မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါသည် ဖြောင့်မတ်ရာကို အမြဲလုပ်ဆောင်တော်မူ

ယေဟောဝါသည် ဖြောင့်မတ်ရာကို အမြဲလုပ်ဆောင်တော်မူ

ယေဟောဝါ​သည် ဖြောင့်မတ်​ရာ​ကို အမြဲ​လုပ်ဆောင်​တော်​မူ

‘ထာဝရ​ဘုရားသခင်​သည် နည်းလမ်းတော်​ရှိသမျှ​၌ ဖြောင့်မတ် . . . တော်​မူ​၏။’—ဆာလံ ၁၄၅:၁၇၊ သမ္မာ။

၁။ တစ်စုံ​တစ်ဦး​သည် သင်​နှင့်​ပတ်သက်​၍ တလွဲ​ထင်​နေလျှင် မည်သို့​တုံ့ပြန်​မည်​နည်း၊ အဆိုပါ​အဖြစ်အပျက်​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရယူ​နိုင်​သနည်း။

သင်​နှင့်​ပတ်သက်​၍ အမြဲ​တလွဲ​ထင်​ကာ အကြောင်းစုံ​မသိဘဲ​လျက် သင့်​လုပ်ဆောင်မှုများ သို့​မဟုတ် ရည်ရွယ်ချက်များ​ကို သံသယဝင်​နေ​သူ တစ်စုံ​တစ်ဦး​ရှိသလော။ ထိုသို့​ဖြစ်​လျှင် သင် စိတ်ထိခိုက်​မည်​ဆို​လည်း စိတ်ထိခိုက်​လောက်​ပေ​သည်။ ယင်း​မှ အရေးကြီးသော​သင်ခန်းစာ​ကို ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည်– ကျွန်ုပ်​တို့သည် အကြောင်းစုံ​မသိ​သေး​ဘဲ​နှင့် အဆောတလျင် ကောက်ချက်​မချ​မိဖို့ ဖြစ်သည်။

၂၊ ၃။ မေးခွန်း​အားလုံး​အတွက် လုံလောက်​သော အသေးစိတ်​အဖြေ​မပါ​သည့် ကျမ်းစာ​မှတ်တမ်းများ​ကို အချို့​က မည်သို့​တုံ့ပြန်​ကြ​သနည်း၊ သို့​တိုင် သမ္မာကျမ်းစာ​က ယေဟောဝါ​နှင့်​ပတ်သက်​၍ အဘယ်​သို့​ဆို​သနည်း။

ယေဟောဝါ​ဘုရားသခင်​နှင့်​ပတ်သက်ပြီး ကောက်ချက်​များ​ချ​သည့်​အခါ ယင်း​သင်ခန်းစာ​ကို ကျွန်ုပ်​တို့ စိတ်ထဲ​စွဲမှတ်​ထား​သင့်​သည်။ အဘယ်ကြောင့်​နည်း။ အစပိုင်း​တွင် ရှုပ်ထွေး​ဟန်​ရှိသည့် ကျမ်းစာ​မှတ်တမ်း​အချို့​ရှိ​နေ၍​ဖြစ်သည်။ ဘုရားသခင်​အား​ဝတ်ပြုသူ​တချို့​၏ လုပ်ရပ်များ သို့​မဟုတ် အတိတ်​က ကိုယ်တော်​၏​တရား​စီရင်ချက်​များ​ဖြစ်​ကောင်း​ဖြစ်​မည့် ယင်း​မှတ်တမ်းများ​သည် ကျွန်ုပ်​တို့၏​မေးခွန်း​အားလုံး​အတွက် လုံလောက်​သော အသေးစိတ်​အဖြေ​ပါ​ချင်​မှ​ပါ​မည်။ ဝမ်းနည်းဖွယ်​မှာ အချို့​က ဤ​ကဲ့သို့​သော​မှတ်တမ်းများ​ကို လက်မခံနိုင်​ဘဲ ဘုရားသခင်​သည် ဖြောင့်မတ်ခြင်း​ရှိမရှိ၊ တရား​မျှတခြင်း​ရှိမရှိ​နှင့်​ပတ်သက်​၍ သံသယဝင်​ခဲ့​ကြသည်။ သို့​တိုင် ‘ထာဝရ​ဘုရားသခင်​သည် နည်းလမ်းတော်​ရှိသမျှ​၌ ဖြောင့်မတ် . . . တော်​မူ​၏’ ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ဆာလံ ၁၄၅:၁၇သမ္မာ) ကိုယ်တော်​သည် ‘မကောင်းမှုကို ပြု​တော်​မ​မူ’ ကြောင်း သမ္မာကျမ်းစာ​က အာမခံ​ထား​သည်။ (ယောဘ ၃၄:၁၂; ဆာလံ ၃၇:၂၈) ကိုယ်တော်​နှင့်​ပတ်သက်​၍ အခြားသူများ​က တလွဲ​ကောက်ချက်​ချ​ကြသောအခါ ကိုယ်တော် မည်သို့​ခံစားရ​မည်​ကို စဉ်းစား​ကြည့်​ပါ!

ဘုရားသခင့်​စီရင်ချက်​များ​ကို လက်ခံသင့်​သည့် အကြောင်းရင်း​ငါး​ခု​ကို သုံးသပ်ကြည့်​ကြ​စို့။ ထို့နောက် ထို​အကြောင်းရင်း​များ​ကို စိတ်​စွဲမှတ်​ထားပြီး အချို့​အတွက် နားလည်​ရ​ခက်ခဲ​နိုင်​သည့် ကျမ်းစာ​မှတ်တမ်း​နှစ်ခု​ကို ဆန်းစစ်​ကြည့်​ကြ​မည်။

ယေဟောဝါ​၏​စီရင်ချက်​များ​ကို အဘယ်ကြောင့် လက်ခံရ

၄။ ဘုရားသခင်​၏​လုပ်ဆောင်မှုများ​ကို သုံးသပ်​သည့်​အခါ ကျွန်ုပ်​တို့သည် အဘယ်ကြောင့်​ကျိုးနွံ​မှု​ရှိ​သင့်​သနည်း။ ဥပမာ​ပေး​ပါ။

