မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဓမ္မရာဇဝင် ပထမစောင်မှ ပေါ်လွင်ချက်များ

ဓမ္မရာဇဝင် ပထမစောင်မှ ပေါ်လွင်ချက်များ

ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​သည် အသက်ရှင်​၏

ဓမ္မ​ရာဇဝင် ပထမ​စောင်​မှ ပေါ်လွင်​ချက်​များ

အချိန်​ကား ဘီ.စီ.အီး. ၁၁၁၇ ခုနှစ်​ဖြစ်၏။ ကတိထားရာပြည်​ကို ယောရှု လုံးလုံး​အနိုင်​ရ​လိုက်​ချိန်​မှ နှစ်ပေါင်း​သုံး​ရာ​ခန့် ကုန်လွန်​ခဲ့​ပေ​ပြီ။ ဣသရေလ​အသက်ကြီးသူတို့​သည် ထူးခြားသည့် တောင်းဆိုချက်​တစ်ခု​နှင့် ယေဟောဝါ​၏​ပရောဖက်​ထံ ရောက်လာ​ကြ​၏။ အဆိုပါ​ပရောဖက်​က ယင်း​ကိစ္စ​ကို ဆုတောင်း​ပြီး​ဆွေးနွေး​ရာ ယေဟောဝါ​က သူတို့​ဆွေးနွေး​ထား​သည့်​အတိုင်း ဆောင်ရွက်​ခွင့်​ပေး​လိုက်​သည်။ ယင်းသည် တရားသူကြီး​များ​အုပ်စိုး​ခဲ့​သည့်​ကာလ အဆုံးပိုင်း​နှင့် ရှင်ဘုရင်များ စတင်​အုပ်စိုး​သည့်​ခေတ်​ကို တိကျ​ပြတ်သား​စွာ​ဖော်ပြ​၏။ ဓမ္မရာဇဝင်ပထမစောင်​သည် ဣသရေလ​လူမျိုး၏ သမိုင်း​အလှည့်အပြောင်း​နှင့်​ဆိုင်​သည့် စိတ်​လှုပ်ရှား​ဖွယ် ဖြစ်ရပ်​များ​ကို ဖော်ပြ​ပေး​ပါ​သည်။

ရှမွေလ၊ နာသန်​နှင့် ဂဒ်​တို့ ရေးသားခဲ့​သည့် ဓမ္မရာဇဝင်ပထမစောင်​သည် ဘီ.စီ.အီး. ၁၁၈၀ မှ ဘီ.စီ.အီး. ၁၀၇၈ ခုနှစ်​အထိ နှစ်ပေါင်း ၁၀၂ ကာလ​ကို ငုံ​မိ​သည်။ (၁ ရာဇဝင်ချုပ် ၂၉:၂၉) ယင်းသည် ဣသရေလ​ခေါင်းဆောင်​လေးဦး​တို့၏ မှတ်တမ်း​ဖြစ်၏။ နှစ်ဦး​မှာ တရားသူကြီး​များ ဖြစ်​ကြ​ပြီး အခြား​နှစ်ဦး​မှာ ဘုရင်​များ​ဖြစ်​ကြသည်; နှစ်ဦး​မှာ ယေဟောဝါ​အား နာခံကြ​ပြီး အခြား​နှစ်ဦး​မှာ မနာခံ​ကြ​ချေ။ စံနမူနာရှင် အမျိုးသမီး​နှစ်ဦး​နှင့် ရဲရင့်​သော်လည်း နူးညံ့​သိမ်မွေ့​သည့် စစ်သည်​တစ်ဦး​တို့​အကြောင်းကိုလည်း ကျွန်ုပ်​တို့​သိရှိ​ရမည်။ ယင်း​ပုံ​နမူနာ​များသည် ဆောင်​ရမည့်၊ ရှောင်​ရမည့် သဘောထားများ၊ လုပ်ရပ်များနှင့်​ဆိုင်​သည့် အဖိုးတန်​သင်ခန်းစာများ​ပေး​သည်။ သို့​ဖြစ်၍ ဓမ္မရာဇဝင်ပထမစောင်​ပါ အကြောင်းအရာများ​သည် ကျွန်ုပ်​တို့၏​အတွေးအခေါ်​နှင့် အကျင့်အကြံ​တို့ကို တန်ခိုး​နှင့်​ပြုပြင်ပေး​နိုင်​ပါ​သည်။—ဟေဗြဲ ၄:၁၂

ဧလိ​၏​တရားသူကြီး​ရာထူးကို ရှမွေလ​ဆက်ခံ

(၁ ဓမ္မ​ရာဇဝင် ၁:၁–၇:၁၇)

