အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်
အိမ်ထောင်သည် မောင်နှံများအတွက်ပညာရှိလမ်းညွှန်ချက်
“အချင်းမိန်းမတို့ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အချင်းယောက်ျားတို့၊ . . . သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။”—ဧဖက် ၅:၂၂၊ ၂၅။
၁။ အိမ်ထောင်မင်္ဂလာနှင့်စပ်လျဉ်းသည့် အမြင်မှန်ကား အဘယ်နည်း။
ယေရှုက အိမ်ထောင်ရေးဟူသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို “တစ်သားတစ်ကိုယ်တည်း” ဖြစ်စေရန် ဘုရားသခင်ဖက်စပ်ထားခြင်းဖြစ်သည်ဟု မိန့်ဆိုခဲ့၏။ (မဿဲ ၁၉:၅၊ ၆) ယင်းသည် ခြားနားသော ပင်ကိုစရိုက် ရှိသူနှစ်ဦးအား တူညီသောအကျိုးစီးပွားကို ပျိုးထောင်တတ်စေပြီး တူညီသောပန်းတိုင်များမီရန် အတူတကွလုပ်ဆောင်စေသည်။ အိမ်ထောင်ရေးသည် အလွယ်တကူစွန့်ပစ်နိုင်သည့် ယာယီသဘောတူညီချက်တစ်ခုမဟုတ်ဘဲ ရာသက်ပန်ပေါင်းဖို့ ကတိကဝတ်ပြုထားခြင်းဖြစ်သည်။ နိုင်ငံများစွာတွင် ကွာရှင်းရန်မခက်ခဲသော်လည်း ခရစ်ယာန်တစ်ဦး၏အမြင်တွင်မူ အိမ်ထောင်ရေးသည် အလွန်မြင့်မြတ်လှ၏။ အလွန်ကြီးကျယ်သော အကြောင်းတစ်ခုကြောင့်သာ ပြတ်စဲနိုင်ပါသည်။—မဿဲ ၁၉:၉။
၂။ (က) အိမ်ထောင်သည်မောင်နှံများအတွက် အဘယ်အကူအညီရှိသနည်း။ (ခ) အိမ်ထောင်ရေးသာယာဖို့ ကြိုးစားခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၂ အိမ်ထောင်ရေးအတိုင်ပင်ခံတစ်ဦးက ဤသို့ဆိုသည်– “သာယာသောအိမ်ထောင်တစ်ခုဟူသည် အခြေအနေအသစ်များပေါ်ပေါက်လာသည်နှင့်အမျှ ဖြစ်ပေါ်လာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသွားကာ ဘဝတစ်ကွေ့တိုင်းတွင် ရရှိနိုင်သည့် အကူအညီတို့ကို အသုံးပြုသွားရင်း အဆက်မပြတ်ပြောင်းလဲသွားရသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။” ခရစ်ယာန်မောင်နှံများအတွက် အဆိုပါအကူအညီများတွင် သမ္မာကျမ်းစာမှ ပညာရှိဆုံးမစကား၊ ခရစ်ယာန်ချင်းများထံမှ ကူညီထောက်မမှုအပြင် ဆုတောင်းခြင်းဖြင့် ယေဟောဝါနှင့်တရင်းတနှီးရှိသည့် ဆက်ဆံရေးတို့ ပါဝင်ပါသည်။ သာယာသောအိမ်ထောင်သည် တည်တံ့မြဲမြံပြီး လင်မယားတို့ကို နှစ်များတစ်လျှောက် ပျော်ရွှင်ကျေနပ်စေပါသည်။ ထိုထက်ကား အိမ်ထောင်မင်္ဂလာကိုအစပြုသူ ယေဟောဝါဘုရားသခင်အား ဂုဏ်တင်သည်။—ကမ္ဘာဦး ၂:၁၈၊ ၂၁-၂၄; ၁ ကောရိန္သု ၁၀:၃၁; ဧဖက် ၃:၁၅; ၁ သက်သာလောနိတ် ၅:၁၇။
ယေရှုနှင့် သူ၏အသင်းတော်ကို တုပလော့
၃။ (က) အိမ်ထောင်သည်မောင်နှံများအတွက် ပေါလု၏ဆုံးမစကားကို အကျဉ်းချုံးဖော်ပြပါ။ (ခ) ယေရှုသည် အဘယ်ကောင်းသောပုံသက်သေကို ချမှတ်ခဲ့သနည်း။
