ယေဟောဝါပေးသော ခွန်အားဖြင့် ရှံဆုန်အောင်ပွဲဆင်!
ယေဟောဝါပေးသော ခွန်အားဖြင့် ရှံဆုန်အောင်ပွဲဆင်!
အငြိုးကြီးသော ဖမ်းဆီးသူများသည် ရှံဆုန်၏မျက်လုံးများကို ဖောက်ထုတ်လိုက်ပြီး အလုပ်ကြမ်းလုပ်စေကြ၏။ ထို့နောက် လူအုပ်အား ဖျော်ဖြေရန် အကျဉ်းထောင်မှ အယူမှားဝတ်ကျောင်းအတွင်းသို့ သူ့အား ခေါ်ဆောင်လာကြသည်။ ထောင်နှင့်ချီသော ပွဲကြည့်ပရိသတ်ရှေ့တွင် သူ့အား အတင်းလမ်းလျှောက်စေပြီး ပြောင်လှောင်ရှုတ်ချကြ၏။ အဆိုပါအကျဉ်းသားသည် ရာဇဝတ်သားမဟုတ်သလို ရန်သူ့စစ်တပ်တစ်တပ်၏ တပ်မှူးလည်းမဟုတ်ပေ။ သူသည် ယေဟောဝါအား ဝတ်ပြုသူဖြစ်ကာ ဣသရေလတိုင်းပြည်တွင် တရားသူကြီးအဖြစ် အနှစ် ၂၀ ကြာ အမှုထမ်းခဲ့သူဖြစ်သည်။
အသက်ရှင်ခဲ့သမျှတွင် ကာယဗလအသန်ဆုံး ရှံဆုန်သည် ယင်းသို့အရှက်တကွဲဖြစ်ရသည့် အခြေအနေသို့ မည်သို့ဆိုက်ရောက်သွားခဲ့သနည်း။ သာမန်ထက်ထူးကဲသော သူ၏ခွန်အားဗလက သူ့ကို ကယ်တင်ပါမည်လော။ ရှံဆုန်ခွန်အားဗလကြီးရခြင်း၏ လျှို့ဝှက်ချက်ကား အဘယ်နည်း။ သူ၏ဘဝဇာတ်ကြောင်းမှ ကျွန်ုပ်တို့သင်ယူနိုင်စရာ တစ်ခုခုရှိပါသလော။
သူသည် “ဣသရေလအမျိုးကို ကယ်တင်ရာတွင် ဦးဆောင်” လိမ့်မည်
ဣသရေလအမျိုးသားများသည် စစ်မှန်သောဝတ်ပြုရေးမှ အကြိမ်ပေါင်းများစွာ သွေဖည်ခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ‘ယေဟောဝါရှေ့တော်၌ မကောင်းမှုကိုပြုကြသောကြောင့် ယေဟောဝါသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံး အပ်တော်မူ၏။’—တရားသူကြီး ၁၃:၁။
မာနော်အမည်ရှိ ဣသရေလအမျိုးသားတစ်ဦး၏ မြုံနေသောဇနီးသည်ထံ ယေဟောဝါ၏ကောင်းကင်တမန် ရောက်လာကာ သူသည် သားတစ်ယောက်မွေးမည်ဟု အသိပေးခဲ့ချိန်၌ ရှံဆုန်၏ဇာတ်လမ်းစခဲ့၏။ အဆိုပါကောင်းကင်တမန်က “ပဋိသန္ဓေယူ၍ ဖွားမြင်ရလတ္တံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကိုမခံဘဲ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏နာဇရိလူ ဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်တင်ရာတွင် ဦးဆောင်လိမ့်မည်” ဟု သူ့အား ညွှန်ကြားခဲ့သည်။ (တရားသူကြီး ၁၃:၂-၅၊ ကဘ) ရှံဆုန်ကို ကိုယ်ဝန်မဆောင်မီ သူသည် တာဝန်တစ်ခုကိုထမ်းဆောင်ရမည်ဟု ယေဟောဝါ ဆုံးဖြတ်တော်မူပြီးသားဖြစ်၏။ သူ့အားမွေးဖွားပြီးချိန်မှစ၍ သူသည် ထူးခြား၍ မြင့်မြတ်သည့်လုပ်ငန်းတစ်မျိုးအတွက် ရွေးထုတ်ထားသော နာဇရိလူတစ်ဦးဖြစ်ရန်တည်း။
