မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှောလု၏ဟောပြောခြင်းက ရန်လိုမှုကိုနှိုးဆွပေး

ရှောလု၏ဟောပြောခြင်းက ရန်လိုမှုကိုနှိုးဆွပေး

ရှောလု​၏​ဟောပြောခြင်းက ရန်လိုမှု​ကို​နှိုးဆွ​ပေး

ဒမာသက်​မြို့မှ ဂျူး​များသည် နားမလည်​နိုင်အောင် ဖြစ်နေ​ကြသည်။ ရိုးရာ​ယုံကြည်ချက်များ​ဘက်​မှ အပြင်းအထန် ခုခံ​ကာကွယ်​ခဲ့​သူသည် အယူဖောက်ပြန်သူ​တစ်ဦး မည်သို့​ဖြစ်သွား​နိုင်​သနည်း။ ရှောလု​ဆို​သူသည် ယေရုရှလင်​တွင် ယေရှု၏​နာမ၌ ဆုတောင်း​သူများ​အား အနှောင့်အယှက်​ပေး​ခဲ့​သူ​ဖြစ်သည်။ သူသည် တပည့်​များ​ကို နှိပ်စက်​ညှဉ်းပန်း​ရန် ဒမာသက်​မြို့​သို့​လာ​ခဲ့​ခြင်း​ဖြစ်သည်။ ယခု​မူ ဘုရားသခင်​ကို​လွန်ကျူး​သည့်​အတွက် ရာဇဝတ်သား​အဖြစ် နှက်တိုင်​တင်၊ အထင်အမြင်​သေး​ခံရ​သူကိုပင် မေရှိယ​ဖြစ်သည်ဟု သူကိုယ်တိုင် ဟောပြောနေ​ပြန်​သည်! ရှောလု ရူးသွပ်​သွားပြီ​လော။—တမန်​တော် ၉:၁၊ ၂၊ ၂၀-၂၂

ရှင်း​နိုင်​စ​ရာ ရှိ​ကောင်း​ရှိ​မည်။ ယေရုရှလင်​မြို့မှ ရှောလု​နှင့်​တစ်အုပ်​စု​တည်း ခရီး​သွားများ​က လမ်း​တွင် ဘာဖြစ်​ပျက်​ခဲ့​ကြောင်း ပြောပြ​ခဲ့​ပေ​လိမ့်​မည်။ ဒမာသက်​မြို့အနီး​သို့ ရောက်​သောအခါ သူတို့​ပတ်လည်​တွင် ရုတ်တရက် တောက်ပ​သည့်​အလင်း​ပေါ်လာ​ပြီး သူတို့​အားလုံး မြေပေါ်​လဲကျ​သွား​သည်။ အသံတစ်သံ​ကိုလည်း သူတို့​ကြား​လိုက်ရ​သည်။ ရှောလု​မှ​အ​ပ မည်သူမျှ ထိခိုက်မှု​မဖြစ်ခဲ့​ချေ။ သူသည် လမ်းပေါ်​လဲနေ​ခဲ့​သည်။ နောက်ဆုံး​တွင် သူ​ထ​လာ​သည့်​အခါ မျက်စိကန်း​သွား​သည့်​အတွက် အခြား​ခရီးသည်​များ​က သူ့​အား ဒမာသက်​မြို့​သို့ ပို့ဆောင်​ပေး​ခဲ့​သည်။—တမန်​တော် ၉:၃-၈; ၂၆:၁၃၊ ၁၄

