မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သမ္မာကျမ်းစာ၏ သမိုင်းဝင်မှုကို တစ် “ပင်မ်” က သက်သေထူ

သမ္မာကျမ်းစာ၏ သမိုင်းဝင်မှုကို တစ် “ပင်မ်” က သက်သေထူ

သမ္မာကျမ်းစာ​၏ သမိုင်းဝင်​မှု​ကို တစ် “ပင်​မ်” က သက်သေထူ

သမ္မာကျမ်းစာ​တွင် “ပင်​မ်” ဟူ​သည့်​စကားလုံး တစ်ကြိမ်​တည်း​သာ ပါရှိ​၏။ ဘုရင်​ရှောလု​ခေတ်​က ဣသရေလ​လူမျိုး​သည် ၎င်းတို့၏​သတ္တု​တန်ဆာပလာ​ကိရိယာ​များ​ကို ဖိလိတ္တိ​လူမျိုး ပန်း​ပဲ​သမားများ​ထံ သွား​၍​သွေး​ခဲ့​ကြ​ရ၏။ “ထွန်သွား၊ ပေါက်တူး၊ သုံး​ခွ​ခက်ရင်း၊ ပုဆိန်၊ ထိုး​တံ​ချွန်​များ သွေး​ခ​ကို တစ်ပင်​မ်​ဟု သတ်မှတ်​ထား​သည်” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။—၁ ဓမ္မ​ရာဇဝင် ၁၃:၂၁က​ဘ။

ပင်​မ်​ဟူသည် အဘယ်နည်း။ ရှေး​ဂီ​ဇာ​မြို့တွင် ပထမဦးဆုံး ပင်​မ် ကျောက်​အလေး​ကို တူးဖော်​တွေ့ ရှိခဲ့​သည့် စီ.အီး. ၁၉၀၇ ခုနှစ်​အထိ ထို​မေးခွန်း​၏​အဖြေကို မရခဲ့​ချေ။ အစောပိုင်း​ခေတ်​က ကျမ်းစာ​ဘာသာပြန်​သူများ​သည် “ပင်​မ်” ဟူ​သည့်​စကားလုံး​ကို ဘာသာ​ပြန်ဆို​ရန် အခက်တွေ့​ခဲ့​ကြ​၏။ သာဓက​အနေ​နှင့်၊ ဂျိမ်းစ်​ဘုရင်​ဘာသာပြန်​ကျမ်း​က ၁ ဓမ္မ​ရာဇဝင် ၁၃:၂၁ ကို ဤသို့​ပြန်ဆို​ခဲ့​လေ​သည်– “သို့​တိုင် သူတို့တွင် ပေါက်တူး၊ ထ​ယ်​သွား၊ ခက်ရင်း၊ ပုဆိန်​များ​အတွက်​နှင့် ချွန်းများ​ကို ထက်​စေရန် တံစဉ်း​ရှိခဲ့​၏။”

ယနေ့ ပင်​မ်​သည် အခြေခံ ဟေဗြဲ​အလေး​ယူနစ်​ဖြစ်သော တစ်​ရှယ်ကယ်​လ်​၏ သုံးပုံနှစ်ပုံ​ခန့် သို့​မဟုတ် ပျမ်းမျှ ၇.၈၂ ဂ​ရမ်​ရှိသော အလေး​တစ်ခု ဖြစ်သည်ဟု ကျမ်း​ပညာရှင်​များ သိထားကြ​ပြီ။ ဖိလိတ္တိ​လူတို့သည် ဣသရေလလူ​တို့၏ ကိရိယာ​တန်ဆာပလာ​များ​ကို သွေးပေး​ရန် သွေး​ခ​အဖြစ် တစ်ပင်​မ်​ပမာဏ​ရှိ ငွေ​စ​တစ်စ ကောက်ခံ​ခဲ့​ကြသည်။ ဘီ.စီ.အီး. ၆၀၇ ခုနှစ်​တွင် ယုဒ​နိုင်ငံ​နှင့် ယေရုရှလင်​မြို့တော် ကျဆုံးသွား​သည့်​အခါ ရှယ်ကယ်​လ်​အလေး​စနစ်​ကိုလည်း အသုံးမပြု​တော့​ချေ။ သို့​ဆိုလျှင် ဟေဗြဲ​ကျမ်း​၏​သမိုင်းဝင်​မှု​ကို ပင်​မ်​အလေး​က မည်သို့​သက်သေထူ​သနည်း။

