မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ ပြောင်းလဲနေသောအခြေအနေကို နေရာအနှံ့သက်သေခံရန် အသုံးပြုခဲ့

ကျွန်ုပ်တို့၏ ပြောင်းလဲနေသောအခြေအနေကို နေရာအနှံ့သက်သေခံရန် အသုံးပြုခဲ့

ဘဝ​အတ္ထုပ္ပတ္တိ

ကျွန်ုပ်​တို့၏ ပြောင်းလဲ​နေသော​အခြေအနေ​ကို နေရာအနှံ့​သက်သေ​ခံရန် အသုံးပြု​ခဲ့

ရေ​ခါ​ဒို မာ​လက်​စီ​ပြောပြ​သည်

ခရစ်ယာန်​ကြားနေ​မှု​ကြောင့် ကျွန်တော်​အလုပ်ပြုတ်​သွားတဲ့အခါ ကျွန်တော်​နဲ့​မိသားစု​တို့​က အနာဂတ်​အတွက်​စီစဉ်​ပေး​ပါ​လို့ ယေဟောဝါ​ကို အကူအညီ​တောင်းခံ​ခဲ့​ကြတယ်။ ဆုတောင်း​တဲ့​အခါ ဓမ္မ​အမှုကို​တိုးချဲ့​လို​တဲ့​ဆန္ဒရှိ​တဲ့​အကြောင်း ထည့်​တောင်း​ခဲ့တယ်။ မကြာခင်၊ ကျွန်တော်​တို့​ဟာ တိုက်ကြီး​နှစ်​တိုက်​ပေါ်​က တိုင်းတစ်ပါး​နိုင်ငံ​ရှစ်​နိုင်ငံ​မှာ ပြောင်းရွှေ့​နေထိုင်​ရတဲ့​ဘဝမျိုး စတင်​ခဲ့​ကြတယ်။ အဲ့​ဒါ​ကြောင့် ကျွန်တော်​တို့​ရဲ့​ဓမ္မ​အမှုကို ဝေးလံတဲ့​နေရာတွေမှာ ထမ်းဆောင်​နိုင်​ခဲ့တယ်။

ကျွန်တော်​ဟာ ၁၉၃၃ ခုနှစ်​မှာ ဖိလစ်ပိုင်​နိုင်ငံ၊ ဖိလစ်ပိုင်​လွတ်လပ်​သော​ချာ့ခ်ျ​ရဲ့ အသင်းဝင်​မိသားစု​ထဲ​က မွေးဖွား​ခဲ့​တာ​ပါ။ ကျွန်တော်​တို့​မိသားစုဝင် ၁၄ ယောက်​စ​လုံး အဲ့ဒီ​ချာ့ခ်ျ​အသင်းဝင်​တွေ​ဖြစ်​ကြတယ်။ ကျွန်တော့်​အသက် ၁၂ နှစ်လောက်မှာ စစ်မှန်​တဲ့​ယုံကြည်ခြင်း​ရှိသူတွေ​ဆီ လမ်းပြ​ပေးဖို့ ဘုရားသခင်​ကို ဆုတောင်း​ခဲ့တယ်။ ဘာသာရေး​သင်တန်း​တစ်ခု​တက်​ဖို့ ဆရာ​တစ်ယောက်​က စာရင်း​သွင်း​ပေး​လို့ ကျွန်တော်​ဟာ ဘာသာ​တရား​ကိုင်းရှိုင်း​သူ . . . တစ်ဦး​ဖြစ်လာ​တယ်။ စနေနေ့​မှာ အာပတ်ဖြေ​တာ၊ တနင်္ဂနွေ​နေ့မှာ မာ့စ်​ပွဲ​တက်တာ​ကို ကျွန်တော် တစ်ခါ​မှ​မပျက်ကွက်​ခဲ့​ဘူး။ ဒါပေမဲ့​လည်း တဖြည်းဖြည်း သံသယတွေ​ဝင်​လာတယ်၊ ကျေနပ်​ရောင့်ရဲမှု မရခဲ့​ဘူး။ လူသေ​ပြီး​ရင် ဘာ​ဖြစ်သွား​လဲ၊ နောက်တော့ မီးငရဲ၊ သုံးပါး​ပေါင်း​တစ်ဆူ​အကြောင်း​တွေ​က ကျွန်တော့်​ကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​တယ်။ ဘာသာရေး​ခေါင်းဆောင်​တွေ​ရဲ့​အဖြေ​က အဓိပ္ပာယ်​မရှိတဲ့​အပြင် ကျေနပ်စရာ​မကောင်း​ဘူး။

ကျေနပ်​လောက်​သည့်​အဖြေ​ရရှိ

ကျွန်တော်​ကောလိပ်​တက်​တုန်း​က ကျောင်းသား​အသင်း​တစ်ခု​မှာ​ပါဝင်​ခဲ့​ပြီး အဲ့​ဒါက​နေ ရန်ဖြစ်၊ လောင်းကစား၊ ဆေးလိပ်​သောက်​ပြီး တခြား​အကျင့်ဆိုး​တွေ ကျင့်​မိ​စေ​ခဲ့တယ်။ တစ်ည​နေမှာ ကျွန်တော့်​အတန်းဖော်​တစ်ယောက်​ရဲ့​အမေနဲ့ တွေ့ဆုံ​ခဲ့တယ်။ သူက ယေဟောဝါသက်သေ​တစ်ယောက်​ပါ။ ဘာသာရေး​ခေါင်းဆောင်​တွေ​ကို​မေးခဲ့​တဲ့ မေးခွန်းတွေ သူ့ကို​မေးလိုက်တယ်။ ကျွန်တော့်​မေးခွန်း​အားလုံး​ကို ကျမ်းချက်​တွေ​နဲ့ ဖြေဆို​တဲ့​အတွက် သူပြောတာ​တွေ​ဟာ အမှန်တရား​ပဲ​လို့ ကျွန်တော်​ယုံကြည်​သွားတယ်။

