မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘သင့်ကို အနိုင်အထက်ပြုစေခိုင်းလျှင်’

‘သင့်ကို အနိုင်အထက်ပြုစေခိုင်းလျှင်’

‘သင့်ကို အနိုင်အထက်ပြု​စေခိုင်းလျှင်’

“ဟေ့​လူ! မင်း​လုပ်​နေတာ​တွေ ချက်ချင်း​ရပ်​ပြီး ဒီ​အထုပ်​ကို လာ​မ,စမ်း။” ပထမ​ရာစုနှစ်​က ရောမ​စစ်သား​တစ်ဦး​သည် အလုပ်များ​နေသော ဂျူး​တစ်ဦး​ကို ထိုသို့​ပြော​လျှင် သူ​မည်သို့​တုံ့ပြန်​မည်​ဟု သင်​ထင်​သနည်း။ ယေရှုသည် တောင်ပေါ်​တရားတော်​တွင် ဤသို့​မိန့်ဆိုခဲ့သည်– “အကြင်သူသည် သင့်ကို အနိုင်​ပြု​၍ ခရီး​တစ်တိုင်​သွား​စေ​၏၊ ထို​သူနှင့်​တကွ နှစ်​တိုင်​သွား​ဦး​လော့။” (မဿဲ ၅:၄၁) ယေရှု၏​ပရိသတ်​သည် ထို​ဆုံးမ​စကား​ကို မည်သို့​နားလည်​မည်​နည်း။ ယနေ့ ကျွန်ုပ်​တို့အတွက်​ကော မည်သို့​အဓိပ္ပာယ်​ရှိ​သင့်​သနည်း။

အဖြေ​များ​ရရှိရန် ရှေးခေတ်​က မပြု​မနေ​အမှုထမ်း​ရခြင်း​အကြောင်းကို ကျွန်ုပ်​တို့​သိရှိဖို့​လို​သည်။ ယေရှု​ခေတ်​မှ ဣသရေလလူ​တို့သည် ထို​ထုံးစံ​နှင့် အကျွမ်းတဝင်​ရှိခဲ့​ကြသည်။

မပြု​မနေ​အမှုထမ်း​ရခြင်း

ဘီ.စီ.အီး. ၁၈ ရာစု​ကတည်းက အရှေ့​ဖျား​ဒေသ​တွင် မပြု​မနေ​အမှုထမ်း (သို့​မဟုတ် လုပ်အားပေး) ခဲ့​ရ​ကြောင်း ထင်ရှား​သည်။ ရှေးခေတ်​ရှုရိ​ပြည်၊ အ​လာ​လက်​မြို့မှ စီမံ​အုပ်ချုပ်ရေး​ကျောက်စာ​များ​တွင် ကိုယ်ရေးကိုယ်တာ​လုပ်ငန်း​အတွက် အစိုးရ​က ချောဆွဲ​ခဲ့​သည့် လုပ်အားပေး​အဖွဲ့​များ​အကြောင်း ဖော်ပြ​ထား​သည်။ ရှုရိ​ကမ်းခြေ​ရှိ ဥဂရစ်​မြို့မှ သီး​စား​လုပ်ကိုင်​သည့် လယ်သမားများ​သည် ရှင်ဘုရင်​၏​လွတ်ငြိမ်းခွင့်​မရ​လျှင် ထို​နည်းတူ ထမ်းဆောင်​ပေး​ရ၏။

သိမ်းပိုက်​ကြီးစိုး​ခံရ​သူများ​သည် အလုပ်ကြမ်း​လုပ်​ရလေ့​ရှိကြ​၏။ အီဂျစ်​လုပ်ငန်းကြီး​ကြပ်​သူတို့သည် ဣသရေလ​ကျွန်​တို့ကို ခဲယဉ်း​စွာ အုတ်ဖုတ်​ခိုင်း​ခဲ့​ကြသည်။ နောက်ပိုင်း​တွင် ဣသရေလလူ​တို့သည်​လည်း ကတိထားရာပြည်​ရှိ ခါ​နာ​န်​လူ​တို့ကို ခဲယဉ်း​စွာ​စေခိုင်း​ကြ​၏၊ ဒါဝိဒ်​နှင့် ရှောလမုန်​တို့သည်​လည်း လူ​တို့ကို​ကျွန်ခံ​စေ​ခဲ့​ကြသည်။—ထွက်မြောက်ရာ ၁:၁၃၊ ၁၄; ၂ ဓမ္မ​ရာဇဝင် ၁၂:၃၁; ၃ ဓမ္မ​ရာဇဝင် ၉:၂၀၊ ၂၁

