ယနေ့ “အလွန်အဖိုးထိုက်သည့်ပုလဲ” ကိုရှာဖွေခြင်း
ယနေ့ “အလွန်အဖိုးထိုက်သည့်ပုလဲ” ကိုရှာဖွေခြင်း
‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။’—မဿဲ ၂၄:၁၄။
၁၊ ၂။ (က) ယေရှုအချိန်က ဂျူးများသည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်ပြီး မည်သို့ ထင်မြင်ယူဆခဲ့ကြသနည်း။ (ခ) ဘုရားသခင့်နိုင်ငံတော်အကြောင်း မှန်ကန်စွာသိနားလည်စေရန် ယေရှု အဘယ်အရာပြုလုပ်ခဲ့ပြီး ရလဒ်ကားအဘယ်နည်း။
ယေရှု ကမ္ဘာပေါ်ကြွလာစဉ်က ဂျူးများအလယ်တွင် ဘုရားသခင့်နိုင်ငံတော်သည် အလွန်စိတ်ဝင်စားဖွယ် အကြောင်းတစ်ခုဖြစ်ခဲ့သည်။ (မဿဲ ၃:၁၊ ၂; ၄:၂၃-၂၅; ယောဟန် ၁:၄၉) အစပိုင်းတွင် သူတို့အများစုသည် ၎င်း၏ကျယ်ပြန့်မှုနှင့် အခွင့်အာဏာတို့ကို အပြည့်အဝသဘောမပေါက်ခဲ့ကြ; ကောင်းကင်အစိုးရတစ်ခုဖြစ်မှန်းလည်း နားမလည်ခဲ့ကြပါ။ (ယောဟန် ၃:၁-၅) ယေရှု၏နောက်လိုက်ဖြစ်လာသူအချို့ပင် ဘုရားသခင့်နိုင်ငံတော်အကြောင်း အပြည့်အဝနားမလည်ကြ၊ ခရစ်တော်နှင့်အတူ တွဲဖက်အုပ်စိုးသူများဖြစ်ခွင့်ရရန် အဘယ်အရာလုပ်ဆောင်ရမည်ကို မသိကြပေ။—မဿဲ ၂၀:၂၀-၂၂; လုကာ ၁၉:၁၁; တမန်တော် ၁:၆။
၂ အချိန်ကြာလာသည်နှင့် ယေရှုသည် ရှေ့ဆောင်းပါးတွင် သုံးသပ်ထားသည့် အလွန်အဖိုးထိုက်သောပုလဲပုံဥပမာအပါအဝင် သင်ခန်းစာများစွာကို မိမိတပည့်များအား စိတ်ရှည်စွာသင်ကြားပေးခဲ့ပြီး ကောင်းကင်နိုင်ငံတော်အကျိုးစီးပွားအတွက် မိမိတို့ကိုယ်တိုင်ကြိုးစားခြင်း၏ အရေးကြီးပုံကို ထောက်ပြခဲ့သည်။ (မဿဲ ၆:၃၃; ၁၃:၄၅၊ ၄၆; လုကာ ၁၃:၂၃၊ ၂၄) ယင်းသည် သူတို့နှလုံးကို အလွန်ထိမိခဲ့သည်၊ အကြောင်းမှာ တမန်တော်ကျမ်းတွင် ဖော်ပြထားသကဲ့သို့ သူတို့သည် မကြာမီ မြေကြီးစွန်းတိုင်အောင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို မဆုတ်မနစ်၊ သတ္တိရှိရှိ ကြွေးကြော်သူများဖြစ်လာကြ၍တည်း။—တမန်တော် ၁:၈; ကောလောသဲ ၁:၂၃။
၃။ ကျွန်ုပ်တို့အချိန်ကို ရည်ညွှန်းကာ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ ယေရှု အဘယ်သို့မိန့်တော်မူခဲ့သနည်း။
၃ ယနေ့ကော အသို့နည်း။ ဘုရားသခင့်နိုင်ငံတော်အောက် မြေကြီးပရဒိသုတွင် ခံစားရမည့်ကောင်းချီးများကို လူသန်းပေါင်းများစွာအား တင်ပြထားပြီ။ “ဤစနစ်ဆုံးခန်း” နှင့်ပတ်သက်သည့် မဟာပရောဖက်ပြုချက်တွင် ယေရှု ဤသို့အထူးပြုမိန့်ဆိုခဲ့၏– ‘လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။’ (မဿဲ ၂၄:၃၊ ၁၄၊ ကဘ; မာကု ၁၃:၁၀) ကြီးမားသည့်အတားအဆီးများ၊ စိန်ခေါ်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုတို့ပင် ကြုံရငြား ဤတာဝန်ကြီး ပြီးမြောက်မည်ဖြစ်ကြောင်း ကိုယ်တော်ရှင်းပြခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ကိုယ်တော် ဤသို့အာမခံခဲ့သည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၉-၁၃) ယင်းသို့ဖြစ်ရန် ယေရှု၏ပုံဥပမာထဲမှ ကုန်သည်တင်ပြခဲ့သော ကိုယ်ကျိုးစွန့်မှုနှင့် ဆည်းကပ်မြှုပ်နှံမှုတို့ လိုအပ်သည်။ ဘုရားသခင့်နိုင်ငံတော်အတွက် အဆိုပါ ယုံကြည်ခြင်းနှင့် ထက်သန်မှုမျိုး တင်ပြသူများ ယနေ့ရှိပါသလော။
