မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တရားသူကြီးမှတ်စာမှ ပေါ်လွင်ချက်များ

တရားသူကြီးမှတ်စာမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

တရားသူကြီးမှတ်စာ​မှ ပေါ်လွင်​ချက်​များ

မိမိ၏​လူမျိုး​က မိမိ​အား ကျောခိုင်း​သွားပြီး မမှန်​သော​နတ်​ဘုရား​များ​ကို ကိုးကွယ်​စ​ပြု​သည့်​အခါ ယေဟောဝါ မည်သို့​တုံ့ပြန်​သနည်း။ သူတို့သည် ထပ်ခါတလဲ​လဲ ပုန်ကန်​ပြီး အခက်အခဲ​တွေ့​မှ​သာ ကိုယ်တော့်​ကို အကူအညီ​တောင်း​သည့်​အခါ​မျိုး​တွင်​ကော အသို့နည်း။ ထို​အချိန်​မျိုး​တွင်​ပင် သူတို့၏​လွတ်မြောက်​ရာ​လမ်းကို ယေဟောဝါ စီစဉ်​ပေး​သလော။ တရားသူကြီးမှတ်စာ​က ဤ​မေးခွန်းများ​နှင့် အခြား​အရေးကြီး​မေးခွန်းများကို ဖြေဆို​ပေး​၏။ ဘီ.စီ.အီး. ၁၁၀၀ ပြည့်နှစ်​ခန့်​တွင် ပရောဖက်​ရှမွေလ​ရေးသားခဲ့​သော ဤ​ကျမ်း​သည် ယောရှု​သေဆုံး ချိန်​မှ​သည် ပထမဦးဆုံး ဣသရေလ​ရှင်ဘုရင် နန်းတက်​ချိန်​အထိ အနှစ် ၃၃၀ ခန့်​ကြာရှည်​သော အဖြစ်အပျက်​များ​ကို ခြုံငုံမိ​သည်။

ဘုရားသခင်​၏​တန်ခိုး​ပါ​သော စကားတော် သို့​မဟုတ် သတင်းတရား​၏ အစိတ်အပိုင်း​တစ်ခု​ဖြစ်သော တရားသူကြီးမှတ်စာ​သည် ကျွန်ုပ်​တို့အတွက် အလွန်​တန်ဖိုး​ရှိ၏။ (ဟေဗြဲ ၄:၁၂) ယင်း​တွင်​မှတ်တမ်း​တင်ထားသော စိတ်​လှုပ်ရှား​ဖွယ် အဖြစ်အပျက်​များသည် ဘုရားသခင်​၏​ကိုယ်​ရည်​ကိုယ်​သွေး​ကို ထိုးထွင်း​သိမြင်​စေ​သည်။ ၎င်း​အဖြစ်အပျက်​များ​မှ​ရရှိ​သည့် သင်ခန်းစာများ​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေပြီး ဘုရားသခင်​၏​ကတိထားရာ ကမ္ဘာသစ်​တွင် “မှန်သော​အသက်” ဖြစ်သည့် ထာဝရ​အသက်ကို အခိုင်အမာ ဆုပ်ကိုင်​ထား​စေ​သည်။ (၁ တိမောသေ ၆:၁၂၊ ၁၉; ၂ ပေတရု ၃:၁၃) မိမိ၏​လူမျိုးတော်​အကျိုးအတွက် ယေဟောဝါ​လုပ်ဆောင်ပေး​သည့် ကယ်တင်ခြင်း​လုပ်ရပ်များ​သည် နောင်​အနာဂတ်​တွင် မိမိ၏​သားတော် ယေရှု​ခရစ်​လုပ်ဆောင်ပေး​မည့် သာ၍​ကြီးမြတ်သော ကယ်လွှတ်​မှု​၏ ကြိုတင်​မြင်ကွင်း​တစ်ခု​ကို ဖြစ်စေ​သည်။

တရားသူကြီး​များ အဘယ်ကြောင့် လိုအပ်​ခဲ့​သနည်း

(တရားသူကြီး ၁:၁–၃:၆)

ယောရှု​၏​ဦးဆောင်မှု​အောက်တွင် ခါ​နာ​န်​ရှင်ဘုရင်များ​ကို အနိုင်​ရရှိ​ပြီး​နောက် ဣသရေလ​တစ်နွယ်စီ​သည် သူတို့၏​အမွေမြေ​သို့​သွား​၍ သိမ်းပိုက်​ကြသည်။ သို့သော် ဣသရေလလူ​တို့သည် ထို​ပြည်သား​များ​ကို မ​နှင်ထုတ်​ခဲ့​ကြ​ချေ။ ဤသို့​မ​နှင်ထုတ်​လိုက်ခြင်းက ဣသရေလ​နိုင်ငံ​အတွက် အမှန်ပင် ကျော့ကွင်း​ဖြစ်သွား​စေ​သည်။