ဒါနဲ့ ကျမ်းစာ​တစ်အုပ်​ဝယ်ပြီး သက်သေခံတွေ​နဲ့ ကျမ်းစာ​စလေ့လာ​ခဲ့တယ်။ သိပ်​မကြာ​ပါ​ဘူး၊ ယေဟောဝါသက်သေ​တွေ​ရဲ့ အစည်းအဝေး​အားလုံး​ကို ကျွန်တော်​မှန်မှန်​တက်​လာတယ်။ “မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့ ယိုယွင်း​တတ်” တယ်​ဆို​တဲ့ ကျမ်းစာ​အကြံပေး​ချက်​ကို လိုက်နာ​ပြီး အကျင့်ပျက်​တဲ့​သူငယ်ချင်းတွေ​နဲ့ အဆက်ဖြတ်​လိုက်တယ်။ (၁ ကောရိန္သု ၁၅:၃၃) အဲ့​ဒါ​ကြောင့် ကျမ်းစာ​အသိပညာ​တိုးများ​လာပြီး နောက်ဆုံး ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​လိုက်တယ်။ ၁၉၅၁ ခုနှစ်​မှာ ကျွန်တော်​နှစ်ခြင်း​ခံ​ပြီး​နောက် အချိန်ပြည့်​ဓမ္မ​အမှုဆောင် (ရှေ့ဆောင်) အဖြစ် အတော်ကြာ​အမှုဆောင်ခဲ့တယ်။ အဲ့ဒီ​နောက် ၁၉၅၃၊ ဒီဇင်ဘာ​လမှာ အော​ရီး မ​န်​ဒို​ဇာ​ခရုဇ်​နဲ့ လက်ထပ်ခဲ့​ပြီး သူဟာ ကျွန်တော့်​ရဲ့​ဘဝအဖော်၊ ဓမ္မ​အမှုမှာ တည်ကြည်​တဲ့​လုပ်ဖော်ဆောင်ဖက် ဖြစ်လာ​တယ်။

ကျွန်တော်​တို့​ဆုတောင်းချက်​များ​၏ အဖြေ

တကယ်တော့ ရှေ့ဆောင်​တွေ​အဖြစ် ကျွန်တော်​တို့ အမှုဆောင်​ချင်​ကြ​တာ။ ဒါပေမဲ့ ယေဟောဝါ​အမှုတော်ကို အပြည့်အဝ​ထမ်းဆောင်​လို​တဲ့​ဆန္ဒ ချက်ချင်း​မပြည့်​ခဲ့​ဘူး။ ဒါ​ကြောင့် လုပ်ငန်းတော်မှာ​ပါဝင်​ဖို့ အခွင့်အလမ်းတွေ​ပေး​ပါ​လို့ ယေဟောဝါ​ကို ဆက်​ဆုတောင်း​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ဘဝက ခက်ခဲ​ခဲ့​ပါ​တယ်။ ဒါပေမဲ့ ဝိညာဉ်​ရေး​ပန်းတိုင်​တွေ​ကို မမေ့​ခဲ့​ဘူး၊ ကျွန်တော့်​အသက် ၂၅ နှစ်မှာ ယေဟောဝါသက်သေ​တွေ​ရဲ့ အသင်းတော်​ဦးစီး​ကြီးကြပ်မှူး​အဖြစ် ခန့်အပ်​ခံရ​တယ်။

ကျမ်းစာ​အသိပညာ​တိုးများ​လာပြီး ယေဟောဝါ​ရဲ့​မူတွေကို ကောင်းကောင်း​နားလည်​လာတဲ့အခါ ကျွန်တော့်​ရဲ့​အလုပ်​က ခရစ်ယာန်​ကြားနေ​မှု​ကို ချိုးဖောက်​တယ်​ဆိုတာ သိလာတယ်။ (ဟေရှာယ ၂:၂-၄) ဒါ​ကြောင့် အလုပ်​ထွက်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါဟာ ကျွန်တော်​တို့အတွက် ယုံကြည်ခြင်း​စမ်းသပ်မှု​တစ်ရပ်​ပဲ။ မိသားစုရဲ့​လိုအပ်ရာ​တွေ​ကို ဘယ်လို​ထောက်ပံ့​တော့​မလဲ။ ကျွန်တော်​တို့ ယေဟောဝါ​ကို ဆုတောင်း​ကြ​ပြန်​တယ်။ (ဆာလံ ၆၅:၂) ကျွန်တော်​တို့​ရဲ့​စိုးရိမ်​ပူပန်မှု​တွေ​ကို ဖွင့်ပြော​ပြပြီး တစ်ချိန်တည်း​မှာ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောသူတွေ ပို​လိုအပ်​တဲ့​နေရာမှာ အမှုဆောင်​လို​တဲ့​ဆန္ဒရှိ​တာ​ကိုလည်း ပြောပြ​ခဲ့တယ်။ (ဖိလိပ္ပိ ၄:၆၊ ၇) ကျွန်တော်​တို့အတွက် အခွင့်အရေး​အမျိုးမျိုး​ပွင့်​လာ​မှာ​ကို မသိခဲ့ဘူး!

