မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိအလိုသို့လိုက်၍ အသက်မရှင်

မိမိအလိုသို့လိုက်၍ အသက်မရှင်

မိမိ​အလို​သို့​လိုက်၍ အသက်မရှင်

‘အသက်ရှင်​သော​သူတို့သည် တစ်ဖန်​ကိုယ်​အလို​သို့​လိုက်၍​မ​ရှင်​မည်​အကြောင်း [ခရစ်တော်​သည်] သူတို့​အတွက် အသေခံ​တော်​မူ​၏။’—၂ ကောရိန္သု ၅:၁၅

၁၊ ၂။ အဘယ်​ကျမ်းစာ​မိန့်မှာချက်​က ယေရှု၏​ပထမ​ရာစု​နောက်လိုက်​များ​အား တစ်ကိုယ်ကောင်း​စိတ်​ကို ချိုးနှိမ်​နိုင်​စေ​သနည်း။

ယေရှု၏​မြေကြီး​အသက်တာ နောက်ဆုံး​ည​ဖြစ်သည်။ နာရီ​အနည်းငယ်​အတွင်း ကိုယ်တော်​သည် ယုံကြည်သူ​အပေါင်း​အတွက် အသက်စွန့်​ရတော့မည်။ ၎င်း​ည​တွင် တည်ကြည်သော​တမန်​တော်​များ​အား အရေးကြီး​အရာ​များစွာကို ယေရှု​မိန့်မှာ​ခဲ့​သည်။ ယင်း​တို့​တွင် ကိုယ်တော်​၏​နောက်လိုက်​များ​အတွက် ထင်ရှားသော​အမှတ်အသား​ဖြစ်​မည့် အရည်အသွေး​တစ်ခု​အကြောင်း မိန့်မှာချက်​တစ်ခု​ပါ​၏။ ကိုယ်တော်​က ဤသို့​မိန့်ဆိုခဲ့သည်– “သင်တို့သည် အချင်းချင်း တစ်ယောက်ကို​တစ်ယောက် ချစ်​ကြလော့။ ငါသည် သင်တို့ကို ချစ်​သည်​နည်းတူ အချင်းချင်းချစ်​ကြလော့​ဟု ပညတ်သစ်​ကို ငါ​ပေး​၏။ သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင် လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅

ခရစ်ယာန်စစ်​များသည် အချင်းချင်း ကိုယ်ကျိုး​စွန့်​မေတ္တာ​ပြပြီး ကိုယ့်​အကျိုး​ထက် ယုံကြည်သူချင်း​များ​၏​အကျိုးကို ဦးစား​ထား​ကြ​ရမည်။ သူတို့သည် “ကိုယ်​အဆွေ​တို့​အဖို့​အလို​ငှာ ကိုယ်​အသက်ကို​စွန့်” ရန်​ပင် မတွန့်​ဆုတ်​သင့်​ပါ။ (ယောဟန် ၁၅:၁၃) ကနဦး​ခရစ်ယာန်​များသည် ထို​ပညတ်သစ်​ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ ဒုတိယ​ရာစု​စာရေး​ဆရာ တာတူလျန်​၏​လက်ရာ တောင်းပန်​ခြင်း စာအုပ်​တွင် ခရစ်ယာန်​များ​အကြောင်း တခြား​သူများ​ပြောဆို​သော​စကား​ကို ဤသို့​ဖော်ပြ​သည်– ‘ကြည့်​စမ်း၊ အချင်းချင်း ချစ်​လိုက်​ကြ​တာ; အချင်းချင်း​အတွက် အသေခံဖို့​တောင် အသင့်​ပဲ။’

၃၊ ၄။ (က) တစ်ကိုယ်ကောင်း​စိတ်​ကို အဘယ်ကြောင့်​ဆီးတား​သင့်​သနည်း။ (ခ) ဤ​ဆောင်းပါး​တွင် အဘယ်​အကြောင်းကို သုံးသပ်ကြ​မည်​နည်း။

ကျွန်ုပ်​တို့​လည်း “ထမ်းရွက်​စ​ရာ​ဝန်​ချင်း​တို့ကို အချင်းချင်း​ကူညီ​၍ ထမ်းရွက်​သော​အားဖြင့် ခရစ်တော်​၏​တရားကို ကျင့်​ကြ” ရမည်။ (ဂလာတိ ၆:၂) သို့သော် ခရစ်တော်​၏​ပညတ်​ကို နာခံ​ပြီး ‘ဘုရားသခင် ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့် ချစ်၍ ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်’ ရန်​အကြီးမားဆုံး အတားအဆီး​တစ်ခု​မှာ တစ်ကိုယ်ကောင်း​စိတ်​ပင်​ဖြစ်၏။ (မဿဲ ၂၂:၃၇-၃၉) ကျွန်ုပ်​တို့သည် မစုံလင်မှု​ကြောင့် တစ်ကိုယ်ကောင်း​ဆန်​တတ်ကြ​သည်။ နေ့စဉ်​ဘဝ​အသက်တာ​၏​ဖိစီးမှု၊ ကျောင်း သို့​မဟုတ် အလုပ်ခွင်​တွင် ပြိုင်ဆိုင်မှု​နှင့် စား​ဝတ်​နေ​ရေး​အတွက် လုံးပန်း​မှု​တို့​ကြောင့် မွေးရာပါ ဤ​ဉာဉ်ဆိုး​သည် လွန်ကဲ​လာ​သည်။ ဤ​တစ်ကိုယ်ကောင်း​ဆန်​သော​စိတ် လျော့နည်း​သွားခြင်း​မရှိ​ချေ။ တမန်​တော်​ပေါလု​က ဤသို့​သတိပေး​ခဲ့​သည်– “နောက်ဆုံး​ကာလ​တွင် . . . လူတို့သည် အလွန်အမင်း​တစ်ကိုယ်ကောင်း​ဆန်​လာ​ကြလိမ့်မည်။”—၂ တိမောသေ ၃:၁၊ ၂ဖိလစ်။

ယေရှုသည် မြေကြီး​ဓမ္မ​အမှုဆောင်ချိန် နောက်ဆုံး​အချိန်ပိုင်း​တွင် ကိုယ်တော်​၏​တပည့်​များ​အား တစ်ကိုယ်ကောင်း​စိတ်​ကို ချိုးနှိမ်​နိုင်​စေ​မည့် အချက်​သုံးချက် မိန့်ဆိုခဲ့သည်။ ၎င်း​ကား အဘယ်နည်း၊ ကိုယ်တော်​၏​မိန့်မှာချက်​တို့ကို လိုက်နာခြင်း​ဖြင့် မည်သို့​အကျိုး​ရနိုင်​မည်​နည်း။