၃ လွန်ခဲ့သောအနှစ်နှစ်ထောင်က တမန်တော်ပေါလုသည် ခရစ်ယာန်မောင်နှံများအား ဤပညာရှိဆုံးမစကား ရေးပေးခဲ့သည်– “အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်။ အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။” (ဧဖက် ၅:၂၄၊ ၂၅) ဤတွင် အလွန်ကောင်းမွန်သည့် နှိုင်းယှဉ်ချက်များ ဖော်ပြထားသည်တကား! မိမိတို့ခင်ပွန်း၏အုပ်စိုးခြင်းကို အရာရာ၌ နှိမ့်ချစွာဝန်ခံနေကြသည့် ခရစ်ယာန်ဇနီးများသည် အသင်းတော်နည်းတူ ဦးစီးမှုမူကို အသိအမှတ်ပြုပြီး လိုက်နာစောင့်ထိန်းကြ၏။ အခွင့်သာသည့်အချိန်ဖြစ်စေ၊ ခဲယဉ်းသည့်အချိန်ဖြစ်စေ မိမိတို့၏ဇနီးသည်ကို ချစ်မြဲချစ်ကြသည့် ယုံကြည်သူခင်ပွန်းသည်များသည် အသင်းတော်ကိုချစ်မြတ်နိုးပြီး ဂရုစိုက်သည့် ခရစ်တော်၏ပုံသက်သေကို အနီးကပ်လိုက်လျှောက်နေကြကြောင်း ဖော်ပြသည်။
၄။ လင်ယောက်ျားများသည် ယေရှု၏ပုံသက်သေကို မည်သို့လိုက်လျှောက်နိုင်ကြသနည်း။
၄ ခရစ်ယာန်လင်ယောက်ျားများသည် သူတို့မိသားစုများ၏ ဦးခေါင်းဖြစ်ကြ၏၊ သို့သော် သူတို့၌လည်း ဦးခေါင်းဖြစ်သူ ယေရှုရှိသည်။ (၁ ကောရိန္သု ၁၁:၃) ထို့ကြောင့်၊ ယေရှုသည် မိမိ၏အသင်းတော်ကို ဂရုစိုက်ခဲ့သကဲ့သို့ ခင်ပွန်းသည်များသည်လည်း ကိုယ်ကျိုးစွန့်ရကြပါစေ မိမိတို့၏မိသားစုကို ဝိညာဉ်ရေးနှင့်ကာယရေးအရ ဂရုစိုက်ကြရမည်။ မိမိအကြိုက်၊ မိမိနှစ်သက်ရာတို့ထက် မိသားစု၏အကျိုးကို သူတို့ဦးစားပေးကြရမည်။ ယေရှုက “ကိုယ်၌သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ပြုကြလော့” ဟုမိန့်ဆို၏။ (မဿဲ ၇:၁၂) ထိုမူသည် အိမ်ထောင်ရေးနှင့် အထူးသက်ဆိုင်ပါသည်။ ယင်းသို့ဖြစ်သည်ကို ပေါလုက ဤသို့ပြောဆိုတင်ပြခဲ့၏– “ယောက်ျားတို့သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ . . . ကိုယ်အသားကိုမုန်းသောသူ တစ်ယောက်မျှမရှိ။ . . . မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။” (ဧဖက် ၅:၂၈၊ ၂၉) အမျိုးသားတစ်ဦးသည် မိမိကိုယ်ကို ကျွေးမွေးပြုစုသည့်နည်းတူ မိမိ၏ဇနီးသည်ကို ထပ်တူပြုသင့်သည်။
၅။ ဇနီးသည်များသည် ခရစ်ယာန်အသင်းတော်ကို မည်သို့အတုယူနိုင်သနည်း။
၅ ဘုရားတရားကြည်ညိုသော ဇနီးသည်များသည် ခရစ်ယာန်အသင်းတော်ကို စံထားကြ၏။ ယေရှု မြေကြီးပေါ်ရှိစဉ်က ကိုယ်တော်၏နောက်လိုက်များသည် မိမိတို့၏ယခင်လုပ်ငန်းများကို တလိုတလား စွန့်လွှတ်လိုက်ကြပြီး ကိုယ်တော့်နောက် လိုက်ခဲ့ကြသည်။ ကိုယ်တော်သေဆုံးပြီးနောက်တွင်လည်း ကိုယ်တော့်လက်အောက်ခံများဆက်ဖြစ်ကြသည်၊ လွန်ခဲ့သော အနှစ် ၂,၀၀၀ နီးပါးကာလအတွင်း စစ်မှန်သောခရစ်ယာန်အသင်းတော်သည် ယေရှု၏အုပ်စိုးခြင်းကို ဆက်ဝန်ခံနေကြပြီး အရာရာ၌ ကိုယ်တော်၏ဦးစီးမှုနောက် လိုက်ခဲ့ကြသည်။ ခရစ်ယာန်ဇနီးသည်များလည်း မိမိတို့၏လင်သားကို အဖက်မတန်သည့်သဘောဖြင့် မဆက်ဆံကြပါ၊ အိမ်ထောင်အတွင်း