မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့”

“အချင်းချင်း ဧည့်သည်ဝတ်ကို ပြုကြလော့”

“အချင်းချင်း ဧည့်သည်​ဝတ်​ကို ပြု​ကြလော့”

ပထမ​ရာစု​မှ ခရစ်ယာန်​တစ်ဦး​ဖြစ်သူ ဖိဗေ​သည် အခက်တွေ့​နေ​၏။ သူသည် ဂရိ​နိုင်ငံ၊ ကင်​ခြေ​မြို့မှ ရောမမြို့​သို့ ခရီးနှင်​နေသည်၊ သို့သော် ရောမမြို့​ရှိ ယုံကြည်သူချင်း​များ​ကို မသိ​ချေ။ (ရောမ ၁၆:၁၊ ၂) သမ္မာကျမ်းစာ​ဘာသာပြန်​သူ အက်ဒ်​ဂါ ဂွတ်​စ​ပီဒ်​က ဤသို့​ဆို​သည်– “[ထို​အချိန်​က] ရောမ​ကမ္ဘာ​သည် ဆိုးသွမ်း​ရက်စက်​ကြမ်းကြုတ်​သော ကမ္ဘာ​ဖြစ်၏၊ တည်းခိုခန်း​များသည် ယဉ်ကျေး​သိမ်မွေ့​သော​အမျိုးသမီး၊ အထူးသဖြင့် ခရစ်ယာန်​အမျိုးသမီး​တစ်ဦး မသွား​သင့်​သည့် နေရာ​ဖြစ်၏။” ထို့​ကြောင့် ဖိဗေ​သည် အဘယ်​နေရာတွင် တည်းခို​ခဲ့​သနည်း။

ကျမ်းစာ​ခေတ်​က လူတို့သည် နေရာအနှံ့ ခရီးထွက်​တတ်ကြ​သည်။ ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏​တပည့်​များ​ပင် ယုဒ​နှင့်​ဂါလိလဲ​အနှံ့​သွား​၍ သတင်းကောင်း ဟောပြောခဲ့​ကြသည်။ ထို့နောက် မကြာမီ ပေါလု​ကဲ့သို့ ခရစ်ယာန်​သာသနာပြု​များသည် ရောမ​အင်ပါယာ​၏​မြို့တော် ရောမမြို့​အပါအဝင် မြေထဲပင်လယ်​ချိုင့်ဝှမ်း​ရှိ ဒေသ​အသီးသီး​သို့ သတင်းတရားကို သယ်ဆောင်​သွား​ကြသည်။ ပထမ​ရာစု​ရှိ ခရစ်ယာန်​များသည် ဂျူး​ဒေသ​၏​အတွင်းပိုင်း​တွင်​ဖြစ်စေ၊ ပြင်ပ​တွင်​ဖြစ်စေ ခရီးထွက်​သည့်​အခါ အဘယ်​နေရာတွင် တည်းခို​ခဲ့​ကြ​သနည်း။ တည်းခို​စ​ရာ ရှာဖွေ​ရာ​တွင် အဘယ်​အခက်အခဲ​များ​ကို သူတို့​ကြုံ​ခဲ့​ရသနည်း။ ဧည့်ဝတ်ပြု​ခြင်း​နှင့်​ပတ်သက်​၍ သူတို့​ထံ​မှ အဘယ်​သင်ခန်းစာ ရနိုင်​သနည်း။

“သင်၏​အိမ်​၌ ယနေ့ ငါ​တည်းနေ​မည်”

