မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်နိုင်ငံတော် ကြိုတင်မြင်ကွင်းများ အမှန်တကယ်ဖြစ်ပျက်လာ

ဘုရားသခင့်နိုင်ငံတော် ကြိုတင်မြင်ကွင်းများ အမှန်တကယ်ဖြစ်ပျက်လာ

ဘုရားသခင့်​နိုင်ငံတော် ကြိုတင်​မြင်ကွင်း​များ အမှန်တကယ်​ဖြစ်ပျက်​လာ

“အနာဂတ္တိ​စကားတော်​ကို မှောင်မိုက်​အရပ်၌ ထွန်းလင်း​သော ဆီ​မီး​ကဲ့သို့​မှတ်၍ သင်တို့သည် အမှီပြု​သင့်​ကြ​၏။”—၂ ပေတရု ၁:၁၉

၁။ ယနေ့ လောကတွင် အဘယ်​ခြားနား​ချက်​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသနည်း။

မျက်မှောက်​လောက​၏ အဓိက​ပြဿနာ​မှာ ကျပ်တည်း​ပြီး​ရင်း ကျပ်တည်း​ခြင်း​ဖြစ်သည်။ ဝန်းကျင်​ကပ်ဘေး​များ​မှ​သည် ကမ္ဘာချီ​အကြမ်းဖက်မှု​အထိ ဖြစ်ပျက်​နေသော လူ့​ပြဿနာ​များသည် ထိန်း​မ​နိုင်​သိမ်း​မရ​ပုံ​ပေါက်​နေ​၏။ ကမ္ဘာ့​ဘာသာ​တရား​များ​ပင် မကူညီ​ပေး​နိုင်​ကြ​ချေ။ အမှန်​မှာ၊ လူ​တို့ကို စိတ်ဝမ်းကွဲ​စေသည့် တစ်ယူသန်​မှု၊ မုန်းတီးမှု​နှင့် မျိုးချစ်စိတ်​တို့ကို မီးထိုးယပ်ခပ်​ပေး​မှု​ကြောင့် အခြေအနေ​များ​ကို ပို​၍​ဆိုးရွား​စေ​တတ်၏။ မှန်ပါသည်၊ ကြို​ဟောထား​သည့်​အတိုင်း “ထူထပ်​သော​မှောင်မိုက်​သည် လူများ​ကို” လွှမ်းခြုံ​ထား​၏။ (ဟေရှာယ ၆၀:၂) သို့သော် တစ်ချိန်တည်း​တွင် သန်းနှင့်ချီ​သော​လူတို့သည် ယုံကြည်​စိတ်ချမှု​ဖြင့် နောင်​အနာဂတ်​ကို စောင့်မျှော်​လျက်​ရှိကြသည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ သူတို့သည် “မှောင်မိုက်​အရပ်၌ ထွန်းလင်း​သော​ဆီ​မီး​ကဲ့သို့” ဘုရားသခင်​၏​ပရောဖက်ပြုချက်​စကား​ကို အာရုံစိုက်​ထား​ကြသော​ကြောင့်​ဖြစ်သည်။ ယခု သူတို့သည် သမ္မာကျမ်းစာ​တွင် တွေ့ရ​သည့် ဘုရားသခင်​၏ “စကားတော်” သို့​မဟုတ် သတင်းတရား​၏​လမ်းညွှန်မှု​အတိုင်း သူတို့​လျှောက်လှမ်း​နေကြ​သည်။—၂ ပေတရု ၁:၁၉

၂။ “အမှု​ကုန်​ရသည်​ကာလ” နှင့်​စပ်​လျ​ဉ်း​သည့် ဒံယေလ​ပရောဖက်ပြုချက်​အရ ဝိညာဉ်​ရေးထိုး​ထွင်း​သိမြင်မှု​ကို အဘယ်သူ​များ​သာ ရရှိ​သနည်း။

“အမှု​ကုန်​ရသည်​ကာလ” နှင့်​စပ်လျဉ်း၍ ပရောဖက်​ဒံယေလ​က ဤသို့​ရေးသားခဲ့​သည်– “အများ​သော​သူတို့သည် ထို​စာ​ကို ကြည့်ရှု​သော​အားဖြင့် ပညာ​တိုးပွား​လိမ့်​မည်​ဟု ပြောဆို​၏။ လူအများ​တို့သည် သန့်ရှင်း​ဖြူစင်ခြင်း​သို့​ရောက်​၍ စုံစမ်းခြင်း​ကို​ခံရ​ကြလိမ့်မည်။ မတရားသော​သူတို့သည် မတရား​သဖြင့်​ပြု​၍ တစ်ယောက်မျှ နားမလည်​ရ။ ပညာရှိ​သော​သူတို့မူကား နားလည်​ကြလိမ့်မည်။” (ဒံယေလ ၁၂:၄၊ ၁၀) ဝိညာဉ်​ရေးထိုး​ထွင်း​သိမြင်မှု​သည် ဘုရားသခင့်​စကားတော်​ကို စိတ်ရင်းမှန်​နှင့် “ကြည့်ရှု” သို့​မဟုတ် လုံ့လ​စိုက်ထုတ်​၍ လေ့လာ​ပြီး ကိုယ်တော်​၏​စံနှုန်း​များ​ကို လိုက်နာ​ကာ ကိုယ်တော်​၏​အလိုတော်ကို ကြိုးစား​လုပ်ဆောင်​သူများ​အတွက်သာ​ဖြစ်သည်။—မဿဲ ၁၃:၁၁-၁၅; ၁ ယောဟန် ၅:၂၀

၃။ ၁၈၇၀ ပြည့်လွန်​နှစ်များ​အတွင်း အစောပိုင်း​ကျမ်းစာ​ကျောင်းသား​များသည် အဘယ်​အရေးကြီး​အမှန်တရားကို ပိုင်းခြား​သိမြင်ခဲ့​ကြ​သနည်း။

‘နောက်ဆုံးသော​ကာလ’ မတိုင်မီ ၁၈၇၀ ပြည့်လွန်​နှစ်များ​အစောပိုင်းကတည်းက ယေဟောဝါ​သည် “ကောင်းကင်​နိုင်ငံတော်​၏ နက်နဲ​သော​အရာ​တို့ကို” ပို​၍​အလင်းထွန်းလင်း​ပေး​ခဲ့​လေ​သည်။ (၂ တိမောသေ ၃:၁-၅; မဿဲ ၁၃:၁၁) ထို​အချိန်တွင် ကျမ်းစာ​ကျောင်းသား​အုပ်စု​တစ်စု​သည် အများ​၏​ယူဆချက်​နှင့်​ခြားနား​စွာ မျက်မြင်မရ​နည်းဖြင့် ခရစ်တော် ပြန်​ကြွလာ​မည်​ဟု ပိုင်းခြား​သိမြင်ခဲ့​ကြသည်။ ယေရှုသည် ကောင်းကင်​တွင် နန်းတင်​ခံရ​ပြီး​နောက် ဘုရင်​အနေ​နှင့် ကမ္ဘာ​ကို အာရုံစိုက်​ခြင်း​သဘော​မျိုး​ဖြင့် ပြန်​ကြွလာ​မည်။ မျက်မြင်ရ စုပေါင်း​နိမိတ်​က ကိုယ်တော်​၏​မျက်မြင်မရ စတင်​ရောက်ရှိ​နေခြင်း​ကို ကိုယ်တော်​၏​တပည့်​များ​အား အသိပေး​နှိုးဆော်​လိမ့်​မည်။—မဿဲ ၂၄: ၃-၁၄

