မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရုသဝတ္ထုမှ ပေါ်လွင်ချက်များ

ရုသဝတ္ထုမှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ရုသဝတ္ထု​မှ ပေါ်လွင်​ချက်​များ

အမျိုးသမီး​နှစ်ဦး တစ်ဦး​ကို​တစ်ဦး​ချစ်ခင်​တွယ်တာ​သည့် နှလုံး​နွေးထွေး​ဖွယ် ဇာတ်လမ်း​တစ်ပုဒ်​ဖြစ်၏။ ယေဟောဝါ​ဘုရားသခင်​အား တန်ဖိုး​ထား​လေးမြတ်​ပြီး ကိုယ်တော့်​အစီအစဉ်ကို ယုံကြည်​အားထား​သည့် မှတ်တမ်း​တစ်ခု​ဖြစ်သည်။ မေရှိယ​၏​မျိုးဆက်​ကို ယေဟောဝါ အလွန်​စိတ်ဝင်စား​တော်​မူ​ကြောင်း အလေးပေး​ဖော်ပြ​ထား​သည့် ဇာတ်လမ်း​တစ်ပုဒ်​ဖြစ်၏။ မိသားစု​တစ်စု​၏​ကြည်နူး​မှုများ​နှင့် ကြေကွဲမှု​များ​အကြောင်း ရင်​နင့်​ဖွယ်​အတ္ထုပ္ပတ္တိ​တစ်ခု​ဖြစ်၏။ ရုသဝတ္ထု​သည် ထို​အကြောင်းအရာ​အားလုံး​ဖြစ်​ရုံ​ထက်မက ပို​စိတ်ဝင်စားစရာ ကောင်း​ပါ​သည်။

ရုသဝတ္ထု​သည် ဣသရေလ​နိုင်ငံ​တွင် ‘တရားသူကြီး​များ​အုပ်စိုး​သော’ ၁၁ နှစ်​ခန့်​ကာလ​ကို ခြုံငုံ​ဖော်ပြ​ထား​သည်။ (ရုသ ၁:၁) ထို​တွင်​မှတ်တမ်း​တင်ထားသော အဖြစ်အပျက်​များသည် တရားသူကြီး​များ​လက်ထက်​၏ အစောပိုင်း​ကာလ​မှ​ဖြစ်​ပေမည်၊ အကြောင်း​မှာ ဤ​ဖြစ်ရပ်မှန်​ဇာတ်လမ်း​ထဲ​မှ ဇာတ်ကောင်​တစ်ဦး​ဖြစ်သော မြေပိုင်ရှင်​ဗောဇ​မှာ ယောရှု​ခေတ်​က ရာခပ်​၏​သား​ဖြစ်သည်။ (ယောရှု ၂:၁၊ ၂; ရုသ ၂:၁; မဿဲ ၁:၅) ဤ​မှတ်တမ်း​ကို ဘီ.စီ.အီး. ၁၀၉၀ တွင် ပရောဖက်​ရှမွေလ ရေးသားခဲ့​ဟန်​တူ​သည်။ သမ္မာကျမ်းစာ​ထဲ​တွင် ဣသရေလ​လူမျိုး​မဟုတ်သော အမျိုးသမီး​တစ်ဦး၏​အမည်​ပါ တစ်ခု​တည်း​သော​ကျမ်းစောင်​ဖြစ်၏။ ဤ​မှတ်တမ်းပါ​သတင်းတရားသည် ‘အသက်ရှင်​၍ တန်ခိုး​နှင့်​ပြုပြင်’ တတ်၏။—ဟေဗြဲ ၄:၁၂

“ကိုယ်တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်မ​လိုက်ပါမည်”

(ရုသ ၁:၁–၂:၂၃)

နောမိ​နှင့်​ရုသ​တို့သည် ဗက်လင်မြို့​သို့ ရောက်လာ​ကြ​သည့်​အခါ လူအများ အာရုံစိုက်​စ​ရာ​ဖြစ်လာ​ခဲ့​သည်။ မြို့ထဲ​မှ အမျိုးသမီးများ​က သူတို့​နှစ်ဦး​အနက် အသက်​ကြီး​သူကို​ရည်ညွှန်း​ကာ “ဤ​သူ​ကား နောမိ​ဟုတ်​သလော” ဟု​မေး​ကြသည်။ ထို​အခါ နောမိ ဤသို့​တုံ့ပြန်​၏– ‘နောမိ​ဟူ၍​မ​ခေါ်​ပါ​နှင့်။ မာ​ရ​ဟူ၍​ခေါ်​ပါ။ အတိုင်းအဆမဲ့​တန်ခိုးရှင်​သည် ငါ့​အား အလွန်​ခါး​သော​အရာ​ကို ပေး​တော်​မူ​ပြီ။ ငါသည် ပြည့်ဝ​လျက် ထွက်သွား​၏။ ယခု​မူ​ကား ဆင်းရဲ​လျက် ထာဝရ​ဘုရားသခင်​ပြန်ပို့​တော်​မူ​ပြီ။’—ရုသ ၁:၁၉-၂၁သမ္မာ။