အမှန်တရားကိုရှာဖွေတွေ့ရှိခြင်းမှ ပျော်ရွှင်မှု
၄။ ဘုရားသခင့်နိုင်ငံတော်အမှန်တရားသည် ယနေ့ လူများအပေါ် အဘယ်အကျိုးသက်ရောက်သနည်း။
၄ ယေရှု၏ပုံဥပမာမှ ကုန်သည်မှာ “အလွန်အဖိုးထိုက်သည့်ပုလဲ” ကိုရှာတွေ့သည့်အခါ အလွန်ပျော်ရွှင်ခဲ့၏။ ဤပျော်ရွှင်မှုက ပုလဲကိုရရှိနိုင်ရန် အစွမ်းကုန်လုပ်ဆောင်ဖို့ သူ့အား စေ့ဆော်ပေးသည်။ (ဟေဗြဲ ၁၂:၁) ယနေ့ ဘုရားသခင်၊ ကိုယ်တော့်နိုင်ငံတော်နှင့်ပတ်သက်သော အမှန်တရားက အလားတူ လူများကိုဆွဲဆောင်ပြီး စေ့ဆော်ပေးသည်။ ဘုရားသခင်နှင့် လူသားတို့အတွက် ကိုယ်တော့်ရည်ရွယ်ချက်ကို ကိုယ်တိုင်ရှာဖွေခဲ့ပုံအကြောင်း ယုံကြည်ခြင်းချီတက်ပွဲစာအုပ်တွင် ရေးသားခဲ့သည့် ညီအစ်ကို အေ. အိတ်ခ်ျ. မက်ခ်မီလန်၏ မှတ်ချက်များကို ပြန်သတိရစေသည်။ သူဤသို့ဆိုထား၏– “ထောင်သောင်းချီတဲ့လူတွေဟာ နှစ်စဉ် ရှာတွေ့နေတုန်းပဲဆိုတာ ကျွန်တော်တွေ့ရတယ်။ သူတို့ဟာလည်း ခင်ဗျားနဲ့ ကျွန်တော်တို့လိုပဲ လူမျိုးအနွယ်အသီးသီး၊ ဘဝအဆင့်အတန်းအမျိုးမျိုးက လာကြပြီး အသက်အရွယ်မျိုးစုံရှိကြတယ်။ အမှန်တရားဟာ မျက်နှာမလိုက်ဘူး။ လူပေါင်းစုံကို ဆွဲဆောင်တယ်။”
၅။ ၂၀၀၄၊ လုပ်ငန်းတော်နှစ်တွင် အဘယ်ရလဒ်ကောင်းများ တွေ့မြင်ရသနည်း။
၅ တစ်နှစ်ပြီးတစ်နှစ် ထောင်သောင်းမကသော စိတ်ရိုးဖြောင့်သူများသည် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကြောင့် မိမိတို့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး ကိုယ်တော့်အလိုတော် ထမ်းဆောင်ရန် စေ့ဆော်ခံရခြင်းက ဤစကားများမှန်ကန်ကြောင်း တွေ့မြင်ရလေသည်။ ၂၀၀၃၊ စက်တင်ဘာလမှ ၂၀၀၄၊ ဩဂုတ်လအထိကြာသည့် ၂၀၀၄ လုပ်ငန်းတော်နှစ်သည်လည်း ထိုသို့ပင် ပြသနေသည်။ ထို ၁၂ လအတွင်း လူပေါင်း ၂၆၂,၄၁၆ သည် ရေတွင် နှစ်ခြင်းခံခြင်းအားဖြင့် မိမိတို့အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံကြောင်း လူသိရှင်ကြား ဖော်ပြခဲ့ကြသည်။ နိုင်ငံပေါင်း ၂၃၅ နိုင်ငံတွင် ဤသို့ပင်ဖြစ်နေသည်၊ ထိုနိုင်ငံများရှိ ယေဟောဝါသက်သေတို့သည် ဘဝအဆင့်အတန်း၊ လူအမျိုးအနွယ်နှင့် ဘာသာစကားအသီးသီးမှ လူတို့အား ဘုရားသခင့်နှုတ်မြွက်တော်မှ အသက်ပေးအမှန်တရားရရှိအောင် ကူညီနိုင်ရန် ပတ်စဉ် အိမ်တွင်းကျမ်းစာသင်အံမှု ၆,၀၈၅,၃၈၇ ကျင်းပနေကြသည်။—ဗျာ. ၇:၉။
၆။ နှစ်များတစ်လျှောက် မှန်မှန်တိုးတက်နေခြင်းသည် အဘယ်အကြောင်းများကြောင့်နည်း။
၆ ယင်းတို့ကို အဘယ်အရာက ဖြစ်မြောက်စေခဲ့သနည်း။ ယေဟောဝါသည် ဤစိတ်ထားမှန်သူများကို မိမိထံဆွဲဆောင်နေသည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ (ယောဟန် ၆:၆၅; တမန်တော် ၁၃:၄၈) သို့သော် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ကြိုးစားရာတွင် မိမိတို့ကိုယ်ကို အသုံးတော်ခံနေသူများ၏ ကိုယ်ကျိုးစွန့်စိတ်ဓာတ်နှင့် လုံ့လစိုက်ကြိုးစားမှုတို့သည်လည်း မသေးလှပေ။ အသက် ၇၉ နှစ်အရွယ် ညီအစ်ကို မက်ခ်မီလန်က ဤသို့ရေးခဲ့သည်– “ဖျားနာပြီး သေဆုံးနေရတဲ့ လူသားတွေအတွက် ကမ်းလှမ်းထားတဲ့ကတိတော်ကို