ပြန်လည်သင့်မြတ်ခြင်း၏ ကောင်းကျိုးများ
ပြန်လည်သင့်မြတ်ခြင်း၏ ကောင်းကျိုးများ
အက်ဒ်သည် သေလုမြောပါးဖြစ်နေရှာသည်၊ ဘေးလ်က သူ့ကို မုန်းတီးနေ၏။ လွန်ခဲ့သောအနှစ်နှစ်ဆယ်က အက်ဒ်၏ဆုံးဖြတ်ချက်တစ်ခုကြောင့် ဘေးလ်သည် အလုပ်လက်မဲ့ဖြစ်သွားရာ တစ်ချိန်က အလွန်ရင်းနှီးခဲ့ကြသော ဤသူငယ်ချင်းနှစ်ဦး လမ်းခွဲခဲ့ကြ၏။ ယခုအခါ အက်ဒ်သည် စိတ်ဖြောင့်ဖြောင့်နှင့်သေနိုင်ရန် ကြိုးစားတောင်းပန်ရှာ၏။ သို့သော် ဘေးလ်က နားမထောင်ချေ။
နောင်အနှစ် ၃၀ အကြာ ဘေးလ်ကိုယ်တိုင် ကွယ်လွန်ခါနီးအချိန်တွင် ခွင့်မလွှတ်နိုင်ရသည့် အကြောင်းရင်းကို ရှင်းပြခဲ့၏။ “အရင်းနှီးဆုံးသူငယ်ချင်းကို အက်ဒ် အဲ့ဒီလိုမဆက်ဆံသင့်ဘူး။ အနှစ်နှစ်ဆယ်ကြာပြီးမှတော့ သူ့ကို ပြန်မခေါ်ချင်တော့ဘူး။ . . . ကျွန်တော် မှားရင်လည်းမှားခဲ့မယ်၊ ဒါပေမဲ့ ဒီလိုပဲခံစားခဲ့ရတယ်။” *
ပုဂ္ဂိုလ်ရေးသဘောထားကွဲလွဲမှုများသည် ဤမျှဝမ်းနည်းကြေကွဲစရာဖြစ်လေ့မရှိသော်လည်း ယင်းကြောင့် လူတို့ ထိခိုက်နာကြည်းတတ်ကြသည်။ အက်ဒ်ကဲ့သို့ ခံစားရသူတစ်ဦး၏အဖြစ်ကို သုံးသပ်ကြည့်ပါ။ မိမိ၏ဆုံးဖြတ်ချက်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာသွားကြောင်း သိလိုက်ရသူသည် အပြစ်ရှိသည်ဟု ယူမှတ်ပြီး ဆုံးရှုံးမှုဝေဒနာ ခံစားနေရမည်။ သို့တိုင် သူပြစ်မှားမိသည့် သူငယ်ချင်းက မိမိတို့၏ခင်မင်ရင်းနှီးမှုကို တန်ဖိုးမထားဘဲ ပစ်ပယ်ခဲ့သောကြောင့် စိတ်ထိခိုက်ရ၏။
သို့သော် ဘေးလ်ကဲ့သို့ ခံစားရသူတစ်ဦးမှာမူ မိမိကိုယ်ကို ရိုးအလွန်းသူအဖြစ် ရှုမြင်ပြီး အလွန်အမင်း စိတ်နာကြည်းနေပေမည်။ မိမိ၏မိတ်ဆွေဟောင်းသည် တမင်သိလျက်နှင့် မိမိကို နစ်နာစေခဲ့သည်ဟု ယူဆနိုင်သည်။ များသောအားဖြင့် လူနှစ်ဦး သဘောထားကွဲလွဲသည့်အခါ တစ်ဦးစီက မိမိမှန်သည်ဟု ယူဆပြီး တစ်ဖက်သားကို အပြစ်ဖို့တတ်ကြသည်။ ထို့ကြောင့် သူငယ်ချင်းဟောင်းနှစ်ဦးသည် ပုံဆောင်သဘောအရ စစ်ဆင်နွှဲနေကြ၏။
