မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ကြီးရင့်ခြင်းက “အလှသရဖူ” ဖြစ်လာချိန်ဝယ်

အသက်ကြီးရင့်ခြင်းက “အလှသရဖူ” ဖြစ်လာချိန်ဝယ်

‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏’

အသက်​ကြီးရင့်​ခြင်း​က “အလှ​သရဖူ” ဖြစ်လာ​ချိန်​ဝယ်

“အကောင်းဆုံး အသက်တာ​ပဲ” ဟု ၁၀၁ နှစ်​ရှိ မြူ​ရီ​ရဲ​ယ်​က ပြော​ခဲ့​သည်။ “တကယ့်ကို အခွင့်ထူးပါပဲ!” ဟု အသက် ၇၀ အရွယ် သီ​အို​ဒိုးရော့စ်​က အခြေအနေ​အရပ်ရပ်​ကို ခြုံငုံ​ပြော​ခဲ့​၏။ “ကျွန်မ​ရဲ့​ဘဝကို ဒီထက်​ကောင်း​တဲ့​နည်းနဲ့ အသုံးပြုနိုင်​တာ​မျိုး​ရှိ​မှာ​မဟုတ်ဘူး” ဟု ၇၃ နှစ်အရွယ် မာ​ရီး​ယာ​က ဆို​၏။ သူတို့​အားလုံး​သည် ယေဟောဝါ​ဘုရားသခင်​ထံ တစ်သက်​ပန် အမှုဆောင်ခဲ့​သူများ​ဖြစ်​ကြ​၏။

အဆိုပါ သက်ကြီးရွယ်အို​များသည် ကမ္ဘာ​တစ်ဝန်း​တွင် ယေဟောဝါ​ကို တက်ကြွ​စွာ​ဝတ်ပြု​နေ​သူများစွာ​၏ စံနမူနာ​များ​ဖြစ်​ကြသည်။ အသက်​ကြီးရင့်​ခြင်း၊ ကျန်းမာ​ရေး​ပြဿနာ​များနှင့် အခြား​ဆိုးဝါး​သည့် ဘဝ​အခြေအနေ​များ​ရှိ​သော်​ငြား​လည်း သူတို့သည် ဘုရားသခင်​ကို စိုးလ်​အကြွင်းမဲ့ ဆက်​ဝတ်ပြု​နေကြ​ဆဲ​ဖြစ်သည်။ အဆိုပါ တည်ကြည်သော သက်ကြီးရွယ်အို​များသည် ဘုရားသခင်​ဝတ်၌​မွေ့လျော်​သည့် ပုံသက်သေ​များ​ကြောင့် ခရစ်ယာန်​အသင်းတော်တွင် လေးစား​ခံရ​ကြသည်။ သူတို့၏​အခြေအနေ​ကြောင့် ကန့်သတ်ချက်​များ​ရှိ​နေလျှင်​ပင် သက်ကြီးရွယ်အို​များ​၏ အမှုဆောင်ခြင်းကို ယေဟောဝါ အလွန်​တန်ဖိုး​ထား​တော်​မူ​သည်။ *၂ ကောရိန္သု ၈:၁၂

တည်ကြည်သော သက်ကြီးရွယ်အို​များ ရရှိဖို့ မျှော်လင့်​နိုင်​သည့် ဘဝ​အရည်အသွေး​နှင့်​ပတ်သက်ပြီး သင့်မြတ်​လှ​သည့်​တွေ့ ရှိ​ချက်​တစ်ခု​ကို ဆာလံကျမ်း​တွင် ဖော်ပြ​ထား​သည်။ သူတို့သည် သီးပွင့်​နေဆဲ​ဖြစ်သည့် ခံ့ညား​သော​သက်ရှည်ပင်​တစ်ပင်​နှင့် တူ​နိုင်​သည်။ တည်ကြည်သော သက်ကြီးရွယ်အို​များနှင့်​ပတ်သက်ပြီး ဆာလံဆရာ​က ဤသို့​ရေးဖွဲ့​သည်– “အသက်​ကြီးသော​ကာလ​တွင်​ပင် အသီးကို​သီး​၍ ကြွယ်ဝ​စိမ်းလန်း​ကြလိမ့်မည်။”—ဆာလံ ၉၂:၁၄