ကြိုတင်​မြင်ကွင်း​တစ်ခု အမှန်တကယ်​ဖြစ်ပျက်​လာ​သည့်​အခါ

၄။ ယေဟောဝါ​သည် မျက်မှောက်ခေတ်​ကျေးကျွန်​များ​၏​ယုံကြည်ခြင်းကို မည်သို့​ခိုင်ခံ့​စေ​ခဲ့​သနည်း။

ကိုယ်ယောင်​ပြောင်း​ခြင်း​မြင်ကွင်း​သည် ဘုရားသခင့်​နိုင်ငံတော်​ဘုန်းစံ ခရစ်တော်​၏​ထွန်းတောက်​သော ကြိုတင်​မြင်ကွင်း​တစ်ခု​ဖြစ်သည်။ (မဿဲ ၁၇:၁-၉) လူအများသည် ကျမ်းစာ​နှင့်​မညီသော မိမိတို့၏​တောင်းဆိုချက်​များ​ကို ယေရှု​မပြု​လုပ်ခဲ့​သောကြောင့် ကိုယ်တော်​ထံ​မှ ခွဲထွက်​သွား​ချိန်​တွင် ထို​မြင်ကွင်းက ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့​၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​ခဲ့​သည်။ ထို​နည်းတူ​စွာ ဤ​ဆုံးခန်း​ကာလ​တွင် ယေဟောဝါ​သည် ထို​အံ့ဖွယ်​မြင်ကွင်း၊ ပရောဖက်ပြုချက်​များနှင့်​ဆက်နွှယ်​သည့်​အရာများ​စွာ ပြည့်စုံခြင်း​အပေါ် ပိုမို​အလင်းထွန်းလင်း​ပေးခြင်း​ဖြင့် မျက်မှောက်ခေတ်​ကျေးကျွန်​များ​၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေ​ခဲ့​သည်။ ယုံကြည်ခြင်းကို ခိုင်ခံ့​စေသည့် အဆိုပါ​ဝိညာဉ်​ရေး​အဖြစ်မှန်​များ​မှ အချို့​ကို ယခု သုံးသပ်ကြည့်​ကြ​စို့။

၅။ အဘယ်သူ​သည် ကြယ်နီ​ဖြစ်​ကြောင်း သက်သေထူ​ခဲ့​သနည်း၊ ကိုယ်တော်​သည် အဘယ်​အချိန်​နှင့် အဘယ်​သို့ “ပေါ်ထွက်” လာ​ခဲ့​သနည်း။

ကိုယ်ယောင်​ပြောင်း​ခြင်း​ကို ရည်ညွှန်း​၍ တမန်​တော်​ပေတရု​သည် ဤသို့​ရေးသားခဲ့​သည်– “ထို​မှတစ်ပါး၊ သာ၍​မြဲမြံ​သော အနာဂတ္တိ​စကားတော်​သည် ငါ​တို့​၌​ရှိသေး၏။ စိတ်နှလုံး​ထဲ​၌ အရုဏ်​တက်​၍ ကြယ်နီ​ပေါ်ထွက်​သည်​ကာလ​တိုင်အောင် ထို​အနာဂတ္တိ​စကားတော်​ကို မှောင်မိုက်​အရပ်၌ ထွန်းလင်း​သော ဆီ​မီး​ကဲ့သို့​မှတ်၍ သင်တို့သည် အမှီပြု​သင့်​ကြ​၏။” (၂ ပေတရု ၁:၁၉) ထို​ဥပစာ​ကြယ်နီ သို့​မဟုတ် “မိုး​သောက်​ကြယ်” သည် ဘုန်းထင်ရှား​သော ယေရှု​ခရစ်​ပင်​ဖြစ်သည်။ (ဗျာ. ၂၂:၁၆) ကောင်းကင်​တွင် ဘုရားသခင့်​နိုင်ငံတော် တည်ထောင်​ချိန် ၁၉၁၄ ခုနှစ်​၌ ကိုယ်တော် “ပေါ်ထွက်” လာပြီး ခေတ်​သစ်​တစ်ခု​ကို အစပြု​ခဲ့​သည်။ (ဗျာ. ၁၁:၁၅) ကိုယ်ယောင်​ပြောင်း​ခြင်း မြင်ကွင်း​တွင် မောရှေ​နှင့် ဧလိယ​တို့သည် ယေရှု၏​ဘေး​တွင်​ပေါ်လာ​ပြီး ကိုယ်တော်​နှင့်​စကားပြော​ဆို​နေကြ၏။ သူတို့သည် အဘယ်သူ​တို့၏ ရှေ့ပြေး​အရိပ်​ဖြစ်​ကြ​သနည်း။

၆၊ ၇။ ကိုယ်ယောင်​ပြောင်း​ခြင်း​တွင် မောရှေ​နှင့် ဧလိယ​တို့သည် အဘယ်သူ​တို့ကို ကိုယ်စား​ပြု​သနည်း၊ ကိုယ်စား​ပြုသူ​များ​အကြောင်း အဘယ်​အရေးကြီး အသေးစိတ်​အချက်အလက်​များ​ကို သမ္မာကျမ်းစာ​က ဖော်ပြ​သနည်း။