ကျမ်းစာဦးစီးမှုအစီအစဉ်ကိုလည်း အရေးမပါသကဲ့သို့ မယူမှတ်ကြပါ။ သို့အစား၊ သူတို့သည် မိမိတို့၏ခင်ပွန်းသည်ကို ထောက်မကူညီပေး၍ လက်အောက်ခံကြသည်၊ သူတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး အားပေးကြပါသည်။ လင်မယားနှစ်ဦးစလုံးသည် ထိုသို့မေတ္တာပါပါ ပြုမူဆောင်ရွက်ကြသောအခါ မိမိတို့၏အိမ်ထောင်ရေး သာယာမည်၊ နှစ်ဦးစလုံး အမှန်အားရရွှင်လန်းမည်မှာ သေချာသည်။
သူတို့နှင့်အတူ ဆက်လက်နေထိုင်ကြလော့
၆။ ပေတရုသည် လင်ယောက်ျားများအား အဘယ်သွန်သင်ချက်ပေးခဲ့သနည်း၊ ယင်းက အဘယ်ကြောင့်အရေးကြီးသနည်း။
၆ တမန်တော်ပေတရုသည်လည်း အိမ်ထောင်သည်မောင်နှံများအတွက် အကြံပြုချက်ရှိ၏၊ လင်ယောက်ျားများကို သူပြောသောစကားသည် အထူးအချက်ကျသည်။ သူဤသို့ဆိုသည်– ‘ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ သူ့ကို သာ၍အားနည်းသောတန်ဆာကဲ့သို့မှတ်လျက် ထောက်ထားညှာတာ [“အလေးထား၊” ကဘ] ကြလော့။’ (၁ ပေတရု ၃:၇၊ သမ္မာ) ပေတရုဆုံးမစကား၏ အရေးပါမှုကို ထိုအခန်းငယ်၏ အစတွင် ဖော်ပြထားသည်။ လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးသည်ကို အလေးမထားပါက ယေဟောဝါနှင့်သူ၏ဆက်ဆံရေး ကောင်းလိမ့်မည်မဟုတ်။ သူ၏ဆုတောင်းချက်များ ဆီးတားခံရလိမ့်မည်။
၇။ လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးသည်ကို မည်သို့အလေးထားသင့်သနည်း။
၇ သို့ဖြစ်၍ ခင်ပွန်းသည်များသည် မိမိတို့၏ဇနီးသည်ကို မည်သို့အလေးထားနိုင်သနည်း။ ဇနီးသည်ကိုအလေးထားခြင်းဟူသည် ဇနီးသည်ကို လေးလေးစားစား၊ သိက္ခာရှိရှိ မေတ္တာပါပါဆက်ဆံခြင်းကိုဆိုလိုသည်။ ဇနီးတစ်ဦးအား ထိုသို့ကြင်ကြင်နာနာဆက်ဆံခြင်းသည် လူအများအတွက် အထူးအဆန်းဖြစ်ပေမည်။ ဂရိပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့၏– “ရောမဥပဒေအရ အမျိုးသမီးတစ်ဦး၌ အဘယ်အခွင့်အရေးမျှမရှိချေ။ ဥပဒေအရ သူသည် ကလေးတစ်ဦးနှင့်တန်းတူဖြစ်၏။ . . . သူသည် မိမိ၏လင်သားလက်အောက် လုံးလုံးလျားလျားရှိပြီး လင်သားသနားပါမှ ချမ်းသာရမည့်အခြေအနေတွင်ရှိသည်။” ခရစ်ယာန်သွန်သင်ချက်များနှင့် အလွန်ကွာခြားလှသည်တကား! ခရစ်ယာန်လင်ယောက်ျားသည် မိမိ၏ဇနီးသည်ကို အလေးထားသည်။ လင်ယောက်ျားသည် မိမိစိတ်ကူးပေါက်ရာအတိုင်းမဟုတ်၊ ခရစ်ယာန်မူများအတိုင်း သူ၏ဇနီးနှင့်ဆက်ဆံမည်ဖြစ်သည်။ ထို့အပြင် ဇနီးသည်,သည် အားနွဲ့သောသူဖြစ်ကြောင်း ထည့်တွက်စဉ်းစားကာ “သတိပညာနှင့်လျော်စွာ” သူ့ကို ထောက်ထားညှာတာရ၏။
အဘယ်နည်းဖြင့် ‘အားနည်းသောတန်ဆာ’ ဖြစ်
၈၊ ၉။ အဘယ်နည်းများဖြင့် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူဖြစ်ကြသနည်း။
