“အလွန်အဖိုးထိုက်သည့် ပုလဲကို ရှာတွေ့ခြင်း”
“အလွန်အဖိုးထိုက်သည့် ပုလဲကို ရှာတွေ့ခြင်း”
“ကောင်းကင်နိုင်ငံတော်ကို ပန်းတိုင်ထား၍ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြ၏။ အားသွန်ခွန်စိုက်တက်လှမ်းနေသော သူတို့သည်လည်း ရယူကြ၏။”—မဿဲ ၁၁:၁၂၊ ကဘ။
၁၊ ၂။ (က) ကိုယ်တော်၏နိုင်ငံတော်ပုံဥပမာတစ်ခုတွင် အဘယ်ရှားပါးသောအရည်အသွေးကို ယေရှု ပုံဖော်ပြခဲ့သနည်း။ (ခ) အလွန်အဖိုးထိုက်သည့် ပုလဲပုံဥပမာတွင် ယေရှု အဘယ်သို့မိန့်ဆိုခဲ့သနည်း။
သင်တန်ဖိုးထားလွန်း၍ သင်ပိုင်ဆိုင်သမျှကို ပုံပေး၊ စွန့်လွှတ်ရလောက်အောင် ရယူပိုင်ဆိုင်လိုသည့်အရာ ရှိပါသလော။ လူတို့သည် မိမိတို့လိုက်စားရာ ပန်းတိုင်တချို့ဖြစ်သော ငွေကြေး၊ နာမည်ကျော်ကြားမှု၊ အာဏာ သို့မဟုတ် ရာထူးတို့အတွက် ဘဝကိုမြှုပ်နှံခြင်းအကြောင်း ပြောဆိုကြသော်လည်း လူတစ်ဦးသည် မိမိ၌ရှိသမျှကို ပုံပေးလိုသည့်အထိ အလွန်နှစ်သက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို တွေ့ရှိဖို့ခက်ပေမည်။ ယေရှုခရစ်သည် ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်သည့် စဉ်းစားစရာ ပုံဥပမာများစွာထဲမှတစ်ခုတွင် ယင်းကို ရှားပါးပြီး မြတ်နိုးဖွယ်အရည်အသွေးအဖြစ် ဖော်ညွှန်းထားသည်။
၂ ယင်းသည် မိမိတပည့်များကို ယေရှု သီးသန့်မိန့်ဆိုခဲ့သည့် ပုံဥပမာတစ်ခုဖြစ်ပြီး အလွန်အဖိုးထိုက်သောပုလဲပုံဥပမာဟု ခေါ်ဆိုလေ့ရှိသည်။ ယေရှု ဤသို့ဆိုသည်– “ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ၏။ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သောပုလဲကို တွေ့သောအခါ သွား၍ မိမိရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကိုဝယ်၏။” (မဿဲ ၁၃:၃၆၊ ၄၅၊ ၄၆) ယေရှုသည် နားဆင်နေသူများအား ဤပုံဥပမာမှ အဘယ်အရာ သင်ယူစေလိုသနည်း။ ယေရှု၏စကားမှ ကျွန်ုပ်တို့ မည်သို့အကျိုးရယူနိုင်သနည်း။
ပုလဲတို့၏ အလွန်အဖိုးထိုက်ခြင်း
၃။ ရှေးအချိန်က ပုလဲကောင်းများကို အဘယ်ကြောင့် အလွန်တန်ဖိုးထားကြသနည်း။
၃ ရှေးခေတ်ကတည်းက ပုလဲကို အဆင်တန်ဆာပစ္စည်းအဖြစ် တန်ဖိုးထားလာကြသည်။ ရောမကျမ်းပညာရှင် အကြီးအကဲပလင်နီအဆိုအရ ပုလဲများသည် “အဖိုးတန်ရာအားလုံးတို့၏ ထိပ်ခေါင်” ဖြစ်သည်။ ရွှေ၊ ငွေ၊ ကျောက်မျက်များစွာနှင့်မတူဘဲ ပုလဲသည် သက်ရှိသတ္တဝါများမှ ဖြစ်တည်လာသည်။ ကမာကောင်အမျိုးအစားတချို့သည် နာကျင်စေသည့်အရာ—ပမာအားဖြင့် ကျောက်ခဲအစအနလေးများ—ကို ကနုကမာအတွင်းထပ်ဟုခေါ်သော စိမ့်ထွက်ရာအလွှာများအတွင်း အထပ်ထပ်ဖုံးအုပ်ရစ်ပတ်ရာမှ တောက်ပြောင်သောပုလဲများ ဖြစ်လာသည်ဟု သိထားကြသည်။ ရှေးအချိန်က အကောင်းဆုံးပုလဲများကို အဓိကအားဖြင့် ဣသရေလနိုင်ငံနှင့်အလှမ်းဝေးသည့် ပင်လယ်နီ၊ ပါးရှန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာတို့မှ ရရှိသည်။ “မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်” အကြောင်း ယေရှုမိန့်ဆိုရသည့်အကြောင်းရင်းရှိသည်မှာ သေချာသည်။ အလွန်တန်ဖိုးကြီးသောပုလဲကို ရှာတွေ့ရန် အတော်ကြိုးပမ်းရပေမည်။