မောရှေ​နှင့် ဧလိယ​တို့သည် ခရစ်တော်​၏​ဘုန်းတော်​ကို ဝေမျှ​ခံစား​ခဲ့​ရသော​ကြောင့် ဤ​တည်ကြည်သော​သက်သေ​နှစ်ဦး​တို့သည် ဘုရားသခင့်​နိုင်ငံတော်​တွင် ယေရှု​နှင့်​တွဲဖက်​အုပ်ချုပ်​ကြ​မည့်​သူများကို ကိုယ်စား​ပြု​ကြ​မည်။ ယေရှု​နှင့်​တွဲဖက်​အုပ်ချုပ်​မည့်​သူများ ရှိကြ​မည်​ဟူသော သိနားလည်မှု​သည် ပရောဖက်​ဒံယေလ​ရရှိခဲ့​သည့် နန်းထိုင်​မေရှိယ​နှင့်​ပတ်သက်သော စိတ်အာရုံ​ကြိုတင်​မြင်ကွင်း​နှင့် ကိုက်ညီ​သည်။ “အသက်ကြီး​သော​သူ” ယေဟောဝါ​ဘုရားသခင်​ထံ​မှ ‘ကမ္ဘာ​အဆက်ဆက်​တည်​သော အာဏာစက်​တော်’ ရရှိ​သည့် “လူသား​နှင့်​တူသော​သူ​တစ်ဦး” ကို ဒံယေလ တွေ့မြင်​ခဲ့​၏။ သို့သော် ထိုသို့​တွေ့မြင်​ပြီး​နောက် မကြာမီ ဒံယေလ​အား ဖော်ပြ​ရာ​ကို သတိပြုပါ။ သူသည် ဤသို့​ရေးသား​သည်– ‘ကောင်းကင်​အောက်​၌ နိုင်ငံ​နှင့်​တကွ အာဏာစက်​ဘုန်း​တန်ခိုး​ရှိသမျှကို အမြင့်ဆုံး​သော​ဘုရားသခင်​၏ သန့်ရှင်းသော​အမျိုးသား​တို့သည် ရ​ကြလိမ့်မည်။’ (ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇) “သန့်ရှင်းသော​အမျိုးသား” အချို့​သည် ခရစ်တော်​၏ ကြီးကျယ်​ခမ်းနား​သော တော်ဝင်​အရိုက်အရာ​တွင် ပါဝင်​စံစား​ကြ​မည်​ဖြစ်​ကြောင်း ကိုယ်ယောင်​ပြောင်း​ခြင်း​မတိုင်မီ အနှစ်​ငါး​ရာ​ကျော်​ကတည်းက ဘုရားသခင် ဖော်ပြ​တော်​မူ​ခဲ့​သည်။

ဒံယေလ​၏​စိတ်အာရုံ​မှ သန့်ရှင်းသူ​များ​ကား အဘယ်သူ​များ​နည်း။ တစ်ဦးချင်း​ကို ရည်ညွှန်း​၍ တမန်​တော်​ပေါလု​က ဤသို့​ဆို​သည်– “ငါ​တို့သည် ဘုရားသခင်​၏​သား​ဖြစ်​ကြသည်​ဟု ဝိညာဉ်တော်သည် ငါ​တို့၏​ဝိညာဉ်​နှင့်အတူ သက်သေခံ​တော်​မူ​၏။ သား​မှန်​လျှင်​အမွေခံ၊ ဘုရားသခင်​၏​အမွေခံ​ဖြစ်​ကြ​၏။ ခရစ်တော်​နှင့်အတူ ဘုန်းဝင်စား​မည်​အကြောင်း၊ ထို​သခင်​နှင့်အတူ ဆင်းရဲ . . . ကို​ခံရ​လျှင် ထို​သခင်​နှင့်​ဆက်ဆံ​သော အမွေခံ​လည်း​ဖြစ်​ကြ​၏။” (ရောမ ၈:၁၆၊ ၁၇) ထို​သန့်ရှင်းသူ​များ​မှာ ယေရှု၏​ဝိညာဉ်​တော်​ဖွား​တပည့်​များ​မှတစ်ပါး အခြားသူ​မဖြစ်​နိုင်​ပေ။ ဗျာ. ကျမ်း​တွင် ယေရှု​ဤသို့​မိန့်ဆို​၏– “ငါသည် အောင်မြင်​၍ ငါ့​ခမည်းတော်​၏​ပလ္လင်တော်​ပေါ်မှာ ခမည်းတော်​နှင့်အတူ​ထိုင်​နေ​သကဲ့သို့၊ အောင်မြင်​သော​သူသည် ငါ​၏​ပလ္လင်​ပေါ်မှာ ငါ​နှင့်အတူ​ထိုင်​နေရ​သော​အခွင့်​ကို ငါ​ပေး​မည်။” အရေအတွက်​အားဖြင့် ၁၄၄,၀၀၀ ရှိသော ရှင်ပြန်ထမြောက်​လာ​ကြ​သည့် ဤ “အောင်မြင်​သော​သူတို့” သည် ယေရှု​နှင့်အတူ တစ်ကမ္ဘာ​လုံး​ကို အုပ်ချုပ်​ကြလိမ့်မည်။—ဗျာ. ၃:၂၁; ၅:၉၊ ၁၀; ၁၄:၁၊ ၃၊ ၄; ၁ ကောရိန္သု ၁၅:၅၃

၈။ ယေရှု၏​ဝိညာဉ်​တော်​ဖွား​တပည့်​များသည် မောရှေ​နှင့် ဧလိယ​တို့​နည်းတူ မည်သို့​လုပ်ဆောင်ခဲ့​ကြ​သနည်း၊ အဘယ်​အကျိုး​ရလဒ်များ ဖြစ်ထွန်း​ခဲ့​သနည်း။

သို့သော် မောရှေ​နှင့် ဧလိယ​တို့သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ကို အဘယ်ကြောင့်​ကိုယ်စား​ပြု​သနည်း။ အကြောင်း​မှာ ဤ​ခရစ်ယာန်​များသည် သွေးသား​ခန္ဓာ​ရှိ​စဉ်​က မောရှေ​နှင့် ဧလိယ​တို့ လုပ်ဆောင်ခဲ့​သည့် လုပ်ငန်း​ကို​ပင် လုပ်ဆောင်ခဲ့​ကြသည်။ ဥပမာ၊ သူတို့သည် ယေဟောဝါသက်သေ​များ​အနေ​နှင့် ညှဉ်းပန်း​နှိပ်စက်မှု​အောက်မှာ​ပင် အမှုဆောင်ခဲ့​ကြသည်။ (ဟေရှာယ ၄၃:၁၀; တမန်​တော် ၈:၁-၈; ဗျာ. ၁၁:၂-၁၂) မောရှေ​နှင့် ဧလိယ​တို့​နည်းတူ သူတို့သည် ဘုရားသခင်​အား အကြွင်းမဲ့​ဆည်းကပ်​ဝတ်ပြု​ကိုးကွယ်​ရန် စိတ်ရင်းမှန်​သူများ​အား တိုက်တွန်း​လျက် မှား​သော​ဘာသာ​ကို သတ္တိရှိရှိ ဖော်ထုတ်ပြ​ကြသည်။ (ထွက်မြောက်ရာ ၃၂:၁၉၊ ၂၀; တရားဟောရာ ၄:၂၂-၂၄; ၃ ဓမ္မ​ရာဇဝင် ၁၈:၁၈-၄၀) သူတို့​လုပ်ငန်း​သည် အကျိုး​ဖြစ်ထွန်း​ခဲ့​သလော။ ဖြစ်ထွန်း​ခဲ့​ပါ​သည်! သူတို့သည် ဝိညာဉ်​တော်​ဖွား​များ​၏​အရေအတွက် ပြည့်စုံ​ရန် စုသိမ်း​ပေး​သည့်​အပြင် သန်းနှင့်ချီ “အခြားသိုး” တို့ကို ယေရှု​ခရစ်​အား တလိုတလား​လက်အောက်ခံ​ရန် ကူညီပေး​ခဲ့​ကြသည်။—ယောဟန် ၁၀:၁၆; ဗျာ. ၇:၄

