အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
အံ့ဖွယ်အမှုများ—အဖြစ်မှန်လော၊ လုပ်ကြံဖန်တီးမှုလော
လူတစ်ဦးသည် ဖြတ်သွားသည့်ကားတစ်စီးတွင် “အံ့ဖွယ်အမှုများ ဖြစ်ပျက်နေ—ကောင်းကင်တမန်များကိုသာ မေးလိုက်ပါလေ” ဟူသည့် ဘန်ပါကပ်ခွာတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။ သူသည် ဘာသာရေးကိုင်းရှိုင်းသူဖြစ်သော်လည်း အဘယ်အရာကိုဆိုလိုမှန်း သေချာမသိပေ။ ယင်းစာတန်းက ယာဉ်မောင်းသည် အံ့ဖွယ်အမှုများကိုယုံကြည်သည်ဟု ဆိုလိုနေခြင်းလော။ သို့မဟုတ် အံ့ဖွယ်အမှုနှင့် ကောင်းကင်တမန်နှစ်မျိုးစလုံးကို မယုံကြည်ကြောင်း ထေ့ငေါ့ဖော်ပြနေခြင်းလော။
“အံ့ဖွယ်အမှုဟူသည့်စကားလုံးက စာရှုသူများကို စိတ်လွန်ဆွဲစေသည်” ဟူသော ဂျာမန်စာရေးဆရာ မန်ဖရက် ဘာသဲလ်၏ထင်မြင်ချက်ကို သင်စိတ်ဝင်စားပေလိမ့်မည်။ အံ့ဖွယ်အမှုများကိုယုံကြည်သူတို့က အံ့ဖွယ်အမှုများဖြစ်ပျက်နေကြောင်းနှင့် မကြာခဏဖြစ်ပျက်တတ်ကြောင်း ယုံကြည်ကြသည်။ * ဥပမာ၊ အံ့ဖွယ်အမှုများကိုယုံကြည်သူတို့က မကြာသေးမီနှစ်များအတွင်း ဂရိနိုင်ငံတွင် အံ့ဖွယ်အမှုများ တစ်လလျှင်တစ်ကြိမ်နီးပါး ဖြစ်ပျက်နေသည်ဟု အခိုင်အမာပြောဆိုကြကြောင်း သတင်းပို့သည်။ ယင်းကြောင့် ဂရိသြသဒေါက်စ်ချာ့ခ်ျ၏ဂိုဏ်းအုပ်တစ်ဦးက ဤသို့သတိပေးခဲ့သည်– “အံ့ဖွယ်အမှုကိုယုံကြည်သူသည် ဘုရားသခင်၊ မာရိနှင့် သူတော်စင်တို့ကို လူသားများပမာ ဖြစ်စေသည်။ ယုံကြည်သူတို့သည် ယင်းကိစ္စကို ပုံကြီးမချဲ့သင့်ပေ။”
အံ့ဖွယ်အမှုများ၌ ယုံကြည်ခြင်းကို အချို့နိုင်ငံများတွင် အနှံ့အပြားမတွေ့ရပေ။ ၂၀၀၂ ခုနှစ်က ဂျာမနီနိုင်ငံတွင် ထုတ်ပြန်ခဲ့သော အလန်းစ်ဘတ်ဆန္ဒမဲကောက်ယူမှုအရ မြို့သား ၇၁ ရာခိုင်နှုန်းက အံ့ဖွယ်အမှုများသည် အဖြစ်မှန်မဟုတ်၊ လုပ်ကြံဖန်တီးမှုများဖြစ်သည်ဟု ယူဆကြသည်။ အံ့ဖွယ်အမှုကိုယုံကြည်သူ သုံးပုံတစ်ပုံပင်မရှိသူတို့မှ အမျိုးသမီးသုံးဦးသည် အပျိုစင်မာရိထံမှ သတင်းရရှိကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ ကောင်းကင်တမန်များနှင့် ချိုးငှက်ခြံရံလျက် သူတို့အား မာရိ ကိုယ်ယောင်ထင်ရှားပြသည်ဟုဆိုပြီးနောက် လအနည်းငယ်အကြာတွင် ဝက်စ်ဖာလန်ပို့စ် ဂျာမန်သတင်းစာက ဤသို့ဖော်ပြခဲ့၏– “ယခုအချိန်အထိ ရောဂါကုသခံလိုသူ ဘုရားဖူး ၅၀,၀၀၀ ခန့်အပြင် စပ်စုသူတို့သည် ဤအမျိုးသမီးများတွေ့ မြင်ခဲ့ရာကို