စကားစစ်ထိုးပွဲများ အဘယ်ကြောင့် ထိခိုက်နစ်နာစေသနည်း
စကားစစ်ထိုးပွဲများ အဘယ်ကြောင့် ထိခိုက်နစ်နာစေသနည်း
“သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်ကဖြစ်သနည်း။”—ယာကုပ် ၄:၁၊ သမ္မာ။
ကျမ်းရေးသူယာကုပ်သည် ထိုစဉ်က စစ်ဆင်နွှဲနေသော ရောမစစ်သားများကို ထိုမေးခွန်း မေးနေခြင်းမဟုတ်; စီ.အီး. ပထမရာစုမှ ဂျူးဆာခါရီအိုင် သို့မဟုတ် ဓားပြများ၏ ပြောက်ကျားတိုက်ခိုက်မှုနောက်ဝယ်ရှိ ရည်ရွယ်ချက်များကို ဆန်းစစ်နေခြင်းလည်းမဟုတ်ချေ။ လူနှစ်ဦး အချေအတင် အငြင်းပွားမှုများကို ယာကုပ် ရည်ညွှန်းနေခြင်းဖြစ်သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ စစ်ပွဲများကဲ့သို့ပင် တစ်ဦးနှင့်တစ်ဦး အချေအတင် စကားစစ်ထိုးပွဲများသည် အပျက်သဘောရှိ၏။ ဤကျမ်းစာမှတ်တမ်းများကို သတိပြုပါ။
ဘိုးဘေးယာကုပ်၏သားများသည် သူတို့၏ညီ ယောသပ်ကို ကျွန်သပေါက်အဖြစ် ရောင်းလိုက်သည့်အထိ အလွန်မုန်းခဲ့ကြသည်။ (ကမ္ဘာဦး ၃၇:၄-၂၈) နောက်ပိုင်းတွင် ဣသရေလရှင်ဘုရင် ရှောလုသည် ဒါဝိဒ်ကို ကွပ်မျက်ရန် ကြိုးစားခဲ့၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သူသည် ဒါဝိဒ်ကို မနာလို၍ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၁၈:၇-၁၁; ၂၃:၁၄၊ ၁၅) ပထမရာစုတွင် ခရစ်ယာန်အမျိုးသမီး ဧဝေါဒိနှင့် သုန္တုတ်တို့သည် အငြင်းပွားခဲ့ကြသောကြောင့် အသင်းတော်တစ်ခုလုံး၏ ငြိမ်သက်မှု ပျက်ပြားခဲ့ရသည်။—ဖိလိပ္ပိ ၄:၂။
မကြာသေးမီအချိန်က အမျိုးသားတို့သည် သူတို့၏သဘောထားကွဲလွဲမှုများကို ဓား သို့မဟုတ် ပစ္စတိုသေနတ်တို့ဖြင့် မျက်နှာချင်းဆိုင် တိုက်ခိုက်ဖြေရှင်းခဲ့ကြသည်။ တိုက်ခိုက်သူတစ်ဦးသည် အသတ်ခံရ သို့မဟုတ် သေရာပါ ဒဏ်ရာရရှိတတ်သည်။ ယနေ့ ရန်ငြိုးရှိသူများသည် လက်နက်အဖြစ် နာကြည်းဖွယ်စကားလုံးများကို အသုံးပြုလေ့ရှိကြသည်။ စကားစစ်ထိုးခြင်းကြောင့် သွေးထွက်သံယိုမှုမရှိသော်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်ပြီး ဂုဏ်သိက္ခာကျဆင်းစေသည်။ ဤ “စကားစစ်ထိုးပွဲများ” ကြောင့် အပြစ်မဲ့သူများ စိတ်ထိခိုက်ရလေ့ရှိ၏။
လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် အင်္ဂလီကန်ဓမ္မဆရာတစ်ဦးက ချာ့ခ်ျဘဏ္ဍာငွေကို တလွဲအသုံးပြုသည်ဟု အခြားဓမ္မဆရာတစ်ဦးကို စွပ်စွဲခဲ့စဉ် အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ သူတို့၏အငြင်းပွားမှုသည် လူသိရှင်ကြားဖြစ်လာပြီး သူတို့၏အသင်းတော်သည် အုပ်စုကွဲသွားလေသည်။ အသင်းသားအချို့က မိမိတို့မလိုလားသော ဓမ္မဆရာ ကြီးကြပ်ဦးစီးနေသ၍ ဝတ်ပြုဆုတောင်းပွဲ မတက်တော့ချေ။ သူတို့သည် ချာ့ခ်ျသို့သွားသည့်အခါ တစ်ဦးကိုတစ်ဦး အဖက်မတန်သကဲ့သို့ ဆက်ဆံကြသည်။ စွပ်စွဲခဲ့သောခရစ်ယာန်ဓမ္မဆရာကိုယ်တိုင် လိင်ဖောက်ပြန်ကြောင်း သတင်းထွက်လာသည့်အခါ ၎င်းပဋိပက္ခဖြစ်မှုသည် ပိုမိုဆိုးဝါးလာလေသည်။
ကန်တာဘရီဂိုဏ်းချုပ်က အဆိုပါခရစ်ယာန်ဓမ္မဆရာနှစ်ဦးကို တောင်းပန်ပြီး သူတို့၏ရန်လိုမှုကို “ကင်ဆာရောဂါ” ဟုခေါ်ဝေါ်ကာ “ကျွန်ုပ်တို့သခင်၏နာမကို ရှုတ်ချခြင်းဖြစ်သည်” ဟုဆိုသည်။ ၁၉၉၇ ခုနှစ်တွင် ထိုခရစ်ယာန်ဓမ္မဆရာနှစ်ဦးမှတစ်ဦးက အငြိမ်းစားယူရန် သဘောတူလိုက်သည်။ အခြားတစ်ဦးမှာမူ အငြိမ်းစားယူကိုယူရသည့် အရွယ်ရောက်သည်အထိ သူ၏ရာထူးကို ယူထားခဲ့သည်။ သို့သော် သူ၏အသက် ၇၀ ပြည့်နေ့ ၂၀၀၁၊ ဩဂုတ် ၇ ရက်တွင် မတတ်သာသည့်အဆုံး အငြိမ်းစားယူလိုက်ရသည်။ ချာ့ခ်ျအော့ဖ်အင်္ဂလန်သတင်းစာက သူအငြိမ်းစားယူသည့်နေ့မှာ “စိန့်” ဗီထရီးစီယပ်စ်၏ပွဲနေ့ဖြစ်သည်ဟုဆို၏။ “စိန့်” ဗီထရီးစီယပ်စ်ကား မည်သူနည်း။ စစ်ဆင်နွှဲရန် ငြင်းပယ်ခဲ့သောကြောင့် ကြိမ်ဒဏ်သင့်ခဲ့သော လေးရာစုမှ ဘိရှော့တစ်ပါးဖြစ်သည်ဟုဆို၏။ သူတို့၏စိတ်ထားချင်း မတူညီမှုကို သတိပြုစေရန် ထိုသတင်းစာက ဤသို့ဆို၏– “[အငြိမ်းစားယူသွားသော ထိုခရစ်ယာန်ဓမ္မဆရာ] တွင်ခရစ်ယာန်ဘာသာတရားဆိုင်ရာ စစ်ပွဲဆင်နွှဲရန် ငြင်းပယ်လိုစိတ် မရှိချေ။”
အဆိုပါခရစ်ယာန်ဓမ္မဆရာများသည် ရောမ ၁၂:၁၇၊ ၁၈ ပါဤဆုံးမစကားကို လိုက်နာကျင့်သုံးခဲ့လျှင် သူတို့ကိုယ်ကိုရော၊ သူတစ်ပါးကိုပါ ထိခိုက်ခဲ့ကြမည်မဟုတ်ချေ– “အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။”
အသင်ကော။ တစ်ဦးတစ်ယောက်က သင့်ကိုစော်ကားလျှင် မခံချင်စိတ်ကြောင့် စကားစစ်ထိုးမိသလော။ သို့မဟုတ် သင်သည် နာကြည်းဖွယ်စကားများကို ရှောင်ပြီး သင့်မြတ်နိုင်ရန် လမ်းစဖွင့်ထားသလော။ အကယ်၍ အသင်ကိုယ်တိုင် တစ်ဦးတစ်ယောက်ကို စော်ကားမိလျှင် ထိုသူကို မခေါ်မပြောဘဲနေ၍ အတန်ကြာလာသည့်အခါ ပြဿနာပြေလည်သွားမည်ဟု မျှော်လင့်သလော။ သို့မဟုတ် ချက်ချင်း သွားတောင်းပန်ပါသလော။ သင်သည် ခွင့်လွှတ်ပါဟု တောင်းဆိုသည်ဖြစ်စေ၊ သူတစ်ပါးကို ခွင့်လွှတ်သည်ဖြစ်စေ ပြန်လည်သင့်မြတ်စေရန် ကြိုးစားခြင်းသည် သင့်အား စိတ်ချမ်းသာစေမည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြသည့်အတိုင်း ကျမ်းစာဆုံးမစကားသည် ကျောင်းတော်ကရန်စကိုပင် ကျေအေးစေနိုင်၏။