မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ထိန်းသိမ်းကာကွယ်ထားခြင်း

ကျွန်ုပ်တို့ ခရစ်ယာန်ဖြစ်ရခြင်းကို ထိန်းသိမ်းကာကွယ်ထားခြင်း

ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ထိန်းသိမ်း​ကာကွယ်​ထားခြင်း

‘ထာဝရ​ဘုရားသခင် မိန့်တော်မူသည်​ကား၊ သင်တို့သည် ငါ​၏​သက်သေ​ဖြစ်​ကြ​၏။’—ဟေရှာယ ၄၃:၁၀

၁။ ယေဟောဝါ​သည် အဘယ်​လူစားမျိုး​ကို မိမိ​ထံ သွေးဆောင်​သနည်း။

သင်သည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​သို့ ရောက်​သည့်​အခါ သင့်​ဝန်းကျင်​ကို အသေအချာ လေ့လာ​ကြည့်​လိုက်ပါ။ ဤ​ဝတ်ပြုရာ​နေရာတွင် အဘယ်သူ​များ​ကို သင်​တွေ့ရ​သနည်း။ ကျမ်းစာ​ဉာဏ်ပညာ ဆည်းပူး​နေကြ​သည့် စိတ်အား​ထက်သန်​သော လူငယ်များ​ကို သင်​တွေ့ရ​မည်။ (ဆာလံ ၁၄၈:၁၂၊ ၁၃) ထို​နည်းတူ၊ မိသားစု​ဘဝ​ပြိုကွဲ​နေသော ဤ​လောကတွင် အသက်ရှင်​နေထိုင်​စဉ် ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​ရန် ကြိုးစား​နေကြ​သော အိမ်ထောင်ဦးစီး​များ​ကိုလည်း တွေ့ရ​ပေမည်။ အိုမင်း​ခြင်း​ဝေဒနာ​များ​ကြား ယေဟောဝါ​အား ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ တည်ကြည်​မြဲမြံ​စွာ အသက်ရှင်နေ​ထိုင်​ကြ​သည့် ချစ်​ရသော​သက်ကြီးရွယ်အို​များ​ကို တွေ့ရ​ပေမည်။ (သု. ၁၆:၃၁) ဤသူတို့​အားလုံး ယေဟောဝါ​ကို အလွန်​ချစ်​ကြ​၏။ ကိုယ်တော်​က​လည်း သူတို့ကို မိမိ​နှင့်​ဆက်ဆံ​ရေး​ရှိစေရန် သွေးဆောင်​ခဲ့ပြီ။ ဘုရားသခင့်​သားတော်​က “ငါ့ကို​စေလွှတ်​တော်​မူ​သော ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင် အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်” ဟု​အခိုင်အမာ​ဆို​ခဲ့​သည်။—ယောဟန် ၆:၃၇၊ ၄၄၊ ၆၅

၂၊ ၃။ ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက် ပြင်းပြ​နေ​စေရန် အဘယ်ကြောင့် မလွယ်ကူ​သနည်း။

ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​မျက်နှာသာ​ရ​၍ ကောင်းချီး​ခံစား​နေရသူ​များ​ဖြစ်​ရခြင်း​ကို အားရ​ကျေနပ်​ကြသည်​မဟုတ်လော။ သို့​တိုင် ဤ “ခဲယဉ်း​သော​ကာလ” တွင်​ကျွန်ုပ်​တို့၏ ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက်​ကို ခိုင်မြဲ​နေ​စေရန် မလွယ်ကူ​လှ​ပေ။ (၂ တိမောသေ ၃:၁) ယင်းသည် အထူးသဖြင့် ခရစ်ယာန်​မိသားစု​များ​တွင် ကြီးပြင်း​လာ​ကြသော လူငယ်များ​အတွက် မှန်ကန်​၏။ ထိုသို့​သော​လူငယ်​တစ်ဦး​က ဤသို့​ဝန်ခံခဲ့​သည်– “ခရစ်ယာန်​အစည်းအဝေးတွေကို ကျွန်တော် တက်​နေပေမဲ့ ကျွန်တော့်​မှာ တိကျ​ပြတ်သား​တဲ့ ဝိညာဉ်​ရေး​ပန်းတိုင်​တွေ​မရှိဘူး၊ ပွင့်ပွင့်လင်းလင်း​ပြော​ရ​ရင် ယေဟောဝါ​အမှုတော် ထမ်းဆောင်​ချင်စိတ်​လည်း​မရှိခဲ့ဘူး။”

အချို့​သူတို့သည် စိတ်ရင်းမှန်​ဖြင့် ယေဟောဝါ​၏​အမှုတော်​ဆောင်​လို​ကြသော်လည်း ရွယ်တူချင်း​ဖိအား​ပေး​မှု​ကို အပြင်းအထန်​ခံရ​ခြင်း၊ လောက​သြဇာ​နှင့် အပြစ်ပြု​လို​စိတ်​တို့၏ နှောင့်ယှက်မှု​ခံရ​ခြင်း​တို့​ကြောင့် အာရုံပြောင်း​သွား​ကြ​ပေမည်။ ကျွန်ုပ်​တို့ ဖိအား​ပေး​ခံရ​သည့်​အခါ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို တဖြည်းဖြည်း တန်ဖိုး​မထား​တော့​ဘဲ ဖြစ်သွား​နိုင်၏။ ဥပမာ၊ ယနေ့ လောကသား​များစွာ​သည် ကျမ်းစာ​၏​ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို မျက်မှောက်ခေတ်​အတွက် ခေတ်​နောက်ကျ​ပြီး လက်တွေ့​မကျ​တော့​ဟု ရှုမြင်ကြ​၏။ (၁ ပေတရု ၄:၄) အချို့​က ဘုရားသခင်​လမ်းညွှန်​သည့်​အတိုင်း ကိုယ်တော်​အား ဝတ်ပြုခြင်း​သည် အရေးမပါ​တော့​ဟု ယူဆကြ​သည်။ (ယောဟန် ၄:၂၄) ဧဖက်​မြို့သား​များ​ထံ ပေါလု​ရေး​လိုက်​သော​စာ​တွင် ဤ​လောက​၏ “ဝိညာဉ်” သို့​မဟုတ် ထင်ပေါ်​သော​သဘောထား​အကြောင်း ဖော်ပြ​ထား​သည်။ (ဧဖက် ၂:၂) ထို​လောက​ဝိညာဉ်​သည် ယေဟောဝါ​အား မသိကြ​သည့် လူ့​ဘောင်​အဖွဲ့အစည်း​၏ စဉ်းစား​တွေးခေါ်ပုံ​အတိုင်း ပြုမူ​ရန် ဖိအားပေး​၏။