ဣသရေလလူ​တို့သည်​ရှင်ဘုရင်​တစ်ပါး​ကို​ပေး​ပါ​ဟု တောင်းဆို​ကြသောအခါ ရှမွေလ​က ရှင်ဘုရင်​၏​လုပ်ပိုင်ခွင့်​များ​ကို ပြောပြ​သည်။ ရှင်ဘုရင်​သည် နိုင်ငံသား​များ​ကို ရထား​စီး​သူ​ရဲ၊ မြင်းစီးသူရဲ​အရာ​၌​ခန့်​ထား​၍ လယ်ထွန်ခြင်း၊ စပါး​ရိတ်ခြင်း၊ စစ်တိုက်​တန်ဆာ​ပြုလုပ်ခြင်း အစ​ရှိသည့်​အမှုတို့​ကို စေခိုင်း​ပေ​လိမ့်​မည်။ (၁ ဓမ္မ​ရာဇဝင် ၈:၄-၁၇သမ္မာ) သို့သော် ယေဟောဝါ​၏​ဝတ်ပြုရာ​အိမ်တော် တည်ဆောက်​ချိန်​အတွင်း တိုင်းတစ်ပါးသား​များ​ကို အလုပ်ကြမ်း​လုပ်​စေ​ခဲ့​ပြီး “ဣသရေလ​အမျိုးသား​တို့ကို​ကား ရှောလမုန်​သည် ကျွန်မ​ခံစေ။ စစ်သူရဲ၊ အမှုတော်​စောင့်၊ မှူးမတ်၊ စစ်​ကဲ၊ ရထား​တော်​အုပ်၊ မြင်း​တော်​အုပ်​အရာ​၌ ခန့်​ထား​တော်​မူ​၏။”—၃ ဓမ္မ​ရာဇဝင် ၉:၂၂

ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် အလုပ်လုပ်​ကြ​ရသော ဣသရေလလူ​တို့၏​အကြောင်းကို ၃ ဓမ္မ​ရာဇဝင် ၅:၁၃၊ ၁၄ က​ဤသို့​ဆို​သည်– “ရှောလမုန်​မင်းကြီး​သည်လည်း ဣသရေလလူ​အပေါင်းတို့တွင် လူ​သုံး​သောင်း​တို့ကို ခွဲခန့်​၍ အလှည့်​အလှည့်​တစ်လ​လျှင် တစ်​သောင်း​စီ လေဗနုန်​တောင်​သို့​စေလွှတ်​သဖြင့် ထို​လူတို့သည် လေဗနုန်​တောင်ပေါ်​မှာ တစ်လ၊ ကိုယ်​နေရာ​အရပ်၌ နှစ်လ​နေရ​ကြ​၏။” ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​သည်– “ဣသရေလ​နှင့်​ယုဒ​ရှင်​ဘုရင်​များသည် သူတို့၏​ဆောက်လုပ်ရေး​လုပ်ငန်းများ​အပြင် ဘုရင်​ပိုင်​လယ်မြေများ​တွင် အခမဲ့​လုပ်သားများ​ရရှိရန် ဤ​လုပ်အားပေး​အစီအစဉ်ကို အသုံးပြု​ခဲ့​ကြသည်​မှာ သေချာ​၏။”

ရှောလမုန်​လက်ထက်​တွင် ထမ်းဆောင်​ရသည့်​ဝန် ကြီးမား​ခက်ခဲ​ခဲ့​သည်။ ရောဗောင်​မင်းကြီး​သည် အလွန်​လေး​သော ထို​ဝန်ကို ထပ်၍​တင်​ဦး​မည်​ဟု ကြိမ်းဝါး​သည့်​အခါ ဣသရေလလူ​အပေါင်းတို့သည် ပုန်ကန်​၍ အစေခံကျွန်​တို့ကို အုပ်​သော​အရာရှိ​အား ခဲ​နှင့်​ပစ်ပေါက်​သတ်ခဲ့​ကြ​၏။ (၃ ဓမ္မ​ရာဇဝင် ၁၂:၁၂-၁၈) သို့သော် ထို​လုပ်အားပေး​အစီအစဉ်ကို​ကား မ​ဖျက်သိမ်း​ခဲ့​ချေ။ ရောဗောင်​၏​မြေး​ဖြစ်သူ အာသမင်း​ကြီး​သည် ဂေ​ဘ​မြို့​နှင့် မိဇပါ​မြို့​တို့ကို တည်ထောင်​ရန် ယုဒ​လူ​တို့ကို ဆင့်ခေါ်​ခဲ့​ရာ “တစ်ယောက်မျှ​မလွတ်” ခဲ့​ကြ​ချေ။—၃ ဓမ္မ​ရာဇဝင် ၁၅:၂၂