ဣသရေလ​နိုင်ငံ​တွင် အစာ​ခေါင်းပါး​သည့်​အခါ နောမိ​၏​မိသားစု​သည် ဗက်လင်မြို့​မှ မောဘ​ပြည်​သို့ ပြောင်းရွှေ့​သွား​ချိန်​က သူသည် ခင်ပွန်း​နှင့်​သား​နှစ်ဦး​တို့​ဖြင့် “ပြည့်ဝ” ခဲ့​သည်။ မောဘ​ပြည်​တွင်​အခြေချ​ရာ အတန်ကြာ​သည့်​နောက် ခင်ပွန်း​ဖြစ်သူ​ဧလိမလက် သေဆုံး​သွား​ရှာ​သည်။ နောက်ပိုင်း သား​နှစ်ဦး​သည် မောဘ​အမျိုးသမီးများ​ဖြစ်သော ဩ​ရ​ပ၊ ရုသ​တို့​နှင့် လက်ထပ်ခဲ့​ကြသည်။ ဆယ်နှစ်​ခန့်​ကြာပြီးနောက် သား​နှစ်ဦး​လည်း သားသမီး​မ​ထွန်းကား​ဘဲ သေဆုံး​သွား​ကာ အမျိုးသမီး​သုံးယောက်​သာ ကျန်ရစ်​လေ​တော့​သည်။ ယောက္ခမ​ဖြစ်သူ​နောမိ​သည် ယုဒပြည်​သို့​ပြန်သွား​ရန် ဆုံးဖြတ်​သည့်​အခါ သားတို့​၏​ဇနီး​မုဆိုးမများ​လည်း သူနှင့်​အတူ​လိုက်​လာ​လို​ကြသည်။ လမ်းခရီးတွင် နောမိ​သည် ချွေး​မများ​ကို မောဘ​ပြည်​သို့​ပြန်​ပြီး ၎င်း​တို့​လူမျိုး​ထဲ​မှ​သူတို့နှင့် အိမ်ထောင်ပြု​ရန် တိုက်တွန်း​ခဲ့​သည်။ ဩ​ရ​ပ​မှာ သဘောတူ​လိုက်​သည်။ သို့သော် ရုသ ဤသို့​ပြော​ခဲ့​၏– ‘ကိုယ်တော်​သွား​လေ​ရာ​ရာ​သို့ ကျွန်မ​လိုက်ပါမည်။ ကိုယ်တော်​အိပ်​လေ​ရာ​ရာ​၌ ကျွန်မ​အိပ်​ပါ​မည်။ ကိုယ်တော်​အမျိုး​သည် ကျွန်မ​အမျိုး၊ ကိုယ်တော်​ဘုရားသခင်​သည် ကျွန်မ​ဘုရားသခင်​ဖြစ်ပါစေ။’—ရုသ ၁:၁၆

မုဆိုးမ​နှစ်ဦး​ဖြစ်သော နောမိ​နှင့်​ရုသ​တို့သည် မုယော​စပါး​စတင်​ရိတ်သိမ်းချိန်​တွင် ဗက်လင်မြို့​သို့ ပြန်ရောက်​လာ​ကြသည်။ ဘုရားသခင့်​ပညတ်တော်​အစီအစဉ်​ကြောင့် ရုသ​သည် ဧလိမလက်​၏​ဆွေမျိုး၊ ဂျူး​အသက်ကြီးသူ ဗောဇ​ပိုင်​သော​လယ်​တွင် ကောက်သင်း​စ​ကောက်ခဲ့​သည်။ ရုသ​သည် ဗောဇ​၏​နှစ်သက်မှု​ရရှိခဲ့​ပြီး သူ၏​လယ်​တွင် “မုယော​စပါး၊ ဂျုံ​စပါး​ရိတ်ခြင်း​အမှု ပြီး​သည်​တိုင်အောင်” ဆက်၍​ကောက်သင်း​ကောက်ခဲ့​သည်။—ရုသ ၂:၂၃

