ဆာဘကျွန်းရှိ ဘောတွန်ရွာသို့ အတက်ခရီး
ဆာဘကျွန်းရှိ ဘောတွန်ရွာသို့ အတက်ခရီး
ဒတ်ခ်ျအုပ်ချုပ်ခံ ဆာဘကျွန်းသည် တစ်ချိန်က ကရစ်ဘီယံပင်လယ်၌ ရွက်လွှင့်သွားလာနေသော လုယက်ပစ္စည်းများရှာသူ ပင်လယ်ဓားပြတို့၏ ကွန်းခိုရာဖြစ်ခဲ့သည်။ ယနေ့၊ ပွာတီရီကိုမြို့အရှေ့ဘက် မိုင် ၁၅၀ အကွာတွင် တည်ရှိသော ဤကျွန်းငယ်လေးသည် ကျွန်းသူကျွန်းသား ၁,၆၀၀ ခန့်၏ ရိပ်မြုံလေးဖြစ်နေပြီ၊ ၎င်းတို့ထဲတွင် ယေဟောဝါသက်သေ ၅ ဦး ပါဝင်သည်။ သို့သော် ဤရဲစွမ်းသတ္တိရှိအမှုဆောင်များသည် လုယက်ပစ္စည်းများထက် ပို၍အဖိုးထိုက်တန်ရာကို ရှာဖွေနေကြသည်။ သူတို့သည် “ထာဝရအသက်ရရန် တလိုတလားရှိသူများ” ကို ကြိုးစားရှာဖွေနေကြသည်။—တမန်တော် ၁၃:၄၈၊ ကဘ။
ယေဟောဝါသက်သေများ မောင်းနှင်သော ၅၉ ပေရှည် စီဘီယာရွက်သင်္ဘောသည် ၁၉၅၂၊ ဇွန်လ ၂၂ ရက်တွင် ဆာဘကမ်းရိုးတန်း၌ ကျောက်ချရပ်နားခဲ့ချိန်က ဤကျွန်းပေါ်သို့ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း စတင်ရောက်ရှိခဲ့သည်။ (မဿဲ ၂၄:၁၄) ခရစ်ယာန်သာသနာပြု ဂတ်စ် မာကီနှင့် စတန်လီကာတာတို့သည် ဆာဘကျွန်း၏မြို့ငယ် ဘောတွန် (The Bottom) သို့ ကျောက်လှေကားထစ် ၅၀၀ ကျော်ကို တက်လာခဲ့ကြသည်။ * ရာစုနှစ်များတစ်လျှောက် ထိုကျွန်းသားများထံရောက်ရန် ဤလမ်းကျဉ်းလေးတစ်ခုတည်းသာရှိ၏။
ဆာဘကျွန်းပေါ် ခရစ်ယာန်သက်သေခံခြင်းလုပ်ငန်း၏ မှတ်တမ်းကို ၁၉၆၆ ခုနှစ် ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်တွင် ဦးဆုံးထုတ်ပြန်ခဲ့သည်။ ထိုမှတ်တမ်းအရ ၎င်းကျွန်းပေါ်တွင် တက်ကြွသည့် သက်သေခံတစ်ဦးသာရှိခဲ့သည်။ နောက်ပိုင်း ကနေဒါနိုင်ငံမှ မိသားစုတစ်စုသည် ထိုတွင် နှစ်များစွာနေထိုင်ပြီး သတင်းကောင်းဟောခဲ့သည်။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှ အငြိမ်းစားမောင်နှံ ရပ်စယ်နှင့် ကက်သီတို့သည် ဆာဘကျွန်းသို့ သွားရောက်ကာ ဟောပြောခြင်းလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ သူတို့၏အဖြစ်သနစ်ကို သုံးသပ်ကြည့်ပါ။
ဆာဘကျွန်းသို့ အလည်တစ်ခေါက်
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကျွန်းပေါ်တွင် တစ်ဦးတည်းသောသက်သေခံဖြစ်သူ ရော်နယ်၏ဧည့်သည်အဖြစ် ကျွန်တော်တို့ဇနီးမောင်နှံသည် လေယာဉ်ဖြင့် ရောက်လာခဲ့သည်။ လေဆိပ်တွင် ကျွန်တော်တို့၏အိမ်ရှင် စောင့်ကြိုနေသည်။ ကျွန်းပေါ်တွင် စီးပွားဖြစ်စိုက်ပျိုးခြင်း မရှိသည့်အတွက် ဟင်းသီးဟင်းရွက်သေတ္တာတစ်လုံးကို လက်ဆောင်အဖြစ် ကျွန်တော်တို့ယူလာပေးရာ သူဝမ်းသာသွားသည်။ ကုန်တင်ယာဉ်လေးစီးပြီး ရှုခင်းသာမီးတောင်ဟောင်း တောင်ထိပ်သို့ ကွေ့ကာပတ်ကာ တဖြည်းဖြည်းတက်လာခဲ့ကြသည်။