ရောမ​အုပ်ချုပ်မှု​အောက်တွင်

ပထမ​ရာစု​ရှိ ဂျူး​များသည် “အနိုင်​ပြု” ခံရ​ခြင်း​နှင့် အကျွမ်းတဝင်​ရှိကြောင်း တောင်ပေါ်​တရားတော်​က ဖော်ပြ​သည်။ ယင်းသည် ဂရိ​စကားလုံး အာဂါရီဗို ကို​ပြန်ဆို​ထားခြင်း​ဖြစ်​ရာ မူလ​က ပါးရှား​အမြန်​ချောပို့​ခြင်း​နှင့် ဆက်စပ်မှု​ရှိခဲ့​သည်။ သူတို့သည် ပြည်သူပိုင်​လုပ်ငန်း​ကို အမြန်​ပြီးစီး​စေရန် လူ၊ မြင်း၊ သင်္ဘော​များ​သာမက လိုအပ်သမျှ​ကို ချောဆွဲ​ခွင့်​ရှိကြသည်။

ယေရှု​ခေတ်တွင် အလားတူ​စနစ်​မျိုးကို လက်ခံ​ကျင့်သုံး​ကြသော ရောမ​လူတို့သည် ဣသရေလ​နိုင်ငံ​ကို ကြီးစိုး​ခဲ့​ကြသည်။ အရှေ့တိုင်း​နိုင်ငံ​များ​တွင် အခွန်​များ​ကောက်​လေ့​ရှိသည့်​အပြင် ပြည်သူ​တို့ကို ပုံမှန် သို့​မဟုတ် ရံဖန်ရံခါ ချောဆွဲ​နိုင်​ကြသည်။ ဤ​တာဝန်​များ​ကို လူ​တို့​နှစ်သက်​ကြ​မည်​မဟုတ်ပေ။ ထို့​ပြင် နိုင်​ငံ့​သယ်ယူ​ပို့ဆောင်​ရေး​အတွက် တိရစ္ဆာန်​များ၊ ယာဉ်မောင်း​များ၊ သို့​မဟုတ် ကုန်​တွဲ​ယာဉ်များ​ကို အမိန့်​မရှိဘဲ ချောဆွဲခြင်း​သည် မ​ဆန်း​တော့​ချေ။ သမိုင်း​ပညာရှင် မိုက်ကယ်​လ် ရော​စ​တော့​ဖ်​ဇ​က်ဖ်​၏​အဆို​အရ စီမံ​အုပ်ချုပ်ရေးမှူး​များသည် “[ထို​ထုံးစံ] ကို​စနစ်တကျ​ဖြစ်စေ​ရန် ကြိုးစား​ခဲ့​ကြသော်လည်း မအောင်မြင်​ခဲ့​ကြ​ချေ၊ အကြောင်း​မှာ ထို​ဓလေ့​ရှိ​နေသရွေ့​ကာလပတ်လုံး ဆိုးကျိုး​များ​ဖြစ်ပေါ်​နေ​ဦး​မည်​မှာ သေချာ​၏။ ဤ​စနစ်​၏​အာဏာရှင်ဆန်မှု​နှင့် နိုင်ထက်စီးနင်း​ပြု​မှု​တို့ ပပျောက်​သွားစေရန် စိတ်ရင်းမှန်​ဖြင့် ကြိုးစား​ခဲ့​ကြသော အုပ်ချုပ်သူ​များသည် အမိန့်များ​ကို တရ​စပ် ထုတ်ဆင့်​ခဲ့​ကြသည်။ . . . သို့သော် ထို​ထုံးစံ​ဖြင့် နိုင်ထက်စီးနင်း​ပြု​နေကြ၏။”

