မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ

ကျွန်ုပ်တို့၏သားသမီးများ—အဖိုးတန်အမွေဥစ္စာ

ကျွန်ုပ်​တို့၏​သားသမီး​များ—အဖိုးတန်​အမွေဥစ္စာ

‘ဖွားမြင်​သော​သားသမီးတို့​သည် ထာဝရ​ဘုရားသခင်​ဆုချ​၍ ပေးသနား​တော်​မူ​သော အမွေဥစ္စာ​ဖြစ်​ကြ​၏။’—ဆာလံ ၁၂၇:၃

၁။ ပထမဦးဆုံး လူ​သူငယ်​လေး မည်သို့​မွေးဖွား​လာ​ခဲ့​သနည်း။

ပထမ​လူသား​မောင်နှံ​ကို ဖန်ဆင်း​ပုံ​အားဖြင့် ယေဟောဝါ​ဘုရားသခင်​ဖြစ်ပေါ်​စေ​ခဲ့​သော အံ့ဖွယ်​ဖြစ်ရပ်​များ​ကို သုံးသပ်ကြည့်​ပါ။ ဧဝ​၏​သား​အိမ်ထဲ​တွင် အင်္ဂါ​စုံလင်သော လူသစ်​တစ်ဦး​ဖြစ်သော ပထမဦးဆုံး​လူ​သူငယ်​လေး ကြီးထွား​ဖွံ့ဖြိုး​လာစေဖို့ ဖခင်​အာဒံ​နှင့် မိခင်​ဧဝ​တို့ နှစ်ဦးစလုံး​သည် မိမိတို့​ကိုယ်ခန္ဓာ​မှ တစ်စိတ်​တစ်ပိုင်း​ကို ထည့်ဝင်​ခဲ့​ကြသည်။ (ကမ္ဘာဦး ၄:၁) သန္ဓေတည်​ခြင်း​နှင့် ကလေး​မွေးဖွားခြင်း​တို့သည် ယနေ့​အထိ အံ့အားသင့်​စ​ရာ​ဖြစ်​ပြီး လူအများ​က ယင်းကို တကယ့်​အံ့ဖွယ်အမှု​ဟု​ဆို​ကြသည်။

၂။ ကိုယ်ဝန်ဆောင်​အမျိုးသမီး​တစ်ဦး၏ သား​အိမ်​အတွင်း ဖြစ်ပျက်​ရာ​များ​ကို အံ့ဖွယ်အမှု​ဟု အဘယ်ကြောင့်​ဆို​မည်​နည်း။

မိခင်​နှင့်​ဖခင်​တို့၏ ပေါင်းဖက်​မှု​ကြောင့် မိခင်​ကိုယ်ထဲ​တွင် ဖြစ်ထွန်း​လာသော မူရင်း​ဆဲလ်​သည် ရက်ပေါင်း ၂၇၀ ခန့်​အတောအတွင်း သန်း​ထောင်ချီ​သည့် ဆဲလ်​များနှင့်​ဖွဲ့စည်းထား​သော ကလေးငယ်​တစ်ဦး​ဖြစ်လာ​လေ​သည်။ ထို​မူရင်း​ဆဲလ်​တွင် ဆဲလ်​အမျိုး​ပေါင်း ၂၀၀ ကျော်​ဖြစ်ပွား​စေဖို့ လိုအပ်သော​ညွှန်ကြားချက်​များ​ရှိသည်။ လူ့​ဉာဏ်မမီ​နိုင်သော ၎င်း​အံ့ဖွယ်​ညွှန်ကြားချက်​များ​အတိုင်း​လိုက်၍ အံ့မခန်းဖွယ်​ရှုပ်ထွေး​ပွေလီ​သော အဆိုပါ​ဆဲလ်​များသည် သက်ရှိ​ပုဂ္ဂိုလ်​သစ်​တစ်ဦး​ဖြစ်ပေါ်​လာ​စေရန် စည်းကမ်း၊ နည်းလမ်း​တ​ကျ ဖြစ်ပွား​လေ​သည်!

၃။ ဆင်ခြင်​တတ်​သူများစွာ​တို့​က ဘုရားသခင်​ကြောင့်​သာ သက်ရှိ​လူသား​တစ်ဦး မွေးဖွား​လာ​သည်​ဟု အဘယ်ကြောင့် ဝန်ခံ​သနည်း။

မည်သူသည် ကလေးငယ်​ကို အမှန်တကယ်​ဖန်ဆင်း​သူ​ဖြစ်သည်ဟု သင်​ဆို​မည်​နည်း။ အသက်ကို စတင်​ဖန်ဆင်း​သော​အရှင်ဖြစ်​သည်​မှာ သေချာ​ပါ​သည်။ ကျမ်းစာ​၏​ဆာလံဆရာ​က ‘ယေဟောဝါ​သည် ဘုရားသခင်​ဖြစ်​ကြောင်း သိ​ကြလော့။ ကိုယ်တော်​ပင်​လျှင် ကျွန်ုပ်​တို့ကို ဖန်ဆင်း​သော​အရှင်ဖြစ်​၏။ ကျွန်ုပ်​တို့​ကိုယ်ကို ကျွန်ုပ်​တို့ ဖန်ဆင်း​ခဲ့​သည်မဟုတ်’ ဟု​သီဆို​ခဲ့​သည်။ (ဆာလံ ၁၀၀:၃က​ဘ) မိဘတို့၊ သင်တို့၏​အသက်​ဘူး​လေး​ကို ကိုယ့်​အစွမ်း​နှင့်​ရလာ​ခြင်း​မဟုတ်​ကြောင်း သင်တို့​ကောင်းစွာ​သိထားကြသည်။ သက်ရှိ​လူသစ်​တစ်ဦး အံ့ဖွယ်​နည်းဖြင့်​ဖြစ်ပေါ်​လာ​ခြင်း​ကို အတိုင်းအဆမဲ့​ဉာဏ်ပညာ​ရှင် ဘုရားသခင်​တစ်ပါး​တည်း​သာ ဖြစ်ထွန်း​စေနိုင်​၏။ စဉ်းစား​ဆင်ခြင်​တတ်​သူ လူတို့သည် မိခင်၏​သား​အိမ်​အတွင်း ကလေးငယ်​တစ်ဦး ဖြစ်ထွန်း​လာ​ခြင်း​သည် ကြီးမြတ်သော​ဖန်ဆင်း​ရှင်​ကြောင့်​သာ​ဖြစ်၏​ဟု နှစ်ပေါင်း​ထောင်ချီ အသိအမှတ်ပြု​ခဲ့ပြီ။ အသင်​ကော။—ဆာလံ ၁၃၉:၁၃-၁၆

