မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ်သည် သင့်အပေါ်အဘယ်သြဇာညောင်းသနည်း

ယေရှုခရစ်သည် သင့်အပေါ်အဘယ်သြဇာညောင်းသနည်း

ယေရှု​ခရစ်​သည် သင့်​အပေါ်​အဘယ်​သြဇာညောင်း​သနည်း

ရှေ့​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ရာ​များ​ကို ထောက်ရှု​သော် ယေရှု၏​သွန်သင်ချက်​များသည် ကမ္ဘာချီ​သြဇာညောင်း​ခဲ့​ကြောင်း သံသယ​ရှိ​နိုင်​မည်​လော။ သို့သော် အရေးကြီး​သည့်​မေးခွန်း​မှာ “ယေရှု၏​သွန်သင်ချက်​များသည် ကျွန်ုပ်​အပေါ် အဘယ်​သြဇာညောင်း​သနည်း” ဟူ၍​ဖြစ်၏။

ယေရှု၏​သွန်သင်ချက်​များ​တွင် အကြောင်းအရာ​မျိုးစုံ​ပါဝင်​သည်။ ယင်း​တို့​မှ​ရသော အဖိုးတန်​သင်ခန်းစာများ​သည် သင့်​ဘဝ​ကဏ္ဍအသီးသီး​အပေါ် အကျိုး​သက်ရောက်​နိုင်​သည်။ ဘဝတွင်​ဦးစားထားရာ​များ​ကို သတ်မှတ်ခြင်း၊ ဘုရားသခင်​နှင့် မိတ်ဆွေဖွဲ့​ခြင်း၊ အခြားသူ​တို့​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိ​ခြင်း၊ ပြဿနာ​များ​ကို ဖြေရှင်းခြင်း၊ အကြမ်းဖက်​လုပ်ရပ်များ​ကို ရှောင်ခြင်း​တို့​နှင့်​ပတ်သက်​သည့် ယေရှု၏​သွန်သင်ချက်​များ​ကို အာရုံစိုက်​ကြ​စို့။

ဘဝတွင် ဦးစားထားရာ​များ သတ်မှတ်ပါ

ယနေ့ အပြေးအလွှား​လုပ်ကိုင်​စားသောက်​ရသော ဤ​ခေတ်တွင် ဝိညာဉ်​ရေးရာ​များ​ကို စဉ်းစား​တွေးတောမှု မပြု​နိုင်​သည့်​အထိ ကျွန်ုပ်​တို့ အချိန်ကုန်၊ လူ​ပန်း​ဖြစ်နေ​ကြ​ရသည်။ ဂျယ်ရီ​ဟု ကျွန်ုပ်​တို့​အမည်ပေး​မည့် အသက် ၂၀ ကျော် အမျိုးသား​တစ်ဦး၏​အဖြစ်ကို သုံးသပ်ကြည့်​ပါ။ ဂျယ်ရီ​သည် ဝိညာဉ်​ရေး​အကြောင်း​ပြောဆို​ရသည်ကို​နှစ်သက်​ပြီး သိရှိ​လာ​သည့်​အရာများ​ကို အလွန်​တန်ဖိုး​ထား​သော်လည်း ဤသို့​ညည်းညူ​ခဲ့​၏– “ဒါတွေ​အမြဲ​လုပ်​နေဖို့ အချိန်​မရှိဘူး။ တစ်ပတ်​မှာ​ခြောက်​ရက် အလုပ်လုပ်​ရတယ်။ တနင်္ဂနွေ​နေ့​တစ်ရက်​ပဲ နား​ခွင့်​ရတယ်။ အဲဒီ​နေ့မှာ ကျွန်တော်​လုပ်​ရမယ့် အလုပ်တွေ​ပြီး​တဲ့​နောက် အရမ်း​မော​နေပြီ။” သင်လည်း အလားတူ​အခြေအနေ​မျိုး​တွင်​ရှိနေ​ပါ​က ယေရှု​သင်ပေးခဲ့​သည့် တောင်ပေါ်​တရားတော်​မှ အကျိုး​ရယူ​နိုင်​သည်။