၈ အမျိုးသမီးသည် ‘အားနည်းသောတန်ဆာ’ ဖြစ်သည်ဟု ပေတရုပြောဆိုရာတွင် အမျိုးသမီးများသည် အမျိုးသားများထက် ဉာဏ်ပညာအရည်အချင်းဘက်၊ ဝိညာဉ်ရေးဘက် အားနည်းသူများဖြစ်ကြသည်ဟု မဆိုလိုခဲ့ချေ။ အသင်းတော်တွင် အမျိုးသမီးများရဖို့မမျှော်လင့်နိုင်သည့် အခွင့်ထူးများ ခရစ်ယာန်အမျိုးသားများရရှိထားကြ၏၊ မိသားစုတွင် အမျိုးသမီးများသည် မိမိတို့လင်ယောက်ျား၏အုပ်စိုးခြင်းကို ဝန်ခံကြရ၏။ (၁ ကောရိန္သု ၁၄:၃၅; ၁ တိမောသေ ၂:၁၂) သို့တိုင် အမျိုးသားများရော အမျိုးသမီးများပါ ထပ်တူ ယုံကြည်ခြင်း၊ ခံနိုင်ရည်၊ မြင့်မားသောကျင့်ဝတ်စံနှုန်းများ ရှိဖို့လိုပေသည်။ ပေတရုပြောခဲ့သည့်အတိုင်း လင်မယားနှစ်ဦးစလုံးသည် “အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံရ၍ အမွေခံရသောသူချင်း” ဖြစ်ကြ၏။ ကယ်တင်ခြင်းရရေးနှင့်စပ်လျဉ်း၍ သူတို့သည် ယေဟောဝါဘုရားသခင်ရှေ့ တန်းတူပင်ဖြစ်၏။ (ဂလာတိ ၃:၂၈) ပေတရုသည် ပထမရာစုမှ ဝိညာဉ်တော်ဖွားခရစ်ယာန်များထံ စာရေးနေခြင်းဖြစ်၏။ ထို့ကြောင့် ဇနီးသည်တို့သည် မိမိတို့နှင့် ကောင်းကင်မျှော်လင့်ချက်တူ၊ “ခရစ်တော်နှင့်အတူဘုန်းဝင်စား” မည့်သူများဖြစ်ကြောင်း သူ၏စကားများက ခရစ်ယာန်လင်ယောက်ျားတို့ကို သတိပေးနေခြင်းဖြစ်သည်။ (ရောမ ၈:၁၇) တစ်နေ့သောအခါ သူတို့နှစ်ဦးစလုံးသည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်တွင် ယဇ်ပုရောဟိတ်များနှင့် ဘုရင်များအဖြစ် အမှုဆောင်ကြရပေမည်!—ဗျာ. ၅:၁၀။
၉ ဝိညာဉ်တော်ဖွားခရစ်ယာန် ဇနီးသည်တို့သည် မိမိတို့၏ ဝိညာဉ်တော်ဖွားခရစ်ယာန် လင်ယောက်ျားထက် အဘယ်နည်းဖြင့်မျှ အဆင့်မနိမ့်ကြချေ။ မြေကြီးမျှော်လင့်ချက်ရှိသူတို့နှင့်ပတ်သက်၍လည်း မူအရ ထပ်တူပင်ဖြစ်သည်။ “လူအုပ်ကြီး” တွင်ပါဝင်သော အမျိုးသား၊ အမျိုးသမီးများသည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်၏အသွေး၌ လျှော်၍ဖြူစင်စေခဲ့ကြပြီ။ အမျိုးသားများရော အမျိုးသမီးများပါ ကမ္ဘာတစ်ဝန်း “နေ့ညမပြတ်” ယေဟောဝါအား ချီးမွမ်းထောမနာပြုနေကြ၏။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄၊ ၁၅) “မှန်သောအသက်” ကိုဝင်စားပြီး “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ၌ ပျော်မွေ့ကြရမည့်အချိန်ကို ဤအမျိုးသားများနှင့် အမျိုးသမီးများ စောင့်မျှော်နေကြပါသည်။ (ရောမ ၈:၂၁; ၁ တိမောသေ ၆:၁၉) ဝိညာဉ်တော်ဖွားဖြစ်စေ၊ အခြားသိုးဖြစ်စေ ခရစ်ယာန်အားလုံးတို့သည် “သိုးထိန်းတစ်ပါး” အောက်ရှိ “သိုးအုပ်တစ်အုပ်” တည်းတွင် ယေဟောဝါ၏အမှုတော်ကို အတူတကွထမ်းရွက်နေကြပါသည်။ (ယောဟန် ၁၀:၁၆၊ သမ္မာ) ယင်းတို့ကြောင့် ခရစ်ယာန်လင်ယောက်ျားနှင့် ဇနီးသည်တို့သည် တစ်ဦးကိုတစ်ဦး ထိုက်သင့်စွာ အလေးထားကြရန် အကြောင်းရင်းအလွန်ခိုင်လုံသည်တကား!