စုသိမ်း​ပွဲခံချိန်​ဖြစ်​ရာ ရာ​မ​မြို့တွင်​နေထိုင်​သည့် ဟန္န​သည် အလွန်​ပျော်ရွှင်​နေ​၏။ * သူ၏​ဆုတောင်းချက်​ကို ယေဟောဝါ နားညောင်း​ပေး​တော်​မူ​ခဲ့​သဖြင့် သားလေး​တစ်ယောက်​မွေးဖွား​ရသည်။ မိမိ​ကတိပြု​ထား​သည့်​အတိုင်း ဆောင်ရွက်ရန် ဟန္န​သည် သား ရှမွေလ​အား “ယေဟောဝါ​၏​အိမ်တော်” ၌ အမှုထမ်း​စေ​လေ​သည်။ ထို​တွင် ယင်းက​လေး​ငယ်​သည် “ယဇ်ပုရောဟိတ်​ဧလိ​ရှေ့တွင် ယေဟောဝါ​၏​အမှုတော်​ဆောင်” ဖြစ်လာ​၏။ (၁ ဓမ္မ​ရာဇဝင် ၁:၂၄; ၂:၁၁က​ဘ) ရှမွေလ အသက်​နုနယ်​သေး​ချိန်​၌​ပင် ဧလိ​၏​မိသားစု​အပေါ် တရား​စီရင်ချက်​ပြောကြား​ရန် သူ့ကို ယေဟောဝါ​မိန့်တော်မူ​လေ​သည်။ ရှမွေလ ကြီးပြင်း​လာသော​အခါ ဣသရေလလူ​အပေါင်းတို့သည် သူ့​အား ယေဟောဝါ​၏​ပရောဖက်​အဖြစ် အသိအမှတ်ပြု​ကြ​ကုန်​၏။

အချိန်တန်သော် ဖိလိတ္တိ​လူတို့သည် ဣသရေလ​နိုင်ငံ​ကို စစ်တိုက်​ရန် ရောက်လာ​ကြ​၏။ သူတို့သည် သေတ္တာတော်​ကို သိမ်းယူ​လိုက်ပြီး ဧလိ​၏​သား​နှစ်ဦး​ကို သတ်ပစ်လိုက်​ကြသည်။ “ဣသရေလ​အမျိုး​ကို အနှစ်​လေးဆယ်​အုပ်စိုး” ခဲ့​သူ သက်​ကျား​အို ဧလိ​သည် ထို​သတင်းကို​ကြား​သောအခါ သေဆုံး​သွား​၏။ (၁ ဓမ္မ​ရာဇဝင် ၄:၁၈) သေတ္တာတော်​ကို သိမ်းပိုက်​ထားခြင်း​က ဖိလိတ္တိ​လူ​တို့အတွက် ဆိုးကျိုး​ဖြစ်စေ​ခဲ့​ရာ ၎င်း​သေတ္တာတော်​ကို ဣသရေလလူ​တို့​ထံ ပြန်ပို့​ပေး​လေ​သည်။ ယခု ဣသရေလ​နိုင်ငံ​ကို ရှမွေလ​အုပ်စိုး​နေပြီ​ဖြစ်​ရာ နိုင်ငံ​မှာ​အေးချမ်း​နေ​လေ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၂:၁၀—ဣသရေလ​နိုင်ငံ​တွင် ရှင်ဘုရင်​မရှိ​လျက်​နှင့် ယေဟောဝါ​သည် “ရှင်ဘုရင်​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ” ရန် ဟန္န အဘယ်ကြောင့်​ဆုတောင်း​ခဲ့​ရသနည်း။ ဣသရေလ​လူမျိုး​တွင် ရှင်ဘုရင်​ရှိ​လိမ့်​မည်​ကို မောရှေ​ပညတ်​တွင် ကြို​ဟောထား​၏။ (တရားဟောရာ ၁၇:၁၄-၁၈) ယာကုပ်​သေဆုံး​ခါနီး​တွင် ဤသို့​ပရောဖက်ပြု​ခဲ့​၏– ‘ရာဇ​လှံတံ [ရာဇ​အာဏာ​ရှိသည့် အမှတ်လက္ခဏာ] သည် ယုဒ​ထံ​မှ မ​ရွေ့​ရ။’ (ကမ္ဘာဦး ၄၉:၁၀) ထို့​အပြင်၊ ဣသရေလ​လူမျိုး​တို့၏ ဘေးမ စာရာ​နှင့်​စပ်လျဉ်း၍ ယေဟောဝါ ဤသို့​မိန့်တော်မူ​ခဲ့​သည်– “သူ၏​အမျိုးအနွယ်​၌​လည်း အပြည်ပြည်​သော​ရှင်ဘုရင် ဖြစ်​ရ​ကြလိမ့်မည်။” (ကမ္ဘာဦး ၁၇:၁၆) ထို့​ကြောင့် ဟန္န​သည် မင်းလောင်း​တစ်ပါး​အတွက် ဆုတောင်း​နေခြင်း​ဖြစ်သည်။

၃:၃—ရှမွေလ​သည် အသန့်ရှင်းဆုံး​ဌာန​ထဲ​တွင် အမှန်တကယ် အိပ်ခဲ့​သလော။ မ​အိပ်ပျော်​ခဲ့​ပါ။ ရှမွေလ​သည် ယဇ်ပုရောဟိတ်​မဟုတ်သည့် ကော​ဟ​တ်​အမျိုးအနွယ်​မှ လေဝိ​သား​တစ်ဦး​ဖြစ်သည်။ (၁ ရာဇဝင်ချုပ် ၆:၃၃-၃၈) သို့​ဖြစ်၍ သူသည် ‘အထဲ​သို့​ဝင်၍ သန့်ရှင်းသော​အရာများ​ကို ကြည့်’ ခွင့်​မရှိပေ။ (တောလည်ရာ ၄:၁၇-၂၀သမ္မာ) တဲ​တော်​ရင်ပြင်​ထဲ​တွင်​သာ ရှမွေလ ဝင်ထွက်​သွားလာ​ခွင့်​ရှိသည်။ ထို​နေရာတွင် သူ​အိပ်စက်​ခဲ့​ရ​ပေမည်။ ဧလိ​သည်လည်း ရင်ပြင်​အတွင်း တစ်​နေရာ​ရာ​တွင် အိပ်စက်​ခဲ့​ပုံ​ရှိ​မည်။ “ဘုရားသခင်​၏​သေတ္တာတော်​ရှိရာ” နေရာ​ဟူသော​အသုံးအနှုန်း​က တဲ​တော်​ဧရိယာ​ကို ရည်ညွှန်း​ကြောင်း ထင်ရှား​၏။