ခရစ်တော် အပြီးသတ်​အောင်ပွဲခံ

၉။ ဗျာ. ၆:၂ က ယနေ့ ယေရှု၏​အဖြစ်တော်​ကို မည်သို့​ရုပ်လုံးဖော်​ပြ​ထား​သနည်း။

ယေရှုသည် မြည်း​ကလေး​ကို​စီး​လာသော လူသား​မျှ​မဟုတ်​တော့​ဘဲ ယခု တန်ခိုး​ကြီး​ဘုရင်​တစ်ပါး​ဖြစ်နေ​ပြီ။ ကျမ်းစာ​အရ စစ်ပွဲ​ဝင်​အထိမ်းအမှတ်​ဖြစ်သော မြင်း​စီး​နေ​သူ​အဖြစ် ကိုယ်တော့်​ကို ပုံဖော်​ထား​၏။ (သု. ၂၁:၃၁) ဗျာ. ၆:၂ က​ဤသို့​ဆို​သည်– “ငါ​ကြည့်​လျှင် မြင်းဖြူ​တစ်စီး​ရှိ၏။ မြင်း​စီး​သော​သူသည် လေး​ကို​ကိုင်​၏။ သူ၌​သရဖူ​ကို​ပေး​တော်​မူ​၏။ အောင်မြင်​လျက်​လည်းကောင်း၊ အောင်မြင်ခြင်း​ငှာ​လည်းကောင်း ထွက်သွား​၏။” ထို့​ပြင် ယေရှု​နှင့်​စပ်လျဉ်းပြီး ဆာလံဆရာ​ဒါဝိဒ်က ဤသို့​ရေးသားခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​သည် အရှင်​၏​အာဏာတော်​လှံတံ​ကို ဇိအုန်​မြို့မှ လွှတ်တော်​မူ​မည်။ ကိုယ်တော်​သည် ရန်သူ​တို့၏​အလယ်​၌ အုပ်စိုး​တော်​မူ​လိမ့်​မည်။’—ဆာလံ ၁၁၀:၂

၁၀။ (က) ယေရှု၏​အောင်ပွဲခံ မြင်း​စီး​ခြင်း​သည် ဘုန်း​အသရေ​ရှိ​ရှိ မည်သို့​စတင်​ခဲ့​သနည်း။ (ခ) ခရစ်တော်​၏​ပထမဦးဆုံး အောင်ပွဲ​သည် လောကသား​များ​အပေါ် မည်သို့​သက်ရောက်မှု​ရှိခဲ့​သနည်း။

၁၀ ယေရှုသည် တန်ခိုး​အကြီးဆုံး​ရန်သူများ​ဖြစ်​ကြသော စာတန်​နှင့်​နတ်ဆိုး​များ​အပေါ် ဦးဆုံး အောင်ပွဲခံ​ခဲ့​သည်။ သူတို့ကို ကောင်းကင်​မှ နှင်ချ​ပြီး ကမ္ဘာ​ပေါ်​သို့ ပစ်ချ​လိုက်​သည်။ မိမိတို့၏​အချိန် တစ်ခဏ​သာ​ရှိသည်​ကို သိ​ကြသော အဆိုပါ​ဆိုးညစ်သော​ဝိညာဉ်​သားများ​သည် လူသားများ​အပေါ် ပြင်းစွာ ဒေါသ​အမျက်ထွက်​ကာ အမင်္ဂလာ​ကြီး​ကျရောက်​စေ​ခဲ့​သည်။ ဗျာ. ကျမ်း​တွင် ဤ​အမင်္ဂလာ​ကို နောက်​မြင်းစီးသူရဲ​သုံးဦး ထွက်​လာ​ခြင်း​နှင့် ပုံ​ဖော်ပြ​သည်။ (ဗျာ. ၆:၃-၈; ၁၂:၇-၁၂) ‘ကိုယ်တော်​သည်​ကြွ​လာ၍ ဤ​ကပ်ကမ္ဘာ​ကုန်​သော​ပု​ပ္ပ​နိမိတ်’ နှင့်​ပတ်သက်​သည့် ယေရှု၏​ပရောဖက်ပြုချက်​တွင် ကြို​ဟောထား​သည့်​အတိုင်း သူတို့၏​စီးနင်း​မှု​နောက်​မှ စစ်မှု၊ အစာ​ခေါင်းပါး​မှု​နှင့် သေစေ​သည့် ကပ်ရောဂါ​ကျရောက်​မှု​တို့ ထက်​ကြပ်​မ​ကွာ​လိုက်ပါ​လာ​၏။ (မဿဲ ၂၄:၃၊ ၇; လုကာ ၂၁:၇-၁၁) စာတန်​၏​မျက်မြင်ရ​အဖွဲ့အစည်း​ကို အစ​အ​န​မကျန် ဖျက်ဆီးခြင်း​ဖြင့် ခရစ်တော်​၏ ‘အပြီးသတ်​အောင်ပွဲ’ မတိုင်မီ​အထိ ပကတိ​သားဖွားခြင်း​ဝေဒနာ​ကဲ့သို့​ပင် အဆိုပါ “ဆင်းရဲခြင်း” ဝေဒနာ​များသည် ပြင်းထန်​နေ​ဦး​မည်​မှာ သေချာ​သည်။ *မဿဲ ၂၄:၈

၁၁။ ခရစ်ယာန်​အသင်းတော်​သမိုင်း​သည် ခရစ်တော်​၏​ဘုရင့်​အာဏာတော်​ကို မည်သို့​ဖော်ပြ​သနည်း။

၁၁ ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား ကမ္ဘာချီ​ဟောပြောခြင်း​တာဝန် ပြီးမြောက်​စေနိုင်​ရန် ခရစ်ယာန်​အသင်းတော်ကို ကာကွယ်​စောင့်ရှောက်ခြင်း​ဖြင့်​လည်း ခရစ်တော်​၏​ဘုရင့်​အာဏာတော် ထင်ရှားပြ​သည်။ မှားယွင်းသော ကမ္ဘာ့​ဘာသာရေး​အင်ပါယာ​ဖြစ်သည့် မဟာ​ဗာဗုလုန်​နှင့် ရန်လိုသော​သားရဲ​၏ ရက်စက်​ကြမ်းတမ်းသော ဆန့်ကျင်မှု​ကြား​မှ ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်လုပ်​ဆောင်​နေ​ရုံ​မ​က ကမ္ဘာ့​သမိုင်း​တွင် တစ်ခါမျှ​မကြုံစဖူး​သည့်​အတိုင်းအတာ​နှင့် အောင်မြင်မှု​ရရှိခဲ့သည်။ (ဗျာ. ၁၇:၅၊ ၆) ခရစ်တော်​ဘုရင်​ဖြစ်​ခြင်း​၏ အင်အားကြီး​သော သက်သေ​အထောက်အထား​ပင်!—ဆာလံ ၁၁၀:၃

၁၂။ လူအများစု​သည် ခရစ်တော်​၏​မျက်မြင်မရ​ရောက်ရှိ​နေခြင်း​ကို အဘယ်ကြောင့် ပိုင်းခြား​သိမြင်မှု​မရှိကြ​သနည်း။