၄။ ယေရှုမိန့်ဆိုသည့် ကုန်သည်ပုံဥပမာမှ အဓိကသင်ခန်းစာကားအဘယ်နည်း။
၄ ပုလဲကောင်းများကို ရှေးအချိန်ကတည်းက တန်ဖိုးထားခဲ့ကြသော်လည်း ယေရှု၏ပုံပမာမှ အဓိကသင်ခန်းစာမှာ ပုလဲ၏ငွေကြေးတန်ဖိုး မဟုတ်ပါ။ ဤပုံဥပမာတွင် ယေရှုက ဘုရားသခင်၏နိုင်ငံတော်ကို အဖိုးထိုက်သောပုလဲနှင့် ခိုင်းနှိုင်းနေခြင်းမဟုတ်ဘဲ “မြတ်သောပုလဲတို့ကိုရှာသော ကုန်သည်” နှင့် ပုလဲကိုရှာတွေ့သည့်အခါ သူ၏တုံ့ပြန်ပုံတို့ကို အာရုံစိုက်စေခဲ့သည်။ ပုလဲကုန်သည်မှာ သာမန်ဆိုင်ရှင်နှင့်မတူဘဲ ကုန်သွယ်ရာတွင် အထူးကျွမ်းကျင်သူဟုခေါ်နိုင်ပြီး မျက်စိရှင်သူ သို့မဟုတ် အလွန်ကောင်းသောပုလဲဟု သတ်မှတ်နိုင်သည့် အလှရသနှင့် သိမ်မွေ့နက်နဲမှုတို့ကို သိရှိခံစားတတ်သူဖြစ်မည်။ ယင်းကိုကြည့်လိုက်သည်နှင့် ပုလဲစစ်စစ်ဖြစ်ကြောင်းသိသူဖြစ်ပြီး ခပ်ညံ့ညံ့ပစ္စည်း သို့မဟုတ် ကုန်ပစ္စည်းအတုဖြင့် လှည့်စားခံရမည့်သူမျိုး မဟုတ်ချေ။
၅၊ ၆။ (က) ယေရှု၏ပုံဥပမာမှ နယ်လှည့်ကုန်သည်နှင့်ပတ်သက်ပြီး အဘယ်အထူးမှတ်သားဖွယ်ရှိသနည်း။ (ခ) ဝှက်ထားသောဘဏ္ဍာပုံဥပမာက ကုန်သည်နှင့်ပတ်သက်ပြီး အဘယ်အရာကို ဖော်ပြသနည်း။
၅ ဤကုန်သည်နှင့်ပတ်သက်၍ မှတ်သားထိုက်သည့် အခြားအကြောင်းတစ်ခုလည်း ရှိပါသေးသည်။ သာမန်ကုန်သည်တစ်ဦးသည် အမြတ်အစွန်းရရေးအတွက် မိမိက မည်မျှပေးမည်ကို ဆုံးဖြတ်နိုင်ရန် ပုလဲ၏ဈေးကွက်တန်ဖိုးကိုသိအောင် ဦးဆုံးတွက်ချက်မည်။ သူသည် အဆိုပါပုလဲမျိုးကို မြန်မြန်ရောင်းထွက်ဖို့ ဈေးကွက်ရှိမရှိလည်း စဉ်းစားရပေမည်။ တစ်နည်းပြောရလျှင် သူသည် ဤပုလဲကို လက်ဝယ်ပိုင်ဆိုင်ထားရေးမဟုတ်ဘဲ မိမိမြှုပ်နှံမှုအတွက် အမြတ်မြန်မြန်ထွက်လာရေးကိုသာ စိတ်ဝင်စားပေလိမ့်မည်။ ယေရှု၏ပုံဥပမာမှကုန်သည်မှာ ယင်းသို့မဟုတ်ချေ။ သူစိတ်ဝင်စားသည့်အရာမှာ ငွေကြေးမဟုတ်၊ ပစ္စည်းလည်းမဟုတ်ပေ။ အမှန်မှာ သူသည် မိမိရှာဖွေတွေ့ရှိခဲ့ရာကို ရယူနိုင်ရန်—မိမိပိုင်ပစ္စည်းအားလုံးဖြစ်နိုင်သည့်—“မိမိရတတ်သမျှကို” လိုလိုလားလားစွန့်လွှတ်လိုသူဖြစ်၏။
၆ ကုန်သည်အများစု၏အမြင်တွင် ယေရှု၏ပုံဥပမာထဲမှ ကုန်သည်မှာ ပညာမဲ့သူ ဖြစ်နေပေမည်။ ပါးနပ်သော စီးပွားရေးသမားတစ်ဦးသည် ဤကဲ့သို့ စွန့်စားရမည့်အလုပ်မျိုးကို စဉ်းစားမည်မဟုတ်ချေ။ သို့သော် ယေရှု၏ပုံဥပမာထဲမှ ကုန်သည်တွင် ခြားနားသော တန်ဖိုးသတ်မှတ်သည့်စံနှုန်းရှိထားသည်။ သူရရှိမည့်အကျိုးကျေးဇူးမှာ ငွေကြေးအမြတ်အစွန်းမဟုတ်ဘဲ အလွန်အဖိုးထိုက်တန်ရာကို ပိုင်ဆိုင်ထားခြင်းမှရလာသည့် ပျော်ရွှင်မှုနှင့် ကျေနပ်ရောင့်ရဲမှုတို့ဖြစ်၏။ ယေရှုပေးခဲ့သည့် အလားတူပုံဥပမာတစ်ခုတွင် ဤအချက် ပေါ်လွင်ထင်ရှားနေသည်။ ကိုယ်တော် ဤသို့မိန့်ဆိုခဲ့၏– “ကောင်းကင်နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍ ဝမ်းမြောက်သောစိတ်နှင့်သွားပြီးလျှင် ရတတ်သမျှကိုရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။” (မဿဲ ၁၃:၄၄) ဘဏ္ဍာကိုရှာတွေ့ပြီး ပိုင်ဆိုင်ရခြင်းကြောင့်ရရှိလာသည့် ရွှင်လန်းမှုက မိမိ၌ရှိသမျှကို စွန့်လွှတ်ဖို့ ထိုသူအား စေ့ဆော်ပေးခဲ့သည်။ အနှီပုဂ္ဂိုလ်မျိုး ယနေ့ရှိသလော။ ထိုသို့ စွန့်လွှတ်ထိုက်သည့် အဖိုးတန်ဘဏ္ဍာမျိုး ရှိပါသလော။
အလွန်အဖိုးတန်သည့်အရာကို နားလည်သူများ
၇။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်၏ တန်ဖိုးကြီးမားမှုကို ကောင်းစွာနားလည်ကြောင်း မည်သို့ပြသခဲ့သနည်း။
၇ မိမိ၏ပုံဥပမာတွင် ယေရှုသည် “ကောင်းကင်နိုင်ငံတော်” အကြောင်း ပြောနေခြင်းဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်၏ တန်ဖိုးကြီးမားမှုကို အမှန်နားလည်ထား၏။ ထိုအချက်ကို ခရစ်ဝင်ကျမ်းမှတ်တမ်းများက ထိထိမိမိသက်သေခံသည်။ ယေရှုသည် စီ.အီး. ၂၉ တွင် နှစ်ခြင်းခံပြီးနောက် “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသောတရားကို ဟောစပြုတော်မူ၏။” သုံးနှစ်ခွဲကြာ ကိုယ်တော်သည် လူအုပ်စုကြီးကို ဘုရားသခင့်နိုင်ငံတော်အကြောင်း သွန်သင်ပေးခဲ့သည်။ ကိုယ်တော်သည် နိုင်ငံ၏တစ်နံတစ်လျားသို့ ခရီးဆန့်ကာ “မြို့ရွာအစဉ်အတိုင်း . . . လှည့်လည်၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။”—မဿဲ ၄:၁၇; လုကာ ၈:၁။
၈။ ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်အရာကို ပြသရန် ယေရှု အဘယ်အရာလုပ်ဆောင်ခဲ့သနည်း။
၈ ယေရှုသည် နိုင်ငံတစ်လျှောက်လုံးတွင် ဖျားနာသူများကို ကုသပေးခြင်း၊ ဆာမွတ်သူများကို ကျွေးမွေးခြင်း၊ သဘာဝအင်အားစုများကို နှိမ်နင်းခြင်းနှင့် လူသေများကို ရှင်ပြန်ထမြောက်စေခြင်းအပါအဝင် အံ့ဖွယ်အမှုများစွာပြုလုပ်ကာ ဘုရားသခင့်နိုင်ငံတော်က ဆောင်ကြဉ်းပေးမည့်အရာကို ပြသခဲ့သည်။ (မဿဲ ၁၄:၁၄-၂၁; မာကု ၄:၃၇-၃၉; လုကာ ၇:၁၁-၁၇) အဆုံး၌ ကိုယ်တော်သည် မိမိ၏အသက်ကို ပေးဆက်ပြီး ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် အစတေးခံကာ ဘုရားသခင်နှင့် ကိုယ်တော့်နိုင်ငံတော်အပေါ် တည်ကြည်ကြောင်း ပြသခဲ့သည်။ ကုန်သည်သည် “အလွန်အဖိုးထိုက်သောပုလဲ” ကိုရခြင်းငှာ မိမိ၌ရှိသမျှကို လိုလိုလားလားစွန့်လွှတ်သကဲ့သို့ ယေရှုသည် ဘုရားသခင့်နိုင်ငံတော်အတွက် အသက်ရှင်ပြီး သေဆုံးခဲ့လေသည်။—ယောဟန် ၁၈:၃၇။
၉။ ယေရှု၏ကနဦးတပည့်များတွင် အဘယ်ရှားပါးသောအရည်အသွေးကို တွေ့မြင်ရသနည်း။
