မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်နောင်ရေးကို သင်ထိန်းချုပ်နိုင်သလော

သင့်နောင်ရေးကို သင်ထိန်းချုပ်နိုင်သလော

သင့်​နောင်ရေး​ကို သင်​ထိန်းချုပ်​နိုင်​သလော

ကျွန်ုပ်​တို့၏​အပြီးသတ်​နောင်ရေး​သည် တင်ကူး​ပြဋ္ဌာန်း ပြီး​သား ဖြစ်သလော။အသက်တာတွင် ကျွန်ုပ်​တို့၏​ရွေးချယ်မှု​များသည် အနာဂတ်​အပေါ် မည်သို့​မျှ အကျိုး​သက်ရောက်မှု မရှိ​သလော။

လူသား​သည် ကိုယ့်​နောင်ရေး​ကို ကိုယ်​ဖန်တီး​နိုင်စွမ်း​ရှိသည်​ဆိုပါစို့။ သို့​ဆိုလျှင် တစ်ဦး​တစ်ယောက်​က အထူး​တာဝန်​တစ်ရပ် ထမ်းဆောင်​ရန် သို့​မဟုတ် ရုံး​တစ်​ရုံး​တွင် ရာထူး​တစ်ခု​ရ​ရန် ကြိုတင်​သတ်မှတ်​ထား​နိုင်​သလော။ လူသားများ​သည် လွတ်လပ်​စွာ ကိုယ့်​နောင်ရေး​ကို ကိုယ်​ဖန်တီး​နိုင်​ကြ​ပါ​က ကမ္ဘာ​မြေ​အတွက် ဘုရားသခင်​၏​အလိုတော် မည်သို့​ပြီးမြောက်​နိုင်​မည်​နည်း။ သမ္မာကျမ်းစာ​က ဤ​မေးခွန်းများ​အတွက် စိတ်​ကျေနပ်​စေ​မည့်​အဖြေ​များ ပေး​ထား​ပါ​သည်။

တင်ကူး​သတ်မှတ်ခြင်း​နှင့် လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့်—ကိုက်ညီ​ပါသလော

ကျွန်ုပ်​တို့အား ဘုရားသခင်​ဖန်ဆင်း​ခဲ့​ပုံ​ကို သုံးသပ်ကြည့်​ပါ။ “ဘုရားသခင်​သည် မိမိ​ပုံသဏ္ဌာန်​နှင့်​အညီ လူကို​ဖန်ဆင်း​တော်​မူ​၏။ ဘုရားသခင်​၏ ပုံသဏ္ဌာန်​တော်​နှင့်​အညီ လူယောက်ျား၊ လူ​မိန်းမကို​ဖန်ဆင်း” တော်​မူ​သည်​ဟု သမ္မာကျမ်းစာ​က ဆို​သည်။ (ကမ္ဘာဦး ၁:၂၇) ဘုရားသခင့်​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ခံရ​သောကြောင့် မေတ္တာ၊ ဉာဏ်ပညာ၊ တရား​မျှတမှု၊ တန်ခိုး​အစ​ရှိသော ကိုယ်တော့်​အရည်အသွေး​တော်​များ​ကို ကျွန်ုပ်​တို့ ရောင်ပြန်ဟပ်​နိုင်စွမ်း​ရှိကြသည်။ ဘုရားသခင်​သည် ကျွန်ုပ်​တို့အား လွတ်လပ်​စွာ​ဆုံးဖြတ်​ပိုင်ခွင့် သို့​မဟုတ် လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​ကိုလည်း ပေး​ထား​သည်။ ယင်းကြောင့် ကိုယ်တော်​၏ မြေကြီး​သတ္တဝါများ​ထဲ​တွင် ကျွန်ုပ်​တို့သည် တစ်မူထူး​နေခြင်း​ဖြစ်၏။ ဘုရားသခင်​၏ ကိုယ်ကျင့်တရား​လမ်းပြမှု​ကို လိုက်နာမည်၊ မလိုက်နာ​မည်​ကို ကျွန်ုပ်​တို့ ရွေးချယ်​နိုင်​ကြသည်။ ယင်းကြောင့် ပရောဖက်​မောရှေ​က ဤသို့​ပြော​နိုင်​ခြင်း​ဖြစ်သည်– ‘အသက်ရှင်ခြင်း​နှင့်​သေခြင်း၊ ကောင်းချီး​မင်္ဂလာ​နှင့် ကျိန်ခြင်း​အမင်္ဂလာ​များ​ကို သင့်​ရှေ့၌​ငါ​ထား​သည်​ဟု သင့်တစ်ဖက်​၌ ကောင်းကင်​နှင့်​မြေကြီးကို ငါ​တိုင်တည်​၏။ ထို​ကြောင့် သင်၏​ဘုရားသခင် ထာဝရ​ဘုရားသခင်​ကို ချစ်ခြင်း၊ စကားတော်​ကို​နားထောင်ခြင်း၊ ကိုယ်တော်၌ ဆည်းကပ်​မှီဝဲခြင်း​အားဖြင့် သင်​နှင့်​သင့်​အမျိုးအနွယ်​သည် အသက်ရှင်​မည်​အကြောင်း အသက်​တရားကို ရွေးယူ​လော့။’—တရားဟောရာ ၃၀:၁၉၊ ၂၀သမ္မာ။

လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်​ဟူသည် ခြွင်းချက်​မရှိ​လွတ်လပ်မှုကို ဆိုလို​နေခြင်း​မဟုတ်ပါ။ ယင်းက စကြဝဠာကြီး တည်တံ့​ရန်​နှင့် ငြိမ်းချမ်းမှု​အတွက် ဘုရားသခင်​ချမှတ်​ထားသော ကာယပိုင်း​နှင့် ကိုယ်ကျင့်တရား​ဆိုင်ရာ​ပညတ်​များ​မှ ကျွန်ုပ်​တို့ကို မလွတ်ကင်း​စေပါ။ ဤ​ပညတ်​များ​မှာ ကျွန်ုပ်​တို့၏ ကောင်းကျိုး​အတွက်​ဖြစ်​ပြီး ယင်းကို​ချိုးဖောက်​သူများ​သည် ဆိုးရွား​သော​အကျိုးဆက်များ ခံစားရ​ကြ​မည်။ ဆွဲငင်အား​နိယာမ​ကို ကျွန်ုပ်​တို့​လျစ်လျူရှုပြီး အဆောက်အအုံ​အမြင့်​ပေါ်​မှ ခုန်ချ​ပါ​က ဘာ​ဖြစ်သွား​မည်​ကို စိတ်ကူး​သာ​ကြည့်​လိုက်ပါ!—ဂလာတိ ၆:၇

လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်​ရှိ​ခြင်း​ကြောင့် တာဝန်​များ​ရှိလာ​စေ​သည်၊ အဆိုပါ​လွတ်လပ်မှု​မျိုး မရရှိ​သော သတ္တဝါများ​တွင်​မူ တာဝန်​မရှိ​ချေ။ စာရေး​ဆရာ ကိုးလစ် လ​မွန့်​က ဤသို့​ပြော​ခဲ့​၏– “လူသား​၏​ရွေးချယ်မှု​များနှင့် ပြုမူ​လုပ်ဆောင်မှုများ​သည် ကြိုတင်​ပိုင်းဖြတ်​ထား​ခံရ​သည်​ဟု . . . ကျွန်ုပ်​တို့​ခံယူ​ထား​မည်​ဆိုလျှင် လူသားတို့​အတွက် လူ့​ကျင့်ဝတ်​ဆိုင်ရာ​တာဝန်​ကို မည်သို့​သတ်မှတ်​ကာ မှားယွင်းမှု​များ​အတွက် သူတို့ကို မည်သို့​အပြစ်ပေး​နိုင်​မည်​နည်း။” ကျွန်ုပ်​တို့ အမှန် အပြစ်​မပေးနိုင်​ကြ​ပါ။ သဘာဝ​၏​စေ​စား​မှု​အတိုင်း သွားလာ​လှုပ်ရှား​နေကြ​သည့် တိရစ္ဆာန်​များသည် ၎င်း​တို့​ပြုမူ​ရာ​အတွက် ကျင့်ဝတ်​ပိုင်း​အရ တာဝန်​မရှိ​သကဲ့သို့ လုပ်ဆောင်မှု​ပရိုဂရမ်​များ သွင်းထား​ပေး​သည့် ကွန်ပျူတာ​များသည်​လည်း ယင်း​တို့၏​လုပ်ဆောင်မှု​အတွက် တာဝန်​မရှိကြ​ချေ။ လွတ်လပ်​စွာ​ရွေးချယ်ပိုင်ခွင့်​က ကျွန်ုပ်​တို့​အပေါ် တာဝန်​ကြီး​တစ်ရပ် တင်​ရှိစေပြီး ကျွန်ုပ်​တို့၏​လုပ်ရပ်များ​အတွက် တာဝန်​ယူ​စေ​သည်။ ကျွန်ုပ်​တို့​မမွေးဖွား​မီ​က​ပင် ကျွန်ုပ်​တို့​လိုက်လျှောက်​ရမည့် ဘဝ​လမ်းစဉ်​ကို ကြိုတင်​သတ်မှတ်​ထားပြီး ကျွန်ုပ်​တို့​လုပ်ရပ်များ​အတွက် တာဝန်​ယူ​စေမည်​ဆိုလျှင် ယေဟောဝါ​ဘုရားသခင်​သည် အလွန်​မေတ္တာ​မဲ့ပြီး မတရားသော​ဘုရားသခင် ဖြစ်သွား​ပေမည်! “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ” ပြီး “နည်းလမ်းတော်​ရှိသမျှသည် တရား​နှင့်​ညီ” သောကြောင့် ကိုယ်တော်​သည် ယင်း​သို့ ပြု​မည်​မဟုတ်ပေ။ (၁ ယောဟန် ၄:၈; တရားဟောရာ ၃၂:၄) ကိုယ်တော်​သည် ကျွန်ုပ်​တို့အား လွတ်လပ်​စွာ ရွေးချယ်ခွင့်​ပေး​ထားပြီး​ဖြစ်​ရာ တင်ကူး​ပြဋ္ဌာန်း​ခြင်း​ကို ယုံကြည်သူများ​ဆို​သကဲ့သို့ ‘မည်​သူ့ကို ကယ်တင်​မည်၊ မည်​သူ့ကို​ဖြင့် အပြစ်စီရင်​မည်​ကို ရှေး​ပ​ဝေ​သဏီ​ကတည်းက သတ်မှတ်​ထားခြင်း​မျိုး’ ပြု​မည်​မဟုတ်ပေ။ လွတ်လပ်​စွာ ရွေးချယ်ခွင့်​သည် တင်ကူး​ပြဋ္ဌာန်း​ခြင်း​အယူ​ကို ဖယ်ရှားပစ်​သည်။

ကျွန်ုပ်​တို့၏​ရွေးချယ်မှု​များသည် ကျွန်ုပ်​တို့၏​နောင်ရေး​ကို ပြောင်းလဲ​စေ​ကြောင်း သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဆို​ထား​သည်။ ဥပမာ၊ ဘုရားသခင်​သည် အပြစ်ပြု​သူများကို ဤသို့​မေတ္တာ​ရပ်ခံ​သည်– “သင်တို့​အသီးအသီး​လိုက်​သော မကောင်း​လမ်း​နှင့် ဆိုးသွမ်း​သော​အကျင့်​များ​မှ ပြန်လာ​ကြလော့။ . . . ငါသည်​လည်း သင်တို့ကို​မ​ညှဉ်းဆဲ။” (ယေရမိ ၂၅:၅၊ ၆သမ္မာ) ဘုရားသခင်​သည် လူတစ်ဦး​စီ​၏​နောင်ရေး​ကို သတ်မှတ်ပြီး​သား​ဖြစ်​မည်​ဆိုလျှင် ဤ​မေတ္တာ​ရပ်ခံ​ချက်​သည် အဓိပ္ပာယ်မဲ့​နေ​ပေ​လိမ့်​မည်။ ထို့​ပြင် ဘုရားသခင့်​နှုတ်မြွက်တော်​တွင် ဤသို့​ဆို​သည်– ‘ထို​ကြောင့် ထာဝရ​ဘုရားသခင်​ထံ​တော်​မှ ချမ်းအေး​သော​အချိန်ကာလ​သည်​ရောက်လာ . . . မည်​အကြောင်း သင်တို့​အပြစ်​များ​ကို​ပြေစေ​ခြင်း​ငှာ နောင်တ​ရ​၍ စိတ်ပြောင်း​လဲ​ခြင်း​သို့​ရောက်​ကြလော့။’ (တမန်​တော် ၃:၁၉-၂၀) လူတို့သည် မိမိတို့​နောင်ရေး​ကို လုံးဝ​ပြောင်းလဲ​၍​မရနိုင်​ကြောင်း ယေဟောဝါ ကြိုတင်​သိထားပါ​လျက်​နှင့် လူများ​ကို နောင်တ​ယူ​ပြောင်းလဲ​ရန် အဘယ်ကြောင့် တောင်းဆို​မည်​နည်း။