ဤသူတို့သည် အသံတိတ်လက်နက်များဖြစ်သော တစ်ဦးဖြတ်လျှောက်သွားသည့်အခါ နောက်တစ်ဦးက လှည့်ထွက်သွားခြင်း၊ အုပ်စုတွင် တွေ့ဆုံသည့်အခါ တစ်ဦးကိုတစ်ဦး မသိဟန်ဆောင်ခြင်းဖြင့် စစ်ဆင်နွှဲနေကြ၏။ တစ်ဦးကိုတစ်ဦး အဝေးမှ စောင်းမြောင်းကြည့်ကြမည် သို့မဟုတ် မျက်လုံးဆုံမိသည့်အခါ အမုန်းမျက်လုံးဖြင့် ကြည့်ကြပေမည်။ သူတို့စကားပြောကြမည်ဆိုလျှင်လည်း တုံးတိတိနှင့်ပြောမည်၊ သို့မဟုတ် ဓားသွားပမာ နာကျင်စေသည့် စကားလုံးများဖြင့် ရင့်သီးစွာပြောဆိုကြလိမ့်မည်။
သို့တိုင် သူတို့သည် တစ်ဦးနှင့်တစ်ဦး သဘောထားလုံးဝကွဲလွဲပုံရှိသော်လည်း အချို့ကိစ္စရပ်များတွင် သဘောတူကြပေမည်။ မိမိတို့တွင် ကြီးမားသောပြဿနာများရှိကြပြီး ရင်းနှီးသောမိတ်ဆွေနှင့် မိတ်ပျက်ရခြင်းသည် ဝမ်းနည်းစရာဖြစ်ကြောင်း ဝန်ခံကြပေမည်။ တစ်ဦးစီသည် တနုံ့နုံ့စိတ်နာနေကြရာ ဖြေရှင်းလိုက်ဖို့လိုကြောင်း နှစ်ဦးစလုံးသိကြသည်။ သို့သော် ပျက်ပြားသွားသောခင်မင်မှုကို ပြန်လည်ကောင်းမွန်သင့်မြတ်စေရန် အဘယ်သူက စတင်ချဉ်းကပ်မည်နည်း။ အဘယ်သူကမျှ စတင်ချဉ်းကပ်သူမဖြစ်လိုကြချေ။
လွန်ခဲ့သောအနှစ်နှစ်ထောင်က ယေရှုခရစ်၏တမန်တော်များသည် တစ်ခါတစ်ရံ အမျက်ဒေါသဖြင့် ငြင်းခုံတတ်ကြ၏။ (မာကု ၁၀:၃၅-၄၁; လုကာ ၉:၄၆; ၂၂:၂၄) သူတို့ငြင်းခုံပြီး တစ်ချိန်တွင် ယေရှုက “သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်းငြင်းခုံကြသနည်း” ဟုမေးတော်မူလျှင် အရှက်ရပြီး နှုတ်ဆိတ်သွားကြ၏။ (မာကု ၉:၃၃၊ ၃၄) ယေရှု၏သွန်သင်ချက်များက သူတို့ကို ပြန်လည်သင့်မြတ်စေနိုင်ခဲ့၏။ ကိုယ်တော်နှင့် ကိုယ်တော်၏တပည့်တချို့၏ ဆုံးမစကားသည် ယခုထိတိုင် လူတို့၏ပဋိပက္ခများကို ဖြေရှင်းပေးပြီး ပြန်လည်သင့်မြတ်စေနိုင်သေးသည်။ မည်သို့ဖြစ်ကြောင်း ကြည့်ကြစို့။
ပြန်လည်သင့်မြတ်ရန် ကြိုးစားပါ
“အဲ့ဒီလူနဲ့ ငါစကားမပြောချင်ဘူး။ သူ့ကို ဘယ်တော့မှ မတွေ့ချင်ဘူး။” သင်သည် တစ်ဦးတစ်ယောက်အကြောင်း ထိုသို့ပြောခဲ့ဖူးလျှင် အောက်ပါကျမ်းပိုဒ်များအတိုင်း ပြုလုပ်ဖို့လိုနေပြီ။