ဂရိ​ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​၏– “ကြီးစိုး​သူတို့သည် မည်သူ​ကို​မဆို ချောဆွဲ​၍ စစ်​ဝန်​စ​ည်​စ​လယ်​ကို ထမ်း​ပို့ပေး​ရန်၊ မည်သည့်​အလုပ်ကို​မဆို လုပ်ဆောင်ပေး​ရန် အနိုင်အထက်ပြု​နိုင်​ကြ​၏။” ရောမ​စစ်သား​များသည် ကုရေနေ​ပြည်သား ရှိမုန်​အား “အနိုင်​ပြု” ၍ ယေရှု၏​နှက်တိုင်​ကို ထမ်း​ခိုင်း​ခဲ့​ကြသည်။—မဿဲ ၂၇:၃၂

လူ​တို့​မကြိုက်​ကြသော ဤ​ထုံးစံ​ကို ရဗ္ဗိ​ကျမ်းဂန်​များ​က​လည်း ကိုးကား​ဖော်ပြ​သည်။ ဥပမာ၊ မုရ​တု​အခက်​တို့ကို နန်းတော်​သို့ သယ်ဆောင်​သွား​ရန် ရဗ္ဗိ​ဆရာ​တစ်ဦး ချောဆွဲ​ခံ​ခဲ့​ရ၏။ အလုပ်ရှင်​များ​ထံ​မှ အလုပ်ကြမ်း​သမားများ​ကို ချောဆွဲ​ပြီး တခြား​တာဝန်​များ​ကို ခိုင်းစေ​တတ်ကြ​သည်၊ သို့သော် သူတို့၏​လုပ်ခ​ကို ထို​အလုပ်ရှင်​များ​အား ပေး​စေ​၏။ ဝန်တင်​တိရစ္ဆာန်​များ သို့​မဟုတ် နွား​များ​ကိုလည်း ချောဆွဲ​နိုင်​သည်။ ၎င်းတို့ကို ပြန်​ရရှိ​သည့်​တိုင် အသုံးမပြု​နိုင်​တော့​သည့် အခြေအနေ​တွင်​ရှိနေကြ​ပေမည်။ ချောဆွဲခြင်း​သည် အာဏာ​ဖြင့်​သိမ်းယူ​ခြင်း​နှင့် အနက်​တူ​ရသည့်​အကြောင်းရင်းကို သင်,နားလည်​နိုင်​ပေမည်။ သို့​ဖြစ်၍ ဂျူး​စကားပုံ​တစ်ခု​က “အာဂါရီအာ​သည် အသေကောင်​ဘဝ​နှင့်​တူ​၏” ဟု​ဆို​သည်။ သမိုင်း​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​သည်– “အာဂါရီအာ​အတွက် ဝန်​ဆွဲ​တိရစ္ဆာန်​များ​မဟုတ်ဘဲ လယ်ထွန်​သည့်​နွား​များ​ကို ချောဆွဲခြင်း​က ရွာ​တစ်ရွာလုံး​ကို ပျက်စီး​သွား​စေနိုင်​သည်။”

အထူးသဖြင့် မောက်မောက်မာမာ မညှာမတာ​ချောဆွဲ​လေ့​ရှိရာ ထိုသို့​ပြုလုပ်​ပေး​ရခြင်း​ကို လူ​တို့ မည်မျှ​ရွံမုန်း​လိုက်​မည်​ဖြစ်​ခြင်း။ မိမိတို့ကို ကြီးစိုး​သည့် တစ်ပါး​အမျိုးသား​အာဏာရှင်​များ​ကို ဂျူး​များ အလွန်​မုန်းတီး​နေကြ​သည်​ဖြစ်​ရာ ဤသို့​အနိုင်အထက်ပြု​ခံရ​၍ အရှက်တကွဲ​ဖြစ်​ရခြင်း​ကို အလွန်​နာကြည်း​ခဲ့​ကြသည်။ နိုင်ငံသား​တစ်ဦး​သည် ဝန်​စ​ည်​စ​လယ်​တစ်ခု​ကို အဘယ်​နေရာ​အထိ သယ်ဆောင်​ပေး​ရ​ကြောင်း အတိအကျ​ဖော်ပြ​သော ဥပဒေ​မရှိပါ။ လူတို့သည် ဥပဒေက တောင်းဆို​ထား​သည်ထက် ပို​၍​လုပ်ဆောင်ပေး​လို​မည်​မဟုတ်​ကြောင်း သေချာ​သည်။