၄။ သိသာ​ထင်ရှား​သည့် ခရစ်ယာန်​အမှတ်အသား မ​ပျောက်စေ​ရန် ယေရှု မည်သို့​အလေးအနက်​ဖော်ပြ​သနည်း။

သို့သော် ယေဟောဝါ​၏​ဆက်ကပ်​အပ်နှံ​ထားသော ကျေးကျွန်​များ​အနေ​နှင့် လူကြီးလူငယ်​မရွေး ကျွန်ုပ်​တို့အားလုံး​သည် မိမိတို့၏ ခရစ်ယာန်​အမှတ်အသား ပျောက်ဆုံး​သွား​လျှင် အန္တရာယ်​ရှိ​နိုင်​ကြောင်း သိထားကြသည်။ ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက်​ကို လျော်​ကန်​စွာ​ဖော်ပြ​နိုင်​ရန် ယေဟောဝါ​၏​စံနှုန်း​များနှင့် ကျွန်ုပ်​တို့​ထံ​မှ ကိုယ်တော်​တောင်းဆိုရာ​များ​ကို ခြေမြစ်​စွာ သိရှိဖို့​လို​သည်။ အကြောင်း​မှာ ကျွန်ုပ်​တို့ကို ကိုယ်တော်​၏​ပုံသဏ္ဌာန်​တော်​နှင့်​အညီ ဖန်ဆင်း​ထား​၏။ (ကမ္ဘာဦး ၁:၂၆; မိက္ခာ ၆:၈) သမ္မာကျမ်းစာ​က သိသာ​ထင်ရှား​သည့် ခရစ်ယာန်​အမှတ်အသား​ကို အားလုံးမြင်​နိုင်သော​ဝတ်ရုံ​နှင့် နှိုင်းယှဉ်​ထား​၏။ ကျွန်ုပ်​တို့​ခေတ်​နှင့်​စပ်လျဉ်း၍ ယေရှု​က ဤသို့​သတိပေး​ခဲ့​သည်– “ကြည့်​လော့! ငါသည် သူခိုး​ကဲ့သို့​လာ​မည်။ အဝတ်အချည်းစည်း​နှင့်​သွားလာ​သဖြင့် မိမိ၏​ရှက်ဖွယ်​ရာ​အဖြစ်ကို လူ​တို့​မကြည့်​စေရန် နိုးနိုးကြားကြား​နေ​ကာ မိမိ၏​ဝတ်ရုံ​များ​ကို စောင့်​သော​သူသည် ပျော်ရွှင်​၏။” * (ဗျာ. ၁၆:၁၅က​ဘ) ကျွန်ုပ်​တို့၏​ခရစ်ယာန်​အရည်အသွေးများနှင့် ကျင့်ဝတ်​စံနှုန်း​များ​ကို ချွတ်ပယ်​လိုက်ပြီး စာတန့်​လောက​၏ ပုံသွင်းခြင်း​ကို ကျွန်ုပ်​တို့ မခံလို​ကြ​ပါ။ ထိုသို့​ဖြစ်​ခဲ့​သော် အဆိုပါ “ဝတ်ရုံ​များ” ပျောက်ဆုံး​သွားပေ​မည်။ ဤသို့​သော​အခြေအနေ​သည် ဝမ်းနည်း​ကြေကွဲစရာ၊ ရှက်ဖွယ်​ရာ​ဖြစ်​ပေ​လိမ့်​မည်။

၅၊ ၆။ ဝိညာဉ်​ရေး​တည်မြဲမှု​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက် ပြင်းပြ​ခြင်း​သည် လူတစ်ဦး​၏​ဘဝ​ဦးတည်ချက်​အပေါ် များစွာ​အကျိုး​သက်ရောက်​၏။ မည်သို့​အားဖြင့်​နည်း။ ယေဟောဝါ​အား ဝတ်ပြုသူ​တစ်ဦး​သည် မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ခံယူ​ချက်​ကို ပျောက်ဆုံး​သွား​စေမည်​ဆိုလျှင် သူသည် တိကျ​ထင်ရှားသော ဦးတည်ချက်​များ၊ ပန်းတိုင်​များ​မရှိတော့ဘဲ အာရုံ​ထွေပြား​သွား​နိုင်​သည်။ ဤသို့​ခိုင်မာ​ပြတ်သားမှု​မရှိသော အခြေအနေ​အကြောင်း သမ္မာကျမ်းစာ​က အကြိမ်ကြိမ် သတိပေး​၏။ တပည့်​ဖြစ်သူ ယာကုပ်​က ဤသို့​သတိပေး​ခဲ့​သည်– ‘တွေးတောခြင်း​ရှိသောသူ​သည်​ကား၊ လေ​ခတ်​၍ လှုပ်ရှား​တတ်သော လှိုင်း​တံပိုး​နှင့်​တူ​၏။ ထိုသို့​သော​သူသည် စိတ်​နှစ်ခွ​ရှိသောသူ၊ ပြု​လေ​သမျှ​တို့​၌ မတည်​ကြည်​သော​သူ​ဖြစ်၍ ထာဝရ​ဘုရားသခင်​၏​လက်တော်​မှ တစ်စုံတစ်ခု​ကို​ရမည်ဟု မထင်မမှတ်​စေ​နှင့်။’—ယာကုပ် ၁:၆-၈; ဧဖက် ၄:၁၄; ဟေဗြဲ ၁၃:၉

ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို မည်သို့​ကာကွယ်​နိုင်​သနည်း။ အကြီးမြတ်ဆုံး​အရှင်​အား ဝတ်ပြုသူ​များ​ဖြစ်​ရခြင်း မဟာ​အခွင့်ထူး​ကြီး​ကို ကျွန်ုပ်​တို့ မည်သို့​တိုး၍​တန်ဖိုး​ထား​နိုင်​ကြ​မည်​နည်း။ အောက်ပါ​နည်း​များ​ကို ကျေးဇူးပြု​၍ သုံးသပ်ကြည့်​ပါ။

