မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်တို့—ခရစ်ယာန်ဖြစ်ရခြင်းကို ဂုဏ်ယူဝင့်ကြွားကြလော့!

ခရစ်ယာန်တို့—ခရစ်ယာန်ဖြစ်ရခြင်းကို ဂုဏ်ယူဝင့်ကြွားကြလော့!

ခရစ်ယာန်​တို့—ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ကြလော့!

‘ဝါကြွား​သော​သူ​မည်​သည်​ကား၊ ထာဝရ​ဘုရားသခင်​၌​သာ ဝါကြွား​စေ။’—၁ ကောရိန္သု ၁:၃၁

၁။ ဘာသာ​တရား​အပေါ် လူတို့၏​သဘောထား​တွင် အဘယ်​စိတ်ဓာတ် တွေ့​နေရ​သနည်း။

“စိတ်မပါ​မှု​ဝါဒ။” ခရစ်ယာန်​သာသနာ​ရေးရာ အစီရင်ခံ​သူ​တစ်ဦး​က ယုံကြည်ခြင်း​အပေါ် လူတို့၏​စိတ်ထား​ကို ဖော်ပြ​ရန် မကြာသေးမီ​က အထက်ပါ​စကားလုံး​ကို အသုံးပြု​လိုက်​သည်။ သူက ဤသို့​ရှင်းပြ​၏– “မျက်မှောက်ခေတ် ဘာသာ​တရား​တွင် အထင်ရှားဆုံး ဖြစ်ပေါ်​တိုးတက်မှု​သည် ဘာသာရေး​မဟုတ်၊ ‘စိတ်မပါ​မှု​ဝါဒ’ ဟု​အဆီ​လျော်​ဆုံး​ခေါ်​နိုင်​သည့် စိတ်ဓာတ်​ဖြစ်သည်။” စိတ်မပါ​မှု​ဝါဒ​ဟူသည် “မိမိ​ခံယူ​ထား​သည့် ဘာသာ​တရားကို အနည်းငယ်​သာ စိတ်ပါ​ခြင်း” ဟု​အသေးစိတ် အနက်ဖွင့်ဆို​ခဲ့​သည်။ လူများစွာ​သည် “ဘုရားသခင်​ကို ယုံကြည်​ကြသည်; . . . သို့သော် ဘုရားသခင်​ကို​ကား လျစ်လျူရှု​ကြ​၏” ဟု​လည်း​ဆို​သည်။

၂။ (က) လူတို့သည် ဝိညာဉ်​ရေး​ကို စိတ်မပါ​ခြင်း​ကား အဘယ်ကြောင့် အံ့ဩစရာ​မဟုတ်​သနည်း။ (ခ) လျစ်လျူရှု​ခြင်း​သည် ခရစ်ယာန်စစ်​များ​အတွက် အဘယ်​အန္တရာယ်​ရှိ​သနည်း။

ဤ​ကဲ့သို့​စိတ်မပါ​မှု​ကို ကျမ်းစာ​လေ့လာသူ​များ မအံ့သြ​ကြ​ချေ။ (လုကာ ၁၈:၈) ဘာသာ​တရား​နှင့်​ပတ်သက်​လာ​လျှင် လူအများစု ဤသို့​စိတ်မဝင်စား​ကြ​ခြင်း​သည် ဖြစ်ရိုးဖြစ်စဉ်​ပင်။ မမှန်​သော​ဘာသာ​တရားသည် လူ​တို့ကို လမ်းလွဲ​စေပြီး စိတ်ဓာတ်ကျ​စေ​ခဲ့​သည်​မှာ ကြာမြင့်​ပေ​ပြီ။ (ဗျာ. ၁၇:၁၅၊ ၁၆) သို့သော် စစ်မှန်သော​ခရစ်ယာန်​များ​အတွက်​မူ ထိုသို့​စိတ်​မ​ပါ့​တ​ပါ၊ စိတ်​ထက်သန်မှု​မရှိခြင်း​တို့​က အန္တရာယ်​ရှိသည်။ ကျွန်ုပ်​တို့သည် မိမိ၏​ယုံကြည်ခြင်းကို အလေး​မထား၊ ဘုရားသခင်​၏​အမှုတော်​ဆောင်ခြင်း​နှင့် ကျမ်းစာ​အမှန်တရား​တို့​အပေါ် စိတ်​ထက်သန်မှု ပျောက်ဆုံး​သွား​ရန် မဖြစ်စေ​နိုင်​ချေ။ ယေရှုသည် ပထမ​ရာစု​က လောဒိကိ​မြို့ရှိ ခရစ်ယာန်​များ​အား ‘သင်တို့သည် အအေး​မဟုတ်၊ အပူ​မဟုတ်​သည်ကို ငါ​သိ​၏။ အေး​ခြင်း​ဖြစ်စေ၊ ပူ​ခြင်း​ဖြစ်စေ တစ်ခုခု​ကို ငါ​အလိုရှိ၏။ သင်တို့သည် နွေး​ရုံ​သာ​ရှိကြ​၏’ ဟု​သတိပေး​နှိုးဆော်​ချိန်​တွင် ဤသို့​သောမ​ပူ​မအေး​ဖြစ်နေ​ခြင်း​ကို သတိပေး​ခဲ့​သည်။—ဗျာ. ၃:၁၅-၁၈

မိမိတို့ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း သိမြင်ခြင်း

၃။ ခရစ်ယာန်​များသည် မိမိတို့ မည်သူ​မည်ဝါ​ဖြစ်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အချက်များ​ကို ဂုဏ်ယူ​ဝင့်ကြွား​နိုင်​ကြ​သနည်း။