ကျမ်းစာ​က ကောင်းကင်​တွင် ယေရှု​ခရစ်​နှင့်အတူ ဘုရင်​များ​အဖြစ်​အုပ်စိုး​ရန် ဘုရားသခင်​၏ ခေါ်ဖိတ်​မှု​ခံရ​သူတချို့​အကြောင်း ဖော်ပြ​ထား​သည်။ (မဿဲ ၂၂:၁၄; လုကာ ၁၂:၃၂) သို့သော် သူတို့သည် အဆုံးတိုင်​တည်ကြည်​ခြင်း​မရှိပါ​က ဤ​အခွင့်ထူး ဆုံးရှုံး​မည်​ဖြစ်​ကြောင်း ကျမ်းစာ​က​ဆို​သည်။ (ဗျာ. ၂:၁၀) သူတို့ကို မရွေးချယ်​ဖို့ ကိုယ်တော်​ဆုံးဖြတ်​နှင့်​ပြီး​သား​ဖြစ်​လျှင် အဘယ်ကြောင့် ဖိတ်ခေါ်​မည်​နည်း။ တမန်​တော်​ပေါလု​က မိမိ​ယုံကြည်သူချင်း​များ​ထံ ရေးခဲ့​သည့်​စကား​များ​ကိုလည်း သုံးသပ်ကြည့်​ပါ။ သူ​ဤသို့​ရေးခဲ့​၏– ‘အမှန်တရားကို​သိ​ပြီး​မှ ကိုယ်​အလို​သို့​လိုက်၍ ပြစ်မှား​ပြန်​လျှင် နောက်​တစ်ဖန် အပြစ်ဖြေ​သော​ယဇ်ကို ပူဇော်ရာ​အခွင့်​မရှိ။’ (ဟေဗြဲ ၁၀:၂၆) ဘုရားသခင်​သည် လူတို့၏​နောင်ရေး​ကို ကြိုတင်​သတ်မှတ်ပြီး​သား​ဖြစ်​လျှင် အဆိုပါ​သတိပေး​ချက်​သည် အသုံးဝင်​မည်​မဟုတ်။ ယု​တ်စွ​အဆုံး လူတချို့ကို ယေရှု​နှင့်အတူ ဘုရင်​များ​အဖြစ်​အုပ်စိုး​ရန် ကြိုတင်​သတ်မှတ်​မထား​ပေ​လော။