အသင် ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ပြတ်သား​စွာ​ဖော်ပြ

၇။ ကျွန်ုပ်​တို့ကို စစ်ဆေး​တော်​မူ​ပါ​ဟု ယေဟောဝါ​အား အသနားခံခြင်း​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။

ယေဟောဝါ​နှင့် သင်၏​ဆက်ဆံ​ရေး​ကို ခိုင်မြဲ​နေစေပါ။ ခရစ်ယာန်​တစ်ဦး၏ တန်ဖိုး​အရှိဆုံး​ပိုင်ဆိုင်မှု​မှာ ဘုရားသခင်​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ဖြစ်သည်။ (ဆာလံ ၂၅:၁၄; သု. ၃:၃၂) ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို စိတ်​ဒွိဟ​ဖြစ်လာ​လျှင် အဆိုပါ​ဆက်ဆံ​ရေး​၏​အရည်အသွေး​နှင့် အတိမ်အနက်​ကို အသေအချာ​ဆန်းစစ်​သင့်​သည်။ ဆာလံဆရာ​သည် ဤသို့​လျောက်ပတ်​စွာ အသနားခံ​သည်– ‘အို​ထာဝရ​ဘုရားသခင်၊ အကျွန်ုပ်​ကို စစ်ဆေး​စုံစမ်း​၍ နှလုံး​ကျောက်ကပ်​ကို ဆေးကြော​တော်​မူ​ပါ။’ (ဆာလံ ၂၆:၂) ဤသို့​စစ်ဆေးခြင်း​သည် အဘယ်ကြောင့် အရေးကြီး​သနည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့ သို​သိပ်​ထားသော ရည်ရွယ်ချက်များ​နှင့် အတွင်းအကျဆုံး အလိုဆန္ဒများကို ယုံကြည်​စိတ်ချ​စွာ မိမိ​ဘာသာ အကဲမဖြတ်​နိုင်​၍​ဖြစ်သည်။ ယေဟောဝါ​သာ​လျှင် ကျွန်ုပ်​တို့၏​အတွင်းလူ​ဖြစ်သော ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်၊ စဉ်းစား​တွေးခေါ်မှု​နှင့် စိတ်​လှုပ်ရှားမှု​တို့ကို ထိုးထွင်း​သိမြင်​နိုင်၏။—ယေရမိ ၁၇:၉၊ ၁၀

၈။ (က) ယေဟောဝါ​၏​စမ်းသပ်မှု​ခံ​ခြင်း​က ကျွန်ုပ်​တို့အတွက် အဘယ်​အကျိုးရှိ​နိုင်​သနည်း။ (ခ) သင်သည် ခရစ်ယာန်​တစ်ဦး​အနေ​နှင့် တိုးတက်မှု​ရှိ​ရန် မည်သို့​အကူအညီ​ရရှိခဲ့​ပြီ​နည်း။

ကျွန်ုပ်​တို့ကို စစ်ဆေး​တော်​မူ​ပါ​ဟု ယေဟောဝါ​အား တောင်းလျှောက်​ခြင်း​အားဖြင့် ကျွန်ုပ်​တို့ကို စမ်းသပ်​စေ​လို​ကြောင်း ဖော်ပြ​၏။ ကျွန်ုပ်​တို့၏​ရည်ရွယ်ချက်​မှန်​နှင့် နှလုံး​အနေအထား ဖော်ပြ​သည့် အခြေအနေ​များ​ကို ကိုယ်တော် ဖြစ်ပေါ်​စေ​ပေမည်။ (ဟေဗြဲ ၄:၁၂၊ ၁၃; ယာကုပ် ၁:၂၂-၂၅) ဤသို့​သော​စမ်းသပ်မှု​များ​ကို လက်ခံသင့်​သည်၊ သို့ဖြင့် ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့၏​သစ္စာစောင့်သိမှု​၏ အတိမ်အနက်​ကို ဖော်ပြ​ခွင့်​ရရှိ​ကြသည်။ ကျွန်ုပ်​တို့သည် “အလျှင်း​မချို့တဲ့​ဘဲ စေ့စပ်​စုံလင်” မှု​ရှိမရှိ ယင်း​စမ်းသပ်မှု​များ​က ဖော်ပြ​နိုင်​သည်။ (ယာကုပ် ၁:၂-၄) ထိုသို့​အစမ်းသပ်ခံ​နေစဉ် ဝိညာဉ်​ရေး​ဘက်တွင် ကျွန်ုပ်​တို့ တိုးတက်လာ​နိုင်၏။—ဧဖက် ၄:၂၂-၂၄

၉။ ကျမ်းစာ​အမှန်တရား​ဖြစ်​ကြောင်း မိမိ​ကိုယ်တိုင်​ကိုယ်​ကျ ယုံကြည်​သက်ဝင်လာ​ရန် လေ့လာခြင်း​သည် မပြု​လည်း​ရသည်​ဟူ​သည့် သဘော​လော။ ရှင်းပြပါ။