၁၀။ အဘယ်သဘောမျိုးဖြင့် အမျိုးသမီးများသည် ‘အားနည်းသောတန်ဆာများ’ ဖြစ်ကြသနည်း။
၁၀ သို့ဖြစ်လျှင် အမျိုးသမီးများသည် အဘယ်နည်းဖြင့် ‘အားနည်းသောတန်ဆာများ’ ဖြစ်ကြသနည်း။ အမျိုးသမီးများသည် အမျိုးသားများထက် အများအားဖြင့် သေးသွယ်ပြီး ကာယခွန်အားနည်းပါးကြသည့်အချက်ကို ပေတရု ရည်ညွှန်းနေပုံဖြစ်ရမည်။ ထို့အပြင် မစုံလင်သည့်အခြေအနေတွင် သားသမီးမွေးဖွားရသည့် အံ့ဖွယ်အခွင့်ထူးက အမျိုးသမီးများ၏ကာယခွန်အားကို ဆုတ်ယုတ်စေပါသည်။ ထို့ပြင် ကလေးရနိုင်သည့်အရွယ်ရှိ အမျိုးသမီးများသည် ပုံမှန် နာကျင်ကိုက်ခဲမှုကို ခံစားကြရပေမည်။ ဤသို့နာကျင်ကိုက်ခဲချိန်၊ ကိုယ်ဝန်ဆောင်ရ၊ ကလေးမွေးဖွားရ၍ မောပန်းနွမ်းနယ်ချိန်တို့တွင် သူတို့သည် အထူးဂရုစိုက်ပြုစုမှုနှင့် ထောက်ထားစာနာမှုတို့ အမှန်လိုအပ်သည်။ ဇနီးသည်ကို အလေးထားပြီး စိတ်ပိုင်းဆိုင်ရာထောက်မမှု သူလိုအပ်ကြောင်း အသိအမှတ်ပြုပေးသော လင်ယောက်ျားသည် အိမ်ထောင်သာယာရေးကို များစွာပြုစုပေးတတ်သည်။
ဘာသာကွဲအိမ်ထောင်တွင်
၁၁။ လင်နှင့်မယားတို့သည် သီးခြားဘာသာတရားမှဖြစ်နေလျှင်ပင် အဘယ်နည်းဖြင့် အိမ်ထောင်ရေးသာယာနိုင်သနည်း။
၁၁ သို့သော် ခြားနားသော ဘာသာရေးအမြင်များရှိကြသည့် အိမ်ထောင်ဖက်များဖြစ်နေလျှင်ကော၊ အိမ်ထောင်ပြုပြီးနောက်မှ အိမ်ထောင်ဖက်တစ်ဦးက ခရစ်ယာန်အမှန်တရားကို လက်ခံပြီး အခြားတစ်ဦးက လက်မခံခဲ့လျှင်ကော အသို့နည်း။ ထိုသို့သောအိမ်ထောင်တစ်ခုသည် သာယာနိုင်ပါမည်လော။ အတွေ့အကြုံများစွာအရ သာယာနိုင်ကြောင်းထင်ရှားသည်။ ခြားနားသော ဘာသာရေးအမြင်များရှိကြသည့် လင်မယား၏ အိမ်ထောင်ရေးသည် တည်မြဲပြီး နှစ်ဦးစလုံး ပျော်ရွှင်နိုင်ကြရာ သာယာသောအိမ်ထောင်ဖြစ်နိုင်ပါသည်။ သည့်အပြင်၊ ၎င်းအိမ်ထောင်သည် ယေဟောဝါ၏မျက်မှောက်တော်တွင် တရားဝင်ဖြစ်ဆဲရှိသည်; သူတို့သည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်ဆဲရှိ၏။ ထို့ကြောင့်၊ မယုံကြည်သောအိမ်ထောင်ဖက်သည် အတူနေလိုလျှင် ထိုသူနှင့်အတူနေထိုင်ဖို့ ခရစ်ယာန်အကြင်လင်မယားတို့အား အကြံပြုထားပါသည်။ အကယ်၍ သားသမီးများရှိမည်ဆိုလျှင် သူတို့လေးများသည် ခရစ်ယာန်မိဘ၏ တည်ကြည်မှုမှ အကျိုးကျေးဇူးခံစားကြရသည်။—၁ ကောရိန္သု ၇:၁၂-၁၄။
၁၂၊ ၁၃။ ပေတရု၏အကြံပြုချက်ကို လိုက်နာကာ ခရစ်ယာန်ဇနီးသည်များသည် မယုံကြည်သူလင်ယောက်ျားများကို မည်သို့ကူညီပေးနိုင်သနည်း။
၁၂ ပေတရုသည် ဘာသာကွဲအိမ်ထောင်အတွင်းရှိ ခရစ်ယာန်အမျိုးသမီးများအား ကြင်နာစွာ သွန်သင်ပေးသည်။ ထပ်တူအခြေအနေမျိုးတွင်ရှိ ခရစ်ယာန်လင်ယောက်ျားများလည်း သူ၏စကားများကို မူအရကျင့်သုံးနိုင်ပါသည်။ ပေတရု ဤသို့ရေးသား၏– “မိန်းမတို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်[မြွက်] တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကိုထောက်ရှု၍ မိမိမယား၏အကျင့်အားဖြင့် သွေးဆောင်လျက်အတူပါမည်အကြောင်းရှိ၏။”—၁ ပေတရု ၃:၁၊ ၂။