သို့​တိုင် ယေရှုသည် ဤ​ထုံးစံ​ကို ရည်ညွှန်း​၍ ဤသို့​မိန့်ဆိုခဲ့သည်– “အကြင်သူသည် သင့်ကို အနိုင်​ပြု​၍ ခရီး​တစ်တိုင်​သွား​စေ​၏၊ ထို​သူနှင့်​တကွ နှစ်​တိုင်​သွား​ဦး​လော့။” (မဿဲ ၅:၄၁) ထိုစကား​ကို ကြား​သည့်​အခါ အချို့​က ကိုယ်တော့်​အား ဆင်ခြင်တုံ​တရား​မရှိ​ဟု ယူမှတ်​ကြ​ပေမည်။ အဘယ်အရာကို ကိုယ်တော်​ဆိုလို​ပါ​သနည်း။

ခရစ်ယာန်​များ မည်သို့​တုံ့ပြန်​သင့်

ရိုးရိုးလေး​ဆို​ရ​သော် အခွင့်အာဏာ​ရှိသူ​တစ်ဦး​သည် တရားဝင်​အလုပ်​တစ်မျိုး​မျိုးကို အနိုင်အထက်​စေခိုင်းလျှင် မခံ​ချိ​မခံ​သာ​မဖြစ်​ဘဲ တလိုတလား လုပ်ဆောင်ပေး​သင့်​သည်​ဟု ပရိသတ်​အား ယေရှု​မိန့်ဆို​နေခြင်း​ဖြစ်သည်။ သို့ဖြင့် သူတို့သည် “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အား ဆက်​ပေး​ကြ” စဉ် “ဘုရားသခင်​၏​ဥစ္စာ​ကို​ကား၊ ဘုရားသခင်​အား ဆက်​ပေး” ခြင်း​ကိုလည်း လျစ်လျူရှု​မည်​မဟုတ်​ချေ။—မာကု ၁၂:၁၇ *

ထို့​ပြင် တမန်​တော်​ပေါလု​သည် ခရစ်ယာန်​များ​အား ဤသို့​တိုက်တွန်း​ခဲ့​သည်– “အစိုး​ရသော​မင်း​အာဏာစက်​၏​အုပ်စိုးခြင်း​ကို လူတိုင်း​ဝန်ခံ​စေ။ အကြောင်း​မူ​ကား၊ ဘုရားသခင်​၏​အခွင့်​မ​ရှိလျှင် မင်း​အာဏာစက်​မရှိ။ အာဏာစက်​ရှိသမျှသည် ဘုရားသခင်​ခန့်​ထား​တော်​မူ​ရာ​ဖြစ်​သတည်း။ ထို့​ကြောင့် မင်း​အာဏာကို​ဆန်​သော​သူသည် ဘုရားသခင်​စီရင်တော်မူ​ရာ​ကို ဆန်​သော​သူ​ဖြစ်၏။ . . . မကောင်းသော​အကျင့်ကို ကျင့်​လျှင် ကြောက်​ခြင်း​ရှိစေ​လော့။ အကြောင်း​မူ​ကား၊ မင်း​သည် အချည်းနှီး​ဓားကို ဆောင်​သည်မဟုတ်။”—ရောမ ၁၃:၁-၄

ဤနည်းဖြင့် ရှင်ဘုရင် သို့​မဟုတ် အစိုးရ​သည် အမိန့်​ချိုးဖောက်​သူများကို အပြစ်ပေး​ပိုင်ခွင့်​ရှိကြောင်း ယေရှု​နှင့်​ပေါလု​တို့​က အသိအမှတ်ပြု​ခဲ့​ကြသည်။ အဘယ်​အပြစ်​မျိုး​နည်း။ စီ.အီး. ပထမ​ရာစု​နှင့် ဒုတိယ​ရာစုနှစ်​မှ ဂရိ​အတွေးအခေါ်​ပညာရှင် အ​ပီ​တစ်တပ်​က ဤသို့​ဖြေ​၏– “. . . တစ်ဦး​က မထင်မမှတ်​ဘဲ သင်၏​မြည်း​လေး​ကို ချောဆွဲ​လျှင် အသာတကြည် ပေး​လိုက်ပါ။ မြည်း​လေး​လည်း​ဆုံး၊ သင်လည်း အရိုက်ခံရ​မည်​ကို​စိုး​၍ မခုခံ​ပါ​နှင့်၊ မ​ညည်း​ပါ​နှင့်။”