ကြိုတင်​သတ်မှတ်​ထားခြင်း—တစ်ဦးစီ​ကို​လော၊ အုပ်စု​တစ်စု​ကို​လော

တမန်​တော်​ပေါလု ဤသို့​ရေးခဲ့​၏– ‘[ဘုရားသခင်] သည် ဤ​ကမ္ဘာ​မတည်မရှိ​မီ ငါ​တို့ကို ခရစ်တော်​၌ ရွေးကောက်​တော်​မူ​သည်​နှင့်​အညီ ကောင်းကင်ဘုံ​နှင့်​ဆိုင်သော​အရာ​တို့​၌ ခပ်သိမ်း​သော​ကောင်းချီး​တို့ကို ခရစ်တော်​အားဖြင့် ငါ​တို့အား ပေးသနား​တော်​မူ​၏။ . . . ငါ​တို့သည် ယေရှု​ခရစ်​အားဖြင့် သား​အရာ​ကို ရမည်​အကြောင်း . . . ရှေး​မ​ဆွ​က ခွဲခန့်​မှတ်သား​တော်​မူ​၏။’ (ဧဖက် ၁:၄-၆) ဘုရားသခင်​သည် အဘယ်အရာကို ရှေး​မ​ဆွ​က ခွဲခန့်​မှတ်သား​တော်​မူ​သနည်း၊ “ကမ္ဘာ​မတည်မရှိ​မီ​က​ပင်” ရွေးကောက်​ခြင်း​ဟူသည် အဘယ်​အဓိပ္ပာယ်​နည်း။

ဤ​ကျမ်းချက်​များ​က ဘုရားသခင်​သည် ကနဦး​လူသား​အာဒံ​၏ သားစဉ်မြေးဆက်​တချို့​ကို ကောင်းကင်​တွင် ယေရှု​နှင့်အတူ​အုပ်စိုး​ရန် ရွေးချယ်​ထား​ကြောင်း ဖော်ပြ​နေသည်။ (ရောမ ၈:၁၄-၁၇၊ ၂၈-၃၀; ဗျာ. ၅:၉၊ ၁၀) သို့သော် ယေဟောဝါ​ဘုရားသခင်​သည် ဤ​အခွင့်ထူး​ကို​ရရှိရန် သူတို့​မမွေးဖွား​ခင် နှစ်ပေါင်း​ထောင်ချီ​၍ တစ်ဦးစီ​ကို သတ်မှတ် တင်ကူး​ပြဋ္ဌာန်း​ထား​သည်​ဟူသော ယူဆချက်​က လူသားများ​ကို လွတ်လပ်​စွာ ရွေးချယ်ခွင့်​ပေး​ထားခြင်း​နှင့် ဆန့်ကျင်​နေသည်။ ဘုရားသခင်​သည် လူတစ်ဦးစီကို​မဟုတ်ဘဲ အုပ်စု​တစ်စု သို့​မဟုတ် လူတန်းစား​တစ်ရပ်​ကို ကြိုတင်​သတ်မှတ်​ထားခြင်း​ဖြစ်သည်။

ဥပမာ​ပေး​ရ​လျှင် အစိုးရ​တစ်ခု​သည် အေဂျင်စီ​တစ်ခု​တည်ထောင်​ရန် ဆုံးဖြတ်ထား​သည်​ဆိုပါစို့။ ဤ​အေဂျင်စီ​၏ လုပ်ငန်းဆောင်တာ​များ၊ ယင်း​၏​အခွင့်အာဏာ​နှင့် အရွယ်အစား​တို့ကို ကြိုတင်​စီမံခန့်ခွဲ​ထား​ပေမည်။ အဆိုပါ​အေဂျင်စီ​ကို တည်ထောင်​ပြီး အတန်ကြာ​သည့်​နောက် လုပ်ငန်း​စတင်​လည်ပတ်​လာ​ရာ ယင်း​၏​အဖွဲ့ဝင်​များ​ကို ထုတ်ပြန်​သည့် ကြေညာ​ချက်​တစ်ရပ်​တွင် ဤသို့​ဆို​ထား​သည်– “အစိုးရ​သည် ကျွန်ုပ်​တို့၏​လုပ်ငန်းများ​ကို နှစ်ပေါင်း​များစွာက​တည်း​က ဆုံးဖြတ်ထား​ပြီး​သား​ဖြစ်သည်။ ယခု ကျွန်ုပ်​တို့အား အပ်နှင်း​ထား​သည့်​အလုပ်ကို စတင်​လုပ်ကိုင်​ကြ​မည်။” အစိုးရ​သည် ဤ​အေဂျင်စီ​၏​အဖွဲ့ဝင်​တစ်ဦးစီ​ကို နှစ်ပေါင်း​များစွာက​တည်း​က ကြိုတင်​သတ်မှတ်ပြီး​သား​ဖြစ်​ရမည်ဟု သင်​ကောက်ချက်​ချ​မည်​လော။ ကောက်ချက်​ချ​မည် မဟုတ်ပါ။ အလားတူ​ပင် ယေဟောဝါ​သည် အာဒံ​အပြစ်​၏​ဆိုးကျိုး​ကို ကုစား​ဖို့ အထူး​အေဂျင်စီ​တစ်ဖွဲ့ တည်ထောင်​မည်​ဟု ကြိုတင်​သတ်မှတ်​ထား​သည်။ ကိုယ်တော်​သည် ထို​အေဂျင်စီ​တွင်​အမှုဆောင်​မည့် လူတစ်ဦးစီကို​မဟုတ်ဘဲ လူတန်းစား​တစ်ရပ်​ကို ကြိုတင်​သတ်မှတ်​ထားခြင်း​ဖြစ်သည်။ နောက်ပိုင်း​တွင် သူတို့​ရွေးချယ်ခံ​ရပြီး အသက်တာတွင် သူတို့​လုပ်ဆောင်​မည့် ရွေးချယ်မှု​များ​က နောက်ဆုံး​တွင် သူတို့​မျက်နှာသာ​ရမည်၊ မရ​မည်​ကို ဩဇာ​ညောင်း​နိုင်​သည်။