ဧည့်ဝတ်​ကျေပွန်​မှု​ဟူသည် “ဧည့်သည်​များ​ကို ရက်ရက်ရောရော၊ လှိုက်လှိုက်လှဲလှဲ​ဧည့်ခံ​ခြင်း” ဟု​အဓိပ္ပာယ်​ရသည်၊ ယင်းသည် ယေဟောဝါ​၏​စစ်မှန်သော​ဝတ်ပြုသူ​များ​၏ အရည်အသွေး​တစ်ခု​ဖြစ်သည်​မှာ ကြာမြင့်​ခဲ့ပြီ။ ဥပမာ၊ အာဗြဟံ၊ လောတ​နှင့် ရေဗက္က​တို့သည် ဧည့်ဝတ်​ကျေပွန်​ခဲ့​ကြသည်။ (ကမ္ဘာဦး ၁၈:၁-၈; ၁၉:၁-၃; ၂၄:၁၇-၂၀) ဘိုးဘေး​ယောဘသည် ဧည့်သည်​များ​အပေါ် သူ၏​စိတ်ထား​နှင့်​ပတ်သက်​၍ ဤသို့​ပြောပြ​၏– “ဧည့်သည်​သည် လမ်း၌​ည​ကို​မ​လွန်​ရမည်​အကြောင်း ငါသည် ခရီး​သွားသော​သူတို့အား ကိုယ်​တံခါး​ကို​ဖွင့်​ထားပြီ။”—ယောဘ ၃၁:၃၂

ခရီးသည်​များ​အတွက်​မူ၊ ဣသရေလ​ချင်း​များ​ထံ​မှ ဧည့်ဝတ်​ပျူ​ငှာ​မှု​ရရှိရန် မြို့တော်​ပြည်​သူ့​ရင်ပြင်​တွင် ထိုင်၍ ဖိတ်ခေါ်မှု​ကို စောင့်နေ​ရုံ​ဖြင့် လုံလောက်​၏။ (တရားသူကြီး ၁၉:၁၅-၂၁) အိမ်ရှင်​များသည် ဧည့်သည်​များ​၏​ခြေ​ကို ဆေး​ပေး​ပြီး အစားအသောက်​များ​ဖြင့် ဧည့်ခံ​ကျွေးမွေး​သည့်​အပြင် သူတို့၏​တိရစ္ဆာန်​များ​ကိုလည်း အစာ​ကျွေး​၏။ (ကမ္ဘာဦး ၁၈:၄၊ ၅; ၁၉:၂; ၂၄:၃၂၊ ၃၃) အိမ်ရှင်​များ​အပေါ် ဝန်ထုပ်​မဖြစ်စေ​လို​သော ခရီးသည်​များသည် မိမိတို့​အတွက်​လိုအပ်​သည့် ပေါင်မုန့်​နှင့်​ဝိုင်​အပြင် မိမိတို့၏​မြည်း​များ​စားဖို့ ကောက်ရိုး​နှင့်​အစာများ​ကို​ပါ တစ်ပါး​တည်း​ယူဆောင်​လာ​ကြသည်။ ညအိပ်​တည်းခို​ဖို့​သာ သူတို့​တောင်းဆို​ကြ​၏။

ယေရှုသည် ဟောပြောခြင်း​ခရီးစဉ်​တွင် တည်းခို​စ​ရာ မည်သို့​ရရှိ​သည်ကို သမ္မာကျမ်းစာ​က အတိအကျ​ဖော်ပြ​ခဲ​သော်လည်း ကိုယ်တော်​နှင့် တပည့်​များသည် တစ်​နေရာ​ရာ​တွင် အိပ်​ကြ​ရမည်​သာ။ (လုကာ ၉:၅၈) ယေရှုသည် ယေရိခေါမြို့​သို့ လည်ပတ်​စဉ်​က ဇက္ခဲ​အား “သင်၏​အိမ်​၌ ယနေ့ ငါ​တည်းနေ​မည်” ဟု​ရိုးရိုးလေး​ပြော​ခဲ့​သည်။ ဇက္ခဲ​သည် သူ၏​ဧည့်သည်​ကို “ဝမ်းမြောက်​သော​စိတ်​နှင့်” လက်ခံခဲ့သည်။ (လုကာ ၁၉:၅၊ ၆) ယေရှုသည် မိတ်ဆွေများ​ဖြစ်​ကြသော ဗေသနိ​ရွာ​ရှိ မာသ၊ မာရိနှင့် လာဇရု​တို့၏​အိမ်​တွင် တည်းခို​တတ်၏။ (လုကာ ၁၀:၃၈; ယောဟန် ၁၁:၁၊ ၅၊ ၁၈) ကပေရနောင်​မြို့တွင် ရှိမုန်​ပေတရု​နှင့်အတူ ယေရှု​နေထိုင်ခဲ့​ဖွယ်​ရှိသည်။—မာကု ၁:၂၁၊ ၂၉-၃၅