စိတ်ချ​ရသော​အဖြေ

၅။ ယေရှုသည် ဂါလိလဲ​မြောက်ပိုင်း​တွင် ဟောပြော​နေစဉ် တပည့်​များ​အား အဘယ်အရာ​ဖွင့်ဆို​ပြ​ခဲ့​သနည်း၊ ၎င်း​သည် သူတို့ကို အဘယ်ကြောင့် တုန်လှုပ်​သွား​စေ​သနည်း။

ယေရှုသည် ဂါလိလဲ​မြောက်ပိုင်း​ရှိ ကဲသရိ ဖိလိပ္ပိ​မြို့အနီး​တွင် ဟောပြောနေ​တော်​မူ​၏။ သာယာ​ချမ်းမြေ့​ပြီး ရှု​ချင်​စ​ဖွယ် ဤ​နယ်မြေ​သည် မိမိ​အလိုကို​ငြင်းပယ်​ခြင်း​ထက် မိမိ​အလိုကို​လိုက်​ရန် ပို​၍​သင့်တော်​ပုံ​ရ၏။ သို့သော် ထို​တွင်​ရှိနေစဉ် ယေရှု​က “ယေရုရှလင်​မြို့​သို့ သွား​ရမည်။ လူ​အကြီးအကဲ၊ ယဇ်ပုရောဟိတ်​အကြီး၊ ကျမ်း​ပြု​ဆရာ​တို့​လက်၌ များစွာ​ခံရ​မည်။ အသေ​သတ်​ခြင်း​ကိုလည်း​ခံရ​မည်။ သုံးရက်​မြောက်​သော​နေ့၌ ထမြောက်​လိမ့်​မည်” ဟူသော​အကြောင်း​များ​ကို တပည့်​များ​အား ဖွင့်ဆို​လေ​သည်။ (မဿဲ ၁၆:၂၁) အဆိုပါ​ဖွင့်ဆိုချက်​ကြောင့် ယေရှု၏​တပည့်​များ တုန်လှုပ်​ခဲ့​ကြ​ပေမည်၊ အကြောင်း​မှာ ထို​အချိန်အထိ သူတို့က မိမိတို့​ခေါင်းဆောင်​သည် မြေကြီးပေါ်​တွင် နိုင်ငံတော်​တည်ထောင်​လိမ့်​မည်​ဟု မျှော်လင့်​ခဲ့​ကြ​၍​ဖြစ်သည်။—လုကာ ၁၉:၁၁; တမန်​တော် ၁:၆

၆။ ယေရှုသည် ပေတရု​ကို အဘယ်ကြောင့် ပြင်းပြင်းထန်ထန် အပြစ်တင်​ဆုံးမ​ခဲ့​သနည်း။

ပေတရု​သည် ချက်ချင်း “ယေရှုကို မိမိ​နှင့်အတူ​ခေါ်​၍ ‘ကိုယ့်​ကိုယ်ကို​သနားပါ သခင်၊ ကိုယ်တော် ဤသို့​လုံးဝ​မဖြစ်ရ​ပါ၊ မိမိကိုယ်ကို မ​ရက်စက်​ပါ​နှင့်’” ဟု အပြစ်တင်​ပြောဆို​ခဲ့​သည်။ ယေရှု မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ “အချင်း​စာတန် ငါ့​နောက်သို့​ဆုတ်​လော့။ အသင်​သည် ငါ​တိုက်မိ​၍ လဲစရာ​အကြောင်း​ဖြစ်၏။ အသင်​သည် ဘုရားသခင်​အကြံအစည်​များ​ကို မစဉ်း​စား၊ လူသား​တို့၏ အကြံအစည်​များ​ကို​သာ စဉ်းစားတတ်​၏​ဟု​မိန့်တော်မူသည်။” ထို​သဘောထား​နှစ်ခု ကွာခြား​လိုက်​လေ​ခြင်း! ယေရှုသည် မိမိကို ဘုရားသခင်​စေခိုင်း​ထား​သည့် လအနည်းငယ်​တွင် ညှဉ်းဆဲ​ရာ​နှက်တိုင်​တင် အသတ်ခံရ​တော့​မည့် ကိုယ်ကျိုး​စွန့်​လမ်းစဉ်​ကို စိတ်လို​ကိုယ်​လျောက် လက်ခံခဲ့သည်။ ပေတရု​မှာ​မူ သက်သောင့်သက်သာ​နေ​ရန် အကြံပြု​သည်။ စိတ်ရင်း​စေတနာ​ဖြင့် သူက “ကိုယ့်​ကိုယ်ကို​သနားပါ” ဟု​ဆို​ခဲ့​သည်​မှာ သေချာ​၏။ သို့သော် ထို​အချိန်တွင် ပေတရု​သည် စာတန်​၏​လွှမ်းမိုးမှု ခံ​ခဲ့​ရသော​ကြောင့် သူ့ကို ယေရှု အပြစ်တင်​ဆုံးမ​လေ​သည်။ ပေတရု​သည် “ဘုရားသခင်​အကြံအစည်​များ​ကို မစဉ်း​စား၊ လူသား​တို့၏​အကြံအစည်​ကို စဉ်းစား​နေ​၏။”—မဿဲ ၁၆:၂၂၊ ၂၃က​ဘ။

၇။ ယေရှုသည် မဿဲ ၁၆:၂၄ တွင်​ပါ​သည့်​အတိုင်း မိမိ၏​နောက်လိုက်​များ လိုက်လျှောက်ရန် အဘယ်​လမ်းစဉ်​ကို ဖော်ပြ​ခဲ့​သနည်း။

