မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိဘတို့၊ သင်တို့၏အဖိုးတန်အမွေဥစ္စာကို ကာကွယ်စောင့်ရှောက်ပါလေ

မိဘတို့၊ သင်တို့၏အဖိုးတန်အမွေဥစ္စာကို ကာကွယ်စောင့်ရှောက်ပါလေ

မိဘတို့၊ သင်တို့၏​အဖိုးတန်​အမွေဥစ္စာ​ကို ကာကွယ်​စောင့်ရှောက်​ပါ​လေ

“ပညာ​သည် . . . ကွယ်ကာ​တတ်၏။ . . . ပညာ​၏​အကျိုးကျေးဇူး​ကား ပညာရှင်​အား အသက်ရှင်​စေခြင်း​တည်း။”—ဒေ. ၇:၁၂၊ သမ္မာ။

၁။ မိဘတို့​သည် မိမိတို့​သားသမီး​များ​ကို လက်ဆောင်​များ​အဖြစ် အဘယ်ကြောင့်​ရှုမြင်​သင့်​သနည်း။

မိဘတို့​သည် မိမိတို့​နှင့်​ရုပ်ရည်​သွင်ပြင်၊ ပင်ကိုစရိုက်​များ ဆင်တူ​သော သက်ရှိ​လူသား​အသစ်​လေး​တစ်ဦး​ကို လူ့​လောက​ထဲ ခေါ်ဆောင်​လာ​ကြသည်။ ထို​သူငယ်​လေး​များ​ကို ‘ယေဟောဝါ​ပေးသနား​တော်​မူ​သော အမွေဥစ္စာ’ ဟု​သမ္မာကျမ်းစာ​က ခေါ်ဆို​ထား​၏။ (ဆာလံ ၁၂၇:၃က​ဘ) ယေဟောဝါ​သည် အသက်​ပေးရှင်​အစစ်အမှန်​ဖြစ်သော​ကြောင့် အမှန်​မှာ ကိုယ်တော်​၏​ပိုင်ဆိုင်ရာ​ကို မိဘများ​အား ပေးအပ်​ခြင်း​ဖြစ်သည်။ (ဆာလံ ၃၆:၉) မိဘတို့၊ ဘုရားသခင်​ထံ​တော်​မှ ဤ​အဖိုးတန်​လက်ဆောင် ရရှိ​ထားခြင်း​ကို သင်တို့ မည်သို့​သဘောထားကြ​သနည်း။

၂။ ဖခင်​တစ်ဦး​ဖြစ်​ရတော့မည်​ကို မာနော်​သိ​လေ​သော် သူ​မည်သို့​တုံ့ပြန်​ခဲ့​သနည်း။

ထိုသို့​သော​လက်ဆောင်​မျိုးကို စိတ်​နှိမ့်ချစွာ၊ ကျေးဇူး​တင်​လေးမြတ်​စွာ လက်ခံ​ယူ​သင့်​သည်။ လွန်ခဲ့သော​အနှစ် ၃,၀၀၀ ကျော်​မှ ဣသရေလ​အမျိုးသား​မာနော်​၏​ဇနီးသည် ကလေး​မွေးဖွား​လိမ့်​မည်​ဟု ကောင်းကင်တမန်​တစ်ပါး​က သတင်းပေး​ချိန်​၌ မာနော် ထို​နည်း​အတိုင်း​တုံ့ပြန်​ခဲ့​သည်။ ထို​သတင်းကောင်းကို မာနော်​ကြား​သော် သူ​ဤသို့​ဆုတောင်း​ခဲ့​သည်– ‘အို​ဘုရားသခင် အကျွန်ုပ်​တို့သည် ဖွားမြင်​လတ္တံ့​သော​သူငယ်​၌ အဘယ်​သို့​ပြု​ရမည်ကို ဘုရားသခင်​၏​တမန်​တော်​သည် တစ်ဖန်​လာ၍​သွန်သင်​စေတော်မူ​ပါ။’ (တရားသူကြီး ၁၃:၈) မိဘတို့ မာနော်​၏​ပုံသက်သေ​မှ သင်တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

ဘုရားသခင့်​အကူအညီ ယခု​လိုအပ်​ရခြင်း​အကြောင်း

၃။ သားသမီး​များ​ကို​ပြုစု​ပျိုးထောင်​ရာ​တွင် ဘုရားသခင့်​အကူအညီကို ယနေ့ အဘယ်ကြောင့်​အထူး​လိုအပ်​နေသနည်း။

မိမိတို့​သားသမီးကို ပြုစု​ပျိုးထောင်​ရာ​၌ မိဘတို့​သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် ယေဟောဝါ​၏​အကူအညီကို ယခု​လိုအပ်​နေသည်။ အဘယ်ကြောင့်​နည်း။ နတ်ဆိုး​မင်း​စာတန်​နှင့် သူ၏​တမန်​များသည် ကောင်းကင်​မှ မြေကြီး​သို့​ပစ်ချ​ခံ​ခဲ့​ရပြီ။ သမ္မာကျမ်းစာ​က ဤသို့​သတိပေး​သည်– “မြေကြီး . . . သည် အမင်္ဂလာ​ရှိ၏။ အကြောင်း​မူ​ကား၊ [စာတန်] သည် မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို​သိ၍၊ ပြင်းစွာ​သော​ဒေါသ​အမျက်​နှင့်​တကွ သင်တို့​ရှိရာသို့​ဆင်း​လေ​ပြီ။” (ဗျာ. ၁၂:၇-၉၊ ၁၂) စာတန်​သည် “ဟောက်​သော​ခြင်္သေ့​ကဲ့သို့ အဘယ်သူ​ကို​မျို​ရမည်​နည်း​ဟူ၍ လှည့်လည်​ရှာဖွေ​လျက်​ရှိ၏” ဟု သမ္မာကျမ်းစာ​ရှင်းပြသည်။ (၁ ပေတရု ၅:၈) ခြင်္သေ့​တို့​မည်​သည် များသောအားဖြင့် တိရစ္ဆာန်​ငယ်​လေး​ဖြစ်သော အားအနွဲ့ဆုံး​သတ္တဝါများ​ကို ဖမ်းစား​လေ့​ရှိသည်။ သို့​ဖြစ်သော​ကြောင့် ခရစ်ယာန်​မိဘများသည် မိမိတို့ သားသမီး​များ​ကို ကာကွယ်​ရန် ယေဟောဝါ​ထံ​မှ လမ်းညွှန်မှုကို ပညာရှိ​စွာ မျှော်ကိုး​ကြ​ရ​ပေမည်။ ထိုသို့​ပြု​ရန် အသင် မည်မျှ အားထုတ်​ကြိုးပမ်း​နေသနည်း။

၄။ (က) အနီးအနား​ဝန်းကျင်​တွင် ခြင်္သေ့​တစ်ကောင် လှည့်လည်​နေကြောင်း​သိထား​လျှင် မိဘများ မည်သို့​တုံ့ပြန်​သင့်​သနည်း။ (ခ) အကာအကွယ်​ရ​ရန် သားသမီး​များ​တွင် အဘယ်အရာ​ရှိဖို့လို​သနည်း။