ယောရှု​ခေတ်​နောက်ပိုင်း မွေးဖွား​လာသော လူမျိုးဆက်​သည် ‘ထာဝရ​ဘုရားသခင်​ကိုလည်း​ကောင်း၊ ဣသရေလ​အမျိုး​အဖို့​ပြု​တော်​မူ​သော အမှုတို့​ကိုလည်း​ကောင်း မသိ’ တော့​ချေ။ (တရားသူကြီး ၂:၁၀) ထို့​ပြင် ခါ​နာ​န်​လူ​တို့​နှင့် အိမ်ထောင်ပြု​၍ သူတို့၏​နတ်​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​လာ​ကြသည်။ ထို့​ကြောင့် ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ရန်သူ​လက်​သို့ အပ်​လိုက်​လေ​သည်။ သို့သော် ဖိနှိပ်မှု​ပြင်းထန်​လာ​သည့်​အခါ ဣသရေလလူ​တို့သည် စစ်မှန်သော​ဘုရားသခင်​ထံ အကူအညီ​တောင်း​ကြ​လေ​သည်။ ယေဟောဝါ​သည် အဆိုပါ​ဝတ်ပြုရေး၊ လူမှုရေး​နှင့် နိုင်ငံရေး​အခြေအနေ​တွင် ရန်သူများ​လက်​မှ မိမိ၏​လူမျိုးတော်ကို ကယ်လွှတ်​ရန် တရားသူကြီး​မျိုးဆက်​ကို ပေါ်ထွန်း​စေတော်မူ​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၂၊ —ခွဲဝေ​ထားသော​အမွေမြေ​ကို သိမ်းယူ​ရန် ယုဒ​ကို ပထမ​မျိုးနွယ်​အဖြစ် အဘယ်ကြောင့် ဖော်ပြ​ရသနည်း။ ပုံမှန်​အားဖြင့် ယာကုပ်​၏​သားဦး ရုဗင်​အနွယ်​သည် ဤ​အခွင့်ထူး​ကို ရရှိ​ရမည်။ သို့သော် ယာကုပ်​သေခါနီး ပရောဖက်ပြုချက်​တွင် ရုဗင်​သည် သူ၏​သားဦး​အခွင့်အရာ ဆုံးရှုံး​သွား​ရာ ထူးမြတ်​ခြင်း​သို့​မရောက်ရ​ဟု ကြို​ဟောခဲ့​သည်။ ရက်စက်​စွာ​ပြုမူ​ခဲ့​ကြသော ရှိမောင်​နှင့်​လေဝိ​အနွယ်​တို့သည် ဣသရေလ​နိုင်ငံ​တွင် ကွဲပြား​ပျံ့လွင့်​သွား​ကြသည်။ (ကမ္ဘာဦး ၄၉:၃-၅၊) သို့​ဖြစ်၍ နောက်​မျိုးဆက်​မှာ ယာကုပ်​၏​စတုတ္ထ​မြောက်​သား​ဖြစ်သူ ယုဒ​ပင်​ဖြစ်သည်။ ယုဒ​နှင့်​လိုက်သွား​သော ရှိမောင်​သည် ကြီးမားသော​ယုဒ​နယ်မြေ​အနှံ့​တွင်ရှိသော နယ်မြေ​ငယ်​များ​ကို ရရှိခဲ့သည်။ *ယောရှု ၁၉:၉

၁:၆၊ ၇—စစ်ရှုံး​သွားသော ရှင်ဘုရင်များ​၏ လက်မ​နှင့်​ခြေမ​တို့ကို အဘယ်ကြောင့်​ဖြတ်​ခဲ့​သနည်း။ လက်မ​နှင့်​ခြေမ မရှိသူ​သည် စစ်တိုက်​နိုင်စွမ်း​မရှိတော့​ပုံ​ရ၏။ လက်မ,မရှိသော စစ်သား​တစ်ဦး​သည် ဓား သို့​မဟုတ် လှံ​ကို မည်သို့​ကိုင်​နိုင်​မည်​နည်း။ ခြေမ,မ​ရှိလျှင် ကိုယ်ခန္ဓာ​၏​ဟန်ချက်​ကို ကောင်းစွာ​ထိန်း​နိုင်​မည်​မဟုတ်​ချေ။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၂:၁၀-၁၂‘ထာဝရ​ဘုရားသခင်​၏ ကျေးဇူးတော်​အပေါင်း​ကို မမေ့လျော့’ ရန်​ကျမ်းစာ​လေ့လာမှု​အစီအစဉ်ကို ပုံမှန်​ပြုလုပ်​ရမည်။ (ဆာလံ ၁၀၃:၂) မိဘများသည် ဘုရားသခင့်​စကားတော် အမှန်တရားကို သားသမီး​များ​၏​နှလုံး​ထဲ သွတ်သွင်း​ပေးဖို့​လို​သည်။—တရားဟောရာ ၆:၆-၉