ဦးဆုံး၊ ယေဟောဝါ​သည် ပတ်သက်​နေသည့်​အကြောင်းစုံကို သိရှိ​တော်​မူ​ပြီး ကျွန်ုပ်​တို့​မှာ ထိုသို့​မသိကြ​သောကြောင့် ကိုယ်တော့်​လုပ်ဆောင်မှုများ​ကို စဉ်းစား​သုံးသပ်​သည့်​အခါ ကျိုးနွံ​မှု​ရှိ​သင့်​သည်။ ဥပမာ​ပေး​ရ​လျှင် ဘက်မလိုက် ဆုံးဖြတ်ချက်​ချ​ရာ​တွင် နာမည်​ကျော်​သည့် တရားသူကြီး​တစ်ဦး တရားရေး​အမှုအခင်း​တစ်ခု​၌ စီရင်ချက်​တစ်ခု​ချ​လိုက်​သည်ကို မြင်ယောင်​ကြည့်​ပါ။ အကြောင်းစုံကို​မသိ သို့​မဟုတ် သက်ဆိုင်ရာ ဥပဒေ​ကြောင်း​များ​ကို အမှန်​နားမလည်​သူ​တစ်ဦး​က ဤ​တရားသူကြီး​၏ ဆုံးဖြတ်ချက်​များ​ကို အပြစ်ရှာ​ဝေဖန်ခြင်း​နှင့်​ပတ်သက်​၍ သင်​မည်သို့​ယူဆ​မည်​နည်း။ လူတစ်ဦး​သည် ကိစ္စရပ်​တစ်ခု​ကို အပြည့်အဝ​မသိဘဲ​လျက် ပြစ်တင်​ဝေဖန်ခြင်း​သည် မိုက်မဲ​ရာ​ရောက်​ပေမည်။ (သု. ၁၈:၁၃) လူသား​မျှ​သာ​ဖြစ်သူ​တို့​က “မြေ​တစ်ခွင်လုံး​၏​တရားသူကြီး” ကို အပြစ်ရှာ​ဝေဖန်ခြင်း​မှာ ပို​၍​မိုက်မဲ​လိုက်​လေ​ခြင်း!—ကမ္ဘာဦး ၁၈:၂၅က​ဘ။

၅။ လူ​အချို့​အပေါ် ဘုရားသခင့်​စီရင်ချက်​တို့​နှင့်​ပတ်သက်​၍ ကျမ်းစာ​မှတ်တမ်းများ​ကို ဖတ်ရှု​သည့်​အခါ အဘယ်အရာကို မမေ့​သင့်​သနည်း။

ဘုရားသခင့်​စီရင်ချက်​များ​ကို လက်ခံသင့်​သည့် ဒုတိယ​အကြောင်းရင်း​မှာ ဘုရားသခင်​သည် လူသား​တို့​နှင့်​မတူဘဲ နှလုံးကို သိမြင်​နိုင်သော​ကြောင့်​ဖြစ်သည်။ (၁ ဓမ္မ​ရာဇဝင် ၁၆:၇) ကိုယ်တော့်​နှုတ်မြွက်တော်​က ဤသို့​ဆို​သည်– ‘ငါ​ထာဝရ​ဘုရားသခင်​သည် လူ​အသီးသီး​တို့အား မိမိတို့​အကျင့်​အတိုင်း မိမိတို့​ခံထိုက်သော အကျိုးအပြစ်​ကို​ပေးခြင်း​ငှာ နှလုံး​ကျောက်ကပ်​တို့ကို စေ့စေ့​စစ်ကြော​တတ်၏။’ (ယေရမိ ၁၇:၁၀) ထို့​ကြောင့် ကျွန်ုပ်​တို့သည် လူတချို့​အပေါ် ဘုရားသခင့်​စီရင်ချက်​များနှင့်​ပတ်သက်သော ကျမ်းစာ​မှတ်တမ်းများ​ကို ဖတ်ရှု​သည့်​အခါ ကိုယ်တော်​သည် အရာအားလုံးကို တွေ့မြင်​တော်​မူ​ပြီး မိမိ၏​နှုတ်မြွက်တော်​တွင် ဖော်ပြ​မထား​သော ဖုံးကွယ်​နေသည့် သဘောထားများ၊ ရည်ရွယ်ချက်များ​နှင့် ကြံရွယ်ချက်​များ​ကို ထည့်တွက်​စဉ်းစား​ကြောင်း မမေ့​ကြ​စို့​နှင့်။—၁ ရာဇဝင်ချုပ် ၂၈:၉

၆၊ ၇။ (က) ယေဟောဝါ​သည် အကြီးအကျယ် အဆုံးရှုံး​ခံရ​သည့်​တိုင် မိမိ၏​တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​စံနှုန်း​များ​ကို စွဲကိုင်​ထား​ကြောင်း မည်သို့​ပြ​ခဲ့​သနည်း။ (ခ) ဘုရားသခင်​သည် တရား​မျှတ​စွာ သို့​မဟုတ် ဖြောင့်မတ်​စွာ​လုပ်ဆောင်​၏​လော​ဟု အတွေး​ဝင်​စေသည့်​အကြောင်း​တစ်ခုခု ကျမ်းစာ​ထဲ​တွင် ဖတ်ရှု​ရသည့်​အခါ အဘယ်အရာကို ကျွန်ုပ်​တို့​သတိရ​သင့်​သနည်း။

ယေဟောဝါ​၏​စီရင်ချက်​များ​ကို လက်ခံသင့်​သည့် တတိယ​အကြောင်းရင်းကို သတိပြုပါ– ကိုယ်တော်​သည် အကြီးအကျယ် အဆုံးရှုံး​ခံရ​သည့်​တိုင် ကိုယ်တော်​၏ ဖြောင့်မတ်​သော​စံနှုန်း​များ​ကို စောင့်ထိန်း​တော်​မူ​သည်။ ဥပမာတစ်ခု​ကို သုံးသပ်ကြည့်​ပါ။ နာခံမှု​ရှိသော​လူသားများ​ကို အပြစ်​နှင့်​သေခြင်း​မှ လွတ်မြောက်​စေရန် မိမိ၏​သားတော်ကို ရွေးနုတ်ဖိုး​အဖြစ်​ပေး​ခဲ့​ရာ​တွင် ယေဟောဝါ​သည် မိမိ၏​တရား​မျှတခြင်း​နှင့် ဖြောင့်မတ်​သည့်​စံနှုန်း​များ​အတိုင်း လိုက်ခဲ့​၏။ (ရောမ ၅:၁၈၊ ၁၉) သို့​တိုင် မိမိ​ချစ်​မြတ်နိုးသည့်​သားတော်​သည် ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် ဝေဒနာ​ခံစား​ပြီး သေဆုံး​သွား​သည်ကို မြင်တွေ့ရ​ခြင်း​က ယေဟောဝါ​အား အလွန့်အလွန်​နာကျင်မှု ခံစားရ​စေ​သည်။ ယင်းက ဘုရားသခင်​အကြောင်း အဘယ်အရာ​သိစေ​သနည်း။ “ယေရှု​ခရစ်​ရွေးနုတ်​တော်​မူ” ခြင်း​နှင့်​ပတ်သက်ပြီး ကျမ်းစာ​က “[ဘုရားသခင်​၏] ဖြောင့်မတ်ခြင်း​တရားတော်​ကို ထင်ရှားစေ​ခြင်း​ငှာ” ဖြစ်သည်ဟု​ဖော်ပြ​ထား​သည်။ (ရောမ ၃:၂၄-၂၆) ရောမ ၃:၂၆ ကို နောက်​ဘာသာပြန်​ကျမ်း​တစ်ခု​တွင် ဤသို့​ဖတ်​ရသည်– “ကိုယ်တော်​သည် ဖြောင့်မတ်​တော်​မူ​သော​အရှင်ဖြစ်​ကြောင်းကို ပြသ​ရန်ဖြစ်​၏။” (ခေတ်သုံး) ရွေးနုတ်ဖိုး​ကို​စီစဉ်​နိုင်​ရန် ယေဟောဝါ လိုလိုလားလား​လုပ်ဆောင်​လို​သည့်​အတိုင်းအတာ​က ကိုယ်တော်​သည် “ဖြောင့်မတ်ခြင်း​တရားတော်​ကို” အလွန်​အလေးထားကြောင်း ဖော်ပြ​နေသည်။