သူ့ကိုသာ “ကျွန်ုပ်မျက်စိကျပါ၏”
ရှံဆုန်ကြီးပြင်းလာသည်နှင့်အမျှ သူ့ကို ‘ယေဟောဝါ ကောင်းချီးပေးတော်မူ၏။’ (တရားသူကြီး ၁၃:၂၄) တစ်နေ့တွင် ရှံဆုန်သည် မိဘထံသို့လာ၍ “တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ်မယားဖြစ်ဖို့ရာ တောင်း၍ပေးပါ” ဟုဆို၏။ (တရားသူကြီး ၁၄:၂၊ သမ္မာ) မိဘများ အံ့အားသင့်သွားပုံကို မြင်ယောင်ကြည့်ပါ။ ဣသရေလတိုင်းပြည်ကို ဖိနှိပ်သူများ၏လက်မှ ကယ်လွှတ်မည့်အစား မိမိတို့၏သားက သူတို့နှင့်မဟာမိတ်ဖွဲ့လျက် စုံဖက်လိုသည်တကား။ အယူမှားနတ်ဘုရားများကို ဝတ်ပြုကိုးကွယ်သူတစ်ဦးနှင့် အိမ်ထောင်ပြုခြင်းက ဘုရားသခင့်ပညတ်နှင့်ဆန့်ကျင်၏။ (ထွက်မြောက်ရာ ၃၄:၁၁-၁၆) ထို့ကြောင့် မိဘများက ဤသို့ကန့်ကွက်လိုက်လေသည်– “သင်သည် အရေဖျားလှီးခြင်းကိုမခံသော ဖိလိတ္တိလူတို့တွင် မယားကိုသွား၍ယူရမည်အကြောင်း သင်၏ညီအစ်ကိုသမီး၊ ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှမရှိလော။” ထိုသို့ဆိုသော်လည်း ရှံဆုန်က “ထိုမိန်းမကိုတောင်း၍ပေးပါ။ သူ့ကိုသာ ကျွန်ုပ်မျက်စိကျပါ၏” ဟု မရမကပြောဆိုလေသည်။—တရားသူကြီး ၁၄:၃၊ ကဘ။
ဤဖိလိတ္တိအမျိုးသမီးသည် အဘယ်နည်းဖြင့် ရှံဆုန် ‘မျက်စိကျ’ ရာဖြစ်သနည်း။ သူသည် “လှပ၍ ဆွဲဆောင်မှုရှိသူဖြစ်ခြင်းကြောင့်သာမဟုတ်ဘဲ ရည်ရွယ်ချက်တစ်ခုနှင့်ဆက်စပ်နေခြင်းကြောင့်လည်း ဖြစ်သည်” ဟု မက်ကလင်းတော့ခ်နှင့် စထရောင်းတို့၏ စွယ်စုံကျမ်းက ဆိုသည်။ အဘယ်ရည်ရွယ်ချက်နှင့် ဆက်စပ်နေသနည်း။ တရားသူကြီးမှတ်စာ ၁၄:၄ က ရှံဆုန်သည် “ဖိလိတ္တိလူတို့၌ အမှုရှာ” နေကြောင်း ရှင်းပြ၏။ ထိုရည်ရွယ်ချက်ကြောင့် ယင်းအမျိုးသမီးကို ရှံဆုန်စိတ်ဝင်စားခြင်းဖြစ်၏။ ရှံဆုန်သည် အရွယ်ရောက်လာသောအခါ ‘ယေဟောဝါ၏ဝိညာဉ်တော်သည် နှိုးဆော်စပြုတော်မူ၏။’ (တရားသူကြီး ၁၃:၂၅) သို့နှင့် ရှံဆုန်၏ တစ်မူထူးသော ဇနီးတောင်းခံမှုအပြင် ဣသရေလတိုင်းပြည်အပေါ် တရားသူကြီးအဖြစ် ထမ်းဆောင်ချိန်တစ်လျှောက်လုံး၏ နောက်ဝယ်တွင်ရှိသည့် စေ့ဆော်ပေးသောတွန်းအားမှာ ယေဟောဝါ၏ဝိညာဉ်တော်ပင်ဖြစ်လေသည်။ ရှံဆုန်သည် ၎င်းရှာဖွေနေသည့် အခွင့်အရေးကို ရရှိခဲ့ပါသလော။ သူ့အား ယေဟောဝါ ကူညီထောက်မမည်ဟု အာမခံပေးခဲ့ပုံကို ဦးဆုံး သုံးသပ်ကြည့်ကြပါစို့။