ဆန့်ကျင်သူ​က ထောက်ခံသူ​ဖြစ်လာ

ဒမာသက်​မြို့​သို့​သွားရာလမ်း​တွင် ရှောလု​ဘာဖြစ်​ခဲ့​သနည်း။ ခရီးရှည်​နှင်​ရခြင်း သို့​မဟုတ် မွန်းတည့်​နေရှိန်​ကြောင့် အားနည်း​သွားခြင်း​လော။ ယခု​ခေတ်​ဝေဖန်ရေး​သမားများ​က ဖြစ်ရိုးဖြစ်စဉ်​ရှင်းလင်းချက်များ​ရှာတွေ့​ရန် ဆုံးဖြတ်​ကာ သွေး​လေ​ချောက်ချားခြင်း၊ ကယောင်ကတမ်း​ဖြစ်​ခြင်း၊ ရှောလု​၏​သိစိတ် အကြီးအကျယ်​အနှောင့်အယှက်​ဖြစ်၍ စိတ်ရောဂါ ဆိုးဆိုးရွားရွား​ခံစား​ရခြင်း၊ အလွန်​စိတ်​ဗ​ယောက်​ဗယက်​ဖြစ်​ခြင်း​နှင့် ဝက်ရူးပြန်​ရောဂါ​အခံ​ရှိ​ခြင်း​အပါအဝင် ဖြစ်​နိုင်​ခြေ​တို့ကို တင်ပြ​ကြသည်။

အမှန်​မှာ ယေရှု​ခရစ်​သည် ထို​မျက်စိကွယ်​သွား​စေသည့်​အလင်းရောင်​ဖြင့် ရှောလု​ထံ​ထင်ရှားပြ​ခြင်း​က ကိုယ်တော်​သည် မေရှိယ​ဖြစ်​ကြောင်း သူ့​အား​စိတ်ချ​စေ​ခဲ့​သည်။ ဤ​အဖြစ်အပျက်​ကို ပန်းချီ​ပညာ​သည်​အချို့​က ရှောလု မြင်း​ပေါ်​မှ​ပြုတ်ကျ​နေ​ပုံ​အဖြစ် သရုပ်ဖော်​ကြသည်။ ယင်းသည် ဖြစ်​နိုင်​ဖွယ်​ရှိသော်လည်း ကျမ်းစာ​က သူသည် “မြေပေါ်မှာ​လဲ” ကျ​သွား​သည်​ဟု​သာ ဖော်ပြ​ထား​သည်။ (တမန်​တော် ၂၂:၆-၁၁) ရှောလု​၏ ဂုဏ်​မော​က်​သော​အနေအထား​မှ လျှော​ကျ​သွားခြင်း​နှင့် နှိုင်းယှဉ်​လိုက်​လျှင် သူ​ကြုံ​ခဲ့​ရသော မည်သည့်​ကာယပိုင်း​လဲကျမှု​မဆို​သည် မပြော​ပ​လောက်​ပေ။ ယေရှု​နောက်တော်လိုက်​များ ဟောပြော​သည့်​အရာ​သည် မှန်ကန်ကြောင်း ယခု သူ​အသိအမှတ်ပြု​ရတော့​သည်။ ရှောလု​အတွက် တစ်ခု​တည်း​သော​ရွေးချယ်စရာ​မှာ သူတို့နှင့်​ပူးပေါင်း​ခြင်း​ဖြစ်၏။ ရှောလုသည် ယေရှု၏​သတင်းတရားကို အကြီးအကျယ် ရန်ဘက်ပြု​သူ​အဖြစ်​မှ အခိုင်မာဆုံး​ထောက်ခံသူ​တစ်ဦး​ဖြစ်လာ​လေ​သည်။ သူ၏​မျက်စိ​ပြန်မြင်​ကာ နှစ်ခြင်း​ခံ​ပြီး​နောက် “ရှောလုသည်​လည်း အားတိုးပွား​သဖြင့် ဒမာသက်​မြို့၌​နေသော ယုဒ​လူတို့သည် ပြော​သမျှ​သော​စကား​ကို​ချေ​၍ ယေရှုသည် ခရစ်တော်​ဖြစ်​ကြောင်းကို ထင်ရှား​စွာ​ပြ​၏။”—တမန်​တော် ၉:၂၂