တမန်​တော်​ပေါလု​က ‘[ဘုရားသခင်​သည်] ဤ​ကမ္ဘာ​မတည်မရှိ​မီ ငါ​တို့ကို ရွေးကောက်​တော်​မူ​သည်’ ဟု​ဆို​ရာ​တွင် အဘယ်​ကမ္ဘာ​ကို စိတ်ထဲ​ထားခဲ့​ခြင်း​ဖြစ်သနည်း။ ဤ​တွင် ပေါလု​ရည်ညွှန်း​နေသည့်​ကမ္ဘာ​သည် အာဒံ​နှင့်​ဧဝ​တို့အား ဖန်ဆင်း​ချိန်​တွင်​စတင်​ခဲ့​သည့် ကမ္ဘာ​မဟုတ်ပါ။ ထို​ကမ္ဘာ​သည် အပြစ်​နှင့် ဖောက်ပြန်​ယိုယွင်းမှု​မှ လုံးဝ​ကင်းစင်​သည့် “အလွန်​ကောင်း” သည့်​ကမ္ဘာ​ဖြစ်​ခဲ့​၏။ (ကမ္ဘာဦး ၁:၃၁) ယင်းသည် အပြစ်​မှ “လွှတ်” ရန် မလို​ခဲ့​ပါ။—ဧဖက် ၁:၈

ပေါလု​ရည်ညွှန်း​နေသည့် သီးခြား​ကမ္ဘာ​မှာ ဧဒင်​တွင် အာဒံ​နှင့်​ဧဝ​တို့ ပုန်ကန်​ပြီး​နောက်​မှ တည်ရှိ​လာ​သည့်​ကမ္ဘာ—ဘုရားသခင်​၏ မူလ​ရည်ရွယ်တော်မူချက်​နှင့် အလွန်​ခြားနား​သည့်​ကမ္ဘာ​ဖြစ်၏။ အာဒံ၊ ဧဝ​တို့၏ သားသမီး​များနှင့်​စတင်​ခဲ့​သည့်​ကမ္ဘာ​ဖြစ်၏။ ထို​ကမ္ဘာ​သည် ဘုရားသခင်​နှင့်​ကင်းကွာ​ကာ အပြစ်​နှင့် ဖောက်ပြန်​ယိုယွင်းမှု​တို့၏ စိုးမိုးမှု​အောက်​ရောက်နေ​သူများ ပါဝင်​နေသည်။ တမင်​အပြစ်​ပြုသူ အာဒံ၊ ဧဝ​တို့​နှင့်​မတူဘဲ အပြစ်​မှ​ရွေးနုတ်​ခံထိုက်​သည့် လူသား​လောက​ဖြစ်၏။—ရောမ ၅:၁၂; ၈:၁၈-၂၁