၁၂ သို့သော် ဝမ်းနည်းစရာမှာ သန်းနှင့်ချီ​သော​အမည်ခံ​ခရစ်ယာန်​များ​အပါအဝင် လူအများစု​သည် ကမ္ဘာ​ပေါ်​တွင် ဖြစ်ပျက်​နေသော အရေးပါသည့်​ဖြစ်ရပ်​များ​၏​နောက်ဝယ်​ရှိ မျက်မြင်မရ​အဖြစ်မှန်​များ​ကို ပိုင်းခြား​သိမြင်​နိုင်​ခြင်း​မရှိကြ​ချေ။ သူတို့သည် ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများကို​ပင် ကဲ့ရဲ့​ပြောင်လှောင်​ကြသည်။ (၂ ပေတရု ၃:၃၊ ၄) အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ စာတန်​သည် သူတို့၏​ဉာဏ်​မျက်စိ​ကို ဖုံးကွယ်​ထား​၍​တည်း။ (၂ ကောရိန္သု ၄:၃၊ ၄) လွန်ခဲ့သော​ရာစုနှစ်များစွာ​ကတည်းက​ပင် သူသည် အမည်ခံ​ခရစ်ယာန်​များ​အား ဝိညာဉ်​ရေး​မှောင်မိုက်​ဖြင့် စတင်​ဖုံးကွယ်​ထားပြီး အဖိုး​မ​ဖြတ်​နိုင်သော ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်ကို​ပင် စွန့်​စေ​ခဲ့​သည်။

ဘုရားသခင့်​နိုင်ငံတော်​မျှော်လင့်ချက်ကို စွန့်ခဲ့​ကြ

၁၃။ ဝိညာဉ်​ရေး​မှောင်မိုက် ဖုံးလွှမ်း​နေခြင်း​ကြောင့် အဘယ်အရာ ဖြစ်ပေါ်​ခဲ့​သနည်း။

၁၃ ဂျုံ​စပါးပင်​များ​ကြား ကြဲ​ခဲ့​သော တော​မျိုးစေ့​များ​ပ​မာ အယူဖောက်ပြန်သူ​များသည် ခရစ်ယာန်​အသင်းတော်​တွင်း​သို့ စိမ့်ဝင်​လာ​ကာ များစွာသော​သူတို့ကို လမ်းလွဲ​စေ​ကြ​မည်​ဟု ယေရှု ကြို​ဟောခဲ့​သည်။ (မဿဲ ၁၃:၂၄-၃၀၊ ၃၆-၄၃; တမန်​တော် ၂၀:၂၉-၃၁; ယုဒ ၄) အတန်​ကြာသော် အဆိုပါ​အမည်ခံ​ခရစ်ယာန်​များသည် အယူမှား​ပွဲတော်​များ၊ ဓလေ့​ထုံးစံ​များနှင့် သွန်သင်ချက်​များ​ကို ခံယူ​ကာ “ခရစ်ယာန်​မှု​ပြု” ခဲ့​ကြသည်။ ဥပမာ၊ ခရစ္စမတ်​ပွဲ​သည် အယူမှား​နတ်​ဘုရား မိ​သ​ရာ​နှင့် စက်​တန်​တို့ကို ဝတ်ပြု​ကိုးကွယ်​ခြင်း​ပါဝင်​သည့် ဘာသာရေး​ဓလေ့​ထုံးစံ​များ​မှ အစပြု​ခဲ့​သည်။ သို့သော် အမည်ခံ​ခရစ်ယာန်​များသည် အဘယ်​တွန်းအား​ကြောင့် ခရစ်ယာန်​နှင့်​မဆိုင်သော ဤ​ပွဲ​များ​ကို လက်ခံ​လာ​ကြ​ခြင်း​ဖြစ်သနည်း။ ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း​သစ် (၁၉၇၄) က​ဤသို့​ဆို​၏– “ခရစ်တော် ပြန်​ကြွရောက်​လာ​မည့် မျှော်လင့်ချက် မှေးမှိန်​သွားခြင်း​နှင့်​ဆက်နွှယ်​၍ ယေရှု​ခရစ် မွေးဖွား​ရာ ခရစ္စမတ်​ပွဲတော်​ကို ကျင်းပ​ခဲ့​ကြ​ခြင်း​ဖြစ်သည်။”

၁၄။ ဩ​ရီ​ဂျင်​နှင့် ဩ​ဂတ်​စ္စ​တင်း​တို့၏​သွန်သင်ချက်​များသည် ဘုရားသခင့်​နိုင်ငံတော် အမှန်တရားကို မည်သို့​တလွဲ​ဖော်ပြ​ခဲ့​ကြ​သနည်း။

၁၄ ဘုရားသခင့် “နိုင်ငံတော်” ဟူသော စကားလုံး​၏​အဓိပ္ပာယ် သွေဖည်​သွား​သည်ကို​လည်း သုံးသပ်ကြည့်​ပါ။ ဘုရားသခင့်​နိုင်ငံတော်​နှင့်​ပတ်သက်​၍ ၂၀ ရာစု​အနက်ဖွင့်ဆို​ချက် စာအုပ်​က ဤသို့​ဆို​သည်– “ဩ​ရီ​ဂျင် [တတိယ​ရာစု​ဓမ္မ​ပညာရှင်] သည် ဘုရားသခင့် ‘နိုင်ငံတော်’ ဟူသော ခရစ်ယာန်​အသုံးအနှုန်း​ကို စိတ်နှလုံး​ထဲ​ရှိ ဘုရားသခင့်​အုပ်ချုပ်မှု​ဟူ၍ အဓိပ္ပာယ်​ပြောင်း​ပေး​လိုက်​သည်။” ဩ​ရီ​ဂျင်​၏​သွန်သင်ချက်​သည် အဘယ်အရာ​အပေါ် အခြေပြု​ခဲ့​သနည်း။ သမ္မာကျမ်းစာ​မဟုတ်ဘဲ “ယေရှု​နှင့် အစောပိုင်း​ချာ့ခ်ျ​၏ ယူဆချက်​နှင့် လုံးဝ​မတူ​သည့် အတွေးအခေါ်​ပညာ​နှင့် လောက​အမြင်​တို့​အပေါ် အခြေပြု​ထား​သည်။” ဟစ်​ပို​မြို့မှ ဩ​ဂတ်​စ္စ​တင်း (စီ.အီး. ၃၅၄-၄၃၀) သည် သူ၏ ဒေ ကီးဗစ်​တာ​တဲ့​ဒဲ့ အီး (ဘုရားသခင့်​မြို့တော်) စာအုပ်​တွင် ချာ့ခ်ျ​သည်​ပင် ဘုရားသခင့်​နိုင်ငံတော်​ဖြစ်၏​ဟု ဆို​ထား​သည်။ ကျမ်းစာ​နှင့်​မညီသော ဤသို့​သော​ယူဆချက်​သည် ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များ​၏ ဓမ္မ​ပညာရေး​ဆိုင်ရာ​နယ်ပယ်​တွင် နိုင်ငံရေး​အာဏာကို ခံယူ​စေ​ခဲ့​သည်။ သူတို့သည် ရာစုနှစ်များစွာ​အထိ ထို​အာဏာကို ကျင့်သုံး​ခဲ့​ကြ​ပြီး တစ်ခါတစ်ရံ ရက်ရက်စက်စက် အနိုင်ကျင့်​တတ်ကြ​သည်။ —ဗျာ. ၁၇:၅၊ ၁၈