၉ ယေရှုသည် မိမိ၏အသက်တာကို ဘုရားသခင့်နိုင်ငံတော်တွင်သာမက မိမိနောက်လိုက်အုပ်စုလေးကို စုသိမ်းရေးတွင်ပါ အာရုံစိုက်ထား၏။ ဤသူတို့လည်း ဘုရားသခင့်နိုင်ငံတော်၏ အဖိုးထိုက်တန်မှုကို ကောင်းစွာနားလည်ကြသူများဖြစ်၏။ သူတို့ထဲတွင် မူလက နှစ်ခြင်းဆရာယောဟန်၏တပည့်ဖြစ်သူ အန္ဒြေလည်းပါဝင်သည်။ ယေရှုသည် “ဘုရားသခင့်သိုးသငယ်” ဖြစ်သည်ဟူသော ယောဟန်၏သက်သေခံချက်ကို ကြားသောအခိုက်တွင် အန္ဒြေနှင့် ယောဟန်ဟုလည်းခေါ်သည့် ဇေဗေဒဲ၏သားဖြစ်သူ ယောဟန်၏တပည့်နောက်တစ်ဦးတို့သည် ယေရှုထံ ချက်ချင်းချဉ်းကပ်ကာ ယုံကြည်သူများ ဖြစ်လာကြသည်။ သို့သော် အဖြစ်အပျက်မှာ ဤမျှနှင့် ရပ်တန့်မသွားပေ။ ချက်ချင်းပင် အန္ဒြေသည် မိမိအစ်ကိုရှိမုန်ထံသွားပြီး “ငါတို့သည် မေရှိကို တွေ့ကြပြီ” ဟုပြောပြ၏။ မကြာမီ ယေရှုသည် မေရှိယဖြစ်ကြောင်း ရှိမုန် (ကေဖ သို့မဟုတ် ပေတရုအဖြစ်လူသိများလာ) အပြင် ဖိလိပ္ပုနှင့် သူ၏မိတ်ဆွေ နာသနေလတို့လည်း သဘောပေါက်ခဲ့ကြသည်။ အမှန်မှာ နာသနေလသည် ယေရှုအား “ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။ ဣသရေလလူတို့၏ ရှင်ဘုရင်လည်းဖြစ်တော်မူ၏” ဟုပြောဖို့ လှုံ့ဆော်ခံရလေသည်။—ယောဟန် ၁:၃၅-၄၉။
လုပ်ဆောင်ရန် စေ့ဆော်ခံခဲ့ရ
၁၀။ ယေရှုနှင့် ဦးဆုံးတွေ့ဆုံခဲ့ပြီးနောက် အတန်ကြာသော် ကိုယ်တော်ရောက်လာပြီး ဖိတ်ခေါ်သည့်အခါ တပည့်များ မည်သို့တုံ့ပြန်ခဲ့ကြသနည်း။
၁၀ မေရှိယကိုတွေ့ရှိချိန်တွင် တွေ့ကြုံခံစားရသော အန္ဒြေ၊ ပေတရု၊ ယောဟန်နှင့် အခြားသူတို့၏စိတ်လှုပ်ရှားမှုကို အလွန်အဖိုးထိုက်သည့်ပုလဲကို ရှာတွေ့ချိန်၌ ကုန်သည်ဖြစ်သူ တွေ့ကြုံခံစားရသည့် စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်နိုင်သည်။ ယခု သူတို့ ဘာလုပ်ကြမည်နည်း။ သူတို့သည် ယေရှုနှင့် ဦးဆုံးတွေ့ဆုံခဲ့ပြီးနောက် ဘာလုပ်ခဲ့ကြောင်း ခရစ်ဝင်ကျမ်းတို့တွင် များစွာဖော်ပြမထားပါ။ ဖြစ်နိုင်သည်မှာ အများစုသည် သူတို့၏ပုံမှန်ဘဝလမ်းစဉ်အတိုင်း ပြန်နေသွားကြသည်။ သို့သော် ခြောက်လမှ တစ်နှစ်နီးပါးကြာပြီးနောက် အန္ဒြေ၊ ပေတရု၊ ယောဟန်နှင့် ယောဟန်၏ညီ ယာကုပ်တို့သည် ဂါလိလဲပင်လယ်၌ ငါးဖမ်းနေချိန်တွင် ယေရှုသည် သူတို့ထံ တစ်ဖန်လာရောက်တွေ့ဆုံပြန်သည်။ * သူတို့ကိုကြည့်ပြီး ယေရှု ဤသို့ဆိုသည်– “ငါ့နောက်သို့လိုက်ကြလော့၊ သင်တို့သည် လူကိုမျှားသောတံငါဖြစ်စေခြင်းငှာ ငါပြုမည်။” သူတို့ အဘယ်အရာတုံ့ပြန်ခဲ့ကြသနည်း။ မဿဲ၏မှတ်တမ်းတွင် ပေတရု၊ အန္ဒြေနှင့်ပတ်သက်ပြီး ဤသို့ဆိုသည်– “ချက်ချင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြသည်။” ယာကုပ်နှင့် ယောဟန်အကြောင်းကို ကျွန်ုပ်တို့ ဤသို့ဖတ်ရ၏– “ထိုသူတို့သည်လည်း ချက်ချင်း အဘနှင့် လှေကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။” ထိုသူတို့သည် “ရှိသမျှတို့ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ” ကြောင်း လုကာ၏မှတ်တမ်းက ထပ်ဆိုထားသည်။—မဿဲ ၄:၁၈-၂၂; လုကာ ၅:၁-၁၁။