သို့​တိုင် ရှေးခေတ်​နှင့် မျက်မှောက်ခေတ်တွင်​ပင် ခရစ်ယာန်​များသည် အစိုးရ​၏​တောင်းဆိုချက်​များ​ကို ရံဖန်ရံခါ ကြည်ဖြူ​စွာ မ​လိုက်လျော​နိုင်​ဟု ခံစား​ကြ​ရ​ပေမည်။ တစ်ခါတစ်ရံ အလွန်​ပြင်းထန်သော အကျိုးဆက်များ​ကို ခံ​ခဲ့​ကြ​ရ၏။ ခရစ်ယာန်​အချို့​ဆိုလျှင် သေဒဏ်​ပင်​ခံ​ခဲ့​ကြ​ရ၏။ တခြား​သူများ​မှာ​မူ၊ ဘက်လိုက်​လှုပ်ရှားမှုများ​ဟု သူတို့​ထင်မှတ်​သည့်​အမှု​များ​တွင် ပါဝင်​ရန် ငြင်းပယ်​ခြင်း​ကြောင့် နှစ်​နှင့်​ချီ ထောင်ချ​ခံ​ခဲ့​ကြ​ရ၏။ (ဟေရှာယ ၂:၄; ယောဟန် ၁၇:၁၆; ၁၈:၃၆) တခြား​အချိန်​အခါ​များ​တွင်​မူ ခရစ်ယာန်​များသည် မိမိတို့​ထံ​မှ တောင်းဆိုရာ​များ​ကို လိုက်လျော​ပေး​နိုင်​သည်​ဟု ယူဆကြ​သည်။ ဥပမာ၊ အရပ်သား​ဦးစီး​သည့် ရပ်ကွက်​အကျိုးပြု​လုပ်ငန်းများ​တွင် ကြည်လင်​သော​သိစိတ်​ဖြင့် ပါဝင်​လုပ်ဆောင်ပေး​နိုင်​သည်​ဟု ခရစ်ယာန်​အချို့ ယူမှတ်​ကြ​ပေမည်။ ၎င်းတို့မှာ သက်ကြီးရွယ်အို​များ သို့​မဟုတ် မသန်စွမ်း​သူများကို ကူညီ​ပေးခြင်း၊ မီး​သတ်​သမားများ​အဖြစ် အသုံးတော်ခံ​ခြင်း၊ ပင်လယ်​ကမ်းခြေ​များ​ကို သန့်ရှင်းခြင်း၊ ပန်းခြံ​များ၊ သစ်တော​များ၊ စာကြည့်တိုက်​များ အစ​ရှိသည်​တို့​တွင် ပါဝင်​လုပ်ဆောင်ခြင်း​ဖြစ်​နိုင်၏။

တစ်နိုင်ငံ​နှင့် တစ်နိုင်ငံ အခြေအနေ​ချင်း တူ​ကြ​မည်​မဟုတ်။ သို့​ဖြစ်၍ တောင်းဆိုချက်​များ​ကို လိုက်လျော​ပြုလုပ်​မည်၊ မ​လုပ်​မည်​ကို ခရစ်ယာန်​တစ်ဦးချင်း​စီ​သည် မိမိ၏​ကျမ်းစာ​နှင့်​လေ့ကျင့်​ထားသော သိစိတ်​နှင့်​အညီ လုပ်ဆောင်​ရမည်။

နှစ်​တိုင်​သွားခြင်း

တရားဝင် တောင်းဆိုချက်​များ​ကို လုပ်ဆောင်​လို​စိတ်​ရှိပါ​ဟူ၍ ယေရှု​သွန်သင်​ပေး​ခဲ့​သော​မူ​သည် အစိုးရ​တောင်းဆိုချက်​များနှင့်​သာ​မဟုတ်ဘဲ နေ့စဉ် လူမှု​ဆက်ဆံ​ရေး​တွင်​လည်း အသုံးချ​နိုင်၏။ ဥပမာ၊ သင်၏​အထက်​လူကြီး​က ဘုရားသခင့်​ပညတ်​နှင့်​မဆန့်ကျင်​သော်လည်း သင်​မပြု​လုပ်​လို​သည့် အရာတစ်ခု​ကို ပြုလုပ်​ခိုင်း​ပေမည်။ သင်သည် မည်သို့​တုံ့ပြန်​မည်​နည်း။ သင်၏​အချိန်၊ သင်၏​အားစိုက်မှု​တို့ကို တရားလွန်​တောင်းဆို​နေသည်​ဟု ခံစား​ရပြီး ဒေါသ​နှင့် တုံ့ပြန်​မိ​ပေမည်။ သို့​နှင့် ရန်လို​သည့်​စိတ်ထား ဖြစ်ပေါ်​လာနိုင်​၏။ တစ်ဖက်​တွင်​မူ၊ သင်သည် မကျေမနပ်​နှင့်​ပြုလုပ်​ပေး​လျှင် သင်၏​အတွင်း​ငြိမ်သက်မှု ပျောက်ဆုံး​သွား​နိုင်၏။ ဖြေရှင်း​နည်း​ကား အဘယ်နည်း။ ယေရှု​မိန့်မှာ​ခဲ့​သည့်​အတိုင်း နှစ်​တိုင်​သွားပါ။ သင့်ထံ​မှ တောင်းဆိုရာ​ထက် ပိုမို​လုပ်ဆောင်ပေး​ပါ။ ယင်းကို စိတ်လို​ကိုယ်​လျောက် လုပ်ဆောင်ပါ။ ထိုသို့​သော​စိတ်ထား​ရှိ​မည်​ဆိုလျှင် သင့်ကို အခွင့်အရေး​ယူ​နေသည်​ဟု မခံစား​ရ​ဘဲ မိမိ​လုပ်ကိုင်​ရာ​ကို လွတ်လပ်​စွာ လုပ်ကိုင်​ရသည်​ဟု ခံစားရ​မည်။