၂:၁၄၊ ၂၁၊ ၂၂ယေဟောဝါ​သည် မိမိ၏​နာခံမှု​မရှိသော​လူမျိုးတော်ကို ဆုံးမ​ရန်၊ သန့်စင်ပေး​ရန်၊ မိမိ​ဘက်​ပြန်​လှည့်လာ​စေ​လို​သည့် ရည်ရွယ်ချက်​ဖြင့် ဘေးဆိုးများ​ကို သူတို့​အပေါ် ကျရောက်​စေ​ခဲ့​သည်။

ယေဟောဝါ​သည် တရားသူကြီး​များ​ကို ပေါ်ထွန်း​စေ

(တရားသူကြီး ၃:၇–၁၆:၃၁)

တရားသူကြီး​များ​၏ စိတ်​လှုပ်ရှား​ဖွယ် စွန့်စား​လုပ်ဆောင်မှု​မှတ်တမ်း​ကို မေ​သော​ပေါ​တာ​မိ​ရှင်ဘုရင်​၏​လက်အောက်​တွင် ဣသရေလ​လူမျိုး ရှစ်နှစ်​တာ​ကျွန်​အဖြစ်​မှ လွတ်မြောက်​စေ​ခဲ့​သည့် ဩ​သံ​ယေ​လ​၏​လုပ်ဆောင်မှု​ဖြင့် စတင်​သည်။ တရားသူကြီး​ဧ​ဟု​ဒ​သည် ရဲရင့်​ပြောင်မြောက်​သော နည်း​ဗျူဟာ​ကို​သုံး​၍ အလွန်​ဝ​သော မောဘ​ရှင်ဘုရင်​ဧဂလုန်​ကို ကွပ်မျက်​ခဲ့​သည်။ ရဲစွမ်းသတ္တိ​ရှိသော ရှံဂါ​တစ်ဦးတည်း​ဖြင့် ဖိလိတ္တိ​လူ​ခြောက်​ရာ​ကို တုတ်ချွန်​နှင့် ရိုက်​သတ်​လေ​၏။ ပရောဖက်မ​အဖြစ် အမှုထမ်းဆောင်​နေသော ဒေဗောရ​၏​အားပေးမှု၊ ယေဟောဝါ​၏​ထောက်ပံ့​ပေး​မှု​တို့​ဖြင့် ဗာရက်​သည် လက်နက်​အနည်းငယ်​သာ​ရှိသည့် စစ်သည်​တစ်​သောင်း​နှင့် စစ်​အင်အားကြီး​မား​သော သိသရ​ကို ချေမှုန်း​နိုင်​ခဲ့​၏။ ယေဟောဝါ​သည် ဂိဒေါင်​ကို ပေါ်ထွန်း​စေပြီး သူနှင့် သူ၏​လူ ၃၀၀ တို့ကို မိဒျန်​လူ​တို့​အပေါ် အောင်ပွဲခံ​စေ​သည်။

ယေဟောဝါ​သည် ယေဖသ​အားဖြင့် ဣသရေလ​လူမျိုး​ကို အာမ္မုန်လူ​တို့​လက်​မှ ကယ်လွှတ်​ပေး​သည်။ ဣသရေလ​လူမျိုး​ကို​စီရင်​သည့် တရားသူကြီး ၁၂ ဦး​တွင် တော​လ၊ ယာ​ဣ​ရ၊ ဣဗဇန်၊ ဧ​လုန်​နှင့် အာဗဒုန်​တို့​လည်း​ပါ​သည်။ ဖိလိတ္တိ​လူ​တို့ကို တိုက်ခိုက်​ခဲ့​သည့် ရှံဆုန်​ဖြင့် တရားသူကြီး​များ​၏​ခေတ်​ကို အဆုံးသတ်​လိုက်​လေ​၏။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၄:၈—ဗာရက်​သည် ပရောဖက်မ​ဒေဗောရ​ကို မိမိ​နှင့်အတူ စစ်​မြေပြင်​သို့ လိုက်ပါ​ဟု အဘယ်ကြောင့် အတင်းအကျပ်​တောင်းဆို​ခဲ့​သနည်း။ ဗာရက်​သည် သိသရ​၏​တပ်​ကို မိမိ​ဘာသာ မ​ဖြို​ခွင်း​နိုင်​ဟု ယူဆ​ခဲ့​သည်​မှာ ထင်ရှား​၏။ သူနှင့်​အတူ ထို​ပရောဖက်မ ရှိနေခြင်း​သည် မိမိ​နှင့်​မိမိ၏​လူ​တို့​တွင် ဘုရားသခင်​၏​လမ်းညွှန်ချက်​ရှိနေကြောင်း အာမခံချက်​ဖြစ်​ပြီး ယုံကြည်​စိတ်ချမှု​ရှိစေ​ပေမည်။ သို့​ဖြစ်၍ ဗာရက်​သည် မိမိ​နှင့်အတူ ဒေဗောရ​လိုက်​လာရန် အတင်းအကျပ်​တောင်းဆိုခြင်း​မှာ ပျော့ညံ့မှု​မဟုတ်ဘဲ ခိုင်ခံ့​သော​ယုံကြည်ခြင်း​ရှိ၍​ဖြစ်သည်။