၁၅။ ဂလာတိ ၆:၇ သည် ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များနှင့်​ပတ်သက်ပြီး မည်သို့​ပြည့်စုံ​ခဲ့ပြီ​နည်း။

၁၅ သို့သော် ယနေ့ ချာ့ခ်ျ​များသည် သူတို့ မျိုးစေ့ကြဲ​ခဲ့​သည့်​အတိုင်း ရိတ်သိမ်း​နေရ​ပြီ။ (ဂလာတိ ၆:၇) လူအများသည် သူတို့၏​အာဏာ​သာမက အသင်းသားများ​ကို​ပါ ဆုံးရှုံး​မည့်​ပုံ​ရသည်။ ဤသို့​သော​အဖြစ်မျိုး​သည် ဥရောပ​တွင် သိသာ​ထင်ရှား​လှ​၏။ ယနေ့ ခရစ်ယာန်​ဘာသာ​တရား ဂျာနယ်​၏​အဆို​အရ “ယခု​အခါ ဥရောပ​ဝတ်ကျောင်း​ကြီး​များ​မှာ ဝတ်ပြုရာ​အိမ်တော်​မဟုတ်​တော့​ဘဲ ပြတိုက်​များ​ဖြစ်သွား​ပြီး ကမ္ဘာ​လှည့်​ဧည့်သည်​များ​မှ​အ​ပ လာရောက်သူ​မရှိတော့​ချေ။” ကမ္ဘာ့​အခြား​ဒေသ​များ​တွင်​လည်း ထို​နည်း​အတိုင်း တွေ့မြင်​နိုင်​သည်။ ယင်းက အယူမှား​ဘာသာ​တရား​နှင့်​ပတ်သက်ပြီး အဘယ်အရာ​ဖော်ပြ​သနည်း။ ယင်းသည် ထောက်ပံ့မှု​မရှိသော​ကြောင့် ကွယ်ပျောက်​တော့​မည်​လော။ ထို့​ပြင် စစ်မှန်သော​ဝတ်ပြုရေး​အပေါ် မည်သို့​အကျိုး​သက်ရောက်​မည်​နည်း။

ဘုရားသခင်​၏​နေ့ကြီး​အတွက် ပြင်ဆင်​လော့

၁၆။ မဟာ​ဗာဗုလုန်​အပေါ် တိုးများ​လာသော ရန်လို​မုန်းတီးမှု​သည် အဘယ်ကြောင့် အဓိပ္ပာယ်​ရှိ​သနည်း။

၁၆ ယခင် မီးတောင်​မြုံ​မှ အခိုးအငွေ့​နှင့်​ပြာ​ထွက်​လာ​ခြင်း​သည် မကြာမီ ပေါက်ကွဲ​တော့​မည့် လက္ခဏာ​ဖြစ်​သကဲ့သို့ ကမ္ဘာ့​ဒေသ​များစွာ​တွင် ဘာသာ​တရား​အပေါ် ဆန့်ကျင်မှု​များ တိုးများ​လာ​ခြင်း​သည် အယူမှား​ဘာသာ​တရား အဆုံးတိုင်​ချိန် နီးပြီ​ဟူသော အမှတ်အသား​ဖြစ်၏။ မကြာမီ ကမ္ဘာ့​နိုင်ငံရေး​အင်အားစု​များ ပေါင်းစည်း​ပြီး ဝိညာဉ်​ရေး​ပြည့်တန်ဆာ မဟာ​ဗာဗုလုန်​ကို ဖော်ထုတ်၊ ဖျက်ဆီး​စေရန် ယေဟောဝါ စေ့ဆော်​ပေး​တော်​မူ​မည်။ (ဗျာ. ၁၇:၁၅-၁၇; ၁၈:၂၁) ခရစ်ယာန်စစ်​များသည် ထို​အဖြစ်အပျက်​နှင့် လိုက်ပါ​လာတော့​မည့် ‘ကြီးစွာ​သော​ဆင်းရဲခြင်း’ ၏​တခြား​အသွင်အပြင်​များ​ကို ကြောက်​သင့်​သလော။ (မဿဲ ၂၄:၂၁) လုံးဝ​မကြောက်​သင့်​ချေ! ဘုရားသခင်​သည် ဆိုးညစ်သူ​များ​ကို အရေးယူ​ဆောင်ရွက်​သည့်​အခါ သူတို့သည် အမှန်ပင် ပျော်ရွှင်စရာ​များ ရှိကြ​လိမ့်​မည်။ (ဗျာ. ၁၈:၂၀; ၁၉:၁၊ ၂) ပထမ​ရာစု​ရှိ ယေရုရှလင်​မြို့​နှင့် ထို​တွင်​နေထိုင်ကြ​သော ခရစ်ယာန်​များ​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။

၁၇။ ယေဟောဝါ​၏​တည်ကြည်သော​ကျေးကျွန်​များသည် ဤ​အစီအစဉ်​စနစ်​၏​ဆုံးခန်း​ချိန်​ကို အဘယ်ကြောင့် စိတ်ချ​လက်ချ ရင်ဆိုင်​နိုင်​ကြ​သနည်း။

၁၇ စီ.အီး. ၆၆ ခုနှစ်​တွင် ယေရုရှလင်​မြို့ကို ရောမ​တပ်​များ ဝိုင်းရံ​ပိတ်ဆို့​သည့်​အခါ ဝိညာဉ်​ရေး နိုးကြား​နေသော ခရစ်ယာန်​များသည် ထိတ်လန့်​တုန်လှုပ်ခြင်း​မရှိခဲ့​ကြ​ချေ။ သူတို့သည် သမ္မာကျမ်းစာ​ကို ကောင်းစွာ​ဖတ်ရှု​လေ့လာ​ထား​ကြ​ရာ “ထို​မြို့​သည် ပျက်စီးခြင်း​သို့​ရောက်လု​သည်” ကို​သူတို့​သိထားကြသည်။ (လုကာ ၂၁:၂၀) မိမိတို့ ဘေးမ​သီ​ရန်​မ​ခ ထွက်ပြေး​နိုင်​ရန် ဘုရားသခင် လမ်းဖွင့်​ပေး​မည်​ကိုလည်း သိထားကြ​၏။ ထိုသို့​ဖြစ်ပျက်​သည့်​အခါ ခရစ်ယာန်​များ ထွက်ပြေး​ခဲ့​ကြသည်။ (ဒံယေလ ၉:၂၆; မဿဲ ၂၄:၁၅-၁၉; လုကာ ၂၁:၂၁) ထို​နည်းတူ ယနေ့ ဘုရားသခင်​ကို သိကျွမ်း​ပြီး သားတော်​၏​စကား​ကို နားထောင်သူ​များသည် ဤ​အစီအစဉ်​စနစ်​၏​ဆုံးခန်း​ချိန်​ကို စိတ်ချ​လက်ချ ရင်ဆိုင်​နိုင်​ကြ​မည်။ (၂ သက်သာလောနိတ် ၁:၆-၉) အမှန်ဆိုလျှင် ကြီးစွာ​သော​ဆင်းရဲခြင်း ကျရောက်​သောအခါ မိမိတို့ကို “ရွေးနုတ်သော​အချိန်ကာလ ရောက်လု​နီး​သည်ကို​ထောက်​သဖြင့် မျှော်ကြည့်၍ ခေါင်း​ကို​ကြွ” လျက်​ရွှင်လန်း​နေကြ​မည်။—လုကာ ၂၁:၂၈