၄။ အဘယ်​လူ့​အားနည်းချက်​သည် ယေဟောဝါ​ကြောင့်​ဟု ဘယ်​သောအခါ​မျှ မဆို​နိုင်​သနည်း။

သို့သော် ယေဟောဝါ​သည် အမျိုးသား​နှင့်​အမျိုးသမီးများ မျိုးဆက်​ပွား​စေနိုင်​သော ဇီဝ​ဖြစ်​စဉ်​တစ်ခု​ကို အစပြု​ပေး​ရုံ​မျှ​ပြု​သည့် စာနာစိတ်​ကင်းမဲ့​သော ဖန်ဆင်း​ရှင်​တစ်ပါး​လော။ လူ​အချို့​သည် စာနာစိတ်​ကင်းမဲ့​သူများ​ဖြစ်​ကြသော်လည်း ယေဟောဝါ​မူ တစ်ခါမျှ ထိုသို့​မဟုတ်ပါ။ (ဆာလံ ၇၈:၃၈-၄၀) ဆာလံ ၁၂၇:၃ တွင် သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– ‘ဖွားမြင်​သော​သားသမီးတို့​သည် ထာဝရ​ဘုရားသခင်​ဆုချ​၍ ပေးသနား​တော်​မူ​သော အမွေဥစ္စာ​ဖြစ်​ကြ​၏။’ အမွေဥစ္စာ​ဟူသည် အဘယ်အရာ​ဖြစ်၍ ယင်းက အဘယ်အရာကို ထင်ရှားစေ​ကြောင်း ယခု​သုံးသပ်ကြည့်​ကြ​စို့။

အမွေဥစ္စာ​နှင့် ဆုလာဘ်

၅။ သားသမီး​များသည် အဘယ်ကြောင့် အမွေဥစ္စာ​ဖြစ်​ကြ​သနည်း။

အမွေဥစ္စာ​သည် လက်ဆောင်​တစ်ခု​နှင့်​တူ​၏။ မိဘတို့​သည် မိမိတို့​ရင်သွေး​များ​အတွက် အမွေဥစ္စာ​ထားရစ်​ပေးဖို့ နှစ်​ရှည်​လ​များ ကြိုးပမ်း​လုပ်ဆောင်​လေ့​ရှိကြသည်။ ထို​အမွေဥစ္စာ​သည် ငွေကြေး၊ ပစ္စည်းဥစ္စာ သို့​မဟုတ် အဖိုးတန်​ရတနာ​ပစ္စည်း​တစ်မျိုး​တစ်​မည် ဖြစ်​နိုင်​သည်။ မည်သို့​ပင်​ဖြစ်စေ ယင်းသည် မိဘ​မေတ္တာကို ထင်ရှားစေ​၏။ ဘုရားသခင်​သည် သားသမီး​များ​ကို မိဘများ​အတွက် အမွေဥစ္စာ​တစ်ခု​အဖြစ် ပေး​ထား​သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ သားသမီး​များသည် ကိုယ်တော်​ထံ​မှ မေတ္တာ​လက်ဆောင်​တစ်ခု​ဖြစ်သည်။ အသင်​သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သင့်​ရင်သွေး​များ​ကို စကြဝဠာ​ဖန်ဆင်း​ရှင် လွှဲအပ်​ထားသော လက်ဆောင်​တစ်ခု​အဖြစ် သဘောထားကြောင်း သင့်​လုပ်ရပ်များ​က​ဖော်ပြ​သည်​ဟု ဆိုနိုင်​မည်​လော။

၆။ လူသား​တို့ကို သားသမီး​ရနိုင်​စွမ်း​ပေး​ရသည့် ဘုရားသခင့်​ရည်ရွယ်ချက်ကား အဘယ်နည်း။

ဤ​လက်ဆောင်​ကို ယေဟောဝါ​ပေး​ရသည့် ရည်ရွယ်ချက်မှာ အာဒံ​နှင့်​ဧဝ​တို့၏ သားစဉ်မြေးဆက်​များနှင့် မြေကြီးကို​ပြည့်စေ​ဖို့​ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ဟေရှာယ ၄၅:၁၈) ယေဟောဝါ​သည် သန်းနှင့်ချီ​သော​ကောင်းကင်တမန်​များ​ကို ဖန်ဆင်း​ခဲ့​သည့်​နည်း​အတိုင်း လူတိုင်းကို တစ်ဦးချင်း​စီ မဖန်ဆင်း​ခဲ့​ပါ။ (ဆာလံ ၁၀၄:၄; ဗျာ. ၄:၁၁) ထိုသို့​ပြု​မည့်​အစား မိဘများနှင့် ဆင်တူ​မည့် သားသမီး​များ မွေးဖွား​နိုင်စွမ်း​ကို လူ​၌​ထည့်သွင်း​ဖန်ဆင်း​ရန် ဘုရားသခင်​ရွေးချယ်​ခဲ့​သည်။ မိခင်​နှင့်​ဖခင်​တို့သည် လူသား​သစ်​ကလေး​တစ်ဦး​ကို မွေးဖွားပြီး ကြည့်ရှု​ပြုစု​ခွင့်​ရရှိ​ခြင်း​သည် အမှန်တကယ် ထူးမြတ်​သော အခွင့်အရေး​ပင်! မိဘများ​အနေ​နှင့် ဤ​အဖိုးတန်​အမွေ​ကို ရရှိ​ခံစားရ​ရန် ယေဟောဝါ​စီစဉ်​ပေး​ထား​သည့်​အတွက် ကျေးဇူး​တင်​ပါသလော။