ကျွန်တော်​တို့ ခရီးစ​ထွက်​ခြင်း

၁၉၆၅၊ ဧပြီလ​မှာ လာအို၊ ဗီယန်ရှင်း​အပြည်ပြည်ဆိုင်ရာ​လေဆိပ်​ရဲ့ လေယာဉ်​အရေးပေါ်​မီး​သတ်​နဲ့ ကယ်ဆယ်​ရေး​ကြီးကြပ်မှူး​အဖြစ် အလုပ်​ရခဲ့တယ်။ ဗီယန်ရှင်း​မြို့ မှာ သက်သေခံ ၂၄ ယောက်​ရှိတယ်၊ အဲ့ဒီ​က ခရစ်ယာန်​သာသနာပြုတွေ၊ ဒေသခံ​ညီအစ်ကို​အနည်းငယ်​နဲ့​အတူ ဟောပြောခြင်း​လုပ်ငန်းမှာပါ​ဝင်​ရတာ ပျော်စရာ​ပဲ။ နောက်ပိုင်း ထိုင်း​နိုင်ငံ၊ ဥ​ဒေါ​န်​သာ​နီ​လေဆိပ်​ကို ပြောင်းရွှေ့​ခဲ့​ရတယ်။ ဥ​ဒေါ​န်​သာ​နီ​မှာ သက်သေခံ​တစ်ယောက်မှ​မရှိဘူး။ ကျွန်တော်​တို့​မိသားစု​လိုက် ပတ်စဉ်​အစည်းအဝေး​အားလုံး​ကို မှန်မှန်​ကျင်းပ​ခဲ့တယ်။ တစ်အိမ်​မှ​တစ်အိမ်​ဟောပြောတယ်၊ ပြန်လည်ပတ်မှု​တွေ​နဲ့ ကျမ်းစာ​သင်အံမှု​တွေ ပြုလုပ်​ခဲ့​ကြတယ်။

ကိုယ်တော်​ရဲ့​တပည့်​တွေ​ဟာ “များစွာသော​အသီးကို သီး” ရမယ်​လို့ ယေရှုမှာ​ကြား​ခဲ့​တာ​ကို ကျွန်တော်​တို့​သတိ​ရတယ်။ (ယောဟန် ၁၅:၈) ဒါ​ကြောင့် သူတို့ရဲ့​ပုံသက်သေ​ကို​တုပ​ပြီး သတင်းကောင်း​ဆက်​ဟော​ဖို့ စိတ်​ဆုံးဖြတ်​ခဲ့​ကြတယ်။ မကြာခင်​မှာ အကျိုးကျေးဇူးတွေ ခံစား​ခဲ့​ရတယ်။ အမှန်တရားကို ထိုင်း​မိန်းမငယ်​တစ်ယောက်​လက်ခံ​ပြီး ကျွန်တော်​တို့​ရဲ့ ဝိညာဉ်​ရေး​ညီအစ်မ​တစ်ဦး​ဖြစ်လာ​တယ်။ မြောက်​အမေရိက​လူမျိုး​နှစ်ယောက်​လည်း အမှန်တရား​လက်ခံ​ပြီး ခရစ်ယာန်​အကြီးအကဲ​တွေ ဖြစ်လာ​ကြတယ်။ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​မှာ ဆယ်နှစ်​ကျော်​ကျော် သတင်းကောင်း​ဆက်​ဟောခဲ့​ကြတယ်။ အခု​ဆိုရင် ဥ​ဒေါ​န်​သာ​နီ​မှာ အသင်းတော်​တစ်ခု​ရှိနေတာ​သိရလို့ ပျော်​တယ်! ကျွန်တော်​တို့​ကြဲ​ခဲ့​တဲ့ အမှန်တရား​မျိုးစေ့​တချို့ဟာ အခုထိ​သီးပွင့် နေတုန်းပဲ။

ဝမ်းနည်းစရာက ကျွန်တော်​တို့ ထပ်​ပြောင်းရွှေ့​ရဦးမယ်၊ ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​တို့​ဆက်​ပါဝင်​နိုင်​ဖို့ ကူညီ​ပါ​လို့ “စပါးရှင်” ကို ဆုတောင်း​ခဲ့​ကြတယ်။ (မဿဲ ၉:၃၈) အီရန်​နိုင်ငံ​ရဲ့​မြို့တော်၊ တီ​ဟီ​ရန်ကို ကျွန်တော်​တို့ ပြောင်းရွှေ့​ခဲ့​ရတယ်။ ရှား​ဘုရင်​အုပ်စိုးချိန်​အတွင်းမှာ ဖြစ်တယ်။

ခက်ခဲ​သည့်​နယ်မြေ​များ​တွင် ဟောပြောခြင်း

တီ​ဟီ​ရန်​မြို့ကို ရောက်ရောက်ချင်း​ပဲ ကျွန်တော်​တို့​ရဲ့​ဝိညာဉ်​ရေး​ညီအစ်ကို​တွေ​ကို ချက်ချင်း​လိုက်ရှာတယ်။ လူမျိုး ၁၃ မျိုးနဲ့ ဖွဲ့စည်းထား​တဲ့ သက်သေခံ​အုပ်စုငယ်​လေး​တစ်ခု​နဲ့ ကျွန်တော်​တို့​ပေါင်းသင်း​ခဲ့တယ်။ အီရန်​နိုင်ငံ​မှာ သတင်းကောင်း​ဟောပြောနိုင်​ဖို့ အစီအစဉ်​နည်းနည်း​ပြောင်းလဲ​ခဲ့​ကြရတယ်။ လုံးလုံး​ဆန့်ကျင်​တာ​မျိုး​မကြုံ​ရပေမဲ့ ကျွန်တော်​တို့ သတိထား​အမှုဆောင်​ရတယ်။