နားဆင်​နေသည့်​လူအုပ်​ကို ယေရှု ဤသို့​ပြော​ခဲ့​၏– “အဘယ်​သို့​စားသောက်​ရမည်ဟု အသက်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အဘယ်​သို့​ဝတ်​ရမည်ဟု ကိုယ်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အစာ​ထက် အသက်​မြတ်​သည်မဟုတ်​လော။ အဝတ်​ထက် ကိုယ်​မြတ်​သည်မဟုတ်​လော။ မိုးကောင်းကင်​၌​ကျင်လည်​သော ငှက်​များ​ကို ကြည့်ရှု​ဆင်ခြင်​ကြလော့။ ထို​ငှက်​တို့သည် မျိုးစေ့ကို​မစိုက်​မ​ကြဲ၊ စပါး​ကို​မ​ရိတ်၊ ကျီ​၌​မ​စု​မ​သွင်း။ သို့သော်လည်း ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သူတို့ကို​ကျွေးမွေး​တော်​မူ​၏။ ထို​ငှက်​တို့​ထက် သင်တို့သည် အလွန်​မြတ်​သည်မဟုတ်​လော။ . . . ထို့​ကြောင့် အဘယ်​သို့​စားသောက်​ရ​အံ့​နည်း၊ အဘယ်​သို့​ဝတ်​ရ​အံ့​နည်း​ဟူ၍ မစိုးရိမ်​ကြ​နှင့်။ ထို​အရာများ​ကို သာသနာ​ပ​လူတို့သည် ရှာဖွေ​တတ်ကြ​၏။ ထို​အရာများ​ကို သင်တို့သည် အသုံး​လို​ကြောင်းကို ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သိတော်မူ၏။ ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေးဦး​စွာ​ရှာ​ကြလော့။ နောက်​မှ ထို​အရာများ​ကို​ထပ်၍ ပေး​တော်​မူ​လတ္တံ့။” (မဿဲ ၆:၂၅-၃၃) ယင်း​မှ အဘယ်အရာ သင်ယူ​သိရှိ​ရသနည်း။

ကျွန်ုပ်​တို့​နှင့် ကျွန်ုပ်​တို့​မိသားစုဝင်​များ​၏​ကာယရေး​လိုအပ်ရာ​များ​ကို လျစ်လျူရှု​သင့်​သည်​ဟု ယေရှု အကြံပေး​နေခြင်း​မဟုတ်ပါ။ “မိမိလူ​တို့ကို​မပြု​စု၊ ထို​မျှ​မ​က မိမိ​အိမ်သူအိမ်သား​တို့ကို မပြု​စု​သော​သူ​မည်​သည်​ကား ယုံကြည်ခြင်း​တရားကို ငြင်းပယ်​၏။ မယုံကြည်​ဖူး​သော​သူ​ထက် သာ၍​ယုတ်မာ​၏” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (၁ တိမောသေ ၅:၈) ဤ​တွင် ဦးစားထားရာ​များ​ကို သတ်မှတ်ပြီး ဝိညာဉ်​ရေးရာ​တို့ကို ဦးစားပေး​လုပ်ဆောင်​မည်​ဆိုလျှင် အခြား​လိုအပ်ရာ​များ​ကို ဘုရားသခင်​ဖြည့်စွက်​ပေး​မည်​ဟု ယေရှု ကတိပြု​နေခြင်း​ဖြစ်သည်။ ဤ​တွင်​ပါ​သော​သင်ခန်းစာ​မှာ ဦးစားထားရာ​များ​ကို မည်သို့​သတ်မှတ်​သင့်​ကြောင်း​ဖြစ်၏။ ဤ​အကြံပေး​ချက်​ကို​လိုက်နာခြင်းက ပျော်ရွှင်​စေ​၏၊ အကြောင်း​မှာ “ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ပျော်ရွှင်​ကြ​၏။”—မဿဲ ၅:၃က​ဘ။