ကျမ်းစာ​အမှန်တရား​ဖြစ်​ကြောင်း အသင်​ကိုယ်တိုင်​ကိုယ်​ကျ ယုံကြည်​သက်ဝင်လာ​ရန် လေ့လာ​ပါ။ ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်​ကြောင်း ကျွန်ုပ်​တို့၏​ခံယူ​ချက်​သည် ကျမ်းစာ​အသိပညာ​အပေါ် အခိုင်အမာ​အခြေ​မပြုလျှင် အားနည်း​သွား​နိုင်​သည်။ (ဖိလိပ္ပိ ၁:၉၊ ၁၀) လူကြီးလူငယ်​မရွေး ခရစ်ယာန်​တိုင်း​သည် မိမိ​ယုံကြည်သည့်​အရာ​မှာ သမ္မာကျမ်းစာ​တွင်​တွေ့ရ​သည့် အမှန်တရား​ဖြစ်​ကြောင်း မိမိ​ကိုယ်တိုင်​ကိုယ်​ကျ ယုံကြည်​သက်ဝင်လာ​ရန် လေ့လာ​ရမည်။ ယုံကြည်သူချင်း​များ​ကို ပေါလု ဤသို့​တိုက်တွန်း​ခဲ့​သည်– “ခပ်သိမ်း​သော​အရာ​ကို စုံစမ်း​၍ ကောင်းသော​အရာ​ကို အမြဲ​ကိုင်စွဲ​ကြလော့။” (၁ သက်သာလောနိတ် ၅:၂၁) ဘုရားသခင်​ကို ကြောက်ရွံ့​သော​မိသားစု​များ​မှ ခရစ်ယာန်​လူငယ်တို့​သည် မိဘများ​၏​ယုံကြည်ခြင်း​အပေါ် တည်မှီ​နေ၍​သာ​မရနိုင်​ကြောင်း သိထားရ​မည်။ ရှောလမုန်​၏​ဖခင် ဒါဝိဒ်က “သင့်​အဘ​၏​ဘုရားသခင်​ကို​သိ​လော့။ စုံလင်သော​နှလုံး . . . နှင့်​ဝတ်ပြု​လော့” ဟု​သူ့ကို​တိုက်တွန်း​ခဲ့​သည်။ (၁ ရာဇဝင်ချုပ် ၂၈:၉) ယေဟောဝါ​အပေါ် ယုံကြည်ခြင်းကို သူ၏​ဖခင် မည်သို့​တည်ဆောက်​ခဲ့​ကြောင်း လူငယ်​ရှောလမုန် ကြည့်​နေ​ရုံ​မျှ​ဖြင့် မလုံလောက်​ပေ။ သူကိုယ်တိုင် ယေဟောဝါ​အား သိကျွမ်း​လာရန်​လို​သည်၊ ထိုသို့​လည်း​ပြုလုပ်​ခဲ့​၏။ ဘုရားသခင်​အား သူ​ဤသို့​တိုးလျှိုး​တောင်းပန်​ခဲ့​သည်– “အကျွန်ုပ်သည် ဤ​လူ​တို့​ရှေ့မှာ ထွက်​ဝင်နိုင်​မည်​အကြောင်း ဉာဏ်ပညာ​ကို ပေးသနား​တော်​မူ​ပါ။”—၂ ရာဇဝင်ချုပ် ၁:၁၀

၁၀။ စိတ်ရင်းမှန်​ဖြင့် မေးခွန်းများ​မေး​ခြင်း​သည် အဘယ်ကြောင့်​မမှား​သနည်း။

၁၀ ခိုင်ခံ့​သော​ယုံကြည်ခြင်း​သည် အသိပညာ​အပေါ်​အခြေပြု​၏။ ပေါလု​က “ယုံကြည်ခြင်း​သည် ကြားနာ​ခြင်း​အားဖြင့်​ဖြစ်၏” ဟု​ဖော်ပြ​သည်။ (ရောမ ၁၀:၁၇) အဘယ်အရာကို သူ​ဆိုလို​သနည်း။ ဘုရားသခင့်​စကားတော်​ကို မှီဝဲခြင်း​အားဖြင့် ယေဟောဝါ၊ ကိုယ်တော်​၏​ကတိတော်​များနှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​တို့​အပေါ် ယုံကြည်​စိတ်ချမှု တိုးများ​လာ​မည်​ဖြစ်​ကြောင်း သူ​ဆိုလိုခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​အကြောင်း ရိုးသား​ဖြောင့်မတ်​စွာ မေးမြန်းခြင်း​ဖြင့် အားရှိစရာ​အဖြေ​များ ရရှိ​စေနိုင်​သည်။ ထို့​ပြင် ရောမ ၁၂:၂ [သမ္မာ] တွင် ပေါလု​၏​ဤ​အကြံပြုချက်ကို တွေ့ရှိ​ရသည်– “ကောင်းမြတ်သော​အရာ၊ နှစ်သက်ဖွယ်သော​အရာ၊ စုံလင်သော​အရာ​တည်း​ဟူသော ဘုရားသခင့်​အလိုတော်​ရှိသော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို ပိုင်းခြား​၍​သိနိုင်” ဖို့​ကြိုးစား​ပါ။ မည်သို့​ပြု​နိုင်​မည်​နည်း။ “တိကျ​မှန်ကန်သော​ကျမ်းစာ​အသိပညာ” ကို​ရရှိ​ခြင်း​အားဖြင့်​ဖြစ်သည်။ (တိတု ၁:၁က​ဘ) ယေဟောဝါ​၏​ဝိညာဉ်တော်သည် ခက်ခဲ​နက်နဲ​သော​အကြောင်းအရာများ​ကို​ပင် ကျွန်ုပ်​တို့အား သိ​နားလည်စေ​နိုင်​သည်။ (၁ ကောရိန္သု ၂:၁၁၊ ၁၂) တစ်စုံတစ်ရာ​ကို နားလည်​ဖို့ အခက်တွေ့​နေလျှင် ဘုရားသခင်​၏​အကူအညီ​ရ​ရန် ဆုတောင်း​သင့်​၏။ (ဆာလံ ၁၁၉:၁၀၊ ၁၁၊ ၂၇) ယေဟောဝါ​သည် ကျွန်ုပ်​တို့အား ကိုယ်တော်​၏​စကားတော်​ကို နားလည်​ပြီး ၎င်းကို ယုံကြည်​ကာ လိုက်နာ​စေ​လို​၏။ စိတ်ရင်းမှန်​ဖြင့်​မေး​သော မေးခွန်းများကို ကိုယ်တော်​လက်ခံ​တော်​မူ​သည်။

ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ရန် အခိုင်အမာ​ဆုံးဖြတ်​ပါ

၁၁။ (က) အဘယ်​လူ့​သဘာဝ​သည် ကျွန်ုပ်​တို့ကို ကျော့မိ​စေနိုင်​သနည်း။ (ခ) ရွယ်တူချင်း​ဖိအား​ကို တွန်းလှန်​နိုင်​ရန် ရဲစွမ်းသတ္တိ မည်သို့​ရရှိနိုင်​သနည်း။