အနီးအနား​ဝန်းကျင်​တစ်ဝိုက်​တွင် ခြင်္သေ့​တစ်ကောင် လွတ်​နေကြောင်း သင်​သိထားပါ​က သားသမီး​များ​ကို​ကာကွယ်​ခြင်း​သည် သင့်အတွက် အဓိက​အရေးကိစ္စ​ဖြစ်​မည်​မှာ သေချာ​သည်။ စာတန်​သည် သားရဲ​တစ်ကောင်​ဖြစ်သည်။ ဘုရားသခင့်​လူမျိုးတော်​အား အကျင့်​ယိုယွင်း​စေ​လို​၏၊ သို့ဖြင့် ဘုရားသခင့်​မျက်နှာသာတော် မရ​ထိုက်​သူများ​ဖြစ်သွား​စေ​လို​သည်။ (ယောဘ ၂:၁-၇; ၁ ယောဟန် ၅:၁၉) ကလေး​သူငယ်​များသည် ဖမ်း​ရလွယ်​ကူ​သော​သားကောင်​များ​ဖြစ်​ကြသည်။ စာတန်​၏​ထောင်ချောက်များ​ကို လွှဲရှောင်​ဖို့ သားသမီးတို့​သည် ယေဟောဝါ​ကို​သိ​ပြီး ကိုယ်တော်​အား နာခံ​ရ​ကြ​မည်။ ကျမ်းစာ​အသိပညာ မ​ရှိ၍​မဖြစ်​ပါ။ ယေရှု​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ တစ်ဆူတည်း​သော​ဘုရားသခင်​မှန်​ဖြစ်သော ကိုယ်တော်​နှင့် စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​နှင့်​ဆိုင်သော​အသိပညာကို သူတို့​ဆည်းပူး​ယူခြင်း​တည်း။” (ယောဟန် ၁၇:၃က​ဘ) ထို့​ပြင် လူငယ်တို့​သည် သင်ယူခဲ့ရာ​ကို နားလည်​ပြီး လက်တွေ့​အသုံးချ​နိုင်စွမ်း​တည်း​ဟူသော ဉာဏ်ပညာ​ရှိဖို့လည်း​လို​သည်။ “ပညာ​သည် . . . ပညာရှင်​အား အသက်ရှင်​စေ” သောကြောင့် အသင်​မိဘများ​အနေ​နှင့် အမှန်တရားကို သားသမီး​များ​၏​စိတ်နှလုံး​ထဲ တဖြည်းဖြည်း​စိမ့်ဝင်​စေဖို့​လို​သည်။ (ဒေ. ၇:၁၂သမ္မာ) ယင်းကို သင်​မည်သို့​ပြု​မည်​နည်း။

၅။ (က) ဉာဏ်ပညာ​ကို မည်သို့​ဝေမျှပေး​နိုင်​သနည်း။ (ခ) ဉာဏ်ပညာ​၏​တန်ဖိုး​ကို နယပုံပြင်​ကျမ်း​က မည်သို့​ရေးသား​ဖော်ပြ​သနည်း။

သင်၏​သားသမီး​များ​ကို ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ ဖတ်ပြ​နိုင်​သည်​မ​က ဖတ်ပြ​သင့်​သည်။ သို့သော် ယေဟောဝါ​ကို​ချစ်​မြတ်နိုး​ပြီး နာခံမှု​ပြ​နိုင်​ကြ​ရန် သူတို့ကို​ကူညီပေး​ရာ​တွင် ကျမ်းစာ​ဖတ်ပြ​ရုံ​မျှ​မ​က ယင်းကို သူတို့ နားလည်​သဘောပေါက်​ဖို့ လို​သည်။ ဥပမာ​ပေး​ရ​လျှင် ဘယ်​ညာ​မကြည့်​ဘဲ လမ်းမ​ကူး​ဖို့ ကလေး​ကို​မှာကြား​မည်။ သို့​တိုင် ကလေး​အချို့ စကား​နားမထောင်​ကြ​ပါ။ အဘယ်ကြောင့်​နည်း။ ကား​တိုက်ခံ​ရခြင်း​အကျိုးဆက်များ​ကို ထပ်ခါတလဲ ကောင်းကောင်း​မရှင်းပြ​ထားသော​ကြောင့်၊ သို့​မဟုတ် ကားတိုက်မှု​ဖြစ်စေ​နိုင်​သည့် “မိုက်ရူး​ရဲ​ပြုမူမှု” ကို​ရှောင်ရန် အန္တရာယ်ကို ကောင်းစွာ​နားလည်စေ​သည့်​နည်းဖြင့် မရှင်းပြ​ထားသော​ကြောင့် ဖြစ်​မည်။ ဉာဏ်ပညာ​ပေး​ရန် အချိန်​နှင့် စိတ်ရှည်မှု​လို​သည်။ သို့သော် ဉာဏ်ပညာ​သည် အလွန်​အဖိုးထိုက်​ပေ​သည်! “ပညာ​လမ်း​တို့သည် သာယာသော​လမ်း၊ ပညာ​လမ်းခရီး​ရှိသမျှ​တို့သည် ငြိမ်​ဝပ်​လျက်​ရှိကြ​၏။ ပညာ​ကို​ကိုင်ဆွဲ​သော​သူသည် အသက်​ပင်ကို​ရပြီ။ လက်မလွှတ်​သော​သူသည် မင်္ဂလာ​ရှိ၏” ဟု​သမ္မာကျမ်းစာ​က​ဆို​၏။—သု. ၃:၁၃-၁၈; ၂၂:၁၅

ဉာဏ်ပညာ​ဝေမျှပေး​သော သွန်သင်မှု

၆။ (က) သားသမီး​များ ပညာ​မဲ့​စွာ​ပြုမူ​လေ့​ရှိ​ခြင်း​သည် အဘယ်ကြောင့်​နည်း။ (ခ) အဘယ်​တိုက်ပွဲ ဆင်နွှဲ​နေသနည်း။

များသောအားဖြင့် လူငယ်များ မတော်တရော်​ပြု​လေ့​ရှိကြ​ခြင်း​မှာ သူတို့ကို မှန်ကန်​ရာ​သွန်သင်​မထား​၍​မဟုတ်ဘဲ သွန်သင်ချက်​သည် သူတို့၏​အတွင်းလူ​ဖြစ်သော နှလုံး​ထဲ မ​ရောက်​သည့်​အတွက်​ဖြစ်သည်။ လူငယ်တို့​၏​နှလုံးကို​လွှမ်းမိုး​ရန် စာတန်​တိုက်ပွဲဝင်​နေပါ​သည်။ သူ၏​အကြံအစည်​မှာ လူငယ်များ သူ့​လောက​၏​သြဇာ လွှမ်းမိုးမှု​အောက် ရောက်​စေရန်​ဖြစ်သည်။ ထို့​ပြင် သူတို့၏​မွေးရာပါ အပြစ်ပြု​လို​စိတ်​ကို ကြိုးစား​အခွင့်ကောင်း​ယူ​ရန်ဖြစ်​သည်။ (ကမ္ဘာဦး ၈:၂၁; ဆာလံ ၅၁:၅) ရင်သွေး​များ​၏​နှလုံးကို လွှမ်းမိုး​ရန် စာတန် အမှန်တကယ်​စစ်ဆင်​နေကြောင်း မိဘများ​အသိအမှတ်ပြု​ရမည်။

