ယနေ့လောကတွင် အိမ်ထောင်ရေးအောင်မြင်နိုင်
ယနေ့လောကတွင် အိမ်ထောင်ရေးအောင်မြင်နိုင်
“စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၄။
၁၊ ၂။ (က) ခရစ်ယာန်အသင်းတော်နှင့်စပ်လျဉ်း၍ အဘယ်အချက်သည် အားတက်ဖွယ်ကောင်းသနည်း။ (ခ) အောင်မြင်သော အိမ်ထောင်ဟူသည် အဘယ်နည်း။
ခရစ်ယာန်အသင်းတော်ကို ကျွန်ုပ်တို့အကဲခတ်လေ့လာကြည့်သောအခါ မိမိတို့၏အိမ်ထောင်ဖက်နှင့် ၁၀ နှစ်၊ အနှစ် ၂၀၊ အနှစ် ၃၀ သို့မဟုတ် ထိုထက်မကပင် သစ္စာရှိရှိပေါင်းဖက်ခဲ့ကြသည့် အိမ်ထောင်သည်မောင်နှံများစွာကို တွေ့မြင်ရခြင်းက ကြည်နူးအားရဖွယ်မကောင်းပေလော။ သူတို့သည် မိမိတို့၏အိမ်ထောင်ဖက်နှင့် အေးအတူပူအမျှ မခွဲမခွာနေခဲ့ကြ၏။—ကမ္ဘာဦး ၂:၂၄။
၂ မိမိတို့၏အိမ်ထောင်ရေးသည် စိန်ခေါ်ချက်များနှင့်မကင်းခဲ့ကြောင်း အများစုက ဝန်ခံကြပေမည်။ အကဲခတ်လေ့လာသူတစ်ဦးက ဤသို့ရေးသားခဲ့၏– “ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်များသည် အပူအပင်ကင်းသည်ကား မဟုတ်ချေ။ ပျော်ရွှင်ရသည့်အချိန်နှင့် စိတ်ညစ်ရသည့်အချိန်များရှိ၏။ . . . သို့သော် ဤသူတို့သည် မျက်မှောက်ဘဝအသက်တာ၏ [မငြိမ်မသက်မှု] ရှိနေလင့်ကစား တစ်နည်းနည်းဖြင့် . . . အိမ်ထောင်ရေးတည်မြဲခဲ့ကြ၏။” အောင်မြင်သောဇနီးမောင်နှံတို့သည် အထူးသဖြင့် သားသမီးများကို ပြုစုပျိုးထောင်ပေးခဲ့ရသည်ဆိုလျှင် ဘဝ၏ဖိစီးမှုများကြောင့် ပေါ်ပေါက်လာသော အကျပ်အတည်းများနှင့် ရှောင်လွှဲ၍မရသည့် ဘဝမုန်တိုင်းများကို ရင်ဆိုင်ဖြေရှင်းတတ်လာကြသည်။ မေတ္တာစစ်မေတ္တာမှန်သည် “ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်” ကြောင်း အတွေ့အကြုံက ထိုဇနီးမောင်နှံတို့ကို သင်ပေးခဲ့သည်။—၁ ကောရိန္သု ၁၃:၈။
၃။ သတင်းအချက်အလက်များက အိမ်ထောင်ရေးနှင့် ကွာရှင်းမှုတို့အကြောင်း အဘယ်အရာဖော်ပြပေးပြီး အဘယ်မေးခွန်းများ ဖြစ်ပေါ်စေသနည်း။
၃ ယင်းနှင့်ဆန့်ကျင်လျက်၊ သန်းနှင့်ချီသော အိမ်ထောင်များသည် ပျက်စီးကိန်းဆိုက်နေကြ၏။ သတင်းတစ်ပုဒ်က ဤသို့ဆိုသည်– “ယနေ့ ယူ.အက်စ်. အိမ်ထောင်ရှိရှိသမျှ၏ ထက်ဝက်သည် ကွာရှင်းခြင်းဖြင့် အဆုံးသတ်လိမ့်မည်ဟု ခန့်မှန်းရသည်။ အဆိုပါ [ကွာရှင်းမှုများ] ၏ထက်ဝက်သည် အိမ်ထောင်သက် ပထမ ၇.၈ နှစ်အတွင်း ဖြစ်ပျက်လိမ့်မည်။ . . . ပြန်လက်ထပ်ကြသူ ၇၅ ရာခိုင်နှုန်းတွင် ၆၀ ရာခိုင်နှုန်းမှာ ပြန်ကွာရှင်းကြလိမ့်မည်။” ယခင်က ကွာရှင်းမှုနှုန်း အတော်အတန်နည်းသည့် နိုင်ငံများ၌ပင် ပြောင်းလဲမှုတွေ့နေရသည်။ ဥပမာ၊ ဂျပန်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း ကွာရှင်းမှုနှုန်းသည် နှစ်ဆနီးပါးတက်သွား၏။ ဤအခြေအနေသို့ရောက်စေသည့် ဖိအားပေးမှုများ၊ တစ်ခါတစ်ရံ ခရစ်ယာန်အသင်းတော်၌ပင် တွေ့မြင်ရသော ထိုဖိအားပေးမှုတချို့ကား အဘယ်နည်း။ အိမ်ထောင်ရေးအစီအစဉ် ပျက်ပြားသွားရန် စာတန်အားထုတ်နေစေကာမူ အိမ်ထောင်ရေးတွင်အောင်မြင်ရန် အဘယ်အရာလိုအပ်သနည်း။