ယေရှု​အား ပေတရု​ပြော​ခဲ့​သည့်​စကား​ကို ယနေ့လည်း ကြားနေ​ကြ​ရသည်။ ‘မိမိကိုယ်ကို ညှာ​ပါ၊’ ‘အလွယ်​ကူ​ဆုံး​လမ်းစဉ်​ကို လိုက်လျှောက်ပါ’ ဟူ၍ ဤ​လောက,က တိုက်တွန်း​တတ်​သည်။ ယေရှု​မူ၊ လုံးဝ​ခြားနား​သော​သဘောထားကို ဖော်ပြ​ခဲ့​၏။ ကိုယ်တော်​က ‘ငါ​၌ ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ညှဉ်းဆဲ​ခံ​ရာ​နှက်တိုင်​ကို​ထမ်း၍ ငါ့​နောက်သို့ လိုက်နေ​ရမည်’ ဟု​တပည့်​များ​အား မိန့်ဆိုခဲ့သည်။ (မဿဲ ၁၆:၂၄) သည်​န​ယူး​အင်​တာ​ပ​ရက်​တာ​ဘိုင်​ဘယ်​လ်​က ဤသို့​ဖော်ပြ​သည်– “ဤ​စကား​များသည် ပြင်ပ​လူ​တို့ကို တပည့်ဖြစ်​စေရန် ဖိတ်ခေါ်​နေခြင်း​မဟုတ်ဘဲ ခရစ်တော်​၏​ဖိတ်ခေါ်ချက်​ကို လက်ခံ​နှင့်​ပြီး​သား​သူများ​အား တပည့်ဖြစ်​ခြင်း​၏​အဓိပ္ပာယ်​ကို ဆင်ခြင်​သုံးသပ်​စေခြင်း​ဖြစ်သည်။” ထို​ကျမ်းချက်​တွင် ယေရှု အကြမ်းဖျင်း​ဖော်ပြ​ထားသော အချက်​သုံးချက်​ကို ယုံကြည်သူများ လိုက်လျှောက်​ကြ​ရမည်​ဖြစ်၏။ အချက်​တစ်ချက်​ချင်း​စီ​ကို သီးခြား​သုံးသပ်ကြည့်​ကြ​စို့။

၈။ မိမိကိုယ်ကို​ငြင်းပယ်​ခြင်း အဓိပ္ပာယ်​ကို ရှင်းပြပါ။

ပထမဦးဆုံး၊ ကျွန်ုပ်​တို့သည် မိမိကိုယ်ကို​ငြင်းပယ်​ရမည်။ “မိမိကိုယ်ကို​ငြင်းပယ်” ရမည်​ဟူသော ဂရိ​စကားလုံး​သည် ကိုယ်ကျိုးရှာ​ဆန္ဒ သို့​မဟုတ် မိမိ​အဆင်ပြေ​ရေး​ကို ငြင်းပယ်​ရန် တလိုတလား​ရှိ​ခြင်း​ကို ဖော်ပြ​သည်။ မိမိကိုယ်ကို​ငြင်းပယ်​ခြင်း​ဟူသည် ကျွန်ုပ်​တို့၏​ပျော်ရွှင်ဖွယ်​ရာ​တချို့​ကို တစ်ခါတစ်ရံ​သာ စွန့်လွှတ်​ခြင်း​မဟုတ်သကဲ့သို့ ထူးခြား​စွာ​ခြိုးခြံ​သူ သို့​မဟုတ် မိမိကိုယ်ကို ဖျက်ဆီး​သူ​ဖြစ်၏​ဟု​လည်း မဆိုလို​ချေ။ ကျွန်ုပ်​တို့၏​ဘဝ​တစ်ခုလုံး​နှင့် ရှိသမျှ​အရာအားလုံးကို ယေဟောဝါ​အား စိတ်လို​ကိုယ်​လျောက် ပေးအပ်​လိုက်ပြီ​ဖြစ်​ရာ “မိမိတို့ကို မိမိတို့​မပိုင်” တော့​ချေ။ (၁ ကောရိန္သု ၆:၁၉၊ ၂၀) သို့​နှင့် ကျွန်ုပ်​တို့၏​အသက်တာတွင် မိမိကိုယ်ကို ဦးစား​ထား​မည့်​အစား ဘုရားသခင်​အပေါ် အာရုံစိုက်​လာ​ကြသည်။ မိမိကိုယ်ကို​ငြင်းပယ်​ခြင်း​ဟူသည် ကျွန်ုပ်​တို့၏​မစုံလင်​သော​ဆန္ဒ​များနှင့် ဆန့်ကျင်​နေလျှင်​ပင် ဘုရားသခင့်​အလိုတော်​ဆောင်ရန် စိတ်ပိုင်းဖြတ်​ထားခြင်း​ကို ဆိုလို​သည်။ ကျွန်ုပ်​တို့သည် ဘုရားသခင်​ထံ ဆက်ကပ်​ပြီး နှစ်ခြင်း​ခံသည့်​အခါ ကိုယ်တော့်​အား ကျွန်ုပ်​တို့​ကိုယ်ကို အကြွင်းမဲ့​အပ်နှံ​ကြောင်း ဖော်ပြ​ကြသည်။ ထို​အခါ​မှ​စ၍ ကျွန်ုပ်​တို့​အသက်ရှင်​နေသရွေ့ ဆက်ကပ်​အပ်နှံထားသူ​များ​အဖြစ် အသက်ရှင်နေ​ထိုင်​ရန် ကြိုးစား​ကြသည်။

၉။ (က) ယေရှု ကမ္ဘာ​ပေါ်​ရှိ​စဉ်​က ညှဉ်းဆဲ​ရာ​နှက်တိုင်​သည် အဘယ်အရာကို ပုံခိုင်း​သနည်း။ (ခ) ကျွန်ုပ်​တို့၏​ညှဉ်းဆဲ​ရာ​နှက်တိုင်​ကို အဘယ်​နည်းဖြင့် ထမ်း​ကြ​သနည်း။