၇။ ကလေး​တစ်ဦး​ကို အမှား၊ အမှန်ပြော​ပြ​ရုံ​ဖြင့် အဘယ်ကြောင့် မလုံလောက်​သနည်း။

မိဘတို့​သည် အဘယ်အရာ​မှား​ကြောင်း၊ မှန်​ကြောင်း ကလေး​တစ်ဦး​ကို ပြောပြ​လေ့​ရှိ၏၊ ဤနည်းဖြင့် ကျင့်ဝတ်​မူ​တစ်ခု​ကို သူတို့​သင်ပေး​ပြီ​ဟု ယူမှတ်​ကြ​၏။ လိမ်​ခြင်း၊ ခိုးခြင်း၊ အိမ်ထောင်ဖက်​မဟုတ်​သူနှင့် လိင်ဆက်ဆံခြင်း​တို့သည် မှား​၏​ဟု ကလေး​ကို သူတို့​ပြောပြ​ပေမည်။ သို့သော် မိဘများ ပြောပြ​ထား​၍​သာ​မဟုတ်၊ ထို​ထက်​ပြင်းပြ​သော စေ့ဆော်မှု​တစ်ခု​ကြောင့် ကလေး နာခံ​ဖို့​လို​သည်။ ယင်း​တို့သည် ယေဟောဝါ​၏​ပညတ်​များ​ဖြစ်သည်။ ပညာရှိ​လမ်းစဉ်​မှာ ဘုရားသခင့်​ပညတ်တော်​များ​ကို နာခံခြင်း​ဖြစ်​ကြောင်း ကလေး​သိထားသင့်​သည်။—သု. ၆:၁၆-၁၉; ဟေဗြဲ ၁၃:၄

၈။ အဘယ်​သွန်သင်မှု​မျိုး​က ကလေး​ကို ပညာရှိ​စွာ​ပြုမူ​စေနိုင်​သနည်း။

စကြဝဠာကြီး​၏​ရှုပ်ထွေးမှု၊ မျိုး​ပေါင်း​စုံ​သော​သက်ရှိ​များ၊ ရာသီဥတု​အပြောင်းအလဲ အစ​ရှိသည်​တို့​က အတိုင်းအဆမဲ့ ဉာဏ်ပညာ​ရှိသော ဖန်ဆင်း​ရှင်​တစ်ပါး​ရှိကြောင်း ကလေးငယ်​ကို သိ​နားလည်စေ​နိုင်​သည်။ (ရောမ ၁:၂၀; ဟေဗြဲ ၃:၄) ထို့​ပြင် ဘုရားသခင်​သည် သူ့ကို ချစ်​မြတ်နိုး​ကြောင်း၊ သူ​ထာဝရ​အသက်​ရစေဖို့ သားတော်​အား စွန့်လွှတ်​ခြင်း​အစီအစဉ်ကို ပြုလုပ်​ပေး​ခဲ့​ကြောင်း​နှင့် ဘုရားသခင့်​စကား​နားထောင်ခြင်း​ဖြင့် ကိုယ်တော်​အား ပျော်ရွှင်​စေနိုင်​ကြောင်း သွန်သင်ပေး​သင့်​သည်။ သို့ပြုလျှင် ကလေး​သည် စာတန်​တားဆီး​သည့်​ကြား​မှ​ပင် ယေဟောဝါ​ကို​ဝတ်ပြု​ကိုးကွယ်​ရန် ဆုံးဖြတ်ချက်​ချ​လာပေမည်။—သု. ၂၂:၆; ၂၇:၁၁; ယောဟန် ၃:၁၆

၉။ (က) အသက်ကယ်​သော​သွန်သင်ခြင်း​ပေး​ရန် အဘယ်အရာ​လို​သနည်း။ (ခ) ဖခင်​များ​ကို အဘယ်အရာ​ပြုလုပ်​ရန် ညွှန်ကြား​ထား​သနည်း၊ ထို​တွင် အဘယ်အရာ​ပါဝင်​သနည်း။

ကလေး​တစ်ဦး​ကို အကာအကွယ်​ပေး​ပြီး မှန်ရာကို​ပြုလုပ်​စေသော သွန်သင်မှု​မျိုး​ပေး​ရန် အချိန်၊ အာရုံစိုက်မှု​နှင့် ကြိုတင်​စီစဉ်​မှု​တို့ ရှိဖို့လို​သည်။ ဘုရားသခင့်​လမ်းညွှန်မှုကို မိဘများ လက်ခံဖို့​လို​သည်။ သမ္မာကျမ်းစာ​က ဤသို့​ဆို​၏– “အဘ​တို့ . . . ယေဟောဝါ​၏ ပဲ့ပြင်​ဆုံးမခြင်း​နှင့် စိတ်သဘော​တော်​နှင့်​အညီ [သင်၏​သားသမီး] တို့ကို ဆက်၍​ပြုစု​ပျိုးထောင်​ပေး​ကြလော့။” (ဧဖက် ၆:၄က​ဘ) ယင်းက အဘယ်အရာကို​ဆိုလို​သနည်း။ “စိတ်သဘော​တော်​နှင့်​အညီ” ဟု​ပြန်ဆို​သည့် မူရင်း​ဂရိ​စကားလုံး​သည် “စိတ်​သွင်း​ပေးခြင်း” ဟု​အဓိပ္ပာယ်​သက်ရောက်​သည်။ တစ်နည်း​အားဖြင့်​ဆိုလျှင် ဖခင်​များသည် ယေဟောဝါ​၏​စိတ်တော်​ကို သားသမီး​များ​စိတ်ထဲ သွင်း​ပေး​ကြ​ရမည်​ဖြစ်၏။ သို့​ပြုခြင်း​က လူငယ်များ​အတွက် တကယ့်​အကာအကွယ်​ဖြစ်ပါ​လိမ့်​မည်! သားသမီး​များ​၏​စိတ်ထဲ​တွင် ဘုရားသခင့်​အကြံ၊ ကိုယ်တော့်​စဉ်းစား​တွေးခေါ်ပုံ​တို့ကို စွဲ​နေ​အောင်​သွင်း​ပေး​ထား​လျှင် အမှား​ပြုခြင်း​မှ အကာအကွယ်​ရ​ကြလိမ့်မည်။

မေတ္တာ​စေ့ဆော်​ပေး​သော​ဆန္ဒ

၁၀။ သင့်​ကလေး​ကို ထိရောက်​စွာ​သွန်သင်ပေး​ရန် အဘယ်အရာကို သင်​သိထားဖို့ အရေးကြီး​သနည်း။

၁၀ သင့်​ကလေး​ကို ကောင်းကောင်းမွန်မွန် ပြုစု​ပျိုးထောင်​ပေး​လို​သော သင်၏​ဆန္ဒပြည့်​စေဖို့ သင်၏​ကြိုးစား​အားထုတ်မှု​များသည် မေတ္တာ​၏​စေ့ဆော်မှု​အတိုင်း​ဖြစ်​ဖို့​လို​သည်။ ယင်း​နှင့်​ပတ်သက်​၍ ကောင်းမွန်သော​ပြောဆို​ဆက်သွယ်မှု​ရှိဖို့ အရေးကြီး​၏။ သင့်​ကလေး​၏​အတွေ့အကြုံ​များ၊ သူ၏​သဘောထားများကို သိဖို့​ကြိုးစား​ပါ။ နား​နား​နေ​နေ​ရှိချိန်​မျိုး​တွင် အလိမ္မာသုံး​ပြီး သင့်​ကလေး​အား ရင်ဖွင့်​စကားပြော​ဆို​စေပါ။ တစ်ခါတစ်ရံ သူ့​စကား​ကြောင့် သင်​ထိတ်လန့်​သွား​နိုင်​သည်။ သို့သော် စိတ်​ထိန်းထား​ဖို့ အထူး​သတိပြုပါ။ စာနာစိတ်​ပြ​၍ ဂရုစိုက်​နားထောင်ပေး​ပါ။

၁၁။ မိဘ​ဖြစ်သူ​သည် ဘုရားသခင့်​စိတ်တော်​ကို ကလေး​စိတ်ထဲ မည်သို့​သွင်း​ပေး​နိုင်​သနည်း။

