“သင်တို့ကို အဖိုးနှင့် ဝယ်ယူတော်မူ”
“သင်တို့ကို အဖိုးနှင့် ဝယ်ယူတော်မူ”
“သင်တို့ကို အဖိုးနှင့်ဝယ်ယူတော်မူ၍ . . . ဘုရားသခင်၏ဘုန်းတော်ကို . . . ထင်ရှားစေကြလော့။”—၁ ကောရိန္သု ၆:၂၀၊ သမ။
၁၊ ၂။ (က) မောရှေပညတ်အရ ဣသရေလကျွန်များကို မည်သို့ဆက်ဆံရသနည်း။ (ခ) မိမိ၏သခင်ကိုချစ်သော ကျွန်သည် အဘယ်ရွေးချယ်ခွင့်ရှိသနည်း။
“ရှေးကမ္ဘာတွင် ကျွန်စနစ်ကို နေရာအနှံ့တွေ့ရှိရပြီး ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသည်” ဟုဟိုလ်မဲန်သရုပ်ပြသမ္မာကျမ်းစာအဘိဓာန်က ဖော်ပြ၏။ ယင်းက ဤသို့ဖြည့်စွက်ဆိုသည်– “အီဂျစ်၊ ဂရိနှင့် ရောမတို့၏စီးပွားရေးသည် ကျွန်လုပ်ငန်းအပေါ် အခြေပြုထားကြသည်။ ပထမခရစ်ယာန်ရာစုနှစ်၌ အီတလီတွင် လူသုံးဦးလျှင် တစ်ဦးနှင့် တခြားနိုင်ငံများတွင် ငါးဦးလျှင် တစ်ဦးသည် ကျေးကျွန်များဖြစ်ကြ၏။”
၂ ရှေးဣသရေလနိုင်ငံတွင်လည်း ကျွန်စနစ်ရှိခဲ့ငြား မောရှေပညတ်က ဟေဗြဲကျွန်များကို ကာကွယ်ပေးထားသည်။ ဥပမာ၊ ဣသရေလအမျိုးသားတစ်ဦးသည် ခြောက်နှစ်ထက် ပို၍ကျွန်မခံရဟု ပညတ်တရားက တောင်းဆိုသည်။ သတ္တမနှစ်ရောက်သော် သူ့အား “ကိုယ်ဖိုးကိုမတောင်းဘဲ လွှတ်ရမည်” ဖြစ်၏။ သို့ရာတွင် ကျွန်များကို ဆက်ဆံပုံနှင့်ပတ်သက်၍ စည်းမျဉ်းများက မျှတမှုရှိပြီး သနားကြင်နာသောကြောင့် မောရှေပညတ်က အောက်ပါအတိုင်း ပြဋ္ဌာန်းခဲ့သည်– “ကျွန်က ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင် သခင်သည် ဘုရားသခင်ရှေ့တော်သို့လည်းကောင်း၊ အိမ်တံခါးတိုင်သို့လည်းကောင်း ဆောင်ယူ၍ နားရွက်ကိုစူးနှင့်ဖောက်ပြီးမှ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။”—ထွက်မြောက်ရာ ၂၁:၂-၆; ဝတ်ပြုရာ ၂၅:၄၂၊ ၄၃; တရားဟောရာ ၁၅:၁၂-၁၈။
၃။ (က) ပထမရာစုခရစ်ယာန်များသည် အဘယ်သို့သော ကျွန်ဘဝပုံစံကို ခံယူခဲ့ကြသနည်း။ (ခ) ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရန် ကျွန်ုပ်တို့အား အဘယ်အရာက စေ့ဆော်ပေးသနည်း။
၃ စိတ်လိုကိုယ်လျောက် ကျွန်ခံခြင်းအစီအစဉ်သည် စစ်မှန်သောခရစ်ယာန်များ၏ ကျွန်ဘဝမျိုးကို ကြိုမြင်စေခဲ့သည်။ ဥပမာ၊ ကျမ်းရေးသူများဖြစ်ကြသည့် ပေါလု၊ ယာကုပ်၊ ပေတရုနှင့် ယုဒတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်နှင့် ခရစ်တော်တို့၏ကျွန်များဟု ဖော်ပြခဲ့ကြသည်။ (တိတု ၁:၁; ယာကုပ် ၁:၁; ၂ ပေတရု ၁:၁; ယုဒ ၁) ပေါလုသည် သက်သာလောနိတ်ခရစ်ယာန်များအား ‘အသက်နှင့်ပြည့်စုံလျက် မှန်တော်မူသောဘုရားသခင်၏အမှုတော်ကို သင်တို့သည် ဆောင် [“ကျွန်ခံ၊” သမ] ခြင်းငှာ [သူတို့] ရုပ်ပုံတို့ကို ပစ်ပယ်၍ ဘုရားသခင့်အထံတော်သို့ ပြောင်းလဲကြသည်’ ဟုအမှတ်ရစေခဲ့၏။ (၁ သက်သာလောနိတ် ၁:၉) ဘုရားသခင်အား စိတ်လိုကိုယ်လျောက် ကျွန်ခံရန် အဆိုပါခရစ်ယာန်များကို အဘယ်အရာက စေ့ဆော်ပေးခဲ့သနည်း။ ကိုယ်ပိုင်လွတ်လပ်မှုကို စွန့်ခဲ့သော ဣသရေလကျွန်၏အဖြစ်အပျက်တွင် စေ့ဆော်ပေးရာကား အဘယ်နည်း။ သူ၏သခင်ကို ချစ်၍မဟုတ်ပေလော။ ခရစ်ယာန်ကျွန်ဘဝသည် ဘုရားသခင်ကိုချစ်သည့်မေတ္တာပေါ် အခြေပြု၏။ ကျွန်ုပ်တို့သည် စစ်မှန်ပြီး အသက်ရှင်သောဘုရားသခင်ကို သိရှိ၍ ချစ်မြတ်နိုးလာသည့်အခါ ကိုယ်တော်၏အမှုတော်ကို “စိတ်နှလုံးအကြွင်းမဲ့” ထမ်းဆောင်ရန် စေ့ဆော်ခံကြရသည်။ (တရားဟောရာ ၁၀:၁၂၊ ၁၃) သို့သော် ဘုရားသခင်နှင့် ခရစ်တော်တို့၏ကျွန်များဖြစ်လာခြင်းတွင် အဘယ်အရာ ပါဝင်ပတ်သက်သနည်း။ ယင်းသည် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။
“ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့”
၄။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ခရစ်တော်တို့၏ ကျေးကျွန်များ မည်သို့ဖြစ်လာကြသနည်း။
၄ ကျေးကျွန်ဟူသည် “အခြားသူတစ်ဦး၏ တရားဝင်ပိုင်ဆိုင်ရာဖြစ်ပြီး အကြွင်းမဲ့နာခံရမည့်တာဝန်ရှိသူဖြစ်သည်” ဟုအနက်ဖွင့်ဆို၏။ ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံ ဆက်ကပ်အပ်နှံပြီး နှစ်ခြင်းခံလိုက်သည့်အခါ ကျွန်ုပ်တို့သည် ယေဟောဝါ၏တရားဝင်ပိုင်ဆိုင်ရာဖြစ်သွားသည်။ တမန်တော်ပေါလုက “သင်တို့ကို အဖိုးနှင့်ဝယ်ယူတော်မူ၍ ကိုယ်ကိုသင်တို့မပိုင်” ဟုရှင်းပြသည်။ (၁ ကောရိန္သု ၆:၁၉၊ ၂၀၊ သမ) ထိုအဖိုးမှာ ယေရှုခရစ်၏ရွေးနုတ်ဖိုး ပူဇော်ရာယဇ်ဖြစ်သည်၊ အကြောင်းမှာ ကျွန်ုပ်တို့သည် ဝိညာဉ်တော်ဖွားခရစ်ယာန်များဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိ သူတို့၏အပေါင်းပါများဖြစ်စေ ၎င်းပူဇော်ရာယဇ်ကို အခြေပြု၍ ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့ကို ဘုရားသခင် လက်ခံထားတော်မူခြင်းဖြစ်သည်။ (ဧဖက် ၁:၈; ၂:၁၃; ဗျာ. ၅:၁၀) သို့ဖြစ်၍ ကျွန်ုပ်တို့ နှစ်ခြင်းခံသည့်အချိန်မှစ၍ ကျွန်ုပ်တို့သည် “သခင်ဘုရား ဆိုင်တော်မူ” ရာဖြစ်၏။ (ရောမ ၁၄:၈) ကျွန်ုပ်တို့ကို ယေရှုခရစ်၏အဖိုးတန်အသွေးတော်နှင့် ဝယ်ထားတော်မူရာ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏ကျွန်များဖြစ်လာကြပြီး ကိုယ်တော်၏ပညတ်တော်များကို လိုက်လျှောက်ရန် တာဝန်ရှိလာလေသည်။—၁ ပေတရု ၁:၁၈၊ ၁၉။
၅။ ယေဟောဝါ၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့တွင် အဘယ်အရေးကြီးတာဝန်ရှိသနည်း၊ ယင်းတာဝန်ကို မည်သို့ကျေပွန်နိုင်သနည်း။
၅ ကျေးကျွန်များသည် မိမိတို့သခင်၏စကားကို နားထောင်ကြရ၏။ ကျွန်ုပ်တို့သည် သခင်ကိုချစ်သည့်မေတ္တာကြောင့် စိတ်လိုကိုယ်လျောက် ကျွန်ခံခြင်းဖြစ်သည်။ ၁ ယောဟန် ၅:၃ ကဤသို့ဖော်ပြသည်– “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။” သို့ဖြစ်၍ ကျွန်ုပ်တို့၏နာခံမှုသည် ကျွန်ုပ်တို့၏မေတ္တာအပြင် လက်အောက်ခံမှုကိုပါ သက်သေထူ၏။ ကျွန်ုပ်တို့ပြုလေသမျှတွင် ထင်ရှား၏။ “သင်တို့သည် စားသော်လည်းကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်းကောင်း ဘုရားသခင်၏ဘုန်းတော်ကိုထောက်၍ ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့” ဟုပေါလုပြောခဲ့သည်။ (၁ ကောရိန္သု ၁၀:၃၁) ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် အသေးအဖွဲကိစ္စများ၌ပင် “အရှင်ဘုရား၏အစေ” ဖြစ်ကြောင်း ဖော်ပြလိုကြသည်။—ရောမ ၁၂:၁၁၊ သမ။
