ယေဟောဝါအား သင်၏ဘုရားသခင်ဖြစ်စေခြင်း
ယေဟောဝါအား သင်၏ဘုရားသခင်ဖြစ်စေခြင်း
ကျမ်းစာခေတ်က လူတချို့သည် ယေဟောဝါနှင့်ရင်းနှီးသောဆက်ဆံရေးရှိခဲ့ကြရာ ကိုယ်တော်အား သူတို့၏ဘုရားသခင်ဟု သမုတ်ခဲ့ကြသည်။ ဥပမာ၊ သမ္မာကျမ်းစာတွင် ယေဟောဝါအား “အာဗြဟံ၏ဘုရားသခင်၊” “ဒါဝိဒ်၏ဘုရားသခင်၊” ‘ဧလိယ၏ဘုရားသခင်’ ဟုဖော်ပြ၏။—ကမ္ဘာဦး ၃၁:၄၂; ၄ ဓမ္မရာဇဝင် ၂:၁၄; ၂၀:၅။
အဆိုပါပုဂ္ဂိုလ်အသီးသီးသည် ဘုရားသခင်နှင့်ရင်းနှီးသောဆက်ဆံရေး မည်သို့ရရှိခဲ့ကြသနည်း။ ကျွန်ုပ်တို့လည်း ဖန်ဆင်းရှင်နှင့်နှစ်ကိုယ်ကြား ရင်းနှီးသောဆက်ဆံရေးရှိပြီး ထိုဆက်ဆံရေးအမြဲကောင်းစေနိုင်ရန် သူတို့ထံမှ အဘယ်အရာသင်ယူနိုင်သနည်း။
အာဗြဟံသည် ‘ယေဟောဝါကိုယုံကြည်’
ယေဟောဝါကိုယုံကြည်သည်ဟု သမ္မာကျမ်းစာဆိုသူတို့တွင် ဦးဆုံးပုဂ္ဂိုလ်မှာ အာဗြဟံဖြစ်၏။ အာဗြဟံ၏အဓိကအရည်အသွေးမှာ ယုံကြည်ခြင်းဖြစ်ရာ ယင်းကြောင့် ဘုရားသခင်၏စိတ်တော်နှင့်တွေ့ ခဲ့သည်။ အမှန်မှာ အာဗြဟံသည် ယေဟောဝါ၏စိတ်တော်နှင့် မည်မျှတွေ့ခဲ့သနည်းဟူမူ နောက်ပိုင်းတွင် ဖန်ဆင်းရှင်သည် မိမိကိုယ်ကို မောရှေအား ဖော်ပြရာတွင် ‘အာဗြဟံ၏ဘုရားသခင်၊’ သားဣဇာက်နှင့် မြေးယာကုပ်၏ဘုရားသခင်ဖြစ်သည်ဟု မိန့်ဆိုခဲ့၏။—ကမ္ဘာဦး ၁၅:၆; ထွက်မြောက်ရာ ၃:၆။
အာဗြဟံ၌ ဘုရားသခင်အပေါ် မည်သို့ ဤမျှယုံကြည်ခြင်းရှိလာသနည်း။ ဦးဆုံးအနေနှင့် အာဗြဟံသည် မိမိ၏ယုံကြည်ခြင်းကို ခိုင်ခံ့သောအုတ်မြစ်ပေါ် အခြေပြုထားခြင်းကြောင့်ဖြစ်၏။ ယေဟောဝါ၏ကယ်တင်ခြင်းလုပ်ရပ်များကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သူ နောဧ၏သား ရှေမက ကိုယ်တော်၏နည်းလမ်းတော်များကို သူ့အားသွန်သင်ပေးခဲ့ပေမည်။ ယေဟောဝါသည် ‘ဖြောင့်မတ်ခြင်းတရားကိုဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကို စောင့်မတော်မူ၍ ဘုရားသခင်ကိုမကိုးကွယ်သော လောကသားအပေါင်းတို့ကိုရေလွှမ်းမိုး’ ပြီးဖျက်ဆီးခဲ့ကြောင်း ရှေမကိုယ်တိုင်မြင်တွေ့ခဲ့၏။ (၂ ပေတရု ၂:၅) ယေဟောဝါသည် ကတိထားတော်မူပြီဆိုလျှင် အမှန်ဖြစ်ပျက်ခဲ့ကြောင်း ရှေမထံမှ အာဗြဟံသိရှိရပေမည်။ မည်သို့ဆိုစေ၊ အာဗြဟံကိုယ်တိုင် ဘုရားသခင်ထံမှကတိတော်တစ်ခုရရှိသည့်အခါ သူသည် ထိုကတိတော်အမှန်ပြည့်စုံလာမည်ကို စိတ်ချစွာဖြင့် ဝမ်းမြောက်ဝမ်းသာအသက်ရှင်နေထိုင်ခဲ့၏။