ဘုရားသခင်​နှင့် မိတ်ဆွေဖွဲ့ပါ

ဝိညာဉ်ရေးတွင် လိုလျက်​နေကြောင်း သတိပြုမိ​သူများ​သည် ဘုရားသခင်​နှင့် ကောင်းသော​ဆက်ဆံ​ရေး​ရှိဖို့လို​ကြောင်း အသိအမှတ်ပြု​ကြသည်။ တစ်စုံ​တစ်ဦး​နှင့် မည်သို့ ဆက်ဆံ​ရေး​ကောင်း​စေနိုင်​မည်​နည်း။ ထို​သူနှင့် ပို​ပြီး​ရင်းနှီး​ကျွမ်းဝင်​လာအောင် ကြိုးစား​မည်​မဟုတ်လော။ သူ၏​ရှုမြင်ပုံ၊ သဘောထား၊ အရည်အချင်း၊ ပြီးမြောက်​အောင်မြင်မှု​များ၊ ကြိုက်​နှစ်သက်ရာ​များနှင့် မကြိုက်​နှစ်သက်ရာ​တို့ကို သိလာ​ရန် အချိန်ပေး​ရမည်။ ဘုရားသခင်​နှင့် မိတ်ဆွေဖွဲ့​ရာ​တွင်​လည်း ထို​နည်း​ထပ်တူ​ဖြစ်၏။ ကိုယ်တော့်​အကြောင်း တိကျ​မှန်ကန်သော​အသိပညာ​ရှိဖို့လို​သည်။ မိမိ​တပည့်​များ​အတွက် ဘုရားသခင်​ထံ​ဆုတောင်းရာ​တွင် ယေရှု ဤသို့​မိန့်ဆိုခဲ့​၏– “ထာဝရ​အသက်​ဟူ​မူ​ကား မှန်သော​ဘုရားသခင်​တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။” (ယောဟန် ၁၇:၃) ဘုရားသခင်​နှင့် မိတ်ဆွေဖွဲ့​ရာ​တွင် ကိုယ်တော်​အကြောင်း သိကျွမ်း​လာဖို့​လို​သည်။ ထို​အသိပညာ​ရရှိနိုင်​သည့် တစ်ခု​တည်း​သော​ရင်းမြစ်​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော် သမ္မာကျမ်းစာ​ဖြစ်၏။ (၂ တိမောသေ ၃:၁၆) သမ္မာကျမ်းစာ​ကို​လေ့လာ​ရန် အချိန်​သတ်မှတ်​ထား​ရမည်။

သို့သော် အသိပညာ​ရှိ​ရုံ​နှင့် မလုံလောက်​ပေ။ အထက်ပါ​ဆုတောင်းချက်​တွင် ယေရှု ဤသို့​ပြော​ခဲ့​သည်– ‘ကိုယ်တော်​၏​နှုတ်​မြွတ်​စကားတော်​ကို တပည့်​များသည် စောင့်​ကြ​ပါ​၏။’ (ယောဟန် ၁၇:၆) ကျွန်ုပ်​တို့သည် အသိပညာ​ဆည်းပူး​ရုံ​မ​က ထို​အသိပညာနှင့်​အညီ လုပ်ဆောင်ကြ​ရမည်။ အခြား​အဘယ်​နည်းဖြင့် ဘုရားသခင့်​မိတ်ဆွေ​ဖြစ်​နိုင်​မည်​နည်း။ လူတစ်ဦး​၏​အကြံအစည်၊ သူ၏​ကိုယ်ပိုင်​မူများ​ကို​ဆန့်ကျင်​ပြီး တမင်​လုပ်ဆောင်နေ​ပါ​က ထို​သူနှင့်​မိတ်ဆွေ​ဖြစ်​ဖို့ သင်​မျှော်လင့်​နိုင်​မည်​လော။ ထို့​ကြောင့် ဘုရားသခင့်​ရှုမြင်ပုံ​နှင့် မူများ​သည် ကျွန်ုပ်​တို့၏​အသက်တာ​အတွက် လမ်းညွှန်​ဖြစ်​သင့်​သည်။ ကိုယ်တော်​၏​မူများ​ထဲ​မှ​နှစ်ခု​ကို လူသားချင်း​တို့​နှင့်​ဆက်ဆံ​ရေး​တွင် မည်သို့​ကျင့်သုံး​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