၆။ ဘုရားသခင်၏ကျေးကျွန်များဖြစ်ရခြင်းသည် ကျွန်ုပ်တို့ဘဝ၏ဆုံးဖြတ်ချက်များအပေါ် မည်သို့အကျိုးသက်ရောက်သနည်း။ ယင်းကို ဥပမာတစ်ခုနှင့်ရှင်းပြပါ။
၆ ဥပမာ၊ ဆုံးဖြတ်ချက်များချရသည့်အခါ ကျွန်ုပ်တို့၏ကောင်းကင်အရှင်သခင်၏အလိုတော်ကို အလေးအနက်ထားလိုကြသည်။ (မာလခိ ၁:၆) ခက်ခဲသောဆုံးဖြတ်ချက်များချရန် ဘုရားသခင်ကို နာခံခြင်းအတွက် စမ်းသပ်မှုဖြစ်နိုင်သည်။ ထိုအခါ ကျွန်ုပ်တို့၏ ‘စဉ်းလဲ၍ အလွန်ယိုယွင်းသော’ နှလုံးဆန္ဒနောက် လိုက်မည့်အစား ကိုယ်တော်၏ဆုံးမစကားကို အလေးထားမည်လော။ (ယေရမိ ၁၇:၉) တစ်ကိုယ်ရေခရစ်ယာန်ဖြစ်သူ မလစ်ဆာသည် နှစ်ခြင်းခံပြီး မကြာမီလေးတွင် လူငယ်တစ်ဦး သူ့ကို စိတ်ဝင်စားလာလေသည်။ သူသည် ရည်မွန်ပုံရပြီး ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာနေပြီဖြစ်သည်။ သို့ဖြစ်စေကာမူ အကြီးအကဲတစ်ဦးက မလစ်ဆာအား “သခင်ဘုရား၌သာ” အိမ်ထောင်ပြုပါဟူသော ယေဟောဝါ၏မိန့်မှာချက်ကို လိုက်လျှောက်ခြင်းသည် ပညာရှိရာရောက်၏ဟု ဆုံးမခဲ့သည်။ (၁ ကောရိန္သု ၇:၃၉; ၂ ကောရိန္သု ၆:၁၄) မလစ်ဆာက ဤသို့ဝန်ခံ၏– “ဒီအကြံပြုချက်ကို လိုက်လျှောက်ဖို့ ကျွန်မအတွက် မလွယ်ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့အလိုတော်ကိုဆောင်ဖို့ ဆက်ကပ်အပ်နှံထားတဲ့အတွက် ကိုယ်တော်ရဲ့တိကျပြတ်သားတဲ့ ညွှန်ကြားချက်ကို လိုက်နာမယ်လို့ ကျွန်မဆုံးဖြတ်လိုက်တယ်။” ဖြစ်ပျက်ခဲ့ရာတို့ကို ပြန်တွေးပြီး သူဤသို့ဆိုသည်– “အဲ့ဒီအကြံပြုချက်ကို ကျွန်မလိုက်နာခဲ့လို့ တအားဝမ်းသာကြည်နူးရတယ်။ မကြာခင်မှာ အဲ့ဒီလူက ကျမ်းစာဆက်မလေ့လာတော့ဘူး။ တကယ်လို့ အဲ့ဒီလူနဲ့ ဆက်ခင်ခဲ့မယ်ဆိုရင် အခု ကျွန်မ မယုံကြည်သူနဲ့ အိမ်ထောင်ကျနေပြီ။”
၇၊ ၈။ (က) ကျွန်ုပ်တို့သည် လူတို့၏စိတ်နှင့်တွေ့ရန် အဘယ်ကြောင့် အလွန်အမင်းမပူပန်သင့်သနည်း။ (ခ) လူကိုကြောက်သည့်စိတ် မည်သို့ပပျောက်စေနိုင်ကြောင်း ဥပမာပေးပါ။
၇ ဘုရားသခင်၏ကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် လူတို့၏ကျွန် မဖြစ်နိုင်ချေ။ (၁ ကောရိန္သု ၇:၂၃) မှန်ပါသည်၊ လူအများ၏ကြဉ်ပယ်ခြင်းကို မည်သူမျှ မခံလိုကြပါ၊ သို့သော်လည်း ခရစ်ယာန်များ၏စံနှုန်းများသည် လောကသားများနှင့်မတူကြောင်း စွဲမှတ်ထားကြရမည်။ ပေါလုက “ငါသည် . . . လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော” ဟုမေးပြီး ဤသို့ကောက်ချက်ချခဲ့သည်– “လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင် ခရစ်တော်၏အစေခံကျွန်မဟုတ်ပြီ။” (ဂလာတိ ၁:၁၀) ကျွန်ုပ်တို့သည် ရွယ်တူချင်းဖိအားပေးမှုကို အလျှော့ပေးလိုက်လျောပြီး လူ့အကြိုက် လိုက်သူများ မဖြစ်နိုင်ကြချေ။ သို့ဖြစ်၍ အလျော့ပေးလိုက်လျောရန် ဖိအားပေးခံရသည့်အခါ အဘယ်အရာပြုလုပ်နိုင်သနည်း။