ယေရှု၏​ပုံသက်သေ​မှ သင်ယူ​လေ

၇။ မိဘ​အချို့​ပြုလုပ်​ပုံ​နှင့်​မတူဘဲ ယေရှုသည် “လူသား​တို့” ကို​စိတ်ဝင်​စား၍ စာနာစိတ်​ရှိကြောင်း မည်သို့​တင်ပြ​ခဲ့​သနည်း။

မိဘ​အားလုံး မိမိတို့၏​ရင်သွေး​များ​ကို ဆုလာဘ်​တစ်ခု​အဖြစ် မယူမှတ်​ကြသည်​မှာ ဝမ်းနည်းစရာ​ဖြစ်သည်။ မိမိတို့၏​ရင်​နှစ်​သည်း​ချာ​များ​ကို စာနာစိတ်​မပြ​သူ များစွာ​ရှိ၏။ ထိုသို့​သော​မိဘများသည် ယေဟောဝါ​နှင့် ကိုယ်တော့်​သားတော်​၏ စိတ်သဘောထား မရှိကြ​ချေ။ (ဆာလံ ၂၇:၁၀; ဟေရှာယ ၄၉:၁၅) ထို​မိဘများနှင့်​မတူ ကလေးငယ်​များ​အား ယေရှု​စိတ်ဝင်စား​ပုံ​ကို သုံးသပ်ကြည့်​ပါ။ လူသား​တစ်ဦး​အဖြစ် မြေကြီးပေါ်​သို့ ယေရှု​ကြွ​မလာ​မီ တန်ခိုး​ကြီးသော​ဝိညာဉ်​သား​တစ်ဦး​အဖြစ် ကောင်းကင်​တွင်​ရှိနေစဉ်​ပင် ကိုယ်တော်​သည် “လူသား​တို့​နှင့်​ပေါင်းဖော်​၍ ပျော်ပါး​လျက်​နေ” သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (သု. ၈:၃၁) လူသား​တို့​အပေါ် ကိုယ်တော်​၏​မေတ္တာ အလွန်​ကြီးမား​ရ​ကား ကျွန်ုပ်​တို့ ထာဝရ​အသက်​ရစေဖို့ မိမိ​အသက်ကို ရွေးနုတ်ဖိုး​အဖြစ် တလိုတလား​ပေးဆက်​ခဲ့​သည်။—မဿဲ ၂၀:၂၈; ယောဟန် ၁၀:၁၈

၈။ မိဘများ​အတွက် ပုံ​နမူနာ​ကောင်း​တစ်ခု​ကို ယေရှု​မည်သို့​ဖော်ပြ​ခဲ့​သနည်း။

မြေကြီးပေါ်​ရှိ​စဉ် ယေရှုသည် မိဘများ​အတွက် အထူး​ကောင်းမွန်သော​ပုံ​နမူနာ ချမှတ်​ခဲ့​သည်။ ကိုယ်တော်​ပြု​ခဲ့​ရာ​များ​ကို သုံးသပ်ကြည့်​ပါ။ အလုပ်များ​လွန်း​ပြီး စိတ်ဖိစီး​ခံ​နေရ​ချိန်​တွင်​ပင် ကလေးငယ်​များ​ကို အချိန်ပေး​ခဲ့​သည်။ ဈေး​ထဲ​တွင် ကစား​နေကြ​သော ကလေး​သူငယ်​များ​ကို ဂရုစိုက်​ကြည့်​ပြီး သူတို့၏​အမူအကျင့်များ​ကို ကိုယ်တော်​၏​သွန်သင်ချက်​၌ ဖော်ပြ​ခဲ့​သည်။ (မဿဲ ၁၁:၁၆၊ ၁၇) ယေရုရှလင်​မြို့​သို့ နောက်ဆုံး​အကြိမ်​သွားစဉ် မိမိသည် ဝေဒနာ​ခံစား​ရပြီး အသတ်ခံရ​တော့​မည်​ကို ယေရှု​သိထား​သည်။ ထို့​ကြောင့် ယေရှု​ထံ​သို့ ကလေး​များ​ကို ခေါ်ဆောင်​လာ​ကြသောအခါ ကိုယ်တော်​အား တိုး၍​စိတ်ဖိစီးမှု​မဖြစ်​စေလို၍ တပည့်​များ​က သူတို့ကို မောင်းထုတ်​ဖို့​ကြိုးစား​ခဲ့​ခြင်း​ဖြစ်​မည်။ သို့သော် တပည့်​များ​ကို ယေရှု​ဆုံးမ​ပြစ်တင်​ခဲ့​သည်။ ကလေး​သူငယ်​များနှင့် “ပေါင်းဖော်​၍ ပျော်ပါး” ကြောင်း​တင်ပြ​ရန် “သူငယ်​တို့ကို ငါ့​ထံ​သို့​လာ​ပါ​လေ​စေ။ မ​ဆီးတား​ကြ​နှင့်” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။—မာကု ၁၀:၁၃၊ ၁၄