ယေရှုက ‘သင်သည် ပူဇော်ရာယဇ်ကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့် တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်ရာယဇ်ကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်’ စေလော့ဟု သင်ပေးခဲ့သည်။ (မဿဲ ၅:၂၃၊ ၂၄) ထို့ပြင် ကိုယ်တော်က “သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင် သူ့ဆီသို့သွား၍ နှစ်ယောက်တည်းခြင်း သူ၏အပြစ်ကိုပြ၍ ဆုံးမလော့” ဟုလည်းမိန့်ဆိုခဲ့၏။ (မဿဲ ၁၈:၁၅) သင်သည် တစ်ဦးတစ်ယောက်ကို ပြစ်မှားလျှင်လည်းကောင်း၊ တစ်ဦးတစ်ယောက်က သင့်ကို ပြစ်မှားလျှင်လည်းကောင်း သင်သည် ထိုသူနှင့် ချက်ချင်းစကားပြောဖို့လိုကြောင်း ယေရှု၏စကားက အလေးအနက်ဖော်ပြ၏။ သင်သည် “သိမ်မွေ့နူးညံ့သောသဘောနှင့်” ထိုသို့ပြုလုပ်သင့်သည်။ (ဂလာတိ ၆:၁) စကားပြောဆိုခြင်း၏ရည်ရွယ်ချက်မှာ ဆင်ခြေပေး၍ ကိုယ့်သိက္ခာထိန်းရန် သို့မဟုတ် တစ်ဖက်သားကိုတောင်းပန်စေရန်မဟုတ်ဘဲ ပြန်လည်သင့်မြတ်စေရန်ဖြစ်သည်။ ဤကျမ်းစာဆုံးမစကားသည် အကျိုးရှိသလော။
အာနက်စ်သည် ရုံးကြီးတစ်ရုံးတွင် ကြီးကြပ်ရေးမှူးတစ်ဦးဖြစ်၏။ * သူ၏အလုပ်ကြောင့် နှစ်နှင့်ချီ၍ လူအမျိုးမျိုး၏ ကိုင်တွယ်ရခက်သော ပြဿနာများကို ဖြေရှင်းပေးခဲ့ရပြီး သူတို့နှင့်အတူ အလုပ်လုပ်နိုင်ရန် အဆင်ပြေစွာဆက်ဆံခဲ့ရ၏။ ပုဂ္ဂိုလ်ရေးပဋိပက္ခများသည် မည်သို့အလွယ်တကူဖြစ်ပွားနိုင်သည်ကို သူသိရှိခဲ့သည်။ သူက ဤသို့ဆို၏– “တစ်ခါတလေတော့ သဘောထားကွဲလွဲမှုတွေရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလိုဖြစ်တဲ့အခါ သူနဲ့ထိုင်ပြီး ပြဿနာကိုဆွေးနွေးလိုက်တယ်။ သူတို့ဆီ တိုက်ရိုက်သွားပြီး ပြန်လည်သင့်မြတ်ဖို့ ရည်ရွယ်ချက်နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်ပါ။ အဲ့ဒီလိုဖြေရှင်းတာ အမြဲအောင်မြင်တယ်။”
အာလီရှာ၏သူငယ်ချင်းများသည် ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးမှဖြစ်ကြရာ သူဤသို့ပြောပြ၏– “တစ်ခါတလေ ကျွန်မပြောလိုက်တဲ့စကားက တစ်ဦးတစ်ယောက်ကို စိတ်ထိခိုက်သွားမိစေပြီလို့ ကျွန်မခံစားရတယ်။ အဲ့ဒီအခါ သူ့ဆီသွားပြီး တောင်းပန်လိုက်တယ်။ ကျွန်မတောင်းပန်ဖို့လိုတာထက် ပိုတောင်းပန်လိုက်တယ်၊ ဘာကြောင့်လည်းဆိုတော့ သူတစ်ပါးကို ကျွန်မ,မစော်ကားမိသည့်တိုင် တောင်းပန်လိုက်တော့ စိတ်ပေါ့သွားတယ်။ နောက်မှ နားလည်မှုမလွဲခဲ့မှန်း ကျွန်မသိလိုက်ရတယ်လေ။”