၈ စပိန်နိုင်ငံမှ ခရစ်ယာန်လူငယ် အေလေနာ၏ပုံသက်သေကို သုံးသပ်ကြည့်ပါ။ သူ၏အတန်းဖော်တချို့သည် သွေးလှူရှင်များဖြစ်ကြသည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်သူ အေလေနာသည် သွေးမလှူ၊ သွေးမသွင်းကြောင်းကို သူတို့သိကြ၏။ အေလေနာသည် တစ်တန်းလုံးကို မိမိ၏ရပ်တည်ချက်အကြောင်း ရှင်းပြခွင့်ရသည့်အခါ တင်ဆက်ရှင်းပြခဲ့သည်။ အေလေနာက ဤသို့ဆိုသည်– “ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီလိုတင်ဆက်ရှင်းပြဖို့ ကျွန်မ တအားကြောက်ခဲ့တာ။ ဒါပေမဲ့ သေသေချာချာပြင်ဆင်ပြီး တင်ဆက်လိုက်တဲ့အတွက် အံ့ဩစရာကောင်းတဲ့ အကျိုးတွေရရှိခဲ့တယ်။ ကျောင်းသားချင်းတွေရဲ့ လေးစားမှုကို ကျွန်မရရှိတယ်၊ ဆရာကလည်း ကျွန်မလုပ်နေတာကို ချီးမွမ်းတယ်တဲ့။ အဲ့ဒါတွေထက် ယေဟောဝါရဲ့နာမတော်ကို ထင်ရှားစေပြီး ကျွန်မရဲ့ကျမ်းစာအခြေခံတဲ့ ရပ်တည်ချက်ကို ရှင်းပြနိုင်လို့ ကျေနပ်အားရမိတယ်။” (ကမ္ဘာဦး ၉:၃၊ ၄; တမန်တော် ၁၅:၂၈၊ ၂၉) ဘုရားသခင်နှင့်ခရစ်တော်တို့၏ ကျေးကျွန်များအဖြစ် ကျွန်ုပ်တို့သည် အခြားသူများနှင့်မတူကြပါ။ သို့သော် ကျွန်ုပ်တို့၏ယုံကြည်ချက်များကို ရိုသေလေးစားစွာတင်ပြနိုင်ရန် အသင့်ရှိမည်ဆိုလျှင် လူတို့၏ရိုသေလေးစားမှုကို ကျွန်ုပ်တို့ရရှိနိုင်ပေသည်။—၁ ပေတရု ၃:၁၅၊ ကဘ။
၉။ ကျွန်ုပ်တို့သည် တမန်တော်ယောဟန်ရှေ့ ပေါ်လာသော ကောင်းကင်တမန်မှ အဘယ်အရာသင်ယူနိုင်သနည်း။
၉ ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်များဖြစ်သည်ကို အမှတ်ရနေခြင်းသည်လည်း မိမိကိုယ်ကို နှိမ့်ချစေ၏။ တစ်ချိန်က တမန်တော်ယောဟန်သည် ကောင်းကင်ယေရုရှလင်ဆိုင်ရာ အံ့မခန်းဖွယ်စိတ်အာရုံကြောင့် အလွန်စိတ်စွဲမှတ်သွားကာ ဘုရားသခင်၏ပြောရေးဆိုခွင့်ရှိသူ ကောင်းကင်တမန်၏ခြေရင်း၌ ပျပ်ဝပ်ကိုးကွယ်လေသည်။ ကောင်းကင်တမန်က “သတိထားလော့။ ဤအမှုကိုမပြုပါနှင့်။ ငါသည် သင်နှင့်ပရောဖက်များဖြစ်ကြသော သင့်ညီအစ်ကိုတို့၏ ကျွန်ချင်း၊ ဤစာလိပ်ပါစကားများကို လိုက်နာသူတို့၏ ကျွန်ချင်းမျှသာဖြစ်သည်။ ဘုရားသခင်အား ကိုးကွယ်လော့” ဟုသူ့အားပြော၏။ (ဗျာ. ၂၂:၈၊ ၉၊ ကဘ) ဘုရားသခင်၏ကျေးကျွန်အားလုံးအတွက် ထိုကောင်းကင်တမန်ပြခဲ့သော ပုံသက်သေမှာ ကောင်းလိုက်လေခြင်း! ခရစ်ယာန်အချို့သည် အသင်းတော်၌ အထူးတာဝန်ရှိအနေအထားတွင် ရှိကြပေမည်။ မည်သို့ပင်ဖြစ်ပါစေ၊ ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် အစေခံဖြစ်ရမည်။ အထွတ်အမြတ်လုပ်ချင်သောသူသည်လည်း သင်တို့ကျွန်ဖြစ်ရမည်။” (မဿဲ ၂၀:၂၆၊ ၂၇၊ သမ္မာ) ယေရှု၏နောက်လိုက်များအနေနှင့် ကျွန်ုပ်တို့အားလုံးသည် ကျွန်များဖြစ်ကြသည်။
“ဝတ်ပြေရုံမျှသာရှိသည်”
၁၀။ ဘုရားသခင်၏တည်ကြည်သောကျေးကျွန်များသည် ကိုယ်တော်၏အလိုတော်ဆောင်ရန် အမြဲမလွယ်ကူခဲ့ကြောင်း ဖော်ပြသည့် ကျမ်းစာနမူနာများပေးပါ။