ရှံဆုန်သည် သတို့သမီးလောင်းနေထိုင်ရာ တိမနတ်မြို့သို့ ခရီးသွားနေသည်။ ‘တိမနတ်စပျစ်ဥယျာဉ်များသို့ရောက်လျှင် ခြင်္သေ့ပျိုတစ်ကောင်သည် သူ့ကိုတွေ့ ၍ဟောက်လေ၏။ ယေဟောဝါ၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့် သူသည် ထိုခြင်္သေ့ကို နှစ်ပိုင်းဆွဲဖြတ်လိုက်လေသည်’ ဟု ကျမ်းစာမှတ်တမ်းက ပြောပြသည်။ မိမိတွင် ဤမျှအံ့ဖွယ်ခွန်အားဖော်ပြမှုကို ရှံဆုန်တစ်ဦးတည်းရှိနေချိန်တွင် ခံစားခဲ့ရသည်။ မျက်မြင်သက်သေ တစ်ယောက်မျှမရှိပေ။ နာဇရိလူတစ်ဦးဖြစ်သော ရှံဆုန်သည် ဘုရားသခင်ပေးအပ်ထားသော တာဝန်ကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ဤနည်းဖြင့် ယေဟောဝါ စိတ်ချစေခြင်း ဖြစ်ပါသလော။ သမ္မာကျမ်းစာတွင် မပြောပြထားသော်လည်း တစ်မူထူးခြားသည့် သူ၏အစွမ်းခွန်အားသည် မိမိ၏အစွမ်းမဟုတ်ကြောင်း ရှံဆုန်အတပ်သိခဲ့ရ၏။ ဘုရားသခင်ထံမှလာသည့်ခွန်အား ဖြစ်ရပေမည်။ သို့နှင့် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းတွင် သူ့ကို ယေဟောဝါကူညီပေးမည်ဟု စိတ်ချနိုင်လေသည်။ ခြင်္သေ့နှင့်ရင်ဆိုင်ခဲ့ရသည့် အဖြစ်အပျက်မှ ရှံဆုန် ပို၍အားရှိလာရာ “ခရီးဆက်ခဲ့ပြီး မြို့သို့ရောက်သော် မိန်းမနှင့်စကားစပြောဆိုလေသည်; သူသည် မျက်စိကျစရာ ဖြစ်နေသေး၏။”—တရားသူကြီး ၁၄:၅-၇၊ ကဘ။
ရှံဆုန်သည် ထိုမိန်းမနှင့်လက်ထပ်ဖို့ နောက်ပိုင်းပြန်သွားသောအခါ “ခြင်္သေ့အသေကောင်ကို ကြည့်ရှုအံ့သောငှာ လမ်းမှလွှဲသွား၍ ထိုအသေကောင်ထဲမှာ ပျားအုံနှင့်ပျားရည်ရှိသည်ကို တွေ့မြင်” လေ၏။ ယင်းကိုသတိရလျက် ရှံဆုန်သည် မိမိ၏လက်ထပ်ပွဲကို တက်ရောက်လာကြသော ဖိလိတ္တိလူမျိုး အပေါင်းအဖော် ၃၀ တို့ကို ဤသို့ စကားထာဖွဲ့လိုက်သည်– “စားတတ်သောသူ၏အထဲကအစာ၊ သန်စွမ်းသူ၏အထဲက အချိုထွက်လေစွ။” သူတို့သည် ယင်းစကားထာ၏အနက်ကို ဖော်နိုင်မည်ဆိုလျှင် ရှံဆုန်က သူတို့အား