၁၁ လူ့​စိတ်​မဟုတ်၊ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ရန် ကြိုးစား​ပါ။ အုပ်စု​တစ်စု​ဝင်​ဖြစ်​ခြင်း​ဖြင့် မိမိတို့​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အတိုင်းအတာ​တစ်ခု​အထိ ဖော်ပြခြင်း​သည် လူ့​သဘာဝ​ပင်။ လူတိုင်းမှာ မိတ်ဆွေများ​ရှိဖို့လို​၏၊ အသိအမှတ်ပြု​လက်ခံ​ကြ​လျှင် ကျွန်ုပ်​တို့အား ပျော်ရွှင်​စေ​၏။ မြီး​ကောင်​ပေါက်​အရွယ်​အပြင် နောက်ပိုင်း​အချိန်တွင်​ပင် ရွယ်တူချင်း​ဖိအား​သည် အစွမ်းထက်​ပြီး သူတစ်ပါးကို တုပ​စေ​လို​၏၊ သူတစ်ပါး​၏​စိတ်​နှင့်​တွေ့​လို​သည့်​ဆန္ဒ အလွန်​ပြင်းပြ​စေနိုင်​၏။ သို့သော် မိတ်ဆွေများ​နှင့် ရွယ်တူချင်း​တို့သည် ကျွန်ုပ်​တို့၏​အကောင်းဆုံး​အကျိုးကို အမြဲလို​လား​ကြသည်​မဟုတ်။ တစ်ခါတစ်ရံ သူတို့သည် မကောင်းမှု​ပြု​ရန် အဖော်​ရ​လို​၍​သာ​ဖြစ်သည်။ (သု. ၁:၁၁-၁၉) ခရစ်ယာန်​တစ်ဦး​သည် မနှစ်မြို့ဖွယ်​ရွယ်တူချင်း​ဖိအား​ကို လိုက်လျော​သည့်​အခါ မိမိသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ကြိုးစား​ကွယ်ဝှက်​လေ့​ရှိသည်။ (ဆာလံ ၂၆:၄) တမန်​တော်​ပေါလု​က “သင်၏​ဝန်းကျင်ရှိ ဤ​လောက​၏​အမူအကျင့်ကို အတု​မခိုး​နှင့်” ဟု​သတိပေး​ခဲ့​သည်။ (ရောမ ၁၂:၂ဂျေ​ရု​ရှ​လင်​သမ္မာကျမ်းစာ) လိုက်လျောညီထွေ​နေ​စေရန် ပြင်ပ​မှ မည်သည့်​ဖိအား​ကို​မဆို တွန်းလှန်​နိုင်​ဖို့ ကျွန်ုပ်​တို့​လိုအပ်​သည့် အတွင်း​ခွန်အား​ကို ယေဟောဝါ ပေးသနား​တော်​မူ​သည်။—ဟေဗြဲ ၁၃:၆

၁၂။ ဘုရားသခင်​အား ယုံကြည်​ကိုးစားမှု စမ်းသပ်ခံ​ရသည့်​အခါ အဘယ်​မူ​နှင့် အဘယ်​ပုံ​နမူနာ​က ကျွန်ုပ်​တို့၏​ရပ်တည်ချက်ကို ကြံ့ကြံ့ခံရပ်​စေနိုင်​သနည်း။

၁၂ ပြင်ပ​ဖိအား​ကြောင့် မိမိတို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက် ပျောက်​ခါနီး​သည့်​အခါ လူထု​၏​ခံယူ​ချက်၊ လူအများ​၏​အကြိုက်​ထက် ဘုရားသခင်​အပေါ် ကျွန်ုပ်​တို့၏​သစ္စာစောင့်သိမှုက ပို​၍​အရေးကြီးကြောင်း သတိရ​သင့်​သည်။ ထွက်မြောက်ရာ ၂၃:၂ ပါ ဤ​စကား​များသည် မလွဲ​မှား​စေသော​မူ​ဖြစ်သည်– “လူများ​နောက်သို့​လိုက်၍ မတရား​သဖြင့်​မပြုရ။” ဣသရေလ​ချင်း​တို့​မှ​အများစု​သည် ကတိတော်​များ​ကို ပြည့်စုံ​စေနိုင်​သော ယေဟောဝါ​၏​အစွမ်း​ကို သံသယဝင်​သည့်​အခါ ကာလက်​သည် လူအများ​နောက်လိုက်​ရန် အခိုင်အမာ​ငြင်းပယ်​ခဲ့​သည်။ သူသည် ဘုရားသခင်​၏​ကတိတော်​များ အမှန်ပင် ယုံကြည်​အားထား​ထိုက်​ကြောင်း သေချာ​စွာ​သိထား​ပြီး မားမားမတ်မတ်​ရပ်တည်ခဲ့​ရာ ကြွယ်ဝ​စွာ​ကောင်းချီး​ခံစား​ခဲ့​ရသည်။ (တောလည်ရာ ၁၃:၃၀; ယောရှု ၁၄:၆-၁၁) ဘုရားသခင်​နှင့် သင်၏​ဆက်ဆံ​ရေး​ကို ကာကွယ်​ရန် လူအများ​၏​အကြိုက်ကို ထို​နည်း​ထပ်တူ တွန်းလှန်​လို​စိတ်​ရှိသလော။

၁၃။ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့၏​ရပ်တည်မှု​ကို လူအများ​အား အသိပေး​ခြင်း​သည် အဘယ်ကြောင့် ပညာရှိ​လမ်းစဉ်​ဖြစ်သနည်း။