၅:၂၀—ကြယ်​များသည် ဗာရက်​ကို ကောင်းကင်​မှ မည်သို့​စစ်ကူ​ပေး​ခဲ့​ကြ​သနည်း။ ကောင်းကင်တမန်​၏ အကူအညီ​ရခြင်း​လော၊ သိသရ​၏​ပညာရှိ​များ​က နိမိတ်​မကောင်း​ဟု​ယူဆ​သည့် ကြယ်​များ​ကြွေကျ​ခြင်း​လော၊ သိသရ​အတွက် နက္ခတ်​ဗေဒ​ဟောကိန်း​မှားသွား​ခြင်း​လော​ဆို​သည်ကို သမ္မာကျမ်းစာ​က မဆို​ထား​ချေ။ သို့သော် ဘုရားသခင် ကြားဝင်​ကူ​ပေးခြင်း တစ်မျိုး​မျိုး​ရှိ​နိုင်​သည်။

၇:၁-၃; ၈:၁၀— ဂိဒေါင်​၏​လူ ၃၂,၀၀၀ သည် ရန်သူ​အင်အား ၁၃၅,၀၀၀ ကို​တိုက်ခိုက်​ရန် များ​လွန်း​သည်​ဟု ယေဟောဝါ အဘယ်ကြောင့်​မိန့်ဆို​ရသနည်း။ ဂိဒေါင်​နှင့် သူ၏​လူ​တို့ကို အောင်ပွဲရ​စေ​သူ​မှာ ယေဟောဝါ​ဖြစ်သော​ကြောင့်​တည်း။ သူတို့၏​ခွန်အား​ဖြင့် မိဒျန်​လူ​တို့ကို အနိုင်​ရခဲ့​သည်​ဟု ဘုရားသခင် မယူမှတ်​စေ​လို​ခဲ့​ချေ။

၁၁:၃၀၊ ၃၁—ယေဖသ​သည် သစ္စာ​ကတိပြု​ချိန်​တွင် လူတစ်ဦးကို ယဇ်​ပူဇော်​ပါ​မည်​ဟူ၍ စိတ်ထဲ​ရှိခဲ့​သလော။ ဤသို့​သော​အတွေးမျိုး ယေဖသ​၏​စိတ်ထဲ လုံးဝ​ရှိ​မည်​မဟုတ်ပါ၊ အကြောင်း​မှာ ပညတ်တရား​က ဤသို့​ပြဋ္ဌာန်း​ထား​၏– “သင်တို့တွင် မိမိ​သားသမီးကို မီး​ဖြင့်​ပူဇော်​သော​သူ . . . တစ်စုံ​တစ်ယောက်မျှ​မရှိ​ရ။” (တရားဟောရာ ၁၈:၁၀-၁၁) သို့သော် ယေဖသ​၏​စိတ်​တွင် လူတစ်ဦး​ရှိပြီး တိရစ္ဆာန်​တစ်ကောင်​မဟုတ်​ခဲ့​ချေ။ ယဇ်​ပူဇော်​ရန် တိရစ္ဆာန်​များ​ကို ဣသရေလလူ​တို့​အိမ်​တွင် ထား​လေ့​မရှိ​ချေ။ တိရစ္ဆာန်​တစ်ကောင်​ကို ပူဇော်​ခြင်း​သည် အထူး​ပူဇော်​ခြင်း ဖြစ်​မည်​မဟုတ်။ မိမိကို​ကြိုဆို​ရန် အိမ်ထဲ​မှ​ထွက်​လာ​မည့်​သူ​မှာ မိမိ၏​သမီး​ဖြစ်​နိုင်​ဖွယ်​ရှိသည်​ဟု ယေဖသ သိထား​သည်။ ထို​သူကို သန့်ရှင်း​ရာ​ဌာန​နှင့်​ဆက်နွှယ်​သည့် ယေဟောဝါ​၏​လုပ်ငန်းတော်​အတွက် သီးသန့်​ပေးဆက်ခြင်း​ဖြင့် “မီးရှို့​ရာ​ယဇ်” အနေ​နှင့် ဆက်သ​ရန်ဖြစ်​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၃:၁၀ဝိညာဉ်​ရေးရာ​များနှင့်​ပတ်သက်ပြီး အောင်မြင်မှု​များ​ရရှိ​ခြင်း​သည် လူ့​ဉာဏ်ပညာ​ကြောင့်​မဟုတ်ဘဲ ယေဟောဝါ​၏​ဝိညာဉ်​တော်​ကြောင့်​ဖြစ်သည်။—ဆာလံ ၁၂၇:၁