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁:၈—နောမိ​သည် မိမိ​ချွေး​မများ​အား ကိုယ့်​အဖ​အိမ်သို့ပြန်​သွား​ကြ​ဟု ပြော​မည့်​အစား “ကိုယ်​အမိ​အိမ်သို့ပြန်​သွား​ကြ” ဟု အဘ​ယ့်​ကြောင့်​ပြော​ခဲ့​သနည်း။ ထို​အချိန်​က ဩ​ရ​ပ​၏​ဖခင်​ရှိမရှိ မဖော်​ပြ​ထား​ချေ။ သို့သော် ရုသ​၏​ဖခင်​မူ အသက်ရှင်နေ​သေး​သည်။ (ရုသ ၂:၁၁) သို့​တိုင် နောမိ​က အမိ​အိမ်​ဟု​ဆို​ရခြင်း​မှာ သူတို့၏​မိခင်များ​ဟု ရည်ညွှန်း​ပြော​ဆိုလျှင် မိခင်​မေတ္တာ၊ မိခင်၏​နှစ်သိမ့်မှု​တို့ကို သူတို့​သတိရ​လိမ့်​မည်​ဟု တွေးမိ​ခြင်း​ဖြစ်​ပေမည်။ ယင်းက ထို​သမီး​များ​ချစ်ခင်​သော ယောက္ခမ​နှင့်​ခွဲခွာ​သွား​၍ ဝမ်းနည်း​ရခြင်း​မရှိ အလွန်​နှစ်သိမ့်မှု ရရှိ​စေနိုင်​မည်​ဖြစ်သည်။ ထို့​ပြင် ရုသ​နှင့်​သြရပ​တို့၏​မိခင်များ​သည် နောမိ​နှင့်​မတူဘဲ ဖူဖူလုံလုံ ရှိ​ကောင်း​ရှိကြ​မည်​ဖြစ်​ကြောင်း ထိုစကား​များ​က ဖော်ပြ​ပုံ​ရသည်။

၁:၁၃၊ ၂၁ [က​ဘ]—ဘုရားသခင်​သည် နောမိ​၏​ဘဝကို ခါးသီး​စေပြီး ဘေးဆိုး​သက်ရောက်​စေ​ခဲ့​သလော။ မဟုတ်ပါ။ နောမိ​သည် ဘုရားသခင်​ကို အဘယ်​အပြစ်​မျှ​မတင်​ခဲ့​ပါ။ သို့သော် သူ​ကြုံတွေ့​ခဲ့​ရာ​များ​ကြောင့် ယေဟောဝါ​၏​မျက်နှာသာ​မရ​ဟု ယူဆ​ခဲ့​ပုံ​ရှိသည်။ ထို့​ကြောင့် ယူကျုံး​မရ၊ စိတ်ပျက်​လျက်​နေသည်။ ထို့​ပြင် ထို​အချိန်​က သားသမီး​မွေးဖွားခြင်း​ကို ဘုရားသခင့်​ကောင်းချီး၊ မြုံနေ​ခြင်း​ကို ကျိန်ခြင်း​အဖြစ် ယူဆကြ​သည်။ မြေး​မရှိဘဲ သား​နှစ်ဦး သေဆုံး​သွား​ရာ ယေဟောဝါ​သည် မိမိ​အား​နှိမ့်ချ​လေ​ပြီ​ဟု တွေးထင်​မိ​စ​ရာ​ပင်။

၂:၁၂ရုသ​သည် ယေဟောဝါ​ထံ​မှ အဘယ် “စုံလင်သော​ဆု” ကို​ရခဲ့​သနည်း။ ရုသ​သည် သား​တစ်ဦး​ဖွားမြင်​ပြီး သမိုင်း​တွင် အရေးတကာ့​အရေးကြီးဆုံး ယေရှု​ခရစ်​၏​မျိုးနွယ်​နှင့် ဆက်နွှယ်​ခွင့်​ရခဲ့​သည်။—ရုသ ၄:၁၃-၁၇; မဿဲ ၁:၅၊ ၁၆

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁:၈; ၂:၂၀နောမိ​သည် အဖြစ်ဆိုး​များ​ကြုံတွေ့​ခဲ့​ရ​သော်လည်း ယေဟောဝါ​၏​ချစ်ခင်​ကြင်နာ​မှု​ကို ယုံကြည်​စိတ်ချ​နေဆဲ​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း အထူးသဖြင့် ပြင်းထန်သော​စမ်းသပ်မှု​များ​ခံရ​သည့်​အခါ အလားတူ​ပြုမူ​သင့်​သည်။

၁:၉အိမ်​ဟူသည် မိသားစု စား​ရန်၊ အိပ်​ရန် နေရာတစ်ခု​မျှ မဖြစ်​သင့်​ပေ။ မိမိ​နေအိမ်​သည် အနားယူရာ၊ သက်သောင့်သက်သာ​ရှိသော​နေရာ ဖြစ်​သင့်​သည်။