အခက်အခဲများကို ကျော်လွှားခြင်း
သို့သော် ပုဂ္ဂိုလ်ရေးအငြင်းပွားမှုများဖြစ်ပြီးနောက်တွင် ပြန်သင့်မြတ်လာရန် အတားအဆီးများရှိတတ်သည်။ “ပြန်လည်သင့်မြတ်ဖို့ ငါက ဘာဖြစ်လို့ အရင်စရမှာလဲ။ ပြဿနာဖြစ်အောင်လုပ်တာ သူပဲ” ဟုသင်ပြောဖူးသလော။ သို့မဟုတ် ပြဿနာဖြေရှင်းသည့်အခါ ထိုသူက “မင်းနဲ့ ငါပြောစရာ ဘာမှမရှိဘူး” ဟုပြောဆိုသည်ကို ကြားဖူးသလော။ တချို့သည် စိတ်နာပြီး ထိုသို့တုံ့ပြန်ခဲ့ခြင်းဖြစ်၏။ နယပုံပြင် ၁၈:၁၉ [သမ] ကဤသို့ဆိုသည်– ‘ကျူးလွန်၍စိတ်နာသော ညီအစ်ကိုရရန်သည် ခိုင်ခံ့သောမြို့ကိုရရန်ထက်ခက်၏။ ရန်တွေ့ခြင်းအမှုသည် ရဲတိုက်ကန့်လန့်ကျင်ကဲ့သို့ဖြစ်၏။’ ထို့ကြောင့် သူတစ်ဖက်သား၏ခံစားချက်များကို ထည့်စဉ်းစားပေးပါ။ အကယ်၍ သင့်ကို သူလက်မခံလျှင် တစ်ခဏစောင့်ပြီး ပြန်ကြိုးစားပါ။ ထိုအခါ “ခိုင်ခံ့သောမြို့” သည်အတားအဆီးမရှိ ပွင့်နေပေမည်၊ ပြန်လည်သင့်မြတ်ရန် “ကန့်လန့်ကျင်” သည်တံခါးဝမှဖယ်ရှားထားလျက်ရှိပေမည်။
ပြန်လည်မသင့်မြတ်နိုင်သည့် အခက်အခဲနောက်တစ်ခုမှာ လူတစ်ဦး၏သိက္ခာနှင့်ပတ်သက်ပေမည်။ အချို့သည် တောင်းပန်ရခြင်း သို့မဟုတ် ပြိုင်ဘက်အား စကားပြောရခြင်းကိုပင် ရှက်ဖွယ်ရာဟု ထင်တတ်ကြသည်။ ကိုယ့်သိက္ခာ ကိုယ်လေးစားခြင်းသည် လျောက်ပတ်ပေသည်၊ သို့သော် ပြန်သင့်မြတ်ဖို့မကြိုးစားခြင်းသည် သူတစ်ဦး၏သိက္ခာ ကျစေမည်လော၊ တက်သွားစေမည်လော။ အမှန်မှာ ကိုယ့်သိက္ခာ ကိုယ်လေးစားခြင်းသည် မာနကြီး၍လော။
ကျမ်းရေးသူယာကုပ်က ရန်လိုသောသဘောထားနှင့် မာနကြီးခြင်းတို့သည် ဆက်စပ်မှုရှိ၏ဟုဆိုသည်။ ခရစ်ယာန်အချင်းချင်း ဆင်နွှဲနေသော “စစ်တိုက်ခြင်း၊” “ရန်တွေ့ခြင်း” တို့ကို ဖော်ပြပြီးနောက် သူဤသို့ဆက်ပြော၏– “ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။” (ယာကုပ် ၄:၁-၃၊ ၆) ထောင်လွှားခြင်းသည် သင့်မြတ်စေခြင်းကို မည်သို့ဟန့်တားသနည်း။