အခြား​သူများ​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိစေ​ခြင်း

တစ်ခါ​က ယေရှုသည် လူသားချင်း​ဆက်ဆံ​ရေး​နှင့်​ပတ်သက်​၍ အဖိုးတန်​သင်ခန်းစာ​တစ်ခု သွန်သင်ပေး​ရန် ဥပမာ​တို​တစ်ခု​ပြော​ခဲ့​၏။ မိမိ​အမှုထမ်းများ​နှင့် စာရင်း​ရှင်း​လို​သည့် မင်းကြီး​တစ်ပါး​အကြောင်း ကိုယ်တော်​ပြောဆို​ခဲ့​၏။ အမှုထမ်း​တစ်ဦး​မှာ​မူ အကြွေး​များစွာ​တင်ပြီး ပြန်မဆပ်​နိုင်​ချေ။ ထို​အခါ မင်းကြီး​က ထို​သူ၊ သူ၏​ဇနီး​နှင့် ကလေး​များ​ကို​ရော​င်း၍ ကြွေးဆပ်​စေ​ဟု​အမိန့်ပေး​သည်။ ထို​ကျွန်​သည် ညွှတ်​ပျပ်ဝပ်​တွား​လျက် “ကျွန်တော့်​ကို​သည်းခံ​တော်​မူ​ပါ။ ကြွေး​ရှိသမျှကို​ဆပ်ပါ​မည်” ဟု​တောင်းပန်​၏။ မင်းကြီး​သည် သနား​ပြီး ကြွေး​ရှိသမျှကို လျှော်​လိုက်​သည်။ သို့သော် ထို​ကျွန်​သည် ထွက်သွား​ရာ အကြွေး​အနည်းငယ်​တင်သော ကျွန်ချင်း​တစ်ဦး​ကို​တွေ့​ပြီး အကြွေး​ပြန်ဆပ်​ဖို့ မရ​မနေ​တောင်းဆို​လေ​၏။ ထို​ကျွန်ချင်း​က တောင်းပန်​သော်လည်း ပထမ​ကျွန်​သည် အကြွေးမဆပ်​မချင်း ထောင်​ထဲ​လှောင်ထား​လိုက်​သည်။ ဤ​အကြောင်း မင်းကြီး​ကြား​သည့်​အခါ အလွန်​ဒေါသ​ထွက်​လေ​၏။ “ငါသည် သင့်ကို​သနား​သကဲ့သို့ သင်သည်​လည်း​ကျွန်ချင်း​ကို မ​သနား​အပ်​သလော” ဟု​ဆို​ကာ ကြွေး​ရှိသမျှကို​မဆပ်မချင်း ခွင့်​မလွှတ်​တတ်သော​ကျွန်​ကို အကျဉ်း​ချ​လိုက်​သည်။ ဤဥပမာ​မှ​သင်ခန်းစာ​ရစေ​ရန် ယေရှု ဤသို့​ဆို​ခဲ့​၏– “သင်တို့သည်လည်း ညီအစ်ကို​အချင်းချင်း​တို့ကို နှလုံး​ပါ​လျက်​ခွင့်​မ​လွှတ်လျှင် ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ​၏​အဘသည် ထို​နည်းတူ သင်တို့ကို စီရင်တော်မူ​လတ္တံ့။”—မဿဲ ၁၈:၂၃-၃၅