ရှောင်ကြဉ်ရမည့် ထောင်ချောက်များ
၄။ အိမ်ထောင်ရေးကို ပျက်ပြားသွားစေနိုင်သည့် အကြောင်းရင်းတချို့ကား အဘယ်နည်း။
၄ အိမ်ထောင်ရေးကိုပျက်ပြားစေနိုင်သည့် အကြောင်းရင်းများကို ကျွန်ုပ်တို့နားလည်သဘောပေါက်ရန် သမ္မာကျမ်းစာက ကူညီပေးသည်။ သာဓကအနေနှင့်၊ နောက်ဆုံးသောနေ့ရက်များအတွင်း တည်ရှိမည့် အခြေအနေများနှင့်စပ်လျဉ်း၍ တမန်တော်ပေါလု၏ ဤစကားများကို သုံးသပ်ကြည့်ပါ– “နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍ နှစ်သက်သောသူ၊ ဘုရား[သခင်]ဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။ ထိုသူတို့ကိုရှောင်လော့။”—၂ တိမောသေ ၃:၁-၅။
၅။ ‘ကိုယ်ကိုကိုယ်ချစ်သောသူ’ တစ်ဦးသည် မိမိအိမ်ထောင်ရေးကို အဘယ်ကြောင့် ဘေးသင့်နေစေသနည်း၊ ယင်းနှင့်စပ်လျဉ်း၍ ကျမ်းစာသွန်သင်ချက်ကား အဘယ်နည်း။
၅ ပေါလု၏စကားများကို ကျွန်ုပ်တို့ဆန်းစစ်ကြည့်သောအခါ သူစာရင်းပြုစုထားသည့်အရာများစွာက အိမ်ထောင်ရေးကို ပျက်ပြားစေနိုင်ကြောင်း တွေ့ရသည်။ သာဓကအနေနှင့်၊ “ကိုယ်ကိုကိုယ်ချစ်သောသူ” တို့သည် တစ်ကိုယ်ကောင်းဆန်ပြီး အခြားသူများကို ထောက်စာမပေးတတ်ချေ။ မိမိကိုယ်ကိုသာချစ်သော ခင်ပွန်းများ၊ ဇနီးသည်များသည် သူတို့လုပ်ချင်ရာကိုသာ လုပ်တတ်ကြ၏။ သူတို့သည် ခေါင်းမာ၍ အလျှော့မပေးတတ်ကြချေ။ ထိုသို့သော သဘောထားသည် အိမ်ထောင်ရေးကို ပျော်ရွှင်ချမ်းမြေ့စေပါမည်လော။ အဘယ်နည်းဖြင့်မျှ ပျော်ရွှင်စေမည်မဟုတ်။ အိမ်ထောင်သည်မောင်နှံများအပါအဝင် ခရစ်ယာန်များကို တမန်တော်ပေါလုက ပညာရှိစွာ ဤသို့ဆုံးမခဲ့၏– “[သင်တို့သည်] ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြု [သင့်ကြချေ] ။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။ ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။”—ဖိလိပ္ပိ ၂:၃၊ ၄။
၆။ ငွေကိုတပ်မက်ခြင်းသည် အိမ်ထောင်ရေးကို မည်သို့ပျက်ပြားစေနိုင်သနည်း။
၆ ငွေကိုတပ်မက်ခြင်းသည် လင်မယားစပ်ကြား စိတ်ဝမ်းကွဲမှုဖြစ်စေနိုင်သည်။ ပေါလု ဤသို့သတိပေးခဲ့၏– “ငွေရတတ်ခြင်းငှာအလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သောတပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသူတို့အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှလွဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။” (၁ တိမောသေ ၆:၉၊ ၁၀) ယနေ့ အိမ်ထောင်များစွာတွင် ပေါလုသတိပေးခဲ့သည့်အတိုင်း ဖြစ်ပျက်နေခြင်းသည် ဝမ်းနည်းစရာပင်။ မောင်နှံများစွာသည် ကြွယ်ဝချမ်းသာဖို့ ကြိုးစားနေသည့်အတွက် မိမိတို့အဖော်အဖက်၏ အခြေခံလိုအပ်ရာများဖြစ်သော စိတ်ပိုင်းဆိုင်ရာထောက်မမှုနှင့် နွေးထွေးသောပေါင်းဖော်မှုတို့ကို ပုံမှန်မပေး လျစ်လျူရှုထားကြသည်။