ဒုတိယ​အချက်​မှာ ကျွန်ုပ်​တို့၏​ညှဉ်းဆဲ​ရာ​နှက်တိုင်​ကို​ထမ်း ရမည်​ဖြစ်သည်။ ပထမ​ရာစု​တွင် ညှဉ်းဆဲ​ရာ​နှက်တိုင်​သည် ဆင်းရဲ​ဝေဒနာ​ခံရ​ခြင်း၊ အရှက်တကွဲ​အကျိုး​နည်း​ခြင်း​နှင့် သေခြင်း​တို့ကို ပုံခိုင်း​၏။ သာမန်​အားဖြင့် ရာဇဝတ်သား​များ​ကို​သာ ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ် ကွပ်မျက်​သည် သို့​မဟုတ် သူတို့၏​ရုပ်​အလောင်း​များ​ကို နှက်တိုင်​ပေါ် ချိတ်ဆွဲ​လေ့​ရှိသည်။ သို့​ဖြစ်၍ ခရစ်ယာန်​တစ်ဦး​သည် ဤ​လောက​နှင့်​မပတ်သက်​သောကြောင့် နှိပ်စက်ခြင်း၊ အထင်သေး​ခံရ​ခြင်း သို့​မဟုတ် သေခြင်းကို​ပင် ရင်ဆိုင်​ရန် အသင့်ရှိ​ရမည်ဟု ဤ​အသုံးအနှုန်း​ဖြင့် ယေရှု​ဖော်ပြခြင်း​ဖြစ်သည်။ (ယောဟန် ၁၅:၁၈-၂၀) ကျွန်ုပ်​တို့၏​ခရစ်ယာန်​စံနှုန်း​များသည် ကျွန်ုပ်​တို့ကို ဤ​လောက​နှင့်​သီးခြား​ဖြစ်စေ​ရာ ကျွန်ုပ်​တို့သည် “ကဲ့ရဲ့” ခံရ​ကြ​ပေမည်။ (၁ ပေတရု ၄:၄) ကျောင်း​၌၊ အလုပ်ခွင်​၌၊ သို့​မဟုတ် မိသားစု​အတွင်း​၌​ပင် ထိုသို့​ဖြစ်​နိုင်​သည်။ (လုကာ ၉:၂၃) မည်သို့​ပင်​ဖြစ်ပါစေ၊ ကျွန်ုပ်​တို့သည် မိမိ​အလိုအတိုင်း အသက်မရှင်​ကြ​တော့​သဖြင့် ဤ​လောက​၏​အထင်သေးခြင်း​ကို ခံ​လို​ကြ​၏။ ယေရှု​က ဤသို့​မိန့်ဆိုခဲ့သည်– “ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ သင်တို့သည် မင်္ဂလာ​ရှိကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌ သင်တို့၏​အကျိုး​သည် ကြီး​လှ​ပေ​၏။” (မဿဲ ၅:၁၁၊ ၁၂) အမှန်​ဆို​သော် ဘုရားသခင်​၏​မျက်နှာသာ​ရရှိ​ခြင်း​သည် အရေးတကာ့​အရေးကြီးဆုံး​ဖြစ်၏။

၁၀။ ယေရှု၏​နောက်သို့ လိုက်နေ​ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

၁၀ တတိယ​အနေ​နှင့်၊ ကျွန်ုပ်​တို့သည် ယေရှု​ခရစ်​နောက် လိုက်နေ​ကြ​ရမည်ဟု ကိုယ်တော်​မိန့်ဆိုခဲ့သည်။ ဒဗလျူ. အီး. ဗိုင်း​၏ ဓမ္မသစ်​ကျမ်း​စကားလုံး​များ​ဆိုင်ရာ ရှင်းလင်း​ဖော်ပြချက်​အဘိဓာန်​အရ နောက်လိုက်ခြင်း​ဟူသည် “တစ်​လမ်း​တည်း​သွား​နေ” သည့် အဖော်​တစ်ဦး​ဖြစ်​ခြင်း​ဖြစ်သည်။ ယောဟန်ပထမစောင် ၂:၆ က​ဤသို့​ဆို​၏– “ထို​သခင် [ဘုရားသခင်] ၌​ငါ​တည်​၏​ဟု​ဆို​သော​သူသည် ထို​သခင် [ယေရှု] ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ရမည်။” ယေရှု မည်သို့​လျှောက်လှမ်း​ခဲ့​သနည်း။ ကောင်းကင်​ခမည်းတော်​နှင့် တပည့်​များ​ကို​ချစ်​သည့် ယေရှု၏​မေတ္တာတော်​သည် တစ်ကိုယ်ကောင်း​စိတ်​ရှိ​ခွင့် မပြု​ချေ။ “ခရစ်တော်​သည် ကိုယ်​အလို​သို့​မလိုက်” ဟူ၍ ပေါလု​ရေးသားခဲ့​သည်။ (ရောမ ၁၅:၃) ယေရှုသည် မောပန်း​ဆာလောင်​သည့်​အချိန်၌​ပင် မိမိ​လိုအပ်ရာ​တို့​ထက် သူတစ်ပါး​၏​လိုအပ်ရာ​များ​ကို ဦးစားပေး​ခဲ့​သည်။ (မာကု ၆:၃၁-၃၄) ထို့​ပြင် ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်း​နှင့် သွန်သင်ခြင်း​လုပ်ငန်း​တွင်​လည်း အားတက်သရော ကြိုးစား​ပါဝင်​ခဲ့​သည်။ ‘လူမျိုးတကာ​တို့ကို တပည့်​ဖြစ်စေ​လျက် ယေရှု​ပေး​သမျှ​သော ပညတ်တော်​တို့ကို စောင့်ရှောက်​စေခြင်း​ငှာ ဆုံးမ​ကြ’ ပါ​ဟူသော ကျွန်ုပ်​တို့၏​တာဝန်​ကို ထက်သန်​စွာ ထမ်းဆောင်​သည့်​အခါ ကိုယ်တော့်​ကို တုပ​သင့်​သည်မဟုတ်​လော။ (မဿဲ ၂၈:၁၉၊ ၂၀) ယင်း​တို့အားလုံး​တွင် ခရစ်တော်​သည် စံနမူနာ​ထားခဲ့​ရာ ကျွန်ုပ်​တို့သည် ‘ကိုယ်တော်​၏​ခြေရာ​ကို အနီးကပ်​လိုက်လျှောက်’ ကြ​ရမည်။—၁ ပေတရု ၂:၂၁

၁၁။ မိမိကိုယ်ကို​ငြင်းပယ်​ပြီး ကိုယ်​ညှဉ်းဆဲ​ရာ​နှက်တိုင်​ကို​ထမ်း​ကာ ယေရှု​ခရစ်​နောက်သို့ လိုက်နေ​ရန် အဘယ်ကြောင့် အရေးကြီး​သနည်း။