၃:၂၁ဧ​ဟု​ဒ​သည် သူ၏​ဓားကို ကျွမ်းကျင်​ပိုင်နိုင်​စွာ၊ သတ္တိရှိရှိ အသုံးပြု​ခဲ့​သည်။ ကျွန်ုပ်​တို့သည် “ဘုရားသခင်​၏​နှုတ်[မြွက်]တော်​တည်း​ဟူသော ဝိညာဉ်​တော်​၏​ဓား” ကို​အသုံးပြုရာတွင် ကျွမ်းကျင်​လာအောင် ကျင့်ယူ​ရမည်။ ယင်းက ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင် သမ္မာကျမ်းစာ​ကို သတ္တိရှိရှိ​အသုံးပြု​ရမည်ဟု ဆိုလို​၏။—ဧဖက် ၆:၁၇; ၂ တိမောသေ ၂:၁၅

၆:၁၁-၁၅; ၈:၁-၃၊ ၂၂၊ ၂၃ဂိဒေါင်​၏​ကျိုးနွံ​မှု​က ကျွန်ုပ်​တို့ကို ဤ​အရေးကြီး​သင်ခန်းစာ​သုံးခု​ကို သင်ပေး​သည်– (၁) လုပ်ငန်းတော်​အထူး​အခွင့်အရေး​တစ်ခု​ကို ကျွန်ုပ်​တို့အား အပ်နှင်း​သည့်​အခါ ယင်း​နှင့်​ဆက်နွှယ်​နိုင်​သည့် ထင်ပေါ်​ကျော်ကြား​မှု သို့​မဟုတ် ဂုဏ်​အသရေ​ကို တွေးတော​မည့်​အစား တာဝန်​နှင့်​လိုက်ပါ​လာ​မည့်​အရာများ​အပေါ် အလေးထား​စဉ်းစား​သင့်​သည်။ (၂) ရန်​တွေ့​တတ်​သူများ​နှင့် ဆက်ဆံ​သည့်​အခါ ကျိုးနွံ​မှု​ပြ​ခြင်း​သည် ပညာရှိ​လမ်းစဉ်​ဖြစ်သည်။ (၃) ကျိုးနွံ​မှု​သည် အဆင့်အတန်း​ကို အရေးပေး​လွန်း​ခြင်း​မှ ကာကွယ်​ပေး​သည်။

၆:၁၇-၂၂၊ ၃၆-၄၀ကျွန်ုပ်​တို့​လည်း သတိ​ရှိပြီး “ခပ်သိမ်း​သော​စိတ်​ဝိညာဉ်​တို့ကို မယုံကြ” ဖို့​ဖြစ်သည်။ ယင်းအစား၊ “စိတ်​ဝိညာဉ်​တို့သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်၊ မစပ်ဆိုင်​သည်ကို စုံစမ်း​ကြ” ဖို့​လို​သည်။ (၁ ယောဟန် ၄:၁) ခရစ်ယာန်​အကြီးအကဲ ဖြစ်​ခါ​စ​သူသည် မိမိ​ပေး​ရန် ရည်ရွယ်​ထားသော သွန်သင်ချက်​က ဘုရားသခင့်​စကားတော်​အပေါ် အခိုင်အမာ​အခြေပြု​ထား​ကြောင်း သေချာ​စေရန် အတွေ့အကြုံ​ပို​ရှိသော အကြီးအကဲ​တစ်ဦးထံ အကြံဉာဏ်​တောင်းခံ​ခြင်း​သည် ပညာရှိရာ​ရောက်​၏။

၆:၂၅-၂၇ဂိဒေါင်​သည် သူ၏​ဆန့်ကျင်သူ​များ မလိုအပ်ဘဲ အမျက်မထွက်​စေရန် လိမ္မာ​ပါးနပ်​စွာ လုပ်ဆောင်ခဲ့​သည်။ ကျွန်ုပ်​တို့ သတင်းကောင်း​ဟောပြော​သည့်​အခါ ကျွန်ုပ်​တို့​စကား​ကြောင့် သူတစ်ပါး​အား မလိုအပ်ဘဲ စိတ်​အနှောင့်အယှက်​မဖြစ်​မိ​စေရန် သတိထား​ရမည်။