ထို့​ကြောင့် ဘုရားသခင်​သည် မျှတ​စွာ သို့​မဟုတ် ဖြောင့်မတ်​စွာ​ပြုမူ​၏​လော​ဟု အတွေး​ဝင်​စေသည့် အကြောင်း​တစ်ခုခု ကျမ်းစာ​ထဲ​တွင် ဖတ်ရှု​ရသည့်​အခါ ယေဟောဝါ​သည် မိမိ၏​ဖြောင့်မတ်​သော​စံနှုန်း​များနှင့် တရား​မျှတမှုကို စောင့်စည်း​သောကြောင့် မိမိ​သားတော်ရင်းကို နာကျင်​သည့်​ဝေဒနာ​ခံစား​ပြီး သေဆုံး​စေဖို့​ပင် မ​နှမြော​ခဲ့​ကြောင်း သတိရ​သင့်​သည်။ ကိုယ်တော်​သည် အခြား​ကိစ္စ​များ​တွင် ထို​စံနှုန်း​များ​ကို အလျှော့ပေး​လိုက်​မည်​လော။ အမှန်​မှာ ယေဟောဝါ​သည် မိမိ၏​ဖြောင့်မတ်ခြင်း​နှင့် တရား​မျှတခြင်း​စံနှုန်း​များ​ကို ဘယ်တော့​မျှ ချိုးဖောက်​မည်​မဟုတ်ပါ။ ယေဟောဝါ​သည် အမြဲ​ပင် ဖြောင့်မတ်​မှန်ကန်​စွာ​ပြု​တော်​မူ​ကြောင်း စိတ်ချ​နိုင်​သည့်​အကြောင်းရင်း​များစွာ ရှိ​ထား​သည်။—ယောဘ ၃၇:၂၃

၈။ ယေဟောဝါ​သည် တရား​မျှတမှု​နှင့် ဖြောင့်မတ်မှု တစ်နည်း​နည်းဖြင့် ကင်းမဲ့​နေသည်​ဟု လူသားများ​အတွေး​ဝင်​ခြင်း​က အဘယ်ကြောင့် ရှေ့နောက်​မညီ​ဖြစ်​မည်​နည်း။

ယေဟောဝါ​၏​စီရင်​ဆုံးဖြတ်ချက်​များ​ကို လက်ခံသင့်​သည့် စတုတ္ထ​အချက်​ကို သုံးသပ်ကြည့်​ပါ– ယေဟောဝါ​သည် မိမိ​ပုံသဏ္ဌာန်​တော်​နှင့်​အညီ လူကို​ဖန်ဆင်း​တော်​မူ​သည်။ (ကမ္ဘာဦး ၁:၂၇) ထို့​ကြောင့် လူသား​တို့သည် တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​အသိတရား အပါအဝင် ဘုရားသခင်​တွင်​ရှိသည့် အရည်အသွေးများ​ဖြင့် ထည့်သွင်း​ဖန်ဆင်း​ခံ​ခဲ့​ရသည်။ ကျွန်ုပ်​တို့၏​တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​အသိတရား​က ယေဟောဝါ​တွင် အလားတူ​အရည်အသွေးများ တစ်နည်း​နည်းဖြင့် ကင်းမဲ့​နေကြောင်း ထင်မှတ်​စေပါ​က ရှေ့နောက်​မညီ​ဖြစ်​ပေမည်။ ကျမ်းစာ​မှတ်တမ်း​တစ်ခု​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​နေလျှင် ကျွန်ုပ်​တို့သည် အပြစ်​တရားကို အမွေခံ​ထား​ရ​၍ ဖြောင့်မတ်​မှန်ကန်​ရာ​နှင့်​ပတ်သက်သော ကျွန်ုပ်​တို့၏​အသိတရား​သည် စုံလင်မှု​မရှိကြောင်း သတိ​ရဖို့​လို​သည်။ ကျွန်ုပ်​တို့​ဖန်ဆင်း​ခံ​ထား​ရသည့် ပုံသဏ္ဌာန်​ပိုင်ရှင် ယေဟောဝါ​ဘုရားသခင်​သည် တရား​မျှတခြင်း​နှင့် ဖြောင့်မတ်ခြင်း​တွင် စုံလင်​တော်​မူ​သည်။ (တရားဟောရာ ၃၂:၄) လူသား​တို့သည် ဘုရားသခင်​ထက် ပို​၍​တရား​မျှတ၊ ဖြောင့်မတ်​နိုင်​သည်​ဟု စိတ်ကူး​ကြည့်​ခြင်း​ပင် ရ​ယ်​ဖွယ်​ကောင်း​လှ​ပေ​သည်!—ရောမ ၃:၄၊ ၅; ၉:၁၄

၉၊ ၁၀။ ယေဟောဝါ​တွင် လူသားများ​အပေါ် မိမိ၏​လုပ်ဆောင်မှုများ​နှင့်​ပတ်သက်​၍ ရှင်းပြ​ရန် သို့​မဟုတ် ထုချေ​ရှင်းလင်း​ရန် အဘ​ယ့်​ကြောင့်​တာဝန်​မရှိ​သနည်း။

ယေဟောဝါ​၏​စီရင်​ဆုံးဖြတ်ချက်​များ​ကို လက်ခံသင့်​သည့် ပဉ္စမ​အကြောင်းရင်း​မှာ ကိုယ်တော်​သည် ‘မြေကြီး​တစ်ပြင်လုံး​အပေါ်မှာ အမြင့်ဆုံး​သော​ဘုရားသခင်​ဖြစ်​တော်​မူ’ ၍​ဖြစ်သည်။ (ဆာလံ ၈၃:၁၈) သို့​ဖြစ်၍ ကိုယ်တော်​သည် လူသားများ​အပေါ် မိမိ၏​လုပ်ဆောင်မှုများ​နှင့်​ပတ်သက်​၍ ရှင်းပြ​ရန် သို့​မဟုတ် ထုချေ​ရှင်းလင်း​ရန် တာဝန်​မရှိပေ။ ကိုယ်တော်​သည် ကြီးမြတ်သော အိုးထိန်းရှင်​ဖြစ်​တော်​မူ​ပြီး ကျွန်ုပ်​တို့သည် အိုး​ပုံ​သွန်း​ခံရ​မည့် ရွှံ့​မြေများ​နှင့်​တူ​ရာ ကိုယ်တော်​ကြိုက်​နှစ်သက်ရာ​ပုံစံ ဖန်တီး​နိုင်​သည်။ (ရောမ ၉:၁၉-၂၁) ကိုယ်တော်​၏​လက်​မှ အိုး​ခွက်​များ​ဖြစ်သော ကျွန်ုပ်​တို့သည် အဘယ်​သို့​သော​သူ​ဖြစ်၍ ကိုယ်တော်​၏​ဆုံးဖြတ်ချက် သို့​မဟုတ် လုပ်ဆောင်ချက်များ​ကို မေးခွန်းထုတ်​ရသနည်း။ ဘိုးဘေး​ယောဘသည် လူသားတို့အား ဘုရားသခင်​၏​ဆက်ဆံပုံ​ကို နားလည်မှု​လွဲ​ခဲ့​သောအခါ ယေဟောဝါ​သည် သူ့​အား​တည့်မတ်​ရန် ဤသို့​ပြော​ခဲ့​သည်– “သင်သည် ငါ​တရား​စီရင်ချက်​ကို ပယ်​မည်​လော။ သင်သည် ကိုယ်တိုင်​ဖြောင့်မတ်​ဟန်​ရှိစေ​ခြင်း​ငှာ ငါ့ကို​အပြစ်ရှိ​သည်​ဟု စီရင်​မည်​လော။” ယောဘသည် နားမလည်​ဘဲ ပြောဆို​မိ​ကြောင်း သဘောပေါက်​သွား​ကာ နောက်ပိုင်း​တွင် နောင်တ​ရခဲ့​သည်။ (ယောဘ ၄၀:၈; ၄၂:၆) ကျွန်ုပ်​တို့သည် ဘုရားသခင်​အား အပြစ်ရှာ​မိ​သည့်​အမှား​မျိုး ဘယ်တော့​မျှ မကျူးလွန်​မိပါစေ​နှင့်!