မာနကြီးခြင်းသည် သူတစ်ပါးထက် မိမိသာသည်ဟု ယုံမှားစေ၏။ ထောင်လွှားသူများသည် လူလူချင်း၏ ကျင့်ဝတ်စံနှုန်းကို စီရင်ပိုင်ခွင့်ရှိသည်ဟု ယူမှတ်စေ၏။ အဘယ်နည်းဖြင့်နည်း။ သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာသောအခါ သူတို့၏ပြိုင်ဘက်များကို မျှော်လင့်ချက်လုံးဝမရှိသူများအဖြစ် ရှုမြင်စေတတ်သည်။ လူအချို့သည် မာနကြီးခြင်းကြောင့် သူတို့နှင့်သဘောထားကွဲလွဲသူများကို စိတ်ရင်းမှန်ဖြင့် တောင်းပန်ဖို့မဆိုထားနှင့် အလေးမထားထိုက်ဟူ၍ပင် ယူမှတ်ကြသည်။ သို့ဖြစ်၍ မာနကြီးသူများသည် ပဋိပက္ခများကို လျော်ကန်စွာဖြေရှင်းမည့်အစား ဆက်ရှိစေတတ်ကြသည်။
အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်အသွားအလာကို ပိတ်ဆို့စေသည့် အတားအဆီးတစ်ခုကဲ့သို့ မာနကြီးခြင်းသည် သင့်မြတ်စေမည့် နည်းလမ်းများအတွက် အတားအဆီးဖြစ်သည်။ သို့ဖြစ်၍ သင်သည် တစ်ဦးတစ်ယောက်နှင့် သင့်မြတ်ရန် မကြိုးစားဘဲနေမည်ဆိုလျှင် မာနကြီးခြင်းနှင့် နပန်းလုံးနေရပေမည်။ မာနကြီးခြင်းကို သင်မည်သို့အနိုင်ယူနိုင်မည်နည်း။ ၎င်းနှင့်ဆန့်ကျင်သော စိတ်နှိမ့်ချမှုကို ပြုစုပျိုးထောင်ခြင်းအားဖြင့်ဖြစ်သည်။
ဆန့်ကျင်ဘက်သာပြုလုပ်ပါ
သမ္မာကျမ်းစာက စိတ်နှိမ့်ချမှုကို အလွန်အမင်းထောက်ခံထား၏။ ‘စိတ်နှိမ့်ချခြင်း၊ ထာဝရဘုရားသခင်ကို ကြောက်ရွံ့ခြင်းကျေးဇူးကြောင့် စည်းစိမ်၊ ဂုဏ်အသရေ၊ အသက်ကိုရတတ်၏။’ (သု. ၂၂:၄) စိတ်နှိမ့်ချသူများနှင့် မာနကြီးသူများကို ဘုရားသခင် မည်သို့ရှုမြင်ကြောင်း ဆာလံ ၁၃၈:၆ တွင် ဤသို့ဖတ်ရ၏– ‘ထာဝရဘုရားသခင်သည် မြင့်မြတ်တော်မူသော်လည်း စိတ်နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သောသူတို့ကိုကား အဝေးကသိတော်မူ၏။’
