မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှု၏ ကမ္ဘာချီသြဇာညောင်းမှု

ယေရှု၏ ကမ္ဘာချီသြဇာညောင်းမှု

ယေရှု၏ ကမ္ဘာချီ​သြဇာညောင်းမှု

သီးသန့်​ဖြစ်စေ၊ လူအများရှေ့​ဖြစ်စေ ယေရှု​မိန့်မြွက်​ခဲ့​ရာ​များ​ဟု ခရစ်ဝင်​ကျမ်း​များ မှတ်တမ်း​တင်ထား​သမျှ​ကို နှစ်နာရီ​အတွင်း ကိုယ်တော်​ပြောဆို​နိုင်​ခဲ့​သည်။ သို့​တိုင် ဤ​အနည်းငယ်မျှသော​အကြောင်း​သည် အလွန်​စိတ်​လှုပ်ရှား​စ​ရာ၊ အလွန်​လှုံ့ဆော်မှု​ဖြစ်စေ​ရာ၊ ထိုးထွင်း​သိမြင်​စေ​ရာ​ဖြစ်​ခဲ့​သဖြင့် မည်သူကမျှ ကမ္ဘာ​ကို ဤမျှ​လောက် ဩဇာ​မ​ညောင်း​ခဲ့​ဖူး​ပါ” ဟု ကျမ်းစာ​ဘာသာပြန်​သူ အက်​ဂါ​ဂွတ်​စ​ပိ​က ပြော​ခဲ့​သည်။

စီ.အီး. ၃၃ ခုနှစ်​တွင် ယေရှု​ခရစ်​၏​မြေကြီး​အမှုဆောင်​လုပ်ငန်း ပြီးဆုံး​သည့်​အခါ ကိုယ်တော့်​တပည့်​များ​၏​အရေအတွက်​မှာ အမျိုးသား၊ အမျိုးသမီး အနည်းဆုံး ၁၂၀ ခန့်​ရှိသည်။ (တမန်​တော် ၁:၁၅) ယနေ့ လူ​သန်း​နှစ်ထောင်​ကျော်​သည် ခရစ်ယာန်​အမည်ခံ​ကြသည်။ ထို​ထက်မက လူ​သန်းပေါင်း​များစွာလည်း ယေရှု​ခရစ်​အား ပရောဖက်​တစ်ပါး​အဖြစ် လက်ခံ​ထား​ကြသည်။ ကိုယ်တော်​၏​သွန်သင်ချက်​များသည် လူသားထု​အပေါ် အမှန်ပင် အလွန်​သြဇာညောင်း​ခဲ့​သည်။

ယေရှု၏​ကမ္ဘာချီ​သြဇာညောင်းမှု​ကို ခရစ်ယာန်​မဟုတ်​သူ ခေါင်းဆောင်​များ​ပင် အသိအမှတ်ပြု​ကြသည်။ ဥပမာ၊ ဂျူး​ကျမ်း​ပညာရှင် ဟို​င်​မ​န်​အီနီလို​က “ယေရှုသည် အကျော်ကြားဆုံး​ပုဂ္ဂိုလ်၊ အများဆုံး​သင်ယူ​လေ့လာ​ခံရ​သော​ပုဂ္ဂိုလ်၊ လူ့​ဘာသာရေး​သမိုင်း​တွင် ဩဇာ​အ​ညောင်း​ဆုံး​ပုဂ္ဂိုလ်​ဖြစ်လာ​သည်” ဟု​ရေးသားခဲ့​သည်။ အီနီလို ဤသို့​ဖော်ပြ​သေး​၏– “လူသားများ​အပေါ် ယေရှု၏​သြဇာညောင်းမှု​ကို မည်သူ​မှန်းဆ​နိုင်​မည်​နည်း။ ကိုယ်တော်​လှုံ့ဆော်​ခဲ့​သော မေတ္တာ၊ ပေးကမ်း​ခဲ့​သော နှစ်သိမ့်မှု၊ ဖြစ်ပေါ်​စေသော ကောင်းမြတ်​ခြင်း၊ နှိုးဆွ​ပေး​ခဲ့​သော မျှော်လင့်ချက်​နှင့် ပျော်ရွှင်မှု​တို့သည် လူ့​သမိုင်း​တွင် တု​နှိုင်း​မမီ​နိုင်သော​အရာများ​ဖြစ်သည်။ လူသား​မျိုးနွယ်​ပြုလုပ်​ခဲ့​သော ကြီးမြတ်မှု​နှင့် ကောင်းမြတ်​မှု​တို့​တွင် လူသား​တစ်ရပ်လုံး​၏ ကြိုက်​နှစ်သက်ရာ​ဖြစ်​ခြင်း၊ ဩဇာ​ညောင်း​မှု​ဖြစ်​ခြင်း​တို့​၌ ယေရှုကို မည်သူကမျှ မမီ​ချေ။ ကိုယ်တော်​သည် သမိုင်း​တွင် စိတ်ဝင်စားစရာ​အကောင်းဆုံး​ပုဂ္ဂိုလ်​ဖြစ်လာ​သည်။” ဟိန္ဒူ​ခေါင်းဆောင် မိုဟမ်းဒတ်စ် ကေ. ဂန္ဒီ​က ဤသို့​ပြော​သည်– “လူသားထု​အတွက် ယေရှု​လောက် ပြုလုပ်​ဆောင်ရွက်​ပေး​နိုင်​သူ မည်​သူ့ကို​မျှ အကျွန်ုပ်​မသိ​ပါ။ အမှန်​မှာ ခရစ်ယာန်​ဘာသာသည် အလွန်​ကောင်း​၏။” သို့သော် သူ​ဆက်​ပြော​သည်​မှာ– “ပြဿနာ​က အသင်​တို့​ခရစ်ယာန်​များ​ဖြစ်၏။ သင်တို့​ကိုယ်တိုင်​၏ သွန်သင်ချက်​များနှင့်​အညီ သင်တို့​မနေထိုင်​ကြ” ဟူ၍​ဖြစ်၏။