၁၀ ရှင်း​နေသည်​မှာ ယေဟောဝါ​သည် ဖြောင့်မတ်​ရာ​ကို အမြဲ​လုပ်ဆောင်​တော်​မူ​ကြောင်း ခိုင်လုံ​သည့်​အကြောင်းရင်း​များ ကျွန်ုပ်​တို့​တွင် ရှိ​ထား​ကြသည်။ ယေဟောဝါ​၏​နည်းလမ်းတော်​များ​ကို နားလည်​နိုင်​ရန် ဤ​အခြေခံ​အကြောင်းရင်း​များနှင့်​အတူ အချို့​သူတို့ အတွေး​ရ​ခက်​စေနိုင်​သည့် ကျမ်းစာ​မှတ်တမ်း​နှစ်ခု​ကို ဆန်းစစ်​ကြည့်​ကြ​စို့။ ပထမ​တစ်ခု​မှာ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​တစ်ဦး၏ လုပ်ရပ်များနှင့်​ပတ်သက်ပြီး အခြား​တစ်ခု​မှာ ယေဟောဝါ​ကိုယ်တော်တိုင်​၏ စီရင်​ဆုံးဖြတ်ချက်​နှင့်​ပတ်သက်​နေသည်။

လောတ​သည် မိမိ၏​သမီး​များ​ကို ဒေါသ​ထွက်​နေသော လူရမ်းကားအုပ်​အား အဘယ်ကြောင့်​ပေးအပ်​ခဲ့

၁၁၊ ၁၂။ (က) ဘုရားသခင်​သည် လူ​ယောင်​ဖန်ဆင်း​ထားသော ကောင်းကင်တမန်​များ​ကို သောဒုံ​မြို့​သို့​စေလွှတ်​သည့်​အခါ ဖြစ်ပျက်​ခဲ့​ပုံ​ကို ပြောပြ​ပါ။ (ခ) ဤ​မှတ်တမ်း​ကြောင့် အချို့​သူများ​၏​စိတ်ထဲ အဘယ်​မေးခွန်းများ ပေါ်ပေါက်​လာ​သနည်း။

၁၁ ကမ္ဘာဦး အခန်းကြီး ၁၉ တွင် ဘုရားသခင်​သည် လူ​ယောင်​ဖန်ဆင်း​ထားသော ကောင်းကင်တမန်​နှစ်ပါး​ကို သောဒုံ​မြို့​သို့​စေလွှတ်​သည့်​အခါ ဖြစ်ပျက်​ခဲ့​သော​မှတ်တမ်း​ကို တွေ့ရှိ​ရသည်။ လောတ​သည် ဧည့်သည်​များ​ကို မိမိ​အိမ်​၌​တည်းခို​ရန် မရ​မ​က​ပြောဆို​ခဲ့​သည်။ ထို​ည​တွင် မြို့ထဲ​မှ​လူရမ်းကားအုပ်​သည် အိမ်ကို​ဝိုင်းထား​ပြီး သူတို့နှင့်​အကျင့်​ယိုယွင်း​ရန် ဧည့်သည်​များ​ကို​ထုတ်ပေး​ဖို့ တောင်းဆို​ခဲ့​သည်။ လောတ​သည် လူရမ်းကားအုပ်​ကို နား​ဝင်​အောင် ကျိုးကြောင်း​ရှင်းပြ​ခဲ့​သော်လည်း အချည်းနှီး​ပင်။ လောတ​သည် မိမိ၏​ဧည့်သည်​များ​ကို ကာကွယ်​ရန် ဤသို့​ပြော​ခဲ့​သည်– “ညီအစ်ကို​တို့၊ အဓမ္မအမှု​ကို ဤမျှ​လောက်​မပြု​ကြ​ပါ​နှင့်။ အကျွန်ုပ်​၌ ယောက်ျား​နှင့်​မဆက်ဆံ​သော သမီး​နှစ်ယောက်​ရှိပါ၏။ သူတို့ကို သင်တို့​ထံ​သို့​ထုတ်ရ​သော​အခွင့်​ကို ပေး​ကြ​ပါ​လော့။ သူတို့၌ ပြု​ချင်​သမျှ​ပြု​ကြ​ပါ​လော့။ ဤ​လူ​တို့​၌ အလျှင်း​မပြု​ကြ​ပါ​နှင့်။ အကြောင်း​မူ​ကား သူတို့သည် အကျွန်ုပ်​အိမ်မိုး​အရိပ်​ကို ခို​နေပါ​၏။” လူရမ်းကားအုပ်​သည် နားမထောင်​ဘဲ တံခါး​ကို​ချိုးဖျက်​ကြ​၏။ နောက်ဆုံး​တွင် ဤ​ဧည့်သည်​ကောင်းကင်တမန်​တို့သည် စိတ်​ရိုင်း​ဝင်​နေသော လူရမ်းကားအုပ်​အား မျက်စိကန်း​စေ​ခဲ့​သည်။—ကမ္ဘာဦး ၁၉:၁-၁၁