ဦးဆုံးသိခဲ့တဲ့အချိန်ကစပြီး ကျမ်းစာမှာ ဖွင့်ပြထားတဲ့ အဲ့ဒီသတင်းတရားအပေါ် ကျွန်တော့်ရဲ့မျှော်လင့်ချက် မှေးမှိန်မသွားခဲ့ဘူး။ အဲဒီအချိန်မှာပဲ အတိုင်းအဆမဲ့တန်ခိုးရှင် ယေဟောဝါဘုရားသခင်၊ လူသားတို့အပေါ် ကိုယ်တော်ရဲ့ ကောင်းမြတ်လှတဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အသိပညာကို ရှာဖွေနေတဲ့ ကျွန်တော့်လိုလူတွေကို ကူညီဖို့ ကျမ်းစာသွန်သင်ချက်တွေအကြောင်း ပိုသိရှိအောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။”
၇။ ကျမ်းစာအမှန်တရားကို ရှာဖွေနေသူများ၏ ပျော်ရွှင်မှုနှင့်စိတ်အားထက်သန်မှုကို အဘယ်တွေ့ကြုံမှုက ဖော်ပြပေးသနည်း။
၇ ထိုထက်သန်သည့်စိတ်ထားကို ယနေ့ ယေဟောဝါ၏ ကျေးကျွန်များ အလယ်တွင်လည်း တွေ့မြင်နေရသည်။ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမှ ဒယ်နီယယ်လာ၏နမူနာကို သုံးသပ်ကြည့်ပါ။ သူဤသို့ပြောခဲ့သည်– “ကျွန်မ ကလေးဘဝကတည်းက ဘုရားသခင်ဟာ ကျွန်မရဲ့ အကောင်းဆုံးမိတ်ဆွေ ဖြစ်လာခဲ့တယ်။ ‘ဘုရားသခင်’ လို့ပဲဆိုလိုက်ရင် ကျွန်မအတွက် တကယ်စိမ်းနေတာကြောင့် ကိုယ်တော်နာမကို အမြဲသိချင်နေတယ်။ ကျွန်မ အသက် ၁၇ နှစ်အရွယ်၊ ယေဟောဝါသက်သေတွေ အိမ်ကိုရောက်လာတဲ့အချိန်အထိ စောင့်ခဲ့ရတယ်။ ဘုရားသခင်နဲ့ပတ်သက်ပြီး ကျွန်မသိချင်တာအားလုံးကို သူတို့ရှင်းပြပေးတယ်။ နောက်ဆုံးမှာ အမှန်တရားကိုတွေ့ရှိခဲ့ပြီး တကယ့်ကို အံ့သြပီတိဖြစ်ခဲ့ရတယ်! လူတိုင်းကို စပြီးဟောပြောရလို့ အရမ်းစိတ်လှုပ်ရှားခဲ့တယ်။” သူ၏စိတ်ထက်သန်စွာချဉ်းကပ်မှုကြောင့် မကြာမီ ကျောင်းနေဖက်များ၏ လှောင်ပြောင်မှုခံခဲ့ရသည်။ “ကျွန်မအတွက်တော့ ဒါဟာ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံတာကို မြင်တွေ့ရသလိုပါပဲ။ ယေရှုက နောက်လိုက်တွေဟာ မိမိနာမအတွက် မုန်းတီးခံရ၊ နှိပ်စက်ညှဉ်းပန်းခံရမယ်လို့ မိန့်မှာထားတာ ကျွန်မ သိထားတယ်လေ။ ကျွန်မ သိပ်ပျော်ရွှင်ပြီး အံ့အားသင့်ခဲ့ရတယ်” ဟု ဒယ်နီယယ်လာက ဆက်ပြောခဲ့သည်။ မကြာမီ ဒယ်နီယယ်လာသည် မိမိအသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံကာ နှစ်ခြင်းခံပြီး ခရစ်ယာန်သာသနာပြုလုပ်ငန်းထဲဝင်ရောက်ဖို့ ပန်းတိုင်စချခဲ့သည်။ သူလက်ထပ်ပြီးနောက် ခင်ပွန်းဖြစ်သူ ဟဲလ်မွတ်နှင့်အတူ ဗီယင်နာတွင်နေထိုင်ကြသည့် အာဖရိကန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် အိန္ဒိယလူမျိုးများကို စ၍ဟောပြောလေသည်။ ဒယ်နီယယ်လာနှင့် ဟဲလ်မွတ်တို့သည် ယခု အာဖရိက အနောက်တောင်ပိုင်းတွင် ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်နေကြသည်။
သူတို့ လက်မလျော့ကြ
၈။ ဘုရားသခင်ကိုချစ်သောမေတ္တာနှင့် ဘုရားသခင့်နိုင်ငံတော်အပေါ် တည်ကြည်ကြောင်း များစွာသောသူတို့ ပြသကြသည့် ကောင်းချီးရနည်းလမ်းတစ်ခုကား အဘယ်နည်း။