၁၁။ ယေရှု၏ဖိတ်ခေါ်ချက်ကို တပည့်များ ချက်ချင်းတုံ့ပြန်ခဲ့ခြင်း၏ အကြောင်းရင်းကား အဘယ်အရာဖြစ်ဖွယ်ရှိသနည်း။
၁၁ တပည့်များသည် အလျင်စလို ဆုံးဖြတ်ချက်ချလိုက်ခြင်းလော။ ဝေးလေစွ! ယေရှုနှင့် ဦးဆုံးတွေ့ဆုံခဲ့ပြီးနောက် မိသားစုငါးဖမ်းလုပ်ငန်းကို ပြန်လုပ်ကိုင်ခဲ့သော်လည်း ယေရှုနှင့်တွေ့ဆုံစဉ်က သူတို့ တွေ့မြင်၊ ကြားသိခဲ့ရာတို့သည် သူတို့၏စိတ်နှလုံးထဲတွင် အလွန်စွဲကျန်ခဲ့ကြောင်း သံသယဖြစ်စရာမရှိပါ။ ကုန်လွန်သွားသော တစ်နှစ်နီးပါးကာလသည် ထိုကိစ္စများကို ဆင်ခြင်သုံးသပ်ဖို့ သူတို့ အချိန်အလုံအလောက်ရစေသည်။ ယခု ဆုံးဖြတ်ရန် အချိန်တိုင်လေပြီ။ တန်ဖိုးမဖြတ်နိုင်သော ပုလဲကိုရှာတွေ့ပြီး ယေရှုပြောခဲ့သကဲ့သို့ ‘ချက်ချင်းသွား၍၊’ [ကဘ] ထိုပုလဲကိုဝယ်နိုင်ရန် လုပ်ဆောင်ခြင်းဖြင့် နှလုံးကိုစေ့ဆော်ခံရသောကုန်သည်နှင့် သူတို့တူကြပါသလော။ မှန်၏။ သူတို့ တွေ့မြင်၊ ကြားသိခဲ့ရာများက သူတို့၏စိတ်နှလုံးကို စေ့ဆော်ပေးခဲ့သည်။ လုပ်ဆောင်ရန် အချိန်တိုင်ပြီဖြစ်ကြောင်း သူတို့သိရှိခဲ့ကြသည်။ ကျမ်းစာတွင် ပြောထားသကဲ့သို့ သူတို့သည် တုံ့ဆိုင်းမနေဘဲ အရာရာကိုစွန့်ကာ ယေရှု၏နောက်လိုက်များ ဖြစ်လာကြသည်။
၁၂၊ ၁၃။ (က) ယေရှု၏စကားကို ကြားနာခဲ့သူများစွာသည် အဘယ်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) မိမိ၏တည်ကြည်သော တပည့်များနှင့်ပတ်သက်၍ ယေရှု အဘယ်သို့မိန့်
ဆိုခဲ့ပြီး ကိုယ်တော့်စကားများက ဘာကိုဆိုလိုသနည်း။၁၂ ဤတည်ကြည်သူတို့သည် ခရစ်ဝင်ကျမ်းမှတ်တမ်းများတွင် နောက်ပိုင်း၌ဖော်ပြထားသော အခြားသူများနှင့် အခြားကြီးခြားလိုက်လေခြင်း! လူများစွာသည် ယေရှု၏ကုသမှု သို့မဟုတ် ကျွေးမွေးမှု ခံခဲ့ရသော်လည်း မိမိတို့၏နေ့စဉ်လုပ်ငန်းဆောင်တာတို့ကိုသာ ပြန်လုပ်ခဲ့ကြသည်။ (လုကာ ၁၇:၁၇၊ ၁၈; ယောဟန် ၆:၂၆၊ ၂၇) အချို့မှာ ယေရှုက မိမိနောက်လိုက်ရန် ဖိတ်ခေါ်သည့်အခါ လက်ခံပြီးကာမှ ပြန်၍ပင်ရုပ်သိမ်းသွားခဲ့ကြသည်။ (လုကာ ၉:၅၉-၆၂) လုံးဝခြားနားသည်မှာ တည်ကြည်သူများနှင့်ပတ်သက်ပြီး နောက်ပိုင်းတွင် ယေရှုဤသို့ဆိုခဲ့သည်– “ဗတ္တိဇံဆရာယောဟန်လက်ထက်မှစ၍ ယခုတိုင်အောင် ကောင်းကင်နိုင်ငံတော်ကို ပန်းတိုင်ထား၍ အားသွန်ခွန်စိုက်ကြိုးပမ်းနေကြ၏။ အားသွန်ခွန်စိုက်တက်လှမ်းနေသောသူတို့သည်လည်း ရယူကြ၏။”—မဿဲ ၁၁:၁၂၊ ကဘ။