၉။ ကျွန်ုပ်​တို့၏​အပြော​ထက် အလုပ်​က အဘယ်ကြောင့် ပို​၍​အရေးပါ​သနည်း။

ယေရှု၏​ပုံ​နမူနာ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​ပါ​သည်။ ကလေး​သူငယ်​များ ကျွန်ုပ်​တို့​ထံ​လာသော​အခါ ကျွန်ုပ်​တို့ မည်မျှ​တိုင်​အလုပ်​များနေ​ပါစေ မည်သို့​တုံ့ပြန်​တတ်​သနည်း။ ယေရှု​ကဲ့သို့ တုံ့ပြန်​ပါသလော။ အထူးသဖြင့် မိဘတို့​ထံ​မှ သားသမီး​များ လိုအပ်သော​အရာ​မှာ ကလေး​များ​အား ယေရှု​ပေး​ရန်​အသင့်​ရှိခဲ့​သော အချိန်​နှင့် အာရုံစိုက်မှု​ဖြစ်သည်။ “သား/သမီးကို​ချစ်တယ်” ဟူသော​စကား​မျိုး အရေးပါ​သည်​မှာ မှန်ပါသည်။ သို့သော် အပြော​ထက် အလုပ်​တာသွား​သည်။ သင့်​မေတ္တာသည် အပြော​မျှ​သာမက အလုပ်​ဖြင့် ပို​၍​ထင်ရှား​ပါ​သည်။ သင့်​ကလေး​များ​ကို​ပေး​သည့် အချိန်၊ ဂရုစိုက်​မှု​နှင့် ပြုစု​စောင့်ရှောက်မှု​တို့အား​ဖြင့် သူတို့ကို​ချစ်​ကြောင်း ပေါ်လွင်​စေ​သည်။ သို့သော် ထိုသို့​ပြု​သည့်​တိုင် သင်​ဖြစ်စေချင်​သည့်​အတိုင်း ချက်ချင်း ဖြစ်လာ​ချင်​မှ​ဖြစ်လာ​မည်။ စိတ်ရှည်​ဖို့​လို​သည်။ တပည့်​များနှင့် ယေရှု​ဆက်ဆံ​ခဲ့​ပုံ​ကို ကျွန်ုပ်​တို့​အတုယူ​မည်​ဆိုလျှင် စိတ်ရှည်​တတ်လာ​မည်။

ယေရှု၏​စိတ်ရှည်မှု​နှင့် ချစ်ခင်​စုံမက်မှု

၁၀။ တပည့်​များ​ကို နှိမ့်ချ​ခြင်း​အကြောင်း ယေရှု​မည်သို့​သွန်သင်​ပေး​ခဲ့​သနည်း၊ အစပိုင်း​တွင် အောင်မြင်​ခဲ့​သလော။

၁၀ မိမိ၏​တပည့်​များသည် ထင်ပေါ်​ကျော်ကြား​ဖို့ အချင်းချင်း​ယှဉ်ပြိုင်​နေကြ​ကြောင်း ယေရှု​သတိပြုမိ​ခဲ့​သည်။ တစ်နေ့​တွင် တပည့်​များနှင့်​အတူ ကပေရနောင်​မြို့​သို့​ရောက်လာသော​အခါ ကိုယ်တော်​က– “‘သင်တို့သည် လမ်း၌ အဘယ်​အမှုကို အချင်းချင်း​ငြင်းခုံ​ကြ​သနည်း’ ဟု​မေး​တော်​မူ​သည်ကို၊ သူတို့သည် တိတ်ဆိတ်​စွာ​နေကြ၏။ အကြောင်း​မူ​ကား၊ အဘယ်သူ​သည်​သာ၍​ကြီးမြတ်​အံ့​နည်း​ဟု လမ်း၌​အချင်းချင်း​ငြင်းခုံ​ကြ​၏။” ယေရှုသည် သူတို့ကို ခက်ထန်​စွာ ပြစ်တင်​ရှုတ်ချ​မည့်​အစား နှိမ့်ချ​ခြင်း​အကြောင်း သွန်သင်​ပေးဖို့ စိတ်ရှည်​စွာ​ဖြင့် ရုပ်​ပြ​သင်ခန်းစာ​တစ်ခု​ပေး​ခဲ့​သည်။ (မာကု ၉:၃၃-၃၇) ကိုယ်တော်​မျှော်လင့်သည့်​အတိုင်း ဖြစ်လာ​သလော။ ချက်ချင်း​မဖြစ်​လာ​ပါ။ ခြောက်​လ​ကြာပြီးနောက် ယာကုပ်နှင့် ယောဟန်တို့သည် ဘုရားသခင့်​နိုင်ငံတော်​တွင် ထင်ပေါ်​သော ရာထူး​များ​ရ​ရန် ယေရှု​ထံ​မှ​တောင်းဆို​ပေးဖို့ သူတို့၏​မိခင်​ကို တိုက်တွန်း​ခဲ့​ကြသည်။ တစ်ဖန် ယေရှုသည် သူတို့၏​အတွေးအခေါ်ကို စိတ်ရှည်​စွာ ပြန်​တည့်မတ်​ပေး​လေ​သည်။—မဿဲ ၂၀:၂၀-၂၈

၁၁။ (က) ယေရှု၏​တမန်​တော်​များသည် ယေရှု​နှင့်အတူ အထက်ခန်း​မ​သို့​ရောက်ပြီးနောက် ထုံးစံ​အရ အဘယ်အရာ​ပြုလုပ်​ဖို့ ပျက်ကွက်​ခဲ့​ကြ​သနည်း။ (ခ) ယေရှု အဘယ်အရာ​ပြုလုပ်​ခဲ့​သနည်း၊ ထို​အချိန်တွင် သူ၏​ကြိုးပမ်းမှု​များ အောင်မြင်​ခဲ့​သလော။

၁၁ မကြာမီ စီ.အီး. ၃၃၊ ပသခါပွဲ​နေ့​ရောက်လာ​ရာ ယေရှုသည် တမန်​တော်​များနှင့်​အတူ ထို​ပွဲ​ကို​သီးသန့်​ကျင်းပ​ခဲ့​သည်။ အထက်ခန်း​မ​သို့​ရောက်​သော် အိမ်ထောင်စု​တွင် အစေခံ သို့​မဟုတ် အမျိုးသမီး​တစ်ဦး၏​အလုပ်​ဟု ယူမှတ်လေ့​ရှိသော ထုံးစံ​အရ​ပြု​ရသည့် ခြေဆေး​ပေးခြင်း​အလုပ်ကို တမန်​တော် ၁၂ ပါး​အနက် တစ်ဦး​က​မျှ အစပြု​မ​လုပ်ခဲ့​ချေ။ (၁ ဓမ္မ​ရာဇဝင် ၂၅:၄၁; ၁ တိမောသေ ၅:၁၀) မိမိ၏​တပည့်​များသည် ရာထူး​အဆင့်အတန်း မက်မော​နေကြ​ဆဲ​ဖြစ်​ကြောင်း သိလိုက်ရ​၍ ယေရှု​အလွန်​ဝမ်းနည်း​ခဲ့​ပေမည်! ထို့​ကြောင့် ယေရှုသည် တစ်ဦးချင်း​စီ​၏​ခြေ​ကို ဆေး​ပေး​ပြီး​နောက် သူတစ်ပါး​အစေ​ကို​ခံ​ကြ​ရန် ပုံသက်သေ​ပြ​၍ အလေးအနက်​တောင်းပန်​ခဲ့​သည်။ (ယောဟန် ၁၃:၄-၁၇) ထို​ပုံသက်သေ​ကို သူတို့​လိုက်ခဲ့​ကြ​သလော။ ထို​ညနေ​နှောင်းပိုင်းတွင်​ပင် ‘တပည့်​တို့သည် မိမိတို့​တွင် အဘယ်သူ​သည် သာ၍​ကြီးမြတ်​သနည်း​ဟု အချင်းချင်း​ငြင်းခုံခြင်း​ရှိသည်’ ဟု သမ္မာကျမ်းစာ​က​ဆို​၏။—လုကာ ၂၂:၂၄