၇:၆ယေဟောဝါ​၏​အမှုတော် ထမ်းဆောင်ခြင်း​နှင့်​ပတ်သက်​လာ​လျှင် ကျွန်ုပ်​တို့သည် ဂိဒေါင်​၏​လူ ၃၀၀ ကဲ့သို့ နိုးနိုးကြားကြား​နှင့် သတိ​ဝီရိယ​ရှိ​သင့်​သည်။

၉:၈-၁၅ရာထူး​ရာ​ခံ သို့​မဟုတ် ဩဇာ​အာဏာ​အတွက် မောက်မာ​စွာ​လုပ်ဆောင်​ပြီး ရည်မှန်းချက်​ကြီးခြင်း​သည် အလွန်​မိုက်မဲ​သော​အမှု​တည်း!

၁၁:၃၅-၃၇ယေဖသ​၏​ပုံသက်သေ​ကောင်း​သည် သူ၏​သမီးကို ယုံကြည်ခြင်း​ခိုင်ခံ့​စေပြီး ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ဖြစ်ပေါ်​စေ​သည်​မှာ သေချာ​၏။ ယနေ့ မိဘများသည် မိမိတို့၏​သားသမီး​များ​အတွက် ဤသို့​သော​ပုံသက်သေ ပြ​နိုင်​ကြသည်။

၁၁:၄၀ယေဟောဝါ​၏​လုပ်ငန်းတော်တွင် တလိုတလား​စိတ်​နှင့် လုပ်ဆောင်​သူကို ချီးကျူး​စကားပြော​ဆို​ခြင်း​သည် ထို​သူကို အားပေး​ရာ​ရောက်​၏။

၁၃:၈မိဘများသည် သားသမီး​များ​ကို သွန်သင်ပေး​ရာ​တွင် လမ်းညွှန်မှု​အတွက် ယေဟောဝါ​ထံ ဆုတောင်း၍ ကိုယ်တော်​၏​ညွှန်ကြားမှု​အတိုင်း လိုက်နာသင့်​သည်။—၂ တိမောသေ ၃:၁၆၊ ၁၇

၁၄:၁၆၊ ၁၇; ၁၆:၁၆မျက်ရည်​ခံ​ထိုး၊ မြည်​တွန်​တောက်​တီး​ကာ ဖိအားပေး​ခြင်း​သည် ဆက်ဆံ​ရေး​ကို ပျက်စီး​စေနိုင်​သည်။—သု. ၁၉:၁၃; ၂၁:၁၉

ဣသရေလ​နိုင်ငံ​၏ အခြား​အပြစ်​များ

(တရားသူကြီး ၁၇:၁–၂၁:၂၅)

တရားသူကြီးမှတ်စာ​၏​နောက်ဆုံး​အပိုင်း​တွင် ထင်ရှားသော အဖြစ်အပျက်​နှစ်ခုပါ​ရှိသည်။ ပထမ​အဖြစ်အပျက်​သည် မိက္ခာ​အမည်​ရှိသော လူတစ်ဦး​နှင့်​သက်ဆိုင်​သည်၊ ထို​သူသည် အိမ်​တွင် အရုပ်​တစ်ခု​ကို ထောင်​ထား​ကာ သူ့​အတွက် ယဇ်ပုရောဟိတ်​အဖြစ် လုပ်ဆောင်ပေး​ရန် လေဝိ​သား​တစ်ဦး​ကို ခန့်အပ်​ခဲ့​သည်။ ဒန်​အမျိုးသားများသည် လဲ​ရှ​မြို့ကို ဖျက်ဆီး​ပြီး​နောက် သူတို့​ပိုင်​မြို့​အဖြစ် တည်ဆောက်​၍ ဒန်​မြို့​ဟု အမည်မှည့်​လိုက်​၏။ သူတို့သည် မိက္ခာ​လုပ်ခဲ့​သည့် အရုပ်​နှင့် ယဇ်ပုရောဟိတ်​ကို​သုံး​၍ ဒန်​မြို့တွင် ဝတ်ပြုမှု​နောက်​တစ်မျိုး​ကို တည်ထောင်​ခဲ့​သည်။ ယောရှု​မ​ကွယ်လွန်​မီ လဲ​ရှ​မြို့ကို သိမ်းပိုက်​လိုက်​ပုံ​ရ၏။—ယောရှု ၁၉:၄၇