မစုံလင်သူ​လူသားများ​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့​တွင် အမှား​များစွာ​ရှိကြသည်။ ဘုရားသခင်​ကို ပြစ်မှား​မိ​သည့်​အပြစ်​များ​ကြောင့် ကျွန်ုပ်​တို့​တင်​ရှိသည့်​အကြွေး​ကို ဘယ်တော့​မျှ အ​ကျေ​အလည်​ပြန်ဆပ်​နိုင်​မည်​မဟုတ်ပါ။ ကျွန်ုပ်​တို့​တတ်နိုင်​သမျှ​မှာ ကိုယ်တော်​၏​ခွင့်လွှတ်​မှု​ကို တောင်းခံ​ခြင်း​သာ​ဖြစ်၏။ ယေဟောဝါ​ဘုရားသခင်​သည်လည်း ကျွန်ုပ်​တို့၏​အပြစ်​အားလုံး​ကို ခွင့်လွှတ်​ရန်​အသင့်ရှိ​၏၊ သို့သော် ကျွန်ုပ်​တို့အား​ပြစ်မှား​သည့် ညီအစ်ကို​တို့၏​အပြစ်​များ​ကို ခွင့်လွှတ်​ရမည်။ အမှန်​အစွမ်းထက်​သော သင်ခန်းစာ​ပါ​တကား! “သူတစ်ပါး​သည် အကျွန်ုပ်​တို့ကို ပြစ်မှား​သော​အပြစ်​များ​ကို အကျွန်ုပ်​တို့သည် လွှတ်​သကဲ့သို့ အကျွန်ုပ်​တို့၏​အပြစ်​များ​ကို လွှတ်တော်​မူ​ပါ” ဟု ဆုတောင်း​ရန် မိမိ​နောက်လိုက်​များ​အား ယေရှု​သွန်သင်​ပေး​ခဲ့​၏။—မဿဲ ၆:၁၂

ပြဿနာ​၏​ရင်းမြစ်ကို ဖော်ထုတ်​ပါ

ယေရှုသည် လူ့​မ​နော​ကို အထူး​သိ​နားလည်​တော်​မူ​သည်။ ပြဿနာ​များ​ကို ရင်းမြစ်​မှ​စ၍ ဖြေရှင်းရန် ကိုယ်တော်​အကြံပေး​ခဲ့​သည်။ အောက်ပါ​ဥပမာ​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။

“လူ​အသက်ကို​မ​သတ်​ရ။ သတ်​သော​သူသည် ရုံး​၌​အပြစ်စီရင်​ခြင်း​ကို ခံထိုက်​ပေ​၏​ဟူသော ရှေး​ပညတ်စကား​ကို သင်တို့​ကြား​ရပြီ။ ငါ​ပညတ်​သည်​ကား ညီအစ်ကို​ကို အထောက်​မတန် အမျက်ထွက်​သော​သူသည် ရုံး​၌​အပြစ်စီရင်​ခြင်း​ကို ခံထိုက်​ပေ​၏။” (မဿဲ ၅:၂၁၊ ၂၂) ဤ​တွင် လူ့​အသက်​သတ်​ရခြင်း​၏​အကြောင်းရင်း​မှာ ထို​အကြမ်းဖက်​လုပ်ရပ်​ထက် ပို​ပြီး​အတွင်းကျ​ကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ လူသတ်သမား​၏​စိတ်ထဲ​ကြီးထွား​လာ​သည့် သဘောထား​ကြောင့်​ဖြစ်၏။ လူတို့သည် စိတ်နာ​ကြည်း​ခြင်း၊ ဒေါသ​ထွက်​ခြင်း​တို့ မဖြစ်​ပေါ်​စေ​လျှင် ကြိုတင်​ကြံစည်​ထား​သည့် အကြမ်းဖက်မှု​လည်း မဖြစ်​တော့​ပေ။ ဤ​သွန်သင်ချက်​ကို​သာ လိုက်နာ​ကျင့်သုံး​ခဲ့​ကြ​ပါ​က သွေးထွက်သံယို​မှု ရှိခဲ့​မည်​မဟုတ်​ချေ!