၁၃ သင်သည် ခရစ်ယာန်​ဖြစ်သည်​ကို လူအများ​အား သိစေပါ။ လက်​ဦး​မှု​ရယူခြင်း​သည် ကာကွယ်​မှု​ဖြစ်သည်​ဟူသော အဆို​သည် ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ကာကွယ်​ရာ​တွင် မှန်ကန်​၏။ ဧဇရ​ခေတ်​က တည်ကြည်သော​ဣသရေလလူ​တို့သည် ယေဟောဝါ​၏​အလိုတော်ကို ကြိုးစား​ထမ်းဆောင်​ရာ​တွင် ဆန့်ကျင်​ခံရ​သည့်​အခါ သူတို့က “ငါ​တို့သည် ကောင်းကင်​နှင့် မြေကြီး​အရှင် ဘုရားသခင်​၏​ကျွန်တော်​ဖြစ်​ကြ​၏” ဟု​ဆို​သည်။ (ဧဇရ ၅:၁၁) ကျွန်ုပ်​တို့သည် ရန်လို​သူများ​၏ အတိုက်အခံ၊ ပြစ်တင်​ဝေဖန်မှု ခံရ​သည့်​အခါ ကြောက်​ဒူး​တုန်​ပြီး မလှုပ်မရှား​ဖြစ်သွား​နိုင်​သည်။ လူ​ယောက်​တိုင်း​၏ အကြိုက်ကို​လိုက်၍ လုပ်ဆောင်ပေး​မှု​ပေါ်လစီ​ကို ကျွန်ုပ်​တို့ ကျင့်သုံး​မည်​ဆိုလျှင် အကျိုး​သက်ရောက်မှု လျော့နည်း​သွား​နိုင်​သည်။ ထို့​ကြောင့် ထိတ်လန့်​မသွား​ပါ​နှင့်။ သင်သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​ကြောင်း အထင်အရှား​အသိပေး​ခြင်း​က ကောင်း​၏။ ခရစ်ယာန်​တစ်ဦး​အနေ​နှင့် သင်၏​စံ​များ၊ ယုံကြည်ချက်များ​နှင့် အနေအထား​ကို လေးစား​စွာ အခိုင်အမာ​ပြောပြ​နိုင်​သည်။ ကိုယ်ကျင့်တရား​နှင့်​ပတ်သက်ပြီး ယေဟောဝါ​၏​မြင့်မားသော စံနှုန်း​များ​ကို ကိုင်စွဲ​ထား​ရန် ဆုံးဖြတ်ထား​ကြောင်း အသိပေး​ပါ။ သင်၏​ခရစ်ယာန်​သမာဓိကို မ​ဖျက်​နိုင်​ကြောင်း ရှင်းလင်း​ပြတ်သား​စွာ ဖော်ပြ​ပါ။ သင်၏​ကိုယ်ကျင့်တရား​စံနှုန်း​များ​ကို ဂုဏ်ယူ​ဝင့်ကြွား​စွာ ဖော်ပြ​ပါ။ (ဆာလံ ၆၄:၁၀) သင်သည် တည်ကြည်သော​ခရစ်ယာန်​တစ်ဦး​အဖြစ် ပေါ်လွင်​ထင်ရှား​နေလျှင် ယင်းက သင့်ကို အားပေးမှု​ဖြစ်​ပြီး ကာကွယ်​ပေး​နိုင်​သည့်​အပြင် ယေဟောဝါ​နှင့် ကိုယ်တော်​၏​လူမျိုးတော်​အကြောင်း အချို့​သူတို့အား စူးစမ်း​စေ​ပေမည်။

၁၄။ သင်သည် ပြောင်လှောင်​ဆန့်ကျင်မှု​ကြောင့် စိတ်ပျက်​အားလျော့​သင့်​သလော။ ရှင်းပြပါ။

၁၄ မှန်ပါသည်၊ လူ​အချို့ သင့်ကို ပြောင်လှောင်၊ ဆန့်ကျင်​ပေမည်။ (ယုဒ ၁၈) သင်၏​စံနှုန်း​များ​အကြောင်း ကြိုးစား​ရှင်းပြ​ခြင်း​ကို အခြားသူများ လက်မခံ​လျှင် စိတ်မပျက်​ပါ​နှင့်။ (ယေဇကျေလ ၃:၇၊ ၈) သင်သည် မည်မျှ​ပင် စိတ်အား​ထက်သန်​ပါစေ၊ ယုံကြည်​လက်ခံလိုစိတ်​မရှိသူ​များ​ကို ဘယ်​သောအခါ​မျှ လက်ခံ​လာ​စေနိုင်​မည်​မဟုတ်ပါ။ ဖာရော​ကို သတိရပါ။ အဘယ်​ကပ်ဘေး၊ အဘယ်​အံ့ဖွယ်အမှု​မျှ​မ​က သားဦး​သေဆုံး​ခြင်း​ပင် ဖာရော​အား ယေဟောဝါ​ကိုယ်စား မောရှေ​ပြောဆို​နေကြောင်း​ကို လက်ခံ​အောင် မပြု​လုပ်နိုင်​ခဲ့​ချေ။ သို့​ဖြစ်၍ လူကို​ကြောက်စိတ်​ကြောင့် မ​လှုပ်​မ​ယှက်​မဖြစ်​ပါ​နှင့်။ ဘုရားသခင်​အား ယုံကြည်​ကိုးစားခြင်း​သည် ကြောက်စိတ်​ကင်း​စေ​၏။—သု. ၃:၅၊ ၆; ၂၉:၂၅

အတိတ်ကို​ကြည့်၊ အနာဂတ်​ကို တည်ဆောက်

၁၅၊ ၁၆။ (က) ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကား အဘယ်နည်း။ (ခ) ဘုရားသခင့်​စကားတော်​အလင်းဖြင့် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကို စဉ်းစား​ဆင်ခြင်ခြင်း​မှ မည်သို့​အကျိုး​ရယူ​နိုင်​သနည်း။

၁၅ သင်၏​ဝိညာဉ်​ရေး အမွေအနှစ်​ကို တန်ဖိုး​ထား​ပါ။ ခရစ်ယာန်​များသည် ဘုရားသခင့်​စကားတော်​အလင်းဖြင့် သူတို့၏​ကြွယ်ဝသော ဝိညာဉ်​ရေး​အမွေအနှစ်​ကို စဉ်းစား​ဆင်ခြင်ခြင်း​မှ အကျိုး​ခံစား​ကြ​ရမည်။ ဤ​အမွေအနှစ်​တွင် ယေဟောဝါ​စကားတော်​၏ အမှန်တရား၊ ထာဝရ​အသက်​မျှော်လင့်ချက်​နှင့် သတင်းကောင်း ကြွေးကြော်​သူများ​အဖြစ် ဘုရားသခင်​၏​ကိုယ်စားလှယ်​များ​ဖြစ်ခွင့်​တို့​ပါဝင်​၏။ သင်သည် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​ဖြင့် အသက်ကယ်​ဆယ်​ရေး​လုပ်ငန်း​ကို အပ်နှင်း​ခံရ​သည့် အခွင့်ထူး​သော​လူစု၊ ကိုယ်တော်​၏​သက်သေ​များ​ကြား​တွင် တစ်ထောင့်​တစ်​နေရာ​မှ ပါဝင်​နေကြောင်း တွေ့မြင်​ပါသလော။ ‘သင်တို့သည် ငါ​၏​သက်သေ’ ဖြစ်သည်ဟု အခိုင်အမာ​မိန့်ဆို​သော​အရှင်​မှာ ယေဟောဝါ​ဖြစ်​ကြောင်း သတိရပါ။—ဟေရှာယ ၄၃:၁၀