ဒုတိယ​အဖြစ်အပျက်​သည် ယောရှု​ကွယ်လွန်​ပြီး မကြာခင် ဖြစ်ပျက်​ခဲ့​သည်။ ဂိဗာ​မြို့ရှိ ဗင်ယာမိန်​အမျိုးသား​အချို့ ကျူးလွန်​ခဲ့​သော လိင်ဆိုင်ရာ​ပြစ်မှု​ကြီး​ကြောင့် ဗင်ယာမိန်​အမျိုး​တုံး​လု​မတတ်​ဖြစ်​ခဲ့​ရပြီး အမျိုးသား ၆၀၀ သာ​အသက်ရှင်​ကျန်ရစ်​ခဲ့​၏။ သို့သော် လက်တွေ့ကျ​အစီအစဉ်​ဖြင့် သူတို့​အတွက် မယား​များ သိမ်းပိုက်​စေ​ရာ ဒါဝိဒ်​အုပ်ချုပ်ချိန်​တွင် ဗင်ယာမိန်​စစ်သည်တော် ၆၀,၀၀၀ နီးပါး​အထိ တိုးများ​လာ​၏။—၁ ရာဇဝင်ချုပ် ၇:၆-၁၁

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁၇:၆; ၂၁:၂၅—“လူတိုင်း မိမိ​စိတ်​အလို​ရှိသည်​အတိုင်း​ပြု” ဟု​ဆို​ခြင်း​က မင်းမဲ့​စရိုက်​အခြေအနေ​ကို အားပေး​အား​မြှောက်​ပြု​နေခြင်း​လော။ မဟုတ်ပါ၊ အကြောင်း​မှာ ယေဟောဝါ​သည် မိမိ​လူမျိုးတော်ကို လမ်းညွှန်​ပေး​ရန် အစီအစဉ်များ​စွာ ပြုလုပ်​ပေး​ခဲ့​သည်။ ကိုယ်တော်​သည် သူတို့ကို ပညတ်တရား​ပေး​ခဲ့​ပြီး ကိုယ်တော့်​လမ်းစဉ်​အတိုင်း သူတို့ကို သင်ကြား​ပေး​ရန် ယဇ်ပုရောဟိတ်​အဖွဲ့ကို ဖွဲ့​ပေး​ထား​သည်။ ဥ​ရိမ်​နှင့် သု​မိ​မ်​အားဖြင့် ယဇ်ပုရောဟိတ်​မင်းကြီး​သည် အရေးကြီး​ကိစ္စရပ်​များ​ကို ဘုရားသခင်​ထံ မေးလျှောက်​နိုင်​သည်။ (ထွက်မြောက်ရာ ၂၈:၃၀) မြို့အသီးသီး​တွင် အားကိုး​လောက်​သော အကြံပြုချက်​ပေး​နိုင်​သည့် အသက်ကြီးသူ​များလည်း​ရှိ၏။ ဣသရေလလူ​တစ်ဦး​သည် ယင်း​အစီအစဉ်များ​ကို လက်ခံ​ယူ​လျှင် သူ၏​သိစိတ်​အတွက် ကြံ့ခိုင်​သော​လမ်းညွှန်မှုကို​ရရှိ​သည်။ ဤ​နည်း​အတိုင်း “မိမိ​အလို​ရှိသည်​အတိုင်း” လုပ်ဆောင်ခြင်းဖြင့် ကောင်းကျိုး​ခံစား​ရနိုင်​သည်။ ပညတ်တရား​ကို ဥပေက္ခာပြု​ပြီး အမူအကျင့်၊ ဝတ်ပြုရေး​နှင့်​ပတ်သက်​၍ သူ​ဘာသာ ဆုံးဖြတ်ချက်​များ​ချ​မည်​ဆိုလျှင်​မူ ဆိုးကျိုး​ခံစားရ​နိုင်၏။

၂၀:၁၇-၄၈—ဗင်ယာမိန်​အမျိုးသားများသည် အပြစ်ပေး​ခံရ​ဖို့​လို​သော်လည်း ယေဟောဝါ​သည် ထို​အမျိုးသားများ​ကို အခြား​နှစ်နွယ်​အပေါ် အဘယ်ကြောင့် အနိုင်​ရ​ခွင့်ပြု​ခဲ့​သနည်း။ အစပိုင်း​တွင် တည်ကြည်သော​အနွယ်​များ​အား အကြီးအကျယ် ဆုံးရှုံးမှု​ကို ခံစေ​ခြင်း​အားဖြင့် ဣသရေလ​နိုင်ငံ​မှ မကောင်းမှုကို ဖယ်ရှားပစ်​မည့် သူတို့၏​သန္နိ​ဋ္ဌာန်​ကို ယေဟောဝါ စမ်းသပ်​ခဲ့​သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာများ–