၈ ခရစ်ယာန်သာသနာပြုလုပ်ငန်းသည် ယနေ့ ယေဟောဝါ၏လူမျိုးတော်က ဘုရားသခင်ကိုချစ်သောမေတ္တာနှင့် ကိုယ်တော့်နိုင်ငံတော်အပေါ် တည်ကြည်ကြောင်း ဖော်ပြသည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ ယေရှု၏ပုံဥပမာထဲမှ ကုန်သည်ကဲ့သို့ ဤလုပ်ငန်းထဲ ဝင်ရောက်သူများသည် ဘုရားသခင်၏နိုင်ငံတော်အတွက် ရပ်ဝေးမြေခြားဒေသများသို့ လိုလိုလားလား သွားရောက်ခဲ့ကြသည်။ အမှန်မှာ ဤခရစ်ယာန်သာသနာပြုများသည် ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းကိုရှာဖွေရန် ခရီးသွားခြင်းမဟုတ်ဘဲ ယင်းကို ကမ္ဘာ့အစွန်အဖျားတွင် နေထိုင်သူများထံ သယ်ဆောင်သွားပြီး ယေရှုခရစ်၏ တပည့်များဖြစ်လာရန် သွန်သင်ကူညီပေးနေကြခြင်းဖြစ်သည်။ (မဿဲ ၂၈:၁၉၊ ၂၀) နိုင်ငံများစွာတွင် သူတို့သည် မကြုံဖူးသည့်အခက်အခဲများကိုလည်း ခံရပ်ခဲ့ကြသည်။ သို့သော် သူတို့၏ခံနိုင်ရည်ကြောင့် ကြွယ်ဝစွာကောင်းချီးခံစားခဲ့ရသည်။
၉၊ ၁၀။ ဗဟိုအာဖရိကသမ္မတနိုင်ငံကဲ့သို့သော ရပ်ဝေးမြေခြားဒေသများရှိ ခရစ်ယာန်သာသနာပြုများခံစားရသည့် စိတ်လှုပ်ရှားဖွယ် တွေ့ကြုံမှုများကား အဘယ်နည်း။
၉ ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လွန်ခဲ့သည့်နှစ်က ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်သူ ၁၆,၁၈၄ ယောက်ရှိခဲ့ရာ ထိုနိုင်ငံရှိ ဘုရားသခင့်နိုင်ငံတော် ကြေညာသူအရေအတွက်၏ ခုနစ်ဆခန့်ဖြစ်သည်။ ထိုနိုင်ငံရှိ ဒေသများစွာတွင် လျှပ်စစ်မီးမရှိသောကြောင့် လူများသည် အိမ်အပြင်ဘက် သစ်ပင်ရိပ်အောက်တွင် သူတို့၏နေ့စဉ်အိမ်မှုကိစ္စများကို ဆောင်ရွက်လေ့ရှိကြသည်။ ထို့ကြောင့် ခရစ်ယာန်သာသနာပြုများလည်း ဟောပြောခြင်းလုပ်ငန်းကို ထိုနည်းအတိုင်းလုပ်ဆောင်ပြီး အရိပ်ကောင်းသောသစ်ပင်အောက်တွင် ကျမ်းစာသင်အံမှုများ ကျင်းပကြသည်။ အိမ်အပြင်ဘက်တွင် သာ၍လင်းပြီး အေးမြသည်သာမက နောက်ထပ်အကျိုးတစ်ခုလည်း ရရှိသည်။ လူများသည် အားကစားအကြောင်း၊ မိုးလေဝသအကြောင်း မက်မက်မောမော ဆွေးနွေးပြောဆိုလေ့ရှိသကဲ့သို့ ဤနိုင်ငံသားတို့၏သဘာဝမှာ သမ္မာကျမ်းစာကို အလွန်မြတ်နိုးကြပြီး ဘာသာရေးအကြောင်းများ ဆွေးနွေးရခြင်းကို နှစ်သက်ကြသည်။ ဤသို့ကျမ်းစာသင်နေသည်ကို ဖြတ်သွားသူအများက သတိပြုမိပြီး လေ့လာမှုတွင် ပါဝင်လာကြသည်။
၁၀ ထို့ကြောင့် ခရစ်ယာန်သာသနာပြုတစ်ဦးသည် အိမ်အပြင်ဘက်တွင် ကျမ်းစာသင်အံမှု ကျင်းပနေစဉ် လမ်းတစ်ဖက်တွင်နေထိုင်သော လူငယ်တစ်ဦးရောက်လာပြီး ယခင်က သူ့ထံသို့ တစ်ခါမျှမလာဖူးသည့်အတွက် သူ့ထံလာပြီး ကျမ်းစာသင်ပေးစေလိုကြောင်း ပြောခဲ့သည်။ ခရစ်ယာန်သာသနာပြုလည်း ဝမ်းသာအားရ သဘောတူလိုက်ပြီး လူငယ်လေးမှာ အမြန်တိုးတက်လာခဲ့သည်။ ထိုနိုင်ငံရှိ ရဲများသည် လမ်းပေါ်တွင် သက်သေခံများကို လက်ပြရပ်တန့်စေသည်၊ စခန်းသို့ဆင့်ခေါ်ရန် သို့မဟုတ် ဒဏ်ငွေရိုက်ရန်မဟုတ်ဘဲ နောက်ဆုံးထုတ် ကင်းမျှော်စင်နှင့် နိုးလော့!မဂ္ဂဇင်းများကို တောင်းယူကာ သူတို့အလွန်နှစ်သက်သည့် ဆောင်းပါးများအတွက် ကျေးဇူးတင်ကြောင်းပြောရန်ဖြစ်သည်။
၁၁။ အခက်အခဲများရှိငြား သက်တမ်းကြာ ခရစ်ယာန်သာသနာပြုများသည် မိမိတို့အမှုဆောင်ခြင်းနှင့်ပတ်သက်ပြီး မည်သို့ခံစားခဲ့ရသနည်း။