လုပ်ကြံ​မည့်​အကြံအစည် ပျက်ပြား​သွား

နောင်​တွင် ပေါလု​ဟု​အမည်တွင်​လာ​သည့် ရှောလုသည် ဘာသာ​ပြောင်း​ပြီး​နောက် အဘယ်​အရပ်သို့ သွားခဲ့​သနည်း။ ဂလာတိ​အသင်းတော်ကို စာရေး​ချိန်​တွင် သူသည် “အာရပ်​ပြည်​သို့​ချက်ချင်း​သွား​၍ တစ်ဖန် ဒမာသက်​မြို့​သို့​ပြန်​လေ​၏” ဟု​ပြော​ခဲ့​၏။ (ဂလာတိ ၁:၁၇) “အာရပ်​ပြည်” ဟူသော ဝေါဟာရ​သည် အာရေဗျ​ကျွန်းဆွယ်​ရှိ နေရာ​တစ်​နေရာသို့ ခရီး​သွားခြင်း​ကိုလည်း ဆိုနိုင်​သည်။ ပညာရှင်​အချို့​က ပေါလု​သည် ဆီးရီးယား​ကန္တာရ သို့​မဟုတ် စတုတ္ထ​မြောက် အရေ​တ​မင်း​၏ နက်​ဘာ​တီ​ယန်​နိုင်ငံ​ထဲ​သို့ သွားခဲ့​ခြင်း​ဖြစ်​နိုင်​သည်​ဟု ဆို​ကြသည်။ ယေရှု​နှစ်ခြင်း​ခံ​ပြီး​နောက် တော​ထဲ​သွားခဲ့​သကဲ့သို့ပင် ရှောလုလည်း နှစ်ခြင်း​ခံ​ပြီး​နောက် တွေးတော​ဆင်ခြင်​ရန် တိတ်ဆိတ်​သည့်​နေရာသို့ သွားခဲ့​ခြင်း​ဖြစ်​နိုင်​သည်။—လုကာ ၄:၁

ရှောလု​လည် ဒမာသက်​မြို့​သို့​ပြန်လာ​စဉ် “ရှောလု​ကို​သတ်​အံ့​သော​ငှာ ယုဒ​လူတို့သည် အချင်းချင်း​တိုင်ပင်​ကြ​၏။” (တမန်​တော် ၉:၂၃) ဒမာသက်​မြို့၌ အရေ​တ​မင်းကြီး​ခန့်​ထားသော​မြို့ဝန်​သည် ရှောလု​ကို​ဖမ်းဆီးခြင်း​ငှာ စောင့်နေ​သည်။ (၂ ကောရိန္သု ၁၁:၃၂) ရှောလု​ကို​လုပ်ကြံ​ရန် ရန်သူများ​ကြံစည်​နေစဉ် ယေရှု၏​တပည့်​များ​က သူ၏​လွတ်မြောက်ရေး​အတွက် စီမံ​ခဲ့​ကြသည်။

ရှောလု​လွတ်မြောက်ရေး​အတွက် ကူညီ​ခဲ့​သူများ​တွင် အာနနိ​နှင့် ရှောလု​ဘာသာ​ပြောင်း​လာပြီး​နောက် တမန်​တော်​များနှင့် ချက်ချင်း​ပူးပေါင်း​လာ​ကြသော တပည့်​များ ပါဝင်​သည်။ * (တမန်​တော် ၉:၁၇-၁၉) တမန်​တော် ၉:၂၅ တွင် ‘တပည့်​တို့သည် ည​အခါ သူ့ကို​ယူ၍ တောင်း​၌​ထည့်​ပြီး​လျှင် မြို့ရိုး​ပေါ်​က လျှောချ​ကြ​၏’ ဟု​ဖော်ပြ​ထားသော​ကြောင့် ဒမာသက်​မြို့တွင် ရှောလု​၏​ဟောပြောခြင်း​ကြောင့် ယုံကြည်သူ​ဖြစ်လာ​သော အချို့​သူများ​လည်း ကူညီ​ခဲ့​ကြသည်။ “တပည့်​တို့” ဟူ​သည့်​အသုံးအနှုန်း​က ရှောလု​သင်ပေးခဲ့​သူများကို ဆိုလို​ပေမည်။ မည်သို့​ပင်​ဖြစ်စေ၊ သူ၏​အမှုဆောင်​လုပ်ငန်း​အောင်မြင်ခြင်း​က သူ့​အပေါ်​ထား​ရှိနေ​သည့် ရန်ငြိုး​ကို ထိုး​ဆွပေး​လိုက်​သည်​နှင့်​တူ​သည်။