ခရစ်ယာန်​တို့သည် ဝိညာဉ်​ရေး​စိတ်မပါ​မှု​ကို ချိုးနှိမ်​ရန် မိမိတို့ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ကောင်းစွာ​သိထား​ပြီး သူတစ်ပါး​နှင့်​မတူ​သည့်​အဖြစ်ကို ဂုဏ်ယူ​ဝင့်ကြွား​ရမည်။ ယေဟောဝါ​၏​ကျေးကျွန်၊ ခရစ်တော်​၏​တပည့်​များ​အနေ​နှင့် ကျွန်ုပ်​တို့ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ကျမ်းစာ​ဖော်ပြချက်များ​တွင် တွေ့ရှိ​နိုင်၏။ ကျွန်ုပ်​တို့သည် “သတင်းကောင်း” ကို​တက်ကြွ​စွာ​ဟောပြော​သည့် “ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်၊” ယေဟောဝါ​၏ “သက်သေ” များ​ဖြစ်​ကြသည်။ (မဿဲ ၂၄:၁၄က​ဘ; ၁ ကောရိန္သု ၃:၉သမ္မာ; ဟေရှာယ ၄၃:၁၀) “အချင်းချင်း တစ်ယောက်ကို​တစ်ယောက်​ချစ်​ကြ” သူများ​လည်း​ဖြစ်​ကြ​၏။ (ယောဟန် ၁၃:၃၄) စစ်မှန်သော​ခရစ်ယာန်​တို့သည် “ကောင်းကျိုး၊ မကောင်း​ကျိုး​ကို ပိုင်းခြား​၍ သိနိုင်​သော​ဉာဏ်​ပေး​တတ်သော၊ အကြား​အမြင် အတွေ့​အစမ်း​များသော​သူ” များ​ဖြစ်​ကြသည်။ (ဟေဗြဲ ၅:၁၄) ကျွန်ုပ်​တို့သည် “ဤ​လောကတွင် အလင်းဆောင်သူ​များ” ဖြစ်​ကြ​၏။ (ဖိလိပ္ပိ ၂:၁၅က​ဘ) သို့​ဖြစ်၍ ‘လူမျိုး​တို့​ရှေ့၌ တင့်တယ်​လျောက်ပတ်​စွာ​ကျင့်​နေ’ ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြသည်။—၁ ပေတရု ၂:၁၂က​ဘ; ၂ ပေတရု ၃:၁၁၊ ၁၄

၄။ ယေဟောဝါ​အား ကိုးကွယ်​သူ​တစ်ဦး​သည် မိမိ​မည်သူ​မည်ဝါ​မဖြစ်ကြောင်း မည်သို့​ပိုင်းခြား​သိမြင်​နိုင်​မည်​နည်း။

ယေဟောဝါ​အား စစ်မှန်​စွာ​ကိုးကွယ်​သူများ​သည် မိမိတို့ မည်သူ​မည်ဝါ မဖြစ်ကြောင်း​ကိုလည်း သိရှိ​ကြသည်။ သူတို့၏​ခေါင်းဆောင် ယေရှု​ခရစ်​သည် ဤ​လောက​နှင့်​မဆက်ဆံ​သကဲ့သို့ သူတို့​သည်လည်း “ဤ​လောက​နှင့်​မဆက်ဆံ” ကြ​ချေ။ (ယောဟန် ၁၇:၁၆) “ဉာဏ်​အလင်းကွယ်​သည်​ဖြစ်၍ . . . ဘုရားသခင်​၏​အသက်​နှင့် ကွာရှင်း​လျက်​ရှိကြ” သော ‘လူမျိုးများ’ နှင့်​သူတို့ သီးခြားနေ​ကြသည်။ (ဧဖက် ၄:၁၇၊ ၁၈) ထို့​ကြောင့် ယေရှု၏​နောက်လိုက်​များသည် ‘ဘုရားမဲ့​တရား​မဲ့​နေခြင်း၊ လောက​တပ်မက်​ခြင်း​ကို ပယ်ရှား​လျက် ယခု​ဘဝ​၌ ဣန္ဒြေ​စောင့်​ခြင်း၊ တရား​သဖြင့်​ကျင့်​ခြင်း၊ ဘုရားသခင်​ဝတ်၌ မွေ့လျော်ခြင်း​တို့ကို ပြု​နေ’ ကြ​၏။—တိတု ၂:၁၃

၅။ ‘ထာဝရ​ဘုရားသခင်​၌​သာ ဝါကြွား’ ပါ​ဟူသော ဆုံးမ​စကား​သည် အဘယ်အရာကို ဆိုလို​သနည်း။

ကျွန်ုပ်​တို့သည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း၊ စကြဝဠာ​ပိုင်သ​အုပ်စိုးရှင်​နှင့် ကျွန်ုပ်​တို့ အဘယ်​ဆက်ဆံ​ရေး​ရှိကြောင်း ရှင်းလင်းစွာ သိထားခြင်းက ‘ထာဝရ​ဘုရားသခင်​၌​သာ ဝါကြွား​ကြ’ ရန်​လှုံ့ဆော်ပေး​၏။ (၁ ကောရိန္သု ၁:၃၁) ယင်းသည် အဘယ်​ဝါကြွား​မှု​မျိုး​နည်း။ ခရစ်ယာန်စစ်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​အဖြစ် ယေဟောဝါ​အား ကိုးကွယ်​ခွင့်​ရခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ကြ​၏။ ဤ​ဆုံးမ​စကား​ကို ကျွန်ုပ်​တို့ လိုက်နာ​ကြသည်– ‘ဝါကြွား​သော​သူ​မည်​သည်​ကား ငါသည် မြေကြီး​ပေါ်မှာ ချစ်​သနားခြင်း၊ တရား​သဖြင့်​စီရင်ခြင်း၊ ဖြောင့်မတ်ခြင်း​ကို​ပြုသော ထာဝရ​ဘုရားသခင်​ဖြစ်​ကြောင်း​တည်း​ဟူသော ငါ့​သဘောကို သိ​နားလည်ခြင်း​၌​သာ ဝါကြွား​စေ။’ (ယေရမိ ၉:၂၄) ဘုရားသခင်​အား ကျွန်ုပ်​တို့ သိကျွမ်းခွင့်​ရပြီး အခြား​သူများကို ကူညီ​ပေးဖို့ ကိုယ်တော်​၏​အသုံးတော်ခံ​ခွင့်​ရခြင်း​ကို “ဝါကြွား” ကြ​၏။

အခက်အခဲ

၆။ အချို့​သူတို့သည် မိမိတို့ ခရစ်ယာန်​များ​ဖြစ်​ရခြင်း​ကို ပြတ်သား​စွာ​ဖော်ပြ​ရန် အဘယ်ကြောင့် အခက်တွေ့​ကြ​သနည်း။