၁၀ မစုံလင်သောလူသားများအတွက် ဘုရားသခင်၏အလိုဆောင်ခြင်းသည် အမြဲမလွယ်ကူချေ။ ယေဟောဝါသည် ပရောဖက်မောရှေအား အီဂျစ်ပြည်သို့သွား၍ ဣသရေလလူမျိုးကို ကျွန်သပေါက်အဖြစ်မှ နုတ်ဆောင်စေလိုသည့်အခါ မောရှေ မနာခံလိုခဲ့ချေ။ (ထွက်မြောက်ရာ ၃:၁၀၊ ၁၁; ၄:၁၊ ၁၀) ယောနသည် နိနေဝေမြို့သားများကို တရားစီရင်ခြင်းသတင်း ကြေညာရန် တာဝန်ရရှိသည့်အခါ ‘ထာဝရဘုရားသခင်ထံတော်မှ တာရှုမြို့သို့ ပြေးမည့်အကြံရှိသည်နှင့်ထ’ သွားလေသည်။ (ယောန ၁:၂၊ ၃) ပရောဖက်ယေရမိ၏ အတွင်းရေးမှူး စာရေးဗာရုတ်သည် ခြေကုန်လက်ပန်းကျလာပြီဟု ညည်းညူလာလေသည်။ (ယေရမိ ၄၅:၂၊ ၃) ကျွန်ုပ်တို့၏အလိုဆန္ဒ၊ အကြိုက်သည် ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သည့်အခါ မည်သို့တုံ့ပြန်သင့်သနည်း။ ယေရှုပေးခဲ့သော ပုံဥပမာတစ်ခုတွင် အဖြေကိုတွေ့ရ၏။
၁၁၊ ၁၂။ (က) လုကာ ၁၇:၇-၁၀ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏ပုံဥပမာကို အကျဉ်းချုပ်ဖော်ပြပါ။ (ခ) ယေရှု၏ပုံဥပမာမှ အဘယ်သင်ခန်းစာရသနည်း။
၁၁ လယ်ကွင်းတွင် သခင်၏သိုးများကို တစ်နေ့လုံး ထိန်းကျောင်းပေးရသည့် ကျွန်တစ်ဦးအကြောင်း ယေရှုမိန့်ဆိုခဲ့သည်။ ၁၂ နာရီခန့် ပင်ပန်းစွာအလုပ်လုပ်ပြီး မောပန်းနေသော ထိုကျွန် အိမ်ပြန်ရောက်လာသည့်အခါ သူ၏သခင်သည် ညဉ့်နက်စာ,စားသုံးရန် သူ့ကို မခေါ်ချေ။ ၎င်းအစား၊ သခင်က “ငါစားစရာဖို့ပြင်လော့။ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ ငါ့ကိုလုပ်ကျွေးလော့။ ထိုနောက်မှ သင်သည် စားသောက်ရမည်” ဟုဆိုသည်။ ကျွန်သည် သခင်ကို တည်ခင်းကျွေးမွေးပြီးနောက်မှသာ သူ၏လိုအပ်ရာများကို အာရုံစိုက်နိုင်ခဲ့သည်။ “ထိုနည်းတူ မှာထားတော်မူသမျှတို့ကို သင်တို့သည် ကျင့်ပြီးမှ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါဖြစ်သည်မဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့” ဟုမိန့်ဆို၍ ထိုပုံဥပမာကို ယေရှု အဆုံးသတ်လိုက်သည်။—လုကာ ၁၇:၇-၁၀။
၁၂ ယေဟောဝါသည် မိမိ၏လုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုကို တန်ဖိုးမထားကြောင်း ဖော်ပြရန် ဤပုံဥပမာကို ယေရှုပေးနေခြင်းမဟုတ်ပါ။ သမ္မာကျမ်းစာက ဤသို့ရှင်းလင်းစွာဖော်ပြ၏– “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်။” (ဟေဗြဲ ၆:၁၀၊ ကဘ) ယေရှု၏ပုံဥပမာက ကျွန်တစ်ဦးသည် မိမိအလိုကိုမလိုက်နိုင်၊ မိမိသက်သောင့်သက်သာရှိရန် အလေးမပေးနိုင်ဟုဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး ကိုယ်တော်၏ကျေးကျွန်များဖြစ်ရန် ရွေးချယ်ခဲ့ချိန်တွင် ကျွန်ုပ်တို့အလိုထက် ကိုယ်တော်၏အလိုတော်ကို ရှေးဦးထားရန် သဘောတူခဲ့ကြသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့အလိုထက် ဘုရားသခင်၏အလိုတော်ကို လိုက်ကြရ၏။
၁၃၊ ၁၄။ (က) အဘယ်အခြေအနေမျိုးများတွင် ကျွန်ုပ်တို့၏ပင်ကိုစိတ်ကို ချိုးနှိမ်ခဲ့ကြရမည်နည်း။ (ခ) ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်ကို အဘယ်ကြောင့် လွှမ်းမိုးစေသင့်သနည်း။