၁၃ “အားသွန်ခွန်စိုက်နှင့် အားသွန်ခွန်စိုက်တက်လှမ်းကြိုးစား” ဟူသော ဝေါဟာရသည် အဘယ်အရာကို ဆိုလိုသနည်း။ ဤအသုံးအနှုန်းများ ဆင်းသက်လာရာ ဂရိကြိယာနှင့်စပ်လျဉ်းပြီး ဗိုင်း၏ကျမ်းစာစကားလုံးများဆိုင်ရာ ရှင်းလင်းဖော်ပြချက်အဘိဓာန်က “ဤကြိယာသည် အားကြိုးမာန်တက်ကြိုးစားသည်ဟူသော အဓိပ္ပာယ်ဆောင်သည်” ဟုဆို၏။ ဤအခန်းငယ်နှင့်ပတ်သက်ပြီး ကျမ်းပညာရှင် ဟင်းနရိခ် မီရာက– “ဤနည်းအားဖြင့် နီးကပ်လာသော မေရှိယသခင်၏နိုင်ငံတော်အတွက် စိတ်အားထက်သန်စွာ အပြင်းအထန်ကြိုးစားအားထုတ်ခြင်းကို ဖော်ပြသည်၊ . . . ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ စိတ်ဝင်စားမှုသည် အလွန်ထက်သန်ပြီး အင်တိုက်အားတိုက် (စိတ်အေးလက်အေးနှင့် စောင့်မျှော်နေသူမဟုတ်) ဖြစ်သည်” ဟုဖော်ပြသည်။ ကုန်သည်နည်းတူ ဤလူနည်းစုသည် အမှန်အဖိုးထိုက်တန်ရာကို ချက်ချင်းနားလည်ပြီး ဘုရားသခင့်နိုင်ငံတော်အတွက် မိမိတို့ရှိသမျှကို လိုလိုလားလား စွန့်လွှတ်ခဲ့ကြသည်။—မဿဲ ၁၉:၂၇၊ ၂၈; ဖိလိပ္ပိ ၃:၈-၁၀။
အခြားသူများလည်း ပူးပေါင်းရှာဖွေကြ
၁၄။ ယေရှုသည် ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းလုပ်ငန်းအတွက် တမန်တော်များကို မည်သို့ပြင်ဆင်ပေးခဲ့ပြီး ရလဒ်ကားအဘယ်နည်း။
၁၄ ယေရှုသည် မိမိ၏ဓမ္မအမှုကို ဆက်လုပ်ဆောင်စဉ် အခြားသူများလည်း ဘုရားသခင့်နိုင်ငံတော်ကို ဝင်ရောက်နိုင်ရန် လေ့ကျင့်၊ ကူညီပေးခဲ့သည်။ ဦးဆုံး၊ မိမိ၏တပည့်များထဲမှ ၁၂ ဦးကို ရွေးချယ်ကာ တမန်တော်များ သို့မဟုတ် ကိုယ်တော်စေလွှတ်သူများအဖြစ် ခန့်အပ်ခဲ့သည်။ ယေရှုက သူတို့ကို ဓမ္မအမှုတွင် မည်သို့ဆောင်ရွက်ရမည်နှင့်ပတ်သက်ပြီး အသေးစိတ်ညွှန်ကြားချက်များ ပေးသည့်အပြင် ရှေ့တွင်ကြုံတွေ့ရမည့် စိန်ခေါ်ချက်နှင့် အခက်အခဲများအကြောင်း သတိပေးခဲ့သည်။ (မဿဲ ၁၀:၁-၄၂; လုကာ ၆:၁၂-၁၆) နှစ်နှစ်ကျော်ကျော်အထိ သူတို့သည် ယေရှုနှင့်အတူ နိုင်ငံတစ်ဝန်းတွင် လိုက်လံဟောပြောကြလေရာ ကိုယ်တော်နှင့် ရင်းရင်းနှီးနှီးဆက်ဆံခွင့် ရရှိခဲ့ကြသည်။ ကိုယ်တော့်အဆိုအမိန့်များကို သူတို့ကြားခဲ့ရ၊ တန်ခိုးပါသောလုပ်ရပ်များကို တွေ့မြင်ခဲ့ရ၊ ကိုယ်တော့်ပုံသက်သေကို တွေ့မြင်ခဲ့ရကြသည်။ (မဿဲ ၁၃:၁၆၊ ၁၇) ယင်းတို့အားလုံးကို သူတို့ အလွန်ထိမိစွဲမှတ်သွားကြကာ ကုန်သည်နည်းတူပင် သူတို့လည်း ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ဇွဲထက်သန်ပြီး နှလုံးအကြွင်းမဲ့ဖြင့် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။
၁၅။ ယေရှုသည် မိမိနောက်လိုက်များအား ပျော်ရွှင်မှုရစရာ တကယ့်အကြောင်းရင်းနှင့်ပတ်သက်၍ အဘယ်သို့ မိန့်ဆိုခဲ့သနည်း။
၁၅ ယေရှုသည် တမန်တော် ၁၂ ပါးအပြင် ‘အခြားသောတပည့် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီနှစ်ယောက်စီ စေလွှတ်တော်မူ၏။’ အနာဂတ်တွင် သူတို့ရင်ဆိုင်ရမည့် စမ်းသပ်မှုများနှင့် အခက်အခဲများအကြောင်းကိုလည်း ကိုယ်တော်ပြောပြထားပြီး “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သောအချိန်နီးပြီ” ဟု လူများကိုဟောရန် သင်ကြားပေးခဲ့သည်။ (လုကာ ၁၀:၁-၁၂) ဤ ၇၀ ပြန်ရောက်လာသည့်အခါ သူတို့အလွန်ပျော်ရွှင်ကြပြီး