အလွန်စိတ်ဝင်စားမှုပြခဲ့ကြသည်။” နောက်ထပ်ကိုယ်ယောင်ထင်ရှားပြခြင်းကို တွေ့မြင်လိုသူ လူ ၁၀,၀၀၀ တို့သည် ထိုရွာသို့ တဖွဲဖွဲရောက်လာကြလိမ့်မည်ဟု ခန့်မှန်းသည်။ ၁၈၅၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ လောဒိစ်မြို့နှင့် ၁၉၁၇ ခုနှစ်တွင် ပေါ်တူဂီနိုင်ငံ၊ ဖက်တီမာမြို့တို့တွင် အပျိုစင်မာရိ ထပ်တူကိုယ်ယောင်ထင်ရှားပြခဲ့သည်ဟု ဆိုကြသည်။
ခရစ်ယာန်မဟုတ်သည့် ဝတ်ပြုရေးများကော အသို့နည်း
အံ့ဖွယ်အမှုများ၌ ယုံကြည်ခြင်းကို ဘာသာတိုင်းလိုလိုတွင် တွေ့ရှိရသည်။ ဘာသာတရားဆိုင်ရာစွယ်စုံကျမ်းက၊ ခရစ်ယာန်၊ တို့ကို တည်ထောင်ခဲ့သူများသည် အံ့ဖွယ်အမှုနှင့်ပတ်သက်၍ ရှုမြင်ပုံအမျိုးမျိုးရှိခဲ့ကြောင်းရှင်းပြပြီး ဤသို့သတိပြုစေသည်– “အံ့ဖွယ်အမှုများနှင့် အံ့ဖွယ်ဖြစ်ရပ်များသည် လူ့ဘာသာရေးလောကတွင် မရှိမဖြစ်ကြောင်း ဤဘာသာရေးတို့၏သမိုင်းကြောင်းက အထင်အရှားဖော်ပြနေသည်။” “ကိုယ်တော်တိုင် တစ်ခါတစ်ရံ အံ့ဖွယ်အမှုများပြုလုပ်ခဲ့ရသည်” ဟု ဤကိုးကားချက်ကဆိုသည်။ နောက်ပိုင်းတွင် ‘တရုတ်နိုင်ငံသို့ တရားရောက်ရှိသွားသည့်အခါ ယင်း၏သာသနာပြုများသည် အံ့ဖွယ်တန်ခိုးများကို မကြာခဏပြခဲ့ကြသည်။’
အဆိုပါအံ့ဖွယ်အမှုများစွာကို ရည်ညွှန်းပြီးနောက် ထိုစွယ်စုံကျမ်းက ဤသို့ကောက်ချက်ချ၏– “ဘာသာရေးအတ္ထုပ္ပတ္တိရေးသူများဖော်ပြသည့် အံ့ဖွယ်ဇာတ်လမ်းအားလုံးတို့ကို
လူတို့မယုံနိုင်ကြသော်လည်း မိမိအား ကြည်ညိုသူများကို အဆိုပါအံ့ဖွယ်တန်ခိုးများပြုလုပ်နိုင်စွမ်းပေးသော . . . အား ဂုဏ်တင်ရန် ရည်စူးပြီး ဖန်တီးထားကြောင်း ထင်ရှားသည်။” အဆိုပါအထောက်အထားက . . . ဤသို့ဆိုသည်– “. . . အသိုင်းအဝိုင်းတွင် အံ့ဖွယ်အမှုများကို မျှော်လင့်မြဲမျှော်လင့်နေကြသည်။ . . . သည် လူအများရှေ့တွင် အံ့ဖွယ်အမှုများပြုခဲ့သည်ဟု ထုံးတမ်းစဉ်လာ (ဟဒိသ်) ကျမ်းတွင် ဖော်ပြထားသည်။ . . . သူတော်စင်များသည် သေဆုံးပြီးနောက်၌ပင် တည်ကြည်သူများအတွက် ၎င်းတို့၏သင်္ချိုင်းများတွင် အံ့ဖွယ်အမှုများပြုလုပ်ခဲ့ကြသည်ဟုဆိုပြီး သူတို့၏မစမှုကို တောင်းဆိုတတ်ကြသည်။”ခရစ်ယာန်တို့၏အံ့ဖွယ်အမှုများကော အသို့နည်း