၁၂။ သားသမီး​များ​ကို မိဘတို့ ကြိုးစား​လေ့ကျင့်ပေး​ရာ​တွင် ယေရှုကို မည်သို့​အတုယူ​နိုင်​သနည်း။

၁၂ သင်၏​ဆုံးမမှု​ကို သားသမီး​များ မခံယူ​သည့်​အခါ ယေရှု​မည်သို့​ခံစား​ခဲ့​ရမည်ကို အသင်​မိဘများ သဘောပေါက်​ပါသလော။ တမန်​တော်​တို့သည် သူတို့၏​အမှား​များ​ကို ချက်ချင်း​မပြု​ပြင်​သည့်​အတွက် သူတို့ကို ယေရှု​လက်မလျှော့​ခဲ့​ကြောင်း သတိရပါ။ နောက်ဆုံး​တွင် ကိုယ်တော်​စိတ်ရှည်​သည့်​အတွက် အကျိုး​ဖြစ်ထွန်း​ခဲ့​သည်။ (၁ ယောဟန် ၃:၁၄၊ ၁၈) မိဘတို့ သားသမီး​များ​ကို လေ့ကျင့်​သွန်သင်ပေး​ရာ​တွင် ဘယ်တော့​မျှ လက်မလျှော့​ဘဲ ယေရှု၏​ချစ်ခြင်း​မေတ္တာ​နှင့် စိတ်ရှည်မှု​ကို အတုယူ​သင့်​သည်။

၁၃။ မိဘ​တစ်ဦး​သည် ကလေးငယ်​၏​စူးစမ်း​မေးမြန်းခြင်း​ကို အဘယ်ကြောင့် လေသံ​မာ​မာ​ဖြင့် မောင်းမ​ထုတ်​သင့်​သနည်း။

၁၃ မိဘတို့​သည် မိမိတို့ကို​ချစ်​မြတ်နိုး​ပြီး စိတ်ဝင်စား​သည်​ဟု ရင်သွေးငယ်​များ သိရှိခံစား​ရဖို့​လို​သည်။ ယေရှုသည် တပည့်​များ​စဉ်းစား​တွေးတော​ရာ​ကို သိ​လို​သဖြင့် သူတို့​မေးမြန်း​သည့်​အခါ နားထောင်ပေး​သည်။ အချို့​ကိစ္စရပ်​များ​ကို သူတို့​မည်သို့​ယူဆ​ကြောင်း ကိုယ်တော်​မေးမြန်း​တတ်​သည်။ (မဿဲ ၁၇:၂၅-၂၇) ထိရောက်​စွာ​သွန်သင်ပေး​ရန် ဂရုစိုက်​နားထောင်ဖို့၊ အမှန်တကယ်​စိတ်ဝင်စား​ဖို့ လို​သည်။ စူးစမ်း​မေးမြန်း​တတ်သော​ကလေး​တစ်ဦး​ကို လေသံ​မာ​မာ​ဖြင့် “သွား​စမ်း! ငါ​အလုပ်​များနေ​တာ မမြင်​ဘူးလား” ဟု မောင်းထုတ်​လို​စိတ်​ကို မိဘများ​ထိန်းချုပ်​ထား​သင့်​သည်။ မိဘ​တစ်ဦး အမှန်တကယ်​အလုပ်များ​နေလျှင် ထို​အကြောင်းကို နောက်​မှ​ပြောပြ​မည်​ဟု ကလေး​အား ပြော​သင့်​သည်။ ထို့နောက် ထို​အကြောင်းအရာကို မဖြစ်​မနေ​ဆွေးနွေး​သင့်​သည်။ ဤနည်းဖြင့် မိဘ​ဖြစ်သူ​သည် မိမိကို​အမှန်တကယ်​စိတ်ဝင်စား​ကြောင်း ကလေးငယ်​သိရှိပြီး မိဘ​အား ရင်ဖွင့်​ပြောဆို​ရန် အမြဲ​အသင့်ရှိ​ပါ​လိမ့်​မည်။

၁၄။ မိမိတို့​ရင်သွေး​များ​အား ချစ်ခင်​ယုယမှု​ပြ​ခြင်း​နှင့်​ပတ်သက်​၍ ယေရှု​ထံ​မှ မိဘများ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

၁၄ မိဘများသည် သားသမီး​များ​ကို ပွေ့ဖက်​ကာ ချစ်ခင်​ယုယ​ကြောင်း​ပြ​ခြင်း​သည် သင့်လျော်​ပါသလော။ ဤ​တွင်​လည်း ယေရှု​ထံ​မှ မိဘများ​သင်ယူ​နိုင်​ပါ​သည်။ သမ္မာကျမ်းစာ​က ကိုယ်တော်​သည် “သူငယ်​တို့ကို​ချီပိုက်​၍ သူတို့​အပေါ်မှာ​လက်တော်ကို​တင်​လျက် ကောင်းချီး​ပေး” သည်​ဟု​ဆို​၏။ (မာကု ၁၀:၁၆) ကလေးငယ်​များ မည်သို့​တုံ့ပြန်​မည်​ဟု သင်​ထင်​သနည်း။ အမှန်ပင် နွေးထွေးမှု​ခံစား​ရပြီး ယေရှုကို​ပို​ချစ်ခင်​ကြ​ပေမည်! အသင်​မိဘများနှင့် ရင်သွေးငယ်​များ​အကြား ချစ်ခင်​စုံမက်မှု​နှင့် မေတ္တာ​စစ်​ရှိပါက သင်၏​လေ့ကျင့်​သွန်သင်မှု​ကို သူတို့ တလိုတလား​လက်ခံ​ကြ​ပါ​လိမ့်​မည်။