တမန်​တော် ၁၂ ပါး​ကို ယေရှု၏​ခရစ်ယာန်​ဓမ္မ​အမှု မှာကြားချက်​များ​တွင် ဣသရေလ​နိုင်ငံ​၌ သူတို့​ရရှိနိုင်​သည့် ဧည့်ဝတ်ပြုမှု အတော်များများကို ဖော်ပြ​ထား​သည်။ ယေရှု​က သူတို့ကို ဤသို့​မိန့်ဆိုခဲ့သည်– “ရွှေ၊ ငွေ၊ ကြေး​တို့ကို ခါးပန်း​၌​မ​သိုမှီး​ကြ​နှင့်။ လမ်းခရီး​ဖို့ လွယ်အိတ်၊ အင်္ကျီ​နှစ်​ထ​ည်၊ ခြေနင်း၊ တောင်ဝှေး​တို့ကို မ​သိုမှီး​ကြ​နှင့်။ အကြောင်း​မူ​ကား၊ လုပ်ဆောင်​သော​သူသည် ကျွေးမွေးခြင်း​ကို ခံထိုက်​ပေ​၏။ မည်သည့်​မြို့၊ မည်သည့်​ရွာ​သို့​ဝင်​လျှင် ထို​မြို့ရွာ​၌ အဘယ်​မည်​သော​သူသည် ထိုက်တန်​သနည်း​ဟု မေးမြန်း၍ ထို​မြို့ရွာ​မှ မ​ထွက်သွား​မီ​တိုင်အောင် ထို​သူ၏​အိမ်​တွင် နေကြ​လော့။” (မဿဲ ၁၀:၉-၁၁) စိတ်နှလုံး​ရိုး​ဖြောင့်​သူများ​သည် တပည့်​များ​ကို ကြိုဆို​ပြီး သူတို့​အတွက် အစားအသောက်၊ နေစရာ​နှင့် အခြား လိုအပ်ရာ​များ စီစဉ်​ပေး​မည်​ကို ကိုယ်တော် သိရှိ​တော်​မူ​၏။

သို့သော် ခရီးထွက်​နေရ​သော ဧဝံဂေလိ​ဟောပြောသူများ​သည် မိမိတို့​လိုအပ်ရာ​များ​ကို သယ်ဆောင်​သွား​ကာ မိမိတို့​ဘာသာ အကုန်အကျ​ခံရ​မည့် အချိန်​ရောက်လာ​၏။ နောင်​တွင် တပည့်​များ​အပေါ် ရန်လိုမှု​နှင့် ဣသရေလ​နိုင်ငံ​ပြင်ပ​ရှိ​ဒေသ​များ​သို့ ဟောပြောခြင်း​လုပ်ငန်း တိုးချဲ့မှု​တို့​ကြောင့် ယေရှု ဤသို့​မိန့်ဆိုခဲ့သည်– “ငွေ​အိတ်​ရှိသောသူ​သည် ယူ​စေ။ ဓား​မရှိသော​သူသည် အဝတ်ကို​ရော​င်း၍ ဓားကို​ဝယ်​စေ။” (လုကာ ၂၂:၃၆) သတင်းကောင်းကို ပျံ့နှံ့​စေရန် ခရီး​သွားခြင်း​နှင့် တည်းခို​ခြင်း​တို့သည် မရှိမဖြစ်​လိုအပ်​လာပေမည်။

“ဧည့်သည်​ဝတ်​ကို ကြိုး​စား၍ ပြု​ကြလော့”