ခရစ်ယာန်ဘာသာဝင်အများ၏ ယူဆချက် ကွဲလွဲနေကြသည်။ အချို့က ယေရှုခရစ် သို့မဟုတ် ခရစ်ယာန်ခေတ်မတိုင်မီက ဘုရားသခင့်ကျေးကျွန်များပြုခဲ့သော အံ့ဖွယ်အမှုကျမ်းစာမှတ်တမ်းများကို အဖြစ်မှန်ဟု ခံယူကြသည်။ သို့တိုင် ပရိုတက်စတင့်ပြုပြင်ပြောင်းလဲရေးသမား မာတင်လူသာနှင့် သဘောတိုက်ဆိုင်သူအများရှိသည်။ ကျမ်းစာဆိုင်ရာစွယ်စုံကျမ်းက သူ့အကြောင်း ဤသို့ဆိုသည်– “အံ့ဖွယ်အမှုများခေတ်ကုန်ပြီ၊ ဖြစ်ပျက်တော့မည်မဟုတ်ဟု လူသာနှင့် ကယ်ဗင်တို့ရေးသားခဲ့သည်။” ကက်သလစ်ချာ့ခ်ျသည် အံ့ဖွယ်အမှုများ “မည်သို့ဖြစ်ပျက်ကြောင်း ကျိုးကြောင်းရှင်းပြခြင်းမရှိဘဲ” ယုံကြည်မြဲယုံကြည်သည်ဟု ဤကိုးကားချက်ကဆိုသည်။ သို့သော် ပရိုတက်စတင့်အသိုင်းအဝိုင်းက ခရစ်ယာန်အယူဝါဒ၏အကျင့်ဓလေ့သည် အများအားဖြင့် အကျင့်စာရိတ္တအကြောင်းဖြစ်ကာ ဘုရားသခင်ဖြစ်စေ၊ နာမ်ဝိညာဉ်သားများဖြစ်စေ လူတို့နှင့်ဆက်သွယ်ခြင်း၊ ဩဇာလွှမ်းမိုးခြင်းမရှိလှချေဟု ယုံကြည်လာကြသည်။”
ခရစ်ယာန်ဓမ္မဆရာတချို့အပါအဝင် ခရစ်ယာန်အမည်ခံအချို့က ကျမ်းစာပါအံ့ဖွယ်အမှုများကို ဖြစ်ရပ်မှန်များအဖြစ် မယုံကြချေ။ ဥပမာ၊ ထွက်မြောက်ရာ ၃:၁-၅ ပါ ကျမ်းစာမှတ်တမ်းမှ ချုံပုတ်မီးလောင်ခြင်းဖြစ်ရပ်ကို သုံးသပ်ကြည့်ပါ။ ဂျာမန်အတွေးအခေါ်ပညာရှင်အများသည် ယင်းကို ပကတိအံ့ဖွယ်အမှုအဖြစ် မယူဆကြကြောင်း ကျမ်းစာအမှန်ဆိုထားရာစာအုပ်က ဖော်ပြသည်။ ယင်းအစား “မောရှေ၏စိတ်စူးရှနာကျင်ခြင်းနှင့် အလွန်စိတ်ဖိစီးခံရခြင်းလက္ခဏာတစ်ရပ်” ဟု သူတို့အဓိပ္ပာယ်ဖွင့်ကြသည်။ “မီးတောက်များမှာ ဘုရားသခင့်မျက်မှောက်တော် နေရောင်အောက် ရုတ်တရက်ပွင့်လန်းလာသည့် ပန်းများဖြစ်သည်ဟု သဘောပေါက်နိုင်ကြောင်း” ထိုစာအုပ်က ထပ်ဆင့်ဆိုသည်။
အဆိုပါရှင်းပြချက်သည် စိတ်ကျေနပ်စရာ ဖြစ်ချင်မှဖြစ်မည်။ သို့ဆိုလျှင် အဘယ်အရာကို ယုံကြည်သင့်သနည်း။ အံ့ဖွယ်အမှုများ ဖြစ်ပျက်ခဲ့ဖူးသည်ဟု ယုံကြည်ခြင်းသည် လက်တွေ့ကျပါသလော။ မျက်မှောက်ခေတ် အံ့ဖွယ်အမှုများကော အသို့နည်း။ ကောင်းကင်တမန်များကို မမေးမြန်းနိုင်သောကြောင့် အဘယ်သူကို မေးမြန်းရမည်နည်း။
ကျမ်းစာရှုထောင့်
ဘုရားသခင်သည် လူမတတ်နိုင်ရာများကို အတိတ်ကာလက ကြားဝင်လုပ်ဆောင်ခဲ့ကြောင်း ကျမ်းစာက မှတ်တမ်းတင်ထားသည်ကို မည်သူမျှ မငြင်းဆိုနိုင်ချေ။ ကိုယ်တော်အကြောင်း ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရ၏– “နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကိုပြလျက် အားကြီးသောလက်၊ ဆန့်တော်မူသောလက်ရုံး၊ အလွန်ကြောက်မက်ဖွယ်သော အခြင်းအရာနှင့်တကွ ကိုယ်တော်၏ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ” သည်။ (ယေရမိ ၃၂:၂၁) မောရှေအချိန်က အင်အားအကြီးဆုံးနိုင်ငံသည် ၎င်း၏သားဦးသေဆုံးခြင်းအပါအဝင် ကပ်ကြီးဆယ်ပါးဆိုက်ရောက်ခြင်းကြောင့် ဒူးထောက်အညံ့ခံလိုက်ရသည်ကို မြင်ယောင်ကြည့်ပါ။ အံ့ဖွယ်အမှုကြီးများပါတကား!—ထွက်မြောက်ရာ အခန်းကြီး ၇ မှ ၁၄။