၁၁ လွန်ခဲ့သည့်အနှစ် ၄၀၊ ၅၀ ကတည်းက ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် စတင်လုပ်ဆောင်ခဲ့သူများစွာသည် သစ္စာရှိရှိ ထမ်းဆောင်နေကြဆဲဖြစ်၏။ ကျွန်ုပ်တို့အားလုံးအတွက် ယုံကြည်ခြင်းနှင့် မဆုတ်မနစ်ဇွဲတို့တွင် အလွန်ကောင်းသောပုံသက်သေပင်! မောင်နှံတစ်စုံသည် ခရစ်ယာန်သာသနာပြုများအဖြစ် နိုင်ငံသုံးခုတွင် ၄၂ နှစ်ကြာအတူ အမှုဆောင်ခဲ့ကြသည်။ ခင်ပွန်းက ဤသို့ဆိုသည်– “အခက်အခဲတွေအများကြီးတွေ့ခဲ့တယ်။ ဥပမာ၊ ကျွန်တော်တို့ ၃၅ နှစ်လုံးလုံး ငှက်ဖျားရောဂါကို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ခရစ်ယာန်သာသာနာပြုဖြစ်ဖို့ ဆုံးဖြတ်ခဲ့တာကို နောင်တမရခဲ့ဘူး။” ဇနီးဖြစ်သူက ဤသို့ဆိုသည်– “အမြဲတမ်း ကျေးဇူးတင်စရာတွေ အများကြီးရှိတယ်။ လယ်ကွင်းဓမ္မအမှုမှာ ပျော်ရွှင်ပြီး ကျမ်းစာသင်အံမှုတွေစတင်ဖို့ လွယ်ကူစေတယ်။ ကျမ်းစာသင်သားတွေဟာ အစည်းအဝေးတွေ တက်ရောက်လာပြီး အချင်းချင်းသိကျွမ်းရင်းနှီးလာတာကို မြင်ရတဲ့အခါတိုင်း မိသားစုမိတ်ဆုံပွဲတစ်ခုလိုပါပဲ။”
သူတို့သည် “ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ထင်မှတ်”
၁၂။ လူတစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်၏တန်ဖိုးကို အမှန်လေးမြတ်တန်ဖိုးထားကြောင်း မည်သို့ဖော်ပြသနည်း။
၁၂ ကုန်သည်သည် အလွန်အဖိုးထိုက်သည့်ပုလဲကို တွေ့သောအခါ “သွား၍ မိမိရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်၏။” (မဿဲ ၁၃:၄၆) အဖိုးတန်ရာအဖြစ် ယူဆထားနိုင်သောအရာများကို ဤသို့ လိုလိုလားလား စွန့်လွှတ်လိုစိတ်သည် ဘုရားသခင့်နိုင်ငံတော်၏တန်ဖိုးကို အမှန်လေးမြတ်တန်ဖိုးထားသူတို့၏ စရိုက်လက္ခဏာဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်တွင် ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည့်သူတစ်ဦးအနေနှင့် တမန်တော်ပေါလု ဤသို့ပြောခဲ့၏– “ထိုမျှမက ငါ၏အရှင်သခင်ယေရှုကို သိကျွမ်းရခြင်းသည် အရာခပ်သိမ်းတို့ထက် တန်ဖိုးရှိသည်ဖြစ်၍ ယင်းတို့ကို ငါ့အားရှုံးစေသည့်အရာများဟူ၍ ငါထင်မှတ်၏။ ငါသည် ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကို စွန့်ပစ်ခဲ့၏။ ခရစ်တော်ကိုအမြတ်ရနိုင်ရန် . . . ထိုအရာများကို အမှိုက်သရိုက်ကဲ့သို့ ငါထင်မှတ်၏။”—ဖိလိပ္ပိ ၃:၈၊ ၉၊ သတင်းကောင်း။
၁၃။ ချက်သမ္မတနိုင်ငံမှ လူတစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်အတွက် မိမိ၏မေတ္တာကို မည်သို့ဖော်ပြခဲ့သနည်း။
၁၃ အလားတူပင် ယနေ့ လူများစွာသည် ဘုရားသခင့်နိုင်ငံတော်၏ ကောင်းချီးများခံစားနိုင်ရန် မိမိတို့၏အသက်တာတွင် ကြီးမားသောပြောင်းလဲမှုများ တလိုတလားပြုလုပ်ခဲ့ကြသည်။ ဥပမာ၊ ၂၀၀၃၊ အောက်တိုဘာတွင် ချက်သမ္မတနိုင်ငံရှိ အသက် ၆၀ အရွယ် ကျောင်းအုပ်ဆရာတစ်ဦးသည် ထာဝရအသက်ရစေသောအသိပညာ ဟူသည့် ကျမ်းစာသင်အံမှုအထောက်အကူပြုစာအုပ်ကို ရရှိခဲ့သည်။ ယင်းကိုဖတ်ရှုပြီးနောက် မိမိဒေသရှိယေဟောဝါသက်သေများနှင့် ချက်ချင်းဆက်သွယ်ကာ ကျမ်းစာလေ့လာခဲ့သည်။ သူသည် ဝိညာဉ်ရေးတွင် ကောင်းစွာတိုးတက်လာပြီး အစည်းအဝေးများအားလုံးကို စတင်တက်ရောက်ခဲ့သည်။ မြို့တော်ဝန်နှင့် ဆီးနိတ်လွှတ်တော်အမတ်အဖြစ် ဝင်၍အရွေးခံမည့် သူ၏စီမံကိန်းများကော အသို့နည်း။ သူသည် အသက်ပြေးပွဲတွင် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူအဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။ သူဤသို့ပြောခဲ့၏– “ကျွန်တော့်ကျောင်းသားတွေကို ကျမ်းစာစာပေများစွာ ဝေငှနိုင်ခဲ့တယ်။” သူသည် ၂၀၀၄၊ ဇူလိုင်လ၊ စည်းဝေးကြီး၌ ရေတွင် နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံ ဆက်ကပ်အပ်နှံကြောင်း တင်ပြခဲ့သည်။
၁၄။ (က) ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းက လူသန်းပေါင်းများစွာကို အဘယ်အရာလုပ်ဆောင်ရန် စေ့ဆော်ပေးခဲ့ပြီနည်း။ (ခ) အဘယ် အလေးအနက်ထားစရာမေးခွန်းများဖြင့် မိမိကိုယ်ကို မေးနိုင်သနည်း။
၁၄ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့လည်း ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို အလားတူတုံ့ပြန်ခဲ့ကြသည်။ သူတို့သည် ဆိုးညစ်သည့်လောကမှ ထွက်ခဲ့ကြသည်၊ လူဟောင်းကို ချွတ်ပယ်ကာ ယခင်အပေါင်းအသင်းများကို စွန့်ခွာပြီး လောကလိုက်စားရာများကို စွန့်လွှတ်ခဲ့ကြသည်။ (ယောဟန် ၁၅:၁၉; ဧဖက် ၄:၂၂-၂၄; ယာကုပ် ၄:၄; ၁ ယောဟန် ၂:၁၅-၁၇) ယင်းတို့ကို အဘယ်ကြောင့် သူတို့လုပ်ဆောင်ခဲ့သနည်း။ လက်ရှိအစီအစဉ်စနစ်မှ သူတို့ ရရှိနိုင်သည့် မည်သည့်အရာထက်မဆို ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို အတိုင်းထက်အလွန် တန်ဖိုးထားကြ၍ဖြစ်၏။ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းနှင့်ပတ်သက်၍ အသင်ကော ထပ်တူခံစားရပါသလော။ သင့်ဘဝပုံစံ၊ တန်ဖိုးထားရာ၊ ပန်းတိုင်တို့ကို ယေဟောဝါတောင်းဆိုထားရာနှင့် ကိုက်ညီစေရန် လိုအပ်သည့်ပြုပြင်ပြောင်းလဲမှုများလုပ်ရန် ယင်းသတင်းကောင်းက စေ့ဆော်ပါသလော။ ယင်းသို့ပြုလုပ်ခြင်းဖြင့် ယခုနှင့်အနာဂတ်တွင် ကောင်းချီးများကြွယ်ဝစွာ ခံစားရပါလိမ့်မည်။
ရိတ်သိမ်းခြင်း အထွတ်အထိပ်ရောက်ရှိ
၁၅။ နောက်ဆုံးကာလတွင် ဘုရားသခင့်လူမျိုးတော် ပြုလုပ်မည့်အရာကို အဘယ်သို့ပရောဖက်ပြုထားသနည်း။
၁၅ ‘တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကိုယ်တော်၏လူတို့သည် မိမိတို့ကိုယ်ကို စိတ်ရောကိုယ်ပါ ပေးဆက်ကြ’ သည်ဟု ဆာလံဆရာရေးသားထားသည်။ ထိုသို့ မိမိကိုယ်ကိုပေးဆက်သူများတွင် “လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ဖြစ်” ပြီး ‘သတင်းကောင်းပြောသောမိန်းမ တပ်မဟာကြီး’ ပါဝင်ကြသည်။ (ဆာလံ ၆၈:၁၁၊ ကဘ; ၁၁၀:၃၊ ကဘ) ဤနောက်ဆုံးကာလတွင် ယေဟောဝါ၏လူမျိုးတော်—ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်တို့—၏ ဝီရိယထုတ်၊ ကိုယ်ကျိုးစွန့်မှုတို့ကြောင့် အဘယ်အကျိုးရလဒ် ရရှိခဲ့သနည်း။
၁၆။ ဘုရားသခင့်ကျေးကျွန်တို့သည် ကိုယ်တော့်နိုင်ငံတော်အကြောင်း အခြားသူများသိရှိနိုင်ဖို့ ကူညီရာတွင် မည်သို့ကြိုးစားနေကြောင်း ဥပမာတစ်ခုပေးပါ။
