မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ခက်ခဲ​သော​အခြေအနေ​များ​တွင် ဘုရားသခင့်​ပညတ်တော်​ကို ပြစ်ဒဏ်​မခံရ​ဘဲ ချိုးဖောက်​နိုင်​သည်​ဟု ရှေ့တော်​မုန့်ကို ဒါဝိဒ်​နှင့် သူ့​လူများ​စားသုံးခြင်း​က ဖော်ပြ​ပါသလော။—၁ ဓမ္မ​ရာဇဝင် ၂၁:၁-၆

ဝတ်ပြုရာ ၂၄:၅-၉ အရ၊ ဥပုသ်​နေ့တိုင်း လဲ​လိုက်ရ​သည့် ရှေ့တော်​မုန့်များ​သည် ယဇ်ပုရောဟိတ်​များ​စားဖို့​ဖြစ်သည်။ ရှေ့တော်​မုန့်ကို ယဇ်ပုရောဟိတ်​များ​စား​နိုင်​ခြင်း​နှင့်​ပတ်သက်​သည့်​မူ​မှာ ရှေ့တော်​မုန့်​သည် သန့်ရှင်း​၏၊ ဘုရားသခင့်​လုပ်ငန်းတော်​ကို​ထမ်းဆောင်သူ ယဇ်ပုရောဟိတ်​များ စား​ရန်ဖြစ်​၏။ သို့​ဖြစ်၍ ထို​မုန့်ကို သာမန်​လုပ်သား​တစ်ဦး​အား ကျွေးခြင်း၊ အပျော်​စားသုံးခြင်း​က အမှန်ပင် မှား​ပေ​သည်။ သို့ရာတွင် ရှေ့တော်​မုန့်ကို ဒါဝိဒ်​နှင့် သူ့​လူများ​အား ယူ​ကျွေး​သည့်​အခါ ယဇ်ပုရောဟိတ် အဟိမလက်​သည် မည်သည့်​အပြစ်​မျှ မပြု​ခဲ့​ပေ။

ဒါဝိဒ်​သည် ဘုရင်​ရှောလု​၏ အထူး​တာဝန်​တစ်ခု​ကို ထမ်းဆောင်​နေ​ပုံ​ရှိသည်။ ဒါဝိဒ်​နှင့် သူ့​လူများ​သည် ဆာလောင်​နေကြ၏။ သို့​ဖြစ်၍ သူတို့သည် ထုံးတမ်း​အရ သန့်ရှင်း​စင်ကြယ်​သည်​ဟု အဟိမလက်​ယူမှတ်ခဲ့​ခြင်း​ဖြစ်သည်။ ရှေ့တော်​မုန့်များ​ကို သူတို့​စားသုံးခြင်း​သည် ပညတ်တရား​နှင့်​မညီ​သော်လည်း ရှေ့တော်​မုန့်ကို​အသုံးပြုခြင်း​နှင့်​ပတ်သက်​သည့် အခြေခံ​သတ်မှတ်ချက်​နှင့်​ကား ညီညွတ်​ပေ​သည်။ ဤသို့​စဉ်းစား​ခဲ့​ခြင်း​ကြောင့် အဟိမလက်​သည် ခြွင်းချက်​ထား​၍ ခွင့်ပြု​ခဲ့​လေ​သည်။ ယေရှု​ခရစ်​ကိုယ်တော်တိုင် ဤ​အဖြစ်အပျက်​ကို ဥပမာ​ပေး​၍ ဥပုသ်​ပညတ်​ကို ဖာရိရှဲ​များ အနက်ဖွင့်ဆို​ပုံ​သည် တရားလွန်​တင်းကျပ်​၍ မ​လျော်​ကန်​ကြောင်း ဖော်ပြ​ခဲ့​သည်။—မဿဲ ၁၂:၁-၈

သို့သော် အခြေအနေ​ခက်ခဲ​လာ​လျှင် ဘုရားသခင့်​ပညတ်တော်​ကို ဖောက်ဖျက်​၍​ရသည်​ဟု အထက်ပါ​ဖြစ်ရပ်​က ဆိုလို​နေခြင်း​မဟုတ်ပါ။ သာဓက​အနေ​နှင့်၊ ဣသရေလ​စစ်သည်​များသည် ဖိလိတ္တိ​လူ​တို့​နှင့် စစ်တိုက်​နေကြ​စဉ် စိုးရိမ်ဖွယ်​အခြေအနေ​တစ်ခု ဖြစ်ပေါ်​လာ​ခဲ့​သည်။ ဘုရင်​ရှောလု​က “ငါသည် ရန်သူ​တို့​အပေါ်​တွင် လက်စားချေ​သည်​တိုင်အောင် ည​ဦး​မတိုင်မီ အစာစား​သော​သူ​တိုင်း အမင်္ဂလာ​ရှိစေ!” ဟု ကျိန်ဆို​ခဲ့​၏။ ကျမ်းစာ​က ‘ထို​နေ့၌ သူတို့သည် ဖိလိတ္တိ​လူ​တို့ကို လုပ်ကြံ​လျက်​နေခဲ့​ကြ​၏’ ဟု​ဆို​သည်။ ထို​အခါ စစ်သည်​များသည် စစ်​ပန်း​ပြီး ဆာလောင်​နေကြ​ရာ ‘တိရစ္ဆာန်​များ​ကို မြေပေါ်မှာ​သတ်​ပြီး​လျှင် အသွေး​နှင့်​တကွ စား​ကြ​၏။’ (၁ ဓမ္မ​ရာဇဝင် ၁၄:၂၄၊ ၃၁-၃၃သမ္မာ) သူတို့သည် အသွေး​နှင့်​ပတ်သက်သော ယေဟောဝါ​၏​ပညတ်တော်​ကို ဖောက်ဖျက်​ခြင်း​ဖြင့် အပြစ်ပြု​ခဲ့​ကြသည်။ ၎င်းတို့၏​လုပ်ရပ်​သည် အသွေးကို အပြစ် “ဖြေ​သော​အရာ” အဖြစ်​သာ အသုံးပြု​ရမည်​ဟူသော ဘုရားသခင်​သတ်မှတ်​ထား​ချက်​နှင့်​မညီညွတ်​ခဲ့​ချေ။ (ဝတ်ပြုရာ ၁၇:၁၀-၁၂; ကမ္ဘာဦး ၉:၃၊ ၄) ကရုဏာ​သက်​စွာ​ဖြင့် ပြစ်မှား​ခဲ့​ကြ​သူတို့​အတွက် အထူး​ပူဇော်ရာ​များ​ကို ယေဟောဝါ​လက်ခံ​တော်​မူ​ခဲ့​၏။—၁ ဓမ္မ​ရာဇဝင် ၁၄:၃၄၊ ၃၅

မှန်ပါသည်၊ အခြေအနေ​အားလုံး​တွင် ကိုယ်တော့်​ပညတ်​များ​ကို ကျွန်ုပ်​တို့အား ယေဟောဝါ​လိုက်နာ​စေ​လို​တော်​မူ​သည်။ တမန်​တော်​ယောဟန်​က “ပညတ်တော်​တို့ကို​စောင့်​ခြင်း​အရာ​သည် ဘုရားသခင်​ကို​ချစ်​ရာ​ရောက်​၏” ဟု​ဆို​သည်။—၁ ယောဟန် ၅:၃

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

တဲ​တော်​တွင် ဥပုသ်​နေ့တိုင်း ရှေ့တော်​မုန့်များ​ကို လဲ​ရ