၁၈။ ယေဟောဝါ​၏​ကျေးကျွန်​များ​အပေါ် မီးကုန်ယမ်းကုန် ဂေါဂ​တိုက်ခိုက်​သည့်​အခါ အဘယ်​ရလဒ် ထွက်ပေါ်​လာ​မည်​နည်း။

၁၈ မဟာ​ဗာဗုလုန် ပျက်စီး​ပြီး​နောက် မာဂေါဂ​ပြည်သား ဂေါဂ​ဖြစ်သူ စာတန်​သည် ငြိမ်းချမ်း​နေသော ယေဟောဝါသက်သေ​များ​ကို မီးကုန်ယမ်းကုန် တိုက်ခိုက်​ပါ​တော့​မည်။ “ပြည်​ကို​မိုးအုံ့​သကဲ့သို့” ချီတက်​လာ​ကြသော ဂေါဂ​၏​အဖွဲ့သား​များသည် အလွယ်တကူ အောင်ပွဲခံ​လိမ့်​မည်​ဟု မျှော်လင့်​ကြ​၏။ သူတို့ တကယ့်​တုန်လှုပ်​စ​ရာ​ကို ရင်ဆိုင်​ရ​ပါ​မည်​တကား! (ယေဇကျေလ ၃၈:၁၄-၁၆၊ ၁၈-၂၃) တမန်​တော်​ယောဟန်​က ဤသို့​ရေးသား​၏– “ကောင်းကင်ဘုံ​ဖွင့်လှစ်​လျက်​ရှိသည်​ကို ငါ​မြင်လျှင် မြင်းဖြူ​ရှိ၏။ မြင်း​စီး​သော​သူသည် သစ္စာ​ဟူသော​အမည်၊ သမ္မာ​ဟူသော​အမည်​ရှိ​သတည်း။ . . . လူမျိုး​တို့ကို ဒဏ်ခတ်​စ​ရာ​ဖို့ ထက်​သော​သန်လျက်​သည် ခံတွင်း​တော်​ထဲ​က​ထွက်​၏။” အောင်ပွဲခံ​လျက်​ရှိသော ဤ “ဘုရင်​တို့၏​ဘုရင်” သည် ယေဟောဝါ​အား တည်ကြည်​စွာ ဝတ်ပြု​ကိုးကွယ်​သူများကို ကယ်မ​ပြီး သူတို့၏​ရန်သူ​ရှိသမျှကို ချေမှုန်း​ပစ်​တော့​မည်။ (ဗျာ. ၁၉:၁၁-၂၁) ကိုယ်ယောင်​ပြောင်း​ခြင်း​မြင်ကွင်း ပြည့်စုံချက်​၏ အထွတ်အထိပ်​ပေ​တည်း!

၁၉။ ခရစ်တော်​၏​အပြီးသတ်​အောင်ပွဲ​သည် တည်ကြည်သော​တပည့်​များ​အပေါ် မည်သို့​အကျိုး​သက်ရောက်​မည်​နည်း၊ သူတို့သည် ယခု​မှ​စ၍ အဘယ်အရာကို ကြိုးစား​လုပ်ဆောင်​သင့်​သနည်း။

၁၉ ယေရှုသည် ‘ယုံကြည်​သော​သူအပေါင်း​တို့အား​ဖြင့် အံ့သြ​ချီးမွမ်း​ခြင်း​ကို ကြွလာ​တော်​မူ​သော​နေ့ရက်​၌ ခံရ’ လိမ့်​မည်။ (၂ သက်သာလောနိတ် ၁:၁၀) အောင်ပွဲခံ​လျက်​ရှိသော ဘုရားသခင်​၏​သားတော်ကို ခန့်ညား​ကြောက်ရွံ့​သူများ​တွင် အသင် ပါဝင်​လို​သလော။ သို့​ဖြစ်​လျှင် သင်၏​ယုံကြည်ခြင်းကို အမြဲ​ခိုင်ခံ့​စေပြီး ‘ပြင်ဆင်​လျက်​နေလော့။ အကြောင်း​မူ​ကား၊ သင်​မထင်မမှတ်​သော​အချိန်နာရီ​၌ လူသား​သည် ကြွလာ​လိမ့်​မည်။’—မဿဲ ၂၄:၄၃၊ ၄၄

သတိရှိ​နေကြ​လော့

၂၀။ (က) ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ မှ​ဘုရားသခင်​၏​ပြင်ဆင်​ပေး​ချက်​ကို ကျေးဇူး​တင်​လေးမြတ်​ကြောင်း မည်သို့​ပြ​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့​ကိုယ်ကို အဘယ်​မေးခွန်းများ မေးသင့်​သနည်း။

၂၀ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ သည် ဘုရားသခင်​၏​လူမျိုးတော်ကို ဝိညာဉ်​ရေး​ဘက် နိုးကြား​၍ သတိရှိ​နေကြ​ရန် တိုက်တွန်း​နှိုးဆော်​လျက်​ရှိ၏။ (မဿဲ ၂၄:၄၅၊ ၄၆; ၁ သက်သာလောနိတ် ၅:၆) သင်သည် ဤ​အချိန်တန်​သတိပေး​ချက်​များ​အတွက် ကျေးဇူး​တင်​လေးမြတ်ပါ​သလော။ ယင်း​တို့ကို​သုံး​ကာ သင့်​အသက်တာ​၏​ဦးစားထားရာ​များ​ကို ချမှတ်​သလော။ သင့်ကိုယ်​သင် ဤသို့​မေး​နိုင်၏– ‘ကောင်းကင်​တွင် စိုးစံ​လျက်​ရှိသော ဘုရားသခင်​၏​သားတော်ကို မြင်တွေ့​နိုင်​လောက်​သည့်​အထိ ဝိညာဉ်​ရေး​စိတ်အာရုံ ရှင်းလင်း​ကြည်လင်​နေ​သလော။ သားတော်​သည် မဟာ​ဗာဗုလုန်​နှင့် ကျန်ရှိ​နေသည့်​စာတန်​၏​စနစ်​ကို ဘုရားသခင်​ဆိုင်ရာ​တရား​စီရင်​ရန် အသင့်​ဖြစ်နေ​သည်ကို သင်​သိမြင်​သလော။