ဟဲလ်ဂိတ်ရွာတွင် တစ်ထောက်ရပ်နားပြီး လူထုကြော်ငြာဆိုင်းဘုတ်တွင် တနင်္ဂနွေနေ့အတွက် လူထုဟောပြောချက်ဖိတ်စာ ကပ်ထားလျက်ရှိမရှိ ရော်နယ် ကြည့်ခဲ့သည်။ ကြေညာထားသေးကြောင်းတွေ့ရှိရ၍ ဝမ်းသာခဲ့ကြသည်။ ကားပေါ် သူပြန်တက်လာသည်နှင့် ကျွန်း၏အကြီးဆုံးရွာလေးဖြစ်သော လေညာပိုင်းရွာသို့ ကျွန်တော်တို့ ဆက်တက်သွားကြသည်။ ဤရှုခင်းသာရွာလေးသည် နာမည်နှင့်လိုက်အောင် လေညာဘက်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၁,၃၀၀ တွင် တည်ရှိသည်။ ရော်နယ်၏အိမ်ရှေ့သို့ ကျွန်တော်တို့ ကားမောင်းဝင်လာစဉ် ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမဟူသော ရောင်စုံဆိုင်းဘုတ်ကို ဆင်ဝင်ရှေ့တွင် တွေ့လိုက်ရသည်။
နေ့လယ်စာစားချိန်တွင် ကျွန်တော်တို့ အလည်လာဖို့အကြောင်းပေါ်စေသော ဤမေးခွန်းကို မေးလိုက်သည်၊ “ဆာဘကျွန်းမှာ ခင်ဗျား ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတစ်ဦး ဘယ်လိုဖြစ်လာသလဲ။”
ရော်နယ် ဤသို့ပြောပြ၏– “၁၉၉၃ ခုနှစ်မှာ ပွာတီရီကိုက ယေဟောဝါသက်သေများရဲ့ဌာနခွဲ ဆောက်လုပ်ပြီးတဲ့အခါ ကျွန်တော်တို့ဇနီးမောင်နှံဟာ တိုင်းတစ်ပါးမှာ တာဝန်ဆက်ထမ်းချင်ခဲ့တယ်။ အစောပိုင်းက ရှေ့ဆောင်မောင်နှံတစ်စုံနဲ့ ကျွန်တော်တို့ ဆာဘကျွန်းကို လည်ပတ်ခဲ့ကြတော့ ကျွန်းသူကျွန်းသား ၁,၄၀၀ ရှိပေမဲ့ သက်သေခံတစ်ယောက်မှမရှိတာ သိခဲ့ရတယ်။ ဒါကြောင့် ဒီကိုပြောင်းရွှေ့မယ့်အကြောင်း ပွာတီရီကိုဌာနခွဲကော်မတီကို ကျွန်တော်တို့ ပြောပြခဲ့တယ်။
“အခြေအနေ တစ်မျိုးပြီးတစ်မျိုးပေါ်လာရင်း နောက်ဆုံးမှာ ဒီကိုပြောင်းရွှေ့နေထိုင်ဖို့ ခွင့်ပြုချက်ရရှိခဲ့တယ်။ ဝမ်းနည်းစရာက နှစ်နှစ်ကြာတော့ ကျွန်တော့်ဇနီး အသည်းအသန်ဖျားပြီး ကယ်လီဖိုးနီးယားကို ပြန်သွားခဲ့ရတယ်။ သူကွယ်လွန်ပြီးနောက် ဆာဘကျွန်းကို ကျွန်တော်ပြန်လာခဲ့တယ်။ အလုပ်တစ်ခု စလိုက်ပြီဆိုရင် အဆုံးမသတ်ရတာမျိုး ကျွန်တော် မကြိုက်ဘူး။”
ဆာဘကျွန်းတွင် တစ်အိမ်မှတစ်အိမ် သက်သေခံခြင်း
အနှစ်တစ်ရာသက်တမ်းရှိ ရော်နယ်၏အိမ် ဧည့်ခန်းကို နိုင်ငံတော်ခန်းမအဖြစ်လည်း အသုံးပြုသည်။ * ကျွန်တော်တို့ မနက်စာစားပြီး အမှုဆောင်ထွက်ဖို့ ပြင်ဆင်ကြသည့်အခါ မိုးရွာချလိုက်၍ အမိုးမရှိသောမီးဖိုချောင် စိုသွားသည်။ နံနက်စာစားပြီးနောက် ပြန့်ကျဲနေသောမိုးတိမ်အောက် ဘောတွန်ရွာလေးတွင် နံနက်ပိုင်း တစ်အိမ်မှတစ်အိမ် သက်သေခံထွက်ခဲ့ကြသည်။ ရော်နယ်သည် အိမ်တိုင်းတွင် အိမ်ရှင်များကို နာမည်ဖြင့် နှုတ်ဆက်စကားပြောခဲ့သည်။ ကျွန်တော်တို့သည် ထိုဒေသ၏ လတ်တလောသတင်းတစ်ခုကို ဆွေးနွေးခဲ့ကြသည်။ လူအများစုက ရော်နယ်နှင့် သူ၏အမှုဆောင်ခြင်းလုပ်ငန်းကို ကောင်းကောင်းသိထားကြပြီး ကျမ်းစာစာပေများကို လက်ခံယူကြသည်။