ပထမ​ရာစု​တွင် ရောမ​အင်ပါယာ​တစ်ခွင် အတော်အတန် ငြိမ်းချမ်း​ပြီး ကျောက်ခင်းလမ်း​များ ယှက်​ဖြာနေ​ခြင်း​ကြောင့် ခရီး​အထွက်​များ​ကြသည်။ * ခရီး​သွား များပြား​လာ​ကြ​ရာ တည်းခို​စ​ရာ​နေရာများ​စွာ လိုအပ်​လာ​၏။ ဤ​လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​သည့်​အရာများ​မှာ အဝေးပြေးလမ်း​မကြီး​များ​တစ်လျှောက် တစ်ရက်​ခရီး​အကွာ​များ​တွင်​ရှိ တည်းခိုခန်း​များ​ဖြစ်သည်။ သို့သော် ဂရိ-ရောမ​နောက်ခံ တမန်​တော်​ကျမ်း​က ဤသို့​ဖော်ပြ​သည်– “နာမည်ကြီး ဤ​တည်းခိုခန်း​များနှင့်​ပတ်သက်​၍ အတော်ပင် မနှစ်မြို့ဖွယ်​သရုပ်သကန်​ကို စာပေ​များ​တွင် ဖော်ပြ​ထား​သည်။ ရရှိနိုင်သော​စာပေ​နှင့် ရှေးဟောင်း​သုတေသန​ရှာဖွေ​တွေ့ရှိ​မှုများ​တွင် ပျက်စီး​ယိုယွင်း​ပြီး မသန့်ရှင်း​သော​အဆောက်အဦ​များ၊ ပရိဘောဂ​မရှိခြင်း၊ ကြမ်းပိုး​များ​ခြင်း၊ အရည်အသွေး​ညံ့​သော အစားအသောက်​များ၊ ယုံကြည်​စိတ်ချ​၍​မရ​သော ဆိုင်​ပိုင်ရှင်​များနှင့် ဝန်ထမ်း​များ၊ နာမည်​ပျက် ဖောက်သည်​များနှင့် အကျင့်​ယိုယွင်းမှု​များ​အကြောင်း ဖော်ပြ​ထား​လေ့​ရှိသည်။” ကိုယ်ကျင့်တရား​ဖြောင့်မတ်​သူများ​သည် ဤသို့​သော​တည်းခိုခန်း​များ​ကို အတတ်နိုင်ဆုံး ရှောင်​ကြ​ခြင်း​ကို နားလည်​လောက်​ပေ​သည်။

ထို့​ကြောင့် သမ္မာကျမ်းစာ​က သူတစ်ပါးကို ဧည့်ဝတ်​ကျေပွန်​ရန် ခရစ်ယာန်​များ​အား ထပ်ခါတလဲ​လဲ တိုက်တွန်း​ထား​သည်​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပေ။ ပေါလု​သည် ရောမမြို့​ရှိ ခရစ်ယာန်​များ​အား “သန့်ရှင်းသူ​တို့သည် ဆင်းရဲသော​အခါ ဝေငှ​ပေးကမ်း​ကြလော့။ အာဂန္တု​တို့အား ဧည့်သည်​ဝတ်​ကို ကြိုး​စား၍ ပြု​ကြလော့” ဟု​အားပေး​တိုက်တွန်း​ခဲ့​၏။ (ရောမ ၁၂:၁၃) ဂျူး​ခရစ်ယာန်​များ​ကိုလည်း သူ​ဤသို့​သတိပေး​ခဲ့​သည်– “ဧည့်သည်​ဝတ်ပြုခြင်း​အမှုကို မမေ့​မ​လျော့​ကြ​နှင့်။ အချို့​သော​သူတို့သည် ဧည့်သည်​ဝတ်​ကို​ပြု​သည်​တွင် ကောင်းကင်တမန်​တို့ကို အမှတ်တမဲ့​ဧည့်ခံ​ကြပြီ။” (ဟေဗြဲ ၁၃:၁၊ ၂) ပေတရု​သည် သူ၏​ဝတ်ပြုသူချင်း​များ​အား “မြည်တမ်း​ခြင်း​မရှိဘဲ အချင်းချင်း​ဧည့်သည်​ဝတ်​ကို ပြု​ကြလော့” ဟု​အားပေးခဲ့​သည်။—၁ ပေတရု ၄:၉