အလွန်​ဝမ်းနည်း​ကြေကွဲစရာ နောက်​ပြဿနာ​တစ်ခု​၏​အရင်းခံ​အကြောင်း ယေရှု​ဖော်ပြ​ပုံ​ကို သတိပြုပါ။ လူအုပ်​အား ကိုယ်တော်​ဤသို့​ဆို​၏– ‘သူ့​မယား​ကို​မ​ပြစ်မှား​ရ​ဟူသော ရှေး​ပညတ်စကား​ကို သင်တို့​ကြား​ရပြီ။ ငါ​ပညတ်​သည်​ကား ကိ​လေ​သာ​စိတ်​နှင့် သူ့​မယား​ကို​ကြည့်​သော​သူသည် စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ။ ထို့​ကြောင့် လက်ယာ​မျက်စိ​ဖြစ်သော်လည်း သင့်ကို​မှားယွင်း​စေ​လျှင် ထို​မျက်စိ​ကို ထုတ်ပစ်​လော့။’ (မဿဲ ၅:၂၇-၂၉) အရင်းခံ​ပြဿနာ​မှာ အကျင့်ပျက်​ပြား​မှု​ထက် အတွင်းကျ​ကြောင်း ယေရှု​သွန်သင်​ခဲ့​၏။ ယင်းသည် အကျင့်​မပျက်​မီ အကျင့်ပျက်​ဆန္ဒ​များ ပေါ်လာ​ခြင်း​ဖြစ်သည်။ လူတစ်ဦး​သည် မတော်လျော်​သည့်​အာသာဆန္ဒ​များ​ကို ကြာရှည်​မစဉ်း​စား​ဘဲ စိတ်ထဲ​မှ “ထုတ်ပစ်” လိုက်ပါ​က အကျင့်ပျက်​တော့​မည်​မဟုတ်ပေ။

“သင့်​ဓားကို သူ့​နေရာ၌​ပြန်​ထား​လော့”

ယေရှု သစ္စာဖောက်​အပ်နှံ​ခံရ​ပြီး ဖမ်းဆီး​ခံရ​သည့်​ည​တွင် တပည့်​တစ်ဦး​က ဓား​ထုတ်​၍ ကိုယ်တော်​ကို ကာကွယ်​ခဲ့​သည်။ ထို​စဉ်​က သူ့​အား ယေရှု​ဤသို့​မိန့်ဆို​၏– “သင့်​ဓားကို သူ့​နေရာ၌​ပြန်​ထား​လော့။ ဓားကို​ကိုင်​သော​သူ​ရှိသမျှ​တို့သည် ဓား​ဖြင့်​ဆုံး​ခြင်း​သို့​ရောက်​ကြလိမ့်မည်။” (မဿဲ ၂၆:၅၂) နောက်​နေ့​နံနက်​တွင် ပုန္တိပိလတ်​မင်း​အား ယေရှု ဤသို့​ဆို​သည်– “ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​မစပ်ဆိုင်။ ငါ​၏​နိုင်ငံ​သည် ဤ​လောက​နှင့်​စပ်ဆိုင်​လျှင် ငါသည် ယုဒ​လူ​တို့​လက်​သို့ မ​ရောက်​စေခြင်း​ငှာ ငါ​၏​လူတို့သည် တိုက်လှန်​ကြလိမ့်မည်။ ယခု​မူ​ကား ငါ​၏​နိုင်ငံ​သည် ဤ​ဒေသ​အရပ်နှင့်​မစပ်ဆိုင်​ဟု မိန့်တော်မူ၏။” (ယောဟန် ၁၈:၃၆) ဤ​သွန်သင်ချက်​သည် လက်တွေ့​မကျ​ရာ​ရောက်​သလော။