ရွာသားများနှင့် မရင်းနှီးလျှင် ဘုရားသခင့်နိုင်ငံတော်သတင်းကို မည်သူမည်ဝါ စိတ်ဝင်စားကြောင်းမှတ်တမ်းထားရန် မလွယ်ကူပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ “ဥပဒေအရ အိမ်တိုင်းကို ဆေးတစ်ရောင်တည်းနဲ့ သုတ်ထားရတယ်” ဟု ရော်နယ်ပြောပြသည်။ သူပြောသည့်အတိုင်း ဆာဘကျွန်းရှိ အိမ်တိုင်းသည် အနီရောင်ခေါင်မိုးနှင့် အဖြူရောင်အိမ်များဖြစ်နေသည်။
ကျွန်တော်တို့ ကျမ်းစာဆွေးနွေးပြီးနောက် ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် ကျင်းပမည့် တနင်္ဂနွေနေ့လူထုဟောပြောချက်ကို လာတက်ရောက်ဖို့ အိမ်ရှင်ကို ဖိတ်ခေါ်ခဲ့သည်။ ရော်နယ် ခရီးမထွက်လျှင် ပတ်စဉ်ပတ်တိုင်း လူထုဟောပြောချက်ပေးသည်။ ယခု ဆာဘကျွန်းတွင် ကျမ်းစာသင်အံမှု ၁၇ ခု ကျင်းပနေသည်။ ၂၀၀၄ ခုနှစ် ခရစ်တော်၏သေခြင်းအောက်မေ့ရာပွဲကို လူနှစ်ဆယ်တက်ရောက်ခဲ့သည်။ ဤအရေအတွက်က နည်းနေပုံရသော်လည်း ဆာဘကျွန်းရှိ လူဦးရေ၏ ၁ ရာခိုင်နှုန်းဖြစ်သည်!
ယေဟောဝါသက်သေများသည် လူများနိုင်သမျှများများထံ ဘုရားသခင်၏ကယ်တင်ခြင်းသတင်း ရောက်ရှိစေရန် အပတ်တကုတ်ကြိုးစားခဲ့ကြပြီ။ ဆာဘကဲ့သို့သောကျွန်းလေးဖြစ်စေ၊ တိုက်ကြီးတစ်တိုက်လုံးပင်ဖြစ်စေ ယေဟောဝါသက်သေများသည် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေ’ ရန်မိန့်မှာချက်ကို တည်ကြည်စွာ ထမ်းဆောင်နေကြသည်။—မဿဲ ၂၈:၁၉။
ဝမ်းနည်းစရာမှာ ကျွန်တော်တို့၏ အလည်အပတ်ခရီး ကုန်ဆုံးသွားလေပြီ။ လေယာဉ်ပေါ်တက်စဉ် ကျွန်တော်တို့ နှုတ်ဆက်လိုက်သည်။ ဆာဘကျွန်းသို့ အလည်ရောက်ခဲ့ပြီး ဘောတွန်ရွာသို့ အတက်ခရီးသွားခဲ့ချိန်ကို ကျွန်တော်တို့ အမြဲအမှတ်ရနေတော့မည်!
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ပင်လယ်ဓားပြများက ထိုရွာကို ဘောတွန်ဟုခေါ်ရခြင်းမှာ ယင်းသည် မီးတောင်ဝအောက်ခြေတွင် တည်ရှိသည်ဟု ယူဆခြင်းကြောင့်ဖြစ်၏။
^ အပိုဒ်၊ 12 ၂၀၀၃၊ စက်တင်ဘာ ၂၈ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါမြို့မှ စေတနာ့ဝန်ထမ်းများသည် ဆာဘကျွန်းသို့သွားရောက်ကာ အဆောက်အအုံသစ်တစ်ခု ဆောက်လုပ်ပေးခဲ့ရာ ၎င်းကို နိုင်ငံတော်ခန်းမအဖြစ် ယခု အသုံးပြုနေကြသည်။
[စာမျက်နှာ ၁၀ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ပွာတီရီကို
[Picture Credit Line on page 10]
နောက်ခံ– www.sabatourism.com