သို့သော် ဧည့်ဝတ်​မပြု​သင့်​သည့် အခြေအနေ​များ ရှိပါ​သည်။ ‘ခရစ်တော်​၏​တရားတော်​၌​မတည်​ဘဲ လွန်ကျူး​သော​သူ’ နှင့်​ပတ်သက်​၍ တမန်​တော်​ယောဟန်​က “သူ့ကို သင့်​အိမ်​၌​လက်မခံ​နှင့်။ မင်္ဂလာ​ရှိစေ​သော​ဟု နှုတ်​မ​ဆက်​နှင့်။ မင်္ဂလာ​ရှိစေ​သော​ဟု ထို​သူကို နှုတ်ဆက်​လျှင် သူ၏​ဆိုးယုတ်​သော​အကျင့်​တို့​နှင့် ဆက်ဆံ​ရာ​သို့​ရောက်​၏” ဟု​ဆို​ခဲ့​သည်။ (၂ ယောဟန် ၉-၁၁) နောင်တ​မယူ​သော အပြစ်သား​များနှင့်​စပ်လျဉ်း၍ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– ‘ညီအစ်ကို​ဟု​ခေါ်ဝေါ်​သော​သူသည် မတရားသော​မေထုန်​၌​မှီဝဲခြင်း၊ လောဘ​လွန်ကျူးခြင်း၊ ရုပ်ပုံကို​ကိုးကွယ်​ခြင်း၊ ဆဲရေး​ကဲ့ရဲ့​ခြင်း၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​ခြင်း၊ အနိုင်အထက်​လုယူခြင်း​မှ​စ၍ ထိုသို့​သော​အမှုကိုပြု​သော​သူနှင့် မပေါင်းဖော်​ရသည်​သာမက ထို​သူနှင့်​အတူ စားသောက်ခြင်း​အမှုကို​မျှ​မပြုရ။’—၁ ကောရိန္သု ၅:၁၁

အယောင်ဆောင်​သူများ​နှင့် အခြား​သူများ​သည် ခရစ်ယာန်စစ်​များ​၏ စိတ်ရင်းကောင်း​မှု​ကို အမြတ်​ထုတ်​ရန် ကြိုးစား​ကြ​မည်။ ဒီ​ဒါ​ဟီ၊ သို့​မဟုတ် တမန်​တော်​ဆယ့်နှစ်​ပါး​၏​သွန်သင်ချက် ဟု ကျော်ကြား​သော ခရစ်ယာန်​ယုံကြည်ချက်​နှင့်​ပတ်သက်​၍ စီ.အီး. ဒုတိယ​ရာစု သမ္မာကျမ်းစာ​အဝင်​မဟုတ်သော ဖော်ပြချက်​တစ်ခု​က နယ်လှည့်​ဟောပြောသူ​တစ်ဦး​ကို “တစ်ရက် သို့​မဟုတ် လိုအပ်​လျှင် နောက်​တစ်ရက်” အထိ ဧည့်ဝတ်ပြု​ရသည်​ဟု​ဆို​၏။ ထို့နောက် သူ​ထွက်သွား​သည့်​အခါ “စားစရာ​မှ​လွဲ​၍ ဘာမျှ မခံယူ​စေ​နှင့်။ . . . အကယ်၍ သူသည် ပိုက်ဆံ​တောင်းလျှင် ပရောဖက်​အတုအယောင်​ဖြစ်၏။” ထို​ဖော်ပြချက်​က​ပင် ဤသို့​ဆက်ဆို​သည်– “သူသည် သင်တို့​နှင့်အတူ နေ​လို​ပြီး အတတ်ပညာ​တစ်ခု တတ်မြောက်​ထား​လျှင် သူ့​ဝမ်းစာ​အတွက် လုပ်ဆောင်ပါစေ။ သို့သော် အတတ်ပညာ​တစ်ခု​မျှ မတတ်​မြောက်​ကြောင်း သင်,သိလျှင် သူ့​အား ထောက်ပံ့​ပေး​ပါ၊ ခရစ်ယာန်​တစ်ဦး​ဖြစ်သော​ကြောင့် သင်တို့တွင် ပျင်းရိ​လေး​တွဲ​စွာ မည်သူမျှ မနေထိုင်​စေရန်​အ​လို့​ငှာ​ဖြစ်သည်။ အကယ်၍ သူသည် ပျင်းရိ​လေး​တွဲ​စွာ နေထိုင်​မည်​ဆိုလျှင် ခရစ်တော်​ကို အမြတ်​ထုတ်​နေခြင်း​ဖြစ်သည်; ထိုသို့​သော​သူကို သတိထား​ပါ။”

