မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါအားချီးမွမ်းသည့် လူငယ်များ မိမိတို့၏ဘဝကို ကြွယ်ဝစေ

ယေဟောဝါအားချီးမွမ်းသည့် လူငယ်များ မိမိတို့၏ဘဝကို ကြွယ်ဝစေ

‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏’

ယေဟောဝါ​အား​ချီးမွမ်း​သည့် လူငယ်များ မိမိတို့၏​ဘဝကို ကြွယ်ဝ​စေ

“ဘဝမှာ အကောင်းဆုံး​ကိုပဲ ရချင်တယ်!” ဆယ်ကျော်သက်​လူငယ်​တစ်ဦး​က မိမိ၏​မျှော်လင့်ချက်ကို ထိုသို့​ဖော်ပြ​၏။ သို့သော် လူငယ်​တစ်ဦး​သည် ဘဝတွင် အကောင်းဆုံး​အရာ​ကို မည်သို့​ရရှိနိုင်​မည်​နည်း။ သမ္မာကျမ်းစာ​က ဤသို့ ရှင်းလင်း​ပြတ်သား​စွာ​ဖြေဆို​၏– “အသက်​ပျိုစဉ်အခါ​ပင် သင့်ကို ဖန်ဆင်း​တော်​မူ​သော​အရှင်ကို အောက်မေ့လော့!”—ဒေ. ၁၂:၁

ယေဟောဝါ​အား ချီးမွမ်း​ခြင်း၊ ကိုယ်တော်​၏​အမှုတော်​ဆောင်ခြင်း​သည် လူကြီး​များ​အတွက်သာ မဟုတ်ပါ။ ဧလကာန​နှင့်​ဟန္န​တို့၏​သား ရှမွေလ​သည် တဲ​တော်​၌ ယေဟောဝါ​၏​အမှုဆောင်ချိန်​တွင် အလွန်​ငယ်ရွယ်​သေး​သည်။ (၁ ဓမ္မ​ရာဇဝင် ၁:၁၉၊ ၂၀၊ ၂၄; ၂:၁၁) ပျို​ရွယ်​သော ဟေဗြဲ​မိန်းမငယ်​သည် ရှုရိ​ဗိုလ်ချုပ်​နေမန်​အား နူနာ​ရောဂါ​ပျောက်ကင်း​နိုင်​ဖို့ ပရောဖက်​ဧလိရှဲ​ထံ​သွား​ရန် ပြော​ခဲ့​ချိန်​တွင် ယေဟောဝါ​ကို အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​ကြောင်း တင်ပြ​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၅:၂၊ ၃) ဆာလံ ၁၄၈:၇၊ ၁၂ တွင် လူပျို​နှင့်​အပျို​တို့ ယေဟောဝါ​အား​ချီးမွမ်း​ကြ​ဟု မိန့်မှာ​ထား​သည်။ * ယေရှုသည် အသက် ၁၂ နှစ်အရွယ်​သာ​ရှိချိန်​တွင် ခမည်းတော်​၏​အမှုဆောင်ရန် အလွန်​စိတ်ဝင်စား​ခဲ့​သည်။ (လုကာ ၂:၄၁-၄၉) ဗိမာန်တော်၌ ယေရှုကို​တွေ့ မြင်ခဲ့​သော ကလေး​တချို့က ကျမ်းစာ​၏​လေ့ကျင့်​သွန်သင်မှု​ကြောင့် “ဒါဝိဒ်​၏​သားတော်​အား ဟော​ရှ​ဏ္ဏ​ဖြစ်စေ​သတည်း!” ဟု ကြွေးကြော်​ခဲ့​ကြသည်။—မဿဲ ၂၁:၁၅၊ ၁၆