၇။ အခြေအနေတချို့တွင် အဘယ်အပြုအမူသည် အိမ်ထောင်ရေးဖောက်ပြန်သွားစေခဲ့သနည်း။
၇ ထို့အပြင် ဤနောက်ဆုံးသောနေ့ရက်များတွင် လူတချို့သည် “မတည်ကြည်သောသူ၊ ပကတိကြင်နာစုံမက်ခြင်းကင်းသောသူ၊ ထော်လော်ကန့်လန့်လုပ်သောသူများ” ဖြစ်ကြလိမ့်မည်ဟုလည်း ပေါလုကဆိုသေး၏။ ထိမ်းမြားခြင်းသစ္စာကတိသည် အလေးအနက်သဘောထားရမည့် ကတိပြုချက်ဖြစ်ရာ ဖောက်ပြန်ဖို့မဟုတ်ဘဲ ထာဝရနှောင်ကြိုးဖြစ်စေသင့်သည်။ (မာလခိ ၂:၁၄-၁၆) သို့သော် မိမိတို့၏အိမ်ထောင်ဖက်မဟုတ်သူအပေါ် ချစ်စိတ်ဝင်ခဲ့ကြသူတချို့ရှိသည်။ ခင်ပွန်းသည်၏စွန့်ပစ်မှုကိုခံခဲ့ရသူ အသက် ၃၀ ကျော် ဇနီးသည်တစ်ဦးက မိမိလင်သားသည် မိမိကိုမစွန့်ခွာမီကတည်းကပင် အခြားအမျိုးသမီးများနှင့် ရင်းနှီးလွန်း၊ ကြင်နာလွန်းကြောင်း ရှင်းပြခဲ့၏။ အိမ်ထောင်သည်တစ်ဦးအတွက် အဘယ်အပြုအမူမှာ မလျောက်ပတ်သည်ကို သူ,မခွဲခြားတတ်ခဲ့ပေ။ ဤသို့ဖြစ်နေသည်ကို ဇနီးသည်သတိပြုမိ၍ အလွန်စိတ်ထိခိုက်ခဲ့ရာ ခင်ပွန်းသည်အတွက် အန္တရာယ်ရှိကြောင်း သူ့ကို လိမ္မာပါးနပ်စွာ ကြိုးစားသတိပေးခဲ့၏။ သို့နှင့်ပင် ခင်ပွန်းသည် သူ့သားအိမ်ရာပြစ်မှားခဲ့လေသည်။ ကြင်ကြင်နာနာဖြင့် သတိပေးခဲ့သော်လည်း အနှီပြစ်မှားသူသည် ဂရုမစိုက်လိုခဲ့ချေ။ သူသည် ထောင်ချောက်ထဲ ဆင်ကန်းတောတိုး တိုးဝင်သွား၏။—သု. ၆:၂၇-၂၉။
၈။ အဘယ်အရာက သူ့သားအိမ်ရာပြစ်မှားမှု ဖြစ်စေနိုင်သနည်း။
၈ သူ့သားအိမ်ရာပြစ်မှားခြင်းအကြောင်းကို သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း သတိပေးထား၏! “သူ့မယားကိုပြစ်မှားသောသူသည် ဉာဏ်မရှိ။ ထိုသို့ပြုသောသူသည် မိမိအသက်ကိုဖျက်ဆီးတတ်၏။” (သု. ၆:၃၂) သူ့သားအိမ်ရာပြစ်မှားခြင်းသည် အများအားဖြင့် အလိုအလျောက်ပေါ်လာသော၊ စိတ်လိုက်မာန်ပါ ပြုမူလိုက်သောလုပ်ရပ်တစ်ခု မဟုတ်ချေ။ ကျမ်းရေးသူ ယာကုပ် ထောက်ပြခဲ့သည့်အတိုင်း သူ့သားအိမ်ရာပြစ်မှားခြင်းကဲ့သို့သော ကြီးလေးသောအမှားသည် မပြတ်ကြံစည်တွေးတောပြီးနောက်မှသာ ဖြစ်ပျက်လေ့ရှိ၏။ (ယာကုပ် ၁:၁၄၊ ၁၅) အဆိုပါအပြစ်ရှိအိမ်ထောင်ဖက်သည် ရာသက်ပန်သစ္စာရှိသွားပါမည်ဟု မိမိကတိပြုထားသူအပေါ် တဖြည်းဖြည်း သစ္စာဖျက်သွားလေသည်။ ယေရှုက ဤသို့မိန့်ဆိုခဲ့၏– “‘သူ့မယားကိုမပြစ်မှားရ’ ဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။ ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်သောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။”—မဿဲ ၅:၂၇၊ ၂၈။
၉။ နယပုံပြင် ၅:၁၈-၂၀ တွင် အဘယ်ပညာရှိဆုံးမစကားကို တွေ့ရှိရသနည်း။