၁၃ ဇနီးသည်သည် မိမိလင်သားအား မိမိ၏ယုံကြည်ခြင်းအကြောင်း လိမ္မာပါးနပ်စွာ ရှင်းပြနိုင်မည်ဆိုလျှင် ကောင်း၏။ သို့သော် သူနားမထောင်လိုလျှင်ကော။ ယင်းသည် သူ၏သဘောပင်ဖြစ်သည်။ သို့တိုင် ခရစ်ယာန်အမူအကျင့်သည် အင်အားကြီးသော သက်သေခံမှုပေးသောကြောင့် မျှော်လင့်ချက်ရှိနိုင်ပါသည်။ အစတွင် စိတ်မဝင်စားခဲ့သည့် သို့မဟုတ် ဇနီးသည်၏ယုံကြည်ခြင်းကို အတိုက်အခံပင်ပြုခဲ့သည့် လင်ယောက်ျားများစွာသည် ဇနီးသည်၏အမူအကျင့်ကောင်းကို တွေ့မြင်ပြီးနောက် “ထာဝရအသက်ကို တလိုတလားရှိ” သူများဖြစ်လာကြသည်။ (တမန်တော် ၁၃:၄၈၊ ကဘ) လင်ယောက်ျားသည် ခရစ်ယာန်အမှန်တရားကို လက်မခံလျှင်ပင် ဇနီးသည်၏အမူအကျင့်ကို အလွန်သဘောကျနေတတ်ရာ အိမ်ထောင်ရေးခိုင်မြဲဖို့အကြောင်းရှိသည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဇနီးသည်၏ခင်ပွန်းက သက်သေခံများ၏ မြင့်မားသောစံနှုန်းများကို မိမိလက်လှမ်းမမီနိုင်ဟု ဝန်ခံခဲ့၏။ ထို့နောက် သတင်းစာတစ်စောင်သို့ပို့ခဲ့သော စာတစ်စောင်တွင် သူက “မိမိသည် ချစ်စရာကောင်းသောဇနီးကို ပိုင်ဆိုင်ထားရ၍ ပျော်ရွှင်နေသောလင်ယောက်ျား” ဟု ကိုယ့်ကိုယ်ကို ကင်ပွန်းတပ်လိုက်ပြီး ဇနီးသည်နှင့် သူ၏သက်သေခံမိတ်ဆွေများကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းထားသည်။
၁၄။ မယုံကြည်သူဇနီးသည်များကို လင်ယောက်ျားများက မည်သို့ကူညီပေးနိုင်သနည်း။
၁၄ အလားတူ ပေတရု၏စကားမှ မူများကို လက်တွေ့ကျင့်သုံးခဲ့ကြသည့် ခရစ်ယာန်လင်ယောက်ျားများသည် မိမိတို့၏အမူအကျင့်အားဖြင့် ဇနီးသည်များကို မိမိတို့ဘက် ပါလာစေခဲ့ကြပြီ။ မိမိတို့၏လင်ယောက်ျားများသည် တာဝန်သိတတ်လာကြသည်၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် လောင်းကစားခြင်းတို့ဖြင့် ငွေဖြုန်းတီးမှုမရှိတော့ကြောင်းနှင့် ရင့်ရင့်သီးသီး စကားမပြောဆိုကြတော့သည်ကို မယုံကြည်သူဇနီးသည်များ တွေ့လာခဲ့ကြပြီ။ ထိုအိမ်ထောင်ဖက်တချို့ဆိုလျှင် ခရစ်ယာန်အသင်းတော်မှ အခြားသူများနှင့် သိကျွမ်းလာကြပြီ။ သို့ဖြစ်၍ သူတို့သည် မေတ္တာပြည့်ဝသည့် ခရစ်ယာန်အသင်းအပင်းကို အထင်ကြီးလေးစားလာကြပြီး ညီအစ်ကိုများအကြား သူတို့တွေ့ မြင်ခဲ့ရာတို့က သူတို့ကို ယေဟောဝါထံချဉ်းကပ်စေခဲ့ပြီ။—ယောဟန် ၁၃:၃၄၊ ၃၅။
“စိတ်နှလုံး၏အတွင်းလူ”
၁၅၊ ၁၆။ ခရစ်ယာန်ဇနီးသည်၏ အဘယ်အမူအကျင့်က မယုံကြည်သူလင်ယောက်ျားအား မိမိဘက်ပါလာကောင်း ပါလာစေနိုင်သနည်း။
၁၅ အဘယ်အမူအကျင့်မျိုးက လင်ယောက်ျားကို မိမိဘက်ပါလာစေနိုင်သနည်း။ ခရစ်ယာန်အမျိုးသမီးများ ပင်ကိုသဘာဝအရ ဂရုစိုက်ပြုစုကြသည့် အမူအကျင့်မျိုးဖြစ်သည်။ ပေတရုက ဤသို့ဆိုသည်– “သင်တို့၌တန်ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင်ခြင်းမဖြစ်စေဘဲ၊ ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သောတန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏အတွင်းလူဖြစ်စေကြလော့။ ဘုရားသခင်ကိုကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို ‘သခင်’ ဟုခေါ်ဝေါ်၍ သူ၏စကားကိုနားထောင်သကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ၏သမီးဖြစ်ကြ၏။”—၁ ပေတရု ၃:၃-၆။