အချို့​က အသက်အရွယ်​အိုမင်း​၍ မိမိတို့​အစွမ်း​ခွန်အား ယုတ်လျော့​လာ​သည့်​အခါ ပစ်ပယ်​ခံရ၊ လျစ်လျူရှု​ခံရ​မည်​ကို စိုးရွံ့​ကြသည်။ ဘုရားသခင်​ကို ဒါဝိဒ် ဤသို့​အသနားခံ​ခဲ့​သည်– “အကျွန်ုပ်​ကို အို​သောအခါ ပယ်​တော်​မ​မူ​ပါ​နှင့်။ အားလျော့​သောအခါ စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်။” (ဆာလံ ၇၁:၉) အသက်​ကြီးရင့်​ချိန်​တွင် အဘယ်အရာက အားလျော့​သွားခြင်း​နှင့် ရှင်သန်​ဖွံ့ဖြိုး​ခြင်း​အဖြစ် ခြားနား​သွား​စေ​သနည်း။ ဖြောင့်မတ်ခြင်း​တည်း​ဟူသော ဘုရားသခင်​ရေးရာ​အရည်အသွေး​က ဖြစ်သည်။ “ဖြောင့်မတ်​သော​သူသည် စွန်ပလွံ​ပင်​ကဲ့သို့​ပွင့်လန်း” လိမ့်​မည်​ဟု ဆာလံဆရာ​က သီဆို​ခဲ့​၏။—ဆာလံ ၉၂: ၁၂

မိမိတို့​အသက်တာတွင် ဘုရားသခင်​၏​အမှုတော်ကို တည်ကြည်​စွာ ထမ်းဆောင်​ခဲ့​သူတို့သည် အသက်ကြီး​လာချိန်​အထိ အသီး​ကောင်း​များ ဆက်​သီးပွင့်​နေဖို့ အကြောင်း​များသည်။ အမှန်​မှာ မိမိတို့​ကိုယ်တိုင်​နှင့် အခြား​သူတို့၏​အသက်တာတွင် ကြဲ​ခဲ့​သော​မျိုးစေ့​များစွာ​သည် အပင်ပေါက်​ပြီး အလျှံပယ် ရိတ်သိမ်း​နိုင်​လောက်​သည့်​အထိ ရင့်သန်​လာ​တတ်​သည်။ (ဂလာတိ ၆:၇-၁၀; ကောလောသဲ ၁:၁၁) မှန်ပါသည်၊ ဘုရားသခင့်​လမ်းစဉ်​များ​ကို လျစ်လျူရှု​သည့် ကိုယ်ကျိုးရှာ​မှု​တွင် မိမိ​အသက်တာကို ဖြုန်းတီး​ပစ်​ခဲ့​သူများ​သည် အသက်ကြီး​လာ​သည်​နှင့်​အမျှ တန်ဖိုး​လျော့နည်း​လာလေ့​ရှိ၏။

နယပုံပြင်​ကျမ်း​တွင်​လည်း ဖြောင့်မတ်ခြင်း​ကို အသက်​ကြီး​သူတို့၏ အဆင်တန်ဆာ​အဖြစ် အလေးပေး​ဖော်ပြ​ခဲ့​၏။ ကျွန်ုပ်​တို့ ဤသို့​ဖတ်​ရ၏– “ဖြူ​သော​ဆံပင်​သည် ဖြောင့်မတ်ခြင်း​တရားလမ်း​၌​တည်​လျှင် အလှ​သရဖူ​ဖြစ်၏။” (သု. ၁၆:၃၁က​ဘ) မှန်ပါသည်၊ ဖြောင့်မတ်ခြင်း​သည် အတွင်း​အလှ​၏ သရုပ်သကန်​ဖြစ်၏။ ဖြောင့်မတ်​သည့်​လမ်းစဉ်​ကို အသက်တာ​တစ်လျှောက်​လုံး လိုက်စားခြင်း​က ရိုသေ​လေးစားမှု​ရရှိစေ​သည်။ (ဝတ်ပြုရာ ၁၉:၃၂) ဖြူ​သော​ဆံပင်​သည် ဉာဏ်ပညာ​နှင့် အကျင့်ကောင်း​တို့​ကြောင့် ဂုဏ်တင်​ခံရ​သည်။—ယောဘ ၁၂:၁၂