ကျွန်ုပ်​တို့၏ ခရစ်ယာန်​အဖြစ်​သည် သူတစ်ပါး​နှင့်​မတူ​ကြောင်း ပြတ်ပြတ်သားသား ဖော်ပြ​နေ​ရန် အမြဲ​လွယ်ကူ​မည်​မဟုတ်ပါ။ ခရစ်ယာန်​တစ်ဦး​အဖြစ် ကြီးပြင်း​လာသော လူငယ်​တစ်ဦး​သည် အခိုက်အတန့် ဝိညာဉ်​ရေး​အားနည်း​ခဲ့​ကြောင်း ဤသို့​ပြန်​ပြောပြ​သည်– “ကျွန်တော် ဘာဖြစ်​လို့ ယေဟောဝါသက်သေ​တစ်ဦး ဖြစ်နေ​ရတာလဲ​ဆိုတာ​ကို တစ်ခါ​တ​လေ နားမလည်​ခဲ့​ဘူး။ နို့စို့အရွယ်​ကတည်းက အမှန်တရား​နဲ့​ရင်းနှီး​ခဲ့​တာ။ လူအများ​လက်ခံ​ထား​တဲ့ ဘာသာ​တွေ​ထဲ​က တစ်ခု​ပါ​ပဲ​လို့ ခံစား​ခဲ့​ရတဲ့အခါ​တွေ ရှိ​ဖူး​တယ်။” အခြားသူများ​မှာ​မူ ဖျော်ဖြေရေး​လောက၊ မီဒီယာ၊ ခေတ်​စား​နေသည့် ဘုရားတရား​မဲ့​အမြင်မျိုး​နှင့် ဘဝကို​ရှုမြင်ခြင်း​တို့​ဖြင့် ပုံသွင်း​ခံ​၍ မိမိတို့ မည်သူ​မည်ဝါ​ဖြစ်သည်​ကို ဖော်ပြ​ခဲ့​ကြပြီ။ (ဧဖက် ၂:၂၊ ၃) ခရစ်ယာန်​အချို့​သည် ရံဖန်ရံခါ မိမိကိုယ်ကို ယုံကြည်​စိတ်ချမှု​ကင်းမဲ့​ပြီး မိမိတို့၏​စံနှုန်း​များနှင့် ပန်းတိုင်​များ​ကို ပြန်​သုံးသပ်ကြ​ပေမည်။

၇။ (က) ဘုရားသခင့်​ကျေးကျွန်​များ​အတွက် အဘယ်​ဆန်းစစ်မှု​သည် သင့်လျော်​မည်​နည်း။ (ခ) မည်​သို့ပြုလျှင် ဘေးသင့်​နိုင်​မည်​နည်း။

မိမိကိုယ်ကို သေချာ​စွာ ဆန်းစစ်ခြင်း​သည် မှား​သလော။ မမှား​ပါ။ မိမိကိုယ်ကို ဆန်းစစ်​နေ​ရန် ခရစ်ယာန်​များ​အား တမန်​တော်​ပေါလု ဤသို့​တိုက်တွန်း​ခဲ့​သည်ကို သင်​မှတ်မိ​ပေမည်– “သင်တို့သည် ယုံကြည်ခြင်း၌​တည်​သလော၊ မတည်​သလော​ဟု ကိုယ်ကို​ကိုယ်​စစ်ကြော​ကြလော့။ ကိုယ်ကို​ကိုယ် စုံစမ်း​ကြလော့။” (၂ ကောရိန္သု ၁၃:၅) ဤ​တွင် တမန်​တော်​က ဝိညာဉ်​ရေး​အားနည်းချက်​တစ်ခုခု သိသာ​ထင်ရှား​လာ​သည့်​အခါ လိုအပ်​သလို​ပြုပြင်​မည်​ဟူသော ရည်ရွယ်ချက်​ဖြင့် စစ်ဆေး​ရန် တိုက်တွန်း​နေခြင်း​ဖြစ်သည်။ ယုံကြည်ခြင်း၌​တည်​မတည် မိမိကိုယ်ကို​စစ်ကြော​သော ခရစ်ယာန်​တစ်ဦး​သည် မိမိ၏​အပြော​နှင့် လုပ်ရပ်​တို့​က မိမိ​ခံယူ​ထား​သည့်​ယုံကြည်ခြင်း​နှင့် ကိုက်ညီ​မှု​ရှိမရှိ စိစစ်​ကြည့်​ရမည်။ သို့သော် ယေဟောဝါ​နှင့်​လည်းကောင်း၊ ခရစ်ယာန်​အသင်းတော်​နှင့်​လည်းကောင်း ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​နှင့် ဆက်နွှယ်မှု​မရှိဘဲ မိမိတို့ “မည်သူ​မည်ဝါ” ဖြစ်​ကြောင်း အဖြေရှာ၊ တလွဲ​ဆန်းစစ်​မည်​ဆိုလျှင် အချည်းနှီး​ဖြစ်​မည့်​အပြင် ဝိညာဉ်​ရေး​ဘေးသင့်​လိမ့်​မည်။ * မည်သူမျှ “ယုံကြည်ခြင်း​သင်္ဘော​ပျက်​၍ ဆုံးရှုံး” လို​ကြ​မည်​မဟုတ်ပေ။—၁ တိမောသေ ၁:၁၉

အခက်အခဲ​များနှင့် ကျွန်ုပ်​တို့ လွတ်ကင်း​မည်​မဟုတ်

၈၊ ၉။ (က) မောရှေ​သည် မိမိကိုယ်ကို အယုံအကြည်​ကင်းမဲ့​ကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။ (ခ) ယေဟောဝါ​သည် မောရှေ၏​သံသယ​ကို မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ (ဂ) ယေဟောဝါ​၏​အားပေးချက်​များ​က သင့်​အပေါ် အဘယ်​အကျိုး​သက်ရောက်​သနည်း။