၁၁ မိမိကိုယ်ကို​ငြင်းပယ်​ပြီး ကျွန်ုပ်​တို့၏​ညှဉ်းဆဲ​ရာ​နှက်တိုင်​ကို​ထမ်း​ကာ ကျွန်ုပ်​တို့၏​စံနမူနာရှင်​နောက် လိုက်နေ​ရန် အရေးကြီး​၏။ ထိုသို့​ပြုလုပ်ခြင်း​အားဖြင့် ကိုယ်ကျိုး​စွန့်​မေတ္တာ​ပြဖို့ အဟန့်အတား​ဖြစ်စေ​သည့် တစ်ကိုယ်ကောင်း​စိတ်​ကို ချေဖျက်​ကြသည်။ ထို့​ပြင် ယေရှု​က ဤသို့​မိန့်ဆို​၏– “အကြင်သူသည် မိမိ​အသက်ကို ကယ်ဆယ်​ခြင်း​ငှာ အလိုရှိ၏။ ထို​သူသည် အသက်​ရှုံး​လိမ့်​မည်။ အကြင်သူသည် ငါ့​ကြောင့် အသက်​ရှုံး​၏၊ ထို​သူသည် အသက်ကို​တွေ့​လိမ့်​မည်။ လူသည် ဤ​စကြဝဠာ​ကို အကြွင်းမဲ့​အစိုးရ​၍ မိမိ​အသက်​ဝိညာဉ်​ရှုံး​လျှင် အဘယ်​ကျေးဇူးရှိ​သနည်း။ မိမိ​အသက်​ဝိညာဉ်​ကို အဘယ်​ဥစ္စာ​နှင့် ရွေး​နိုင်​သနည်း။”—မဿဲ ၁၆:၂၅၊ ၂၆

သခင်​နှစ်ဦး​အစေ​ကို မခံနိုင်

၁၂၊ ၁၃။ (က) ယေရှု၏​အကြံပြုချက်ကို တောင်းခံ​ခဲ့​သော လူငယ်​အရာရှိ​သည် အဘယ်အရာကို စွဲလမ်း​ခဲ့​သနည်း။ (ခ) ယေရှုသည် ထို​လူငယ်​ကို မည်သို့​ဆုံးမ​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၂ ယေရှုသည် မိမိကိုယ်ကို​ငြင်းပယ်​ရမည်​ဟူသော တပည့်​များ​၏​လိုအပ်ချက်​ကို အလေးအနက်​ဖော်ပြ​ပြီး လအနည်းငယ်​အကြာတွင် သူကြွယ်​လူငယ်​အရာရှိ​တစ်ဦး​သည် ကိုယ်တော်​ထံ ချဉ်းကပ်​၍ “ကောင်းမြတ်သော​ဆရာ၊ ထာဝရ​အသက်ကို​ရ​အံ့​သော​ငှာ အကျွန်ုပ်သည် အဘယ်​ကောင်းမှု​ကို ပြု​ရ​ပါ​မည်​နည်း” ဟု​မေးလျှောက်​လေ​သည်။ ယေရှု​က ထို​သူအား “ပညတ်တော်​တို့ကို စောင့်ရှောက်​လော့” ဟု​မိန့်ဆို​ပြီး ပညတ်​အချို့​ကို ရည်ညွှန်း​ပြ​ခဲ့​သည်။ ဤ​လူငယ်​က “ထို​ပညတ်​ရှိသမျှ​တို့ကို အကျွန်ုပ်သည် . . . စောင့်ရှောက်​ပါ​ပြီ” ဟု​လျှောက်​လေ​သည်။ ထို​သူသည် ရိုးသား​ဖြောင့်မတ်​ပြီး ပညတ်​များ​ကို အတတ်နိုင်ဆုံး လိုက်လျှောက်​ခဲ့​ပုံ​ရ၏။ ထို့​ကြောင့် သူက “အဘယ်​အကျင့်​လို​သေး​သနည်း” ဟု​လျှောက်​ပြန်​သည်။ ထို​အခါ ယေရှု​က “သင်သည် စုံလင်ခြင်း [“ပြည့်ဝခြင်း၊” ခေတ်​သစ်​အမေရိကန်​စံတင်​သမ္မာကျမ်းစာ] သို့​ရောက်​လိုလျှင် သွားလော့။ ကိုယ်​ဥစ္စာ​များ​ကို ဆင်းရဲသော​သူတို့အား ပေး​လော့။ ထို​သို့ပြုလျှင် ကောင်းကင်ဘုံ​၌ ဘဏ္ဍာ​ကို​ရ​လိမ့်​မည်။ သို့​ပြီး​မှ ငါ့​နောက်သို့​လိုက်​လော့” ဟု​မိန့်ဆို၍ ထို​လူငယ်​အား ဖိတ်ခေါ်​လေ​၏။—မဿဲ ၁၉:၁၆-၂၁

၁၃ ဤ​လူငယ်​သည် ယေဟောဝါ​၏​အမှုတော်ကို စိုးလ်​အကြွင်းမဲ့​ထမ်းဆောင်​ရန် သူ၏​အသက်တာတွင် အာရုံ​ထွေပြား​နေ​စေသည့် ဥစ္စာ​ပစ္စည်း​ကို စွန့်လွှတ်​ဖို့​လို​ကြောင်း ယေရှု​သိမြင်​တော်​မူ​၏။ ခရစ်တော်​၏​တပည့်စစ်​တစ်ဦး​သည် သခင်​နှစ်ဦး​၏​အစေ​ကို မခံနိုင်​ချေ။ သူသည် ‘ဘုရားသခင်​၏​အစေ​ကိုလည်း​ကောင်း၊ လောက​စည်းစိမ်​၏​အစေ​ကိုလည်း​ကောင်း မခံနိုင်’ ချေ။ (မဿဲ ၆:၂၄) ဝိညာဉ်​ရေးရာ​များ​ကို အာရုံစိုက်​စေသည့် ‘ရိုးရှင်း​သော​မျက်လုံး’ ရှိဖို့လို​သည်။ (မဿဲ ၆:၂၂) မိမိ​ဥစ္စာ​ပစ္စည်း​ကို စွန့်​၍ ဆင်းရဲသား​များ​ကို ပေးကမ်း​ခြင်း​သည် ကိုယ်ကျိုး​စွန့်​လုပ်ရပ်​တစ်ခု​ဖြစ်သည်။ အဆိုပါ​ဥစ္စာ​ပစ္စည်း​များ​ကို​စွန့်​လျှင် အဖိုး​မ​ဖြတ်​နိုင်သော ကောင်းကင်​ဘဏ္ဍာ စုဆောင်း​ခွင့်​ရမည်ဟု ဤ​လူငယ်​အရာရှိ​ကို ယေရှု​ကမ်း​လှမ်း​ခဲ့​သည်၊ ထို​ဘဏ္ဍာ​မှာ ထာဝရ​အသက်​နှင့်​တကွ နောက်ဆုံး​တွင် ကောင်းကင်​၌ ခရစ်တော်​နှင့်အတူ တွဲ​အုပ်ချုပ်​ရမည့် မျှော်လင့်ချက်​ဖြစ်သည်။ ထို​လူငယ်​သည် မိမိကိုယ်ကို​ငြင်းပယ်​လို​စိတ်​မရှိခဲ့​ချေ။ “ထို​လုလင်​သည် များစွာသော​ဥစ္စာ​ကို​ရ​တတ်သော​သူ​ဖြစ်၍ . . . စိတ်​မ​သာ​သည်​နှင့်​သွား​လေ​၏။” (မဿဲ ၁၉:၂၂) သို့သော် ယေရှု၏​တခြား​နောက်လိုက်​များ​မှာ​မူ၊ ယင်း​နှင့်​ခြားနား​စွာ တုံ့ပြန်​ခဲ့​ကြသည်။