၁၁ လိင်​အကျင့်​ယိုယွင်းခြင်း​ကို တားမြစ်​ထားသော ဘုရားသခင့်​ပညတ်​များ​အကြောင်း သင့်​ကလေး​အား သမ္မာကျမ်းစာ​မှ အကြိမ်ကြိမ်​ပင် သင်​ဖတ်ပြ​ဖူး​မည်။ (၁ ကောရိန္သု ၆:၁၈; ဧဖက် ၅:၅) သို့ဖြင့် ယေဟောဝါ​နှစ်သက်ရာ​နှင့် မနှစ်သက်​ရာ​တို့ကို သင့်​ကလေး​သိထား​ပေမည်။ သို့သော် ဘုရားသခင်​၏​စိတ်တော်​ကို ကလေး​စိတ်ထဲ ထည့်သွင်း​ပေး​ရန် ထို​ထက်မက​ပြုလုပ်​ရန်လို​သည်။ ကလေး​များသည် ယေဟောဝါ​၏​ပညတ်တော်​များ​၏ အရေးပါမှု​ကို ဆင်ခြင်​သုံးသပ်​တတ်​ရန် အကူအညီ​လို​သည်။ ကိုယ်တော်​၏​ပညတ်တော်​များသည် ဖြောင့်မတ်​မှန်ကန်​၍ ကောင်းကျိုး​ပြု​ကြောင်း၊ ၎င်းတို့ကို နာခံခြင်း​သည် လုပ်သင့်လုပ်ထိုက်​ပြီး နှစ်ခြိုက်​စ​ရာ​လည်း​ဖြစ်​ကြောင်း သူတို့​လက်ခံ​ယုံကြည်ဖို့​လို​သည်။ ဘုရားသခင့်​ရှုမြင်ပုံကို ကလေး​များ​လက်ခံ​လာစေဖို့ သမ္မာကျမ်းစာ​အကူအညီ​ဖြင့် သူတို့နှင့်​အတူ ကျိုးကြောင်း​ဆင်ခြင်​မှ​သာ​လျှင် သူတို့​စိတ်ထဲ ကိုယ်တော့်​စိတ်တော်​ကို​သွင်း​ပေး​ထားပြီ​ဟု ဆိုနိုင်​ပါ​မည်။

၁၂။ လိင်ဆက်ဆံခြင်း​ကိစ္စ​ကို ကလေး​ဖြစ်သူ အမြင်မှန်​ရှိစေဖို့ မိဘ​တစ်ဦး မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၂ လိင်​အကြောင်း​ပြောဆို​ဆွေးနွေး​သည့်​အခါ သင်​ဤသို့​မေး​နိုင်​သည်– “အိမ်ထောင်​မပြု​ခင် လိင်​မဆက်ဆံ​ဖို့ ယေဟောဝါ​ရဲ့​ပညတ်​ကို နားထောင်တဲ့​အတွက် လူတစ်ယောက်မှာ ပျော်ရွှင်မှု​နည်း​သွားမယ်​ထင်​သလား။” သူ​အဘယ်ကြောင့် ထိုသို့​ဖြေ​ရ​ကြောင်း ရှင်းပြ​စေပါ။ ကလေး​တစ်ဦး​မွေးဖွား​လာဖို့ အံ့ဖွယ်​နည်းဖြင့် ဘုရားသခင်​ပြင်ဆင်​ပေး​ထားခြင်း​ကို သုံးသပ်​ပြီး​နောက် သင်​ဤသို့​မေးကြည့်​နိုင်​သည်– “တို့​ရဲ့​မေတ္တာရှင်​ဘုရားသခင်​ဟာ တို့​ဘဝမှာ မပျော်​နိုင်အောင် ဥပဒေ​တွေ ထုတ်​လိမ့်မယ်လို့ ထင်​သလား။ ဒါမှ​မဟုတ် ဘုရားသခင်​ရဲ့​ပညတ်​တွေ​ဟာ တို့တွေ​ပျော်​စေဖို့၊ တို့တွေ​ကို ကာကွယ်​ပေးဖို့​ဖြစ်တယ်​လို့ ထင်​သလား။” (ဆာလံ ၁၁၉:၁၊ ၂; ဟေရှာယ ၄၈:၁၇) ထို​ကိစ္စ​နှင့်​ပတ်သက်​၍ သင့်​ကလေး​၏​အတွေး​ကို​သိရှိ​ရန် မေးမြန်း​ကြည့်​ပါ။ ထို့နောက် လိင်​အကျင့်​ယိုယွင်းခြင်း​ကြောင့် နှလုံး​ပူဆွေး​ရပြီး ပြဿနာ​များ​ဖြစ်​ခဲ့​သည့် သာဓက​များ​ကို အာရုံစိုက်စေပါ။ (၂ ဓမ္မ​ရာဇဝင် ၁၃:၁-၃၃) ဘုရားသခင့်​ရှုမြင်ပုံကို ကလေး​နားလည်​ပြီး လက်ခံ​လာစေဖို့ သူနှင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း​အားဖြင့် ဘုရားသခင့်​စိတ်တော်​ကို သူ့​စိတ်ထဲ အတော်အတန် ထည့်သွင်း​ပေး​နိုင်ပြီ​ဖြစ်​မည်။ သို့သော် သင်​ပြုလုပ်​နိုင်ရာ ရှိပါ​သေး​သည်။

၁၃။ အဘယ်အရာကို နားလည်​ထားခြင်း​က ယေဟောဝါ​စကား နားထောင်​ရန် ကလေး​ကို အထူး​စေ့ဆော်​ပေး​နိုင်​သနည်း။

၁၃ ယေဟောဝါ​စကား နားမထောင်ခြင်း​၏​အကျိုးဆက်များ​ကို သွန်သင်​ပြသ​ရုံ​မ​က ကျွန်ုပ်​တို့​ပြုမူ​နေထိုင်ပုံ​အားဖြင့် ယေဟောဝါ​အပေါ် မည်သို့​အကျိုး​သက်ရောက်​ကြောင်းကို​လည်း သင့်​ကလေး​အား ပညာရှိ​စွာ ရှင်းပြပါ​မည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အလိုတော် မ​ဆောင်ရွက်​သည့်​အခါ ကိုယ်တော့်​စိတ်တော်​ကို နာ​စေနိုင်​ကြောင်း သမ္မာကျမ်းစာ​မှ ဖော်ပြ​ပါ။ (ဆာလံ ၇၈:၄၁) ထို့နောက် သင်က “ယေဟောဝါ​စိတ်တော် မထိခိုက်​စေ​ချင်​တာ ဘာကြောင့်လဲ” ဟု​မေး​ပြီး “တို့​တစ်​တွေ ယေဟောဝါ​ကို​ဝတ်ပြု​ကြ​တာ​ဟာ ကိုယ်တော့်​ကို ချစ်​လို့​မဟုတ်ဘဲ ကိုယ်ကျိုး​အတွက်​ကြောင့်​လို့ ဘုရားသခင့်​ရန်သူ စာတန်​က​ပြော​တယ်” ဟု​ရှင်းပြပါ။ ၎င်းနောက် ယောဘသည် သမာဓိ​စောင့်သိ​ခြင်း​အားဖြင့် ဘုရားသခင့်​စိတ်တော်​ကို ရွှင်ပြုံး​စေ​ခဲ့​ကြောင်း၊ သို့ဖြင့် စာတန်​၏​မုသာ​စွဲ​ဆို​ချက်​ကို ချေပ​ပေး​ခဲ့​ကြောင်း ရှင်းပြပါ။ (ယောဘ ၁:၉-၁၁; ၂၇:၅) သင့်​ကလေး​သည် သူ၏​အပြုအမူအားဖြင့် ယေဟောဝါ​ကို ဝမ်းနည်း​စေနိုင်​သကဲ့သို့ ပျော်ရွှင်​စေနိုင်​ကြောင်း သိ​နားလည်​ဖို့​လို​သည်။ (သု. ၂၇:၁၁) ဤ​အချက်​နှင့် အခြား​အရေးပါသော သင်ခန်းစာများ​စွာ​ကို ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့ *စာအုပ်​ကို​အသုံးပြုခြင်း​ဖြင့် သင်၏​ရင်သွေး​များ​ကို သွန်သင်ပေး​နိုင်​ပါ​သည်။