၁၉:၁၄၊ ၁၅ဂိဗာ​မြို့သား​များ​၏ ဧည့်ဝတ်​ကျေပွန်​လို​စိတ်​မရှိခြင်း​သည် ကျင့်ဝတ်​ပျက်ကွက်မှု​ကို ဖော်ပြ​၏။ “ဧည့်သည်​ဝတ်​ကို ကြိုး​စား၍​ပြု​ကြလော့” ဟူ၍ ခရစ်ယာန်​များ​ကို သတိပေး​ဆုံးမ​ထား​သည်။—ရောမ ၁၂:၁၃

အနာဂတ် လွတ်မြောက်မှု

များ​မကြာမီ ခရစ်တော်​ယေရှု​လက်တော်​ရှိ ဘုရားသခင့်​နိုင်ငံတော်​သည် ဆိုးညစ်သော​ကမ္ဘာ​ကို ဖျက်ဆီး​ပစ်​ပြီး ဖြောင့်မတ်​စုံလင်သော​သူတို့ကို ကြီးစွာ​သော​လွတ်မြောက်မှု ပေး​တော်​မူ​လိမ့်​မည်။ (သု. ၂:၂၁၊ ၂၂; ဒံယေလ ၂:၄၄၊ ၄၅) ‘ထာဝရ​ဘုရားသခင်​၏​ရန်သူ​အပေါင်းတို့သည် ထိုသို့​ပျက်စီးခြင်း​သို့​ရောက်​ကြ​ပြီး ကိုယ်တော့်​ကို ချစ်သော​သူတို့သည် အရှိန်​တန်ခိုး​နှင့်​ထွက်သွား​သော နေ​မင်း​ကဲ့သို့ ဖြစ်​ကြ​ပါ​လိမ့်​မည်။’ (တရားသူကြီး ၅:၃၁) တရားသူကြီးမှတ်စာ​မှ သိရှိ​ခဲ့​ရာ​များ​ကို ကျင့်သုံး​ခြင်း​အားဖြင့် ယေဟောဝါ​ကို ချစ်​မြတ်နိုးသူ​များ​တွင် ကျွန်ုပ်​တို့​ပါဝင်​ကြောင်း သက်သေထူ​ကြပါစို့​လေ။

တရားသူကြီးမှတ်စာ​ပါ မှတ်တမ်းများတွင် ဤ​အခြေခံ​အမှန်တရားကို ထပ်ခါတလဲ​လဲ ဖော်ပြ​၏– ယေဟောဝါ​ကို နာခံ​လျှင် ကောင်းချီး​များစွာ ရရှိ​စေပြီး မနာခံ​လျှင် ကြောက်မက်​ဖွယ်​ဘေးဆိုးများ ခံစားရ​စေ​သည်။ (တရားဟောရာ ၁၁:၂၆-၂၈) ဖော်ပြ​ထား​တော်​မူ​သော ဘုရားသခင့်​အလိုတော်ကို “စိတ်နှလုံး​မှ​နာခံမှု” ရှိ​ခြင်း​သည် တကယ့်ကို အရေးကြီး​လှ​ပေ​၏!—ရောမ ၆:၁၇က​ဘ; ၁ ယောဟန် ၂:၁၇

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 လေဝိ​သားများ​ကို ဣသရေလ​နိုင်ငံ​အနှံ့​တွင်ရှိသော ၄၈ မြို့မှ​လွဲ​၍ ကတိထားရာပြည်​တွင် အမွေမြေ​မပေးခဲ့​ချေ။

[စာမျက်နှာ ၂၅ ပါ မြေပုံ]

(ကား​ချက်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

‘လုယူ​သော​သူတို့​လက်​မှ ကယ်လွှတ်​သော တရားသူကြီး​တို့ကို ထာဝရ​ဘုရားသခင် ပေါ်ထွန်း​စေတော်မူ​၏။’—တရားသူကြီး ၂:၁၆

တရားသူကြီး​များ

၁။ ဩ​သံ​ယေ​လ

၂။ ဧ​ဟု​ဒ

၃။ ရှံဂါ

၄။ ဗာရက်

၅။ ဂိဒေါင်

၆။ တော​လ

၇။ ယာ​ဣ​ရ

၈။ ယေဖသ

၉။ ဣဗဇန်

၁၀။ ဧ​လုန်

၁၁။ အာဗဒုန်

၁၂။ ရှံဆုန်

ဒန်

မနာရှေ

နဿလိ

အာရှာ

ဇာဗုလုန်

ဣသခါ

မနာရှေ

ဂဒ်

ဧဖရိမ်

ဒန်

ဗင်ယာမိန်

ရုဗင်

ယုဒ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဗာရက်​သည် မိမိ​နှင့်အတူ စစ်​မြေပြင်​သို့ လိုက်ပါ​ဟု ဒေဗောရ​ကို အတင်းအကျပ်​တောင်းဆိုခြင်း​မှ အဘယ်​သင်ခန်းစာ ရရှိ​သနည်း