၉ ထို့ကြောင့်၊ ပညာရှိပြီး ဖြောင့်မှန်သည့်လမ်းစဉ်မှာ နယပုံပြင်ကျမ်းတွင် အားပေးထားသည့် ဤလမ်းစဉ်ပင်ဖြစ်သည်– “သင်၏စမ်းရေတွင်း၌ မင်္ဂလာရှိစေ၍ အသက်အရွယ်နုပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ သူသည် စုံမက်တတ်သောသမင်မ၊ နှစ်လို့ဖွယ်သော ဒရယ်မကဲ့သို့ဖြစ်၍ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကိုအစဉ်ပြေစေ၍ သူ့ကိုချစ်သောစိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။ ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့်ယစ်မူးသနည်း။ ပြည့်တန်ဆာမ၏ရင်ဘတ်ကို အဘယ်ကြောင့်ဖက်ယမ်းသနည်း။”—သု. ၅:၁၈-၂၀။
အလျင်စလိုအိမ်ထောင်မပြုပါနှင့်
၁၀။ အိမ်ထောင်ဖက်လောင်းတစ်ဦးကို သိကျွမ်းလာဖို့ အချိန်ပေးခြင်းက အဘယ်ကြောင့်ပညာရှိရာရောက်သနည်း။
၁၀ စုံတွဲတစ်တွဲသည် အချိန်မတန်မီ အိမ်ထောင်ပြုလိုက်မည်ဆိုလျှင် အိမ်ထောင်ရေးပြဿနာများ ကြုံရကြပေမည်။ သူတို့သည် ငယ်လွန်း၍ အတွေ့အကြုံမရှိ ဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် တစ်ယောက်အကြောင်းတစ်ယောက်—သူတို့ကြိုက်နှစ်သက်ရာ၊ မနှစ်သက်ရာ၊ သူတို့၏ဘဝပန်းတိုင်နှင့် မိသားစုနောက်ခံတို့ကို—သိရှိရန် အချိန်မယူခဲ့၍ဖြစ်နိုင်သည်။ အိမ်ထောင်ဖက်လောင်းကို သိကျွမ်းလာဖို့ အချိန်ပေးပြီး စိတ်ရှည်မှုတင်ပြခြင်းက ပညာရှိရာရောက်၏။ ဣဇာက်၏သား ယာကုပ်ကို စဉ်းစားကြည့်ပါ။ သူသည် ရာခေလအား လက်ထပ်ခွင့်မရမီ ယောက္ခမလောင်းထံ ခုနစ်နှစ် အလုပ်လုပ်ပေးခဲ့ရ၏။ သူ၏ခံစားချက်များသည် ရုပ်ရူပကာအပေါ်သာမက မေတ္တာစစ်မေတ္တာမှန်အပေါ် အခြေပြုသောကြောင့် ထိုသို့ပြုလုပ်လိုခဲ့ခြင်းဖြစ်သည်။—ကမ္ဘာဦး ၂၉:၂၀-၃၀။
၁၁။ (က) အိမ်ထောင်ရေးနှောင်ဖွဲ့မှုက အဘယ်အရာကို ဖက်စပ်ပေးသနည်း။ (ခ) အိမ်ထောင်ရေးတွင် ပညာရှိစွာစကားပြောခြင်းသည် အဘယ်ကြောင့် အရေးပါသနည်း။
၁၁ အိမ်ထောင်ရေးသည် ချစ်ရေးချစ်ရာထက်မကပေ။ အိမ်ထောင်ရေးနှောင်ဖွဲ့မှုသည် မိသားစုနောက်ခံချင်းမတူ၊ ကိုယ်ရည်ကိုယ်သွေးချင်း၊ စိတ်လှုပ်ရှားမှု ဖွဲ့စည်းပုံချင်းမတူသည့်အပြင် ပညာရေးနောက်ခံချင်းပါမတူကြသည့် ပုဂ္ဂိုလ်နှစ်ဦးကို တွဲဖက်လိုက်ခြင်းဖြစ်၏။ တစ်ခါတစ်ရံ ယဉ်ကျေးမှုနှစ်ခုမှ ဘာသာစကားနှစ်မျိုးပင် ပြောဆိုသူတို့ ပေါင်းဖက်ကြခြင်းဖြစ်သည်။ ယုတ်စွအဆုံး ကိစ္စရပ်အမျိုးမျိုးကို တစ်မျိုးစီမြင်၍ ဖော်ထုတ်ပြောဆိုတတ်သူနှစ်ဦးကို ပေါင်းစပ်ခြင်းဖြစ်၏။ အိမ်ထောင်ရေးနှောင်ဖွဲ့မှုသည် အမှန်ပင် သဘောထားထင်မြင်ချက်နှစ်မျိုး ဖက်စပ်ခြင်းဖြစ်၏။ တစ်ချိန်လုံးအပြစ်ရှာဝေဖန်ကာ မြည်တွန်တောက်တီးနေသူများ ဖြစ်နေနိုင်သည်၊ သို့တည်းမဟုတ် လှိုက်လှိုက်လှဲလှဲ အားပေးတည်ဆောက်တတ်သူများ ဖြစ်နေနိုင်သည်။ ကျွန်ုပ်တို့ပြောဆိုသည့်စကားဖြင့် မိမိတို့၏အိမ်ထောင်ဖက်ကို စိတ်ထိခိုက်သွားစေနိုင်၏၊ သို့မဟုတ် စိတ်ချမ်းသာစေနိုင်၏။ ချုပ်တည်းမှုမရှိသော အပြောအဆိုမှာမူ အိမ်ထောင်ရေးအခြေအနေကို သိသိသာသာ တင်းမာစေတတ်၏။—သု. ၁၂:၁၈; ၁၅:၁၊ ၂; ၁၆:၂၄; ၂၁:၉; ၃၁:၂၆။