၁၃ သမ္မာကျမ်းစာအပြင် ‘သစ္စာနှင့်သတိပညာရှိကျေးကျွန်’ ၏စာပေများကို မှန်မှန်လေ့လာရန် ကျွန်ုပ်တို့ ကြိုးစားအားထုတ်ရပေမည်။ (မဿဲ ၂၄:၄၅) အထူးသဖြင့် စာဖတ်ခြင်းသည် ကျွန်ုပ်တို့အတွက်ခက်ခဲမည်၊ သို့မဟုတ် စာပေတစ်ခုသည် “ဘုရားသခင်၏နက်နဲသောအရာ” များကို ဆွေးနွေးတင်ပြထားမည်ဆိုလျှင် ထိုသို့အားထုတ်ဖို့လိုပေမည်။ (၁ ကောရိန္သု ၂:၁၀) သို့သော် ကိုယ်ပိုင်လေ့လာမှုပြုလုပ်ဖို့ အချိန်ယူသင့်သည်မဟုတ်ပေလော။ လေ့လာနေသည့်အကြောင်းအရာကို သေချာထိုင်၍ အချိန်ပေးဖတ်ရှုရန် မိမိကိုယ်ကို ကြပ်မတ်ပေးဖို့လိုပေမည်။ သို့တိုင် ထိုသို့မပြုလုပ်လျှင် ‘စုံလင်သောအရွယ်ရှိသောသူတို့နှင့်ဆိုင်သည့် ကြေခဲသောအစာအာဟာရကို’ မည်သို့ခံတွင်းလိုက်နိုင်မည်နည်း။—ဟေဗြဲ ၅:၁၄။
၁၄ တစ်နေ့လုံး အလုပ်လုပ်ပြီးနောက် မောပန်းစွာ အိမ်ပြန်ရောက်လာသည့်အချိန်များ၌ကော။ ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် မိမိကိုယ်ကို နှိုးဆော်ပေးဖို့လိုပေမည်။ သို့မဟုတ် သူစိမ်းများကို ဟောပြောခြင်းသည် ကျွန်ုပ်တို့၏ပင်ကိုစိတ်မဟုတ်ဘဲနေပေမည်။ “ကိုယ်အလိုကိုငြင်းဆန်၍” သတင်းကောင်း ကြေညာရသည့်အချိန်များရှိနိုင်ကြောင်း ပေါလုကိုယ်တိုင် ဝန်ခံခဲ့သည်။ (၁ ကောရိန္သု ၉:၁၇) သို့သော် ကျွန်ုပ်တို့ချစ်ကြသည့် ကောင်းကင်အရှင်သခင် ယေဟောဝါသည် ထိုသို့ပြုလုပ်ရမည်ဟု မိန့်မှာထားသောကြောင့် ကျွန်ုပ်တို့ပြုလုပ်ရခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ကြိုးစားအားထုတ်၍ ကျမ်းစာလေ့လာမည်၊ အစည်းအဝေးများ တက်မည်၊ ဟောပြောမည်ဆိုလျှင် များသောအားဖြင့် ကျေနပ်အားရပြီး စိတ်လန်းဆန်းခဲ့သည်မဟုတ်ပေလော။—ဆာလံ ၁:၁၊ ၂; ၁၂၂:၁; ၁၄၅:၁၀-၁၃။
“နောက်သို့လှည့်၍” မကြည့်နှင့်
၁၅။ ယေရှုသည် ဘုရားသခင်အား လက်အောက်ခံခြင်းနှင့်ပတ်သက်၍ အဘယ်ပုံသက်သေပြခဲ့သနည်း။
၁၅ ယေရှုခရစ်သည် ကောင်းကင်ခမည်းတော်ကို အမြင့်မြတ်ဆုံးနည်းဖြင့် လက်အောက်ခံခဲ့သည်။ ယေရှုက “ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော သူ၏အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏” ဟုတပည့်များအား မိန့်ဆိုခဲ့သည်။ (ယောဟန် ၆:၃၈) ကိုယ်တော်သည် ဂေသရှေမန်ဥယျာဉ်တွင် ပြင်းစွာစိတ်ပူပန်မှုခံစားရစဉ် ဤသို့ဆုတောင်းခဲ့သည်– “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော။”—မဿဲ ၂၆:၃၉။
၁၆၊ ၁၇။ (က) ကျွန်ုပ်တို့ စွန့်လွှတ်ခဲ့ရာများကို မည်သို့ရှုမြင်သင့်သနည်း။ (ခ) ပေါလုသည် လောကနှင့်ဆိုင်သော ရှေ့အလားအလာတို့ကို “မစင်” ကဲ့သို့ယူမှတ်ခဲ့ခြင်းက မည်သို့လက်တွေ့ကျကြောင်း ဖော်ပြပါ။
၁၆ ယေရှုခရစ်သည် ဘုရားသခင်၏ကျေးကျွန်များဖြစ်ရန် ကျွန်ုပ်တို့ဆုံးဖြတ်သည့်အတိုင်း နေစေလိုသည်။ ကိုယ်တော်က “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ကြည့်သောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်မတန်” ဟုမိန့်တော်မူ၏။ (လုကာ ၉:၆၂) ကျွန်ုပ်တို့စွန့်လွှတ်ခဲ့သည့်အရာကို သတိရနေခြင်းသည် ဘုရားသခင်အစေခံခြင်းနှင့် လုံးဝမအပ်စပ်ချေ။ ၎င်းအစား၊ ဘုရားသခင်၏ကျွန်ဖြစ်ရန် ရွေးချယ်ခြင်းအားဖြင့် ကျွန်ုပ်တို့ရရှိခဲ့ရာကို စွဲလမ်းမြတ်နိုးသင့်သည်။ ပေါလုသည် ဖိလိပ္ပိမြို့သားများထံ ဤသို့စာရေးခဲ့၏– “ငါ၏သခင်ယေရှုခရစ်ကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍ ခပ်သိမ်းသောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။ ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ . . . ခရစ်တော်ကိုအမြတ်ရ၍ . . . ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။”—ဖိလိပ္ပိ ၃:၈-၁၁။