အပေါ်ဝတ်ရုံနှင့် အထူးဝတ်စုံ ၃၀ ကို ပေးရမည်ဖြစ်၏။ အကယ်၍ အဓိပ္ပာယ်မဖော်နိုင်လျှင် သူတို့က ရှံဆုန်အား ထပ်တူအရေအတွက်အတိုင်း ပေးရမည်ဖြစ်သည်။ ထိုဖိလိတ္တိလူတို့သည် အဆိုပါစကားထာကြောင့် သုံးရက်တိုင်တိုင် ခေါင်းရှုပ်ခဲ့ကြ၏။ လေးရက်မြောက်နေ့တွင် သူတို့သည် မိန်းမအား ဤသို့ခြိမ်းခြောက်ပြောဆိုလေတော့သည်– “သင်၏လင်သည် စကားထာအနက်ကိုဖော်ပြစေခြင်းငှာ သူ့ကို ချော့မော့သွေးဆောင်ရမည်။ သို့မဟုတ် သင်နှင့်တကွ အဘအိမ်ထောင်ကို မီးရှို့မည်။” အလွန်ရက်စက်ကြသည်တကား! ဖိလိတ္တိလူတို့သည် မိမိတို့အမျိုးသားချင်းကို ဤနည်းဖြင့် ဆက်ဆံခဲ့ကြသည်ဆိုလျှင် ဖိနှိပ်ခံနေရသည့် ဣသရေလလူမျိုးတို့၏ အဖြစ်အနေကို မြင်ယောင်ကြည့်လိုက်ပါလေ!—တရားသူကြီး ၁၄:၈-၁၅။
ကြောက်လန့်တကြားဖြစ်နေသော ထိုမိန်းမသည် ရှံဆုန်အား ဖိအားပေး၍ အဖြေကိုပြောပြစေခဲ့သည်။ ထိုမိန်းမသည် ရှံဆုန်အပေါ် မေတ္တာမရှိ၊ သစ္စာမဲ့ကာ ချက်ချင်းပင် အပေါင်းအဖော်များကို သွားပြောပြလိုက်သည်။ သူတို့သည် စကားထာအနက်ကို ရရှိသွားခဲ့ကြသော်လည်း အကြောင်းရင်းကို ရှံဆုန်သိရှိကာ ဤသို့ပြောလိုက်၏– “သင်တို့သည် ငါ့နွားမတန်းနှင့်မထွန်ခဲ့လျှင် ငါ့စကားထာအနက်ကို ရှာ၍တွေ့လေပြီမဟုတ်။” ရှံဆုန်မျှော်လင့်စောင့်စားလာခဲ့သည့် အခွင့်အရေးသည် ယခု အကောင်အထည်ပေါ်လေပြီ။ ‘ယေဟောဝါ၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာသက်ရောက်သဖြင့် သူသည် အာရှကေလုန်မြို့သို့သွား၍ မြို့သားသုံးဆယ်ကိုသတ်ပြီးမှ သူတို့ဥစ္စာကိုလုယူ၍ စကားဝှက်အနက်ကိုဖော်ပြသောသူတို့အား အဝတ်စုံတို့ကိုပေးလေ၏။’—တရားသူကြီး ၁၄:၁၈၊ ၁၉။
အာရှကေလုန်မြို့တွင် ရှံဆုန်ပြုလုပ်ခဲ့သောအမှုသည် သူ့ဘက်မှ လက်စားချေလို၍လော။ မဟုတ်ပေ။ ဘုရားသခင်ရွေးချယ်ထားသည့် ကယ်တင်ရှင်အားဖြင့် ကိုယ်တော်ပြုသောအမှုဖြစ်၏။ ယေဟောဝါသည် ရှံဆုန်ကိုအသုံးပြုပြီး မိမိလူမျိုးအပေါ် ရက်စက်စွာ ဖိနှိပ်နေသူများကို စတိုက်ခိုက်တော့မည်ဖြစ်သည်။ ဤဆောင်ရွက်မှုကို ဆက်ရမည်ဖြစ်၏။ ရှံဆုန်သည် မိမိဇနီးထံသွားလည်ပတ်သောအခါ နောက်အခွင့်အရေးတစ်ခု ပေါ်ပေါက်လာသည်။
တစ်ကိုယ်တော်တိုက်ပွဲ