၁၂ ဤ​မှတ်တမ်း​ကြောင့် အချို့​သူတို့၏​စိတ်ထဲ မေးစရာ​များ​ပေါ်လာ​မည်​ဆို​လည်း ပေါ်​လောက်​ပေ​သည်။ “လောတဟာ ဧည့်သည်​တွေ​ကို ကာကွယ်​ပေးဖို့ လိင်​စိတ်မွှန်​နေတဲ့ လူရမ်းကားအုပ်​လက်ထဲ သူ့​သမီးတွေကို ဘာလို့​များ​ထည့်​ပေး​လိုက်တာပါ​လိမ့်။ သူဟာ မတော်မလျော်​လုပ်ခဲ့တာ​လား၊ သူရဲဘော​နည်း​တာ​လား” ဟု သူတို့​သိ​လို​ကြ​ပေမည်။ ဤ​မှတ်တမ်း​ကို ထောက်ရှု​ကာ ဘုရားသခင်​သည် လောတ​အား “ဖြောင့်မတ်​သော​သူ” ဟု​ခေါ်​စေဖို့ ပေတရု​ကို အဘယ်ကြောင့် မှုတ်သွင်း​စေ​ခဲ့​သနည်း။ လောတ​သည် ဘုရားသခင့်​အလိုတော်နှင့်​အညီ လုပ်ဆောင်ခဲ့​ခြင်း​လော။ (၂ ပေတရု ၂:၇၊ ၈) ကျွန်ုပ်​တို့ တလွဲ​ကောက်ချက်​မချ​မိ​ရန် ဤ​ကိစ္စ​ကို ဆင်ခြင်​သုံးသပ်ကြည့်​ကြ​စို့။

၁၃၊ ၁၄။ (က) လောတ​၏​လုပ်ရပ်​အကြောင်း ကျမ်းစာ​မှတ်တမ်း​နှင့်​ပတ်သက်ပြီး အဘယ်အရာ မှတ်သား​သင့်​သနည်း။ (ခ) လောတ​သည် သူရဲဘော​နည်း​သူ​မဟုတ်​ကြောင်း ဘာက​ဖော်ပြ​သနည်း။

၁၃ ဦးဆုံး​အနေ​နှင့် ဤ​မှတ်တမ်းက လောတ​၏​လုပ်ရပ်များ​ကို ကောင်း​၏၊ ဆိုး​၏​ဟု​ပြောနေခြင်း​မဟုတ်ဘဲ ဖြစ်ပျက်​ရာ​ကို မှတ်တမ်းတင်​ခြင်း​သာ​ဖြစ်​ကြောင်း သတိပြု​သင့်​သည်။ လောတ ဘာ​စဉ်းစား​နေကြောင်း၊ ယင်း​သို့​လုပ်ဆောင်ဖို့ အဘယ်အရာက သူ့​အား​တွန်းအား​ပေး​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​မထား​ပါ။ သူသည် “သေခြင်း​မှ​ထမြောက်” လာ​သည့်​အခါ အသေးစိတ် ရှင်းပြ​ကောင်း​ရှင်းပြပါ​လိမ့်​မည်။—တမန်​တော် ၂၄:၁၅

၁၄ လောတ​သည် သူရဲဘော​နည်း​သူ လုံးဝ​မဟုတ်ပေ။ သူသည် အကျဉ်း​အကျပ်​ရောက်နေ​သည်။ ဧည့်သည်​များ​ကို မိမိ၏ “အိမ်​သို့​ဝင်” ရန် ပြော​ခြင်း​ဖြင့် သူတို့​အတွက် အကာအကွယ်​နှင့် လုံခြုံမှု​ပေးဖို့ မိမိ​၌​တာဝန်​ရှိသည်​ဟု ခံစားရ​ကြောင်း ဖော်ပြ​နေသည်။ သို့သော် ယင်းသည် လွယ်ကူ​မည်​မဟုတ်​ချေ။ ဂျူး​သမိုင်း​ပညာရှင် ဂျို​စီ​ဖတ်​၏​မှတ်တမ်းအရ သောဒုံ​မြို့သား​များသည် “လူ​တို့​အပေါ် မတော်မတရား​ပြုပြီး ဘုရားတရား​ကိုင်းရှိုင်း​မှုမရှိ၊ . . . သူတို့သည် သူစိမ်း​များ​ကို မုန်းတီး​ပြီး သောဒုံ​အကျင့်အကြံ​များနှင့် မိမိကိုယ်ကို ဖျက်ဆီး​ကြသည်။” သို့​တိုင် လောတ​သည် ဤ​စက်ဆုပ်ဖွယ်​လူရမ်းကားအုပ်​ကို မကြောက်ရွံ့​ခဲ့​ပါ။ ယင်းအစား သူသည် ထို​ဒေါသ​ထွက်​နေ​သူများ​နှင့် ထွက်​တွေ့​ပြီး ကျိုးကြောင်း​ရှင်းပြ​ခဲ့​သည်။ သူသည် “မိမိ​နောက်​၌ တံခါး​ကို​ပိတ်” သည့်​အထိ​ပင် ပြု​ခဲ့​သည်။—ကမ္ဘာဦး ၁၉:၆

၁၅။ လောတ​သည် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ခဲ့​မည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

၁၅ ‘ဒါပေမဲ့ လောတဟာ သူ့​သမီးတွေကို လူအုပ်​လက်ထဲ ဘာကြောင့်​ထည့်​ရမှာ​လဲ’ ဟု အချို့​က မေး​ပေမည်။ လောတ​သည် စိတ်ထား​ယုတ်ညံ့​သည်​ဟု ယူဆ​မည့်​အစား ဖြစ်​နိုင်​ခြေ​အချို့​ကို သုံးသပ်ကြည့်​ကြ​စို့။ ဦးဆုံး၊ လောတ​သည် ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ခဲ့​ခြင်း​ဖြစ်​ပေမည်။ မည်သို့​အားဖြင့်​နည်း။ မိမိ၏​ဦးလေး​ဖြစ်သူ အာဗြဟံ​၏​ဇနီး​စာရာ​ကို ယေဟောဝါ​ကယ်တင်​ခဲ့​ပုံ​အကြောင်း လောတ​သိထား​မည်​မှာ သေချာ​သည်။ အလွန်​လှပသော​စာရာ​ကို သိမ်းပိုက်​ဖို့ မိမိ​အား​သတ်ပစ်​မည်​ကို စိုးရိမ်​ပြီး သူ့​အစ်ကို​ပါ​ဟု​ပြော​ရန် အာဗြဟံ တောင်းဆို​ခဲ့​သည်ကို ပြန်သတိရ​ပါ။ * ထို့နောက် စာရာ​သည် ဖာရော​၏​နန်းတော်​သို့ ခေါ်ဆောင်​သွားခြင်း​ခံရ​၏။ သို့သော် ဖာရော​သည် စာရာ​အား မကျူးလွန်​မိ​စေရန် ယေဟောဝါ​ရှင် ကြားဝင်​ကာကွယ်​ပေး​ခဲ့​သည်။ (ကမ္ဘာဦး ၁၂:၁၁-၂၀) မိမိ၏​သမီး​များလည်း အလားတူ ကာကွယ်​ခံရ​မည်​ဟု လောတ​ယုံကြည်ခြင်း​ဖြစ်​နိုင်​သည်။ ထူးခြား​သည်​မှာ ယေဟောဝါ​သည် မိမိ​ကောင်းကင်တမန်​များ​အားဖြင့် ကြားဝင်​လုပ်ဆောင်ခဲ့​ရာ ထို​မိန်းမငယ်​တို့သည် ဘေးကင်း​လုံခြုံ​ခဲ့​ကြသည်။