၂၁။ တချို့​သည် သူတို့၏​ဝိညာဉ်​ရေး​စိတ်အာရုံ​ကို အဘယ်ကြောင့် တဖြည်းဖြည်း မှေးမှိန်​စေ​ကြ​သနည်း၊ သူတို့​လုပ်ဆောင်​ရမည့် အရေးတကြီး​အမှု​ကား အဘယ်နည်း။

၂၁ ယခု ယေဟောဝါ​လူမျိုးတော်​နှင့် ပေါင်းသင်း​ခဲ့​ကြ​သူ​အချို့​သည် သူတို့၏​ဝိညာဉ်​ရေး​စိတ်အာရုံ​ကို တဖြည်းဖြည်း မှေးမှိန်​သွား​စေ​ကြသည်။ ယေရှု၏​အစောပိုင်း​တပည့်​အချို့​နည်းတူ သူတို့သည် စိတ်ရှည်မှု သို့​မဟုတ် ခံနိုင်ရည်​မရှိခြင်း​ကြောင့်​လော။ ဘဝ၏​စိုးရိမ်​ပူပန်မှု​များ၊ ဥစ္စာ​ပစ္စည်း​မက်မော​မှု၊ သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်မှု​တို့​က သူတို့ကို ထိခိုက်​စေ​ခဲ့​ခြင်း​လော။ (မဿဲ ၁၃:၃-၈၊ ၁၈-၂၃; လုကာ ၂၁:၃၄-၃၆) တချို့​သည် ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ က​ဖော်ပြ​သော သတင်း​အချက်အလက်​အချို့​ကို နားလည်​ရ​ခက်​ကြ​ပေမည်။ အကယ်၍ သင်သည် အထက်ပါ​အတိုင်း တစ်ခုခု​ဖြစ်​နေလျှင် သမ္မာကျမ်းစာ​ကို ဇွဲ​သစ်​လောင်း​၍ လေ့လာ​ပြီး ယေဟောဝါ​နှင့် ခိုင်ခံ့​ရင်းနှီးသော​ဆက်ဆံ​ရေး ပြန်လည်​ရရှိ​စေနိုင်​ရန် ကိုယ်တော့်​ထံ တိုးလျှိုး​အသနားခံ​ဖို့ ကျွန်ုပ်​တို့ တိုက်တွန်း​ပါ​သည်။—၂ ပေတရု ၃:၁၁-၁၅

၂၂။ ကိုယ်ယောင်​ပြောင်း​ခြင်း မြင်ကွင်း၊ ပရောဖက်ပြုချက်​များနှင့်​ဆက်နွှယ်​ရာ​များ​ကို သုံးသပ်ခြင်း​သည် သင့်​အပေါ် မည်သို့​အကျိုး​သက်ရောက်​ခဲ့​သနည်း။

၂၂ ယေရှု၏​တပည့်​များ အားပေးမှု လိုအပ်ချိန်​တွင် ကိုယ်ယောင်​ပြောင်း​ခြင်း​စိတ်အာရုံ​ကို သူတို့အား မြင်​စေ​ခဲ့​သည်။ ယနေ့ ကျွန်ုပ်​တို့​တွင် ထို​အံ့မခန်းဖွယ်​ကြိုတင်​မြင်ကွင်း၊ ပရောဖက်ပြုချက်​များနှင့်​ဆက်နွှယ်​ရာ​များစွာ​၏ ပြည့်စုံမှု​တို့ကို ရရှိ​ထား​ရာ ယင်း​တို့သည် သာ၍​ခွန်အား​ရှိစေ​သော​အရာ​ပင်​ဖြစ်သည်။ ဤ​ဘုန်း​အသရေ​ရှိ​အဖြစ်မှန်​များနှင့် အနာဂတ်​တွင် ၎င်းတို့၏​အရေးပါမှု​ကို ကျွန်ုပ်​တို့​စောင့်မျှော်​နေကြ​စဉ် တမန်​တော်​ယောဟန်​၏ ဤ​ခံစားချက်​မျိုးကို ကျွန်ုပ်​တို့​လည်း စိတ်နှလုံး​အကြွင်းမဲ့ ပြော​နိုင်​ကြ​ပါစေ– “အာမင်။ သခင်​ယေရှု​ကြွလာ​တော်​မူ​ပါ။”ဗျာ. ၂၂:၂၁

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 မူရင်း​ဂရိ​တွင် “ဆင်းရဲခြင်း” ဟူ၍​ပြန်ဆို​ထားသော စကားလုံး​သည် ပကတိ “သားဖွားခြင်း​ဝေဒနာ” ဟု​ဆိုလို​သည်။ (မဿဲ ၂၄:၈နိုင်ငံတော်​စာ​ကြောင်း​ကြားညှပ်​ကျမ်း) သားဖွားခြင်း​ဝေဒနာ​ကဲ့သို့ ကမ္ဘာ့​ပြဿနာ​များသည် အကြိမ်ရေ၊ ပြင်းထန်မှု​နှင့် ကြာချိန်​တို့သည် ကြီးစွာ​သော​ဆင်းရဲခြင်း​တွင် အထွတ်အထိပ်​ရောက်ချိန်​အထိ တိုးများ​နေမည်ဟု ယင်းက ဖော်ပြ​သည်။

သင်​မှတ်မိ​သလော

၁၈၇၀ ပြည့်လွန်​နှစ်များ​တွင် ကျမ်းစာ​ကျောင်းသား​အုပ်စုငယ်​သည် ခရစ်တော်​ပြန်​ကြွလာခြင်း​နှင့်​ပတ်သက်​၍ အဘယ်အရာကို သဘောပေါက်​လာ​ခဲ့​ကြ​သနည်း။

ကိုယ်ယောင်​ပြောင်း​ခြင်း မြင်ကွင်း​သည် မည်သို့​ပြည့်စုံ​ခဲ့ပြီ​နည်း။

ယေရှု၏​အောင်ပွဲခံ​မြင်း​စီး​ခြင်း​သည် လောက​နှင့် ခရစ်ယာန်​အသင်းတော်​အပေါ် မည်သို့​အကျိုး​သက်ရောက်​သနည်း။

ကျွန်ုပ်​တို့သည် ယေရှု အပြီးသတ်​အောင်ပွဲခံ​ချိန်​၌ ကပ်ကျော်​မည့်​သူများ​တွင်​ပါဝင်​ရန် အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆၊ ၁၇ ရုပ်ပုံ]

ကြိုတင်​မြင်ကွင်း​တစ်ခု အမှန်တကယ်​ဖြစ်ပျက်​လာ

[စာမျက်နှာ ၁၈ ရုပ်ပုံ]

ခရစ်တော် အောင်ပွဲ​စ​ခံ​ချိန်​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​သည်ကို သင်​သိ​သလော