အားရ​ကျေနပ်ဖွယ် ရလဒ်များ

၁၄၊ ၁၅။ (က) ဆရာ​စာအုပ်​မှ အဘယ်​အခန်း​များ​က ကလေး​တို့၏​စိတ်​ကို လှုံ့ဆော်ပေး​ခဲ့ပြီ​နည်း။ (ခ) ဤ​စာအုပ်​ကို​အသုံးပြုခြင်း​ဖြင့် အဘယ်​ရလဒ်ကောင်း​များ ရခဲ့​ပြီ​နည်း။ (စာမျက်နှာ ၁၈-၁၉ မှ လေးထောင့်ကွက်​ကိုလည်း​ရှု။)

၁၄ ဆရာ​စာအုပ်​ကို ခု​နစ်​နှစ်​သား မြေး​ငယ်​နှင့်အတူ​ဖတ်ရှု​သော ခရိုအေးရှား​နိုင်ငံ​မှ အဘိုးအို​တစ်ဦး​က မြေး​ဖြစ်သူ ဤသို့​ပြောဆို​ကြောင်း ရေးပို့​ပါ​သည်– “မေမေ​က ကျွန်တော့်​ကို အလုပ်​တစ်ခု​လုပ်​ခိုင်းတယ်၊ ကျွန်တော် မလုပ်ချင်ဘူး။ ဒါနဲ့ ‘နာခံမှု​က အကာအကွယ်​ပေး​တယ်’ ဆို​တဲ့ အခန်း​ကို ကျွန်တော်​ပြန်သတိရ​တာ​နဲ့ မေ​မေ့​ဆီ​ပြန်သွား​ပြီး စကား​နားထောင်ပါ​မယ်​လို့​ပြော​လိုက်တယ်။” “ဘာကြောင့် လိမ်​မပြော​သင့်တဲ့​အကြောင်း” ဟူသော​အခန်း​နှင့်​ပတ်သက်​၍ ယူ.အက်စ်.အေ. ဖလော်ရီဒါ​ပြည်နယ်​မှ မောင်နှံစုံ​တစ်စုံ​က ဤသို့​ဆို​၏– “အဲဒီ​သင်ခန်းစာ​မှာ ကလေး​တွေ​ကို ရင်ဖွင့်​ပြော​စေ​တဲ့​မေးခွန်းတွေ မေး​ထားပြီး ဒီလိုသာ​မ​မေး​ရင် ဝန်ခံ​မှာ​မဟုတ်တဲ့ သူတို့ရဲ့​အမှားတွေ​ကိုလည်း ဝန်ခံ​စေတယ်။”

၁၅ ဆရာ​စာအုပ်​တွင် ရုပ်ပုံ​ပေါင်း ၂၃၀ ကျော်​ပါရှိ​ပြီး ရုပ်ပုံ​တစ်​ပုံ​စီ သို့​မဟုတ် ရုပ်ပုံ​တစ်စု​ချင်း​စီ​အတွက် ပုံစာ သို့​မဟုတ် ရှင်းလင်းချက်​ပါရှိ​သည်။ ကျေးဇူး​တင်​စွာ​ဖြင့် မိခင်​တစ်ဦး ဤသို့​ဖော်ပြ​သည်– “ကျွန်မ​ရဲ့​သားလေး​ဟာ ရုပ်ပုံ​တစ်​ပုံ​ကို​စိုက်ကြည့်​ပြီ​ဆိုရင် စာမျက်နှာ လှန်​တာ​ကို မကြိုက်ဘူး။ ရုပ်ပုံတွေ​ဟာ ဆွဲဆောင်မှု​ရှိ​ရုံ​မ​က​ဘူး သင်ခန်းစာ​လည်း​ပေး​တယ်၊ အနည်းဆုံး​တော့ ကလေး​တွေ​ကို မေးခွန်းတွေ​မေး​လာ​စေပါ​တယ်။ အမှောင်​ခန်း​ထဲမှာ ရုပ်မြင်သံကြား​ကြည့်​နေတဲ့ ကလေး​တစ်ယောက်​ရဲ့​ပုံ​နဲ့​ပတ်သက်ပြီး ကျွန်မ​ရဲ့​သားက ‘မေမေ၊ အဲဒီ​ကောင်လေး ဘာလုပ်​နေတာလဲ’ လို့​မေးတဲ့အခါ သူ့​လေသံ​က တစ်ခုခု​မှား​နေမှန်း သူသိ​သလိုပဲ။” ပုံစာ​က “တို့​လုပ်သမျှကို ဘယ်သူ မြင်နိုင်​သလဲ” ဟု​ဆို​သည်။

ယနေ့ အရေးပါသော​ပညာရေး

၁၆။ ယနေ့ အဘယ်​အကြောင်းကို သားသမီး​များ​အား သွန်သင်​ပေးဖို့​အရေးကြီး​သနည်း၊ အဘယ်ကြောင့်​နည်း။

၁၆ ကလေး​သူငယ်​များသည် သူတို့၏​လိင်​အင်္ဂါများ​နှင့်​ပတ်သက်​၍ သင့်လျော်​သော၊ မသင့်​တော်​သော​အကျင့်​တို့ကို သိထားဖို့​လို​သည်။ သို့သော် ထို​အကြောင်း​ပြောဆို​ဆွေးနွေး​ရန် မလွယ်ကူ​လှ​ပေ။ သတင်းစာ​ပင်တိုင်​ဆောင်းပါး​ရှင်​တစ်ဦး​က လိင်​အင်္ဂါများ​ကို​ရည်ညွှန်း​သည့် စကားလုံး​များ​အသုံးပြုခြင်း​သည် ရိုင်း​ပျ​သည်​ဟု ယူမှတ်​သော​ခေတ်​ကာလ​အတွင်း မိမိ​ကြီးပြင်း​လာ​ကြောင်း ပြောပြ​ခဲ့​သည်။ ထို့​ကြောင့် သူ၏​သားသမီး​များ​ကို ယင်း​အကြောင်း သွန်သင်​ပေးခြင်း​နှင့်​ပတ်သက်​၍ သူက “ကျွန်မ​စိတ်​ကသိကအောက်​ဖြစ်တတ်​တာ​ကို ချိုးနှိမ်​ရမယ်” ဟု​ရေးသားခဲ့​သည်။ အမှန်​မှာ၊ စိတ်​ကသိကအောက်​ဖြစ်​ခြင်း​ကြောင့် မိဘများသည် လိင်​အကြောင်း ပြောဆို​ဆွေးနွေးခြင်း​ကို ရှောင်ရှား​လျှင် ကလေး​တစ်ဦး​အတွက် အကာအကွယ်​ဖြစ်​မည်​မဟုတ်ပေ။ ဗလ​က္ကာ​ရ​လုပ်​သူတို့သည် ကလေး​၏​မသိ​နားမလည်​မှု​ကို အမြတ်​ထုတ်​တတ်ကြ​သည်။ ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​က ထို​အကြောင်းကို သိက္ခာ​ရှိ​ရှိ၊ သင့်တင့်​လျောက်ပတ်​စွာ ဆွေးနွေး​ဖော်ပြ​ထား​သည်။ သားသမီး​များ​ကို လိင်​အကြောင်း ကြိုတင်​အသိပေး​ထားခြင်း​သည် သူတို့၏​ပကတိ​ရိုးသားမှု​ကို ပပျောက်​သွား​စေမည်​မဟုတ်၊ အသိ​မပေး​ထားခြင်း​က​သာ သူတို့၏​ရိုးသား​ဖြူစင်မှု​ကို ဆုံးရှုံး​စေနိုင်​သည်။