၇:၇-၉၊ ၁၇—ယဇ်ကောင်​များ​ကို ယေဟောဝါ​ရွေးချယ်​ထား​သည့်​နေရာ၌​သာ ပုံမှန်​ပူဇော်​ရမည်​ဖြစ်​လျက်​နှင့် ရှမွေလ​သည် မိဇပါ​မြို့တွင် မီးရှို့​ရာ​ယဇ်ကို ပူဇော်​ခဲ့​ခြင်း၊ ရာ​မ​မြို့တွင် ယဇ်ပလ္လင်ကို တည်ဆောက်​ခဲ့​ခြင်း​တို့​က အဘယ်ကြောင့်​နည်း။ (တရားဟောရာ ၁၂:၄-၇၊ ၁၃၊ ၁၄; ယောရှု ၂၂:၁၉) မြင့်မြတ်​သည့်​သေတ္တာတော်​ကို ရှိလော​မြို့ရှိ တဲ​တော်​မှ ပြောင်းရွှေ့​ခဲ့​ပြီး​နောက်ပိုင်း ယေဟောဝါ​တည်ရှိမှု​ကို ထို​တွင် မ​တွေ့ရ​တော့​ပေ။ ထို့​ကြောင့် ဘုရားသခင်​၏​ကိုယ်စားလှယ်​အနေ​နှင့် ရှမွေလ​သည် မိဇပါ​မြို့တွင် မီးရှို့​ရာ​ယဇ်ကို​ပူဇော်​ခဲ့​ရခြင်း၊ ရာ​မ​မြို့၌​လည်း ယဇ်​ပလ္လင်​တည်ဆောက်​ခဲ့​ရခြင်း​ဖြစ်သည်။ ယင်း​လုပ်ရပ်များ​ကို ယေဟောဝါ​နှစ်သက်​လက်ခံ​ကြောင်း ထင်ရှား​၏။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁:၁၁၊ ၁၂၊ ၂၁-၂၃; ၂:၁၉အမြဲ​ဆုတောင်း​တတ်​သည့် ဟန္န​၏​သဘောထား၊ သူ၏​နှိမ့်ချမှု၊ ယေဟောဝါ​၏​သနား​ကြင်နာ​မှု​ကို သူ​လေးမြတ်ခြင်း​နှင့် မိခင်​မေတ္တာကို သူ​အမြဲ​ပြ​ခဲ့​ခြင်း​တို့သည် ဘုရားသခင်​အား​ကြောက်ရွံ့​သူ အမျိုးသမီး​တိုင်း​အတွက် စံနမူနာ​ဖြစ်သည်။

၁:၈အခြား​သူများကို အားပေး​စကားပြော​ဆို​ရာ​တွင် ဧလကာန​သည် အလွန်​ကောင်းသော ပုံသက်သေ​ပြ​ခဲ့​သည်! (ယောဘ ၁၆:၅) သူသည် စိတ်ဓာတ်ကျ​နေသည့် ဟန္န​အား “အဘယ်ကြောင့် စိတ်​ညှိုးငယ်​သနည်း” ဟူ၍ အပြစ်တင်​ဝေဖန်ခြင်း​မရှိဘဲ ဦးဆုံး​မေးမြန်းခဲ့​သည်။ ယင်းကြောင့် ဟန္န​သည် သူ၏​ခံစားချက်​များ​ကို ဖွင့်ဟ​ပြောဆို​လိုက်ခြင်း​ဖြစ်သည်။ ထို့နောက် ဧလကာန​သည် သူ့​အား “သား​တစ်ကျိပ်​ထက် သင်၌​ငါ​သာ၍​ကောင်း​သည်မဟုတ်​လော” ဟု​ပြောဆို​၍ သူ့ကို မိမိ​မြတ်နိုး​ကြောင်း စိတ်ချ​စေ​ခဲ့​၏။

၂:၂၆; ၃:၅-၈၊ ၁၅၊ ၁၉ဘုရားသခင်​အပ်နှင်း​ထား​သည့်​လုပ်ငန်း​ကို ဝီရိယ​ရှိ​ရှိ ဆောင်ရွက်ခြင်း၊ အခွင့်ကောင်း​ယူပြီး ဝိညာဉ်​ရေးလေ့​ကျင့်​မှု​ခံယူ​ခြင်း၊ ယဉ်ကျေး​၍ ရိုသေသမှု​ပြု​တတ်​ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့ “မျက်နှာ​ရ” သူများ​ဖြစ်လာ​နိုင်​ကြ​၏။