၁:၁၄-၁၆ဩ​ရ​ပ​သည် ‘အမျိုးသား​ရင်း၊ ဘုရားသခင်​ရင်း​တို့​ထံ​သို့​ပြန်သွား’ လေ​သည်။ ရုသ​မူ ပြန်​မသွား​ခဲ့​ချေ။ နေရင်းပြည်​၏ သက်သောင့်သက်သာ​ရှိ​မှု၊ လုံခြုံမှု​တို့ကို စွန့်လွှတ်​ပြီး ယေဟောဝါ​အပေါ် ဆက်လက်​တည်ကြည်​ခဲ့​သည်။ ဘုရားသခင်​အပေါ် တည်ကြည်​သည့်​မေတ္တာကို ပြုစု​ပျိုးထောင်​ခြင်း​နှင့် ကိုယ်ကျိုး​စွန့်​စိတ်​တင်ပြခြင်း​သည် အတ္တ​သဘော​နှင့် ‘ပျက်စီးခြင်း​သို့​ရောက်​စေသော ရွေ့​လျော့’ သွားခြင်း​မှ ကာကွယ်​ပေး​ပါ​လိမ့်​မည်။—ဟေဗြဲ ၁၀:၃၉

၂:၂ရုသ​သည် လူမျိုးခြား​နှင့် ဆင်းရဲသား​တို့၏​အကျိုးအတွက် ပြုလုပ်​ထား​သည့် ကောက်သင်း​ကောက်​အစီအစဉ်​မှ အကျိုး​ရယူလို​ခဲ့​သည်။ သူသည် စိတ်​နှိမ့်ချ​သူ​ဖြစ်၏။ အကူအညီ​လိုအပ်​နေ​သူ ခရစ်ယာန်​တစ်ဦး​သည် ယုံကြည်သူချင်း​များ​၏​မေတ္တာပါ​အကူအညီ သို့​မဟုတ် အစိုးရ​အထောက်အပံ့​တစ်ခုခု​ကို မာန​မကြီး​ဘဲ လက်ခံသင့်​ပေ​သည်။

၂:၇ရုသ​သည် ကောက်သင်း​ကောက်ခွင့်​ရှိသော်လည်း ထိုသို့​မ​ကောက်​မီ အခွင့်​တောင်း​ခဲ့​သည်။ (ဝတ်ပြုရာ ၁၉: ၉၊ ၁၀) ယင်းက သူ၏​စိတ်​နှိမ့်ချမှု​လက္ခဏာ​ဖြစ်သည်။ “စိတ်​နှိမ့်ချသော​သူတို့မူကား ပြည်တော်​ကို​အမွေခံ​၍ များပြား​သော​ငြိမ်သက်ခြင်း​၌ မွေ့လျော်​ကြ” မည်​ဖြစ်​ရာ ကျွန်ုပ်​တို့​လည်း “စိတ်​နှိမ့်ချ​ခြင်း​ကို​ရှာ” လျှင် ပညာရှိရာ​ရောက်​ပေမည်။—ဇေဖနိ ၂:၃; ဆာလံ ၃၇:၁၁

၂:၁၁ရုသ​သည် နောမိ​အတွက် ဆွေမျိုး​တစ်ဦး​ထက်မက​ကြောင်း ထင်ရှား​သည်။ သူသည် မိတ်ဆွေစစ်​လည်း​ဖြစ်၏။ (သု. ၁၇:၁၇) သူတို့၏​ခင်မင်​ရင်းနှီးမှု​သည် မေတ္တာ၊ တည်ကြည်မှု၊ စာနာ​ထောက်ထား​မှု၊ ကြင်နာ​မှု​နှင့် ကိုယ်ကျိုး​စွန့်​စိတ်ထား​စ​သော အရည်အသွေးများ​အပေါ်​အခြေပြု​သောကြောင့် ခိုင်မြဲ​ရခြင်း​ဖြစ်သည်။ ထို​ထက်​ကား သူတို့၏​ဝိညာဉ်​ရေး​စိတ်ဓာတ်​ဖြစ်သည့် ယေဟောဝါ​အား​ဝတ်ပြု​ကိုးကွယ်​လို​စိတ်​နှင့် ကိုယ်တော်​ကို ဝတ်ပြု​ကိုးကွယ်​သူများ​ဖြစ်​လို​စိတ်​အပေါ်​အခြေပြု​သည်။ ကျွန်ုပ်​တို့​လည်း စစ်မှန်သော​ဝတ်ပြုသူချင်း​များနှင့် မိတ်​စစ်​ဆွေ​စစ်​ဖွဲ့​ရန် အခွင့်ကောင်း​များ​ရရှိ​ထား​ကြသည်။