စိတ်ဝင်စား​သူတွေရဲ့​အလုပ်ချိန်​ဇယား​ကြောင့် တစ်ခါ​တ​လေ ည​ဉ့်​သန်း​ခေါင်၊ သန်း​ခေါင်​ကျော်​ကနေ မိုးလင်း​ခါနီး​အထိ ကျမ်းစာ​သင်အံမှု​တွေ ကျင်းပ​ခဲ့​ကြရတယ်။ ဒါပေမဲ့ အဲဒီလို​ကြိုးစား​လုပ်ဆောင်ခဲ့လို့ ဖြစ်ထွန်း​တာ​တွေ့ရ​တော့ ကျွန်တော်​တို့​သိပ်​ပျော်​တယ်! ဖိလစ်ပိုင်​နဲ့ ကိုရီးယား​မိသားစု​အတော်များများ ခရစ်ယာန်​အမှန်တရားကို​လက်ခံခဲ့​ကြ​ပြီး ယေဟောဝါ​ဆီ ဆက်ကပ်​အပ်နှံ​ခဲ့​ကြတယ်။

ကျွန်တော်​နောက်ထပ်​တာဝန်ကျ​တဲ့​နေရာ​က ဘင်္ဂလားဒေ့ရှ်​နိုင်ငံ၊ ဒါ​ကာ​မြို့မှာ​ဖြစ်တယ်။ အဲဒီကို ၁၉၇၇၊ ဒီဇင်ဘာ​လမှာ ရောက်​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ရဲ့​ဟောပြောခြင်း​လုပ်ငန်း​ကို အလွယ်တကူ မလုပ်ဆောင်​နိုင်​တဲ့​နိုင်ငံ​တစ်နိုင်ငံ​ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်​တို့ ဆက်​ဟောပြော​ရမယ်ဆိုတာ စိတ်​စွဲမှတ်​ထား​တယ်။ ယေဟောဝါ​ရဲ့​ဝိညာဉ်​တော်​လမ်းပြမှု​ကြောင့် ခရစ်ယာန်​အမည်ခံ​မိသားစု​တွေ ရှာတွေ့ခဲ့​တယ်။ သူတို့​ထဲ​က​တချို့ဟာ လန်းဆန်း​စေ​တဲ့​ကျမ်းစာ​အမှန်တရား​ရေ​ကို ငတ်မွတ်​နေကြ​သူတွေ​ဖြစ်တယ်။ (ဟေရှာယ ၅၅:၁) ဒါ​ကြောင့် ကျမ်းစာ​သင်အံမှု​တွေ​အများကြီး စတင်​နိုင်​ခဲ့တယ်။

ဘုရားသခင်​ရဲ့​အလိုတော်​က ‘လူအပေါင်း​တို့ ကယ်တင်ခြင်း​သို့​ရောက်’ ဖို့​ဖြစ်တယ်​ဆိုတာ စိတ်​စွဲမှတ်​ထား​တယ်။ (၁ တိမောသေ ၂:၄) ဝမ်းသာစရာက ကျွန်တော်​တို့ကို ဘယ်သူမှ ပြဿနာ​မ​ရှာ​ခဲ့​ကြဘူး။ စိတ်​စွန်းကွက်​မှု​တွေ​မရှိစေဖို့ လူတွေ​ဆီ ဖော်ဖော်ရွေရွေ​ချဉ်းကပ်​ခဲ့တယ်။ တမန်​တော်​ပေါလု​လို​ပဲ ကျွန်တော်​တို့​လည်း “ခပ်သိမ်း​သော​သူတို့၌ ခပ်သိမ်း​သော​အရာ​ဖြစ်” ဖို့​ကြိုးစား​ခဲ့​ကြတယ်။ (၁ ကောရိန္သု ၉:၂၂) ကျွန်တော်​တို့​အလည်အပတ်​လာ​ရတဲ့​အကြောင်းရင်းကို သိချင်​ကြ​လို့ ကောင်းကောင်း​ရှင်းပြ​ပေး​တဲ့​အခါ လူအများစုက ဖော်ဖော်ရွေရွေ​ပဲ​လက်ခံကြတယ်။

ဒါ​ကာ​မြို့မှာ ဒေသခံ သက်သေခံ​ညီအစ်မ​တစ်ယောက်​နဲ့​တွေ့​ပြီး ကျွန်တော်​တို့​နဲ့​အတူ ခရစ်ယာန်​အစည်းအဝေးတွေ​တက်​ဖို့၊ ဟောပြောခြင်း​လုပ်ငန်းမှာပါ​ဝင်​ဖို့ အားပေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်​ဇနီး​က မိသားစု​တစ်စု​နဲ့​ကျမ်းစာ​လေ့လာ​ပြီး အစည်းအဝေးတွေ​တက်​ဖို့ ဖိတ်ခေါ်​ခဲ့တယ်။ ယေဟောဝါ​ရဲ့​ချစ်ခင်​ကြင်နာ​မှု​ကြောင့် မိသားစု​တစ်စုလုံး အမှန်တရား​လက်ခံကြတယ်။ နောက်ပိုင်း၊ သူတို့ရဲ့​သမီး​နှစ်ယောက်​က ဘင်္ဂါလီ​ဘာသာ​စကား​နဲ့ ကျမ်းစာ​စာပေ​တွေ​ဘာသာပြန်​တယ်၊ သူတို့ရဲ့​ဆွေမျိုး​အတော်များများ ယေဟောဝါ​ကို သိကျွမ်း​လာကြတယ်။ ကျမ်းစာ​လေ့လာ​တဲ့ တခြားသူ​အတော်များများလည်း အမှန်တရားကို​လက်ခံခဲ့​ကြတယ်။ သူတို့​ထဲ​က​အများစုဟာ အခု အကြီးအကဲ​တွေ၊ ရှေ့ဆောင်​တွေ​ဖြစ်နေ​ကြပြီ။