တစ်ခါတစ်ရံ မိမိကိုယ်ကို အယုံအကြည်​ကင်းမဲ့​လာသော ခရစ်ယာန်​များသည် ရှုံးနိမ့်​ပြီ​ဟု ခံစား​သင့်​သလော။ မခံစား​သင့်​ပါ! ဤ​ခံစားချက်​များသည် အသစ်အဆန်း​မဟုတ်​ကြောင်း သိရှိခြင်း​မှ စိတ်သက်သာရာ​ရနိုင်​သည်။ အတိတ်​ကာလ​မှ ဘုရားသခင်​၏​သစ္စာရှိ​သက်သေခံ​များသည် ၎င်း​အခက်အခဲ​များ​ကို ကြုံတွေ့​ခဲ့​ကြ​ရ၏။ ဥပမာ၊ ထူးကဲ​သော ယုံကြည်ခြင်း၊ သစ္စာ​စောင့်သိ​ခြင်း​နှင့် ဘုရားတရား​ကြည်ညို​ခြင်း​တင်ပြ​ခဲ့​သော မောရှေ​ကို သုံးသပ်ကြည့်​ပါ။ သူသည် ကြီး​လေး​ပုံ​ရသည့် တာဝန်​တစ်ခု ပေးအပ်​ခံရသော​အခါ မဝံ့မရဲ​ဖြင့် “အကျွန်ုပ်သည် အဘယ်​သို့​သော​သူ​ဖြစ်” ၍​နည်း​ဟု မေးလျှောက်​ခဲ့​သည်။ (ထွက်မြောက်ရာ ၃:၁၁) ‘ငါဟာ အ​ည​တရ​ပဲ’ သို့​မဟုတ် ‘အရည်အချင်း​မရှိတဲ့​သူပဲ’ ဟူ၍ သူ၏​စိတ်ထဲ​တွင် ဖြေဆို​နေ​ပုံ​ရသည်။ မောရှေ​သည် သူ၏​နောက်ခံ​ကြောင့် အရည်အချင်း​မပြည့်မီ​ဟု ယူမှတ်ခဲ့​ပေမည်– သူသည် ကျွန်​သ​ပေါက်​မျိုး​ဖြစ်၏။ ဣသရေလ​အမျိုးသားချင်း​က သူ့ကို ငြင်းပယ်​ခဲ့​ကြသည်။ သူသည် နှုတ်လေး​သော​သူ​ဖြစ်၏။ (ထွက်မြောက်ရာ ၁:၁၃၊ ၁၄; ၂:၁၁-၁၄; ၄:၁၀) ထို့​ပြင် အီဂျစ်လူ​တို့​ရွံရှာ​သော သိုးထိန်း​အလုပ်ကို သူ​လုပ်ကိုင်​၏။ (ကမ္ဘာဦး ၄၆:၃၄) သို့​ဖြစ်၍ ကျွန်​ဘဝ​ရောက်နေ​သော ဘုရားသခင်​၏​လူမျိုးတော်ကို လွတ်မြောက်​စေ​သူ​ဖြစ်လာ​ရန် မသင့်​တော်​ဟု သူ​ခံစားရ​သည်​မှာ အံ့အားသင့်​စ​ရာ​မဟုတ်ပါ!

ယေဟောဝါ​သည် မောရှေ​ကို ဤ​ကတိ​နှစ်ခု​ပေး​၍ စိတ်ချ​စေ​ခဲ့​သည်– “အကယ်စင်စစ် ငါသည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါသည် သင့်ကို စေလွှတ်​ခြင်း​လက္ခဏာ​သက်သေ​ဟူ​မူ​ကား သင်သည် ထို​လူ​တို့ကို အဲဂုတ္တု​ပြည်​မှ နုတ်ဆောင်​ပြီး​လျှင် ဤ​တောင်ပေါ်​မှာ ဘုရားသခင်​အား ဝတ်ပြု​ရ​ကြလိမ့်မည်။” (ထွက်မြောက်ရာ ၃:၁၂) ဘုရားသခင်​သည် မဝံ့မရဲ​ဖြစ်နေ​သော မိမိ၏​ကျေးကျွန်​ဘက်၌ အမြဲ​ရှိနေ​မည်​ဟု သူ့ကို မိန့်မှာ​နေခြင်း​ဖြစ်သည်။ ထို့​ပြင် မိမိ၏​လူမျိုးတော်ကို ဆက်​ဆက်​ကယ်လွှတ်​ပေး​မည်​ဟု​လည်း ယေဟောဝါ မိန့်ဆို​နေခြင်း​ဖြစ်၏။ ဘုရားသခင်​သည် ရာစုနှစ်များ​တစ်လျှောက် ထောက်ပံ့​ကူညီပေး​မည်​ဟူသော အလားတူ​ကတိ​များ​ကို ပေး​တော်​မူ​ခဲ့ပြီ။ ဥပမာ၊ ဣသရေလ​လူမျိုး​သည် ကတိထားရာ​ပြည်တော်​ထဲ ဝင်ခါနီး​အချိန်တွင် မောရှေ​မှ​တစ်ဆင့် ကိုယ်တော် ဤသို့​မိန့်ဆိုခဲ့သည်– ‘အားယူ၍​ရဲရင့်ခြင်း​ရှိကြလော့။ ထာဝရ​ဘုရားသခင်​သည် သင်တို့​ဘုရားသခင်​ဖြစ်၍ သင်တို့​နှင့်အတူ ကိုယ်တိုင်​ကြွတော်မူ​မည်။ သင်တို့ကို စွန့်​တော်​မ​မူ၊ ပစ်ထား​တော်​မ​မူ။’ (တရားဟောရာ ၃၁:၆) ယောရှု​ကိုလည်း ယေဟောဝါ ဤသို့​အာမခံခဲ့​၏– ‘သင့်​အသက်​တည်​သည်​ကာလပတ်လုံး သင့်​ရှေ့မှာ အဘယ်သူမျှ မခံမရပ်​နိုင်ရာ။ သင်​နှင့်အတူ ငါ​ရှိ​လိမ့်​မည်။ ငါသည် သင့်ကို​မစွန့်၊ သင့်ကို​ပစ်မထား။’ (ယောရှု ၁:၅) ကိုယ်တော်​က “ငါသည် သင့်ကို​မစွန့်၊ သင့်ကို​အလျှင်း​ပစ်​၍​မထား” ဟု​ခရစ်ယာန်​များ​ကိုလည်း ကတိပေး​တော်​မူ​၏။ (ဟေဗြဲ ၁၃:၅) ဤမျှ​အားပေးထား​ပြီ​ဖြစ်​ရာ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ကျွန်ုပ်​တို့ ဂုဏ်ယူ​ဝင့်ကြွား​သင့်​၏!