အချိန်​မည်မျှ​ပေး​ရမည်​ဟူသော အရေးကိစ္စ

၁၅၊ ၁၆။ ခေတ်​စား​ခဲ့​သော ကလေး​ပြုစု​ပျိုးထောင်​ရေး အယူအဆ​တစ်ခု​ကား အဘယ်နည်း၊ အဘယ်အရာ​ကြောင့် ထို​အယူအဆ ပေါ်ထွက်​လာ​ခဲ့​ဟန်​တူ​သနည်း။

၁၅ မိဘတို့​သည် မိမိတို့​သားသမီး​များ​ကို အချိန်​များများ​ပေး​ပြီး မေတ္တာပါပါ​အာရုံစိုက်​ဖို့ တကယ်​လို​မလို မေးခွန်းထုတ်​သူ​အချို့​ရှိ၏။ အကျိုးရှိရှိ​ပေါင်းသင်း​ချိန်​ဟု​ခေါ်​သော ကလေး​ပြုစု​ပျိုးထောင်​ရေး အယူအဆ​တစ်ခု​ကို ကျင်လည်​စွာ အားပေး​အား​မြှောက်​ပြု​ခဲ့​ကြပြီ။ ထို​အယူအဆကို​ထောက်ခံသူ​များ​က သားသမီး​များနှင့် မိဘများ​အတူ​ရှိ​နေချိန်​သည် အဓိပ္ပာယ်​ရှိ​မည်၊ ကောင်းစွာ​ကြိုတင်​စီစဉ်​ထား​မည်​ဆိုလျှင် သူတို့ကို မိဘများ အချိန်​များများ​ပေး​စ​ရာ​မလိုဟု​ဆို​၏။ အကျိုးရှိရှိ​ပေါင်းသင်း​ချိန်​ဟူသော ထို​အယူအဆ​သည် ကောင်း​သလော၊ ကလေး​များ​၏​အကျိုးအတွက် ဖြစ်ပေါ်​လာသော အယူအဆ​လော။

၁၆ ကလေး​များစွာ​နှင့် စကားစမြည်​ပြောဆို​ခဲ့​သော စာရေး​ဆရာ​တစ်ဦး​က “မိဘများ​ထံ​မှ သူတို့​အလိုချင်ဆုံး​အရာ​မှာ အချိန်​များများ” နှင့် “လုံးလုံးလျားလျား​အာရုံစိုက်မှု” တို့​ဖြစ်သည်ဟု​ဆို​၏။ ထူးခြား​သည်​မှာ ကောလိပ်​ကျောင်း​ပါမောက္ခ​တစ်ဦး​က “ထို​အသုံးအနှုန်း [အကျိုးရှိရှိ​ပေါင်းသင်း​ချိန်] သည် မိဘများ​၏​အားနည်းချက်​ကြောင့် ပေါ်ထွက်​လာ​ခြင်း​ဖြစ်သည်။ မိမိတို့​ရင်သွေး​များ​ကို အချိန်​အနည်းငယ်​သာ​ပေး​ရန် လူ​တို့​အကြောင်းပြ​နေကြ​ခြင်း​ဖြစ်သည်” ဟု​ကောက်ချက်​ချ​ခဲ့​သည်။ မိဘများသည် သားသမီး​များနှင့် မည်မျှ​ကြာကြာ အချိန်ဖြုန်း​သင့်​သနည်း။

၁၇။ မိဘများ​ထံ​မှ ရင်သွေးငယ်​များ အဘယ်အရာ​လိုအပ်​ကြ​သနည်း။

၁၇ သမ္မာကျမ်းစာ​၌ မဖော်​ပြ​ထား​ပါ။ သို့သော် အိမ်​တွင်​ရှိသည့်​အခါ​ဖြစ်စေ၊ ခရီး​သွား​သည့်​အခါ​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည့်​အခါ​ဖြစ်စေ မိမိတို့​သားသမီး​များနှင့် စကားပြော​ဆို​ဖို့ ဣသရေလ​မိဘများ​ကို တိုက်တွန်း​ထား​သည်။ (တရားဟောရာ ၆:၇) မိဘများသည် သားသမီး​များနှင့် အပြန်အလှန်​ဆက်သွယ်မှု​ရှိ​ကာ နေ့စဉ်​မပြတ် သွန်သင်ပေး​နေဖို့လို​ကြောင်း ထင်ရှား​ပါ​သည်။

၁၈။ ယေရှုသည် တပည့်​များ​ကို လေ့ကျင့်​သင်ကြား​ပေး​ရန် မည်သို့​အခွင့်ကောင်း​ယူ​ခဲ့​သနည်း၊ ၎င်း​မှ မိဘများ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၈ ယေရှုသည် တပည့်​များနှင့်​အတူ စားသောက်​သောအခါ၊ ခရီး​သွားသော​အခါ၊ အပန်းဖြေ​သောအခါ​၌​ပင် သူတို့ကို​လေ့ကျင့်ပေး​သဖြင့် အကျိုး​ဖြစ်ထွန်း​ခဲ့​သည်။ ကိုယ်တော်​သည် အခွင့်အရေး​ရ​တိုင်း သူတို့ကို​သွန်သင်​ပေး​ခဲ့​၏။ (မာကု ၆:၃၁၊ ၃၂; လုကာ ၈:၁; ၂၂:၁၄) ထို​နည်း​ထပ်တူ၊ ခရစ်ယာန်​မိဘတို့​သည် အခွင့်အရေး​ရ​တိုင်း မိမိတို့​ရင်သွေး​များနှင့် ကောင်းမွန်သော ပြောဆို​ဆက်သွယ်မှု​ရှိ​ရန်၊ ယင်းကို ဆက်​ထိန်းသိမ်း​ရန်​နှင့် ယေဟောဝါ​၏​နည်းလမ်းတော်​များ​အတိုင်း သူတို့ကို ပဲ့ပြင်​သင်ကြား​ပေး​ရန် နိုးနိုးကြားကြား​ရှိ​သင့်ပါသည်။