ဒါ​ကာ​မြို့ဟာ လူနေ​ထူထပ်​တဲ့​မြို့​ဖြစ်​တော့ ဟောပြောခြင်း​လုပ်ငန်းမှာ လာ​ကူညီ​ပေးဖို့ ကျွန်တော်​တို့​ရဲ့​မိသားစုဝင်​တချို့​ကို ဖိတ်ခေါ်​လိုက်တယ်။ ဘင်္ဂလားဒေ့ရှ်​ကို တချို့​လာပြီး ကျွန်တော်​တို့​နဲ့​ပူးပေါင်း​ခဲ့တယ်။ အဲဒီ​နိုင်ငံ​မှာ သတင်းကောင်း​ဟောပြော​ခွင့်​ရခဲ့တဲ့​အတွက် သိပ်​ပျော်​တယ်၊ ယေဟောဝါ​ကို ကျေးဇူး​တင်​မိတယ်! ဘင်္ဂလားဒေ့ရှ်​နိုင်ငံ​မှာ လူတစ်ယောက်နဲ့​အစပြု​ခဲ့​တာ အခု​ဆိုရင် အသင်းတော်​နှစ်ခု​ရှိနေပြီ။

၁၉၈၂၊ ဇူလိုင်​လမှာ ဘင်္ဂလားဒေ့ရှ်​ကနေ ကျွန်တော်​တို့​ထွက်ခွာ​ခဲ့​ကြတယ်။ ညီအစ်ကို​တွေ​ကို မျက်ရည်​စက်​လက်နဲ့ ခွဲခွာ​ခဲ့​ကြရတယ်။ အဲ့ဒီ​နောက် မကြာခင် ယူဂန္ဓာ​နိုင်ငံ၊ အင်​တက်​ဘီ​အပြည်ပြည်ဆိုင်ရာ​လေဆိပ်​မှာ အလုပ်​တာဝန်ကျ​ပြီး အဲဒီမှာ လေးနှစ်​နဲ့​ခု​နစ်​လ​ကြာ နေထိုင်ခဲ့တယ်။ အဲဒီ​နိုင်ငံ​မှာ ယေဟောဝါ​ရဲ့​ကြီးမြတ်​တဲ့​နာမတော်​ကို ဘယ်လို​ဂုဏ်တင်​နိုင်​ကြ​မလဲ။

အာဖရိက​အရှေ့ပိုင်း​တွင် ယေဟောဝါ​အမှုတော်​ဆောင်ခြင်း

အင်​တက်​ဘီ​အပြည်ပြည်ဆိုင်ရာ​လေဆိပ်​ကို​ရောက်တော့ ယာဉ်မောင်း​တစ်ယောက်​က ကျွန်တော်​တို့​ဇနီး​မောင်နှံ​ကို ကျွန်တော်​တို့​နေမယ့်​အိမ်​ဆီ ပို့ပေး​ခဲ့တယ်။ လေဆိပ်​က​ထွက်​တာ​နဲ့ ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ယာဉ်မောင်း​ကို စပြီး​ဟောပြောခဲ့တယ်။ “ခင်ဗျား​က ယေဟောဝါသက်သေ​လား” လို့ ယာဉ်မောင်း​က​မေးတယ်။ ဟုတ်တယ်လို့ ကျွန်တော်​ဖြေတော့ “ခင်ဗျား​ရဲ့​ညီအစ်ကို​တစ်ယောက် ထိန်းချုပ်ရေး​မျှော်စင်​မှာ အလုပ်လုပ်​နေတယ်” လို့ သူ​ပြောပြ​တယ်။ ချက်ချင်းပဲ အဲဒီကို​ခေါ်သွား​ပေးဖို့ ကျွန်တော်​ပြော​လိုက်တယ်။ ကျွန်တော်​တို့​နဲ့​ဆုံတွေ့​ရလို့ အရမ်းပျော်​သွားတဲ့ အဲ့ဒီ​ညီအစ်ကို​နဲ့ အစည်းအဝေးတွေ​လုပ်ဖို့၊ လယ်ကွင်း​အမှုဆောင်ထွက်​ဖို့ အစီအစဉ်တွေ​ဆွဲ​ခဲ့​ကြတယ်။

အဲဒီ​အချိန်​က ယူဂန္ဓာ​မှာ ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ ၂၂၈ ယောက်​ပဲ​ရှိသေးတယ်။ အင်​တက်​ဘီ​ကို​ရောက်တဲ့​ပထမ​နှစ်မှာ တခြား​ညီအစ်ကို​နှစ်ယောက်​နဲ့​အတူ အမှန်တရား​မျိုးစေ့ စိုက်​ပျိုး​ခဲ့တယ်။ အဲ့ဒီ​ကလူ​တွေ​ဟာ စာဖတ်​ဝါသနာ​ပါ​သူတွေ​ဖြစ်​တဲ့​အတွက် မဂ္ဂဇင်း​နဲ့​စာပေ​တွေ အများကြီး​ဝေငှ​နိုင်​ခဲ့တယ်။ သီတင်းပတ်​အဆုံးပိုင်း​တွေ​မှာ အင်​တက်​ဘီ​နယ်မြေ​ကိုလာ​ပြီး ဟောပြောခြင်း​မှာ​ကူညီ​ပေးဖို့ မြို့တော်​က​မ်​ပါ​လာ​က ညီအစ်ကို​တွေ​ကို ဖိတ်ခေါ်​ခဲ့တယ်။ ကျွန်တော် ဦးဆုံး​လူထု​ဟောပြောချက်​ပေး​တဲ့​အချိန်​မှာ ကျွန်တော်​အပါအဝင် လူ​ငါး​ယောက် တက်ရောက်​ခဲ့တယ်။