ယေဟောဝါ​ဘုရားသခင်​သည် ဧဒင်​တွင် ပုန်ကန်မှု​ကြောင့် ပေါ်ပေါက်​လာ​သည့်​အခြေအနေ​များ​ကို ချက်ချင်း ဖြေရှင်း​နိုင်​ခဲ့​သည်။ လိုအပ်​လာ​သည်​နှင့်​တစ်ပြိုင်နက် ကိုယ်တော်​သည် လူသားတို့အား အာဒံ​၏​အပြစ်​မှ ရွေးနုတ်ခြင်း​နှင့် ဆက်စပ်​အသုံးပြု​မည့် အထူး​အေဂျင်စီ​အဖွဲ့​တစ်ဖွဲ့—ယေရှု​ခရစ်​လက်အောက်​ရှိ မေရှိယနိုင်ငံတော်—ကို ကြို​စီမံ​ခဲ့​သည်။ ဘုရားသခင်​သည် ယင်းကို ပုန်ကန်​သူ​အာဒံ​နှင့်​ဧဝ​တို့၏ သားသမီး​မမွေးဖွား​မီ​ဖြစ်သော ရွေးနုတ်​ခံထိုက်သော​လူသားများ​၏ “ကမ္ဘာ​မတည်မရှိ​မီ” လုပ်ဆောင်ခဲ့​သည်။

လူသားများ​သည် အများအားဖြင့် မိမိတို့​အလိုရှိ​ရာ လုပ်ဆောင်နိုင်ရန် လုပ်ငန်း​အစီအစဉ်​ရှိ​ထား​ဖို့ လိုအပ်​သည်။ တင်ကြို​ပြဋ္ဌာန်း​ခြင်း​ဟူသည် ဘုရားသခင်​တွင် စကြဝဠာ​အတွက် အသေးစိတ်ရေးဆွဲ​ထား​သည့် အစီအစဉ်​တစ်ရပ်​ရှိ​ရမည်​ဖြစ်​ပြီး ယင်း​အစီအစဉ်​တွင် အရာရာတိုင်း​ကို ကြိုတင်​သတ်မှတ်ပြီး​သား​ဖြစ်သည်​ဟူသော သဘောတရား​နှင့် ဆက်စပ်​နေသည်။ ရွိုင် ဝယ်​သာ​ဖို့​ဒ်​က ဤသို့​ရေးခဲ့​သည်– “အတွေးအခေါ်​ပညာရှင်​များစွာက အဖြစ်အပျက်​တိုင်း​အတွက် သတ်မှတ်ချက်​အပြည့်အစုံ​မရှိသော အရာ​မှန်သမျှ​သည် ဘုရားသခင့် ဘုန်း​တန်ခိုး​ကြီးမြတ်​ခြင်း​နှင့် မအပ်စပ်​ကြောင်း ယူဆ​ပုံ​ရသည်။” ဘုရားသခင်​သည် အဖြစ်အပျက်​တိုင်း​ကို အသေးစိတ်​ကြိုတင်​သတ်မှတ်​ထား​ရန် အမှန်​လို​ပါသလော။

အတိုင်းအဆမဲ့​တန်ခိုး​ရှိပြီး ဉာဏ်ပညာ​တွင် ပြိုင်ဘက်​ကင်း​သည့် ယေဟောဝါ​ရှင်​သည် မိမိ​ဖန်ဆင်း​ရာ​များ လွတ်လပ်​စွာ​ရွေးချယ်ခြင်း​ကြောင့် ပေါ်ပေါက်​လာနိုင်​သည့် အရေး​မှန်သမျှကို ရင်ဆိုင်​ဖြေရှင်း​ပေး​နိုင်စွမ်း​ရှိသည်။ (ဟေရှာယ ၄၀:၂၅၊ ၂၆; ရောမ ၁၁:၃၃) ကိုယ်တော်​သည် ယင်းကို ကြိုတင်​တွေးဆ​ထား​စ​ရာ​မလို​ဘဲ ချက်ချင်း​လုပ်ဆောင်​နိုင်​သည်။ စွမ်းဆောင်မှု​အကန့်အသတ်​သာ​ရှိပြီး မှားယွင်း​တတ်​သည့် လူသားများ​နှင့်​မတူဘဲ အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​သည် ကမ္ဘာ​ပေါ်​ရှိ လူတစ်ဦး​စီ​၏​နောင်ရေး​ကို ကြိုတင်​ခင်းကျင်း​ထား​သည့် ခိုင်မာ​တိကျသော အသေးစိတ်​အစီအစဉ် မလို​အပ်​ပေ။ (သု. ၁၉:၂၁) ကျမ်းစာ​ဘာသာပြန်​ကျမ်း​များစွာက ဧဖက် ၃:၁၁ တွင် ဘုရားသခင်​၌ ကြိုတင်​သတ်မှတ်ပြီး​သား​အစီအစဉ်​ရှိသည်​ဟု မဆို​ဘဲ “ထာဝရ​အကြံတော်” ရှိသည်​ဟု​ဖော်ပြ​ထား​သည်။