၁၄။ မိမိ​နောက်သို့​လိုက်​ရန် ယေရှု၏​ဖိတ်ခေါ်ချက်​ကို တံငါသည်​လေးဦး​သည် မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

၁၄ လွန်ခဲ့သော​နှစ်နှစ်​ခန့်​က တံငါသည်​လေးဦး​ဖြစ်သော ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့ကို ထို​နည်းတူ ယေရှု​ဖိတ်ခေါ်​ခဲ့​၏။ ထို​အချိန်တွင် သူတို့​ထဲ​မှ​နှစ်ဦး​သည် ငါးဖမ်း​လျက်​ရှိပြီး နောက်​နှစ်ဦး​မှာ ပိုက်ကွန်​ပြင်​လျက်​ရှိကြသည်။ ယေရှု​က သူတို့အား “ငါ့​နောက်သို့​လိုက်​ကြလော့။ သင်တို့သည် လူကို​မျှား​သော တံငါ​ဖြစ်စေ​ခြင်း​ငှာ ငါ​ပြု​မည်” ဟု​မိန့်တော်မူ၏။ လေးဦး​စ​လုံး​သည် သူတို့၏​တံငါ​လုပ်ငန်း​ကို လုံးဝ​စွန့်ပြီး သူတို့ အသက်ရှင်​နေသရွေ့ ယေရှု​နောက်သို့​လိုက်​ကြ​လေ​သည်။—မဿဲ ၄:၁၈-၂၂

၁၅။ မျက်မှောက်ခေတ် ယေဟောဝါသက်သေ​တစ်ဦး​သည် ယေရှု​နောက်လိုက်​ရန် မည်သို့​ကိုယ်ကျိုး​စွန့်ခဲ့​သနည်း။

၁၅ ယနေ့ ခရစ်ယာန်​များစွာ​သည် သူကြွယ်​လူငယ်​အရာရှိ​၏​ပုံသက်သေ​အစား တံငါသည်​လေးဦး​၏​ပုံသက်သေ​ကို တုပ​ကြသည်။ သူတို့သည် ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ရန် ဤ​လောက​၏​စီးပွား​ချမ်းသာ​နှင့် အခွင့်အရေး​တို့ကို စွန့်ခဲ့​ကြ​၏။ ဒယ်​ဘ​ရာ​က ဤသို့​ဆို​သည်– “ကျွန်မ​အသက် ၂၂ နှစ်မှာ အရေးကြီးတဲ့​ဆုံးဖြတ်ချက်​ချ​ခဲ့​ရတယ်။ ကျွန်မ ကျမ်းစာ​လေ့လာ​နေတာ ခြောက်​လ​လောက်​ရှိနေပြီ၊ ကျွန်မ​အသက်တာကို ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံ​ချင်​တယ်၊ ဒါပေမဲ့ ကျွန်မ​မိသားစုက အကြီးအကျယ် အတိုက်အခံလုပ်​ကြတယ်။ သူတို့က သန်း​ကြွယ်​သူဌေး​တွေ​ဆိုတော့ ကျွန်မ​က သက်သေခံ​တစ်ယောက်​ဖြစ်လာ​ရင် သူတို့​အသိုင်းအဝိုင်းမှာ နာမည်​ပျက်​မယ်​လို့ ထင်​နေကြ​တယ်။ စည်းစိမ်​ယစ်​တဲ့​ဘဝ၊ ဒါမှ​မဟုတ် အမှန်တရားကို​ရွေး​မလားလို့ ကျွန်မ​ကို ၂၄ နာရီ​အချိန်ပေး​ပြီး ဆုံးဖြတ်​ခိုင်းတယ်။ တကယ်လို့ ကျွန်မ​က သက်သေခံတွေ​နဲ့ အဆက်အသွယ်​မ​ဖြတ်​ဘူးဆို​ရင် မိသားစုက ကျွန်မ​ကို အမွေ​ဖြတ်မယ်​တဲ့။ ဆုံးဖြတ်ချက်​အမှန်​ချဖို့ ယေဟောဝါ ကူညီပေး​ခဲ့​ပြီး ဆုံးဖြတ်ချက်​အတိုင်း လုပ်ဆောင်​နိုင်​ဖို့ ခွန်အား​လည်း​ပေး​တယ်။ အခု​ဆိုရင် အချိန်ပြည့်​လုပ်ငန်းတော်မှာ ကျွန်မ ၄၂ နှစ်​ပါဝင်​ခဲ့ပြီ၊ အဲ့ဒီ​အတွက် စိတ်မကောင်း​စ​ရာ ဘာမှ​မရှိဘူး။ တစ်ကိုယ်ကောင်း​ဆန်​ပြီး အပျော်အပါး​ဦးစား​ထား​တဲ့ ဘဝ​ပုံစံ​ကို ကျွန်မ​စွန့်​လိုက်တဲ့​အတွက် ကျွန်မ​ရဲ့​အိမ်သားတွေ​ခံစား​နေကြ​ရတဲ့ ဘဝ​အနှစ်သာရ​မရှိ၊ စိတ်မချ​မ်းမြေ့​မှု​ကနေ လွတ်မြောက်​ခဲ့တယ်။ ကျွန်မ​ခင်ပွန်း​နဲ့​အတူ လူ​တစ်​ရာ​ကျော်​ကို အမှန်တရား​သိလာအောင် ကူညီပေး​ခဲ့တယ်။ ကျွန်မ​အတွက် ဒီ​ဝိညာဉ်​ရေးသား​သမီးတွေ​က ဥစ္စာ​ပစ္စည်း​တွေ​ထက် ပို​ပြီး​တန်ဖိုး​ရှိတယ်။” တခြား​ယေဟောဝါသက်သေ သန်းပေါင်း​များစွာ​သည်လည်း သူ၏​သဘောထားမျိုး​ရှိကြသည်။ အသင်​ကော။