နောက်​သုံးနှစ်​ကြာ​တော့ ကျွန်တော်​တို့​သင်ကြား​ပေး​ခဲ့​တဲ့​သူတွေ အရမ်း​တိုးတက်​လာတာကို မြင်ရ​တဲ့​အတွက် အပျော်ရွှင်ဆုံး​အချိန်​ပါ​ပဲ။ (၃ ယောဟန် ၄) တိုက်နယ်​စည်းဝေးပွဲ​တစ်ခု​မှာ ကျွန်တော့်​ကျမ်းစာ​သင်အံမှု​တွေ​ထဲ​က ခြောက်​ယောက်​နှစ်ခြင်း​ခံ​ခဲ့တယ်။ အချိန်ပြည့်​အလုပ်လုပ်​နေ​ရက်​နဲ့ ရှေ့ဆောင်​တွေ​အဖြစ် ကျွန်တော်​တို့​အမှုဆောင်​နေကြ​တာ​မြင်ရ​တော့ သူတို့လည်း အချိန်ပြည့်​အမှုဆောင်​လုပ်ငန်းမှာပါ​ဝင်​မယ်​လို့ အများစုက ပြော​ကြတယ်။

ကျွန်တော်​တို့​ရဲ့​အလုပ်ခွင်​က​လည်း အကျိုး​ဖြစ်ထွန်း​တဲ့​နယ်မြေ​ဖြစ်​နိုင်တယ်​ဆိုတာ တွေ့မြင်​ခဲ့တယ်။ တစ်ခါ​က လေဆိပ်​မီး​သတ်​အရာရှိ​တစ်ဦး​ဆီ​ချဉ်းကပ်​ပြီး ကျမ်းစာ​အခြေပြု​မျှော်လင့်ချက်​ဖြစ်​တဲ့ မြေကြီး​ပရဒိသု​အသက်တာ​အကြောင်း​ပြောပြ​ခဲ့တယ်။ နာခံမှု​ရှိတဲ့​လူသားတွေဟာ ဆင်းရဲ​နွမ်းပါး​မှု၊ အိုးမဲ့အိမ်မဲ့၊ စစ်၊ အဖျား​အနာ၊ သေခြင်း​တို့​မရှိတော့ဘဲ ငြိမ်သက်​စည်းလုံးစွာ နေထိုင်​ရကြမယ်​ဆိုတာ​ကို သူ့ရဲ့​ကိုယ်ပိုင်​ကျမ်းစာ​ထဲ​က ဖတ်ပြ​ခဲ့တယ်။ (ဆာလံ ၄၆:၉; ဟေရှာယ ၃၃:၂၄; ၆၅:၂၁၊ ၂၂; ဗျာ. ၂၁:၃၊ ၄) အဲဒီ​ကြောင်းကို သူ့​ကိုယ်ပိုင်​ကျမ်းစာ​ထဲ​က ဖတ်​လိုက်ရ​တော့ သူ​စိတ်ဝင်စား​လာတယ်။ ချက်ချင်းပဲ ကျမ်းစာ​သင်အံမှု​စတင်​ပြီး အစည်းအဝေး​အားလုံး​ကို သူ​တက်ရောက်​ခဲ့တယ်။ မကြာခင် ယေဟောဝါ​ကို သူ​ဆက်ကပ်​အပ်နှံ​ပြီး နှစ်ခြင်း​ခံ​ခဲ့တယ်။ နောက်ပိုင်း ကျွန်တော်​တို့​နဲ့​အတူ အချိန်ပြည့်​အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​လာတယ်။

ကျွန်တော်​တို့ ယူဂန္ဓာ​မှာ​ရှိနေတုန်း ပြည်တွင်း​ဆူပူအုံကြွ​မှု နှစ်ကြိမ်​ဖြစ်ပွား​ခဲ့​ပေမဲ့ ကျွန်တော်​တို့​ရဲ့​ဝိညာဉ်​ရေး​လုပ်ဆောင်မှုတွေ ရပ်တန့်​မသွား​ခဲ့​ဘူး။ နိုင်ငံတကာ​အေဂျင်စီ​တွေ​အတွက် အလုပ်​လုပ်နေတဲ့ မှီခို​သူတွေဟာ ကင်​ညာ​နိုင်ငံ၊ နိုင်ရိုဘီ​မြို့ကို ခြောက်​လ​ရွှေ့​ပြောင်း​နေထိုင်ကြ​ရတယ်။ ယူဂန္ဓာ​မြို့မှာ​ကျန်ရစ်​ခဲ့​တဲ့ ကျွန်တော်​တို့​က ခရစ်ယာန်​အစည်းအဝေးတွေ ဆက်​ကျင်းပ​ပြီး ဟောပြောခြင်း​လုပ်ငန်း​ကို ဆက်​လုပ်ဆောင်ခဲ့​ကြ​ပေမဲ့ သတိရှိရှိ​လုပ်ဆောင်ခဲ့​ကြရတယ်။