၁၀၊ ၁၁။ လေဝိ​သား​အာသပ်​သည် ယေဟောဝါ​၏​အမှုတော် ထမ်းဆောင်​ခွင့်​ရခြင်း တန်ဖိုး​အပေါ် စိတ်ထားမှန်​ကို မည်သို့​ပြန်​ပျိုးထောင်​နိုင်​ခဲ့​သနည်း။

၁၀ မောရှေ​နောက်ပိုင်း အနှစ်​ငါး​ရာ​ခန့်​တွင် အာသပ်​အမည်​ရှိ တည်ကြည်သော​လေဝိ​သား​တစ်ဦး​သည် ဖြောင့်မတ်​သော​လမ်းစဉ် လိုက်လျှောက်ခြင်း​၏​တန်ဖိုး​ကို သူ​သံသယဝင်​ကြောင်း ပွင့်လင်း​စွာ ရေးသားခဲ့​သည်။ အာသပ်​သည် စမ်းသပ်မှု​များနှင့် သွေးဆောင်မှုများ​ကြား ဘုရားသခင်​၏​အမှုတော် ထမ်းဆောင်​ရန် ကြိုးစား​အားထုတ်​စဉ် ဘုရားသခင်​အား မထီမဲ့မြင်​ပြုသူ​အချို့ တန်ခိုး​အာဏာ​ပို​ရှိပြီး ကြီးပွား​ချမ်းသာ​လာ​ကြသည်​ကို တွေ့ရှိ​ခဲ့​၏။ အာသပ် မည်သို့​ခံစား​ခဲ့​ရသနည်း။ သူ​ဤသို့​ဝန်ခံ​၏– “ငါ​မူ​ကား ခြေချော်​လုလျက်၊ ခြေရာ​လွဲ​လုလျက်​ရှိ​မိ​ပြီ။ အကြောင်း​မူ​ကား မတရားသော​သူတို့၏ စည်းစိမ်​ကို မြင်​သောအခါ မိုက်​သော​သူတို့ကို​ပင် ငါ​ငြူစူ​မိ​ပြီ။” သူသည် ယေဟောဝါ​အား ကိုးကွယ်​သူ​ဖြစ်​ရခြင်း​တန်ဖိုး​ကို သံသယဝင်​လာ​လေ​သည်။ ‘အကယ်စင်စစ် ငါ့​နှလုံးကို ငါ​သန့်ရှင်း​စေ​သော်လည်း အကျိုးမရှိ။ အပြစ်ကင်း​ခြင်း​နှင့် ငါ့​လက်ကို ဆေးကြော​သော်လည်း အကျိုးမရှိ။ နေ့တိုင်း နှောင့်ယှက်ခြင်း​ကို​ငါ​ခံရ​၏’ ဟူ၍ပင် အာသပ် ယူဆ​ခဲ့​သည်။—ဆာလံ ၇၃:၂၊ ၃၊ ၁၃၊ ၁၄

၁၁ အာသပ်​သည် ထိုသို့​ဇဝေဇဝါ​ဖြစ်​ခြင်း​ကို မည်သို့​ဖြေရှင်း​ခဲ့​သနည်း။ ယင်း​သို့​မဖြစ်​ဟု သူ​ငြင်းဆို​ခဲ့​သလော။ မငြင်းပယ်ခဲ့​ပါ။ ဆာလံကျမ်း အခန်းကြီး ၇၃ တွင် ကျွန်ုပ်​တို့ တွေ့မြင်​ရသည့်​အတိုင်း ဘုရားသခင်​ထံ ဆုတောင်း၍ ဝန်ခံခဲ့​သည်။ အာသပ်​အတွက် အလှည့်အပြောင်း​မှာ ဝတ်ပြုရာ​အိမ်တော်​သန့်ရှင်း​ရာ​ဌာန​သို့ လည်ပတ်​သွားခဲ့​ခြင်း​ဖြစ်၏။ ဘုရားသခင်​အား ဝတ်ပြုခြင်း​သည် အကောင်းဆုံး​လမ်းစဉ်​ဖြစ်၏​ဟု ထို​တွင် သူ​ရောက်ရှိ​နေစဉ် သဘောပေါက်​လာ​လေ​သည်။ သူသည် တစ်ဖန်​ပြန်၍ ဝိညာဉ်​ရေး​ကို လေးမြတ်​လာ​သည်​နှင့် ယေဟောဝါ​သည် မကောင်းမှုကို မုန်း​ပြီး အချိန်တန်လျှင် မတရားသော​သူတို့ကို အပြစ်ပေး​မည်​ဖြစ်​ကြောင်း သဘောပေါက်ခဲ့​သည်။ (ဆာလံ ၇၃:၁၇-၁၉) သို့​နှင့် ယေဟောဝါ​၏​ကျေးကျွန်​ဖြစ်​ရခြင်း​သည် အခွင့်ထူး​ဖြစ်၏​ဟု အာသပ် အမြင်မှန်​ရလာ​ကာ ခံယူ​ချက် ပို​ပြင်းပြ​လာ​သည်။ သူသည် ဘုရားသခင်​အား ဤသို့​လျှောက်ခဲ့​သည်– “အကျွန်ုပ်သည် ကိုယ်တော်​ထံ​မှာ အစဉ်​ရှိ၍ အကျွန်ုပ်၏​လက်ယာလက်​ကို ဆွဲကိုင်​တော်​မူ​၏။ အကျွန်ုပ်​ကို ဉာဏ်​ပေး​၍ ပဲ့ပြင်​တော်​မူ​မည်။ နောက်​တစ်ဖန် ဘုန်း​အသရေ​၌ သိမ်းယူ​တော်​မူ​မည်။” (ဆာလံ ၇၃:၂၃၊ ၂၄) အာသပ်​သည် သူ၏​ဘုရားသခင်​၌ ဂုဏ်ယူ​ဝင့်ကြွား​ပြန်​လေ​သည်။—ဆာလံ ၃၄:၂