ကျမ်း​ပညာရှင်​တချို့က ဓမ္မရာဇဝင်ပထမစောင်​အပါအဝင် ဟေဗြဲ​ကျမ်း​ပိုင်း​သည် ဟေ​လ​နစ်–ရောမ​ခေတ်​က​ဖြစ်​ပြီး ဘီ.စီ.အီး. ဒုတိယ​ရာစု​မှ ပထမ​ရာစု​အထိ​ထက်​ပင်​ရှေးကျ​သည်​ဟု ဆို​ကြ​၏။ ထို့​ကြောင့် “ယင်း​တို့သည် . . . ‘သမိုင်းဝင်​မဟုတ်သော​ကျမ်း၊’ ‘သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထားသော’ ‘ရှေး​ဣသရေလ’ နှင့်​စပ်လျဉ်း၍ အချက်အလက်​မှန်​အတွက် အသုံးမဝင်​သလော​က်​ဖြစ်​ကာ ခေတ်​သစ် ဂျူး​နှင့် ခရစ်ယာန်​စာပေ​ဖန်တီးမှု​များ​မျှ ဖြစ်​ကြသည်” ဟု ဆို​၏။

သို့ရာတွင်၊ မြေထဲပင်လယ်​အရှေ့​ဒေသ ရှေးဟောင်း​သုတေသန​နှင့် မ​နု​ဿ​ဗေဒ ပါမောက္ခ ဝီလျံ ဂျီ. ဒဲဗာ​က ၁ ဓမ္မ​ရာဇဝင် ၁၃:၂၁ တွင် ဖော်ပြ​ထား​သည့် ပင်​မ်​ယူနစ်​ကို ရည်ညွှန်း​လျက် ဤသို့​ဆို​၏– “ထို​အလေး​များ ပျောက်ကွယ်​သွား​၍ မေ့လျော့​သွားပြီး​နောက်ပိုင်း ရာစုနှစ်​ပေါင်း​များစွာ​အကြာ ဟေ​လ​နစ်–ရောမ ခေတ်​မှ​စာရေး​ဆရာများ​က [ယင်း​တို့] ကို ‘ဖန်တီး’ ရေးသားခဲ့​ကြ​ခြင်း​မဖြစ်​နိုင်။ အမှန်​မှာ၊ ပင်​မ်​ဆို​သည့် ဟေဗြဲ​စကားလုံး​ပါ​သော ရှေးဟောင်း​သုတေသန​တွေ့ ရှိ​ချက်​များ​ကို ပထမဦးဆုံး​တွေ့ ရှိခဲ့​သည့် အေ.ဒီ. ၂၀ ရာစုနှစ် အစောပိုင်း​အထိ ဤ​ကျမ်းစာ​သား​တို​လေး​ကို . . . နားလည်ခဲ့​ကြ​မည်​မဟုတ်ပါ။” ၎င်း​ပါမောက္ခ​က ဤသို့​ဆက်၍​ဆို​သည်– “အကယ်၍ ကျမ်းစာ​ဖြစ်ရပ်​များသည် ဟေ​လ​နစ်–ရောမ ခေတ်​က ‘စာပေ​ဖန်တီးမှု​များ’ ဖြစ်​ကြ​မည်​ဆိုလျှင် ဤ​တစ်ခု​တည်း​သော​ဖြစ်ရပ်​အကြောင်း ဟေဗြဲ​ကျမ်းစာ​တွင် အဘယ်ကြောင့် ပါရှိ​ခဲ့​ရသနည်း။ တစ်ဦး​တစ်ယောက်​က ပင်​မ်​အကြောင်း​သည် ‘အသေးစိတ်​အချက်အလက်​တစ်ခု​သာ’ ဖြစ်သည်ဟု ကန့်ကွက်​ပြောဆို​ပေမည်။ သေချာ​သည်​သာမက အများ​သိ​ဖြစ်​ကြ​သည့်​အတိုင်း ‘သမိုင်း​သည် အသေးစိတ်​အချက်အလက်​များ​ပင်​ဖြစ်​လေ​သည်။’”

[စာမျက်နှာ ပါ ရုပ်ပုံ]

တစ်ပင်​မ်​အလေး​သည် ရှယ်ကယ်​လ် သုံးပုံနှစ်ပုံ​ခန့် ရှိ