၁၆။ ကျွန်ုပ်​တို့သည် မိမိ​အလိုအတိုင်း အသက်မရှင်​လို​ကြောင်း မည်သို့​ပြသ​နိုင်​ကြ​သနည်း။

၁၆ မိမိ​အလိုအတိုင်း အသက်မရှင်​လို​သော​ဆန္ဒ​က ထောင်သောင်း​ချီ​သော ယေဟောဝါသက်သေ​တို့ကို ရှေ့ဆောင်​များ​အဖြစ်၊ သို့​မဟုတ် ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​အဖြစ် အချိန်ပြည့်​အမှုဆောင်ရန် လှုံ့ဆော်ပေး​ခဲ့​သည်။ အခြေအနေ​အမျိုးမျိုး​ကြောင့် အချိန်ပြည့်​ဓမ္မ​အမှု​တွင် မပါဝင်နိုင်​သော တခြားသူ​များသည် ရှေ့ဆောင်​စိတ်ဓာတ်​ကို မွေးမြူ​ပြီး ဘုရားသခင့်​နိုင်ငံတော် ဟောပြောခြင်း​လုပ်ငန်း​ကို အတတ်နိုင်ဆုံး ပံ့ပိုး​ပေး​နေကြ​သည်။ မိဘများသည် သားသမီး​များ​ကို ဝိညာဉ်​ရေးရာ​တွင်​လေ့ကျင့်​ပေးဖို့ မိမိတို့​အချိန်ကို​ပေး​၍ ကိုယ့်​စိတ်ဝင်စား​ရာ​များ​ကို စွန့်လွှတ်​ခြင်း​ဖြင့် အလားတူ​စိတ်ဓာတ်​မျိုး​ပြ​ကြသည်။ ကျွန်ုပ်​တို့အားလုံး​သည် မိမိတို့​အသက်တာတွင် ဘုရားသခင့်​နိုင်ငံတော်​အကျိုး​စီးပွား​ကို ရှေးဦး​ထား​ကြောင်း တစ်နည်း​နည်းဖြင့် ပြသ​နိုင်​ကြ​၏။—မဿဲ ၆:၃၃

မည်သူ​၏​မေတ္တာတော်​သည် ကျွန်ုပ်​တို့ကို အနိုင်အထက်​သွေးဆောင်​သနည်း

၁၇။ ကိုယ်ကျိုး​စွန့်​ရန် ကျွန်ုပ်​တို့ကို အဘယ်အရာက လှုံ့ဆော်ပေး​သနည်း။

၁၇ ကိုယ်ကျိုး​စွန့်​မေတ္တာ တင်ပြခြင်း​သည် လိုက်လျှောက်​ရမည့် အလွယ်​ကူ​ဆုံး​လမ်းစဉ်​မဟုတ်​ချေ။ သို့သော် ကျွန်ုပ်​တို့ကို အနိုင်အထက်​သွေးဆောင်​ရာ​ကို သုံးသပ်ကြည့်​ပါ။ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “တစ်ယောက်​သော​သူသည် လူအပေါင်း​တို့အတွက်​ကြောင့် အသေခံ​သည်​မှန်​လျှင် . . . အသက်ရှင်​သော​သူတို့သည် တစ်ဖန်​ကိုယ်​အလို​သို့​လိုက်၍​မ​ရှင်၊ သူတို့​အတွက်​ကြောင့် အသေခံပြီး​မှ ထမြောက်​တော်​မူ​သော​သူ၏​အလို​သို့​လိုက်၍ ရှင်​စေမည်​အကြောင်း၊ လူအပေါင်း​တို့အတွက်​ကြောင့် အသေခံ​တော်​မူ​သည်​ဟူ၍လည်း​ကောင်း ငါ​တို့သည် သဘောထား​လျက် ခရစ်တော်​၏​ချစ်ခြင်း​မေတ္တာတော်​သည် ငါ​တို့ကို အနိုင်အထက်​သွေးဆောင်​၏။” (၂ ကောရိန္သု ၅:၁၄၊ ၁၅) ခရစ်တော်​၏​မေတ္တာတော်​သည် မိမိ​အလိုအတိုင်း အသက်မရှင်​ရန် ကျွန်ုပ်​တို့ကို အနိုင်အထက်​သွေးဆောင်​သည်။ တန်ခိုး​ပါ​သော​လှုံ့ဆော်မှု​ပါ​တကား! ကျွန်ုပ်​တို့အတွက် ခရစ်တော် အသေခံ​ခဲ့​ရာ ကျွန်ုပ်​တို့သည် ကိုယ်တော့်​အတွက် အသက်ရှင်​ရန် တာဝန်​ရှိသည်​ဟု ခံစားရ​သည်မဟုတ်​ပေ​လော။ အမှန်​မှာ၊ ကျွန်ုပ်​တို့အား ဘုရားသခင်​နှင့်​ခရစ်တော်​တို့​ပြသ​ခဲ့​သည့် အလွန်​နက်ရှိုင်း​သော​မေတ္တာကို ကျေးဇူး​တင်​စိတ်​က ကျွန်ုပ်​တို့၏​ဘဝကို ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ပြီး ခရစ်တော်​၏​တပည့်​များ​ဖြစ်လာ​စေရန် အနိုင်အထက်​သွေးဆောင်​ခဲ့​သည်။—ယောဟန် ၃:၁၆; ၁ ယောဟန် ၄:၁၀၊ ၁၁

၁၈။ ကိုယ်ကျိုး​စွန့်​လမ်းစဉ်သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။