စာရေး​ဆရာ​တစ်ဦး​က ဤသို့​ဖော်ပြ​သည်– “လူအများ​၏​ဘဝ​တစ်လျှောက်​လုံး​တွင် အနိုင်အထက်​စေခိုင်း​ရာ​များ​ကို​သာ လုပ်ဆောင်ခဲ့ရ​သည်။ ဤသူတို့​၏​အသက်တာသည် ပင်ပန်း​ဆင်းရဲ​ခက်ခဲ​ပြီး အမြဲတမ်း မောပန်း​နွမ်းလျ​ခဲ့​ရသည်။ အခြားသူများ​မှာ​မူ တာဝန်​သိ​တတ်​စွာ ပြုလုပ်​ပေး​ရုံ​မ​က စိတ်လို​ကိုယ်​လျောက် ကူညီပေး​တတ်ကြ​၏။” တစ်နည်း​အားဖြင့် အခြေအနေ​များစွာ​တွင် မသွား​မနေ​သွား​ရသော တစ်မိုင် သို့​မဟုတ် နှစ်​မိုင်​ကို​သာ ရွေး​သွားခွင့်​ရှိကြသည်။ ပထမ​လူတန်းစား​သည် မိမိ​ရပိုင်ခွင့်​များ​ကို တောင်းဆို​လို​ပေမည်။ ဒုတိယ​မူ အကျိုးကျေးဇူး​များစွာ ခံစားရ​ပေမည်။ သင်သည် အဘယ်​သို့​သော လူစားမျိုး​နည်း။ သင်၏​လုပ်ဆောင်မှုများ​ကို တာဝန်​အရ ပြုလုပ်​ရသည့်​အလုပ်အဖြစ်​မဟုတ်ဘဲ သင်​ပြုလုပ်​လို​သည့်​အလုပ်​ဟု ရှုမြင်​နိုင်​မည်​ဆိုလျှင် သင်သည် သာ၍​ပျော်ရွှင် အကျိုး​ဖြစ်ထွန်း​နိုင်​ပေ​လိမ့်​မည်။