၁၆၊ ၁၇။ (က) လောတ​သည် သောဒုံ​မြို့သား​များ ထိတ်လန့်၊ ရှုပ်ထွေး​သွား​အောင် အဘယ်​နည်းဖြင့် ကြိုးစား​ခဲ့​သနည်း။ (ခ) လောတ​သည် မည်သို့​ပင်​ဆင်ခြင်​သုံးသပ်​ခဲ့​ပါစေ ကျွန်ုပ်​တို့ အဘယ်အရာ​စိတ်ချ​နိုင်​ကြ​သနည်း။

၁၆ နောက်ထပ်​ဖြစ်​နိုင်​ခြေ​ကို သုံးသပ်ကြည့်​ပါ။ လောတ​သည် လူများ​ကို​ထိတ်လန့်​သွား​အောင် သို့​မဟုတ် ရှုပ်ထွေး​သွားအောင်လည်း ကြိုးစား​ခဲ့​ခြင်း ဖြစ်ဖွယ်​ရှိသည်။ သောဒုံ​မြို့သား​များသည် လိင်​တူ​မေထုန်​သမားများ​ဖြစ်သော​ကြောင့် လူအုပ်သည် မိမိ​သမီး​များ​ကို မလိုလား​ကြောင်း သူ​ယုံကြည်​ပေမည်။ (ယုဒ ၇) ထို့​ပြင် မိန်းမငယ်​တို့သည် ထို​မြို့သား​တို့​နှင့် စေ့စပ်​ကြောင်း​လမ်း​ထားသော​ကြောင့် မိမိ​သမက်​လောင်း​၏ ဆွေမျိုး၊ မိတ်ဆွေ သို့​မဟုတ် စီးပွားရေး​အလုပ်ဖော်​များသည် လူအုပ်​ထဲ​တွင် ရှိ​နေနိုင်​သည်။ (ကမ္ဘာဦး ၁၉:၁၄) အဆိုပါ​ဆက်နွှယ်​နေ​မှုများ​ကြောင့် ထို​လူအုပ်​ထဲ​မှ အချို့​သူများ​က မိမိ၏​သမီး​ဘက်​မှ ကာကွယ်​ပြောဆို​ကြလိမ့်မည်​ဟု လောတ မျှော်လင့်​ခဲ့​ပေမည်။ သို့​နှင့် အုပ်စု​ကွဲ​သွား​လျှင် သိပ်​အန္တရာယ်​ရှိတော့မည်​မဟုတ်ပေ။ *

၁၇ လောတ​၏​ဆင်ခြင်​သုံးသပ်​ပုံ​နှင့် ရည်ရွယ်ချက်​တို့သည် မည်သို့​ပင်​ဖြစ်စေ ဤ​အရာများ​ကို ကျွန်ုပ်​တို့ စိတ်ချ​နိုင်​ကြသည်– ယေဟောဝါ​သည် အမြဲ​ပင် ဖြောင့်မတ်​စွာ​လုပ်ဆောင်​တော်​မူ​သောကြောင့် လောတ​အား “ဖြောင့်မတ်​သူ” ဟု ကိုယ်တော်​ရှုမြင်​ရသည့် အကြောင်းကောင်း​ရှိ​ရ​ပေမည်။ သောဒုံ​မြို့သား လူရမ်းကားအုပ်​၏​လုပ်ရပ်များ​ကို သုံးသပ်​သည့်​အခါ ထို​ဆိုးညစ်​သည့်​မြို့သား​များ​အပေါ် တရား​စီရင်​ရာ​တွင် ယေဟောဝါ​သည် လုံးလုံး​ဖြောင့်မတ်​တော်​မူ​သည်ကို သံသယ​ဖြစ်စရာ ရှိ​နိုင်​ပါ​မည်​လော။—ကမ္ဘာဦး ၁၉:၂၃-၂၅

ယေဟောဝါ​သည် ဩ​ဇ​ကို အဘယ်ကြောင့်​သေဒဏ်​ခတ်​ခဲ့

၁၈။ (က) ဒါဝိဒ်​သည် ပဋိညာဉ်သေတ္တာ​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​ဖို့ ကြိုးစား​သည့်​အခါ ဘာဖြစ်​ပျက်​ခဲ့​သနည်း။ (ခ) ဤ​မှတ်တမ်းက အဘယ်​မေးခွန်း ထွက်ပေါ်​စေ​သနည်း။

၁၈ နောက်ထပ် နားလည်​ရ​ခက်​ဟန်​တူ​သည့် မှတ်တမ်းမှာ ပဋိညာဉ်သေတ္တာ​ကို ယေရုရှလင်​မြို့​သို့ သယ်ဆောင်​ရန် ဒါဝိဒ်​၏​ကြိုးပမ်းမှု​နှင့်​ပတ်သက်​နေသည်။ သေတ္တာတော်​ကို လှည်း​ပေါ်​တင်ပြီး ဩ​ဇ​တို့​ညီအစ်ကို​က ဦးဆောင်​သယ်လာ​၏။ ကျမ်းစာ​က ဤသို့​ဖော်ပြ​ထား​သည်– “နာ​ခုန်​ကောက်​နယ်​တ​လင်း​သို့ ရောက်​သောအခါ နွား​တို့သည် ဘုရားသခင်​၏​သေတ္တာတော်​ကို လှုပ်ရှား​သောကြောင့် ဩ​ဇ​သည် လက်ကို​ဆန့်​၍ သေတ္တာတော်​ကို​ကိုင်​၏။ ထာဝရ​ဘုရား[သခင်] သည် ဩ​ဇ​ကို​အမျက်​ထွက်၍ သူ၏​အပြစ်​ကြောင့် ဘုရားသခင်​ဒဏ်ခတ်​တော်​မူ​သဖြင့် သူသည် သေတ္တာတော်​နား​မှာ​သေ​လေ​၏။” လအနည်းငယ်​ကြာပြီးနောက် ဘုရားသခင်​ချမှတ်​ထား​သည့်​အတိုင်း ကော​ဟ​တ်​အမျိုး လေဝိ​သားတို့​၏ ပခုံး​ပေါ်​ထမ်း​ပြီး သေတ္တာတော်​ကို ဒုတိယ​အကြိမ်​သယ်ယူ​သောအခါ အောင်မြင်​သွားလေသည်။ (၂ ဓမ္မ​ရာဇဝင် ၆:၆၊ ၇; တောလည်ရာ ၄:၁၅; ၇:၉; ၁ ရာဇဝင်ချုပ် ၁၅:၁-၁၄) ‘ယေဟောဝါ​ဟာ ဘာကြောင့် ဒီလောက်​ပြင်းပြင်းထန်ထန် ဒဏ်ခတ်​ရသလဲ။ ဩ​ဇ​က သေတ္တာတော် မပျက်စီး​သွား​စေဖို့ ကြိုးစား​တာ​ပဲ’ ဟု အချို့​မေး​ပေမည်။ ကျွန်ုပ်​တို့သည် လွဲမှား​စွာ​ကောက်ချက်​မချ​မိ​စေရန် အကူအညီ​ဖြစ်စေ​သည့် အသေးစိတ်​အချက်အလက်​တချို့​ကို ဂရုစိုက်​မှတ်သား​သင့်​သည်။