၁၂၊ ၁၃။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ အဘယ်လက်တွေ့ကျအမြင်ရှိဖို့ အားပေးထားသနည်း။
၁၂ ထို့ကြောင့်၊ အိမ်ထောင်ဖက်လောင်းကို အမှန်တကယ်သိကျွမ်းလာရန် အချိန်ပေးခြင်းက ပညာရှိရာကျ၏။ တစ်ခါက အတွေ့အကြုံရှိ ခရစ်ယာန်ညီအစ်မတစ်ဦး ဤသို့ဆိုခဲ့သည်– “အိမ်ထောင်ဖက်လောင်းကို သုံးသပ်ကြည့်တဲ့အခါ သူ့ဆီမှာ ကိုယ်တွေ့ မြင်လိုတဲ့ အခြေခံတောင်းဆိုချက် ဆယ်ချက်ကို စဉ်းစားကြည့်ပါ။ ခုနစ်ချက်ပဲတွေ့မယ်ဆိုရင် ‘သူ့မှာ သုံးချက်လိုနေတာကို လျစ်လျူရှုနိုင်မလား။ အဲဒီလိုနေတဲ့အချက်တွေကို နေ့တိုင်း သည်းခံနိုင်ပါ့မလား’ လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။ အကယ်၍ ဖြစ်ပါ့မလားလို့ သံသယရှိနေမယ်ဆိုရင် အသေအချာပြန်စဉ်းစားပါဦး။” လက်တွေ့ကျကျ တွေးတောတတ်ရန်တော့ လိုသည်။ သင်အိမ်ထောင်ပြုချင်ပြီဆိုလျှင် ခြောက်ပြစ်ကင်းသဲလဲစင် အိမ်ထောင်ဖက်မျိုး ဘယ်တော့မျှ ရှာတွေ့နိုင်မည်မဟုတ်ကြောင်း သိထားပါလေ။ တစ်ချိန်တည်းတွင် အဆုံး၌ သင်ထိမ်းမြားလိုက်သူသည်လည်း ခြောက်ပြစ်ကင်းသဲလဲစင် အဖော်အဖက်ရလိုက်မည်မဟုတ်ချေ!—လုကာ ၆:၄၁။
၁၃ အိမ်ထောင်ရေးဟူသည် ကိုယ်ကျိုးစွန့်ရသည်။ ယင်းကို ပေါလု ဤသို့ပေါ်လွင်စေခဲ့၏– “သင်တို့သည် စိုးရိမ်ခြင်းနှင့်ကင်းလွတ်စေခြင်းငှာ ငါအလိုရှိ၏။ ခင်ပွန်းမရှိသောသူသည် သခင်ဘုရား၏စိတ်တော်နှင့်တွေ့စေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောသူမူကား၊ မိမိမယား၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကိုသတိထားတတ်၏။ ထိုနည်းတူ ခင်ပွန်းမရှိသောမိန်းမနှင့် ခင်ပွန်းရှိသောမိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသောမိန်းမသည် ကိုယ်ခန္ဓာစိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှာ သခင်ဘုရား၏အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်းရှိသောမိန်းမမူကား၊ မိမိခင်ပွန်း၏စိတ်နှင့်တွေ့စေခြင်းငှာ လောကီအမှုကိုသတိထားတတ်၏။”—၁ ကောရိန္သု ၇:၃၂-၃၄။
အိမ်ထောင်ရေး ပျက်ပြားခဲ့ရသည့်အကြောင်းအချို့
၁၄၊ ၁၅။ အဘယ်အချက်များက အိမ်ထောင်ရေးနှောင်ကြိုးကို လျော့ရဲသွားစေနိုင်သနည်း။