၁၈ မိမိ​အလိုအတိုင်း အသက်မရှင်​ခြင်း​သည် အကျိုးရှိ​သလော။ သူကြွယ်​လူငယ်​အရာရှိ​သည် ခရစ်တော်​၏​ဖိတ်ခေါ်ချက်​ကို ငြင်းပယ်​ကာ ထွက်သွား​ပြီး​နောက် ပေတရု​က ယေရှု​အား “အကျွန်ုပ်​တို့သည် ရှိသမျှကို​စွန့်ပစ်​၍ ကိုယ်တော်​နောက်သို့​လိုက်​ကြ​ပါ​ပြီ။ အဘယ်​အကျိုးကို​ရ​ကြ​ပါ​မည်​နည်း” ဟု​လျှောက်​လေ​သည်။ (မဿဲ ၁၉:၂၇) ပေတရု​နှင့် တခြား​တမန်​တော်​များသည် မိမိကိုယ်ကို အမှန်တကယ်​ငြင်းပယ်​ခဲ့​ကြသည်။ သူတို့သည် အဘယ်​အကျိုး​ရရှိကြ​မည်​နည်း။ ယေရှု​က သူတို့သည် ကောင်းကင်​တွင် မိမိ​နှင့်အတူ အုပ်စိုးခွင့်​ရရှိ​မည့် အခွင့်ထူး​အကြောင်း ပထမ​ဦးစွာ မိန့်ဆိုခဲ့သည်။ (မဿဲ ၁၉:၂၈) တစ်ချိန်တည်း​တွင် မိမိ၏​နောက်လိုက်​အားလုံး ခံစားရ​မည့် ကောင်းချီး​များ​ကို ယေရှု ဖော်ပြ​ခဲ့​သည်။ ကိုယ်တော် ဤသို့​မိန့်ဆိုခဲ့သည်– ‘အကြင်သူသည် ငါ့​ကြောင့်​လည်းကောင်း၊ ဧဝံဂေလိတရား​ကြောင့်​လည်းကောင်း အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယား​တည်း​ဟူသော တစ်ပါးပါး​ကို​စွန့်​၏။ ထို​သူသည် ယခု​ကာလ​၌ အဆ​တစ်​ရာ​သော​အကျိုးကို​လည်းကောင်း၊ နောင်​ဘဝ​၌ ထာဝရ​အသက်ကို​လည်းကောင်း ရ​လတ္တံ့။’ (မာကု ၁၀:၂၉၊ ၃၀) ကျွန်ုပ်​တို့ စွန့်လွှတ်​လိုက်​သည်​တို့​ထက် များစွာ​ပြန်​ရရှိကြ​၏။ ကျွန်ုပ်​တို့၏​ဝိညာဉ်​ရေး​ဖခင်​များ၊ မိခင်များ၊ ညီအစ်ကို​များ၊ ညီအစ်မ​များနှင့် သားသမီး​များ​တို့သည် ဘုရားသခင့်​နိုင်ငံတော်​အကျိုးအတွက် ကျွန်ုပ်​တို့​စွန့်​လိုက်​သော မည်သည့်​အရာ​တို့​ထက်​မဆို သာ၍​အဖိုးထိုက်တန်​သည်မဟုတ်​ပေ​လော။ အဘယ်သူ​သည် အကျိုး​အများဆုံး ရရှိခဲ့​သနည်း၊ ပေတရု​လော၊ သူကြွယ်​လူငယ်​အရာရှိ​လော။

၁၉။ (က) စစ်မှန်သော​ပျော်ရွှင်မှု​သည် အဘယ်အရာ​အပေါ် မူတည်​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်အရာကို ဆွေးနွေး​မည်​နည်း။

၁၉ ပျော်ရွှင်မှု​သည် တစ်ကိုယ်ကောင်း​စိတ်​မှ​မဟုတ်ဘဲ ပေးကမ်း​စွန့်ကြဲ​ပြီး အစေခံခြင်း​မှ ဖြစ်ပေါ်​လာ​ကြောင်း ယေရှု၏​အပြော​နှင့် လုပ်ရပ်​တို့​က ဖော်ပြ​၏။ (မဿဲ ၂၀:၂၈; တမန်​တော် ၂၀:၃၅က​ဘ) မိမိ​အလိုအတိုင်း အသက်မရှင်​ဘဲ ခရစ်တော်​နောက် လိုက်နေ​သည့်​အခါ ယခု​ဘဝတွင် ထူးကဲ​သော​အားရ​ကျေနပ်မှု​ရရှိ​ပြီး အနာဂတ်​တွင် ထာဝရ​အသက်​ရဖို့ အလားအလာ​ရှိ၏။ မိမိကိုယ်ကို​ငြင်းပယ်​သည့်​အခါ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အရှင်သခင်​ဖြစ်လာ​လေ​သည်။ သို့​နှင့် ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​ကျေးကျွန်​များ ဖြစ်လာ​ကြသည်။ ဤ​ကျေးကျွန်​ဘဝ​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။ ကျွန်ုပ်​တို့၏​ဘဝတွင် ချ​ခဲ့​ရသော​ဆုံးဖြတ်ချက်​များ​အပေါ် ယင်းသည် မည်သို့​အကျိုး​သက်ရောက်​သနည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဆွေးနွေး​ပါ​လိမ့်​မည်။

သင်​မှတ်မိ​သလော

• ကျွန်ုပ်​တို့၏​တစ်ကိုယ်ကောင်း​စိတ်​ကို အဘယ်ကြောင့် တွန်းလှန်​သင့်​သနည်း။

• မိမိကိုယ်ကို​ငြင်းပယ်​ပြီး မိမိ၏​ညှဉ်းဆဲ​ရာ​နှက်တိုင်​ကို​ထမ်း​ကာ ယေရှု​နောက်သို့ လိုက်နေ​ခြင်း​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

• မိမိ​အလိုအတိုင်း အသက်မရှင်​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို လှုံ့ဆော်ပေး​သနည်း။

• ကိုယ်ကျိုး​စွန့်​ဘဝဖြင့် အသက်ရှင်ခြင်း​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

“ကိုယ့်​ကိုယ်ကို​သနားပါ သခင်”

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေရှု​နောက်သို့​လိုက်​ရန် လူငယ်​အရာရှိ​ကို အဘယ်အရာက ဟန့်တား​ခဲ့​သနည်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မေတ္တာက ယေဟောဝါသက်သေ​များ​ကို ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူများ​အဖြစ် အမှုဆောင်ရန် တွန်းအား​ပေး