၂:၁၅-၁၇ဗောဇ​သည် ရုသ,မ​ပင်ပန်း​စေရန် ပြုလုပ်​ပေး​သည့်​တိုင် ရုသ​သည် “ထို​လယ်​၌ ည​ဦး​တိုင်အောင် စပါး​ကျန်​ကို​ကောက်” ခဲ့​သည်။ ရုသ​သည် အလုပ်​ကြိုးစား​သူ​ဖြစ်၏။ ခရစ်ယာန်​တစ်ဦး​သည် ဝီရိယ​ရှိသူ​ဟူသော နာမည်​ကောင်း​ရှိ​သင့်​သည်။

၂:၁၉-၂၂နောမိ​နှင့်​ရုသ​တို့သည် ညနေခင်း​တွင် စကားစမြည်​ပြောဆို​လေ့​ရှိကြသည်၊ အသက်ကြီးသူက ငယ်ရွယ်သူ​၏​လုပ်ဆောင်မှုများ​ကို​စိတ်ဝင်စား​ပြီး နှစ်ဦး​သား ပွင့်ပွင့်လင်းလင်း​ရင်ဖွင့်​ပြောဆို​ကြသည်။ ခရစ်ယာန်​မိသားစု​တစ်ခု​တွင်​လည်း အလားတူ​ဖြစ်​သင့်​သည်။

၂:၂၂၊ ၂၃ရုသ​သည် ယာကုပ်​၏​သမီး ဒိန​နှင့်​မတူဘဲ ယေဟောဝါ​အား ဝတ်ပြုသူ​များနှင့်​သာ ပေါင်းသင်း​ခဲ့​သည်။ ကျွန်ုပ်​တို့အတွက် အလွန်​ကောင်းသော​ပုံသက်သေ​ဖြစ်၏!—ကမ္ဘာဦး ၃၄:၁၊ ၂; ၁ ကောရိန္သု ၁၅:၃၃

နောမိ​သည် “ပြည့်ဝ” လာ

(ရုသ ၃:၁–၄:၂၂)

နောမိ​သည် သားဖွား​ရန် အရွယ်​လွန်​နေပြီ​ဖြစ်၏။ ထို့​ကြောင့် မိမိ​ကိုယ်စား ရုသ​အား မ​ရီး​မတ်​ယူ​ရန် ညွှန်ကြား​ခဲ့​သည်။ ထို​အခါ ရုသ​သည် နောမိ​၏​ညွှန်ကြားချက်​ကို​လိုက်နာ​ကာ ဗောဇ​အား ရွေး​ပိုင်​သော​အမျိုးသား​တစ်ဦး​အဖြစ် လုပ်ဆောင်ရန်​ပြောဆို​လေ​သည်။ ဗောဇ​သည်လည်း ထိုသို့​ပြု​ရန် အသင့်​ရှိခဲ့​သည်။ သို့သော် သူ့​ထက်​အရင် အခွင့်အရေး​ရ​သင့်​သူ ဆွေမျိုးရင်းချာ​တစ်ဦး​ရှိနေ​၏။

ဗောဇ​သည် ယင်း​ကိစ္စ​ကို ချက်ချင်း​လုပ်ဆောင်ခဲ့​၏။ နောက်​နေ့​နံနက်​တွင် ဗက်လင်မြို့​ရှိ အသက်ကြီးသူ​ဆယ်ဦး​ကို ထို​ဆွေမျိုး​ရှေ့တွင်​စုဝေး​စေ​ကာ ပြန်​ရွေး​လို​စိတ်​ရှိမရှိ ထို​သူကို​မေးမြန်း​လေ​သည်။ ထို​အမျိုးသား​က ပြန်​မရွေး​လို​ချေ။ သို့​ဖြစ်၍ ဗောဇ​သည် ရွေး​ပိုင်​သော​အမျိုးသားချင်း​အဖြစ်​လုပ်ဆောင်​ပြီး ရုသ​ကို လက်ထပ်​လိုက်​လေ​သည်။ သူတို့​အိမ်ထောင်​မှ ဘုရင်​ဒါဝိဒ်​၏​အဘိုး​ဖြစ်​မည့်​သူ သား​သြဗက် ဖွားမြင်​ခဲ့​သည်။ ယခု​တွင် ဗက်လင်မြို့​ရှိ​အမျိုးသမီးများ​က နောမိ​အား ဤသို့​ပြော​ကြ​၏– ‘ထာဝရ​ဘုရားသခင်​သည် မင်္ဂလာ​ရှိ​တော်​မူ​ပါစေ​သော။ . . . သူသည် သင်၏​အသက်ကို​ပြုပြင်​သော​သူ၊ သင်​အသက်ကြီး​သောအခါ သင့်ကို​ကောင်းမွန်​စွာ​ပြုစု​သော​သူ ဖြစ်ပါစေ​သော။ သင့်ကို​ချစ်၍ သား​ခု​နစ်​ယောက်​ထက် သင့်​အဖို့​သာ၍​ကောင်းသော သင်၏​ချွေး​မ​သည် သား​ယောက်ျား​ကို​ဖွားမြင်ပြီ။’ (ရုသ ၄:၁၄၊ ၁၅) ဗက်လင်မြို့​သို့ “ဆင်းရဲ​လျက်​တစ်ကိုယ်တည်း” ပြန်လာ​ခဲ့​သော​အမျိုးသမီး​သည် “ပြည့်ဝ” ပြန်​လေ​ပြီ!—ရုသ ၁:၂၁