၁၄ မကြာသေးမီက ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် အိမ်ထောင်သက် ၁၂ နှစ်ကြာပြီးနောက်မှ အခြားအမျိုးသမီးတစ်ဦးကို ချစ်ကြိုက်သွားသော ခင်ပွန်းသည်၏စွန့်ပစ်ကွာရှင်းမှု စိတ်ဒဏ်ရာကို ခံစားလိုက်ရ၏။ သူ၏အိမ်ထောင်မပြိုကွဲမီ သတိပေးအရိပ်အခြည်ကို သူသတိပြုမိပါသလော။ သူဤသို့ရှင်းပြ၏– “ကျွန်မခင်ပွန်း လုံးဝဆုမတောင်းတော့တဲ့အထိ ဖြစ်လာတယ်။ မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ ခရစ်ယာန်အစည်းအဝေးတွေပျက်၊ အမှုဆောင်တွေမထွက်ဘဲဖြစ်လာတယ်။ ကျွန်မကို အချိန်မပေးနိုင်လောက်အောင် ပင်ပန်းလွန်းတယ်၊ အလုပ်များလွန်းတယ်လို့ ဆိုလှာတယ်။ ကျွန်မနဲ့ စကားလက်ဆုံမပြောတော့ဘူး။ ဝိညာဉ်ရေးအရလည်း ကမ္ဘာခြားလာတယ်။ ဖြစ်မှဖြစ်ရလေ။ ကျွန်မလက်ထပ်ထားသူနဲ့ လုံးဝမတူတော့ဘူး။”
၁၅ အခြားသူများလည်း ကိုယ်ပိုင်ကျမ်းစာလေ့လာမှုပြုလုပ်ခြင်း၊ ဆုတောင်းခြင်းနှင့် ခရစ်ယာန်အစည်းအဝေးများတက်ခြင်းတို့ကို လျစ်လျူရှုလာခြင်းအပါအဝင် အလားတူအရိပ်လက္ခဏာများကို သတိပြုမိကြောင်း ဖော်ပြခဲ့ကြ၏။ တစ်နည်းအားဖြင့်ဆိုရလျှင် မိမိတို့၏အဖော်အဖက်ကို စွန့်ပစ်ခဲ့ကြသူများစွာသည် ယေဟောဝါနှင့် မိမိတို့၏ဆက်ဆံရေးကို အားနည်းစေခဲ့ကြောင်းထင်ရှားသည်။ ထို့ကြောင့် သူတို့၏ဝိညာဉ်ရေးအမြင် မှေးမှိန်သွားခဲ့၏။ ထိုအခါ ယေဟောဝါအား အသက်ရှင်တော်မူသည့် ဘုရားသခင်အဖြစ် သူတို့မရှုမြင်ကြတော့ချေ။ ကတိထားရာ ဖြောင့်မတ်သောကမ္ဘာသစ်သည်လည်း အစစ်အမှန်မဟုတ်တော့ချေ။ အခြေအနေတချို့တွင် သစ္စာမဲ့သည့်အိမ်ထောင်ဖက်သည် သူ၏အိမ်ထောင်ဖက်မဟုတ်သူတစ်ဦးကို မတွယ်တာမီပင် ဤသို့ဝိညာဉ်ရေးအားနည်းနေခဲ့၏။—ဟေဗြဲ ၁၀:၃၈၊ ၃၉; ၁၁:၆; ၂ ပေတရု ၃:၁၃၊ ၁၄။
၁၆။ အဘယ်အရာက အိမ်ထောင်ရေးကို ခိုင်မြဲစေသနည်း။
၁၆ အခြားတစ်ဖက်၌မူ အလွန်ပျော်ရွှင်ကြသည့် မောင်နှံစုံတစ်စုံသည် သူတို့၏ အိမ်ထောင်ရေးအောင်မြင်ရခြင်းမှာ သူတို့၏ခိုင်ခံ့သော ဝိညာဉ်ရေးနှောင်ကြိုးများကြောင့်ဟု ဆိုကြခြင်းဖြစ်၏။ သူတို့သည် အတူတူဆုတောင်းပြီး အတူတူလေ့လာမှုပြုလုပ်ကြသည်။ ခင်ပွန်းသည်က ဤသို့ဆို၏– “ကျွန်တော်တို့ ကျမ်းစာ အတူတူဖတ်ကြတယ်။ အတူတူ အမှုဆောင်ထွက်တယ်။ ဘာမဆို အတူတူလုပ်ကိုင်ချင်ကြတယ်။” သင်ခန်းစာမှာ ယေဟောဝါနှင့်အမြဲဆက်ဆံရေးကောင်းနေစေမည်ဆိုလျှင် အိမ်ထောင်ရေးခိုင်မြဲစရာအကြောင်း ပိုများမည်ဖြစ်သည်။
လက်တွေ့ကျပြီး ဆက်သွယ်မှုရှိပါ
၁၇။ (က) အိမ်ထောင်ရေးကို အောင်မြင်စေသည့် အရာနှစ်ခုကား အဘယ်နည်း။ (ခ) ခရစ်ယာန်မေတ္တာကို ပေါလုမည်သို့ဖော်ပြသနည်း။
၁၇ အိမ်ထောင်ရေးအောင်မြင်စေသည့် အခြားအရာနှစ်ခုမှာ ခရစ်ယာန်မေတ္တာနှင့် ဆက်သွယ်ရေးရှိခြင်းတို့ဖြစ်သည်။ လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ချစ်စိတ်မွှန်နေကြသည့်အခါ အချင်းချင်း၏အပြစ်အနာအဆာများကို လျစ်လျူရှုထားလိုကြသည်။ ထိုစုံတွဲသည် အချစ်ဝတ္ထုများတွင် ဖတ်ရှုခဲ့ရာ သို့မဟုတ် ရုပ်ရှင်များ၌ တွေ့မြင်ခဲ့ရာများကို အခြေပြု၍ မျှော်လင့်တကြီး