ယေဟောဝါ​၏​လုပ်ငန်းတော်တွင် ဖြောင့်မတ်​စွာ​ထမ်းဆောင်​ခဲ့​သူများ​၏ အသက်တာသည် ကိုယ်တော်​ရှေ့တွင် လှပ​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “သင်တို့​အသက်ကြီး​၍ ဆံပင်​ဖြူ​သည်​တိုင်အောင် ငါသည် ထိုသို့​သော​သူ​ဖြစ်၍ . . . ငါ​ပြု​ခဲ့​ပြီး​သည်​အတိုင်း ထမ်း​ဦး​မည်။ ဆောင်ရွက်၍​ကယ်တင်​မည်။” (ဟေရှာယ ၄၆:၄) ကျွန်ုပ်​တို့၏​မေတ္တာရှင် ကောင်းကင်​ခမည်းတော်​သည် မိမိ​အား တည်ကြည်သူ​များ အသက်​ကြီးရင့်​လာချိန်​တွင် ထောက်မ​ကူညီပေး​မည်​ဟု ကတိ​ထားခဲ့​ကြောင်း သိရှိ​ရခြင်း​က အလွန်​စိတ်သက်သာ​မှု​ဖြစ်စေ​သည်!—ဆာလံ ၄၈:၁၄

အသက်တာတွင် ယေဟောဝါ​အတွက် တည်ကြည်​စွာ​အမှုဆောင်ခြင်းက ကိုယ်တော့်​အမြင်​တွင် လှပ​သူများ​ဖြစ်နေ​ခြင်း​ကြောင့် အခြားသူများ​၏ ရိုသေ​လေးစားမှု​လည်း ခံထိုက်​သည်မဟုတ်​ပေ​လော။ ဘုရားသခင့်​ရှုမြင်ပုံကို ရောင်ပြန်ဟပ်​ကာ ကျွန်ုပ်​တို့​လည်း ယုံကြည်သူချင်း​သက်ကြီးရွယ်အို​များ​ကို တန်ဖိုး​ထား​ကြသည်။ (၁ တိမောသေ ၅:၁၊ ၂) ထို့​ကြောင့် သူတို့၏​လိုအပ်ရာ​များ​ကို ဂရုစိုက်​ရာ​တွင် လက်တွေ့ကျ​သည့် ခရစ်ယာန်​မေတ္တာပြ​သနည်း​များ​ကို ရှာကြံ​ကြ​စို့။

ဇ​ရာ​ပိုင်း ဖြောင့်မတ်ခြင်း​တရားလမ်း​ပေါ်​တွင်

“ဖြောင့်မတ်ခြင်း​တရားလမ်း​သည် အသက်​လမ်း​ဖြစ်” ကြောင်း ရှောလမုန်က ကျွန်ုပ်​တို့အား စိတ်ချ​စေ​သည်။ (သု. ၁၂:၂၈က​ဘ) အသက်​ရလာ​ခြင်း​က ဇ​ရာ​ပိုင်း​၌ ဤ​လမ်း​တွင်​လျှောက်လှမ်းခြင်း​ကို အတားအဆီး​မဖြစ်စေ​ပါ။ ဥပမာ၊ မော်လ်ဒိုဗာ​နိုင်ငံ​မှ ၉၉ နှစ်အရွယ် အမျိုးသား​တစ်ဦး​သည် ကွန်မြူနစ်​သဘောတရား​များ ပြန့်ပွား​ရေး​အတွက် မိမိ၏​လူငယ့်​ဘဝကို မြှုပ်နှံ​ခဲ့​၏။ သူသည် ဗီ အိုင် လီ​နင်​ကဲ့သို့​သော အထင်ကရ​ကွန်မြူနစ်​ခေါင်းဆောင်​များနှင့် ကိုယ်တိုင်​ကိုယ်​ကျ စကားပြော​ဆို​ရ​၍​လည်း ဂုဏ်ယူ​ခဲ့​သည်။ ကွန်မြူနစ်​ဝါဒ ယိမ်းယိုင်​ကျဆုံးသွား​သည့်​အခါ ဤ​အသက်ကြီးသူ​မှာ ဘဝ​ရည်ရွယ်ချက်၊ ဦးတည်ချက်​တို့ ပျောက်ဆုံး​သွားခဲ့သည်။ သို့သော် ယေဟောဝါသက်သေ​များ​က ဘုရားသခင့်​နိုင်ငံတော်​သည် လူသား​တို့၏​ပြဿနာ​များ​အတွက် တစ်ခု​တည်း​သော ဖြေရှင်း​နည်း​အမှန်​ဖြစ်​ကြောင်း ပြညွှန်​ခဲ့​ရာ ကျမ်းစာ​အမှန်တရားကို လက်ခံ​လိုက်ပြီး ထက်သန်​သည့် ကျမ်းစာ​သင်သား​တစ်ဦး​ဖြစ်လာ​သည်။ သူ​သေဆုံး​သွားခြင်း​ကြောင့်​သာ ယေဟောဝါ​၏ နှစ်ခြင်း​ခံ​ပြီး​သော​ကျေးကျွန်​တစ်ဦး မဖြစ်​လိုက်ရ​ရှာ​ပေ။