၁၇ ပေါလုသည် ဘုရားသခင်၏ကျေးကျွန်တစ်ဦးအနေနှင့် ဝိညာဉ်ရေးဆုကျေးဇူးများရရှိရန် ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ထင်မှတ်၍ စွန့်လွှတ်ခဲ့သည်ကို စဉ်းစားကြည့်ပါ။ သူသည် လောကစည်းစိမ်ကိုသာမက ယုဒဘာသာတွင် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်သည့်အလားအလာကိုပါ စွန့်လွှတ်ခဲ့၏။ ယုဒဘာသာကို ပေါလုလိုက်စားနေမည်ဆိုလျှင် သူ၏ဆရာ ဂါမေလျေလ၏သား ရှိမောင်ရရှိသည့် ရာထူးရာခံမျိုး ရနိုင်စရာအကြောင်းရှိသည်။ (တမန်တော် ၂၂:၃; ဂလာတိ ၁:၁၄) ရှိမောင်သည် ဖာရိရှဲခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့၏၊ စီ.အီး. ၆၆-၇၀ ပြည့်နှစ်၌ ရောမကိုဆန့်ကျင်သည့် ဂျူးပုန်ကန်မှုကို အနည်းငယ်သံသယဖြစ်သော်လည်း ထိုပုန်ကန်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ထိုအရေးအခင်းတွင် ဂျူးအစွန်းရောက်ဝါဒီများ သို့မဟုတ် ရောမစစ်တပ်၏ လက်ချက်ဖြင့် သူသေဆုံးခဲ့ရသည်။
၁၈။ ဝိညာဉ်ရေးအောင်မြင်မှုများသည် မည်သို့အကျိုးကျေးဇူးများ ဖြစ်ပေါ်စေကြောင်း ဥပမာတစ်ခုပေးပါ။
၁၈ ယေဟောဝါသက်သေများစွာတို့သည် ပေါလု၏ပုံသက်သေကို လိုက်လျှောက်ခဲ့ကြသည်။ ဂျီန်က ဤသို့ပြောပြသည်– “ကျွန်မကျောင်းပြီးလို့ နှစ်အနည်းငယ်မှာ နာမည်ကြီး လန်ဒန်ရှေ့နေတစ်ယောက်ရဲ့ အတွင်းရေးမှူးအလုပ် ရခဲ့တယ်။ အဲ့ဒီအလုပ်ကို ကျွန်မစိတ်ဝင်စားတယ်၊ လခလည်း ကောင်းတယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့အမှုတော်ကို ကျွန်မပိုပြီးထမ်းဆောင်ဖို့လိုမှန်းလည်း သိနေတယ်။ ဒါနဲ့ ထွက်စာတင်လိုက်ပြီး ရှေ့ဆောင်စလုပ်တယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ နီးပါးက ရှေ့ဆောင်ဖြစ်ဖို့ ဆုံးဖြတ်လိုက်လို့ အားရကျေနပ်လိုက်တာ! အဘယ်အတွင်းရေးမှူးအလုပ်ကမှ အချိန်ပြည့်လုပ်ငန်းလောက် ကျွန်မကို အားရစေနိုင်မှာမဟုတ်ဘူး။ ယေဟောဝါရဲ့စကားတော်ဟာ လူတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲစေနိုင်တာကို တွေ့ရတာ တကယ့်ကို အားရကျေနပ်စရာပဲ။ အဲ့ဒီလိုပြောင်းလဲစေတဲ့အလုပ်မျိုးမှာ ကျွန်မပါဝင်ခွင့်ရလို့ အရမ်းဝမ်းသာတယ်။ ယေဟောဝါကို ကျွန်မတို့ ပေးဆက်တာနဲ့ ကိုယ်တော်ဆီက ပြန်ရတာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။”
၁၉။ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်သည် အဘယ်သို့ဖြစ်သင့်သနည်း၊ အဘယ်ကြောင့်နည်း။