၁၆ အိန္ဒိယနိုင်ငံမှ ရှေ့ဆောင် သို့မဟုတ် အချိန်ပြည့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦးသည် ထိုနိုင်ငံရှိ နားမကြားသူ နှစ်သန်းကျော်အား ဘုရားသခင့်နိုင်ငံတော်အကြောင်း သိရှိနိုင်ရန် မည်သို့ကူညီရမည်ကို တွေးပူမိခဲ့သည်။ (ဟေရှာယ ၃၅:၅) သူသည် လက်ဟန်ပြဘာသာစကားသင်ယူရန် ဘန်ဂလိုရှိကျောင်းတွင် စာရင်းသွင်းဖို့ ဆုံးဖြတ်လိုက်သည်။ ထိုတွင် သူသည် နားမကြားသူများစွာကို ဘုရားသခင့်နိုင်ငံတော် မျှော်လင့်ချက်အကြောင်း ဝေမျှနိုင်ခဲ့ပြီး ကျမ်းစာသင်အံမှုအုပ်စုများ ဖြစ်ပေါ်လာသည်။ အပတ်အနည်းငယ်အတွင်း လူတစ်ဒါဇင်ကျော်သည် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများကို စတင်တက်ရောက်ခဲ့ကြသည်။ နောက်ပိုင်း မင်္ဂလာဧည့်ခံပွဲတစ်ခုတွင် ဤရှေ့ဆောင်သည် ကာလကတ္တားမှ နားမကြားသောလူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့ရာ ထိုသူသည် မေးခွန်းများစွာမေးမြန်းပြီး ယေဟောဝါအကြောင်း အလွန်သိရှိလိုသူဖြစ်၏။ သို့သော် ပြဿနာရှိနေသည်။ လူငယ်မှာ ကောလိပ်ကျောင်းတက်ရန် မိုင် ၁,၀၀၀ ဝေးသော ကာလကတ္တားသို့ ပြန်ရတော့မည်၊ ထိုတွင် လက်ဟန်ပြဘာသာစကားတတ်သူ သက်သေခံတစ်ဦးမျှ မရှိချေ။ ကျမ်းစာဆက်လေ့လာနိုင်ရေးအတွက် ဘန်ဂလိုတွင် ကျောင်းတက်ခွင့်ပြုပါရန် ဖခင်ဖြစ်သူကို ကြိုးစားဖျောင်းဖျနိုင်ခဲ့သည်။ သူသည် ဝိညာဉ်ရေးတွင် ကောင်းစွာတိုးတက်လာကာ တစ်နှစ်ကျော်ကြာပြီးနောက် မိမိအသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံရန် ဆုံးဖြတ်လိုက်သည်။ သူသည် ငယ်သူငယ်ချင်းတစ်ဦးအပါအဝင် နားမကြားသူများစွာကို ကျမ်းစာသင်ပေးလေသည်။ ယခု အိန္ဒိယနိုင်ငံ၊ ဌာနခွဲရုံးက ထိုလယ်ကွင်းတွင် ကူညီရန် လက်ဟန်ပြဘာသာစကားသင်ကြားဖို့ ရှေ့ဆောင်များကို စီစဉ်ပေးနေပြီ။
၁၇။ စာမျက်နှာ ၁၉ မှ ၂၂ တွင်ပါသော ၂၀၀၄၊ လုပ်ငန်းတော်နှစ်နှင့်ပတ်သက်၍ သင်တွေ့ရှိရသည့် အလွန်အားရှိစရာကို ပြန်ပြောပြပါ။
၁၇ ဤမဂ္ဂဇင်း၏စာမျက်နှာ ၁၉ မှ ၂၂ တွင် ၂၀၀၄၊ လုပ်ငန်းတော်နှစ်အတွက် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ လယ်ကွင်းလုပ်ငန်းမှတ်တမ်းကို တွေ့ရပါလိမ့်မည်။ အချိန်အနည်းငယ်ယူပြီး ယင်းကိုဆန်းစစ်ပါ၊ ယနေ့ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူမျိုးသည် “အလွန်အဖိုးထိုက်သောပုလဲ” ကိုရှာဖွေရေးတွင် အလွန်ကြိုးပမ်းနေသည့်သာဓကကို ကိုယ်တိုင်ကြည့်ရှုပါလေ။
‘ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးစွာ ဆက်၍ရှာခြင်း’
၁၈။ ယေရှုသည် ကုန်သည်ပုံဥပမာတွင် အဘယ်အချက်အလက်ကို မဖော်ပြဘဲထားခဲ့သနည်း၊ အဘယ့်ကြောင့်နည်း။
၁၈ ယေရှု၏ကုန်သည်ပုံဥပမာကို ပြန်၍သုံးသပ်ကြည့်လျှင် ကုန်သည်သည် မိမိ၌ရှိသမျှကို ရောင်းချပြီးနောက် မည်သို့ အသက်မွေးဝမ်းကျောင်းပြုသွားကြောင်း ယေရှု ဘာမျှမပြောခဲ့သည်ကို ကျွန်ုပ်တို့ သတိပြုမိကြသည်။ အချို့က လက်တွေ့ကျကျ ဤသို့ မေးပေမည်– ‘ကုန်သည်မှာ ဘာမျှမကျန်မှတော့ အခု သူရဲ့စားဝတ်နေရေးအတွက် ဘယ်လိုလုပ်မလဲ။’ ‘ဒီအဖိုးတန်တဲ့ပုလဲက သူ့အတွက် ဘာအကျိုးရှိမှာလဲ။’ ကာယပိုင်းရှုထောင့်မှကြည့်လျှင် ဤမေးခွန်းများသည် ကျိုးကြောင်းဆီလျော်ပါသည်။ သို့သော် ယေရှုက မိမိတပည့်များအား– “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” ဟု မတိုက်တွန်းခဲ့ပေလော။ (မဿဲ ၆:၃၁-၃၃) ဤပုံဥပမာ၏အဓိကအချက်မှာ ဘုရားသခင်အား နှလုံးအကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုနှင့် ကိုယ်တော့်နိုင်ငံတော်အတွက် ထက်သန်မှုတို့ တင်ပြရန်လိုအပ်ချက်ဖြစ်သည်။ ယင်းတွင် ကျွန်ုပ်တို့အတွက် သင်ခန်းစာယူစရာရှိသလော။
၁၉။ ယေရှု၏ အလွန်အဖိုးထိုက်သောပုလဲပုံဥပမာမှ အဘယ်အရေးကြီးသင်ခန်းစာကို ကျွန်ုပ်တို့သင်ယူနိုင်သနည်း။
၁၉ ကျွန်ုပ်တို့သည် အလွန်ကောင်းမြတ်လှသည့်သတင်းကို သင်ယူကာစပင်ဖြစ်စေ၊ ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ကြိုးစားခဲ့ပြီး ယင်း၏ကောင်းချီးများကို အခြားသူများအား ပြောပြခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်စေ၊ ဘုရားသခင့်နိုင်ငံတော်ကို ဆက်၍ စိတ်ဝင်တစား အာရုံစူးစိုက်ထားရမည်။ ဤအချိန်သည် ခဲယဉ်းကျပ်တည်းသောအချိန်ဖြစ်သော်လည်း ပုလဲကိုရှာတွေ့ခဲ့သည့် ကုန်သည်ကဲ့သို့ ကျွန်ုပ်တို့လိုက်စားရာသည် စစ်မှန်ပြီး တုနှိုင်းမရသောအရာဖြစ်ကြောင်း ယုံကြည်စရာ ခိုင်လုံသောအကြောင်းများရှိပါသည်။ ကမ္ဘာ့ဖြစ်ရပ်များနှင့် ပြည့်စုံခဲ့ပြီးသော ကျမ်းစာပရောဖက်ပြုချက်များက ကျွန်ုပ်တို့သည် ‘ဤစနစ်ဆုံးခန်း’ တွင်အသက်ရှင်နေကြောင်း အခိုင်အမာသက်သေထူနေသည်။ (မဿဲ ၂၄:၃၊ ကဘ) ကုန်သည်နည်းတူ ကျွန်ုပ်တို့လည်း ဘုရားသခင့်နိုင်ငံတော်အတွက် နှလုံးအပြည့်ဖြင့် စိတ်အားထက်သန်မှုပြကာ သတင်းကောင်းကြွေးကြော်ရသည့် အခွင့်ထူးကြောင့် ရွှင်မြူးအားရကြောင်း တင်ပြကြပါစို့။—ဆာလံ ၉:၁-၃။
သင်မှတ်မိသလော
• နှစ်များတစ်လျှောက် အဘယ်အရာက စစ်မှန်သောဝတ်ပြုသူများကို တိုးများစေခဲ့သနည်း။
• ခရစ်ယာန်သာသနာပြုများအဖြစ် အမှုဆောင်နေသူတို့အလယ်တွင် အဘယ်စိတ်ဓာတ်ကို တွေ့ မြင်ရသနည်း။
• လူများသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းအတွက် အဘယ်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသနည်း။
• ယေရှု၏ အလွန်အဖိုးထိုက်သောပုလဲပုံဥပမာမှ အဘယ်အဖိုးတန်သင်ခန်းစာကို ကျွန်ုပ်တို့သင်ယူနိုင်ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၉_၂၂ ပါ ဇယား/ ရုပ်ပုံ]
ကမ္ဘာချီယေဟောဝါသက်သေများ၏ ၂၀၀၄ ခုနှစ်လုပ်ငန်းတော်မှတ်တမ်း
[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]
“သမ္မာတရားဟာ . . .လူပေါင်းစုံကို ဆွဲဆောင်တယ်။”—အေ. အိတ်ခ်ျ. မက်ခ်မီလန်
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ဒယ်နီယယ်လာနှင့် ဟဲလ်မွတ်တို့သည် ဗီယင်နာရှိ နိုင်ငံခြားဘာသာစကားပြောလယ်ကွင်းတွင် ဟောပြောခဲ့ကြ
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံများ]
ကုန်သည်နည်းတူ ယနေ့ ခရစ်ယာန်သာသနာပြုများသည်ကြွယ်ဝစွာ ကောင်းချီးခံစားခဲ့ရ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
‘ကိုယ်တော်၏လူတို့သည် မိမိတို့ကိုယ်ကို စိတ်ရောကိုယ်ပါ ပေးဆက်ကြမည်’