၄:၃၊ ၄၊ ၁၀ပဋိညာဉ်​သေတ္တာတော်​တ​မျှ သန့်ရှင်း​မြင့်မြတ်​သည့် အရာဝတ္ထု​တစ်ခု​ပင် အကာအကွယ်​ပေး​နိုင်သော အဆောင်​လက်ဖွဲ့ မဖြစ်ခဲ့​ပေ။ ကျွန်ုပ်​တို့သည် ‘[အရုပ်] များ​မှ မိမိတို့​ကိုယ်ကို​စောင့်ထိန်း​ကြ’ ရမည်။—၁ ယောဟန် ၅:၂၁သမ္မာ။

ဣသရေလ​နိုင်ငံ​၏ ဦးဆုံး​ရှင်ဘုရင်—အောင်မြင်သူ​လော၊ ရှုံးနိမ့်​သူ​လော

(၁ ဓမ္မ​ရာဇဝင် ၈:၁–၁၅:၃၅)

ရှမွေလ​သည် သူ့​ဘဝ​တစ်လျှောက်​လုံး ယေဟောဝါ​အပေါ် တည်ကြည်သူ​ဖြစ်သော်လည်း သူ၏​သားများ​မှာ​မူ ဘုရားသခင့်​လမ်းစဉ်​အတိုင်း မလျှောက်​လှမ်း​ခဲ့​ကြ​ချေ။ ဣသရေလ​အသက်ကြီးသူ​များ​က ရှင်ဘုရင်​တစ်ပါး တောင်းဆို​သောအခါ ယေဟောဝါ ခွင့်ပြု​သည်။ ထို​အခါ ရှမွေလ​သည် ယေဟောဝါ​၏​ညွှန်ကြားချက်​ကို လိုက်နာ​ကာ ရုပ်ရည်​ချောမော​သည့် ဗင်ယာမိန်​အမျိုး ရှောလု​ကို ဘုရင်​မြှောက်​ရန် ဆီ​သွန်းလောင်းခဲ့​သည်။ ရှောလုသည် အမ္မုန်​လူမျိုး​ကို စစ်​တိုက်၍​နိုင်​ခြင်း​ဖြင့် မိမိ၏​ဘုရင်​ရာထူးကို ပို​ခိုင်ခံ့​စေ​သည်။

ရှောလု​၏ ရဲစွမ်းသတ္တိ​ရှိသော​သား ယောနသန်​သည် ဖိလိတ္တိ​တပ်​တစ်တပ်​ကို အနိုင်​ရ၏။ ထို​အခါ ဖိလိတ္တိ​လူတို့သည် ဧရာမ​စစ်တပ်​ကြီး​ဖြင့် ဣသရေလ​လူမျိုး​ကို စစ်တိုက်​ရန် ရောက်လာ​ကြ​၏။ ဤ​တွင် ရှောလုသည် ကြောက်လန့်​ပြီး မီးရှို့​ရာ​ယဇ်ကို နာခံမှု​ကင်းမဲ့​စွာ ကိုယ်တိုင်​ပူဇော်​လိုက်​သည်။ ရဲစွမ်းသတ္တိ​ရှိသော ယောနသန်​မူ သူ၏​လက်နက်​ဆောင်​လုလင်​ကို​သာ ခေါ်သွား​ပြီး အခြား​ဖိလိတ္တိ​တပ်​တစ်တပ်​ကို တိုက်ခိုက်​လေ​သည်။ သို့ရာတွင် ရှောလု​၏ မဆင်မခြင်​ပြု​သည့် ကျိန်ဆို​မှု​က အောင်နိုင်​စွမ်း​ကို ပျော့​ညံ့​သွား​စေ​သည်။ ရှောလုသည် ရန်သူ​အပေါင်း​တို့ကို​စစ်​တိုက်၍ စစ်ချီ​လေ​ရာ​ရာ​၌ “အောင်​လေ​၏။” (၁ ဓမ္မ​ရာဇဝင် ၁၄:၄၇) သို့သော် အာမလက်​လူမျိုး​ကို အနိုင်​ရပြီး​နောက် ‘ရှင်းရှင်း​ဖျက်ဆီး’ ရမည့်​အရာ​ကို မဖျက်ဆီး​ခြင်း​ဖြင့် ယေဟောဝါ​၏​အမိန့်​ကို သူ​မနာခံ​ခဲ့​ချေ။ (ဝတ်ပြုရာ ၂၇:၂၈၊ ၂၉) ယင်းကြောင့် ယေဟောဝါ​သည် ရှောလု​အား ဘုရင်​အဖြစ်​မှ ပယ်​လိုက်​လေ​သည်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၉:၉—“ပရောဖက်​ဟူ၍ ယခု​ခေါ်ဝေါ်​သော​သူကို ရှေး​ကာလ​၌ မြင်​သော​သူ” ဟု​သုံးနှုန်းခြင်း​က အဘယ်​အထူး​အဓိပ္ပာယ်​ရှိ​သနည်း။ ရှမွေလ​ခေတ်​နှင့် ဣသရေလ​ဘုရင်​များ​ခေတ်​အတွင်း ပရောဖက်​များ ပို​ပေါ်လွင်​ထင်ရှား​လာ​သည့်​အခါ “ပရောဖက်” ဟူသော အသုံးအနှုန်း​အစား “မြင်​သော​သူ” ဟူ​သည့်​စကားလုံး​ကို အစားထိုး​အသုံးပြု​ခဲ့​ကြောင်း အဆိုပါ​စကား​များ​က ဖော်ပြ​ပုံ​ရှိသည်။ ရှမွေလ​သည် ပရောဖက်​မျိုးရိုး​တွင် အဦးဆုံး​ဖြစ်သည်ဟု ယူမှတ်​ကြ​၏။—တမန်​တော် ၃:၂၄