ရှံဆုန်သည် တိမနတ်မြို့သို့ပြန်ရောက်လာသောအခါ မိမိဇနီး၏ဖခင်က သူ့ကို ရှံဆုန်မုန်းသွားပြီအထင်ဖြင့် ထိုမိန်းမကို နောက်အမျိုးသားတစ်ဦးနှင့် ပေးစားလိုက်ပြီဖြစ်ကြောင်း တွေ့ရှိသွား၏။ ရှံဆုန်ခမျာ စိတ်အနှောင့်အယှက်ဖြစ်သွားပုံရသည်။ သို့နှင့် သူသည် မြေခွေးအကောင် ၃၀၀ ကိုဖမ်းဆီးကာ နှစ်ကောင်စီတွဲ၍ အမြီးများကြားတွင် မီးတုတ်တစ်ချောင်းစီ တွဲချည်ပေးထားလိုက်သည်။ မြေခွေးများလွတ်သွားသောအခါ ၎င်းတို့ကြောင့် ဖိလိတ္တိတို့၏ တစ်နှစ်စာ စိုက်ပျိုးထားသည့် အဓိကသီးနှံသုံးမျိုးဖြစ်သော လယ်ကွင်းများ၊ စပျစ်ခြံများနှင့် သံလွင်တောများ မီးဟုန်းဟုန်းတောက်လောင်ကာ ပျက်စီးသွားလေသည်။ အလွန်ဒေါသထွက်သွားကြသည့် ဖိလိတ္တိလူတို့သည် ရက်စက်ကြမ်းကြုတ်ကြလေတော့၏။ ရှံဆုန်၏ဇနီးနှင့် သူ့ဖခင်ကြောင့်ဖြစ်ရသည်ဟု ယူဆကာ သူတို့နှစ်ဦးကို မီးရှို့သတ်လိုက်လေသည်။ သူတို့၏ရိုင်းစိုင်းသော လက်စားချေမှုက ရှံဆုန်၏ရည်ရွယ်ချက်အတွက် အသုံးတည့်သွား၏။ ရှံဆုန်သည်လည်း သူတို့အပေါ် အကြီးအကျယ် သတ်ဖြတ်ပွဲဆင်လိုက်လေသည်။—တရားသူကြီး ၁၅:၁-၈။
ရှံဆုန်အား ယေဟောဝါ ကောင်းချီးပေးနေသည်ဟု ဣသရေလလူမျိုး သဘောပေါက်နားလည်ပြီး ဖိလိတ္တိလူတို့၏ ကြီးစိုးမှုကို အဆုံးတိုင်စေဖို့ သူနှင့်ပူးပေါင်းခဲ့သလော။ ဝေးလေစွ။ ပြဿနာကို ရှောင်ကွင်းရန် ယုဒလူတို့သည် လူ ၃,၀၀၀ ကိုစေလွှတ်၍ ဘုရားသခင်ရွေးချယ်ထားသည့် ခေါင်းဆောင်ကို ဖမ်းဆီးပြီး သူ၏ရန်သူများလက်ထဲအပ်လိုက်ကြသည်။ သို့ရာတွင် ဣသရေလလူတို့၏ ဤသစ္စာမဲ့မှုကြောင့် ရှံဆုန်သည် ရန်သူများကို ထပ်၍ဆုံးရှုံးစေရန် အခွင့်ကောင်းရလာပြန်သည်။ သူ့ကို ဖိလိတ္တိလူတို့လက်ထဲ အပ်ခါနီးအချိန်တွင် ‘ယေဟောဝါ၏ဝိညာဉ်တော်သည် သူ့အပေါ်မှာသက်ရောက်သဖြင့် သူ့လက်၌ချည်သောကြိုးတို့သည် မီးထိသောပိုက်ဆန်ကဲ့သို့ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။’ ထို့နောက် သူသည် မြည်းမေးရိုးကို ကောက်ကိုင်လိုက်ပြီး ယင်းဖြင့် ရန်သူအယောက်တစ်ထောင်ကို ရိုက်သတ်လိုက်လေသည်။—တရားသူကြီး ၁၅:၁၀-၁၅။