အဘယ်အရာကို သွန်သင်​၍ မည်သို့​သွန်သင်ပေး​ရမည်​နည်း

၁၉။ (က) သားသမီး​များ​ကို အချိန်ပေး​သည့်​အပြင် အဘယ်အရာ​လို​သေး​သနည်း။ (ခ) မိဘတို့​သည် ရင်သွေးငယ်​များ​ကို အဘယ်​အကြောင်း အဓိက​သွန်သင်​ပေးဖို့​လို​သနည်း။

၁၉ သားသမီး​များ​ကို အောင်မြင်စွာ ပြုစု​ပျိုးထောင်​ပေးဖို့ သူတို့ကို အချိန်ပေး​ရုံ သွန်သင်ပေး​ရုံ​သက်​သက်​ဖြင့် မလုံလောက်​ပါ။ သွန်သင်ပေး​သည့်​အရာ​က​လည်း အရေးပါ​သည်။ အဘယ်အရာ​သွန်သင်ပေး​သင့်​ကြောင်း သမ္မာကျမ်းစာ​က အလေးပေး​ဖော်ပြ​ထား​ပုံ​ကို သတိပြုပါ။ “ယနေ့​ငါ​မှာ​ထားသော​စကား​ကို နှလုံး​သွင်း​ရမည်။ . . . ထိုစကား​ကို သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင် [“စွဲမှတ်စေ၊” က​ဘ] ရမည်” ဟု​ဆို​၏။ သားသမီး​များ​ကို သွန်သင်ပေး​ရမည့် “ထိုစကား” များ​ကား အဘယ်နည်း။ ထိုသို့​မ​မှာကြား​မီ ဖော်ပြ​ထားသော ဤ​စကား​များ​ဖြစ်​ကြောင်း ထင်ရှား​သည်– “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့်​ချစ်​လော့။” (တရားဟောရာ ၆:၅-၇) ယင်းသည် ဘုရားသခင့်​ပညတ်​အားလုံး​တို့​တွင် အရေး​အကြီးဆုံး​ပညတ်​ဖြစ်သည်ဟု ယေရှု​မိန့်တော်မူ​ခဲ့​သည်။ (မာကု ၁၂:၂၈-၃၀) ထို့​ကြောင့် မိဘတို့​သည် ရင်သွေးငယ်​များ​ကို ယေဟောဝါ​အကြောင်း အဓိက​သွန်သင်ပေး​ရမည်၊ ကိုယ်တော်​တစ်ပါး​တည်း​ကို​သာ အဘယ်ကြောင့်​စိုးလ်​အကြွင်းမဲ့​ချစ်​မြတ်နိုး​၍ ဆည်းကပ်​ဝတ်ပြု​ထိုက်​ကြောင်း ရှင်းပြ​ပေးဖို့​လို​သည်။

၂၀။ မိမိတို့​သားသမီး​များ​အား အဘယ်အရာ​သင်ကြား​ပေး​ရန် ရှေးခေတ်​မိဘများ​ကို ဘုရားသခင်​မိန့်မှာ​ခဲ့​သနည်း။

၂၀ သို့သော် သားသမီး​များ​ကို သွန်သင်​ပေးဖို့ မိဘများ​ကို​တိုက်တွန်း​ထားသော “ထိုစကား” များ​တွင် ဘုရားသခင်​အား စိတ်နှလုံး​အကြွင်းမဲ့​ချစ်​ရန်​မျှ​မ​က ပါဝင်​သည်။ ရှေ့အခန်း​ကြီး​ဖြစ်သော တရားဟောရာ​အခန်းကြီး​ငါး​တွင် မောရှေ​သည် ပညတ်တော်​ဆယ်ပါး​ဟု​ခေါ်​သော ကျောက်ပြား​ပေါ်​ရေးထားသည့် ဘုရားသခင့်​ပညတ်​များ​ကို ပြန်လည်​ဖော်ပြ​ကြောင်း သင်​သတိပြုမိ​ပါ​လိမ့်​မည်။ ၎င်း​ပညတ်​များ​တွင် မ​လိမ်​ရ၊ မခိုး​ရ၊ လူ့​အသက်​မ​သတ်​ရ​နှင့် သူ့​သား​အိမ်ရာ​မ​ပြစ်မှား​ရ​ဟူ​သည့် မိန့်မှာချက်​များ​ပါဝင်​သည်။ (တရားဟောရာ ၅:၁၁-၂၂) ယင်းကြောင့် မိမိတို့​သားသမီး​များ​ကို ကျင့်ဝတ်​စံနှုန်း​များ သွန်သင်​ပေးဖို့​လို​ကြောင်း ထို​ခေတ်​က​မိဘများ စိတ်​စွဲမှတ်​ထား​ကြသည်။ ယနေ့ ခရစ်ယာန်​မိဘတို့​သည် မိမိတို့​သားသမီး​များ​အား လုံခြုံမှု၊ ပျော်ရွှင်မှု​ရှိသော​အနာဂတ် ရရှိ​ခံစား​စေ​လိုလျှင် အလားတူ​သွန်သင်​ပေးဖို့​လို​သည်။

၂၁။ ဘုရားသခင့်​စကားတော်​ကို သားသမီး​များ​စိတ်ထဲ “စွဲမှတ်စေ” ပါ​ဟူသော ညွှန်ကြားချက်​သည် အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