ယနေ့ ယေဟောဝါ​အား​ချီးမွမ်း​ခြင်း

ယနေ့ ယေဟောဝါသက်သေ လူငယ်​လူရွယ်​များစွာ​သည် မိမိတို့၏​ယုံကြည်ချက်များ​ကို ဂုဏ်ယူ​ကြ​ပြီး ကျောင်း​နှင့် အခြား​နေရာများ​တွင် ယင်း​တို့​အကြောင်း အခြားသူများ​အား ရဲရင့်စွာ​ထုတ်ဖော်​ပြောဆို​ကြသည်။ ပုံ​နမူနာ​နှစ်ခု​ကို သုံးသပ်ကြည့်​ပါ။

ဗြိတိန်​နိုင်ငံ​တွင် ၁၈ နှစ်အရွယ် စတက်ဖနီ​၏​အတန်း​တွင် ကိုယ်ဝန်​ဖျက်ချခြင်း​အပြင် အခြား​လူ့​ကျင့်ဝတ်​နှင့်​ဆိုင်သော အကြောင်းအရာများ​ကို ဆွေးနွေး​နေကြ​သည်။ ကိုယ်ဝန်​ဖျက်ချခြင်း​သည် သ​မား​ရိုး​ကျ​ကိစ္စ​ဖြစ်နေ​ရာ မည်သည့်​မိန်းကလေး​မဆို ထို​အမူအကျင့်ကို ငြင်းဆန်​စ​ရာ​အကြောင်း​မရှိ​ဟု ဆရာ​က အခိုင်အမာ​ပြောလိုက်​သည်။ အတန်းသား​အားလုံး​က ဤ​ရှုမြင်ချက်​ကို ထောက်ခံကြ​သည့်​အခါ စတက်ဖနီ​သည် မိမိ၏ ကျမ်းစာ​အခြေပြု​ရှုမြင်ချက်​ကို ထုတ်ဖော်​ပြောဆို​ဖို့​လို​သည်​ဟု ခံစားရ​သည်။ ဆရာ​က စတက်ဖနီ​၏​ရှုမြင်ပုံကို မေးမြန်း​လိုက်​သည့်​အခါ ထိုသို့​ပြု​ရန် အခွင့်​ရသွား​သည်။ စတက်ဖနီ​သည် အစပိုင်း​တွင်​ခပ်​လန့်​လန့်​ဖြစ်နေ​သော်လည်း ကျမ်းစာ​ရှုမြင်ပုံကို တင်ပြ​ပြောဆို​ရန် အခွင့်ကောင်း​ယူ​ခဲ့​သည်။ ထွက်မြောက်ရာ ၂၁:၂၂-၂၄ အရ မမွေး​သေး​သောက​လေး​ကို မတော်တဆ​ပျက်​သွား​စေခြင်း​ပင် အပြစ်​ရှိလျှင် ကိုယ်ဝန်​ဖျက်ချခြင်း​သည် ဘုရားသခင်​အလိုတော်နှင့် လုံးလုံး​ဆန့်ကျင်​မည်​ဖြစ်​ကြောင်း​သူ​ရှင်းပြ​ခဲ့​၏။

[ခရစ်ယာန်]ဘာသာရေး​ခေါင်းဆောင်​တစ်ဦး​ဖြစ်သူ ထို​ဆရာ​သည် ဤ​ကျမ်းပိုဒ်​ကို တစ်ခါမျှ​မဖတ်ဖူး​ခဲ့​ပါ။ စတက်ဖနီ​သည် ဤသို့​ရဲရင့်စွာ​သက်သေခံ​ခဲ့​သဖြင့် မိမိ၏​အတန်းဖော်​များနှင့် အကြောင်းအရာ​အမျိုးမျိုးကို စိတ်ဝင်တစား​ဆွေးနွေးခွင့်​ရခဲ့​သည်။ ယခု၊ မိန်းကလေး​တစ်ဦး​သည် နောက်ဆုံး​ထုတ် ကင်းမျှော်စင်​နှင့် နိုးလော့!စာစောင်​များ​ကို မှန်မှန်​လက်ခံ​ယူ​နေပြီး အခြား​မိန်းကလေး​နှစ်ဦး​မှာ ဘုရားသခင့်​ထံ စတက်ဖနီ ဆက်​အပ်နှံ​နှစ်ခြင်း​ခံ​သည်ကို​တွေ့ ရှိ​ရန် ခရိုင်​စည်းဝေးကြီး တက်ရောက်​ခဲ့​ကြသည်။