၁၄:၂၄-၃၂၊ ၄၄၊ ၄၅—ယောနသန်​သည် ရှောလု​၏​ကျိန်ဆို​ချက်​ကို ဖောက်ဖျက်​၍ ပျားရည်​စားသုံး​မိ​သည့်​အတွက် ဘုရားသခင့်​မျက်နှာသာ ဆုံးရှုံး​သလော။ ဤ​လုပ်ရပ်​ကြောင့် ယောနသန်​သည် ဘုရားသခင့်​မျက်နှာသာ ဆုံးရှုံး​သွား​ပုံ​မရ​ပေ။ ဦးဆုံး​အနေ​နှင့် ယောနသန်​သည် ဖခင်​ကျိန်ဆို​ထား​ကြောင်းကို လုံးဝ​မသိ​ရှိခဲ့​ချေ။ ထို့​အပြင် မှားယွင်းသော​ဇွဲ​နှင့်​ဖြစ်စေ၊ မင်း​အာဏာကို တလွဲ​ရှုမြင်​၍​ဖြစ်စေ ပြု​ခဲ့​သော ထို​ကျိန်ဆို​ချက်​သည် လူ​တို့အတွက် အခက်အခဲ​ဖြစ်​ခဲ့​၏။ ထိုသို့​သော​ကျိန်ဆို​ချက်​မျိုး​သည် ဘုရားသခင့်​မျက်နှာသာ​နှင့် မည်သို့​တွေ့​နိုင်​ပါ​မည်​နည်း။ ယောနသန်​သည် ထို​ကျိန်ဆို​ချက်​ကို​ချိုးဖောက်​မိ​သည့်​အတွက် အပြစ်ဒဏ်​ခံ​ဖို့ အသင့်ရှိ​သော်လည်း အသက်ဘေး​နှင့်​လွတ်​ခဲ့​သည်။

၁၅:၆—ကေနိ​အမျိုးသား​တို့ကို ရှောလု အဘယ်ကြောင့် အထူး​ထောက်ထား​စာနာ​ခဲ့​သနည်း။ ကေနိ​အမျိုးသား​တို့သည် မောရှေ​ယောက္ခမ​၏ သားများ​ဖြစ်​ကြ​၏။ သိနာ​တောင်​မှ ဣသရေလ​လူမျိုး ထွက်ခွာ​ချိန်​တွင် သူတို့​ကူညီပေး​ခဲ့​ကြသည်။ (တောလည်ရာ ၁၀:၂၉-၃၂) ထို့​အပြင် ကေနိ​အမျိုးသား​တို့သည် ခါ​နာ​န်​ပြည်​တွင် ယုဒ​၏​သားများ​နှင့်အတူ အတန်ကြာ နေထိုင်ခဲ့​သေး​၏။ (တရားသူကြီး ၁:၁၆) နောက်ပိုင်း​တွင် ကေနိ​အမျိုးသား​တို့သည် အာမလက်​လူမျိုး​နှင့် အခြား​လူမျိုး​တို့​ကြား ရောနှော​နေထိုင်ခဲ့​ကြသော်လည်း ဣသရေလလူ​တို့​နှင့် ရင်းနှီးမှု ဆက်​ရှိခဲ့​ကြ​၏။ ယင်းကြောင့် ရှောလုသည် ကေနိ​အမျိုးသား​တို့ကို အသက်ချမ်းသာ​ပေး​ခဲ့​ရခြင်း​ဖြစ်သည်။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၉:၂၁; ၁၀:၂၂၊ ၂၇ရှောလု ရှင်ဘုရင်​ဖြစ်​ခါ​စ​တွင် သူ၏​မင်းရိုက်ရာ​ကို ‘အသုံးမကျ​သော​သူ’ တချို့ လက်မခံကြ​သောအခါ သူ၌​ရှိခဲ့​သည့် ကျိုးနွံ​မှု​နှင့် နှိမ့်ချမှု​တို့​က သူ့​အား မိုက်မဲ​စွာ​မပြုမူ​မိ​စေရန် ကာကွယ်​ပေး​ခဲ့​သည်။ ထိုသို့​သော​စိတ်ထား​သည် အဆင်​အ​ခြင်​မဲ့​သော လုပ်ရပ်များ​မှ အမှန်ပင် ကာကွယ်​ပေး​ပါ​သည်!

၁၂:၂၀၊ ၂၁သမ္မာ။ “အချည်းနှီး​ဖြစ်သော​အရာများ” အစ​ရှိသည့် လူကို​ကိုးစားခြင်း၊ နိုင်​ငံ့​တိုက်ခိုက်​အင်အား​ကို အားထားခြင်း၊ ရုပ်ပုံ​ကိုးကွယ်​ခြင်း​တို့​ကြောင့် ယေဟောဝါ​အား​ဝတ်ပြုခြင်း​မှ သွေဖည်​မသွား​ပါ​နှင့်။

၁၂:၂၄ [သမ္မာ]။ ယေဟောဝါ​အား ကြောက်ရွံ့​ရိုသေ​သော​စိတ် ဆက်​ရှိနေ​စေရန်၊ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ဝတ်ပြု​နေ​ရန် သော့ချက်​မှာ ကိုယ်တော်​၏​လူမျိုး​အတွက် ရှေး​အချိန်​နှင့် ယခု​ခေတ်တွင် “အဘယ်မျှ​လောက်​ကြီးသော အမှုအရာ​ပြု​တော်​မူ​သည်ကို ထောက်ရှု” ခြင်း​ဖြစ်သည်။