ယေရှုအား– “သခင်၊ ကိုယ်တော်၏နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟု လျှောက်ကြ၏။” ဘုရားသခင့်နိုင်ငံတော်အတွက် သူတို့၏ဇွဲလုံ့လကြောင့် အနာဂတ်တွင် သာ၍ကြီးမားသောပျော်ရွှင်မှု ခံစားရမည်ဖြစ်ကြောင်း ယေရှုဖွင့်ပြောလိုက်သောအခါ အံ့အားသင့်သွားပေမည်။ ကိုယ်တော် ဤသို့ပြောခဲ့၏– “နတ်ဆိုးကိုနိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့။”—လုကာ ၁၀:၁၇၊ ၂၀။
၁၆၊ ၁၇။ (က) ယေရှုသည် မိမိ၏တည်ကြည်သော တမန်တော်များနှင့်အတူရှိခဲ့သည့် နောက်ဆုံးညတွင် သူတို့အား ဘာမိန့်ဆိုခဲ့သနည်း။ (ခ) တမန်တော်များသည် ယေရှု၏စကားများမှ အဘယ်ရွှင်လန်းမှုနှင့် အာမခံချက်ရရှိခဲ့ကြသနည်း။
၁၆ အဆုံး၌ စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက် နောက်ဆုံးညနေတွင် သခင့်ညစာစားပွဲဟု ခေါ်တွင်လာသည့်ပွဲကို အစပြုကျင်းပခဲ့ပြီး ထိုပွဲကို အမှတ်ရကျင်းပရန် သူတို့အား မိန့်မှာခဲ့သည်။ ထိုညနေတွင် ယေရှုသည် ကျန်ရစ်သောတမန်တော် ၁၁ ပါးကို “ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည် ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကိုပေးတော်မူသည်နှင့်အညီ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း၊ ငါသည် သင်တို့အားပေးမည်ဟု မိန့်တော်မူ၏။”—လုကာ ၂၂:၁၉၊ ၂၀၊ ၂၈-၃၀။
၁၇ ယေရှုထံမှ ထိုစကားများကြားလိုက်ရသည့်အခါ သူတို့၏နှလုံးတွင် ရွှင်လန်းမှုနှင့် ကျေနပ်မှုတို့ ပြည့်လွှမ်းခဲ့မည်တကား! သူတို့သည် လူသားတို့ရနိုင်သည့် အမြင့်ဆုံးချီးမြှောက်မှုနှင့် အခွင့်ထူးတို့ကို ကမ်းလှမ်းခြင်းခံခဲ့ကြသည်။ (မဿဲ ၇:၁၃၊ ၁၄; ၁ ပေတရု ၂:၉) ကုန်သည်နည်းတူ သူတို့သည် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် ယေရှုနောက်လိုက်ရန် များစွာစွန့်လွှတ်ခဲ့ကြသည်။ ယခု သူတို့၏စွန့်လွှတ်မှုများသည် လုံးဝအချည်းနှီးမဖြစ်ခဲ့ကြောင်း အာမခံချက်ရသွားကြသည်။
၁၈။ တမန်တော် ၁၁ ပါးအပြင် မည်သူများလည်း ဘုရားသခင့်နိုင်ငံတော်မှ အကျိုးကျေးဇူးခံစားရမည်နည်း။
၁၈ ထိုညတွင် ယေရှုနှင့်အတူရှိနေသည့် တမန်တော်များသာ ဘုရားသခင့်နိုင်ငံတော်မှ အကျိုးခံစားရခြင်း မဟုတ်ပါ။ ၁၄၄,၀၀၀ တို့သည် ဘုန်းကျက်သရေရှိသော ကောင်းကင်နိုင်ငံတော်တွင် ယေရှုခရစ်နှင့်အတူ တွဲဖက်အုပ်စိုးမည့်သူများအဖြစ် ဘုရားသခင့်နိုင်ငံတော်ပဋိညာဉ်ထဲသို့ ဆောင်ကြဉ်းခံရခြင်းသည် ယေဟောဝါ၏အလိုတော်ဖြစ်သည်။ ထို့ပြင် တမန်တော်ယောဟန် မြင်တွေ့ခဲ့သည့် စိတ်အာရုံတစ်ခုတွင် “အဘယ်သူမျှမရေတွက်နိုင်သော လူများအပေါင်းတို့ [“လူအုပ်ကြီး၊” ကဘ] သည် . . . ပလ္လင်တော်ရှေ့ သိုးသငယ်ရှေ့မှာရပ်နေကြ၏။ . . . ပလ္လင်ပေါ်မှာထိုင်တော်မူသော ငါတို့၏ဘုရားသခင်နှင့် သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု . . . ကြွေးကြော်ကြ၏။” ဤသူများသည် ဘုရားသခင့်နိုင်ငံတော်၏ မြေကြီးဆိုင်ရာလက်အောက်ခံများ ဖြစ်ကြသည်။ *—ဗျာ. ၇:၉၊ ၁၀; ၁၄:၁၊ ၄။