အိမ်ထောင်ပြုခဲ့ကြပေမည်။ သို့ရာတွင် အဆိုပါမောင်နှံသည် တဖြည်းဖြည်း လက်တွေ့ဘဝကို ရင်ဆိုင်ကြရတော့မည်။ ထိုအခါ အသေးအမွှားအမှားများ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ အကျင့်ဆိုးလေးများသည် အပြစ်ကြီးများ ဖြစ်လာပေမည်။ ထိုသို့ဖြစ်လာမည်ဆိုလျှင် ခရစ်ယာန်များသည် ဝိညာဉ်အသီးတစ်သီးဖြစ်သည့် ချစ်ခြင်းမေတ္တာကို တင်ပြကြဖို့လိုသည်။ (ဂလာတိ ၅:၂၂၊ ၂၃) စိတ်ကူးယဉ်မေတ္တာမဟုတ်ဘဲ ခရစ်ယာန်မေတ္တာဖြစ်သည့် ချစ်ခြင်းမေတ္တာသည် အလွန်ပင်အစွမ်းထက်၏။ ထိုသို့သောခရစ်ယာန်မေတ္တာကို ပေါလု ဤသို့ဖော်ပြခဲ့သည်– ယင်းသည် “စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ . . . [ယင်းသည်] ကိုယ်အကျိုးကိုမရှာတတ်။ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟုမထင်တတ်။ . . . ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။” (၁ ကောရိန္သု ၁၃:၄-၇) ရှင်းနေပါသည်၊ စစ်မှန်သောမေတ္တာသည် လူ့အားနည်းချက်များကို ထည့်တွက်စဉ်းစားပေး၏။ စုံလင်မှုကို မမျှော်လင့်ပေ။—သု. ၁၀:၁၂။
၁၈။ ပြောဆိုဆက်သွယ်ရေးသည် ရင်းနှီးမှု မည်သို့ပိုရှိစေနိုင်သနည်း။
၁၈ ဆက်သွယ်ရေးသည်လည်း အရေးပါ၏။ အိမ်ထောင်သက်မည်မျှပင်ကြာပါစေ ဇနီးမောင်နှံတို့သည် အချင်းချင်းစကားပြောဆိုသင့်ပြီး အချင်းချင်းကို အမှန်တကယ်စူးစိုက်နားထောင်ပေးသင့်သည်။ ခင်ပွန်းသည်တစ်ဦးက ဤသို့ဆို၏– “ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း စကားပြောဆိုကြတယ်။” ခင်ပွန်းသည် သို့မဟုတ် ဇနီးသည်,သည် ပြောဆိုသည့်စကားကိုသာမက မပြောဘဲထားလိုက်သည့်စကားကိုပါ အတွေ့အကြုံဖြင့် ဂရုပြုတတ်လာသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နှစ်များကုန်လွန်သွားသည်နှင့်အမျှ ပျော်ရွှင်သော အိမ်ထောင်သည်မောင်နှံသည် ထုတ်မပြောသည့်သဘောထားများ သို့မဟုတ် မဖော်ပြသည့် ခံစားချက်များကိုပင် သိရှိနားလည်လာကြ၏။ ဇနီးမယားတချို့က မိမိတို့၏ခင်ပွန်းသည်,သည် မိမိတို့စကားပြောသည့်အခါ တကယ်နားမထောင်ပေးကြဟု ဆိုခဲ့ဖူးသည်။ ခင်ပွန်းသည်အချို့ကလည်း မိမိတို့၏ဇနီးသည်,သည် အဆင်မပြေဆုံးအချိန်ကျမှ စကားပြောဆိုလိုဟန်ရှိ၏ဟု မကျေမနပ်ပြောတတ်ကြ၏။ ပြောဆိုဆက်သွယ်ရေးတွင် ထောက်ထားစာနာမှုနှင့် နားလည်ပေးမှုတို့ပါဝင်သည်။ ထိရောက်စွာဆက်သွယ်မှုပြုခြင်းသည် လင်မယားနှစ်ဦးစလုံးအတွက် အကျိုးရှိ၏။—ယာကုပ် ၁:၁၉။
၁၉။ (က) ဝန်ချတောင်းပန်ခြင်းသည် အဘယ်ကြောင့်ခက်ခဲရသနည်း။ (ခ) အဘယ်အရာက ကျွန်ုပ်တို့ကို ဝန်ချတောင်းပန်စေမည်နည်း။