မိမိတို့ မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ခံယူ​ချက်​ပြင်းပြ

၁၂၊ ၁၃။ ဘုရားသခင်​နှင့် ဆက်ဆံမှု​ရှိ​ခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​ကြသော ကျမ်းစာ​ပါ​ဇာတ်ကောင်​များ​၏ ပုံ​နမူနာ​များ​ကို ဖော်ပြ​ပါ။

၁၂ မိမိတို့ ခရစ်ယာန်​ဖြစ်​ရခြင်း ခံယူ​ချက်​ကို ပြင်းပြ​လာ​စေနိုင်​သည့် နည်း​တစ်နည်း​မှာ ဆင်းရဲ​ခက်ခဲ​မှု​ကြား​မှ ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ရှိ​ခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​ကြ​သည့် တည်ကြည်​စွာ​ကိုးကွယ်​ကြ​သူများ​၏ ယုံကြည်ခြင်းကို ဆန်း​စစ်၍ တုပခြင်း​ဖြစ်သည်။ ယာကုပ်​၏​သား ယောသပ်​အကြောင်းကို သုံးသပ်ကြည့်​ပါ။ သူသည် ဆယ်ကျော်သက်​အရွယ်​တွင် ကျွန်​သ​ပေါက်​အဖြစ် မတရား​ရောင်းချ​ခံရ​ပြီး ဘုရားသခင်​ကို ကြောက်ရွံ့​ရိုသေ​သည့် ဖခင်​ထံ​မှ မိုင်​ရာ​နှင့်​ချီ​ဝေးလံ​ကာ နွေးထွေး​ဖော်ရွေ၊ ကူညီ​ထောက်မ​ပေး​တတ်သော သူ၏​ဇာတိ​ဝန်းကျင်​နှင့်​မတူ​သည့် လောက​ဖြစ်သော​အီဂျစ်​ပြည်​သို့ ခေါ်ဆောင်​ခံ​ခဲ့​ရသည်။ အီဂျစ်​ပြည်​တွင် ယောသပ်​ရှိနေစဉ် ဘုရားသခင်​ရေးရာ​အကြံဉာဏ်​ပေး​မည့်​သူ​မရှိသည့်​အပြင် သူ၏​ကိုယ်ကျင့်တရား​နှင့် ဘုရားသခင်​အပေါ် ယုံကြည်​ကိုးစားမှု စမ်းသပ်ခံ​ရသည့် ခက်ခဲ​သော​အခြေအနေ​များ​ကိုလည်း ရင်ဆိုင်ခဲ့​ရသည်။ သို့သော် သူသည် ဘုရားသခင့်​ကျေးကျွန်​ဖြစ်​ရခြင်း ခံယူ​ချက်​ပြင်းပြ​မှု​ကို ကြိုးစား​ထိန်းထား​ပြီး သူသိ​ထား​သည့် အမှန်တရားကို ဆုပ်ကိုင်​ထား​ကြောင်း ထင်ရှား​၏။ သူသည် ရန်လို​သည့်​ဝန်းကျင်​၌​ပင် ယေဟောဝါ​အား ဝတ်ပြု​ရခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ပြီး မိမိ၏​ခံစားချက်​ကို ဖော်ပြ​ရန် မရှက်မကြောက်​ခဲ့​ချေ။—ကမ္ဘာဦး ၃၉:၇-၁၀

၁၃ ရှစ်ရာစု​ကြာလေ​သော် ရှုရိ​ပြည် ဗိုလ်ချုပ်​နေမန်​အိမ်​တွင် ကျွန်ခံ​ရသော ဣသရေလ​သုံ့ပန်း မိန်းမငယ်​တစ်ဦး​သည် မိမိ​က ယေဟောဝါ​အား ဝတ်ပြုသူ​ဖြစ်သည်​ကို မမေ့​ခဲ့​ချေ။ ထို​မိန်းမငယ်​သည် အခွင့်အရေး​ရသည့်​အခါ စစ်မှန်သော​ဘုရားသခင်​၏ ပရောဖက်​မှာ ဧလိရှဲ​ဖြစ်သည်ဟု ပြောပြ​၍ ယေဟောဝါ​အကြောင်း ရဲရဲဝံ့ဝံ့ သက်သေခံ​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၅:၁-၁၉) ထို့နောက် နှစ်များ​စွာ​ကြာသော် လူငယ်​ရှင်ဘုရင်​ယောရှိ​သည် ဖောက်ပြန်​ယိုယွင်းသော​ဝန်းကျင်​၌​ပင် ရှိနေ​သော်လည်း ကြာရှည်​တည်တံ့​ခဲ့​သော ဘာသာ​တရားကို ပြုပြင်​ပြောင်းလဲ​ပြီး ဘုရားသခင့်​ဝတ်ပြုရာ​အိမ်တော်ကို ပြန်လည်​မွမ်းမံ​ကာ ထို​လူမျိုး​ကို ယေဟောဝါ​ထံ ပြန်​လှည့်လာ​စေ​ခဲ့​သည်။ သူ၏​ယုံကြည်ခြင်း​နှင့် ဝတ်ပြုရေးကို ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​သည်။ (၂ ရာဇဝင်ချုပ်​ကျမ်း​ အခန်းကြီး ၃၄၊ ၃၅) ဗာဗုလုန်​နိုင်ငံ​တွင်​ရှိ ဒံယေလ​နှင့် သူ၏​ဟေဗြဲ​အဖော်​သုံးဦး​တို့သည် ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်​ကြ​ရသည်ကို တစ်ခါမျှ​မမေ့​ခဲ့​ကြ​ချေ၊ ဖိစီးမှု၊ သွေးဆောင်မှု​ခံ​ခဲ့​ရ​စဉ်​ပင် သူတို့၏​သမာဓိကို စောင့်ထိန်း​ခဲ့​ကြ​၏။ သူတို့သည် ယေဟောဝါ​၏​ကျေးကျွန်​များ​ဖြစ်​ရခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​ကြ​ကြောင်း ထင်ရှား​၏။—ဒံယေလ ၁:၈-၂၀