အကယ်၍ သင်သည် အခွင့်အာဏာ​ရှိသူ​တစ်ဦး​ဖြစ်​လျှင်​ကော။ သင်,တောင်းဆိုရာ​များ​ကို စိတ်​စေတနာ​မပါ​သူ​တစ်ဦး​ကို အနိုင်အထက်ပြု​၍ စေခိုင်း​ခြင်း​သည် မေတ္တာ​ရှိရာ​မကျ၊ ခရစ်ယာန်​မပီသ​ကြောင်း ထင်ရှား​၏။ ယေရှု​က ‘လောက​မင်းတို့​သည် အစိုးတရ​ပြု​တတ်ကြ​၏။ အကဲအမှူး​တို့သည် အာဏာ​ထား​တတ်ကြ​၏’ ဟု​မိန့်ဆိုခဲ့သည်။ သို့သော် ၎င်း​သည် ခရစ်ယာန်​လမ်းစဉ်​မဟုတ်​ချေ။ (မဿဲ ၂၀:၂၅၊ ၂၆) အာဏာရှင်​ဆန်​ဆန်​စေခိုင်း​ခြင်း​ဖြင့် မိမိ​လို​ရာ,ရမည်​မှန်​သော်လည်း ကြင်နာ​စွာ တော်ရုံ​သင့်​ရုံ​စေခိုင်း​သည့်​အခါ လေးစား​ပျူ​ငှာ​စွာ လိုက်လျော​ပြုလုပ်​ပေး​လျှင် နှစ်ဦး​နှစ်ဖက်စလုံး အဆင်ပြေ​လိုက်​မည်​ဖြစ်​ခြင်း! မှန်ပါသည်၊ တစ်တိုင်​သာ​သွား​မည့်​အစား တလိုတလား​နှင့် နှစ်​တိုင်​သွား​ပေးခြင်း​သည် သင်၏​ဘဝကို တိုးတက်​ကောင်းမွန်​စေနိုင်​၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 18 “ကဲသာ​ဘုရင်​၏​ဥစ္စာ​ကို ကဲသာ​ဘုရင်​အား ဆက်​ပေး​ကြလော့။ ဘုရားသခင်​၏​ဥစ္စာ​ကို​ကား၊ ဘုရားသခင်​အား ဆက်​ပေး​ကြလော့” ဟူသည် ခရစ်ယာန်​များ​အတွက် အဘယ်​အဓိပ္ပာယ်​ရှိကြောင်း အပြည့်အစုံ​တင်ပြချက်​ကို ၁၉၉၆၊ မေ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၅-၂၀ ကို​ရှု။

[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်]

ရှေးခေတ်​က တလွဲ​အနိုင်အထက်ပြု

ဆင်ခြေပေး​၍ တလွဲ​အနိုင်အထက်​စေခိုင်း​မှု​ကို တားဆီး​ထား​သည့် စည်းမျဉ်း​များ​မှ ယင်းကို အသုံးပြုလေ့​ရှိကြ​ကြောင်း သိရှိ​ရသည်။ ဘီ.စီ.အီး. ၁၁၈ ခုနှစ်​တွင် အီဂျစ်ပြည့်ရှင် တော်လမီ ယူ​အာရ်​ဂါ​တီ​ဇ် ၂ က​မိမိ၏​အရာရှိများ​သည် “ကိုယ်ရေးကိုယ်တာ​လုပ်ငန်းများ​အတွက် အဘယ်​နိုင်ငံသား​ကို​မျှ အနိုင်အထက်​မပြုရ၊ ကိုယ်ကျိုး​အတွက် သူတို့၏​ကျွဲ​နွား​တိရစ္ဆာန်​များ​ကို ချောဆွဲခြင်း (အာဂါရီရူအင်န်) မပြုရ” ဟု​အမိန့်ထုတ်​ပြန်​ခဲ့​သည်။ ထို့​ပြင် “မည်သည့်​အကြောင်းပြချက်​နှင့်​မဆို ကိုယ်ပိုင်​အသုံးပြုရန် လှေများ​ကို မည်သူမျှ ချောဆွဲခြင်း​မပြု​သင့်​ချေ။” စီ.အီး. ၄၉ ခုနှစ် ရက်စွဲ​ပါ ကမ္ပည်း​စာ​တစ်ခု​၌ အီဂျစ်​ပြည်၊ မဟာ​အို​အေ​စစ်​ဝတ်ပြုရာ​အိမ်တော်တွင် ရောမ​ဘုရင်ခံ​မင်း ဗာ​ဂျီ​လီ​အာ​စ် ကာ​ပီ​တို​က . . . ဥပဒေ​ကို​ဆန့်ကျင်​ပြီး ချောဆွဲ​ခဲ့​ကြ​ကြောင်း ဝန်ခံ​ပြီး “အကျွန်ုပ်​ထံ​မှ အမိန့်စာ​မရ​လျှင် တစ်စုံတစ်ရာ​ကို . . . မည်သူမျှ ယူ​ပိုင်ခွင့် သို့​မဟုတ် ချောဆွဲ​ပိုင်ခွင့်​မရှိ” ဟု​အမိန့်​ပြဋ္ဌာန်း​ခဲ့​သည်။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကုရေနေ​ပြည်သား ရှိမုန်​အား အနိုင်အထက်ပြု​ခဲ့​ကြ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

သက်သေခံ​များစွာ​သည် မိမိတို့၏​ခရစ်ယာန်​ရပ်တည်ချက်ကို ထိန်းသိမ်း​ထားခြင်း​ကြောင့် ထောင်ချ​ခံ​ခဲ့​ကြ​ရ