၁၉ ကျွန်ုပ်တို့၏အခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲပေမည်။ သို့သော် ဘုရားသခင်ထံ ကျွန်ုပ်တို့၏ဆက်ကပ်အပ်နှံမှုသည် မပြောင်းလဲချေ။ ကျွန်ုပ်တို့သည် ယေဟောဝါ၏ကျေးကျွန်များ ဖြစ်နေကြဆဲရှိ၍ ကျွန်ုပ်တို့၏အချိန်၊ ခွန်အား၊ စွမ်းရည်နှင့် တခြားပိုင်ဆိုင်မှုများကို အကောင်းဆုံးနည်းဖြင့် အသုံးပြုရန် မိမိဘာသာ ဆုံးဖြတ်စေသည်။ ထို့ကြောင့် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်များသည် ဘုရားသခင်ကို ကျွန်ုပ်တို့ မည်မျှချစ်ကြောင်း ထင်ရှားစေ၏။ ကျွန်ုပ်တို့ မည်မျှအထိ ကိုယ်ကျိုးစွန့်ရန် တလိုတလားရှိကြောင်းကိုလည်း ဖော်ပြသည်။ (မဿဲ ၆:၃၃) ကျွန်ုပ်တို့၏အခြေအနေ မည်သို့ပင်ဖြစ်ပါစေ၊ ယေဟောဝါအား အကောင်းဆုံးပေးဆပ်ရန် စိတ်ပိုင်းဖြတ်သင့်သည်မဟုတ်လော။ ပေါလုက ဤသို့ရေးသားခဲ့သည်– “စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဖွယ်ဖြစ်၏။”—၂ ကောရိန္သု ၈:၁၂။
‘သင်တို့ အကျိုးရကြ၏’
၂၀၊ ၂၁။ (က) ဘုရားသခင်၏ကျေးကျွန်များသည် အဘယ်အကျိုးရရှိကြသနည်း။ (ခ) ယေဟောဝါသည် မိမိအား အကောင်းဆုံးပေးဆပ်သူများကို မည်သို့ဆုချသနည်း။
၂၀ ဘုရားသခင်၏ကျေးကျွန်ဖြစ်ရခြင်းသည် ဖိနှိပ်ချုပ်ချယ်မှုမဟုတ်ပေ။ ထိုသို့ဖြစ်မည့်အစား ပျော်ရွှင်မှုမရှိသည့် ကျွန်ဘဝမှ လွတ်မြောက်စေသည်။ ပေါလုက ဤသို့ရေးသားခဲ့၏– “သင်တို့သည် အပြစ်တရား၏လက်မှလွတ်၍ ဘုရားသခင်၏ကျွန်ဖြစ်ကြသည်နှင့်ညီ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကို ရကြလိမ့်မည်။” (ရောမ ၆:၂၂) ဘုရားသခင်၏ကျွန်ဖြစ်ခြင်းကြောင့် ကိုယ်ကျင့်တရား သန့်ရှင်းစင်ကြယ်သည့်အကျိုးကို ကျွန်ုပ်တို့ ရရှိကြသည်။ ထို့ပြင် အနာဂတ်တွင် ထာဝရအသက်ကိုလည်း ရရှိမည်ဖြစ်သည်။
၂၁ ယေဟောဝါသည် မိမိ၏ကျေးကျွန်များကို ရက်ရက်ရောရောပေးကမ်းတော်မူ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏လုပ်ငန်းတော်တွင် အကောင်းဆုံးလုပ်ဆောင်ကြသည့်အခါ ကိုယ်တော်သည် “မိုးကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းချီးမင်္ဂလာကို အကုန်အစင်သွန်းလောင်း” ပေးတော်မူ၏။ (မာလခိ ၃:၁၀) ယေဟောဝါ၏ကျွန်များ ထာဝစဉ်ဖြစ်ရခြင်းသည် တကယ့်ကို အားရကျေနပ်စရာပါတကား!
သင်မှတ်မိသလော
• ကျွန်ုပ်တို့သည် ဘုရားသခင်၏ကျေးကျွန်များ အဘယ်ကြောင့်ဖြစ်လာကြသနည်း။
• ဘုရားသခင်၏အလိုတော်ကို ကျွန်ုပ်တို့ လက်အောက်ခံကြောင်း မည်သို့တင်ပြကြသနည်း။
• မိမိ၏အလိုထက် ယေဟောဝါ၏အလိုတော်ကို ရှေးဦးထားရန် အဘယ်ကြောင့် အသင့်ရှိသင့်သနည်း။
• ကျွန်ုပ်တို့သည် အဘယ်ကြောင့် “နောက်သို့လှည့်၍” မကြည့်သင့်သနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]
ဣသရေလနိုင်ငံတွင် စိတ်လိုကိုယ်လျောက် ကျွန်ခံခြင်းအစီအစဉ်သည် ခရစ်ယာန်ကျွန်ခံခြင်းကို ကြိုမြင်စေခဲ့
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့နှစ်ခြင်းခံသည့်အခါ ဘုရားသခင်၏ကျေးကျွန်များ ဖြစ်လာကြ
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ခရစ်ယာန်များသည် ဘုရားသခင်၏အလိုတော်ကို ရှေးဦးထားကြ
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မောရှေသည် သူ၏တာဝန်ကို လက်မခံလိုခဲ့