အကြမ်းမဖက်​ရန် ယေရှု​သွန်သင်​ပေး​ခဲ့​ခြင်း​ကို အစောပိုင်း​ခရစ်ယာန်​များ မည်သို့​သဘောထား​ခဲ့​သနည်း။ စစ်​နှင့်​ပတ်သက်​၍ အစောပိုင်း​ခရစ်ယာန်​များ​၏​သဘောထား စာအုပ်​တွင် ဤသို့​ဆို​၏– “အခြား​သူများကို အကြမ်းဖက်​ခြင်း​နှင့် အနာတရ​ဖြစ်စေ​ခြင်း​တို့သည် မတရားမှု​ဖြစ်​ရာ [ယေရှု၏​သွန်သင်ချက်​များ​က] ယင်းကို​တားမြစ်​ထားသော​ကြောင့် စစ်ပွဲ​တွင်​ပါဝင်ခြင်း​သည် မှား​ကြောင်း​ထင်ရှား​၏။ . . . အစောပိုင်း​ခရစ်ယာန်​များသည် ယေရှု၏​စကား​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်နာ​ကြ​ပြီး နူးညံ့​သိမ်မွေ့​ခြင်း၊ ခုခံ​တော်လှန်မှု​မပြုခြင်း​နှင့်​ပတ်သက်​သည့် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို စာသား​အတိုင်း​သဘောပေါက်ခဲ့​ကြသည်။ သူတို့၏​ဘာသာ​တရားသည် ငြိမ်သက်ခြင်း​နှင့် အလွန်​ဆက်စပ်​ကြောင်း၊ သွေးထွက်သံယို​မှု​ဖြစ်စေ​သော​စစ်ပွဲ​များ​ကို သူတို့ ပြင်းပြင်းထန်ထန်​ရှုတ်ချ​ကြောင်း ဖော်ပြ​ကြသည်။” ဤ​သွန်သင်ချက်​ကို​သာ အမည်ခံ​ခရစ်ယာန်​အားလုံး အမှန်တကယ်​လိုက်နာ​ခဲ့​ကြ​မည်​ဆိုလျှင် သမိုင်းကြောင်း​သည် အလွန်​ခြားနား​လိုက်​မည်​ဖြစ်​ခြင်း!

ယေရှု၏​သွန်သင်ချက်​အားလုံး​မှ သင် အကျိုး​ရယူ​နိုင်

ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​သော ယေရှု၏​သွန်သင်ချက်​များသည် နှစ်​လို့​ဖွယ်​ဖြစ်၏၊ ရိုးရှင်း​ပြီး အစွမ်းထက်​၏။ ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို သိကျွမ်း​မည်၊ ယင်း​တို့ကို လက်တွေ့​ကျင့်သုံး​မည်​ဆိုလျှင် လူသား​တို့ အမှန်​အကျိုး​ခံစားရ​ပေမည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 22 ယေရှု၏​သွန်သင်ချက်​များ​အားလုံး​ကို အစဉ်​အတိုင်း​သုံးသပ်​လိုလျှင် ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော အသက်ရှင်ခဲ့သမျှ​တွင်​အကြီးမြတ်ဆုံး​လူသား စာအုပ်​ကို​ရှု။

လူသား​တို့​နှုတ်မြွက်​ခဲ့​သမျှ​တွင် ပညာ​အရှိဆုံး​သွန်သင်ချက်​များ​မှ သင် အကျိုး​ရယူ​နိုင်​ပုံ​ကို​သိရှိ​ရန် သင့်​အရပ်ဒေသ​ရှိ ယေဟောဝါသက်သေ​များ​က ဝမ်းသာ​အားရ​ကူညီ​လို​ကြသည်။ သူတို့နှင့်​အဆက်အသွယ်​ပြုလုပ်​ရန် သို့​မဟုတ် ဤ​မဂ္ဂဇင်း​၏ စာမျက်နှာ ၂ ပါ လိပ်စာ​သို့​စာရေး​ရန် သင့်​အား လှိုက်လှဲ​စွာ​ဖိတ်ခေါ်ပါ​သည်။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

“ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် သူတို့ကို ကျွေးမွေး​တော်​မူ​၏”

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှု၏​သွန်သင်ချက်​များသည် သင့်​အသက်တာအပေါ် အကျိုးရှိရှိ​သြဇာညောင်း​နိုင်