၁၆ ဤ​မေးခွန်းများ​ဖြင့် သင့်ကိုယ်​သင် မေး​နိုင်​သည်– ‘ဤ​ဝိညာဉ်​ရေး​အမွေအနှစ်​သည် ကျွန်ုပ်​အတွက် မည်မျှ​တန်ဖိုး​ရှိ​သနည်း။ ကျွန်ုပ်​၏​ဘဝတွင် ဘုရားသခင့်​အလိုတော် ဆောင်ရွက်ခြင်း​ကို ဦးစားပေး​သည်​အထိ တန်ဖိုး​ထား​ပါသလော။ ၎င်း​အမွေအနှစ်​ကို ဆုံးရှုံး​သွား​စေနိုင်​သော မည်သည့်​သွေးဆောင်မှု​ကို​မဆို ငြင်းဆန်​နိုင်​သည်​အထိ ယင်းကို တန်ဖိုး​ထား​လေးမြတ်ပါ​သလော။’ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​သည် ယေဟောဝါ​၏​အဖွဲ့အစည်း​အတွင်း​၌​သာ ရရှိနိုင်​သည့် ဝိညာဉ်​ရေး​လုံခြုံမှု​ကို အလွန်​တန်ဖိုး​ထား​စေနိုင်​၏။ (ဆာလံ ၉၁:၁၊ ၂) ယေဟောဝါ​၏ မျက်မှောက်ခေတ်​အဖွဲ့အစည်း​သမိုင်း​မှ မှတ်သားဖွယ်​အဖြစ်အပျက်​များ​ကို ပြန်​ဆန်းစစ်ခြင်း​ဖြင့် ကမ္ဘာ​မြေပေါ်​မှ ယေဟောဝါ​၏​လူမျိုးတော်ကို အဘယ်သူ​က​မျှ၊ အဘယ်အရာကမျှ ပပျောက်​စေနိုင်​မည်​မဟုတ်​ကြောင်း စိတ်စွဲ​မှတ်​သွား​နိုင်​သည်။—ဟေရှာယ ၅၄:၁၇; ယေရမိ ၁:၁၉

၁၇။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကို မှီခို​အားထားရုံ​မျှ​မ​က အဘယ်အရာ​လိုအပ်​သေး​သနည်း။

၁၇ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကို​သာ မှီခို​အားထား​၍​မရနိုင်​ချေ။ ကျွန်ုပ်​တို့​တစ်ဦးစီ​သည် ဘုရားသခင်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို တိုးတက်စေ​ရမည်။ ပေါလု​သည် ဖိလိပ္ပိ​မြို့ရှိ ခရစ်ယာန်​များ​၏​ယုံကြည်ခြင်းကို ကြိုးစား​တည်ဆောက်​ပြီး​နောက် သူတို့​ထံ ဤသို့​စာရေး​ခဲ့​သည်– “သို့​ဖြစ်၍ ငါ့​ချစ်သူ​တို့၊ သင်တို့သည် ငါ့​မျက်မှောက်​၌ နားထောင်​သည်​သာမက၊ မျက်ကွယ်​၌​လည်း အစဉ်​နားထောင်​သည်​နှင့်​အညီ၊ ကြောက်ရွံ့​တုန်လှုပ်​သော​စိတ်​နှင့် ကိုယ်ကို​ကယ်တင်ခြင်း​ငှာ ကိုယ်တိုင်​ကြိုးစား​အားထုတ်​ကြလော့။” (ဖိလိပ္ပိ ၂:၁၂) ကျွန်ုပ်​တို့ ကယ်တင်ခြင်း​ရ​ရန် အခြားသူ​တစ်ဦး​ကို မှီခို​အားထား​၍​မရပါ။

၁၈။ ခရစ်ယာန်​လုပ်ငန်းများ​သည် ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက် မည်သို့​ပို​၍​ပီပြင်​စေနိုင်​သနည်း။

၁၈ ခရစ်ယာန်​လုပ်ငန်းများ​တွင် အာရုံနစ်​ထား​ပါ။ “တစ်ဦး​တစ်ယောက်​သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သူ၏​အလုပ်​က ပုံဖော်​သည်” ဟု​ဆို​၏။ ယနေ့ တည်ထောင်​ပြီး​သော ဘုရားသခင့်​နိုင်ငံတော် သတင်းကောင်းကို ဟောပြော​ရသည့် အရေးကြီး​လုပ်ငန်း​ကို ခရစ်ယာန်​များ​အား အပ်နှင်း​ထား​သည်။ ပေါလု​က “ငါသည် တစ်ပါး​အမျိုးသား​တို့​နှင့်​ဆိုင်သော တမန်​တော်​ဖြစ်သည်​နှင့်​အညီ၊ ထို​တမန်​တော်​၏​အရာ​ကို ချီးမွမ်း” မည်​ဟု ကြေညာ​ခဲ့​သည်။ (ရောမ ၁၁:၁၃၊ ၁၄) ကျွန်ုပ်​တို့၏​ဟောပြောခြင်း​လုပ်ငန်း​သည် ကျွန်ုပ်​တို့ကို ဤ​လောက​မှ သီးခြား​ဖြစ်စေ​ပြီး ယင်း​လုပ်ငန်း​တွင်​ပါဝင်ခြင်း​က ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ပို​၍​ပီပြင်​စေ​သည်။ ခရစ်ယာန်​အစည်းအဝေး​များ၊ ဝတ်ပြုရေး​နေရာ​ဆောက်လုပ်​ခြင်း အစီအစဉ်များ၊ အကူအညီ​လိုအပ်သူ​များ​ကို ကူညီပေး​ရန်​ကြိုးစား​မှုများ အစ​ရှိသော အခြား​သီအိုကရက်တစ်​လုပ်ငန်းများ​တွင် အာရုံ​နှစ်​ထားခြင်း​က​လည်း ခရစ်ယာန်​ဖြစ်​ရခြင်း​ခံယူ​ချက်​ကို သာ၍​နက်ရှိုင်း​စေ​သည်။—ဂလာတိ ၆:၉၊ ၁၀; ဟေဗြဲ ၁၀:၂၃၊ ၂၄

ပီပြင်​သော အမှတ်အသား၊ လက်​ဆု​ပ်​လက်ကိုင်​ပြ​နိုင်သော ကောင်းချီး​များ

၁၉၊ ၂၀။ (က) ခရစ်ယာန်​တစ်ဦး​ဖြစ်​ရခြင်း​ကြောင့် အသင်​ကိုယ်တိုင် အဘယ်​အကျိုးကျေးဇူးများ ရရှိခဲ့​သနည်း။ (ခ) ကျွန်ုပ်​တို့ အမှန်တကယ် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း အဘယ်အရာက ပိုင်းဖြတ်​ပေး​သနည်း။