တောင်​အမေရိက၊ စူ​ရီ​န​မ်​နိုင်ငံ​တွင်​နေထိုင်သူ ၆ နှစ်​သမီး ဗာ​ရီ​တာ​သည် မိမိ၏​ဆရာမ​ကို ကျမ်းစာ​မှ နှစ်သိမ့်​ပေး​ခွင့်​ရချိန်တွင် ယေဟောဝါ​အား ချီးမွမ်း​ခဲ့​သည်။ ဆရာမ​သည် သုံးရက်​ကျောင်း​ပျက်​ပြီး​နောက် ကျောင်း​ပြန်​တက်လာ​သောအခါ မိမိ အဘ​ယ့်​ကြောင့်​ကျောင်း​ပျက်​ရသည်ကို တပည့်​များ​သိ၊ မသိ မေးမြန်း​လိုက်​သည်။ “ဆရာမ ဖျားနေ​လို့​ပေါ့” ဟု တပည့်​များ ပြန်ဖြေ​ကြ​သည့်​အခါ “မဟုတ်ဘူး၊ ဆရာမ​ရဲ့​အစ်မ ဆုံးသွား​လို့ အရမ်း​ဝမ်းနည်း​နေတယ်၊ ဒါ​ကြောင့် မင်းတို့​မ​ဆူ​ကြ​ပါ​နဲ့” ဟု ပြောလိုက်​၏။

ထို​နေ့ မွန်းလွဲပိုင်း​တွင် မိခင်​ဖြစ်သူ တစ်​ရေး​အိပ်​နေစဉ် ဗာ​ရီ​တာ​သည် မဂ္ဂဇင်း​အဟောင်း​များ​ကို လှန်လှော​ရှာဖွေပြီး ခေါင်းစဉ်​များ​ကို ဖတ်​ကြည့်​နေသည်။ “နောင်​ဘဝ​ရှိပါ​သလော” ခေါင်းစဉ်​ပါရှိ​သော ၂၀၀၁၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်​ကို သူ​တွေ့​သွား​သည်။ ဝမ်းသာ​အားရ​နှင့် မိခင်​ကို​နှိုး​ကာ “အမေ၊ အမေ ကြည့်​ပါ​ဦး! ဆရာမ​အတွက် သေခြင်း​အကြောင်း​မဂ္ဂဇင်း​တစ်အုပ် ရှာတွေ့​တယ်” ဟု​သူ​ပြောလိုက်​သည်။ ဗာ​ရီ​တာ​သည် စာ​တစ်စောင်​ရေး​ကာ ထို​မဂ္ဂဇင်း​နှင့်အတူ ဆရာမ​ထံ ပို့လိုက်​သည်။ သူ​ဤသို့​ရေးခဲ့​သည်– “ဒီ​မဂ္ဂဇင်းက ဆရာမ​အတွက်​ပါ။ ယေဟောဝါ​ဟာ ဘယ်တော့မှ မ​လိမ်ညာ​တတ်​တဲ့​အတွက် ပရဒိသု​မှာ ဆရာမ​ရဲ့​အစ်မ​ကို တကယ်​ပြန်တွေ့​ရမယ်။ ကောင်းကင်​မှာ​မဟုတ်ဘဲ မြေကြီး​ပေါ်မှာ ပရဒိသု​ဖြစ်စေ​မယ်​လို့ ကိုယ်တော် ကတိပေး​ထား​တယ်။” ဆရာမ​သည် ထို​ဆောင်းပါး​များ​မှ​ရသော ကျမ်းစာ​အခြေပြု​နှစ်သိမ့်မှု​အတွက် အလွန်​ကျေးဇူး​တင်​ကြောင်း ပြော​ခဲ့​သည်။