သင်ယူ​ရန် သင်ခန်းစာ

ရှောလု​၏ ဘာသာ​ပြောင်း​ဝင်လာ​ချိန်​နှင့် နှစ်ခြင်း​ခံ​ခဲ့​ချိန်​ဝန်းကျင်ရှိ အဖြစ်အပျက်​တချို့​ကို ဆန်းစစ်ခြင်း​ဖြင့် အခြားသူများ မိမိ​အား​ဝေဖန်​မည်​ကို အလွန်အမင်း​စိုးရိမ်​နေခြင်း​မျိုး၊ အပြင်းအထန်​ဆန့်ကျင်မှု​ကြောင့် ရပ်တန့်​လိုက်ခြင်း​မျိုး​မရှိခဲ့​ကြောင်း အထင်အရှား​တွေ့ရ​သည်။ ရှောလု​အတွက် အရေးထား​ဆုံး​ကိစ္စ​မှာ သူ​ရရှိ​ထား​သည့် ဟောပြောခြင်း​တာဝန်ဖြစ်​သည်။—တမန်​တော် ၂၂:၁၄၊ ၁၅

သတင်းကောင်း​ဟောပြောခြင်းသည် အရေးကြီးကြောင်း မကြာသေးမီ​ကမှ သင် လက်ခံ​ယုံကြည်​လာ​ခြင်း​လော။ သို့​ဆိုလျှင် ခရစ်ယာန်စစ်​များ​အားလုံး ဘုရားသခင့် နိုင်ငံတော်​ဟောပြောသူများ​ဖြစ်​ရမည်ကို သင်​သိ​ပေမည်။ တစ်ခါတစ်ရံ သင့်​အမှုဆောင်ခြင်း​လုပ်ငန်း​ကို ရန်လို​သည့်​လုပ်ဆောင်မှုများ ပေါ်ပေါက်​လာ​သည့်​အခါ မအံ့သြ​သင့်​ပေ။ (မဿဲ ၂၄:၉; လုကာ ၂၁:၁၂; ၁ ပေတရု ၂:၂၀) ဆန့်ကျင်မှု​ကို​တုံ့ပြန်​ရာ​တွင် ရှောလု​လည် ပုံသက်သေ​ကောင်း​ပြ​ခဲ့​၏။ စုံစမ်းမှု​များ​ကို အလျှော့မပေး​ဘဲ ခံရပ်​ကြ​သည့်​ခရစ်ယာန်​များသည် ဘုရားသခင့်​မျက်နှာသာတော် ခံစားရ​ပါ​လိမ့်​မည်။ ယေရှု​က မိမိ​တပည့်​များ​ကို ဤသို့​ပြော​ခဲ့​၏– “ငါ​၏​နာမ​ကြောင့်​လည်း ခပ်သိမ်း​သော​လူမျိုး​တို့သည် သင်တို့ကို မုန်း​ကြလိမ့်မည်။” သို့​တိုင် ကိုယ်တော် ဤသို့​အာမခံ​ထား​၏– “သင်တို့သည် တည်ကြည်သော​အားဖြင့် ကယ်တင်ခြင်း​သို့​ရောက်​ကြလော့။”—လုကာ ၂၁:၁၇-၁၉

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ခရစ်ယာန်​ဘာသာသည် ဒမာသက်​မြို့​သို့ ဂါလိလဲ​တွင် ယေရှု​ဟောပြောပြီး​နောက်​ဖြစ်စေ၊ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့ နောက်ပိုင်း​တွင်​ဖြစ်စေ ရောက်ရှိ​လာ​ခဲ့​ခြင်း ဖြစ်​နိုင်​သည်။—မဿဲ ၄:၂၄; တမန်​တော် ၂:၅

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

ယေရှု​ခရစ်​သည် ရှောလု​ထံ ထင်ရှားပြ​သည့်​အခါ သူသည် “မြေပေါ်​လဲကျ” သွားခဲ့

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ဒမာသက်​မြို့တွင် လုပ်ကြံခံ​ရ​ရန်​ကြံစည်​မှု​မှ ရှောလု​လွတ်မြောက်​ခဲ့