ကျမ်းစာ​မေးခွန်းများ အဖြေ–

၃:၁၁—အဘယ်အရာက ရုသ​အား “ကောင်းမြတ်သော​အမျိုးသမီး” ဟူ​သည့် နာမည်​ကောင်း​ရစေ​ခဲ့​သနည်း။ ရုသ​အား ချီးမွမ်းစရာ​ဖြစ်စေ​သည်​မှာ “အပြင်​တန်ဆာဆင်​ခြင်း” သို့​မဟုတ် “ရွှေ​ဆင်​ခြင်း၊ အဝတ်​ဝတ်​ခြင်း” တို့​ကြောင့်​မဟုတ်ပါ။ ယင်းအစား “စိတ်နှလုံး​၏​အတွင်းလူ” ဖြစ်သော တည်ကြည်​ခြင်း၊ မေတ္တာ၊ နှိမ့်ချ​ခြင်း​နှင့် နူးညံ့​သိမ်မွေ့​ခြင်း၊ ဇွဲရှိ​ခြင်း၊ ကိုယ်ကျိုး​စွန့်​စိတ်ထား​တို့​ကြောင့်​ဖြစ်သည်။ ရုသ​ကဲ့သို့ နာမည်​ကောင်း​ရ​လို​သူ ဘုရားသခင်​ကို​ကြောက်ရွံ့​သော​အမျိုးသမီး​တိုင်း ဤ​အရည်အသွေးများ​ကို ကြိုးစား​မွေးမြူ​ရမည်။—၁ ပေတရု ၃:၃၊ ၄; သု. ၃၁:၂၈-၃၁

၃:၁၄—ဗောဇ​နှင့် ရုသ​တို့သည် မိုး​မ​သောက်​မီ အဘယ်ကြောင့် အိပ်ရာထ​ခဲ့​ကြ​သနည်း။ ည​အချိန်အတွင်း အကျင့်​ယိုယွင်း​ခဲ့​ခြင်း​ကြောင့် ယင်းကို သူတို့​လျှို့ဝှက်​ထား​လို​၍​မဟုတ်ပါ။ ထို​ည​က ရုသ​၏​အပြု​အမူ​သည် မ​ရီး​မတ်​ယူ​ခွင့်​ကို​ရှာကြံသူ အမျိုးသမီး​တစ်ဦး​ပြုမူ​ရမည့်​ထုံးစံ​နှင့် ကိုက်ညီ​ပုံ​ရသည်။ သူသည် နောမိ​၏​ညွှန်ကြားချက်​အတိုင်း လုပ်ဆောင်ခဲ့​ခြင်း​ဖြစ်သည်။ ထို့​ပြင် ရုသ​ပြုမူ​ခဲ့​ရာ​တွင် မသင့်​လျော်​ရာ​တစ်ခုခု​ကို ဗောဇ​မ​တွေ့ခဲ့​ကြောင်း သူ၏​တုံ့ပြန်​ပုံ​က ဖော်ပြ​နေသည်။ (ရုသ ၃:၂-၁၃) ရှင်း​နေသည်​မှာ ရုသ​နှင့်​ဗောဇ​တို့ စောစောထ​ခဲ့​ရခြင်း​သည် မည်သူကမျှ အခြေအမြစ်​မရှိ ကော​လာ​ဟ​လ သတင်း​မ​လွှင့်စေနိုင်​ရန်ဖြစ်​သည်။