၁၆ ပေတရုက ခရစ်ယာန်အမျိုးသမီးအား အပြင်ပန်း ကိုယ်အသွင်အပြင်ကို အဓိကမထားရန် အကြံပြုသည်။ ယင်းအစား၊ သူ၏အတွင်းလူအပေါ် ကျမ်းစာသွန်သင်ချက်များ အကျိုးပြုသည်ကို ခင်ပွန်းသည်အား တွေ့ မြင်စေရန်အကြံပြုသည်။ လူသစ်ကို ခင်ပွန်းသည်အား တွေ့ မြင်စေပါ။ ထိုအခါ ဇနီးသည်၌ရှိခဲ့သည့် လူဟောင်းအသွင်နှင့် လူသစ်ပုံစံကို သူနှိုင်းယှဉ်ကြည့်ကောင်းကြည့်ပေမည်။ (ဧဖက် ၄:၂၂-၂၄) ဇနီးသည်၏ “နူးညံ့ငြိမ်သက်ခြင်းသဘော” သည် တစ်မူထူး၍ နှစ်သက်ဖွယ်ဖြစ်သည်ကို သူတွေ့မြင်လာမည် သေချာသည်။ ထိုစိတ်ဓာတ်ကို ခင်ပွန်းသည် သဘောကျမည်ဖြစ်သည့်အပြင် “ဘုရားသခင့်ရှေ့မှာ အဖိုးများစွာထိုက်” ၏။—ကောလောသဲ ၃:၁၂။
၁၇။ ခရစ်ယာန်ဇနီးများအတွက် စာရာသည် မည်သို့ပုံသက်သေကောင်းဖြစ်သနည်း။
၁၇ စာရာသည် စံနမူနာရှင်အဖြစ် သတ်မှတ်ခံရ၏၊ ခရစ်ယာန်ဇနီးသည်များ၏ လင်ယောက်ျားတို့သည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ သူတို့အတွက် စာရာသည် ပုံသက်သေကောင်းဖြစ်၏။ အာဗြဟံကို မိမိ၏ဦးခေါင်းအဖြစ် စာရာရှုမြင်ခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ သူ၏နှလုံးထဲ၌ပင် သူ့ကို “သခင်” ဟုခေါ်ဆိုခဲ့၏။ (ကမ္ဘာဦး ၁၈:၁၂) ထိုသို့ခေါ်ဆိုခဲ့သဖြင့် သူ သိမ်ငယ်မသွားပါ။ စာရာကိုယ်တိုင် ယေဟောဝါအား ယုံကြည်စိတ်ချမှု အပြည့်ရှိသူဖြစ်ရာ သူသည် ဝိညာဉ်ရေးခိုင်ခံ့သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားပါသည်။ အမှန်မှာ၊ ‘ကျွန်ုပ်တို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ၊ အားမလျော့ဘဲပြေး’ ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်အားပေးသည့် ယုံကြည်ခြင်းဆိုင်ရာပုံသက်သေချမှတ်ခဲ့သူ “များစွာသော သက်သေအပေါင်းတို့” တွင် စာရာသည်လည်း တစ်ဦးပါဝင်သည်။ (ဟေဗြဲ ၁၁:၁၁; ၁၂:၁) ခရစ်ယာန်ဇနီးသည်တစ်ဦး စာရာနှင့်တူခြင်းသည် သိက္ခာကျသွားသည်မဟုတ်ပါ။
၁၈။ ဘာသာကွဲအိမ်ထောင်တွင် အဘယ်မူများကို ကျင့်သုံးသင့်သနည်း။
၁၈ ဘာသာကွဲအိမ်ထောင်တွင် လင်ယောက်ျားသည် ဦးခေါင်းဖြစ်နေဆဲပင်။ သူသည် ယုံကြည်သူတစ်ဦးဖြစ်မည်ဆိုလျှင် မိမိ၏ယုံကြည်ခြင်းကို မလျှော့ပေါ့လိုက်ဘဲ မိမိဇနီး၏ယုံကြည်ချက်ကို ထည့်တွက်စဉ်းစားပေးမည်။ အကယ်၍ ဇနီးသည်က ယုံကြည်သူဖြစ်မည်ဆိုလျှင် သူသည်လည်းပဲ မိမိ၏ယုံကြည်ခြင်းကို လျှော့ပေါ့လိုက်လျောမည်မဟုတ်ချေ။ (တမန်တော် ၅:၂၉) သို့တိုင်၊ လင်ယောက်ျား၏ဦးစီးမှုကို သူဖီဆန်မည်မဟုတ်ပါ။ လင်ဖြစ်သူ၏အနေအထားကို သူအလေးထားမည်ဖြစ်ပြီး “ခင်ပွန်းသည်၏ဥပဒေ” အောက်ဝန်ခံနေမည်ဖြစ်သည်။—ရောမ ၇:၂၊ ကဘ။
သမ္မာကျမ်းစာ၏ ပညာရှိလမ်းညွှန်ချက်
၁၉။ အိမ်ထောင်ရေးနှောင်ကြိုးများကို တင်းမာစေသည့် ဖိအားပေးမှုတချို့ကား အဘယ်နည်း၊ သို့သော် ထိုသို့သော ဖိအားပေးမှုများကို မည်သို့တွန်းလှန်နိုင်သနည်း။