တမန်​တော်​ပေါလု​သည် အချို့​မြို့များ​တွင် ကြာမြင့်စွာ​နေထိုင်ချိန်​အတွင်း သူ၏​အိမ်ရှင်​အပေါ် ဝန်ထုပ်ကြီး​မဖြစ်စေ​ရန် ဂရုစိုက်​ခဲ့​သည်။ သူ့ကိုယ်သူ ထောက်ပံ့​နိုင်​ရန် တဲရှင်​ချုပ်​ခဲ့​သည်။ (တမန်​တော် ၁၈:၁-၃; ၂ သက်သာလောနိတ် ၃:၇-၁၂) သူတို့​ကြား​ရှိ ကူညီပေး​ထိုက်​သော ခရီး​သွားများ​ကို ကူညီပေး​ရန် အစောပိုင်း​ခရစ်ယာန်​များသည် ဖိဗေ​ကို ပေါလု​မိတ်ဆက်​ပေး​သကဲ့သို့ ထောက်ခံချက်​စာ​များ​ကို အသုံးပြု​ခဲ့​ပုံ​ရသည်။ ပေါလု​ဤသို့​ရေးသားခဲ့​သည်– “ငါ​တို့​နှမ ဖိဗေ​ကို သင်တို့​ထံ​သို့ ငါ​သွင်း​ပေး​၏။ . . . သခင်​ဘုရား​ကို ထောက်၍ ထို​သူကို​လက်ခံ​ကြလော့။ သူသည် အကူ​အမ​လိုသမျှ​သော​အမှုတို့​၌ သူ့ကို ကူမ​ကြလော့။”—ရောမ ၁၆:၁၊ ၂

ဧည့်ဝတ်​ကျေပွန်ခြင်း​မှ​ရသည့် ကောင်းချီး​များ

ပထမ​ရာစု​ရှိ ခရစ်ယာန်​သာသနာပြု​များသည် မိမိတို့၏​လိုအပ်ရာ​များ​ကို မစ​ပေး​ရန် ယေဟောဝါ​အား ယုံကြည်​ကိုးစား​ခဲ့​ကြသည်။ သို့သော် သူတို့သည် ယုံကြည်သူချင်း​များ​ထံ​မှ ဧည့်ဝတ်ပြု​ခြင်း​ကို မျှော်လင့်​နိုင်​သလော။ လုဒိ​သည် ပေါလု​နှင့် အခြား​သူများကို သူ့​အိမ်​တွင် နေထိုင်ခွင့်​ပြု​ခဲ့​သည်။ တမန်​တော်​သည် ကောရိန္သု​မြို့တွင် အာကုလ၊ ပြစ်ကိလ​တို့​နှင့်အတူ နေထိုင်ခဲ့​၏။ ဖိလိပ္ပိ​မြို့မှ ထောင်မှူး​သည် ပေါလု​နှင့်​သိလ​တို့ကို ကျွေးမွေး​ဧည့်ခံ​ခဲ့​သည်။ သက်သာလောနိတ်​မြို့မှ ယာ​သု​န်၊ ကဲသရိ​မြို့မှ ဖိလိပ္ပု​နှင့် ကဲသရိ​မြို့မှ ယေရုရှလင်​မြို့​သို့​သွား​သည့်​လမ်း​မှ မ​နာ​သု​န်​တို့သည် ပေါလု​ကို ဧည့်ဝတ်ပြု​ခဲ့​ကြသည်။ ပေါလု​သည် ရောမမြို့​သို့​အသွား​တွင် ပေါတယောလိ​မြို့မှ ညီအစ်ကို​များ​က ဧည့်ဝတ်ပြု​ခဲ့​ကြသည်။ ယင်း​တို့သည် ပေါလု​ကို ဧည့်ဝတ်ပြု​ခဲ့​ကြသော အိမ်ရှင်​များ​အတွက် ဝိညာဉ်​ရေး​ဆုကျေးဇူး လွန်​စွာ​ရရှိ​သည့် အချိန်​အခါ​များ​ဖြစ်​ကြ​မည်!—တမန်​တော် ၁၆:၃၃၊ ၃၄; ၁၇:၇; ၁၈:၁-၃; ၂၁:၈၊ ၁၆; ၂၈:၁၃၊ ၁၄