၃:၁၅—ဗောဇ​သည် ရုသ​အား မုယော​စပါး​ခြောက်​သြ​မဲ​ပေးခြင်း​က အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။ ယင်း​သို့​ပြုခြင်း​က ခြောက်​ရက်​အလုပ်​လုပ်ပြီးနောက် အနားယူရာ​နေ့ရက်​ရောက်လာ​သည့် အထိမ်းအမှတ်​ဖြစ်ပုံရ​သည်၊ သို့ဖြင့် ရုသ​၏​အနားယူရာ​နေ့ရက် နီးကပ်​လာ​နေပြီ​ဖြစ်၏။ ဗောဇ​သည် ရုသ​အား မိမိ၏​လင်​အိမ်​၌ “ချမ်းသာ​စွာ​နေ” စေမည်​ဖြစ်သည်။ (ရုသ ၁:၉; ရုသ ၃:၁) မုယော​စပါး​ခြောက်​သြ​မဲ​ကို​သာ ရုသ ရွက်​နိုင်​ခြင်း​ကြောင့်​လည်း​ဖြစ်​နိုင်၏။

၃:၁၆၊ [က​ဘ]—နောမိ​သည် ရုသ​အား “အဘယ်သူ​နည်း” ဟု အဘ​ယ့်​ကြောင့်​မေးမြန်း​ရသနည်း။ ချွေး​မ​ကို သူ,မမှတ်မိ​ခြင်း​လော။ ရုသ​သည် နောမိ​ထံ​ပြန်လာ​ချိန်​တွင် မှောင်​နေ​သေး​သောကြောင့် ထိုသို့​ဖြစ်​နိုင်​ပေ​သည်။ သို့သော် ရွေး​ပိုင်​ခြင်း​နှင့်​ဆက်စပ်​နေသည့် ရုသ​၏​အလားအလာ​သစ်​ကို စုံစမ်း​မေးမြန်းခြင်း​ဖြစ်​နိုင်​ပေ​သည်။

၄:၆—ရွေး​ပိုင်​သော​အမျိုးသားချင်း​တစ်ဦး​သည် ရွေးခြင်း​ဖြင့် ကိုယ်​အမွေဥစ္စာ​ကို အဘယ်​နည်းဖြင့် “ဖျက်” ရာ​ရောက်​သနည်း။ ဦးဆုံး​အနေ​နှင့် လူတစ်ဦး​သည် ဆင်းရဲ​၍ မိမိ​အမွေမြေ​ကို​ရောင်းချ​ခဲ့​လျှင် ရွေး​ပိုင်​သူသည် နောင်​ယုဘိလ​နှစ်အထိ ကျန်ရှိ​သေး​သည့်​နှစ်များ​အရ မြေ​တန်ဖိုး​ကို​တွက်ချက်​ပြီး ငွေ​ချေ​ရမည်​ဖြစ်သည်။ (ဝတ်ပြုရာ ၂၅:၂၅-၂၇) ထိုသို့​ပြုခြင်း​ဖြင့် မိမိ​ကိုယ်ပိုင်​မြေ​၏​တန်ဖိုး​ကို လျော့နည်း​စေနိုင်​သည်။ ထို့​ပြင် ရုသ​သည် သားဖွား​မြင်​မည်​ဆိုလျှင် ဝယ်ယူ​ထား​သည့်​မြေ​ကို ရွေး​ပိုင်​သူ၏​ဆွေမျိုး​များ​အစား ထို​သားက အမွေ​ရ​လိမ့်​မည်​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၃:၁၂; ၄:၁-၆ဗောဇ​သည် ယေဟောဝါ​၏​အစီအစဉ်ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်နာ​ခဲ့​၏။ ကျွန်ုပ်​တို့​လည်း သီအိုကရက်တစ်​အစီအစဉ်များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်နာ​နေကြ​သလော။—၁ ကောရိန္သု ၁၄:၄၀

၃:၁၈ဗောဇ​ကို နောမိ ယုံကြည်​စိတ်ချ​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း တည်ကြည်မှု​ရှိ​ယုံကြည်သူချင်း​များ​ကို အလားတူ​ယုံကြည်​စိတ်ချ​သင့်​သည်မဟုတ်​လော။ ရုသ​သည် ကျမ်းစာ​ထဲ​တွင် နာမည်​ဖော်ပြ​မထား​သော၊ သူ​လုံးဝ​မသိသော အမျိုးသား​တစ်ဦး​နှင့် မ​ရီး​မတ်​ယူ​သည့်​အစီအစဉ်ကို​လက်ခံရန် အသင့်​ရှိခဲ့​သည်။ (ရုသ ၄:၁) အဘယ်ကြောင့်​နည်း။ ဘုရားသခင့်​အစီအစဉ်ကို သူ​ယုံကြည်​စိတ်ချ​သောကြောင့်​ဖြစ်သည်။ ကျွန်ုပ်​တို့​လည်း အလားတူ​ယုံကြည်​စိတ်ချမှု​မျိုး​ရှိသလော။ ဥပမာ၊ အိမ်ထောင်ဖက်​ရှာ​သည့်​အခါ “သခင်​ဘုရား​၌​သာ” လက်ထပ်​ကြ​ရန်​အကြံပြုချက်ကို ကျွန်ုပ်​တို့​လိုက်နာ​သလော။—၁ ကောရိန္သု ၇:၃၉