၁၉၊ ၂၀။ (က) လူမျိုးအသီးသီးမှ လူတို့အတွက် အဘယ်အခွင့်အလမ်း ပွင့်နေသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်မေးခွန်းကို သုံးသပ်ကြမည်နည်း။
၁၉ ယေရှု ကောင်းကင်သို့မတက်ကြွမီလေးတွင် မိမိ၏တည်ကြည်သောတပည့်များအား ဤသို့မိန့်မှာခဲ့၏– “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမ [သွန်သင်] ပေးကြလော့။ ငါသည်လည်း . . . ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မဿဲ ၂၈:၁၉၊ ၂၀) ထို့ကြောင့် လူမျိုးအသီးသီးမှ လူတို့သည် ယေရှုခရစ်၏တပည့်များ ဖြစ်လာကြမည်။ ပုလဲကောင်းနှင့်ပတ်သက်၍ ကုန်သည်လုပ်ဆောင်ခဲ့သကဲ့သို့ ဤသူများလည်း ဘုရားသခင့်နိုင်ငံတော်—ကောင်းကင် သို့မဟုတ် မြေကြီးဆုကျေးဇူး—တွင် အာရုံစိုက်ထားကြသည်။
၂၀ တပည့်ဖြစ်စေခြင်းလုပ်ငန်းကို “ကမ္ဘာကုန်သည်တိုင်အောင်” တိုးချဲ့သွားမည်ဖြစ်ကြောင်း ယေရှု၏စကားများက ဖော်ညွှန်းနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အချိန်တွင် ဘုရားသခင့်နိုင်ငံတော်အတွက် မိမိတို့၌ရှိသမျှကို လိုလိုလားလားပေးဆက်နေသည့် ကုန်သည်နှင့်တူသောသူများ ရှိနေသေးသလော။ ဤမေးခွန်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 10 ဇေဗေဒဲ၏သား ယောဟန်သည် ယေရှုနှင့် ဦးဆုံးတွေ့ဆုံခဲ့ပြီးနောက် နောက်တော်သို့လိုက်ပြီး ကိုယ်တော်ပြုလုပ်ခဲ့ရာများကို တွေ့မြင်ခဲ့ခြင်းကြောင့် သူ၏ခရစ်ဝင်ကျမ်းတွင် ယင်းအကြောင်းကို ရှင်းလင်းစွာ မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ (ယောဟန်ကျမ်း အခန်းကြီး ၂-၅) မည်သို့ပင်ဖြစ်စေ၊ သူသည် ယေရှုမဖိတ်ခေါ်မီ မိသားစုငါးဖမ်းလုပ်ငန်းကို အတန်ကြာ ပြန်လုပ်ကိုင်ခဲ့သည်။
^ အပိုဒ်၊ 18 အသေးစိတ်အချက်အလက်များအတွက် ယေဟောဝါသက်သေများ ထုတ်ဝေသည့် ထာဝရအသက် ရစေသော အသိပညာ စာအုပ် အခန်း ၁၀ ကိုရှု။
သင်ရှင်းပြနိုင်သလော
• နယ်လှည့်ကုန်သည်ပုံဥပမာ၏ အဓိကသင်ခန်းစာကား အဘယ်နည်း။
• ဘုရားသခင့်နိုင်ငံတော်၏ တန်ဖိုးကြီးမှုကို ကောင်းစွာနားလည်ကြောင်း ယေရှု မည်သို့ပြခဲ့သနည်း။
• အဘယ်အရာက အန္ဒြေ၊ ပေတရု၊ ယောဟန်နှင့် အခြားသူတို့အား ယေရှု၏ဖိတ်ခေါ်ချက်ကို ချက်ချင်းတုံ့ပြန်စေခဲ့သနည်း။
• လူမျိုးအသီးသီးမှ လူတို့ရှေ့မှောက်တွင် အဘယ်အံ့ဖွယ်အခွင့်ထူးရှိသနည်း။
[လေ့လာရန် မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
‘သူတို့သည် ရှိသမျှတို့ကိုစွန့်၍ နောက်သို့လိုက်ကြ၏’
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယေရှု ကောင်းကင်သို့မတက်ကြွမီ မိမိနောက်လိုက်များအားတပည့်ဖြစ်စေရန် မိန့်မှာခဲ့