ရာစုနှစ်များစွာအကြာတွင် ယေရှုပြုလုပ်ခဲ့သောအံ့ဖွယ်အမှု ၃၅ ခုခန့်ကို ခရစ်ဝင်ကျမ်းရေးသူ လေးဦးက ဖော်ပြခဲ့သည်။ အမှန်မှာ သူတို့မှတ်တမ်းတင်ထားသည်ထက် ပို၍အံ့သြဖွယ်ကောင်းသောအမှုများကို ကိုယ်တော်ပြုလုပ်ခဲ့ကြောင်း သူတို့၏စကားများက ဖော်ပြနေသည်။ ဤမှတ်တမ်းများသည် ဖြစ်ရပ်မှန်လော၊ လုပ်ကြံဖန်တီးမှုများလော။ *—မဿဲ ၉:၃၅; လုကာ ၉:၁၁။
ဘုရားသခင့်နှုတ်မြွက်အမှန်တရားဖြစ်သည်ဟု ကျမ်းစာက အခိုင်အမာဆိုသည့်အတိုင်းဖြစ်လျှင် ယင်းကမိန့်မြွက်ထားသော အံ့ဖွယ်အမှုများကို ယုံကြည်ရန် အကြောင်းရင်းခိုင်လုံသည်။ အတိတ်ကာလက အံ့ဖွယ်နည်းဖြင့်ရောဂါကုသမှုများ၊ ရှင်ပြန်ထမြောက်ခြင်းများ အစရှိသည့် အံ့ဖွယ်အမှုများဖြစ်ပျက်ခဲ့ကြောင်း ကျမ်းစာက ရှင်းလင်းစွာ မှတ်တမ်းတင်ထားသည့်နည်းတူ အဆိုပါအံ့ဖွယ်အမှုများ နောက်တစ်ဖန်မဖြစ်ပျက်တော့ကြောင်း အတိအလင်းဖော်ပြသည်။ (စာမျက်နှာ ၄ မှ “အံ့ဖွယ်အမှုများ အဘယ်ကြောင့်မဖြစ်တော့” လေးထောင့်ကွက်ကိုရှု။) ထို့ကြောင့် သမ္မာကျမ်းစာကို ယုံကြည်သူများပင် မျက်မှောက်ခေတ်အံ့ဖွယ်အမှုများကို မယုံကြည်ဟု ဆိုလိုပါသလော။ နောက်ဆောင်းပါးက ဖြေဆိုပါလေစေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 ဤဆောင်းပါးတွင်အသုံးပြုထားသော “အံ့ဖွယ်အမှုများ” ဟူသည့်စကားလုံးက ကျမ်းစာအဘိဓာန်တစ်ခု ဤသို့အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းဖြစ်၏– “လူတို့သိနားလည်ထားရာ သို့မဟုတ် သဘာဝစွမ်းအားများအားလုံးတို့ထက် သာလွန်သော ရူပလောက သက်ရောက်မှုများဖြစ်သောကြောင့် သဘာဝလွန်တန်ခိုး၏ဆောင်ကြဉ်းပေးမှုဖြစ်သည်” ဟုဆို၏။
^ အပိုဒ်၊ 14 သမ္မာကျမ်းစာသည် ယုံကြည်ထိုက်ကြောင်း အထောက်အထားကို သုံးသပ်ကြည့်နိုင်သည်။ ယေဟောဝါသက်သေများထုတ်ဝေထားသည့် သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော စာအုပ်တွင် အဆိုပါအထောက်အထားကို တွေ့ရှိနိုင်သည်။
[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်]
အံ့ဖွယ်အမှုများ အဘယ်ကြောင့်မဖြစ်တော့