လူအများက စိတ်နှိမ့်ချခြင်းကို အရှက်တကွဲဖြစ်ခြင်းနှင့် တန်းတူသတ်မှတ်ထားတတ်ကြ၏။ ကမ္ဘာ့အုပ်စိုးရှင်များသည် ထိုသို့ယူဆထားပုံရ၏။ ပြည်သူပြည်သားအားလုံးသည် နိုင်ငံ့ခေါင်းဆောင်များ၏ အလိုဆန္ဒအတိုင်း လုပ်ဆောင်ကြရသော်လည်း ထိုခေါင်းဆောင်များသည် သူတို့၏အမှားများကို နှိမ့်ချစွာ ဝန်မခံရဲကြချေ။ “တောင်းပန်ပါတယ်” ဟုအုပ်စိုးရှင်တစ်ဦးဆိုခြင်းသည် သတင်းဖြစ်လောက်၏။ မကြာသေးမီက အစိုးရအရာရှိဟောင်းတစ်ဦးက ဆိုးရွားသောကပ်ဘေးတစ်ခုဖြစ်ရခြင်းမှာ မိမိ၏ပျက်ကွက်မှုကြောင့်ဟု တောင်းပန်လိုက်သည့်အခါ ၎င်းသည် သတင်းစာခေါင်းစီးပိုင်းဖြစ်ခဲ့သည်။
အဘိဓာန်တစ်ခုက စိတ်နှိမ့်ချမှုကို မည်သို့အနက်ဖွင့်ထားကြောင်း သတိပြုပါ– “စိတ်နှိမ့်ချခြင်း သို့မဟုတ် မိမိကိုယ်ကို နိမ့်ကျသည့်အမြင်ရှိခြင်းသည် . . . မာနကြီးခြင်း သို့မဟုတ် ထောင်လွှားခြင်း၏ ဆန့်ကျင်ဘက်ဖြစ်၏။” ထို့ကြောင့် စိတ်နှိမ့်ချမှုရှိလျှင် မိမိအား တခြားသူများ ရှုမြင်ပုံကိုမဟုတ်ဘဲ မိမိကိုယ်ကို မည်သို့ရှုမြင်ကြောင်း ဖော်ပြသည်။ မိမိ၏အမှားများကို နှိမ့်ချစွာ ဝန်ခံပြီး ခွင့်လွှတ်ပါရန် စိတ်ရင်းမှန်ဖြင့် တောင်းဆိုခြင်းသည် ရှက်စရာမဟုတ်; ယင်းအစား သူ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေး၏။ သမ္မာကျမ်းစာက ဤသို့ဖော်ပြသည်– “ပျက်စီးခြင်းအရင်၌ လူသည် စိတ်မြင့်ခြင်း၏နေရာ၊ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။”—သု. ၁၈:၁၂။
မိမိတို့၏အမှားများကို ဝန်ချတောင်းပန်မှုမရှိသော နိုင်ငံရေးသမားများနှင့်ပတ်သက်၍ လေ့လာသူတစ်ဦးက ဤသို့ဆိုသည်– “ဝမ်းနည်းစရာမှာ၊ ဤသို့သောအမှားကိုဝန်ချခြင်းသည် ပျော့ညံ့ချက်ဖြစ်သည်ဟု သူတို့ယူဆထားခြင်းဖြစ်သည်။ စိတ်ဓာတ်ပျော့ညံ့ပြီး သိမ်ငယ်သူများသည် ‘တောင်းပန်ပါတယ်’ ဟုပြောခဲကြသည်။ သဘောထားကြီးပြီး ရဲရင့်ပြတ်သားသူများသည် ‘ကျွန်တော် မှားသွားတယ်’ ဟုပြောဆိုခြင်းကြောင့် မသေးသိမ်သွားချေ။ နိုင်ငံရေးအာဏာမရှိသူများလည်း ထိုသို့ပင်ဖြစ်၏။ သင်သည် မာနကြီးမည့်အစား ကြိုးစား၍ စိတ်နှိမ့်ချမှုတင်ပြလျှင် ပုဂ္ဂိုလ်ရေးပဋိပက္ခတွင် ပြန်လည်သင့်မြတ်ဖို့အလားအလာ သိသိသာသာ တိုးတက်လာမည်။ မိသားစုတစ်စုသည် ဤအမှန်တရားကို မည်သို့တွေ့ရှိခဲ့ကြောင်း သတိပြုပါ။