၁၇။ သားသမီး​များ​အား လိင်​အကြောင်း​သွန်သင်ပေး​ရန် ဆရာ​စာအုပ်​က မိဘများ​ကို မည်သို့​အထောက်အကူ​ပြု​သနည်း။

၁၇ မြေကြီးပေါ်​ဆင်းလာ​ပြီး သားသမီး​များ​ရခဲ့​ကြ​သည့် ဆိုးညစ်သော​ကောင်းကင်တမန်​များ​အကြောင်း အခန်း ၁၀ တွင် ဆွေးနွေး​သည့်​အခါ “လိင်ဆက်ဆံတာ​နဲ့​ပတ်သက်ပြီး ကလေး​တို့ ဘာသိ​ထား​ကြသလဲ” ဟု​မေး​ထား​သည်။ ထို​စာအုပ်​က ရိုးရိုးရှင်းရှင်း၊ သိက္ခာ​ရှိ​ရှိ အဖြေပေး​ထား​သည်။ ထို့နောက် လိင်​နှင့်​ပတ်သက်​၍ မတော်မတရား​ပြုသူ​တို့​ရန်​မှ ကလေး​များ​ကို မည်သို့​ကာကွယ်​ပေး​နိုင်​ကြောင်း အခန်း​၃၂က​ရှင်းပြသည်။ ထိုသို့​သွန်သင်ပေး​ရန် အရေးကြီးကြောင်း စာ​မြောက်မြားစွာ​က ဖော်ပြ​သည်။ စာ​တစ်စောင်​က ဤသို့​ဆို​သည်– “ပြီး​ခဲ့​တဲ့​အပတ်​က ကျွန်မ​သားလေး​ဂျေဗင် ကလေး​အထူးကု​ဆရာဝန်​ဆီ​သွားတော့ လိင်​အင်္ဂါ​တွေ​ကို လျော်​ကန်​စွာ​အသုံးပြု​ဖို့​အကြောင်းကို ကလေး​နဲ့​ကျွန်မ​တို့​ဆွေးနွေး​ထား​သလား​လို့​မေးတယ်။ ကျွန်မ​တို့​ရဲ့ စာအုပ်​အသစ်​ကို​အသုံးပြုပြီး ဆွေးနွေး​ခဲ့​တဲ့​အကြောင်း​သူသိ​တော့ အတော်လေး​သဘောကျ​သွားတယ်။”

၁၈။ အထိမ်းအမှတ်​များ​ကို ဂါရဝပြု​ခြင်း​အကြောင်း ဆရာ​စာအုပ်​က မည်သို့​ဆွေးနွေး​တင်ပြ​ထား​သနည်း။

၁၈ နောက်​အခန်း​တစ်ခု​မှာ ဗာဗုလုန်​နိုင်ငံ​ကို​ကိုယ်စား​ပြုသော ရုပ်တု​တစ်ခု​ကို ဦး​ညွတ်​ရန်​ငြင်းဆို​ခဲ့​သော ကျမ်းစာ​ထဲ​မှ ရှာဒရက်၊ မေရှက်​နှင့် အဗေဒနေဂေါ​အမည်​ရှိ ဟေဗြဲ​လူငယ်​သုံးဦး​အကြောင်း​ဖြစ်သည်။ (ဒံယေလ ၃:၁-၃၀) ဆရာ​စာအုပ်​က​ဖော်ပြ​သည့်​အတိုင်း ဝတ်ပြုခြင်း​နှင့် အလေးပြုခြင်း​တို့ ဆက်စပ်​နေကြောင်း အချို့​သတိပြုမိ​ချင်​မှ ပြု​မိ​ကြ​မည်။ သို့သော် ယူ.အက်စ်. က​က်သို​လစ်​မဂ္ဂဇင်းက လူတွေ့မေးမြန်း​ရာ​၌ စာရေး​ဆရာ အက်​ဒွက် ဂတ်​ဖ်​နီ​၏​အဆိုကို သတိပြုပါ။ သူ၏​သမီး​ဖြစ်သူ ကျောင်း​စတက်​သည့်​နေ့တွင် “ကျောင်း​၌ ဆုတောင်းချက်​အသစ်” တစ်ခု​သင်ယူ​ခဲ့​ရ​ကြောင်း သူ့ကို​ပြောပြ​သောအခါ ယင်းကို ပြန်ဆို​ပြ​ခိုင်း​သည်။ “သူ့ရဲ့​လက်ကို ရင်ဘတ်​ပေါ်​တင်ပြီး ဂုဏ်ယူ​ဝင့်ကြွား​စွာ​နဲ့ ‘. . . သစ္စာစောင့်သိ​ပါ​သည်’ လို့​စ​ရွတ်ဆို​ပြ​တယ်” ဟူ၍ ဂတ်​ဖ်​နီ​ပြောပြ​သည်။ “အဲဒီအချိန်မှာ ကျွန်တော်​ချက်ချင်း သဘောပေါက်​သွားတယ်။ ယေဟောဝါသက်သေ​တွေ​ပြော​တာ မှန်​လိုက်တာ။ ကလေး​တွေ ငယ်ငယ်​လေး​ကတည်းက ကျောင်း​မှာ ပုံသွင်း​ခံ​နေကြ​ရတာ​ကိုး၊ အမျိုးသားရေး​ဘာသာဝါဒ​ပုံစံ​တစ်ခု​ဖြစ်​တဲ့ မတွန့်မဆုတ် ထူး​ထူးကဲ​ကဲ သစ္စာ​စောင့်သိ​ဖို့ ပုံသွင်း​ခံ​နေကြ​ရတယ်” ဟု​သူ​ဆက်​ပြော​သည်။

ကြိုးစား​အားထုတ်​ရကျိုးနပ်

၁၉။ သားသမီး​များ​ကို​သွန်သင်ပေး​သည့်​အတွက် အဘယ်​အကျိုးကျေးဇူးများ ရရှိနိုင်​မည်​နည်း။

၁၉ သင်၏​သားသမီး​များ​ကို သွန်သင်​ပေးခြင်း​သည် အမှန်တကယ်​ကြိုးစား​ရကျိုးနပ်​ပါ​သည်။ အမေရိကန်​ပြည်ထောင်စု၊ ကဲ​န်း​ဆပ်​စ်​ပြည်နယ်​ရှိ မိခင်​တစ်ဦး​သည် သား​ဖြစ်သူ​ထံ​မှ စာ​တစ်စောင်​ရသောအခါ မျက်ရည်ကျခဲ့​ရသည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “စိတ်ပိုင်း​အရ ထိခိုက်​ပျက်စီးခြင်း​မရှိ၊ တည်တည်ငြိမ်ငြိမ်​ရှိအောင် ပြုစု​ပျိုးထောင်​ခံ​ခွင့် ရခဲ့​တာ​ကို ကျွန်တော်​ကျေးဇူး​တင်​လို့​မဆုံး​ဘူး။ မေမေ​နဲ့ ဖေဖေ​တို့​ဟာ တကယ်​ချီးမွမ်း​ခံထိုက်​ပါ​တယ်။” (သု. ၃၁:၂၈) မိဘများ​စွာ​တို့သည် ဤ​အဖိုးတန်​အမွေဥစ္စာ​ကို ကာကွယ်​စောင့်ရှောက်​ပေး​နိုင်​ရန် ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​စာအုပ်​ဖြင့် သားသမီး​များ​ကို သွန်သင်ပေး​နိုင်​ကြ​ပါ​သည်။