ကျမ်းစာတွင် အံ့ဖွယ်အမှုအမျိုးမျိုးအကြောင်း ဖော်ပြထားသည်။ (ထွက်မြောက်ရာ ၇:၁၉-၂၁; ၃ ဓမ္မရာဇဝင် ၁၇:၁-၇; ၁၈:၂၂-၃၈; ၄ ဓမ္မရာဇဝင် ၅:၁-၁၄; မဿဲ ၈:၂၄-၂၇; လုကာ ၁၇:၁၁-၁၉; ယောဟန် ၂:၁-၁၁; ၉:၁-၇) ယင်းအံ့ဖွယ်အမှုများစွာက ယေရှုအား မေရှိယအဖြစ် ခွဲခြားသိမြင်စေပြီး ကိုယ်တော်သည် ဘုရားသခင်၏ကျောထောက်နောက်ခံမှု ရရှိထားကြောင်း သက်သေထူသည်။ ယေရှု၏ ကနဦးနောက်လိုက်များသည် ဘာသာစကားအမျိုးမျိုးပြောဆိုခြင်း၊ မှုတ်သွင်းခံနှုတ်ထွက်စကားများကို ပိုင်းခြားသိနိုင်ခြင်းအစရှိသည့် အံ့ဖွယ်ဆုကျေးဇူးများ ပြသခဲ့ကြသည်။ (တမန်တော် ၂:၅-၁၂; ၁ ကောရိန္သု ၁၂:၂၈-၃၁) ခရစ်ယာန်အသင်းတော် တည်ထောင်ခါစအချိန်အတွင်း အဆိုပါအံ့ဖွယ်ဆုကျေးဇူးများသည် အလွန်အကျိုးပြုခဲ့၏။ မည်သို့အားဖြင့်နည်း။
တစ်ကြောင်းမှာ ကျမ်းစာစောင်များ နည်းနေခြင်းကြောင့်ဖြစ်သည်။ လူကုံထံတို့သာ ကျမ်းလိပ်နှင့် စာအုပ်များ ပိုင်ဆိုင်လေ့ရှိသည်။ ခရစ်ယာန်မဟုတ်သည့်ဒေသများတွင် သမ္မာကျမ်းစာနှင့် ယင်း၏အာဘော်ရှင် ယေဟောဝါကို မသိကြချေ။ ခရစ်ယာန်သွန်သင်ချက်ကို နှုတ်ဖြင့်သာ ဖြန့်ဝေခဲ့ရ၏။ ထို့ကြောင့် အံ့ဖွယ်ဆုကျေးဇူးများသည် ခရစ်ယာန်အသင်းတော်ကို ဘုရားသခင်အသုံးပြုနေကြောင်း သိရှိစေသည်။
ယင်းဆုကျေးဇူးများ မလိုအပ်တော့သည့်အခါ ပျောက်ကွယ်သွားမည်ဟု ပေါလု ဖော်ပြခဲ့သည်။ “မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်လည်းကောင်း၊ အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သော အခွင့်သော်လည်းကောင်း၊ သိပ္ပံအတတ်သော်လည်းကောင်း ကွယ်ပျောက်လိမ့်မည်။ ယခုမူကား ငါတို့သည် မစုံမလင်သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင်ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ရောက်သောအခါမူကား မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။”—၁ ကောရိန္သု ၁၃:၈-၁၀။
ယနေ့၊ လူတို့တွင် သမ္မာကျမ်းစာအပြင် ကျမ်းပြိုင်များနှင့် စွယ်စုံကျမ်းများလည်း ရရှိထားသည်။ လေ့ကျင့်မှုရထားသည့် ခရစ်ယာန် ခြောက်သန်းကျော်သည် အခြားသူများကို ကျမ်းစာအခြေပြု ဘုရားသခင်ရေးရာအသိပညာ သွန်သင်ပေးနေကြသည်။ ထို့ကြောင့် ယေရှုခရစ်သည် ဘုရားသခင့်ခန့်အပ်ခံ ကယ်တင်ရှင်ဖြစ်ကြောင်း၊ ယေဟောဝါ၏ကျေးကျွန်များကို ကိုယ်တော် ကျောထောက်နောက်ခံနေကြောင်း သက်သေထူရန် အံ့ဖွယ်အမှုများ မလိုအပ်တော့ချေ။