၁၉ ကျွန်ုပ်​တို့သည် ခရစ်ယာန်စစ်​များ​ဖြစ်​ကြ​ရာ ကျွန်ုပ်​တို့​ရရှိ​သည့် အကျိုးကျေးဇူးများ​ကို အချိန်​အနည်းငယ်​ယူ၍ စဉ်းစား​သုံးသပ်ကြည့်​ပါ။ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​သည် ယေဟောဝါ​၏​အသိအမှတ်​ပြုခြင်း​ခံရ​သည့် အခွင့်ထူး​ကို ရရှိ​ထား​ကြသည်။ ပရောဖက်​မာလခိ​က ဤသို့​ဆို​ခဲ့​သည်– ‘ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​သော​သူတို့သည် တစ်ယောက်ကို တစ်ယောက်​နှုတ်​ဆက်၍ ပြောဆို​ကြ​၏။ ထာဝရ​ဘုရားသခင်​သည်လည်း နားထောင်​၍ ကြား​တော်​မူ​၏။ ထာဝရ​ဘုရားသခင်​ကို ကြောက်ရွံ့​၍ နာမတော်​ကို အောက်မေ့​သော​သူတို့​အဖို့ ရှေ့တော်တွင် စာရင်း​၌​မှတ်သား​လျက်​ရှိ၏။’ (မာလခိ ၃:၁၆) ဘုရားသခင်​၏​မိတ်ဆွေများ​အဖြစ် ကျွန်ုပ်​တို့ကို ကိုယ်တော်​ရှုမြင်​သည်။ (ယာကုပ် ၂:၂၃) တိကျသော​ရည်ရွယ်ချက်၊ လေးနက်​သည့်​အဓိပ္ပာယ်​နှင့် အကျိုးပြု​ပန်းတိုင်​များ​ရှိ​ခြင်း​က ကျွန်ုပ်​တို့၏​ဘဝကို တင့်တယ်​စေ​သည်။ ထို့​ပြင် ထာဝရ​အနာဂတ်​မျှော်လင့်ချက်ကိုလည်း ကျွန်ုပ်​တို့​ရရှိ​ထား​ကြသည်။—ဆာလံ ၃၇:၉

၂၀ တခြား​သူများ​၏​ထင်မြင်​ယူဆချက်​မဟုတ်ဘဲ ဘုရားသခင်​၏​အကဲဖြတ်မှု​က သင်သည် အမှန်တကယ် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း၊ တန်ဖိုး​ရှိသူ​ဖြစ်​ကြောင်း ထင်ရှား​သည်ကို သတိရပါ။ အခြား​သူများ​သည် မပြည့်မီ​သော လူ့​စံနှုန်း​များ​ဖြင့် ကျွန်ုပ်​တို့ကို တန်ဖိုး​ဖြတ်​ကြ​ပေမည်။ သို့သော် ဘုရားသခင်​၏​ချစ်ခြင်း​နှင့် ပုဂ္ဂိုလ်ရေး​စိတ်ဝင်စားမှု​တို့​က ကျွန်ုပ်​တို့ကို အမှန်တကယ် တန်ဖိုး​ရှိစေသည်၊ ကျွန်ုပ်​တို့သည် ကိုယ်တော်​၏​ပိုင်ဆိုင်ရာ​ဖြစ်​ကြ​၏။ (မဿဲ ၁၀:၂၉-၃၁) တစ်ဖန်၊ ကျွန်ုပ်​တို့​က​လည်း ဘုရားသခင်​အား ချစ်​သည့်​အတွက် မိမိတို့ မည်သူ​မည်ဝါ​ဖြစ်​ရခြင်း ခံယူ​ချက်​ကို အလွန်​ပြင်းပြ​စေပြီး ကျွန်ုပ်​တို့၏​ဘဝတွင် တိကျ​ပြတ်သား​သော ညွှန်ကြားချက်​ရရှိစေ​သည်။ “ဘုရားသခင်​ကို​ချစ်သော​သူ​မည်​သည်​ကား၊ ဘုရားသခင်​သိစေ​တော်​မူ​သော​သူ​ဖြစ်၏။”—၁ ကောရိန္သု ၈:၃

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 အဆိုပါ​စကား​များသည် ယေရုရှလင်​မြို့ရှိ ဝတ်ပြုရာ​အိမ်တော်​တောင်​၏ ကြီးကြပ်ရေးမှူး​တာဝန်​များ​ကို ရည်ညွှန်း​နေ​ပေမည်။ သူသည် ည​ဉ့်​ကင်း​လှည့်​ချိန်​အတွင်း လေဝိ​အစောင့်များ ကင်းစောင့်​နေ​မနေ ဝတ်ပြုရာ​အိမ်တော်​အနှံ့ လိုက်လံ​စစ်ဆေး​ရ၏။ အိပ်ပျော်​နေသော အစောင့်​ကို​တွေ့​ပါ​က တုတ်​နှင့်​ရိုက်​၍ အရှက်ခွဲ​ကာ အပြစ်ဒဏ်​ပေး​သည့်​အနေ​နှင့် သူ၏​ဝတ်ရုံ​တို့ကို မီးရှို့​ပစ်လိုက်​ပေမည်။

သင်​မှတ်မိ​သလော

• ခရစ်ယာန်​များသည် မိမိတို့၏​ဝိညာဉ်​ရေး​အမှတ်အသား​ကို​ကာကွယ်​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။

• ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို မည်သို့​ခိုင်လုံ​စွာ​ဖော်ပြ​နိုင်​သနည်း။

• မည်သူ​၏​အလို​နှင့်​တွေ့ရ​မည်​ဟူသော​အကြောင်း ပေါ်လာ​သည့်​အခါ အဘယ်​အချက်များ​က ဆုံးဖြတ်ချက်​အမှန်​ချ​စေနိုင်​သနည်း။

• ခရစ်ယာန်​များ​အနေ​နှင့် မိမိတို့ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ခံယူ​ချက်​ပြင်းပြ​ခြင်း​က ကျွန်ုပ်​တို့၏​အနာဂတ်​ကို မည်သို့​ပုံ​ပေါ်​စေနိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]

ခရစ်ယာန်​လုပ်ငန်းများ​တွင် အာရုံ​နှစ်​ထားခြင်း​က ကျွန်ုပ်​တို့​ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ပို​၍​ပီပြင်​စေနိုင်