၂၁ “ထိုစကား” သို့​မဟုတ် ပညတ်တော်​များ​ကို သားသမီး​များ​အား မည်သို့​သွန်သင်ပေး​ရမည်​နှင့်​ပတ်သက်​၍ မိဘများ​မိန့်မှာ​ခံရ​ပုံ​ကို သတိပြုပါ– “သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင် [“စွဲမှတ်စေ၊” က​ဘ] ရမည်။” “စွဲမှတ်စေ” ဟူသော​စကားလုံး​သည် “ထပ်ခါတလဲ​လဲ​ပြန်ကျော့​ခြင်း သို့​မဟုတ် သတိပေး​ဆုံးမခြင်း—တိုက်တွန်း သို့​မဟုတ် စိတ်ထဲ​စွဲ​စေခြင်း—ဖြင့် သွန်သင်​ပြီး စွဲမှတ်စေ​ရန်” ဟု​အဓိပ္ပာယ်​ရ၏။ တစ်နည်း​အားဖြင့်​ဆိုလျှင် သားသမီး​များ​၏​စိတ်ထဲ​တွင် ဝိညာဉ်​ရေးရာ​များ စွဲမှတ်​နေ​စေဖို့ အထူး​ရည်ရွယ်ချက်​ဖြင့် ကြိုတင်​ပြင်ဆင်​ထားသော ကျမ်းစာ​သွန်သင်​ပေးခြင်း​အစီအစဉ်​တစ်ခု​ရှိစေရန် မိဘများ​ကို ဘုရားသခင်​ပြောနေခြင်း​ဖြစ်သည်။

၂၂။ သားသမီး​များ​ကို သွန်သင်​ပဲ့ပြင်​ပေး​ရန် ဣသရေလ​မိဘများ အဘယ်အရာ​ပြု​ဖို့ မှာကြား​ခံရ​သနည်း၊ ယင်းက အဘယ်အရာကို​ဆိုလို​သနည်း။

၂၂ ကြိုတင်​ပြင်ဆင်​ထားသော ထို​အစီအစဉ်​ရှိ​ရန် မိဘများ​က စတင်​အကောင်အထည်ဖော်​ဖို့​လို​၏။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “ထိုစကား [သို့​မဟုတ် ဘုရားသခင့်​ပညတ်တော်​များ] ကိုလည်း သင်၏​လက်၌ လက္ခဏာ​သက်သေ​ဖို့​ရာ​လည်းကောင်း၊ သင်၏​မျက်စိ​ကြား​မှာ သင်း​ကျစ်​ကဲ့သို့​လည်းကောင်း ချည်​ထား​ရမည်။ အိမ်တံခါး၊ မြို့တံခါး​တို့​၌​လည်း ရေးထား​ရမည်။” (တရားဟောရာ ၆:၈၊ ၉) ဤသို့​ဆို​သဖြင့် မိဘတို့​သည် အိမ်တံခါး၊ မြို့တံခါး​တို့​၌ ဘုရားသခင့်​ပညတ်တော်​များ​ကို ရေးထား​ဖို့၊ မိတ္တူ​တစ်စောင်​ကို သားသမီး​များ​၏​လက်၌​ချည်​ထားပြီး တစ်စောင်​ကို မျက်စိ​ကြား​မှာ ဆင်​ထား​ပေး​ရမည်ဟု စာသား​အတိုင်း မဆိုလို​ပါ။ ဆိုလိုချက်​မှာ မိဘတို့​သည် ဘုရားသခင့်​သွန်သင်ချက်​များ​ကို သားသမီး​များ​အား မပြတ်​တမ်း သတိပေး​နှိုးဆော်​နေ​သင့်​သည်​ဖြစ်၏။ ဘုရားသခင့်​သွန်သင်ချက်​များသည် ကလေး​များ​အရှေ့ အချိန်ပြည့်​ရှိနေ​သည့်​အလား မိမိတို့​သားသမီး​များ​ကို အမြဲမပြတ်၊ မှန်မှန်​သွန်သင်ပေး​နေ​သင့်​သည်။

၂၃။ နောက်​တစ်ပတ် သင်တန်း​ချိန်​တွင် အဘယ်​အကြောင်း သုံးသပ်​မည်​နည်း။

၂၃ သားသမီး​များ​ကို မိဘများ​သွန်သင်​ပေးဖို့​လိုအပ်သော အထူး​အရေးပါ​ရာ​အချို့​ကား အဘယ်နည်း။ မိမိတို့​ကိုယ်ကို ကာကွယ်​တတ်​အောင် သားသမီး​များ​အား သွန်သင်၊ လေ့ကျင့်​ပေးဖို့ ယနေ့ အဘယ်ကြောင့် ဤမျှ​အရေးကြီး​သနည်း။ မိမိတို့၏​ရင်သွေး​များ​ကို ထိရောက်​စွာ​သွန်သင်ပေး​ရန် မိဘများ​အတွက် အဘယ်​အကူအညီ ယခု​ရှိ​သနည်း။ ဤ​မေးခွန်းများ​အပြင် မိဘ​အများ​နှင့်​သက်ဆိုင်​သော အခြား​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• မိဘတို့​သည် မိမိတို့​သားသမီး​များ​ကို အဖိုးတန်​သူများ​အဖြစ် အဘယ်ကြောင့် ယူမှတ်​သင့်​သနည်း။

• မိဘများနှင့် အခြားသူ​တို့သည် ယေရှု​ထံ​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

• သားသမီး​များ​ကို အချိန်​မည်မျှ​ပေး​သင့်​သနည်း။

• သားသမီး​များ​ကို အဘယ်အရာ သွန်သင်ပေး​ရမည်​နည်း၊ မည်သို့​သွန်သင်ပေး​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ယေရှု​သွန်သင်ပုံ​မှ မိဘများ အဘယ်အရာ​သင်ယူ​နိုင်​သနည်း

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံများ]

ဣသရေလ​မိဘတို့​သည် မိမိတို့​ရင်သွေး​များ​ကို အဘယ်​အချိန်တွင် မည်သို့ သွန်သင်ပေး​ရမည်​နည်း

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံများ]

မိဘတို့​သည် သားသမီး​များ​အား ဘုရားသခင့်​သွန်သင်ချက်​များ​ကို မပြတ်​တမ်း သတိပေး​နှိုးဆော်​သင့်