၁၉၈၈၊ ဧပြီလ​မှာ ကျွန်တော်​ရဲ့​အလုပ်​တာဝန်​ပြီးဆုံး​လို့ ပြောင်းရွှေ့​ရ​ပြန်​တယ်။ အင်​တက်​ဘီ​အသင်းတော်ရဲ့ ဝိညာဉ်​ရေး​တိုးတက်မှု​တွေ​ကြောင့် ကျေနပ်​အားရ​စိတ်​နဲ့ ကျွန်တော်​တို့​ထွက်ခွာ​ခဲ့​ကြတယ်။ ၁၉၉၇၊ ဇူလိုင်​လမှာ အင်​တက်​ဘီ​ကို အလည်အပတ်​သွားဖို့ အခွင့်အရေး​ရခဲ့တယ်။ အဲဒီအချိန်မှာ အရင်က ကျွန်တော်​တို့​ရဲ့​ကျမ်းစာ​သင်အံမှု​တွေ​ဟာ အကြီးအကဲ​တွေ​ဖြစ်နေ​ကြတယ်။ လူထု​အစည်းအဝေး​မှာ တက်ရောက်သူ ၁၀၆ ယောက်​ရှိတာ​မြင်ရလို့ ပီတိ​ဖြစ်​ခဲ့​ကြရတယ်!

မ​ရောက်ရှိ​သေး​သည့်​နယ်မြေ​များ​သို့ ပြောင်းရွှေ့ခြင်း

အခွင့်အလမ်း​တံခါး​သစ်​တွေ​ထဲ ကျွန်တော်​တို့​ဝင်ခွင့်​ရနိုင်​ပါ့​မလား။ ကျွန်တော်​နောက်ထပ်​တာဝန်ကျ​တဲ့​နေရာ​က ဆို​မာလီ​နိုင်ငံ၊ မို​ဂါ​ဒစ်ရှူး အပြည်ပြည်ဆိုင်ရာ​လေဆိပ်​မှာ​ဖြစ်တယ်။ သတင်းတရား​မ​ရောက်ရှိ​သေး​တဲ့ ဒီ​နယ်မြေမှာ​အမှုဆောင်ဖို့ အခွင့်အလမ်း​သစ်​ကို ကောင်းကောင်း​အသုံးချ​မယ်​လို့ ကျွန်တော်​တို့ စိတ်ပိုင်းဖြတ်​ထား​ကြတယ်။

ကျွန်တော်​တို့​ဟောပြော​ခွင့်​ရခဲ့​တာ​က အများအားဖြင့် သံရုံး​အမှုထမ်း၊ ဖိလစ်ပိုင်​လုပ်သား​နဲ့ တခြား​တိုင်းတစ်ပါးသား​တွေ​ကို​ဖြစ်တယ်။ သူတို့နဲ့ ဈေး​မှာ​တွေ့ဆုံ​ရလေ့​ရှိတယ်။ ခင်မင်​ရင်းနှီးမှု​ပြပြီး သူတို့​အိမ်ကို အလည်အပတ်​သွားခဲ့တယ်။ လိမ္မာ​ပါးနပ်​ပြီး ကြံရည်ဖန်ရည်၊ အမြော်အမြင်​ရှိ​ရှိ​နဲ့ ယေဟောဝါ​ကို လုံးလုံး​ယုံကြည်​အားထား​ပြီး တခြား​သူတွေကို ကျမ်းစာ​အမှန်တရား ဟောပြောနိုင်​ခဲ့တယ်၊ အဲ့​ဒါ​ကြောင့် လူအမျိုးမျိုး​ထဲ​က လူတွေ​ကြား​မှာ အသီးသီး​ပွင့်​ခဲ့တယ်။ နှစ်နှစ်​ကြာ​တဲ့​အခါ ပြည်တွင်းစစ်​မဖြစ်ခင်​လေးမှာ မို​ဂါ​ဒစ်ရှူး​မြို့ကနေ ကျွန်တော်​တို့​ထွက်ခွာ​ခဲ့​ကြတယ်။

နိုင်ငံတကာ​မြို့​ပြ​လေကြောင်း​အဖွဲ့အစည်း​က ကျွန်တော့်​ကို မြန်မာ​နိုင်ငံ၊ ရန်ကုန်​မြို့မှာ နောက်ထပ်​တာဝန်​ခန့်အပ်​ခဲ့တယ်။ အဲ့ဒီ​မှာလည်း ဘုရားသခင့်​ရည်ရွယ်ချက်ကို စိတ်​ရိုး​ဖြောင့်မှန်​သူတွေ သိလာအောင်​ကူညီ​ဖို့ အခွင့်အလမ်း​ရ​ပြန်​တယ်။ မြန်မာ​နိုင်ငံ​ကနေ တန်ဇန်းနီးယား​နိုင်ငံ၊ ဒါရက်စလန်​မြို့မှာ တာဝန်ကျ​တယ်။ ဒါရက်စလန်​မြို့မှာ အင်္ဂလိပ်​စကားပြော​သူတွေ နေထိုင်ကြ​တဲ့​အတွက် တစ်အိမ်​မှ​တစ်အိမ်​ဟောပြော​ရတာ ပို​လွယ်ကူတယ်။

ကျွန်တော်​တို့​အလုပ်လုပ်​ခဲ့​တဲ့ နိုင်ငံ​အားလုံး​မှာ​အမှုဆောင်ဖို့ အခက်အခဲ​များများ​စား​စား မရှိခဲ့ဘူး၊ တချို့​နိုင်ငံ​တွေ​မှာ​တော့ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း​ကို ကန့်သတ်​ချုပ်ချယ်​ထား​တာ​ရှိတယ်။ ကျွန်တော့်​ရဲ့​အလုပ်​က အစိုးရ ဒါမှ​မဟုတ် နိုင်ငံတကာ​အေဂျင်စီ​တွေ​နဲ့ ဆက်စပ်​နေတဲ့​အတွက် လူတွေက ကျွန်တော်​တို့​လုပ်ဆောင်မှုကို သံသယ​မဖြစ်ခဲ့​ကြဘူး။