ဟန်​ဂေ​ရီ​နိုင်ငံ​မှ ၈၁ နှစ်အရွယ် အမျိုးသမီး​သည် ကိုယ်ကျင့်တရား​ဆိုင်ရာ ဘုရားသခင့်​တောင်းဆိုချက်​များ​ကို သိရှိ​သည့်​အခါ မိမိ နှစ်ပေါင်း​များစွာ​ပေါင်းသင်း​နေသော အမျိုးသား​နှင့် လက်ထပ်​ရန်လို​ကြောင်း သဘောပေါက်​သွား​သည်။ အမျိုးသမီး​သည် သတ္တိ​မွေး​ကာ ကျမ်းစာ​အခြေခံ​သော သဘောတရား​ကို မိမိ​အဖော်​ဖြစ်သူ​အား ရှင်းပြ​ခဲ့​၏။ ထို​သူက လက်ထပ်​ဖို့​သဘောတူ​သည့်​အတွက် အလွန်​အံ့အားသင့်၊ ဝမ်းမြောက်​ခဲ့​ရသည်။ တရားဝင်​လက်ထပ်​ပြီး​နောက် အမျိုးသမီး​သည် ဝိညာဉ်ရေးတွင် လျင်မြန်​စွာ​တိုးတက်လာ​သည်။ ကျမ်းစာ​စလေ့လာ​ပြီး​နောက် ရှစ်​လ​အတွင်း နှစ်ခြင်း​မခံရ​သေး​သည့် ကြေညာသူ​ဖြစ်လာ​ပြီး မကြာမီတွင် နှစ်ခြင်း​ခံ​ခဲ့​၏။ ဖြောင့်မတ်ခြင်း​သည် အသက်ကြီးသူ​တစ်ဦး၏ စစ်မှန်​သည့် အလှ​သရဖူ​ဖြစ်​နိုင်​သည်။

တည်ကြည်သော သက်ကြီးရွယ်အို​ခရစ်ယာန်​များ​ကို ဘုရားသခင်​စိတ်ဝင်စား​ကြောင်း စိတ်ချ​နိုင်​ကြသည်။ ယေဟောဝါ​သည် မိမိ​အပေါ်​တည်ကြည်သူ​များ​အား စွန့်ပစ်​မည်​မဟုတ်ပေ။ ယင်းအစား သူတို့ အသက်အရွယ်​အိုမင်း​လာချိန်​တွင်​ပင် လမ်းပြ​ပေး​မည်၊ ကူညီ​ထောက်မ​ပေး​မည်​ဟု ကိုယ်တော်​ကတိပေး​ခဲ့​၏။ သူတို့သည် ဆာလံဆရာ​၏​စကား​များ​ကို ထောက်ခံကြ​ပေ​လိမ့်​မည်– ‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏။’—ဆာလံ ၁၂၁:၂က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ၂၀၀၅ ယေဟောဝါသက်သေ​များ​၏​ပြက္ခဒိန်၊ ဇန်နဝါရီ/ဖေဖော်ဝါရီ ကို​ရှု။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

“ဖြူ​သော​ဆံပင်​သည် ဖြောင့်မတ်ခြင်း​တရားလမ်း​၌​တည်​လျှင် အလှ​သရဖူ​ဖြစ်၏။”—သု. ၁၆:၃၁၊ က​ဘ။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

ယေဟောဝါ​သည် မိမိ၏ သက်ကြီးရွယ်အို​ကျေးကျွန်​များ​ကို ဂရုစိုက်

“ဆံပင်​ဖြူ​သော​သူ​ရှေ့မှာ ထ​ရမည်။ အသက်ကြီး​သော​သူ၏​မျက်နှာကို ရိုသေ​ရမည်။”—ဝတ်ပြုရာ ၁၉:၃၂

“သင်တို့​အသက်ကြီး​၍ ဆံပင်​ဖြူ​သည်​တိုင်အောင် ငါသည် ထိုသို့​သော​သူ​ဖြစ်၍ . . . ငါ​ပြု​ခဲ့​ပြီး​သည်​အတိုင်း ထမ်း​ဦး​မည်။”—ဟေရှာယ ၄၆:၄