထိခဲ့ရသည်။ တစ်ကြိမ်တွင် ရှံဆုန်သည် ဖိလိတ္တိလူ ၃၀ ကိုသတ်ဖြတ်ပြီး သူတို့ဥစ္စာများကို လုယူခဲ့သည်။ နောက်ပိုင်းတွင် သူသည် ရန်သူတို့ကို “ကြီးစွာသောလုပ်ကြံခြင်းအားဖြင့် တစ်ပြိုင်နက်ရိုက်သတ်” ခဲ့လေ၏။ သူသည် မြည်းမေးရိုးလတ်လတ်ကိုတွေ့၍ ကိုင်ယူပြီး လူတစ်ထောင်တို့ကိုလည်း သတ်ခဲ့ရသည်။ (တရားသူကြီး ၁၄:၁၉; ၁၅:၈၊ ၁၅) ရှံဆုန်သည် ယေဟောဝါ၏မျက်နှာသာနှင့် ကူညီမှုတို့ဖြင့် ဤအရာအားလုံးကို ပြုလုပ်ခဲ့ခြင်းဖြစ်၏။ ကျမ်းစာက သူ့အား ယုံကြည်ခြင်းတွင် အတုယူထိုက်သူအဖြစ် ဖော်ညွှန်းထားသည်။—ဟေဗြဲ ၁၁:၃၂; ၁၂:၁။
ရှံဆုန်သည် “ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖြတ်၏” ဟုဆိုရာတွင် ဆိတ်သငယ်ကို ဆွဲဖြတ်ခြင်းသည် သူ့ခေတ်က ပြုလေ့ပြုထရှိသောထုံးစံတစ်ခုဟု ဆိုခြင်းလော။
ဣသရေလတရားသူကြီးများလက်ထက်တွင် ဆိတ်သငယ်ကိုဆွဲဖြတ်ခြင်းသည် ပြုလေ့ပြုထရှိသည့် ထုံးစံတစ်ခုဖြစ်သည်ဟူသည့်အထောက်အထား မရှိပါ။ တရားသူကြီး ၁၄:၆ တွင် ဤသို့ဖော်ပြသည်– ‘ထိုအခါ ရှံဆုန်လက်၌ တစ်စုံတစ်ခုမျှမပါသော်လည်း ထာဝရဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့် သူသည် ဆိတ်သငယ်ကိုဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖြတ်၏။’ ဤဖော်ပြချက်သည် သရုပ်ဖော်ချက်တစ်ခုသာ ဖြစ်နိုင်ဖွယ်ရှိသည်။
“ခြင်္သေ့ကိုဆွဲဖြတ်၏” ဟူသောဖော်ပြချက်တွင် အဓိပ္ပာယ်နှစ်မျိုးရှိနိုင်သည်။ ရှံဆုန်သည် ခြင်္သေ့၏မေးရိုးကို နှစ်ခြမ်းဆွဲဖြတ်ခြင်းသော်လည်းကောင်း၊ ခြေလက်အင်္ဂါများကို ဆွဲဖြတ်ခြင်းသော်လည်းကောင်း တစ်မျိုးမျိုးဖြစ်နိုင်သည်။ ပထမနည်းဖြင့် ဆွဲဖြတ်ခြင်းဖြစ်ပါက ဆိတ်သငယ်ကို လူ့ ခွန်အားနှင့် ဆွဲဆုတ်နိုင်သည်ဟု နားလည်ရသည်။ ဤတွင် ခြင်္သေ့ကို ဆိတ်ကလေးသဖွယ် လက်ချည်းသက်သက်ဖြင့် အနိုင်ယူဖို့ ရှံဆုန်အတွက် မခက်ခဲကြောင်းကို ဤနှိုင်းယှဉ်ချက်က ဖော်ပြသည်။ သို့ရာတွင် ရှံဆုန်သည် ခြင်္သေ့၏ ခြေလက်အင်္ဂါများကို ဆွဲဖြတ်ကာသတ်ခြင်းဖြစ်မည်ဆိုလျှင်ကော။ ဤဖော်ပြချက်ကို ဥပစာသဘောအဖြစ် ယူမှတ်နိုင်ပေသည်။ ဤဥပစာ၏ဆိုလိုရင်းမှာ သာမန်ထက်ထူးကဲသောခွန်အားလိုအပ်သည့် တာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် ရှံဆုန်အပေါ် ယေဟောဝါ၏ဝိညာဉ်တော် သက်ရောက်ကြောင်း ဖော်ပြခြင်းဖြစ်မည်။ မည်သည့်နည်းဖြင့်ပင်ဖြစ်စေ၊ တရားသူကြီး ၁၄:၆ ပါခိုင်းနှိုင်းချက်က ယေဟောဝါ၏အကူအညီကြောင့် ရှံဆုန်အတွက် ခွန်အားကြီးသောခြင်္သေ့တစ်ကောင်သည် သာမန်လူအတွက် ဆိတ်သငယ်လောက်ပင် ကြမ်းကြုတ်မှုမရှိကြောင်း ဖော်ပြနေသည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နာဇရိလူအဖြစ် နေမည့်ကာလကို ကတိပြုသူက ကိုယ်ပိုင်ဆုံးဖြတ်ခဲ့ရ၏။ သို့သော် ယုဒထုံးတမ်းအရ ကတိပြုသည့်အနည်းဆုံးကာလမှာ ရက် ၃၀ ဖြစ်ခဲ့၏။ ထိုကာလထက်နည်းသည့် ကတိပြုခြင်းမျိုးကို သာမန်အဖြစ် ယူမှတ်ခဲ့သည်။