၁၉။ ယေဟောဝါ​သည် မတရား​ပြုမူ​ရန် အဘယ်ကြောင့် မဖြစ်​နိုင်​သနည်း။

၁၉ ယေဟောဝါ​သည် မဖြောင့်မတ်​စွာ​ပြုမူ​ဖို့ မဖြစ်​နိုင်​ကြောင်း ကျွန်ုပ်​တို့ သတိရ​သင့်​သည်။ (ယောဘ ၃၄:၁၀) ကိုယ်တော် ထိုသို့​ပြု​ပါ​က မေတ္တာမဲ့​ရာ​ကျ​ပြီး ကျမ်းစာ​တစ်အုပ်လုံး​ကို​လေ့လာ​ရာ​မှ ကျွန်ုပ်​တို့​သိခဲ့​ရသည်မှာ “ဘုရားသခင်​သည် ချစ်ခြင်း​မေတ္တာ​ဖြစ်​တော်​မူ​၏။” (၁ ယောဟန် ၄:၈) ထို့​ပြင် သမ္မာကျမ်းစာ​က “တရား​သဖြင့်​စီရင်ခြင်း၊ ဖြောင့်မတ်​စွာ​ဆုံးဖြတ်ခြင်း​သည် [ဘုရားသခင့်] ပလ္လင်တော်​၏​တည်ရာ​ဖြစ်ပါ​၏” ဟု​ပြော​ထား​သည်။ (ဆာလံ ၈၉:၁၄) သို့​ဖြစ်​လျှင် ယေဟောဝါ​သည် မဖြောင့်မတ်​စွာ​ပြုမူ​ဖို့ မည်သို့​ဖြစ်​နိုင်​ပါ​မည်​နည်း။ ကိုယ်တော် ထိုသို့​ပြုမူ​ပါ​က ကိုယ်တော်​၏ အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​အုတ်မြစ်ကို ဖြိုချ​ပစ်လိုက်​ရာ​ရောက်သွား​မည်။

၂၀။ အဘယ်​အကြောင်းရင်း​များ​ကြောင့် သေတ္တာတော်​နှင့်​စပ်​လျ​ဉ်း​သည့် စည်းမျဉ်း​ဥပဒေ​များ​ကို ဩ​ဇ သိရှိပြီး​သား​ဖြစ်​သင့်​သနည်း။

၂၀ ဩ​ဇ​သည် ပညတ်တော်​ကို ကောင်းကောင်း​သိထားသင့်​ကြောင်း စိတ်ထဲ​စွဲမှတ်​ထား​ပါ။ ဤ​သေတ္တာတော်​သည် ယေဟောဝါ​ရောက်ရှိ​နေခြင်း​ကို ပုံ​တင်ပြ​သည်။ ခွင့်ပြု​ချက်​မရသူ​တို့ ထိ​၍​မရ​ကြောင်း ပညတ်တော်​က အထူး​မိန့်မှာ​ထား​သည်၊ မလိုက်နာ​သူသည် သေဒဏ်​ခံရ​မည်​ဟု ရှင်းရှင်း​သတိပေး​ထား​သည်။ (တောလည်ရာ ၄:၁၈-၂၀; ၇:၈၉) ထို့​ကြောင့် ပဋိညာဉ်သေတ္တာ​ကို ပြောင်းရွှေ့ခြင်း​သည် ပေါ့ပေါ့တန်တန်​လုပ်ဆောင်​ရမည့်​တာဝန် မဟုတ်​ချေ။ ဩ​ဇ​သည် (ယဇ်ပုရောဟိတ်​မဟုတ်သော်လည်း) လေဝိ​သား​တစ်ဦး​ဖြစ်​ပြီး ပညတ်တော်​နှင့် အကျွမ်းဝင်​နေ​သင့်​သည်။ ထို့​ပြင် အစောပိုင်း​နှစ်များ​က သေတ္တာတော်​လုံခြုံရေး​အတွက် သူ့​ဖခင်​အိမ်​သို့ ပြောင်းရွှေ့​ထားခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၆:၂၀-၇:၁) ဒါဝိဒ်က ယင်းကို​ပြောင်းရွှေ့​ဖို့ မဆုံးဖြတ်​မီ​အထိ အနှစ် ၇၀ ကြာ ထို​တွင်​ရှိနေ​ခဲ့​သည်။ ထို့​ကြောင့် ဩ​ဇ​သည် သေတ္တာတော်​နှင့်​စပ်​လျ​ဉ်း​သည့်​ပညတ်​များ​ကို ငယ်​စဉ်​ကတည်းက သိရှိ​ထား​ပေမည်။

၂၁။ ဩ​ဇ​၏​အဖြစ်အပျက်​တွင် ယေဟောဝါ​သည် စိတ်နှလုံး​တွင်း စေ့ဆော်မှု​များ​ကို ကြည့်မြင်​တော်​မူ​ကြောင်း သတိ​ရဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။

၂၁ ရှေ့တွင်​ဖော်ပြ​ထား​သည့်​အတိုင်း ယေဟောဝါ​သည် နှလုံး​တွင်း​ကို ထိုးဖောက်​မြင်နိုင်​သည်။ သမ္မာကျမ်းစာ​က ဩ​ဇ​၏ “အပြစ်” [“မလေးမခန့်​အပြု​အမူ၊” က​ဘ] ဟု​ပြော​ထားသော​ကြောင့် မှတ်တမ်း​တွင် တိတိကျကျ​ဖော်ပြ​မထား​သော တစ်ကိုယ်ကောင်း​ဆန်​သည့် စိတ်ထား​ကို ယေဟောဝါ မြင်တွေ့ခဲ့​ပေမည်။ ဩ​ဇ​သည် ထောင်လွှား​ကာ ကန့်သတ်ချက်​ဘောင်​ကို ကျော်နင်း​လို​သူ​ဖြစ်​နိုင်​သလော။ (သု. ၁၁:၂) သူ့​မိသားစုက သီးသန့်​စောင့်ရှောက်​ထားခဲ့​သည့် ပဋိညာဉ်သေတ္တာ​ကို လူထုရှေ့​တွင် ဦးဆောင်​သယ်ယူ​ရခြင်း​ကြောင့် စိတ်​ကြီး​ဝင်​သွားခြင်း​လော။ (သု. ၈:၁၃) ကိုယ်တော်​ရောက်ရှိ​နေခြင်း​၏ အမှတ်အသား​ဖြစ်သည့် ပဋိညာဉ်သေတ္တာ​ကို မထိန်း​ပေး​နိုင်​လောက်​အောင် ယေဟောဝါ​လက်တော် အလွန်​တို​သည်​ဟု​ယူမှတ်ခြင်း​ဖြင့် ဩ​ဇ​သည် ယုံကြည်ခြင်း အလွန်​ကင်းမဲ့​နေပါသလော။ မည်သို့​ပင်​ဖြစ်စေ၊ ယေဟောဝါ​သည် ဖြောင့်မတ်​စွာ လုပ်ဆောင်​တော်​မူ​ကြောင်း စိတ်ချ​နိုင်​ပါ​သည်။ ကိုယ်တော်​သည် ဩ​ဇ​၏​နှလုံး​တွင် တွေ့မြင်​လိုက်ရ​သည့် တစ်စုံတစ်ရာ​ကြောင့် သူ့​အား အလျင်အမြန် စီရင်​ရခြင်း​ဖြစ်ဖွယ်​ရှိသည်။—သု. ၂၁:၂