သင်သည် အဘယ်သူ​ဖြစ်​ကြောင်း ဂုဏ်ယူ​ဝင့်ကြွား​လော့

၁၄၊ ၁၅။ ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ဝါကြွား​ရာ​၌ အဘယ်အရာ​ပါဝင်​သနည်း။

၁၄ ဘုရားသခင်​၏​အဆိုပါ​ကျေးကျွန်​များသည် ကိုယ်တော်​ရှေ့ သူတို့၏​ရပ်တည်ချက်ကို လျောက်ပတ်​စွာ ဂုဏ်ယူ​ဝင့်ကြွား​လို​စိတ် ပျိုးထောင်​ခဲ့​သောကြောင့် အောင်မြင်​ခဲ့​ကြ​၏။ ယနေ့ ကျွန်ုပ်​တို့​ကော။ ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ခြင်း​၌ အဘယ်အရာ​ပါဝင်​သနည်း။

၁၅ အဓိက​အားဖြင့် ယင်း​တွင် ယေဟောဝါ​၏​နာမတော် ခံယူ​ထားသော​လူမျိုးအဝင်​ဖြစ်​ပြီး ကိုယ်တော်​၏​ကောင်းချီး​နှင့် မျက်နှာသာတော် ခံစားရ​သည့်​အတွက် အလွန်​ကျေးဇူး​တင်​လေးမြတ်ခြင်း​ပါဝင်​၏။ ဘုရားသခင်​သည် မိမိ​ပိုင်ဆိုင်သူ​များ​ကို ကောင်းစွာ​သိတော်မူ၏။ ဘာသာရေး​အရှုပ်အထွေး အတော်အတန်​ရှိသည့်​ခေတ်တွင် အသက်ရှင်ခဲ့​သည့် တမန်​တော်​ပေါလု​သည် ဤသို့​ရေးသားခဲ့​၏– “ယေဟောဝါ​သည် မိမိ​ပိုင်ဆိုင်​သော လူ​တို့ကို သိကျွမ်း​တော်​မူ​၏။” (၂ တိမောသေ ၂:၁၉က​ဘ; တောလည်ရာ ၁၆:၅) ယေဟောဝါ​သည် “မိမိ​ပိုင်ဆိုင်​သော” လူ​တို့​၌ ဂုဏ်ယူ​ဝင့်ကြွား​၏။ ကိုယ်တော်​က “သင်တို့ကို ထိ​သော​သူသည် မျက်ဆန်​တော်​ကို ထိ​သော​သူ​ဖြစ်၏” ဟု​အခိုင်အမာ​မိန့်ဆို​သည်။ (ဇာခရိ ၂:၈) ကျွန်ုပ်​တို့ကို ယေဟောဝါ​ချစ်တော်မူ​ကြောင်း ထင်ရှား​၏။ သို့​ဖြစ်၍ ကိုယ်တော်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​သည် ကိုယ်တော့်​အား အလွန်​ချစ်​သည့်​မေတ္တာ​အပေါ် အခြေပြု​သင့်​သည်။ ပေါလု​က “ဘုရားသခင်​ကို​ချစ်သော​သူ​မည်​သည်​ကား၊ ဘုရားသခင်​သိစေ​တော်​မူ​သော​သူ​ဖြစ်၏” ဟု​သတိပြု​စေ​သည်။—၁ ကောရိန္သု ၈:၃

၁၆၊ ၁၇။ ခရစ်ယာန်​လူကြီးလူငယ်​မရွေး မိမိတို့၏​ဝိညာဉ်​ရေး​အမွေအနှစ်​ကို အဘယ်ကြောင့် ဂုဏ်ယူ​ဝင့်ကြွား​နိုင်​ကြ​သနည်း။

၁၆ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကြီးပြင်း​လာ​ကြသော လူငယ်များသည် မိမိတို့ ခရစ်ယာန်​ဖြစ်​ရခြင်း​သည် ဘုရားသခင်​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​အပေါ် အခိုင်အမာ​အခြေပြု​မပြု ဆန်းစစ်​သင့်​သည်။ မိဘများ​၏ ယုံကြည်ခြင်းကို​သာ သူတို့အား​ထား​နေ၍​မရပါ။ ဘုရားသခင်​၏​ကျေးကျွန်​တစ်ဦးစီ​နှင့်​စပ်လျဉ်း၍ ပေါလု​က “သူသည် မိမိ​သခင်​စီရင်​သော​အားဖြင့်​သာ အပြစ်​လွတ်ခြင်း၊ အပြစ်​ခံ​ခြင်း​သို့​ရောက်​ရ၏” ဟု​ရေးသားခဲ့​သည်။ သို့​ဖြစ်၍ ပေါလု​က “ငါ​တို့​ရှိသမျှသည် ဘုရားသခင်​စစ်ကြော​တော်​မူ​ခြင်း​ကို ခံရ​ကြ​မည်” ဟု​ထပ်ဆင့်​ဆို​၏။ (ရောမ ၁၄:၄၊ ၁၂) မိသားစု​၏​အစဉ်အလာ​ကို စိတ်​မ​ပါ့​တ​ပါ ဆက်လုပ်​ဆောင်​နေခြင်း​ဖြင့် ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ကို တည်တံ့​စေနိုင်​မည်​မဟုတ်​ကြောင်း ထင်ရှား​သည်။

၁၇ သမိုင်း​တစ်လျှောက်​တွင် ယေဟောဝါသက်သေ​မြောက်မြားစွာ​ရှိခဲ့​သည်။ လွန်​ခဲ့​သည့်​အနှစ် ၆,၀၀၀ ခန့်​က တည်ကြည်သူ​အာဗေလ​မှ​သည် မျက်မှောက်ခေတ် သက်သေခံ “လူအုပ်ကြီး” အထိ​မ​က အဆုံးမဲ့​အနာဂတ်​တိုင်အောင် အသက်ရှင်​ပျော်မွေ့​ကြ​မည့် ယေဟောဝါ​အား ဝတ်ပြုသူ​များ တိုးများ​လာ​နေ​ဦး​မည်​ဖြစ်သည်။ (ဗျာ. ၇:၉က​ဘ; ဟေဗြဲ ၁၁:၄) ကျွန်ုပ်​တို့သည် ဤ​စာရင်း​ရှည်​တွင် လက်ရှိ​တည်ကြည်သော​ဝတ်ပြုသူ​များ​ဖြစ်​ကြ​၏။ ကျွန်ုပ်​တို့၏ ဝိညာဉ်​ရေး​အမွေအနှစ် ကြွယ်ဝ​လိုက်​လေ​ခြင်း!

