မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အနာဂတ်ကို အဘယ်အရာက ထိန်းချုပ်ထားသနည်း

သင့်အနာဂတ်ကို အဘယ်အရာက ထိန်းချုပ်ထားသနည်း

သင့်​အနာဂတ်​ကို အဘယ်အရာက ထိန်းချုပ်​ထား​သနည်း

ဆင့်ကဲဝါဒီ ဂျွန် ဂ​ရေး​က “လူသား​တို့သည် တိရစ္ဆာန်​များ​ကဲ့သို့​ပင် မိမိတို့၏​နောင်ရေး​ကို ဖန်တီး​နိုင်စွမ်း မရှိကြ​ပါ” ဟု​ရေးသားခဲ့​၏။ စာရေး​ဆရာ ရှ​မ်​မြူ​လီ ဘို​ထိ​ခ်ျ​၏ ဉာဏ်ပညာ​တတ်​တစ်ဦး၏ ဂျူး​ဘာသာ​လမ်းညွှန် ဟူ​သည့်​စာအုပ်​တွင်​မူ ဆန့်ကျင်ဘက်​အမြင်ကို ဖော်ပြ​ထား​သည်။ “လူသည် တိရစ္ဆာန်​မဟုတ်သောကြောင့် ကိုယ့်​နောင်ရေး​ကို ကိုယ်​အမြဲ​ထိန်းချုပ်​ထား​နိုင်​သည်” ဟု သူ​ရေးခဲ့​၏။

လူ​များစွာမှာ ဂ​ရေး​နှင့်​သဘောချင်း​တူညီ​ကြ​ပြီး မမြင်နိုင်​သည့် သဘာဝ​စွမ်းအား​စု​များ​က လူ့​မိသားစုကြီး​၏​နောင်ရေး​ကို ထိန်းချုပ်​ထား​သည်​ဟု ယုံကြည်​ကြသည်။ အချို့​က ဘုရားသခင်​သည် လူ​အား ကိုယ့်​အနာဂတ်​ကို ကိုယ်​ထိန်းချုပ်​နိုင်စွမ်း​ထည့်သွင်း​ကာ ဖန်ဆင်း​ပေး​ထား​သည်​ဟု ယူဆကြ​သည်။

တန်ခိုး​ရှိ​လူ့​စွမ်းအား​စု​များ​က မိမိတို့​အနာဂတ်​ကို ထိန်းချုပ်​ထား​သည်​ဟု လူ​အချို့​ယူဆကြ​သည်။ စာရေး​ဆရာ ရွိုင် ဝယ်​သာ​ဖို့​ဒ်​၏​အဆို​အရ “ကမ္ဘာ​ပေါ်​ရှိ​လူအများစု—အထူးသဖြင့် အမျိုးသမီး​အများစု​၏​သမိုင်းကြောင်း—တွင် . . . မိမိတို့​အသက်တာအပေါ် မြင်သာ​သော ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်​မှု​တို့ကို ဘာမျှ​မတတ်နိုင် သို့​မဟုတ် မထိန်းချုပ်​နိုင်​ကြ​ချေ။” (ပြဋ္ဌာန်း​ခံ​ဝါဒ​၏​ဂယက်​များ) နိုင်ငံရေး၊ စစ်ရေး​ပြိုင်ဆိုင်မှု​များ​ကြောင့် လူများစွာ​၏ ပျော်ရွှင်ဖွယ်​အနာဂတ်​အိပ်မက်များ​မှာ ပျက်စီး​ခဲ့​ရ၏။

သမိုင်း​တစ်လျှောက်​ရှိ အခြားသူများ​မူ သဘာဝလွန်​စွမ်းအား​စု​များ​က မိမိတို့​နောင်ရေး​ကို ထိန်းချုပ်​ထား​သည်​ဟု​ယူဆ​ကာ ခိုကိုးရာ​မဲ့​ဖြစ်နေ​ကြသည်။ ဘို​ထိ​ခ်ျ​က ဤသို့​ပြော​ခဲ့​၏– “ရှေးခေတ်​ဂရိ​တို့​က လူသား​တို့သည် တင်ကြို​သတ်မှတ်​ထား​ရာ​ကို မလွန်ဆန်​နိုင်သော​ကြောင့် မျှော်လင့်ချက်​အားလုံး အချည်းနှီး​ဖြစ်သည်​ဟူ​သည့် အစွဲအလမ်း​ရှိကြသည်။” လူတိုင်း​၏​နောင်ရေး​ကို စိတ်​အပြောင်းအလဲ​မြန်​သော နတ်​ဘုရားမ​များ​က ဆုံးဖြတ်​ပေး​သည်​ဟု သူတို့​ယူဆကြ​၏။ ဤ​နတ်​ဘုရားမ​များသည် လူတစ်ဦး​သေဆုံး​မည့်အချိန်​အပြင် သူ့​အသက်တာတွင် ဘေးအန္တရာယ်​နှင့် နာကျင်မှု မည်မျှ​ခံစား​စေ​ရမည်​တို့ကို​လည်း ဆုံးဖြတ်​ပေး​သည်​ဟု သူတို့​ယူဆကြ​သည်။

လူတစ်ဦး​၏​နောင်ရေး​ကို သဘာဝလွန်​စွမ်းအား​က ထိန်းချုပ်​ထား​သည်​ဟူသော​ယူဆချက်​ကို လူအများ​လက်ခံ​ထား​ကြသည်။ ဥပမာ၊ လူများစွာ​သည် တင်ကြို​စီမံခန့်ခွဲ​ထားခြင်း​ကို ယုံကြည်​ကြသည်။ ဘုရားသခင်​သည် လူသား​အားလုံး​၏ လုပ်ဆောင်မှု​ရလဒ်များ​နှင့် သေဆုံး​မည့်​အချိန်ကို ကြိုတင်​စီမံ​ထား​သည်​ဟု သူတို့​ဆို​ကြသည်။ အတိုင်းအဆမဲ့​တန်ခိုးရှင် ဘုရားသခင်​က “လူတစ်ဦး​စီ​၏ အပြီးသတ်​ကယ်တင်​ခံရ​ခြင်း သို့​မဟုတ် အပြစ်စီရင်​ခံရ​ခြင်း​ကို ကြိုတင်​သတ်မှတ်​ထား​သည်” ဟူ​သည့် အယူအဆကို ပံ့ပိုး​ပေး​သည့် တင်ကူး ပြဋ္ဌာန်း​ခြင်း​အယူဝါဒ​က​လည်း ရှိ​နေသည်။ ခရစ်ယာန်​အခေါ်ခံသူ​များစွာ​သည် ဤ​အယူ​ကို စွဲကိုင်​ထား​ကြသည်။

သင် မည်သို့​ထင်​သနည်း။ သင့်​နောင်ရေး​ကို သင်​လုံးဝ​မထိန်းချုပ်​နိုင်​သည့် စွမ်းအား​စု​များ​က ပိုင်းဖြတ်​ထားပြီ​လော။ သို့​မဟုတ် “လူတို့သည် ကိုယ်​ဖြစ်ပျက်​လာ​မည့်​အရာ​ကို ကိုယ်​ဖန်တီးသူ​များ​ဖြစ်​ကြသည်” ဟူသော အင်္ဂလိပ်​ပြဇာတ်​ရေးသူ ဝီလျံ​ရှိ​တ်​စ​ပီး​ယား​၏ စကား​များသည် မှန်​ပါသလော။ ဤ​ကိစ္စ​တွင် သမ္မာကျမ်းစာ​က ဘာ​ပြော​ထား​သည်ကို သုံးသပ်ကြည့်​ပါ​လေ။