ယုံကြည်​စိတ်ချ​ရန် ခိုင်လုံ​သည့်​အကြောင်းရင်း

၂၂။ တစ်ခါတစ်ရံ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​က အသေးစိတ်​အချက်အလက်​အချို့ ချန်လှပ်​ထားသော​ကြောင့် ယေဟောဝါ​၏​ဉာဏ်ပညာ​ကို မည်သို့​တွေ့မြင်​ရသနည်း။

၂၂ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​က တစ်ခါတစ်ရံ အချို့​အသေးစိတ်​အချက်များ​ကို ချန်လှပ်​ထားသော​ကြောင့် ကိုယ်တော်​၏ တု​နှိုင်း​မရနိုင်​သည့် ဉာဏ်ပညာ​ကို တွေ့ရှိ​ရသည်။ သို့ဖြင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ယုံကြည်​အားထား​ကြောင်း တင်ပြ​ခွင့်​ရရှိ​ကြသည်။ ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ရာ​များ​မှ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စီရင်​ဆုံးဖြတ်ချက်​များ​ကို လက်ခံရန် ခိုင်လုံ​သည့်​အကြောင်းရင်း​များ​ရှိကြောင်း ရှင်း​မနေပေလော။ ကျွန်ုပ်​တို့သည် ဘုရားသခင့်​နှုတ်မြွက်တော်​ကို စိတ်​ရိုး​မှန်​နှင့် အမြင်​ကျယ်ကျယ်​ဖြင့် လေ့လာ​သည့်​အခါ ယေဟောဝါ​သည် ဖြောင့်မတ်၊ မှန်ကန်​ရာ​ကို အမြဲ​လုပ်ဆောင်​တော်​မူ​ကြောင်း ယုံကြည်​လက်ခံရန် ကိုယ်တော့်​အကြောင်း များစွာ​သိလာ​ရသည်။ သို့​ဖြစ်၍ ကျမ်းစာ​မှတ်တမ်းများ​ကြောင့် လောလောဆယ် ရှင်းလင်း​သည့်​အဖြေ​များ ရှာမတွေ့​နိုင်​သည့် မေးခွန်းများ​ပေါ်ပေါက်​လာ​သော် ယေဟောဝါ​သည် ဖြောင့်မတ်​ရာ​ကို ပြု​တော်​မူ​ကြောင်း အပြည့်အဝ ယုံကြည်​စိတ်ချ​ကြပါစို့။

၂၃။ ယေဟောဝါ​ရှင်​၏ အနာဂတ်​တွင်​ပြု​တော်​မူ​မည့်​အမှု​များနှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့ အဘယ်​ယုံကြည်​စိတ်ချမှု ရှိ​နိုင်​သနည်း။

၂၃ ယေဟောဝါ​ရှင်​၏ အနာဂတ်​တွင်​ပြု​တော်​မူ​မည့်​အမှု​များနှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​တွင် အလားတူ​ယုံကြည်​စိတ်ချမှု ရှိ​နိုင်​သည်။ ထို့​ကြောင့် ချဉ်းကပ်​လာ​နေသော ကြီးစွာ​သော​ဘေး​တွင် ကိုယ်တော်​တရား​စီရင်​သည့်​အခါ “ဖြောင့်မတ်​သော​သူတို့ကို မတရားသော​သူတို့နှင့်​တကွ ဖျက်ဆီး” လိမ့်​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​စိတ်ချ​နိုင်​ကြသည်။ (ကမ္ဘာဦး ၁၈:၂၃) ဖြောင့်မတ်ခြင်း​နှင့် တရား​မျှတခြင်း​ကို ကိုယ်တော်​ချစ်​မြတ်နိုးမှု​က ယင်း​သို့​ပြုလုပ်​ရန် ဘယ်တော့​မျှ ခွင့်ပြု​မည်​မဟုတ်ပါ။ ကိုယ်တော်​သည် လာ​မည့်​ကမ္ဘာသစ်​တွင် ကျွန်ုပ်​တို့​လိုအပ်ရာ​များ​ကို အကောင်းဆုံးနည်း​ဖြင့် ကျေနပ်​ရောင့်ရဲ​စေ​လိမ့်​မည်​ဖြစ်​ကြောင်း အပြည့်အဝ ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။—ဆာလံ ၁၄၅:၁၆

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 15 အာဗြဟံ​၏​ကြောက်ရွံ့​မှု​သည် အကြောင်း​ခိုင်လုံ​သည်၊ အကြောင်း​မှာ ဖာရော​၏​လက်နက်ကိုင်​တို့သည် လှပသည့်​အမျိုးသမီး​တစ်ဦး​ကို​သိမ်းပိုက်​ပြီး သူ့​ယောက်ျား​ကို သတ်ပစ်​တတ်​ကြောင်း ရှေး​ကျူစာ​လိပ်​များ​တွင် ဖော်ပြ​ထား​သည်။

^ အပိုဒ်၊ 16 ထပ်ဆင့်​အကြောင်းအရာများ​အတွက် ၁၉၇၉၊ ဒီဇင်ဘာ​လ ၁၊ ကင်းမျှော်စင် စာမျက်နှာ ၃၁ [လိပ်] ကို​ရှု။

သင်​မှတ်မိ​သလော

• အဘယ်​အကြောင်းရင်း​များ​ကြောင့် ယေဟောဝါ​၏ စီရင်​ဆုံးဖြတ်ချက်​များ​ကို ကျွန်ုပ်​တို့​လက်ခံသင့်​သနည်း။

• လောတ​သည် မိမိ​သမီး​များ​ကို ဒေါသ​ထွက်​နေသော လူရမ်းကားအုပ်​လက်ထဲ ထည့်​လိုက်ခြင်း​နှင့်​ပတ်သက်ပြီး လွဲမှား​စွာ​ကောက်ချက်​မချ​မိ​စေဖို့ အဘယ်အရာက ကူညီ​နိုင်​သနည်း။

• ယေဟောဝါ​သည် ဩ​ဇ​အား အဘယ်ကြောင့် သေဒဏ်​ပေး​ခဲ့​ကြောင်း နားလည်​ရန် အဘယ်​အချက်များ​က ကျွန်ုပ်​တို့အား ကူညီ​နိုင်​သနည်း။

• ယေဟောဝါ​ရှင်​၏ အနာဂတ်​တွင်​ပြု​တော်​မူ​မည့်​အမှု​များနှင့်​စပ်လျဉ်း၍ အဘယ်​ယုံကြည်​စိတ်ချမှု ရှိ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]