၁၃:၁၀-၁၄; ၁၅:၂၂-၂၅၊ ၃၀နာခံမှု​မရှိသည့် လုပ်ရပ်များ​ပြုခြင်း၊ မာန​ထောင်လွှား​သော​သဘောထား ပြ​ခြင်း​တို့​ဖြင့် ရောင့်တက်မှု​ကို သတိပြု​ရှောင်ရှားပါ​လေ။—သု. ၁၁:၂

မင်းရိုက်ရာ​ခံယူ​ရန် သိုး​ကျောင်းသား​လေး​ကို ရွေးချယ်​ခဲ့

(၁ ဓမ္မ​ရာဇဝင် ၁၆:၁–၃၁:၁၃)

ရှမွေလ​သည် ယုဒ​အနွယ်​မှ​ဖြစ်သူ ဒါဝိဒ်​ကို မင်းလောင်း​အဖြစ် ဆီ​သွန်းလောင်းခဲ့​လေ​သည်။ ထိုသို့​ပြုပြီး မကြာမီ ဒါဝိဒ်​သည် ဖိလိတ္တိ လူ့​ဘီလူးကြီး ဂေါလျတ်​ကို လောက်​စာလုံး​လေး​တစ်လုံး​ဖြင့် ပစ်သတ်​လိုက်​၏။ ထို့နောက် ဒါဝိဒ်​နှင့် ယောနသန်​တို့သည် အလွန်​ရင်းနှီး​ချစ်ခင်​လာ​ကြ​၏။ ရှောလုသည် ဒါဝိဒ်​အား မိမိ၏​စစ်သည်​တို့ကို အုပ်ချုပ်​စေ​သည်။ ဒါဝိဒ်​သည် အောင်ပွဲ​များစွာ​ခံ​ခဲ့​သည့်​အတွက် ဣသရေလ​အမျိုးသမီးများ​က “ရှောလု​အ​ထောင်​ထောင်၊ ဒါဝိဒ်​အသောင်းသောင်း သတ်​လေ​စွ​တကား” ဟု​သီချင်းဆို​ကြ​၏။ (၁ ဓမ္မ​ရာဇဝင် ၁၈:၇) ထို​အခါ ရှောလုသည် အလွန်အမင်း​မနာလို​ဖြစ်​ပြီး ဒါဝိဒ်​ကို သတ်​ဖို့ ရှာကြံ​တော့​သည်။ သုံးကြိမ်​တိုင် ရှောလု​၏​ရန်မူခြင်း​ကို​ခံရ​ပြီး​နောက် ဒါဝိဒ်​သည် ထွက်ပြေး​တိမ်းရှောင်​နေရ​ရာ ဝရမ်းပြေး​ဘဝ​ရောက်သွား​လေ​သည်။

ဒါဝိဒ် ဝရမ်းပြေး​ဘဝ​ရောက်နေ​စဉ်​အတွင်း ရှောလု​ကို နှစ်ကြိမ်​တိုင်တိုင် အသက်ချမ်းသာ​ပေး​ခဲ့​၏။ နောက်ဆုံး လှပသော အဘိဂဲလ​နှင့် ဒါဝိဒ်​တွေ့ဆုံ​ကာ သူနှင့်​ထိမ်းမြား​လိုက်​လေ​သည်။ ဖိလိတ္တိ​လူမျိုး​သည် ဣသရေလ​လူမျိုး​ကို စစ်တိုက်​ရန် ရောက်လာသော​အခါ ယေဟောဝါ​အား ရှောလု​စုံစမ်း​မေးမြန်း​လေ​သည်။ သို့သော် ယေဟောဝါ​သည် ရှောလု​ကို စွန့်ပစ်​ထား​လေ​ပြီ။ ရှမွေလလည်း သေဆုံး​သွားပြီ​ဖြစ်သည်။ အလွန်​ဗျာများ​နေသော ရှောလုသည် နတ်ဝင်​သည်​တစ်ဦးထံ စုံစမ်း​မေးမြန်း​လိုက်​ရာ ဖိလိတ္တိ​လူ​တို့​နှင့်​စစ်တိုက်​စဉ် သူ​အသတ်ခံရ​လိမ့်​မည်​ဟု​သာ ကြားသိ​ရ၏။ စစ်​ဆင်နွှဲ​စဉ် ရှောလုသည် ဒဏ်ရာ​ပြင်းထန်​စွာ​ရရှိ​ကာ သူ၏​သားများ​ပါ အသတ်ခံရ​၏။ ရှောလုသည် ရှုံးနိမ့်​သူ​တစ်ဦး​အဖြစ် သေဆုံး​သွားခြင်း​ဖြင့် မှတ်တမ်း​ကို နိဂုံး​ချုပ်​ထား​သည်။ ဒါဝိဒ်​ခမျာ ပုန်းရှောင်​နေရ​ဆဲ​ပင်။