၄:၁၃-၁၆ရုသ​သည် မောဘ​အမျိုးသမီး​ဖြစ်​ပြီး ယခင်​က ခေမုရှ​ဘုရား​ကို ကိုးကွယ်​သူ​ဖြစ်​ခဲ့​သော်လည်း အခွင့်ထူး​လိုက်​လေ​ခြင်း။ ယင်းက “လိုချင်​သော​သူသည် တတ်နိုင်​သည်မဟုတ်။ ပြေး​သော​သူသည်​လည်း တတ်နိုင်​သည်မဟုတ်။ ကျေးဇူးပြု​တော်​မူ​သော ဘုရားသခင်​သာ​လျှင် တတ်နိုင်​တော်​မူ​၏” ဟူသော​မူ​သည် မှန်ကန်ကြောင်း ဖော်ပြ​သည်။—ရောမ ၉:၁၆

ဘုရားသခင်​သည် ‘ကာလ​အချိန်တန်လျှင် သင်တို့ကို ချီးမြှောက်​တော်​မူ​မည်’

ယေဟောဝါ​သည် မိမိ​အပေါ်​တည်ကြည်သူ​ကျေးကျွန်​များ​ကို ချစ်ခင်​ကြင်နာ​သော​ဘုရားသခင်​ဖြစ်​ကြောင်း ရုသဝတ္ထု​က ဖော်ပြ​သည်။ (၂ ရာဇဝင်ချုပ် ၁၆:၉) ရုသ​ကောင်းချီး​ခံစားရ​ပုံ​ကို သုံးသပ်​သည့်​အခါ ဘုရားသခင်​အား ပုံအပ်​ယုံကြည်​ကိုးစားခြင်း​၏​တန်ဖိုး​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရပြီး “ကိုယ်တော်​ကို​ရှာ​သော​သူအား အကျိုးပေး​တော်​မူ​သည်ကို” အပြည့်အဝ​ယုံကြည်​စိတ်ချ​နိုင်​ကြသည်။—ဟေဗြဲ ၁၁:၆

ရုသ၊ နောမိ​နှင့် ဗောဇ​တို့သည် ယေဟောဝါ​၏​အစီအစဉ်ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ကြ​ရာ နှစ်​လို့​ဖွယ် အကျိုးကျေးဇူးများ​ခံစား​ခဲ့​ကြ​ရသည်။ အလားတူ “ဘုရားသခင်​ကို​ချစ်သော​သူ​တည်း​ဟူသော ကြံစည်​တော်​မူ​ခြင်း​အတိုင်း ခေါ်တော်မူ​သော​သူတို့၏​အကျိုးကို ခပ်သိမ်း​သော​အရာ​တို့သည် တညီတညွတ်​တည်း​ပြုစု​ကြသည်” ဖြစ်၏။ (ရောမ ၈:၂၈) သို့​ဖြစ်၍ “တန်ခိုး​ကြီးသော​လက်တော်​အောက်​၌ ကိုယ်ကို​ကိုယ် နှိမ့်ချ​ကြလော့။ သင်တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့် သင်တို့၌ စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌​အပ်နှံ​ကြလော့” ဟူ​သည့် တမန်​တော်​ပေတရု​၏​အကြံပေး​ချက်​ကို နှလုံး​သွင်း​ကြ​စို့​လေ။—၁ ပေတရု ၅:၆၊ ၇

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

ရုသ​သည် နောမိ​ကို အဘ​ယ့်​ကြောင့်​မစွန့်ခွာ​ခဲ့​ကြောင်း သင်​သိ​သလော

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

အဘယ်အရာက ရုသ​အား “ကောင်းမြတ်သော​မိန်းမ” ဟု နာမည်​ကောင်း​ရစေ​ခဲ့​သနည်း

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ရုသ​သည် ယေဟောဝါ​ထံ​တော်​မှ အဘယ် “စုံလင်သော​ဆု” ရရှိခဲ့​သနည်း