ရှံဆုန်သည် ယေဟောဝါအား ဤသို့တိုးလျှိုးတောင်းပန်လေ၏– “ကိုယ်တော်သည် ဤကြီးစွာသောကယ်တင်ခြင်းကို ကိုယ်တော်၏ကျွန်လက်၌ပေးတော်မူပြီးမှ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့်သေ၍ အရေဖျားလှီးခြင်းကိုမခံသောသူတို့လက်သို့ ရောက်ရပါမည်လော။” ရှံဆုန်၏ဆုတောင်းချက်ကို ယေဟောဝါ ဖြေကြားပေးခဲ့သည်။ “ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ၍ ရေထွက်လေ၏။ သူသည် ရေကိုသောက်သဖြင့် အသက်ရှူပြန်၍ အားဖြည့်လေ၏။”—တရားသူကြီး ၁၅:၁၈၊ ၁၉။
ရှံဆုန်သည် ဖိလိတ္တိလူတို့ကို ဆန့်ကျင်တိုက်ခိုက်ရန် မိမိ၏ရည်မှန်းချက်ကို တစိုက်မတ်မတ်ပြုလုပ်ခဲ့သည်။ ဂါဇမြို့ရှိ ပြည့်တန်ဆာတစ်ဦး၏အိမ်၌ သူနေထိုင်ခဲ့ခြင်းမှာ ဘုရားသခင်၏ရန်သူများကို ဆန့်ကျင်တိုက်ခိုက်ရန်ဖြစ်၏။ ရန်သူ့မြို့တွင် တစ်ညတာတည်းခိုဖို့လိုခဲ့ရာ ပြည့်တန်ဆာအိမ်၌သာ တည်းခိုနိုင်မည်ဖြစ်၏။ အကျင့်ယိုယွင်းဖို့ ရှံဆုန်မရည်ရွယ်ခဲ့ပေ။ ညသန်းခေါင်ယံတွင် ပြည့်တန်ဆာအိမ်မှ သူထွက်ခွာပြီး မြို့တံခါးရွက်တို့ကို တံခါးတိုင်၊ ကန့်လန့်ကျင်နှင့်တကွယူ၍ ၃၇ မိုင်ခန့်ဝေးသည့် ဟေဗြုန်မြို့အနီးရှိ တောင်ပေါ်အထိ သယ်ဆောင်သွားလေ၏။ ထိုသို့ပြုရန် ဘုရားသခင်နှစ်သက်လက်ခံတော်မူ၍ သူ့ကို အစွမ်းခွန်အားပေးခဲ့သည်။—တရားသူကြီး ၁၆:၁-၃။
တစ်မူထူးသော အခြေအနေများကြောင့် ရှံဆုန်အပေါ် သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်ပုံသည် ထူးခြား၏။ ယနေ့ ဘုရားသခင်၏ တည်ကြည်သောကျေးကျွန်များသည်လည်း ထပ်တူဝိညာဉ်ခွန်အားရနိုင်မည်ဟု ယုံကြည်စိတ်ချနိုင်သည်။ ယေဟောဝါသည် ‘ဆုတောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေး’ မည်ဟု မိမိ၏နောက်လိုက်များအား ယေရှု အာမခံခဲ့သည်။—လုကာ ၁၁:၁၃။
ယေဟောဝါသည် ‘ရှံဆုန်ကို စွန့်တော်မူ’ ရခြင်းမှာ အဘယ်ကြောင့်နည်း
ဒေလိလအမည်ရှိသော အမျိုးသမီးတစ်ဦးနှင့် ရှံဆုန် မေတ္တာမျှသွားလေသည်။ ဖိလိတ္တိမင်းငါးပါးတို့သည် ရှံဆုန်ကို အလွန်သတ်ပစ်လိုကြရာ ထိုအမျိုးသမီးအကူအညီ ယူခဲ့ကြ၏။ သူတို့သည် ဒေလိလထံ ချဉ်းကပ်ကာ ဤသို့မှာကြားကြသည်– “ရှံဆုန်၌ အဘယ်ကြောင့်ခွန်အားကြီးသည်ကိုလည်းကောင်း၊ သူ့ကိုနှိပ်စက်ခြင်းငှာ အဘယ်သို့နိုင်၍ ချည်နှောင်ရမည်ကိုလည်းကောင်း သူ့ကိုချော့မော့၍ သွေးဆောင်ပါ။” တံစိုးလက်ဆောင်အနေနှင့် မင်းတစ်ပါးလျှင် “ငွေစတစ်ထောင်နှင့်တစ်ရာစီ” သူ့ကို ပေးကြမည်ဖြစ်၏။—တရားသူကြီး ၁၆:၄၊ ၅၊ ကဘ။