အာဗြဟံ၏ယုံကြည်ခြင်းသည် ခိုင်ခံ့သောအုတ်မြစ်ပေါ်တွင် အခြေပြုထားရာ အကျင့်အားဖြင့် ပိုမိုခိုင်ခံ့လာ၏။ တမန်တော်ပေါလုက ဤသို့ရေးခဲ့၏– “အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ထွက်သွားမည်အကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ထွက်သွားလေ၏။” (ဟေဗြဲ ၁၁:၈) ထိုနာခံမှုရှိသောလုပ်ရပ်က အာဗြဟံ၏ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့ရာ ယင်းနှင့်စပ်လျဉ်းပြီး တပည့်ဖြစ်သူယာကုပ် ဤသို့ရေးခဲ့၏– “ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍ အကျင့်အားဖြင့်စုံလင်သည်ကိုသိမြင်ရ၏။”—ယာကုပ် ၂:၂၂။
ထို့ပြင် ယေဟောဝါသည် အာဗြဟံ၏ယုံကြည်ခြင်းကိုစမ်းသပ်ခဲ့ရာ သူ၏ယုံကြည်ခြင်းပိုခိုင်ခံ့လာ၏။ သို့နှင့် ပေါလုက “အာဗြဟံသည် စုံစမ်းတော်မူခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကိုပူဇော်၏” ဟုဆိုသည်။ စမ်းသပ်ခြင်းသည် ယုံကြည်ခြင်းကိုတိုးပွား၊ ခိုင်ခံ့စေပြီး “ရွှေထက်များစွာပိုမိုအဖိုးထိုက်” စေသည်။—ဟေဗြဲ ၁၁:၁၇; ၁ ပေတရု ၁:၇၊ သတင်းကောင်း။
ဘုရားသခင်ကတိထားခဲ့သမျှအရာအားလုံး ပြည့်စုံလာသည်ကို အာဗြဟံမမြင်တွေ့ခဲ့ရသော်လည်း မိမိပုံသက်သေကို အခြားသူများတုပခြင်းကြောင့် ပျော်ရွှင်နိုင်ခဲ့၏။ ဇနီးဖြစ်သူစာရာနှင့် သူ၏မိသားစုမှလူသုံးဦးဖြစ်ကြသော ဣဇာက်၊ ယာကုပ်နှင့် ယောသပ်တို့ကိုလည်း ၎င်းတို့၏ထူးခြားသောယုံကြည်ခြင်းအတွက် သမ္မာကျမ်းစာက ချီးမွမ်းခဲ့၏။—ဟေဗြဲ ၁၁:၁၁၊ ၂၀-၂၂။
ယနေ့ အာဗြဟံကဲ့သို့သော ယုံကြည်ခြင်း
ယေဟောဝါအား မိမိတို့၏ဘုရားသခင်ဖြစ်စေလိုသူများအတွက် ယုံကြည်ခြင်း မရှိမဖြစ်လိုအပ်သည်။ “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်” ဟု တမန်တော်ပေါလုရေးခဲ့၏။ (ဟေဗြဲ ၁၁:၆) ယနေ့ ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် အာဗြဟံကဲ့သို့သောယုံကြည်ခြင်း မည်သို့ခိုင်ခံ့နိုင်မည်နည်း။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အာဗြဟံနည်းတူ ခိုင်ခံ့သောအုတ်မြစ်ပေါ်တွင် အခြေပြုရမည်။ ယင်းသို့ဖြစ်စေရန် ကျမ်းစာနှင့်ကျမ်းစာအခြေပြုစာပေများကို မှန်မှန်လေ့လာခြင်းသည် အကောင်းဆုံးနည်းဖြစ်၏။ သမ္မာကျမ်းစာကိုဖတ်ခြင်းနှင့် ဖတ်ရှုခဲ့ရာတို့ကို ဆင်ခြင်တွေးတောခြင်းတို့က ဘုရားသခင်၏ကတိတော်များ အမှန်ပြည့်စုံလာမည်ကို ယုံကြည်စိတ်ချစေ၏။ ထိုအခါ ဤသေချာသောမျှော်လင့်ချက်ကို အခြေပြု၍ ကျွန်ုပ်တို့၏ဘဝလမ်းစဉ်ကို ပြုပြင်ပြောင်းလဲကြရမည်။ ထို့နောက် အမှုဆောင်လုပ်ငန်းတွင်ပါဝင်ခြင်း၊ ခရစ်ယာန်အစည်းအဝေးများ တက်ရောက်ခြင်းတို့အပါအဝင် နာခံမှုရှိရှိလုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း ပို၍တိုးပွားလာသည်။—မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ဟေဗြဲ ၁၀:၂၄၊ ၂၅။
အတိုက်အခံပြုခြင်း၊ အသည်းအသန်ဖျားနာခြင်း၊ ချစ်မြတ်နိုးရသူတစ်ဦးဆုံးပါးသွားခြင်း သို့မဟုတ် အခြားတစ်နည်းဖြင့် ကျွန်ုပ်တို့၏ယုံကြည်ခြင်း အမှန်စမ်းသပ်ခံရပေလိမ့်မည်။ စမ်းသပ်ခံရသည့်အခါ ယေဟောဝါအပေါ်ဆက်လက်တည်ကြည်ခြင်းက ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုတိုးပွားစေပြီး ရွှေထက်များစွာပိုမိုအဖိုးထိုက်စေသည်။ ယေဟောဝါ၏ကတိတော်အားလုံးပြည့်စုံလာသည်ကို မြင်တွေ့ရသည့်အထိ အသက်ရှင်သည်ဖြစ်စေ၊ မရှင်သည်ဖြစ်စေ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကြောင့် ဘုရားသခင်နှင့်ပိုမိုရင်းနှီးလာပါလိမ့်မည်။ ထို့ပြင် ကျွန်ုပ်တို့၏ပုံသက်သေသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကိုအတုယူရန် အခြားသူများအတွက် အားပေးမှုဖြစ်စေသည်။ (ဟေဗြဲ ၁၃:၇) ရာ့ဖ်သည် မိဘတို့၏ယုံကြည်ခြင်းကိုသတိပြုကာ အတုယူခဲ့၏။ သူဤသို့ရှင်းပြ၏–
“ကျွန်တော်အိမ်မှာနေတုန်းက မိဘတွေဟာ ကျွန်တော်တို့အားလုံး ကျမ်းစာအတူတူဖတ်ဖို့ မနက်စောစောထခိုင်းတယ်။ ဒီလိုနည်းနဲ့ ကျမ်းစာတစ်အုပ်လုံးကို အပြီးဖတ်ခဲ့ကြတယ်။” ရာ့ဖ်သည် နံနက်တိုင်း ကျမ်းစာဖတ်နေဆဲဖြစ်ပြီး ယင်းသို့ပြုခြင်းက တစ်နေ့တာ၏အစကောင်းဖြစ်စေ၏။ ထို့ပြင် သူသည် ဖခင်နှင့်အတူ ပတ်စဉ်အမှုဆောင်ထွက်လေ့ရှိသည်။ “အဲဒီအချိန်မှာ ကျွန်တော် ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေကျင်းပတတ်လာတယ်။” ယနေ့၊ ဥရောပရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတစ်ခုတွင် စေတနာ့ဝန်ထမ်းအဖြစ် ရာ့ဖ်အမှုဆောင်နေသည်။ မိဘများ ယုံကြည်ခြင်းတင်ပြခဲ့သည့်အတွက် ရလဒ်ကောင်းရခြင်းဖြစ်သည်!