၁၉ တစ်ခါတစ်ရံ ဆက်သွယ်ရေးတွင် ဝန်ချတောင်းပန်ခြင်းပါဝင်သည်။ ထိုသို့ပြုရန် အမြဲလွယ်ကူသည်မဟုတ်ပေ။ မိမိအမှားကိုဝန်ခံရန် နှိမ့်ချမှုရှိဖို့လိုသည်။ ယင်းက အိမ်ထောင်ရေးကို အမှန်တကယ်ပင် ထူးခြားစေသည်တကား! စိတ်ရင်းမှန်ဖြင့် ဝန်ချတောင်းပန်ခြင်းက ဖြစ်ကောင်းဖြစ်လာနိုင်သည့် ပဋိပက္ခကို ဖယ်ရှားပေးနိုင်ပြီး အမှန်တကယ် ခွင့်လွှတ်စေခြင်းအားဖြင့် ပြဿနာပြေလည်သွားစေနိုင်သည်။ ပေါလု ဤသို့ဆိုခဲ့၏– “တစ်ယောက်နှင့်တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၃၊ ၁၄။
၂၀။ ခရစ်ယာန်တစ်ဦးသည် နှစ်ကိုယ်ချင်းရှိချိန်နှင့် အခြားသူများရှေ့တွင် မိမိ၏အိမ်ထောင်ဖက်ကို မည်သို့ဆက်ဆံသင့်သနည်း။
၂၀ အပြန်အလှန်ထောက်မကူညီမှုသည်လည်း အိမ်ထောင်ရေးအတွက် အရေးပါ၏။ ခရစ်ယာန်လင်မယားတို့သည် တစ်ဦးကိုတစ်ဦး ယုံကြည်စိတ်ချနိုင်ကြရုံမက အားထားမှီခိုကြရမည်။ တစ်ဦးက အခြားတစ်ဦးကို မနှိမ်သင့်၊ သို့မဟုတ် တစ်နည်းနည်းဖြင့် သူတစ်ဖက်သား၏ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုကို လျော့သွားစေခြင်း မပြုလုပ်သင့်ပေ။ မိမိတို့၏အိမ်ထောင်ဖက်ကို မေတ္တာပါပါ ချီးမွမ်းပြောဆိုပေးကြမည်; ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်ပြောဆိုကြမည်မဟုတ်ပါ။ (သု. ၃၁:၂၈၊ ၂၉) အများရှေ့တွင် မဆင်မခြင်၊ မစာမနာ နောက်ပြောင်ခြင်းဖြင့် သိက္ခာချကြမည်မဟုတ်ပါ။ (ကောလောသဲ ၄:၆) တစ်ဦးကိုတစ်ဦး ချစ်မြတ်နိုးမှု မှန်မှန်ပြပေးခြင်းဖြင့် ပို၍အပြန်အလှန်ထောက်မတတ်လာမည်။ အထိအတွေ့လေးတစ်ချက်၊ အကြင်နာစကားလေးတစ်ခွန်းဖြင့် “မင်းကို ငါချစ်နေဆဲပဲ။ မင်းနဲ့နေရတာ သိပ်ချမ်းမြေ့တာပဲ” ဟုပြောရာကျသည်။ ယင်းတို့သည် ယနေ့လောကတွင် အိမ်ထောင်ရေးကို အောင်မြင်စေနိုင်ပြီး အချင်းချင်း၏ဆက်ဆံရေးအပေါ် ဩဇာသက်ရောက်နိုင်သည့် အကြောင်းရင်းတချို့ဖြစ်သည်။ အခြားအကြောင်းရင်းများလည်းရှိသေးသည်၊ အိမ်ထောင်ရေးကို မည်သို့အောင်မြင်စေနိုင်ကြောင်း ကျမ်းစာလမ်းညွှန်ချက်များကို နောက်ဆောင်းပါးက ထပ်၍ဖော်ပြပေးပါမည်။ *
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 20 အသေးစိတ်အကြောင်းအရာကို သိလိုလျှင် ယေဟောဝါသက်သေများထုတ်ဝေသည့် မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်စာအုပ်ကို ရှုပါ။
သင်ရှင်းပြနိုင်သလော
• အိမ်ထောင်ရေးကိုပျက်ပြားစေနိုင်သည့် အကြောင်းရင်းတချို့ကား အဘယ်နည်း။
• အလျင်စလိုအိမ်ထောင်ပြုခြင်းက အဘယ်ကြောင့်ပညာမဲ့ရာကျသနည်း။
• ဝိညာဉ်ရေးစိတ်ဓာတ်က အိမ်ထောင်ရေးအပေါ် မည်သို့သြဇာသက်ရောက်သနည်း။
• အဘယ်အချက်များက အိမ်ထောင်ရေးကို တည်ငြိမ်ခိုင်ခံ့စေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အိမ်ထောင်ရေးသည် ချစ်ရေးချစ်ရာထက်မကပေ
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယေဟောဝါနှင့် ခိုင်မြဲသော ဆက်ဆံမှုရှိခြင်းက အိမ်ထောင်ရေးအောင်မြင်စေ