ကျမ်းစာ​မေးခွန်းများ အဖြေ–

၁၆:၁၄—အဘယ်​ဝိညာဉ်​ဆိုး​က ရှောလု​အား ခြိမ်းခြောက်​ခဲ့​သနည်း။ ရှောလု စိတ်​မငြိမ်မသက်​ဖြစ်​ရခြင်း​သည် သူ့ကို​အပြစ်ပြု​ရန် တိုက်တွန်း​သည့် သူ၏​အတွင်းရှိ ဆိုးသော​ဝိညာဉ် သို့​မဟုတ် သူ၏​စိတ်နှလုံး​အကြံအစည်​ဆိုး​ဖြစ်သည်။ ယေဟောဝါ​သည် မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်​ကို ရုပ်သိမ်း​လိုက်​သောအခါ ယင်း​၏​ကာကွယ်​စောင့်ရှောက်မှု​ကို ရှောလု​မခံရ​တော့​သဖြင့် မိမိ၏​ဆိုးသော​ဝိညာဉ်​၏ လွှမ်းမိုးမှုကို ခံရ​လေ​သည်။ ယေဟောဝါ​သည် မိမိ၏​သန့်ရှင်းသော​ဝိညာဉ်​တော်​အစား ထို​ဝိညာဉ်​ကို​ကိန်းအောင်း​ခွင့်ပြု​လိုက်​ရာ ဤ​ဆိုးသော​ဝိညာဉ်​ကို ‘ယေဟောဝါ​ထံ​တော်​မှ ဆိုးသော​ဝိညာဉ်’ ဟု ခေါ်​နိုင်​သည်။

၁၇:၅၅-၅၈၁ ဓမ္မ​ရာဇဝင် ၁၆:၁၇-၂၃ ကို​ထောက်ရှု၍ ဒါဝိဒ်​အား မည်သူ​၏​သား​ဖြစ်သနည်း​ဟု ရှောလု​အဘယ်ကြောင့် မေးမြန်းခဲ့​ရသနည်း။ ရှောလုသည် ဒါဝိဒ်​ဖခင်​၏​အမည်​ကို မေး​ရုံ​မေး​ခြင်း​မဟုတ်​ချေ။ သူသိ​ကောင်း​သိ​လို​နေ​မည်​မှာ လူ့​ဘီလူးကြီး​ကို သတ်ပစ်​နိုင်​သည့် အံ့သြ​ရ​လောက်​အောင် စွမ်းဆောင်မှု​ကို​ပြု​ခဲ့​သူ လူငယ်လေး​၏​ဖခင်​သည် အဘယ်​လူစားမျိုး​နည်း​ဟူ၍​ဖြစ်၏။

ကျွန်ုပ်​တို့အတွက် သင်ခန်းစာ–

၁၆:၆၊ ၇။ အခြား​သူတို့၏ အပြင်ပန်း​အသွင်အပြင်​ကို အထင်ကြီး​မည့်​အစား သို့​မဟုတ် သူတို့ကို အဆောတလျင် အကဲဖြတ်​ဝေဖန်​မည့်​အစား သူတို့ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ ရှုမြင်​တတ်​ဖို့ ကြိုးစား​ရမည်။

၁၇:၄၇-၅၀‘ယေဟောဝါ​သည် စစ်မှု​ကို​ပိုင်’ သောကြောင့် ကျွန်ုပ်​တို့သည် ဂေါလျတ်​ကဲ့သို့​သော ရန်သူကြီး​များ​၏ ဆန့်ကျင်မှု သို့​မဟုတ် နှိပ်စက်​ညှဉ်းပန်းမှု​တို့ကို ရဲရင့်စွာ ရင်ဆိုင်​နိုင်​ကြ​ပါ​သည်။

၁၈:၁၊ ၃; ၂၀:၄၁၊ ၄၂ယေဟောဝါ​အား ချစ်​မြတ်နိုးသူတို့တွင် မိတ်ဆွေစစ်​မိတ်ဆွေ​မှန်​များ တွေ့ရှိ​နိုင်​သည်။

၂၁:၁၂၊ ၁၃ကျွန်ုပ်​တို့၏​ဘဝတွင် ခက်ခဲ​သော​အခြေအနေ​များ​ကို ရင်ဆိုင်​ဖြေရှင်းရန် ကျွန်ုပ်​တို့၏​ဉာဏ်ရည်​ဉာဏ်စွမ်း​နှင့် အရည်အချင်းများ​ကို အသုံးပြု​ဖို့ ယေဟောဝါ မျှော်လင့်​တော်​မူ​၏။ ကိုယ်တော်​သည် ကျွန်ုပ်​တို့အား သမ္မာကျမ်းစာ ပေးအပ်​ထားပြီ​ဖြစ်​ရာ ယင်းက ဉာဏ်​အမြော်အမြင်၊ အသိပညာနှင့် တွေးခေါ်​နိုင်စွမ်း​တို့ကို ရရှိစေ​သည်။ (သု. ၁:၄) ထို့​အပြင် ခန့်အပ်​ခံ ခရစ်ယာန်​အကြီးအကဲ​များ​၏ အကူအညီကို​လည်း ကျွန်ုပ်​တို့​ရရှိ​ထား​ကြ​၏။

၂၄:၆; ၂၆:၁၁ယေဟောဝါ​၏​ဝိညာဉ်​တော်​ဖွား​တို့အား အမှန်တကယ်​ရိုသေ​လေးစားမှု​ပြ​သည့် စံနမူနာ​ကောင်း​ကို ဒါဝိဒ် ပြသ​ခဲ့​သည်​တကား!