၁၈။ ကျွန်ုပ်​တို့၏​မူများ​နှင့် စံနှုန်း​များ​က ဤ​လောက​နှင့် ကျွန်ုပ်​တို့ကို မည်သို့​သီးခြား​ဖြစ်စေ​သနည်း။

၁၈ ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ဖော်ပြ​ရာ​တွင် ခရစ်ယာန်​တို့၏​မူများ၊ အရည်အသွေးများ၊ စံနှုန်း​များနှင့် စရိုက်​များ​ပါဝင်​သည်။ ယင်းသည် ဘဝကို​အောင်မြင်​စေပြီး ဘုရားသခင်​၏​စိတ်တော်နှင့်​တွေ့​စေသည့် တစ်ခု​တည်း​သော “လမ်းစဉ်” ဖြစ်၏။ (တမန်​တော် ၉:၂သတင်းကောင်း; ဧဖက် ၄:၂၂-၂၄) ခရစ်ယာန်​များသည် “ခပ်သိမ်း​သော​အရာ​ကို စုံစမ်း​၍၊ ကောင်းသော​အရာ​ကို အမြဲ​ကိုင်စွဲ​ကြ” သည်။ (၁ သက်သာလောနိတ် ၅:၂၁) ခရစ်ယာန်​ဘာသာ​တရား​နှင့် ဘုရားသခင်​ထံ​မှ​ဝေးကွာ​နေသည့် ဤ​လောက အလွန်​ကွာခြား​ကြောင်း ကျွန်ုပ်​တို့ ရှင်းလင်း​ပြတ်သား​စွာ သဘောပေါက်​ကြသည်။ ဝတ်ပြုရေး​အစစ်​နှင့်​အတု ကွဲပြား​ခြားနား​သည်ကို ယေဟောဝါ အထင်အရှား​ဖော်ပြ​ထား​သည်။ ပရောဖက်​မာလခိ​အားဖြင့် ကိုယ်တော် ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် ပြောင်းလဲ​၍ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူ၊ ဘုရားသခင်​၏​အမှုတော်ကို​ဆောင်သော​သူ၊ မ​ဆောင်သော​သူတို့ကို ပိုင်းခြား​၍ သိရ​ကြလိမ့်မည်။”—မာလခိ ၃:၁၈

၁၉။ စစ်မှန်သော​ခရစ်ယာန်​များသည် ဘယ်​သောအခါ​မျှ အဘယ်​သို့​ဖြစ်လာ​ကြ​မည်​မဟုတ်​သနည်း။

၁၉ ရှုပ်ထွေး​ပွေလီ​သော ဤ​လောကတွင် ယေဟောဝါ​၌ ဝါကြွားခြင်း​သည် အလွန်​အရေးကြီး​သည်​ဖြစ်​ရာ ကျွန်ုပ်​တို့၏​ဘုရား သခင်၌ လျောက်ပတ်​စွာ ဂုဏ်ယူ​ဝင့်ကြွား​ပြီး မိမိတို့ ခရစ်ယာန် ဖြစ်​ရခြင်း​ကို ပြင်းပြ​စွာ​ဖော်ပြ​ရန် အဘယ်အရာက ကူညီပေး​နိုင်​သနည်း။ အထောက်အကူ​ပြု​အကြံပေး​ချက်​များ​ကို နောက်​ဆောင်းပါး​တွင် တွေ့ရ​လိမ့်​မည်။ ၎င်းတို့ကို ဆင်ခြင်​သုံးသပ်​စဉ် စစ်မှန်သော​ခရစ်ယာန်​များသည် “စိတ်မပါ​မှု​ဝါဒ” ၏​သားကောင်​များ ဘယ်​သောအခါ​မျှ ဖြစ်လာ​ကြလိမ့်မည်​မဟုတ်​ကြောင်း စိတ်ချ​ပါ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဤ​တွင် ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​အဖြစ်ကို​သာ ရည်ညွှန်း​ဖော်ပြ​နေခြင်း​ဖြစ်သည်။ အချို့​သူများ​သည် စိတ်ရောဂါ​ခံစား​နေရ​သောကြောင့် ဆရာဝန်​နှင့် ဆေး​ကုသ​ဖို့​လို​ပေမည်။

သင်​မှတ်မိ​သလော

• ခရစ်ယာန်​များသည် မည်သို့ ‘ထာဝရ​ဘုရားသခင်​၌​သာ ဝါကြွား’ နိုင်​ကြ​သနည်း။

• သင်သည် မောရှေ​နှင့်​အာသပ်​တို့၏ ပုံ​နမူနာ​များ​မှ အဘယ်​သင်ခန်းစာ​ရရှိ​သနည်း။

• ကျမ်းစာ​ပါ အဘယ်​ဇာတ်ကောင်​များသည် ဘုရားသခင်​၏​အမှုတော်​ဆောင်​ရခြင်း​၌ ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​ကြ​သနည်း။

• ကျွန်ုပ်​တို့ ခရစ်ယာန်​ဖြစ်​ရခြင်း​ကို ဝါကြွား​ရာ​၌ အဘယ်အရာ​ပါဝင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

မောရှေ​သည် မိမိကိုယ်ကို အခိုက်အတန့် ယုံကြည်​စိတ်ချမှု​ကင်းမဲ့​ခဲ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ရှေးခေတ်​ကျေးကျွန်​များစွာ​သည်​မိမိတို့ သဲသဲကွဲကွဲ မည်သူ​မည်ဝါ​ဖြစ်​ခြင်း​ကို ဂုဏ်ယူ​ဝင့်ကြွား​ခဲ့​ကြ