၁၉ ယနေ့ အိမ်ထောင်ရေးနှောင်ကြိုးကို တင်းမာစေနိုင်သည့် အရာများစွာရှိသည်။ အမျိုးသားတချို့သည် မိမိတို့တာဝန်ကို မထမ်းဆောင်ကြချေ။ အမျိုးသမီးအချို့ကလည်း မိမိလင်သား၏ဦးစီးမှုကို လက်မခံလိုကြချေ။ အိမ်ထောင်တချို့တွင် အဖော်အဖက်တစ်ဦးသည် နောက်အဖော်အဖက်တစ်ဦး၏ မတော်မတရားပြုကျင့်မှုကို ခံနေရရှာ၏။ စီးပွားရေးအကျပ်အတည်းများ၊ လူ့မစုံလင်မှုနှင့် အကျင့်ယိုယွင်းပြီး စံနှုန်းများကို တလွဲတချော်သဘောထားတတ်သည့် လောကစိတ်ဓာတ်တို့က ခရစ်ယာန်များ၏တည်ကြည်မှုကို စမ်းသပ်နိုင်သည်။ သို့တိုင်၊ အဘယ်အခြေအနေမျိုးတွင်ရှိနေပါစေ ကျမ်းစာမူအတိုင်းလိုက်လျှောက်ကြသည့် ခရစ်ယာန်အမျိုးသား၊ အမျိုးသမီးတို့သည် ယေဟောဝါ၏ကောင်းချီးခံစားကြရသည်။ အိမ်ထောင်တစ်ခုတွင် အိမ်ထောင်ဖက်တစ်ဦးတည်းကသာ ကျမ်းစာမူများကို လိုက်နာကျင့်သုံးဦးတော့ နှစ်ယောက်စလုံးမကျင့်သည်ထက်စာလျှင် ပို၍ကောင်းပါသေးသည်။ ထို့အပြင်၊ ခက်ခဲသောအခြေအနေများကြားတွင်ပင် အိမ်ထောင်ကတိကဝတ် စောင့်ထိန်းသူ ယေဟောဝါ၏ကျေးကျွန်များကို ကိုယ်တော်မေတ္တာပြပြီး ထောက်ပံ့ကူညီပေးတော်မူသည်။ သူတို့၏တည်ကြည်မှုကို ကိုယ်တော်မေ့တော်မမူချေ။—ဆာလံ ၁၈:၂၅; ဟေဗြဲ ၆:၁၀; ၁ ပေတရု ၃:၁၂။
၂၀။ ခရစ်ယာန်အားလုံးကို ပေတရု အဘယ်သို့ဆုံးမသနည်း။
၂၀ တမန်တော်ပေတရုသည် အိမ်ထောင်သည် အမျိုးသားများ၊ အမျိုးသမီးများကို အကြံပေးပြီးနောက် အားရှိသည့် ဤနွေးထွေးသောစကားများဖြင့် နိဂုံးချုပ်ခဲ့သည်– “အချုပ်အခြာစကားဟူမူကား၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့။ စိတ်ကြင်နာခြင်း၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း၊ သနားစုံမက်ခြင်း၊ စိတ်နှိမ့်ချခြင်းရှိကြလော့။ သင်တို့သည် ကောင်းချီးမင်္ဂလာကိုအမွေခံစေခြင်းအလို့ငှာ ခေါ်တော်မူသောသူဖြစ်သည်ဟုသိမှတ်၍၊ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ခြင်းကိုပြုကြလော့။” (၁ ပေတရု ၃:၈၊ ၉) အားလုံးအတွက်၊ အထူးသဖြင့် အိမ်ထောင်သည်ဇနီးမောင်နှံများအတွက် အမှန်ပင် ပညာရှိဆုံးမစကား ဖြစ်ပေသည်!
သင်မှတ်မိသလော
• ခရစ်ယာန်လင်ယောက်ျားများသည် ယေရှုကို မည်သို့အတုယူကြသနည်း။
• ခရစ်ယာန်ဇနီးသည်များသည် အသင်းတော်ကို မည်သို့အတုယူကြသနည်း။
• လင်ယောက်ျားများသည် မိမိတို့၏ဇနီးကို အဘယ်နည်းဖြင့် အလေးထားနိုင်ကြသနည်း။
• မယုံကြည်သူလင်ယောက်ျား၏ ခရစ်ယာန်ဇနီးသည်တစ်ဦးအတွက် အကောင်းဆုံးလမ်းစဉ်ကား အဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
ခရစ်ယာန်လင်ယောက်ျားတစ်ဦးသည် မိမိ၏ဇနီးကို ချစ်မြတ်နိုးကာ ဂရုစိုက်
ခရစ်ယာန်ဇနီးသည်တစ်ဦးသည် မိမိ၏လင်ယောက်ျားကို ရိုသေလေးစားပြီး ဂုဏ်တင်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ရောမဥပဒေနှင့်မတူ ခရစ်ယာန်သွန်သင်ချက်များသည် လင်ယောက်ျားအား မိမိ၏ဇနီးသည်ကို အလေးထားဖို့တောင်းဆို
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
“လူအုပ်ကြီး” တွင်ပါဝင်သူ အမျိုးသား အမျိုးသမီးများသည် ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်စောင့်စားကြ
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
စာရာသည် အာဗြဟံအား သူ၏သခင်အဖြစ် ရှုမြင်ခဲ့