ဂျူလီနှင့် သူ၏မောင် ဝီလျမ်တို့သည် နားလည်မှုလွဲမှားနေသောကြောင့် တင်းမာခဲ့ကြသည်။ ဝီလျမ်သည် ဂျူလီနှင့် သူ၏ခင်ပွန်းဂျိုးဇက်ဖ်တို့ကို အလွန်ဒေါသထွက်ကာ လုံးဝအဆက်ဖြတ်လိုက်သည်။ နှစ်များတစ်လျှောက် ဂျူလီနှင့် ဂျိုးဇက်ဖ်တို့ပေးခဲ့သမျှ လက်ဆောင်အားလုံးကို သူပြန်ပို့လိုက်သည်။ လပေါင်းများစွာ ကုန်လွန်လာသည်နှင့်အမျှ ခင်မင်ရင်းနှီးခဲ့ကြသော ဤမောင်နှမသည် စိတ်နာကြည်းလာကြလေသည်။
သို့သော် ဂျိုးဇက်ဖ်သည် မဿဲ ၅:၂၃၊ ၂၄ ကိုကျင့်သုံးရန် ဆုံးဖြတ်လိုက်၏။ သူ၏ယောက်ဖကို နူးညံ့သောစိတ်ဖြင့် ကြိုးစားချဉ်းကပ်ပြီး စိတ်ထိခိုက်အောင်လုပ်မိသည့်အတွက် တောင်းပန်ကြောင်း စာများစွာ ရေးပို့လိုက်သည်။ မိမိ၏မောင်ကို ခွင့်လွှတ်ရန် ဇနီးဖြစ်သူကိုလည်း ဂျိုးဇက် အားပေးခဲ့သည်။ အတန်ကြာသော် ဂျူလီနှင့် ဂျိုးဇက်ဖ်တို့သည် စိတ်ရင်းမှန်ဖြင့် မိမိနှင့်သင့်မြတ်လိုကြောင်း ဝီလျမ်သိရှိလာသည့်အခါ စိတ်ပြေသွားလေ၏။ ဝီလျမ်နှင့် သူ၏ဇနီးသည် ဂျူလီ၊ ဂျိုးဇက်ဖ်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အချင်းချင်းဝန်ချတောင်းပန်၊ ဖက်ယမ်းလျက် ခင်မင်ရင်းနှီးမှုကို ပြန်အစပျိုးခဲ့ကြသည်။
သင်သည် တစ်ဦးတစ်ယောက်နှင့် ပုဂ္ဂိုလ်ရေးပဋိပက္ခကို ဖြေရှင်းလိုလျှင် ကျမ်းစာသွန်သင်ချက်များကို စိတ်ရှည်စွာကျင့်သုံးပြီး ထိုသူနှင့် ပြန်လည်သင့်မြတ်စေရန် ကြိုးစားပါ။ သင့်ကို ယေဟောဝါ ကူညီပေးပါလိမ့်မည်။ ရှေးဣသရေလလူမျိုးကို ဘုရားသခင်မိန့်ဆိုခဲ့သောစကားသည် သင်နှင့်လည်း သက်ဆိုင်ပါလိမ့်မည်– “သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင် သင်၏ချမ်းသာသည် မြစ်ကဲ့သို့ . . . ဖြစ်ရလိမ့်မည်။”—ဟေရှာယ ၄၈:၁၈။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 3 စတန်လီ ကလောက်ဒ်နှင့် လင်န် အိုလ်ဆင်တို့၏ မာရိုဘွိုင်း—အသံလွှင့်သတင်းပညာ၏ ရှေ့တန်းမှဦးဆောင်လမ်းပြများ ကိုအခြေခံထားသည်။
^ အပိုဒ်၊ 12 အမည်အချို့ ပြောင်းထားသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
တောင်းပန်ခြင်းသည် ပြန်လည်သင့်မြတ်စေလေ့ရှိ