၂၀။ အဘယ်အရာကို မိဘများ အစဉ်​သတိရ​သင့်​သနည်း၊ ယင်းက သူတို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​သင့်​သနည်း။

၂၀ ကျွန်ုပ်​တို့​ပေး​နိုင်​သမျှ​အချိန်၊ ဂရုစိုက်​မှု​နှင့် ကြိုးပမ်း​အားထုတ်မှု​တို့ကို သားသမီး​များ ရထိုက်​ကြ​ပါ​သည်။ သူတို့သည် အချိန်တို​လေး​သာ ငယ်ရွယ်​ကြ​၏။ အခွင့်အရေး​ရ​တိုင်း သူတို့နှင့်​အတူ​နေ၍ ကူညီပေး​ကြ​ပါ​လေ။ ဘယ်​သောအခါ​မျှ သင်တို့ နောင်တ​ရ​ကြ​မည်​မဟုတ်ပါ။ သင့်ကို သူတို့​ချစ်​မြတ်နိုး​လာ​ကြ​ပါ​လိမ့်​မည်။ သားသမီး​များသည် ဘုရားသခင်​ပေး​သော​လက်ဆောင်​ဖြစ်​ကြောင်း အစဉ်​သတိရပါ။ အလွန်​အဖိုးထိုက်​သော အမွေဥစ္စာ​များ​ပင်! (ဆာလံ ၁၂၇:၃-၅) ထို့​ကြောင့် အမွေဥစ္စာ​ကဲ့သို့ သူတို့ကို ကြည့်ရှု​စောင့်ရှောက်​ပါ၊ အကြောင်း​မှာ သူတို့ကို​မွေးမြူ​ပုံ​နှင့်​ပတ်သက်​၍ ဘုရားသခင်​ထံ​၌ သင်​စာရင်း​ရှင်း​ရ​လိမ့်​မည်​ဖြစ်၍​တည်း။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည်။ အခန်း ၄၀၊ “ဘုရားသခင် ပျော်ရွှင်​အောင် ဘယ်လို​လုပ်နိုင်တဲ့​အကြောင်း” ကို​ရှု။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• မိဘတို့​သည် မိမိတို့​သားသမီး​များ​ကို ယနေ့ ကာကွယ်​စောင့်ရှောက်​ရန် အဘယ်ကြောင့် အထူး​လိုအပ်​နေသနည်း။

• အဘယ်​သွန်သင်မှု​မျိုး​က ဉာဏ်ပညာ​ပေး​သနည်း။

• ယနေ့ သင်၏​သားသမီး​များနှင့် အဘယ်​အကြောင်းကို ဆွေးနွေး​ရန် အရေးကြီး​သနည်း။

• သားသမီး​များ​ကို​သွန်သင်ပေး​ရာ​တွင် ဆရာ​စာအုပ်​က မိဘများ​ကို မည်သို့​ကူညီပေး​ခဲ့ပြီ​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၈၊ ၁၉ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

လူတိုင်း​အတွက် စာအုပ်​တစ်အုပ်

မိဘများ​ဖြစ်စေ၊ အခြား​အရွယ်ရောက်​သူများ​ဖြစ်စေ ယေရှု​ခရစ်​၏​သွန်သင်ချက်​များ​ကို ကလေး​သူငယ်​များနှင့် ဖတ်ရှု​ပြီး ဆွေးနွေး​နိုင်​စေဖို့ ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့ စာအုပ်​ကို ပြင်ဆင်​ထားခြင်း​ဖြစ်သည်။ သို့​တိုင် ထို​စာအုပ်​ကို မိမိတို့​ဘာသာ​ဖတ်ရှု​ခဲ့​ကြသော လူကြီး​များ​က သူတို့​သိရှိ​ခဲ့​ရာ​များ​အတွက် အလွန်​ကျေးဇူး​တင်​ကြောင်း ပြောပြ​ခဲ့​ကြသည်။

အမေရိကန်​ပြည်ထောင်စု၊ တ​က္က​ဆပ်​ပြည်နယ်​မှ အမျိုးသား​တစ်ဦး​က ဤသို့​ဆို​၏– “ကြီးမြတ်သော​ဆရာ​ထံ​မှ သင်ယူ​လော့​စာအုပ်​ဟာ ရိုးရှင်း​ပြီး​တော့ ထိမိတယ်၊ အသက်အရွယ်​မရွေး လူတိုင်းကို၊ ၇၆ နှစ်​ရှိပြီ​ဖြစ်​တဲ့ ကျွန်တော့်​ကို​တောင် တိုက်တွန်း​လှုံ့ဆော်ပေး​ပါ​တယ်။ ကျေးဇူး​အများကြီး​တင်​ပါ​တယ်၊ ယေဟောဝါ​ကို ငယ်ငယ်​လေး​ကတည်းက ဝတ်ပြု​ခဲ့​သူ​တစ်ဦးထံ​မှ။”

အင်္ဂလန်​နိုင်ငံ၊ လန်ဒန်​မြို့မှ​စာရှုသူ​တစ်ဦး​က ဤသို့​သတင်းပေး​ပို့​သည်– “လှပတဲ့​ရုပ်ပုံတွေ​က မိဘတွေ​ရော ကလေး​တွေ​ရဲ့​စိတ်အာရုံ​ကို​ပါ ဆွဲဆောင်​မှာ​သေချာတယ်။ မေးခွန်းတွေနဲ့ စာအုပ်​ကို​စီစဉ်​ဖွဲ့စည်းထား​ပုံ​က တကယ်​ပြောင်မြောက်​တယ်၊ ‘ယေရှု ကာကွယ်​ခံရ​ပုံ​အကြောင်း’ ဆို​တဲ့ အခန်း ၃၂ မှာ​လို ရှင်းပြ​ရ​ခက်​တဲ့​အကြောင်း​တွေ​ကို ကိုင်တွယ်​ထား​ပုံ​က တကယ်​တော်​တာ​ပဲ။” သူ​ဤသို့​နိဂုံး​ချုပ်​ခဲ့​သည်– “ဒီ​စာအုပ်​ကို ယေဟောဝါသက်သေ​တွေ​ရဲ့ ကလေး​တွေ​အတွက် အဓိက​ရည်စူး​ထုတ်ဝေ​တာ​ဖြစ်​ပေမဲ့ ကျွန်မ​အထင်​တော့ ဆရာ/ဆရာမ​တွေ​နဲ့ တခြား​သူတွေလည်း တစ်အုပ်​လောက်​လိုချင်​ကြ​မှာ သေချာတယ်။ လာမယ့်​လတွေ၊ နှစ်တွေ​တစ်လျှောက် အဲဒီ​စာအုပ်​ကို​အသုံးပြု​ဖို့ ကျွန်မ​စောင့်မျှော်​နေပါတယ်။”