ကျမ်း​ပညာရှင် ဖရက်ဒရစ် အက်ဖ်. ဘ​ရူစ်​က ဤသို့​သုံးသပ်​၏– “အဆိုပါ​မိတ်ဆွေများ​နှင့် လုပ်ဖော်ဆောင်ဖက်​များ၊ အိမ်ရှင်​များနှင့် အိမ်ရှင်မ​များ ကူညီပေး​ကြ​ခြင်း​မှာ ပေါလု​ကို​ချစ်​သည့်​မေတ္တာ၊ ပေါလု​အမှုထမ်း​နေသော သခင်​ကို​ချစ်​သည့်​မေတ္တာ​ထက် တခြား​လှုံ့ဆော်မှု​မရှိ​ချေ။ လူတစ်ဦး​၏​အကျိုးကို​ဆောင်ပေး​ရာ​တွင် အခြားသူ​တစ်ဦး၏​အကျိုးကို ဆောင်ပေး​နေခြင်း​ဖြစ်သည်ဟု သူတို့​သိထားကြသည်။” ဤ​အသိ​သည် ဧည့်​ဝတ်ပြုဖို့​အတွက် အကောင်းဆုံး လှုံ့ဆော်မှု​ဖြစ်၏။

ဧည့်​ဝတ်ပြုဖို့​လိုလျက် ရှိနေဆဲ​ပင်။ ယေဟောဝါသက်သေ​များ​၏ ထောင်နှင့်ချီ​သော နယ်လှည့်​ကိုယ်စားလှယ်​များသည် ယုံကြည်သူချင်း​များ​၏ ဧည့်ဝတ်ပြု​ခြင်း​ကို ရရှိ​ကြသည်။ ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူ​အချို့​သည် သတင်းကောင်း​ရောက်​ခဲ​သည့်​နေရာများ​သို့ မိမိတို့​စရိတ်​နှင့် သွားရောက်​ဟောပြော​ကြသည်။ ကျွန်ုပ်​တို့​အိမ်သည် အိမ်ကြီးရခိုင်​မဟုတ်သော်လည်း ဤသို့​သော​သူများ​အတွက် တံခါး​ဖွင့်ပေး​ထားခြင်း​မှ အကျိုးကျေးဇူး​များစွာ ရရှိနိုင်​သည်။ အထွေ​အထူး​မပါ​သည့် ထမင်းပွဲ​လေး​နှင့် လှိုက်လှိုက်လှဲလှဲ ဧည့်ဝတ်ပြု​ခြင်း​ဖြင့် “အချင်းချင်း​အားရ​သက်သာ” စေ​ကြ​ပြီး ကျွန်ုပ်​တို့၏​ညီအစ်ကို​များနှင့် ဘုရားသခင်​ကို ချစ်​သည့်​မေတ္တာပြ​ရန် အလွန်​ကောင်းသော အခွင့်အရေး​များ​ရရှိနိုင်​သည်။ (ရောမ ၁:၁၁၊ ၁၂) “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ” ရှိသောကြောင့် ဤသို့​သော​အချိန်​အခါ​မျိုး​တွင် အထူးသဖြင့် အိမ်ရှင်​များ​အတွက် အကျိုးကျေးဇူး​ရရှိ​ကြသည်။—တမန်​တော် ၂၀:၃၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 စီ.အီး. ၁၀၀ ပြည့်နှစ်​တွင် ရောမ​ကျောက်ခင်းလမ်း​မများ​သည် မိုင်​ပေါင်း ၅၀,၀၀၀ ခန့်​ရှိသည်​ဟု ခန့်မှန်း​၏။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​များသည် “ဧည့်သည်​ဝတ်​ကို ကြိုး​စား၍ ပြု​ကြ”