အမည်ခံ​ခရစ်ယာန်​များသည် ယေရှု၏​သွန်သင်ချက်​များနှင့်​အညီ မနေထိုင်​ကြသည်​မှာ နှစ်ချီ​ကြာ​ခဲ့ပြီ။ “ချာ့ခ်ျ​အတွင်း​အကျင့်​လျော့ရဲမှု ဖြည်းဖြည်း​နှင့် မှန်မှန်​တိုးများ​လာ​လျက်​ရှိသည်​ကို အေ.ဒီ. ၁၄၀ ကတည်းက ခရစ်ယာန်​ခေါင်းဆောင်​များ အာရုံစိုက်ခဲ့​ကြပြီ” ဟု ခရစ်ယာန်​ဘာသာ​သမိုင်း​ပညာရှင် စီ​စဲလ်​ဂျွန်​ကာ​ဒူ​က ပြော​ခဲ့​သည်။ “အစောပိုင်း​ရှိ ကျင့်ဝတ်​စည်းကမ်း​တင်းကျပ်​မှု လျော့​ရဲ​သွားခြင်းက လောက​လမ်းစဉ်​နှင့်​ကိုက်ညီ​မှု​ဖြစ်​စဉ် ပေါ်လာ​စေ​သည်” ဟု သူ​ပြောဆို​ခဲ့​၏။

ရောမ​ဧကရာဇ်​ကွန်​စတင်​တိုင်း​သည် ခရစ်ယာန်​ဘာသာဝင်​ဖြစ်လာ​ချိန် စတုတ္ထ​ရာစု​တွင် ဤ​ဖြစ်​စဉ် အရှိန်​ရလာ​ခဲ့​သည်။ ကွန်​စတင်​တိုင်း​နှင့် မဟာမိတ်ဖွဲ့​ခြင်း​ဖြင့် ချာ့ခ်ျ​ကျူးလွန်​ခဲ့​သော အရှက်ရ​စ​ရာ​များစွာကို သမိုင်း​ပညာရှင်​များ သတိပြုမိ​ပြီး ယူကျုံး​မရ​ဖြစ်နေ​ကြ​၏။ ထို​အချိန်​ကတည်းက ရာစုနှစ်များ​တစ်လျှောက် အမည်ခံ​ခရစ်ယာန်​များသည် ခရစ်တော်​၏​နာမကို ရှုတ်ချ​ဖွယ်​ဖြစ်စေ​သော​အမူအကျင့်များ​စွာ ပြုမူ​ခဲ့​ကြပြီ။

သို့​ဖြစ်၍ သုံးသပ်​ရမည့်​မေးခွန်းများ​မှာ ယေရှု အမှန်​သွန်သင်​ခဲ့​ရာ​ကား အဘယ်နည်း။ ကိုယ်တော်​၏​သွန်သင်ချက်​များသည် ကျွန်ုပ်​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​သင့်​သနည်း​ဟူ၍​ဖြစ်၏။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“လူသားထု​အတွက် ယေရှု​လောက် ပြုလုပ်​ဆောင်ရွက်​ပေး​နိုင်​သူ မည်​သူ့ကို​မျှ အကျွန်ုပ်​မသိ။”—မိုဟမ်းဒတ်စ် ကေ. ဂန္ဒီ

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

“မည်သူကမျှ ကမ္ဘာ​ကို ဤမျှ​လောက် ဩဇာ​မ​ညောင်း​ခဲ့​ဖူး​ပါ။”—အက်​ဂါ ဂွတ်​စ​ပိ

[Credit Line]

Culver Pictures