၂၅:၂၃-၃၃အဘိဂဲလ​၏ စဉ်းစား​ချင့်ချိန်​တတ်​မှု​သည် စံနမူနာ​ကောင်း​ပင်။

၂၈:၈-၁၉နာမ်ဝိညာဉ်​ဆိုး​များသည် လူ​တို့ကို ရန်မူ​ရန် သို့​မဟုတ် လှည့်ဖြား​ရန် ကြိုးစား​ကြ​ရာ​တွင် လူသေများ​အဖြစ် ဟန်ဆောင်​နိုင်၏။ နတ်ဆိုး​အတတ်ပညာ​ရှိရှိသမျှကို ကျွန်ုပ်​တို့ ဝေးဝေးရှောင်​ရမည်။—တရားဟောရာ ၁၈:၁၀-၁၂

၃၀:၂၃၊ ၂၄။ တောလည်ရာ ၃၁:၂၇ အပေါ် အခြေပြု​သည့် ဤ​ဆုံးဖြတ်ချက်​က အသင်းတော်တွင် အထောက်အကူ​ပြု​ကဏ္ဍ​များ​၌ ပါဝင်​အမှုဆောင်​နေကြ​သူတို့ကို ယေဟောဝါ တန်ဖိုး​ထား​ကြောင်း ဖော်ပြ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် အဘယ်အရာကို​ပဲ​လုပ်ဆောင်နေ​ပါစေ ‘လူ​၏​အမှုကို​သာ ဆောင်ရွက်​သကဲ့သို့​မဟုတ်။ ယေဟောဝါ​၏​အမှုတော်ကို ဆောင်ရွက်​သကဲ့သို့၊ ပြု​လေ​သမျှ​တို့​၌ စိုးလ်​အကြွင်းမဲ့​နှင့် ပြု​ကြ’ ပါ​စို့။—ကောလောသဲ ၃:၂၃

အဘယ်အရာ​သည် “ယဇ်​ပူဇော်​ခြင်း​အမှု​ထက် သာ၍​ကောင်း” သနည်း

ဧလိ၊ ရှမွေလ၊ ရှောလု​နှင့် ဒါဝိဒ်​တို့၏ အတွေ့အကြုံ​များ​က အဘယ်​အခြေခံ​အမှန်တရားကို အလေးပေး​ဖော်ပြ​သနည်း။ ယင်း​မှာ ဤသို့​ဖြစ်၏– “နားထောင်ခြင်း​သည် ယဇ်မျိုး​ထက်​သာ၍​ကောင်း​၏။ လိုက်နာခြင်း​သည် သိုးထီး​ဆီ​ဥ​ထက်​သာ၍​ကောင်း​၏။ ပုန်ကန်ခြင်း​သည် ပြုစားခြင်း​ကဲ့သို့​လည်းကောင်း၊ စိတ်​ခိုင်မာ​ခြင်း​သည် ရုပ် [ပုံ] ကိုးကွယ်​ခြင်း​အပြစ်​ကဲ့သို့​လည်းကောင်း​ဖြစ်၏။”—၁ ဓမ္မ​ရာဇဝင် ၁၅:၂၂၊ ၂၃သမ္မာ။

ကမ္ဘာချီ​ထမ်းဆောင်​နေသည့် ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​တွင် ကျွန်ုပ်​တို့​ပါဝင်​ရခြင်း​က တကယ့်​အခွင့်ထူးပါ​တကား! ကျွန်ုပ်​တို့သည် “ကိုယ်​နှုတ်ခမ်း​တည်း​ဟူသော နွား​သ​ငယ်​တို့ကို” ယေဟောဝါ​အား ပူဇော်​ကြ​စဉ် သမ္မာကျမ်းစာ​နှင့် ကိုယ်တော်​၏ မြေကြီးဆိုင်ရာ​အဖွဲ့အစည်း​တို့​မှ​တစ်ဆင့် ကိုယ်တော်​ပေး​ထား​သည့် လမ်းညွှန်ချက်ကို အတတ်နိုင်ဆုံး ကြိုးစား​လိုက်နာ​ကြ​ရမည်။—ဟောရှေ ၁၄:၂; ဟေဗြဲ ၁၃:၁၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဓမ္မရာဇဝင်ပထမစောင်​တွင် ဖော်ပြ​ထား​သည့် နေရာ​ဒေသ​အသီးသီး တည်နေရာ​များ​ကို​သိရှိ​ရန် ယေဟောဝါသက်သေ​များ ထုတ်ဝေ​ထား​သည့် “ကောင်းမွန်သော​ပြည်​ကို ကြည့်​လော့” ဘရိုရှာ​၏ စာမျက်နှာ ၁၈-၁၉ တွင်​ရှု။

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဣသရေလ​နိုင်ငံ​၏ ပထမဦးဆုံး​ရှင်ဘုရင်​သည် နှိမ့်ချ၍ ကျိုးနွံ​သော အုပ်စိုးရှင်​တစ်ပါး​အဖြစ်​မှ မာန​ထောင်လွှား​၍ ရောင့်တက်​သည့် ပြည့်ရှင်​မင်း​အဖြစ်သို့ စိတ်ပြောင်း​လဲသွား​ခဲ့

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ဂေါလျတ်​ကဲ့သို့​သော ရန်သူကြီး​များ​၏ အတိုက်အခံ​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ကြ​ရသည့်​အခါ အဘယ်အရာကို ယုံကြည်​စိတ်ချ​နိုင်​သနည်း