အမေရိကန်​ပြည်ထောင်စု၊ မက်ဆာချူးဆက်​ပြည်နယ်​မှ အမျိုးသမီး​တစ်ဦး​က “ကောင်းစွာ​ကြိုတင်​စီစဉ်​ထားသော ရုပ်ပုံများ” အကြောင်း မှတ်ချက်ချ​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “ကလေး​တွေ​အတွက်​ထုတ်​တဲ့ စာအုပ်​ဖြစ်​ပေမဲ့ ဆွေးနွေး​ထား​တဲ့​အကြောင်းအရာတွေ​က ယေဟောဝါ​နဲ့ ကျွန်မ​တို့​ရဲ့ နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​အကြောင်း ပြန်​စဉ်းစား​ကြည့်​ဖို့ ကျွန်မ​တို့​လို အရွယ်ရောက်​သူတွေကိုလည်း အထောက်အကူ​ပြု​နိုင်တယ်​ဆိုတာ ကျွန်မ​သတိပြုမိတယ်။”

“ကောင်း​လိုက်တဲ့​စာအုပ်!” ဟု​အမေရိကန်​ပြည်ထောင်စု၊ မိန်း​ပြည်နယ်​မှ အမျိုးသမီး​တစ်ဦး ချီးမွမ်း​ပြောဆို​ခဲ့​သည်။ “ဒီ​စာအုပ်​ဟာ ကလေး​တွေ​အတွက်သာ​မ​က​ဘူး၊ ဘုရားသခင့်​သားသမီး​များ​ဖြစ်​တဲ့ ကျွန်မ​တို့အားလုံး​အတွက်ပဲ။ အဲဒီ​စာအုပ်​ကို​ဖတ်​တဲ့​အခါ ကျွန်မ​အသည်းခိုက်​သွားပြီး စိတ်​လှုပ်ရှား​လာတယ်၊ ပြီး​တော့ စိတ်အေး​ချမ်း​သွားခဲ့တယ်၊ ဒါ​ကြောင့် ကျွန်မ​စိတ်​ငြိမ်သက်မှု​ခံစား​ရတယ်။ ကျွန်မ​ရဲ့​ဖခင်သဖွယ်​ဖြစ်​တဲ့ ယေဟောဝါ​နဲ့ ပို​ရင်းနှီး​လာတယ်။ နှစ်တွေ​တစ်လျှောက် ကျွန်မ​ခံစား​ခဲ့​ရတဲ့ စိတ်ဒဏ်ရာ​အားလုံး​ကို ကိုယ်တော်​ဖယ်ရှားပစ်​ခဲ့​ပြီး ကိုယ်တော့်​ရည်ရွယ်ချက်ကိုလည်း ပို​ပြီး​ရှင်းရှင်းလင်းလင်း​သိလာ​စေတယ်။” သူ​ဤသို့​နိဂုံး​ချုပ်​သည်– “‘ဒီ​စာအုပ်​ကို ကျေးဇူးပြု​ပြီး​ဖတ်​ကြည့်​ပါ’ လို့ လူတိုင်းကို ကျွန်မ​အားပေးပါ​တယ်။”

ဂျပန်​နိုင်ငံ၊ က​ယို​တို​မြို့မှ အမျိုးသမီး​တစ်ဦး​က ထို​စာအုပ်​ကို သူ၏​မြေး​များ​အား ဖတ်ပြ​သည့်​အခါ သူတို့​ဤသို့​မေး​ကြသည်​ဟု သတင်းပေး​ပို့​သည်– “‘အဲဒီ​ကောင်လေး ဘာလုပ်​နေတာလဲ။ ဒီ​မိန်းကလေး ဘာလို့​အ​ဆူ​ခံ​နေရ​တာလဲ။ ဒီ​အမေက ဘာလုပ်​နေတာလဲ။ ဒီ​ခြင်္သေ့​က​ကော။’ ကျွန်မ​တို့​စိတ်ဝင်စား​တဲ့​အကြောင်းအရာတွေကို ဒီ​စာအုပ်​က သင်ပေးတဲ့​အတွက် စာကြည့်တိုက်​မှာ ရနိုင်တဲ့ ဘယ်​စာအုပ်​ထက်​မဆို ဒါကို​ပို​ကြိုက်တယ်။”

ကနေဒါ​နိုင်ငံ၊ ကဲ​လ်​ဂ​ရီ​မြို့မှ ဖခင်​တစ်ဦး​က သူသည် ထို​စာအုပ်​ကို​ရ​ရ​ချင်း သူ၏​ခြောက်​နှစ်​သမီး​နှင့် ကိုးနှစ်​သားတို့​ကို စ​ဖတ်ပြ​ခဲ့​သည်​ဟု​ဆို​၏။ သူ​ဤသို့​သတင်းပေး​ပို့​သည်– “သူတို့ ချက်ချင်းပဲ ကောင်းကောင်း​တုံ့ပြန်​တယ်။ ကျွန်တော့်​ကလေး​တွေ အာရုံစိုက်​နားထောင်ပြီး စိတ်ပါလက်ပါ အဖြေပေး​ကြတယ်။ လေ့လာ​တဲ့​အကြောင်း​က သူတို့နဲ့​ပတ်သက်​တယ်လို့ ခံစား​ရပြီး သူတို့​အကြောင်းကို ထုတ်ပြော​ကြတယ်။ အရမ်း​စိတ်ဝင်စား​ကြ​လို့ ကျွန်တော့်​သမီး​က​ဆို အဲဒီ​စာအုပ်​အသစ်​ကို ည​တိုင်း​လေ့လာ​ချင်​တယ်လို့​ပြော​တယ်။”

သင်အံမှု​တစ်ခု​အပြီး​တွင် ဖခင်​ဖြစ်သူ ဤသို့​ပြောပြ​သည်– “ယေဟောဝါ​နဲ့ ကိုယ်တော့်​ရည်ရွယ်ချက်​တွေ​အကြောင်းကို သားနဲ့​ကျွန်တော် နာရီ​နဲ့​ချီ ပြော​ခဲ့​ကြတယ်။ စာအုပ်​ထဲမှာ​ပါ​တဲ့​အကြောင်း​တွေ​နဲ့​ပတ်သက်ပြီး သူ့မှာ​မေးခွန်းတွေ​အများကြီး​ရှိတယ်​တဲ့။ အိပ်ရာဝင်​ခါနီး​မှာ ကျွန်တော့်​ကို နှုတ်ဆက်​ပြီး ‘နောက်​တစ်ခါ ဒီလို​ပြောပြ​ဦး​နော် ဖေဖေ။ ကျွန်တော်​မေး​ချင်​တာ​တွေ အများကြီး​ရှိတယ်၊ ပြီး​တော့ ယေဟောဝါ​အကြောင်း ကျွန်တော်​အကုန်လုံး​သိချင်​တယ်’ လို့​ပြော​တော့ ကျွန်တော်​မျက်ရည်ဝဲ​ခဲ့​မိတယ်။”

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

မိဘတို့၊ မာနော်​၏​ပုံသက်သေ​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

လူငယ်တို့၊ ဟေဗြဲ​လူငယ်​သုံးဦး​၏​ပုံသက်သေ​မှ အဘယ်အရာ​သင်ယူ​နိုင်​သနည်း

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

“ဆရာ” စာအုပ်​ထဲ​မှ​ ရုပ်ပုံ​နှင့် ပုံစာ​တို့သည် ထိရောက်​သော​ သွန်သင်ခြင်း ကိရိယာ​များ​ဖြစ်

အာနနိ​က ပေတရု​ကို ဘာ​လိမ်ပြော​နေသလဲ

တို့​လုပ်သမျှကို ဘယ်သူ မြင်နိုင်​သလဲ