သင့်​အနာဂတ်​ကို သင်​အကျိုး​သက်ရောက်​စေနိုင်​ပုံ

ကမ္ဘာ​မြေ​အတွက် ဘုရားသခင်​၌ ရည်ရွယ်ချက်​တစ်ခု​ရှိပြီး ယင်း​ရည်ရွယ်ချက်ကိုလည်း ကြိုတင်​သတ်မှတ်​ထား​သည်။ ဗျာ. ၂၁:၃၊ ၄ က ဤသို့​ဖော်ပြ​သည်– ‘ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်အတူ နေ​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရားသခင်​သည် ကိုယ်တော်တိုင် သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင် ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်​တော်​မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား၊ ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။’ မှန်ပါသည်၊ ဤ​ကမ္ဘာ​သည် ဘုရားသခင့်​မူလ​ရည်ရွယ်တော်မူချက်​အတိုင်း ပရဒိသု​ဖြစ်လာ​ပါ​လိမ့်​မည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) မေး​ရန်​မှာ ထို​တွင် သင်​ရှိနေ​မည်​လော။ ယင်းက ယခု သင့်​ရွေးချယ်မှု​များ​အပေါ် မူတည်​နေပါ​သည်။ ဘုရားသခင်​သည် သင့်​နောင်ရေး​ကို ကြိုတင်​သတ်မှတ်​မထား​ပေ။

ဘုရားသခင့်​သားတော်ကို ယုံကြည်​ကြောင်း တင်ပြ​သူများ​အားလုံး​အတွက် သားတော်၊ ယေရှု​ခရစ်​၏ ရွေးနုတ်ဖိုး​ပူဇော်ရာ​ယဇ်​က ထာဝရ​အသက်​ရ​ရန် ဖြစ်စေ​၏။ (ယောဟန် ၃:၁၆၊ ၁၇; တမန်​တော် ၁၀:၃၄၊ ၃၅) “သားတော်ကို ယုံကြည်​သော​သူသည် ထာဝရ​အသက်ကို​ရ၏။ သားတော်ကို ပယ်​သော​သူ​မူ​ကား အသက်ကို​မ​တွေ့ရ” ဟု ကျမ်းစာ​က​ဆို​ထား​သည်။ (ယောဟန် ၃:၃၆) သမ္မာကျမ်းစာ​မှ ဘုရားသခင်၊ ကိုယ်တော်​၏​သားတော်​နှင့် ကိုယ်တော့်​အလိုတော်​အကြောင်း လေ့လာ​ပြီး လေ့လာ​သိရှိ​ခဲ့​ရာ​ကို ကျင့်သုံး​ခြင်း​ဖြင့် အသက်ရှင်ဖို့ သင်​ရွေးချယ်​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​တွင် မှတ်တမ်း​တင်ထား​သည့် စစ်မှန်သော​ဉာဏ်ပညာ​နှင့်​အညီ လုပ်ဆောင်​သူသည် “လုံခြုံစွာ​နေ၍ ဘေး​ကို​မကြောက်​ဘဲ ငြိမ်​ဝပ်​လိမ့်​မည်” ဖြစ်​ကြောင်း စိတ်ချ​စေ​သည်။—သု. ၁:၂၀၊ ၃၃

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

Unlike animals, humans are morally responsible for their actions

[Credit Line]

လင်းယုန်– Foto: Cortesía de GREFA