အဆိုပါငွေစများသည် ရှယ်ကယ်လ်များဖြစ်မည်ဆိုလျှင် သူတို့ပေးမည်ဟုဆိုသည့် ၅,၅၀၀ ရှယ်ကယ်လ်သည် ဧရာမတံစိုးလက်ဆောင်ပင်။ အာဗြဟံသည် မိမိဇနီးအား သင်္ဂြိုဟ်ရန် မြေကွက်အတွက် ၄၀၀ ရှယ်ကယ်လ်ပေးခဲ့ရ၏၊ ကျွန်တစ်ဦးကို ၃၀ ဖြင့်သာ ရောင်းရ၏။ (ကမ္ဘာဦး ၂၃:၁၄-၂၀; ထွက်မြောက်ရာ ၂၁:၃၂) ဖိလိတ္တိမြို့ငါးမြို့၏ အုပ်စိုးရှင်များဖြစ်သော မင်းကြီးများသည် ဒေလိလကို ဆွဲဆောင်သည့်အခါ ကိုယ့်လူမျိုးအပေါ် တည်ကြည်ရေးကို အသုံးမချဘဲ သူ၏ဥစ္စာဓနမက်မောမှုကို အသုံးပြုစည်းရုံးခဲ့သည့်အချက်က သူသည် ဣသရေလအမျိုးသမီးဖြစ်ဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်ပါစေ ဒေလိလသည် သူတို့ကမ်းလှမ်းသည့်ငွေကို လက်ခံခဲ့သည်။
ရှံဆုန်သည် ဒေလိလ စုံစမ်းမေးမြန်းသည်ကို သုံးကြိမ်တိုင်တိုင် တလွဲဖြေခဲ့၏၊ ဒေလိလကလည်း သူ့ကို ရန်သူများလက်ထဲ အပ်နှံဖို့ သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့သည်။ သို့သော် ဒေလိလသည် “စကားနှင့် နေ့တိုင်းအလွန်အမင်းပူဆာ၍” ရှံဆုန်မှာ “အသက်သေလောက်အောင် စိတ်ငြီးငွေ့” လာတော့သည်။ နောက်ဆုံးတွင် ရှံဆုန်သည် မိမိ၏ဆံပင်ကို တစ်ခါမျှမဖြတ်ခဲ့ဖူးကြောင်း အမှန်အတိုင်း ပြောပြလိုက်၏။ ဖြတ်လိုက်မည်ဆိုပါက အားလျော့သွားကာ အခြားသူများနှင့်တူသွားပေမည်။—တရားသူကြီး ၁၆:၆-၁၇၊ သမ္မာ။
ယင်းသို့ပြောပြလိုက်ခြင်းက ရှံဆုန်၏ကျဆုံးခန်းပင်။ ဒေလိလသည် အကွက်ဆင်ပြီး သူ့ဆံပင်ကိုရိတ်လိုက်လေသည်။ အမှန်မှာ ရှံဆုန်၏ခွန်အားသည် သူ၏ဆံပင်တွင်မဟုတ်ချေ။ နာဇရိလူတစ်ဦးအဖြစ် မိမိနှင့်ဘုရားသခင်၌ အထူးဆက်ဆံရေးရှိကြောင်း သူ့ဆံပင်ကဖော်ပြခြင်းသာဖြစ်၏။ ရှံဆုန်သည် ဆံပင်အရိတ်ခံလိုက်ရ၍ မိမိ၏နာဇရိအဖြစ်ကို ထိခိုက်သွားစေသောကြောင့် ‘သူ့ကို ယေဟောဝါစွန့်တော်မူ’ ခြင်းဖြစ်၏။ ယခု ဖိလိတ္တိလူတို့သည် ရှံဆုန်အား ဝိုင်းဝန်းဖမ်းဆီးလိုက်ကြ၏၊ သူ့ကိုမျက်စိကန်းစေပြီး အကျဉ်းချလိုက်ကြသည်။—တရားသူကြီး ၁၆:၁၈-၂၁။