ကျွန်တော်​ရဲ့​ဝမ်းစာရှာ​လုပ်ငန်း​ကြောင့် ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ အနှစ်​သုံး​ဆယ်​တိုင် ပြောင်းရွှေ့​နေထိုင်ခဲ့​ကြရတယ်။ ဒါပေမဲ့ ကျွန်တော့်​ရဲ့​လုပ်ငန်း​ကို ကိုယ်​လို​ရာ​ရစေတဲ့​နည်းလမ်း​တစ်ခု​အဖြစ်​သာ ရှုမြင်​ခဲ့​ကြတယ်။ ကျွန်တော်​တို့​ရဲ့​အဓိက​ပန်းတိုင်​က ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​တိုးတက်ရေး​ဖြစ်တယ်။ အပြောင်းအလဲ​များတဲ့ ကျွန်တော်​တို့​ရဲ့​အခြေအနေ​ကို ကောင်းကောင်း​အသုံးချ​နိုင်​ဖို့ ယေဟောဝါ​ကူညီပေး​ခဲ့​ပြီး သတင်းကောင်းကို နေရာအနှံ့​ကြဲ​ဖြန့်​နိုင်​ခဲ့​တဲ့ အခွင့်ထူး​ရရှိ​လို့ ကိုယ်တော်​ကို အရမ်း​ကျေးဇူး​တင်​မိတယ်။

အစပြု​ရာ​သို့ ပြန်အလာ

ကျွန်တော့်​အသက် ၅၈ နှစ်မှာ စောစော​အငြိမ်းစား​ယူပြီး ဖိလစ်ပိုင်​နိုင်ငံ​ကို​ပြန်လာ​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ကျွန်တော်​တို့​ပြန်ရောက်​လာတဲ့အခါ ယေဟောဝါ​လမ်းပြ​ပေးဖို့​ဆုတောင်း​ခဲ့တယ်။ ကာ​ဗိ​တီ​ဒေသမှာ​ရှိတဲ့ တ​ရီ​စီ​မာ​တီ​ရက်စ်​မြို့က အသင်းတော်​တစ်ခု​မှာ ကျွန်တော်​တို့ စပြီး​အမှုဆောင်ခဲ့ကြတယ်။ အဲ့ဒီ​ကို ကျွန်တော်​တို့​ရောက်​စ​က ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူ ၁၉ ယောက်​ပဲ​ရှိတယ်။ ဟောပြောခြင်း​လုပ်ငန်း​ကို နေ့စဉ်​လုပ်ဆောင်ကြဖို့​စီစဉ်​ပြီး ကျမ်းစာ​သင်အံမှု အတော်များများ​ရလာ​ကြတယ်။ အသင်းတော်​လည်း တဖြည်းဖြည်း​ကြီး​လာတယ်။ တစ်ခါ​က​ဆိုရင် ကျွန်တော့်​ဇနီး​မှာ အိမ်တွင်း​ကျမ်းစာ​သင်အံမှု ၁၉ ခု​ရှိပြီး ကျွန်တော့်​မှာ ၁၄ ခု​ရှိခဲ့တယ်။

ဒါနဲ့​ပဲ မကြာခင်​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​ဟာ ငယ်​သွားတယ်။ အဲဒီ​အကြောင်း ယေဟောဝါ​ကို ဆုတောင်း​ခဲ့​ကြတယ်။ ဝိညာဉ်​ရေး​ညီအစ်ကို​တစ်ဦး​နဲ့ သူ့​ဇနီး​က မြေကွက်​တစ်​ကွက်​လှူဒါန်း​ပြီး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်​တစ်လုံး ဆောက်လုပ်​ဖို့ ဌာနခွဲရုံး​က ငွေချေး​ပေး​ခဲ့တယ်။ ဒီ​အဆောက်အအုံ​သစ်​က ဟောပြောခြင်း​လုပ်ငန်း​ကို အတော်လေး​အကျိုးပြု​တယ်၊ အစည်းအဝေး​တက်ရောက်သူ ပတ်စဉ် တိုးများ​လာတယ်။ အခု​ဆိုရင် ကျွန်တော်​တို့​ဟာ ကြေညာသူ ၁၇ ယောက်​ရှိတဲ့ နောက်​အသင်းတော်​တစ်ခု​ကို​ကူညီ​ပေးဖို့ အသွားအပြန် တစ်​နာရီ​ကျော်​စီ ခရီး​သွား​နေကြ​တယ်။

ကျွန်တော်​တို့​ဇနီး​မောင်နှံဟာ နိုင်ငံ​အသီးသီး​မှာ အမှုဆောင်ခွင့်​ရခဲ့​တာ​ကို သိပ်​မြတ်နိုးတယ်။ ကျွန်တော်​တို့​ရဲ့​ပြောင်းရွှေ့​နေထိုင်​ရတဲ့​ဘဝကို ပြန်​တွေးကြည့်​ရင် အကောင်းတကာ့​အကောင်းဆုံးနည်းဖြစ်​တဲ့ ယေဟောဝါ​အကြောင်း အခြားသူ​တွေ​သိရှိအောင် ကူညီ​နိုင်​ခဲ့လို့ အရမ်း​ကျေနပ်​အားရမိ​တယ်!

[စာမျက်နှာ ၂၄ ပါ မြေပုံ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

တန်ဇန်းနီးယား

ယူဂန္ဓာ

ဆို​မာလီ

အီရန်

ဘင်္ဂလားဒေ့ရှ်

မြန်မာ

လာအို

ထိုင်း

ဖိလစ်ပိုင်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ကျွန်တော့်​ဇနီး အော​ရီး​နှင့်အတူ