နောင်ရေး​အတွက် တည်ဆောက်​ခြင်း

ယေဟောဝါ​သည် “ပျော်ရွှင်သော​ဘုရားသခင်” ဖြစ်​တော်​မူ​ပြီး လူငယ်များ​ကို ပျော်ရွှင်​စေ​လို​၏။ (၁ တိမောသေ ၁:၁၁က​ဘ) ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကိုယ်နှိုက်​က ဤသို့​ဆို​သည်– “အသက်​ပျို​သောအခါ ပျော်မွေ့​လော့။ အသက်​ပျို​စဉ်​ကာလ​တွင် စိတ်​ရွှင်လန်းခြင်း​ရှိ​လော့။” (ဒေ. ၁၁:၉) ယေဟောဝါ​သည် အမူအကျင့်​အကောင်းအဆိုး​တို့၏ တဒင်္ဂ​အကျိုး​ထက်မက ရေရှည်​အကျိုးဆက်ကို​ပါ တွေ့ မြင်တော်မူ​သည်။ ထို့​ကြောင့် ကိုယ်တော့်​နှုတ်မြွက်တော်​က ဤသို့​တိုက်တွန်း​ထား​၏– “ငါ​နေ၍​မပျော်​နိုင်​ဟု ဆို​ရသော​ကာလ​သည်​မ​နီး၊ ဆိုးသော​ကာလ​မရောက်မီ ယခု​အသက်​ပျိုစဉ်အခါ​ပင် သင့်ကို ဖန်ဆင်း​တော်​မူ​သော​အရှင်ကို အောက်မေ့လော့။”—ဒေ. ၁၂:၁

ယေဟောဝါ​သည် လူငယ်များ​ကို အဖိုးထိုက်​လှ​သည့်​အသက်တာ​မှ အပြည့်အဝ​အကျိုး​ခံစား​စေ​လို​တော်​မူ​သည်။ ယေဟောဝါ​အား အောက်မေ့​သတိရ​ကာ ချီးမွမ်း​ခြင်း​ဖြင့် အဓိပ္ပာယ်​ပြည့်ဝ​ပြီး အကျိုး​ဖြစ်ထွန်း​သည့်​အသက်တာကို လူငယ်များ ပိုင်ဆိုင်​နိုင်​ကြသည်။ အခက်အခဲ​များ​ကြုံရ​ချိန်​တွင်​ပင် သူတို့သည် ယုံကြည်​စိတ်ချ​စွာ​ဖြင့် ဤသို့​ပြောဆို​နိုင်​ကြသည်– ‘ကူညီ​မစမှု​ကို ယေဟောဝါ​ထံ​တော်​မှ ငါ​ရ၏။’—ဆာလံ ၁၂၁:၂က​ဘ။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေ​များ​၏ ၂၀၀၅ ပြက္ခဒိန် မတ်/ဧပြီ ကို​ရှု။

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

‘မြေကြီး​၌​ရှိသော . . . လူပျို​နှင့် အပျို​များ၊ . . . ထာဝရ​ဘုရားသခင်​ကို ချီးမွမ်း​ကြလော့။’—ဆာလံ ၁၄၈:၇၊ ၁၂

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

လူငယ်များ​ကို ယေဟောဝါ​ရှင် ထောက်မ​ကူညီ

အရှင်​ထာဝရ​ဘုရားသခင်၊ ကိုယ်တော်​သည် အကျွန်ုပ်​မျှော်လင့်​ရာ​ဖြစ်​တော်​မူ​၏။ အကျွန်ုပ်​ငယ်​သော​အရွယ်​မှ​စ၍ အကျွန်ုပ်​ကိုးစားရာ​ဖြစ်​တော်​မူ​၏။’—ဆာလံ ၇၁:၅

‘ဘုရားသခင်​သည် ကောင်းသော​အရာများ​နှင့် သင့်​အလိုကို​ပြည့်စုံ​စေတော်မူ​သဖြင့် သင်၏​ပျို​ရွယ်​စဉ်​အနေ​သည် ရွှေ​လင်း​တ​၏​အနေ​ကဲ့သို့ အသစ်​ပြုပြင်ခြင်း​ရှိ၏။’—ဆာလံ ၁၀၃:၅၊ သမ္မာ။