ကျွန်ုပ်တို့အတွက် တကယ်ထိမိသောသင်ခန်းစာပါတကား! ယေဟောဝါနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေးကို အလွန်အဖိုးထိုက်သည့်အရာအဖြစ် ကျွန်ုပ်တို့ တန်ဖိုးထားသင့်သည်မဟုတ်ပေလော။ ကျွန်ုပ်တို့၏ ခရစ်ယာန်ဆက်ကပ်အပ်နှံမှုကို တစ်နည်းနည်းဖြင့် အလျှော့ပေးလိုက်လျောလိုက်မည်ဆိုလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်ဆက်ကောင်းချီးပေးမည်ဟု မျှော်လင့်နိုင်ပါမည်လော။
“ဖိလိတ္တိလူတို့နှင့်တကွ သေပါရစေ”
မြူးထူးပျော်ရွှင်နေကြသော ဖိလိတ္တိလူတို့သည် ရှံဆုန်ကိုအနိုင်ရသည့်အတွက် မိမိတို့၏နတ်ဘုရား ဒါဂုန်ကို ကျေးဇူးတင်ကြသည်။ သူတို့အောင်ပွဲခံရန် ထိုအကျဉ်းသားကို ဒါဂုန်ဝတ်ကျောင်းသို့ ခေါ်ဆောင်သွားလေသည်။ သို့သော် မိမိကျဆုံးရသည့်အကြောင်းရင်းကို ရှံဆုန်သိထားသည်။ မိမိကို ယေဟောဝါစွန့်ရသည့်အကြောင်းရင်းကို သူသိကာ မိမိပျက်ကွက်သွားသည့်အတွက် ရှံဆုန်အလွန်ဝမ်းနည်းနေသည်။ ထောင်ထဲတွင် ရှံဆုန်ရှိနေစဉ် သူ၏ဆံပင် ပြန်သန်စွမ်းလာ၏။ ယခု သူသည် ဖိလိတ္တိလူ ထောင်နှင့်ချီရှေ့တွင် ရောက်နေ၏၊ မည်သို့ပြုမည်နည်း။
‘အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မျက်စိနှစ်လုံးမှတစ်လုံးအတွက် ဖိလိတ္တိလူတို့အပေါ်တွင် တစ်ပြိုင်နက် လက်စားချေနိုင်မည်အကြောင်း ယခုတစ်ကြိမ်မျှသာ ခွန်အားနှင့်ပြည့်စုံစေတော်မူပါဘုရားသခင်’ ဟု ရှံဆုန်ဆုတောင်းလိုက်သည်။ ထို့နောက် သူသည် အဆောက်အအုံ၏ ခေါင်တိုင်နှစ်တိုင်ကိုကိုင်၍မှီလျက် “အားထုတ်၍ ကိုယ်ကိုညွတ်ချ” လိုက်လေသည်။ ရလဒ်ကားအဘယ်နည်း။ “ကျောင်းသည် မင်းများ၊ လူများအပေါင်းတို့အပေါ်သို့ ပြိုကျလေ၏။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ၍များသောသူတို့ကို သတ်လေ၏။”—တရားသူကြီး ၁၆:၂၂-၃၀၊ သမ္မာ။
ရှံဆုန်သည် လူအားလုံးတို့ထက် ကာယဗလ အသန်စွမ်းဆုံးဖြစ်၏။ သူ၏တန်ခိုးပါသော လုပ်ရပ်များသည် အမှန်ပင် မှတ်သားထိုက်သည်။ ထို့ထက်ကား ယေဟောဝါသည် ရှံဆုန်ကို ခိုင်မြဲသောယုံကြည်ခြင်းရှိသူတို့၏စာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်။—ဟေဗြဲ ၁၁:၃၂-၃၄။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ရှံဆုန်ခွန်အားကြီးရခြင်း၏ လျှို့ဝှက်ချက်ကား အဘယ်နည်း