ယေဟောဝါ၏စိတ်နှလုံးတော်နှင့် ညီညွတ်သူ
အာဗြဟံပြီးနောက် နှစ်ပေါင်း ၉၀၀ ခန့်တွင်မွေးဖွားခဲ့သူ ဒါဝိဒ်သည် သမ္မာကျမ်းစာပါ ယေဟောဝါ၏ကျေးကျွန်များတွင် ထူးခြားထင်ရှားသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ဒါဝိဒ်ကို မင်းလောင်းအဖြစ် ယေဟောဝါရွေးကောက်ခြင်းအကြောင်း ပရောဖက်ရှမွေလ ဤသို့ပြောခဲ့၏– ‘ထာဝရဘုရားသခင်သည် စိတ်နှလုံးတော်နှင့်ညီညွတ်သောသူကို ရှာတော်မူ၏။’ ယေဟောဝါနှင့်ဒါဝိဒ်တို့သည် အလွန်ရင်းနှီးတွယ်တာကြခြင်းကြောင့် နောက်ပိုင်းတွင် ပရောဖက်ဟေရှာယက ဘုရင်ဟေဇကိအား ‘သင့်အဘဒါဝိဒ်၏ဘုရားသခင် ယေဟောဝါ’ ဟုပြောခဲ့၏။—၁ ဓမ္မရာဇဝင် ၁၃:၁၄; ၄ ဓမ္မရာဇဝင် ၂၀:၅; ဟေရှာယ ၃၈:၅။
ဒါဝိဒ်သည် ယေဟောဝါ၏နှလုံးတော်နှင့်ညီညွတ်သူဖြစ်သော်လည်း မိမိ၏စိတ်အလိုသို့လိုက်၍ လုပ်ဆောင်ခဲ့သည့်အခါများရှိ၏။ သူသည် ကြီးလေးသည့်အမှားများကို သုံးကြိမ်တိုင်ကျူးလွန်ခဲ့၏; ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ နည်းလမ်းတကျမသယ်ဆောင်ခဲ့ချေ၊ ဗေသရှေဘနှင့် သူ့သားအိမ်ရာပြစ်မှားကာ သူ၏ခင်ပွန်းကိုလုပ်ကြံခဲ့သည်၊ ယေဟောဝါ၏အမိန့်မရဘဲ ဣသရေလနှင့်ယုဒလူဦးရေကို ရေတွက်ခဲ့သည်။ သမယတစ်ခုစီတွင် ဘုရားသခင်၏ပညတ်ကို ဒါဝိဒ်ကျူးလွန်ခဲ့သည်။—၂ ဓမ္မရာဇဝင် ၆:၂-၁၀; ၁၁:၂-၂၇; ၂၄:၁-၉။
သို့သော် ဒါဝိဒ်သည် အပြစ်ကျူးလွန်ခဲ့ကြောင်းဖော်ထုတ်ခံရသောအခါ မိမိအပြစ်များကိုဝန်ခံ၏၊ အခြားသူများကို အပြစ်ပုံမချခဲ့ပါ။ သေတ္တာတော်ကို နည်းလမ်းတကျမသယ်ဆောင်ခဲ့ကြောင်း ဝန်ခံကာ ‘တရားလမ်းသို့မလိုက်ဘဲ ငါတို့ဘုရားသခင် [ယေဟောဝါ] ကိုရှာ’ သည်ဟုဆက်ပြော၏။ ပရောဖက်နာသန်က ဒါဝိဒ်၏သူ့သားအိမ်ရာပြစ်မှားမှုကို ဖော်ထုတ်သည့်အခါ ‘ငါသည် ယေဟောဝါကိုပြစ်မှားပါပြီ’ ဟုပြန်ပြောခဲ့၏။ လူတို့ကိုရေတွက်ခြင်းသည်မှားကြောင်း ဒါဝိဒ်သိသည်နှင့်တစ်ပြိုင်နက် “အကျွန်ုပ်ပြုမိသောအမှု၌ အလွန်ပြစ်မှားပါပြီ” ဟုဝန်ခံကာ နောင်တယူပြီး ယေဟောဝါနှင့်အနီးကပ်ဆက်နေခဲ့သည်။—၁ ရာဇဝင်ချုပ် ၁၅:၁၃; ၂ ဓမ္မရာဇဝင် ၁၂:၁၃; ၂၄:၁၀။
ကျွန်ုပ်တို့အမှားပြုမိသည့်အခါ
ယေဟောဝါအား ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်စေရန် ကြိုးစားရာတွင် ဒါဝိဒ်၏နမူနာသည် အားရှိစရာဖြစ်၏။ ဘုရားသခင်၏စိတ်နှလုံးတော်နှင့် အလွန်ညီညွတ်သူတစ်ဦးပင် အဆိုပါအမှားမျိုးကျူးလွန်မိပါက ကျွန်ုပ်တို့ အတတ်နိုင်ဆုံးကြိုးစားကြသော်လည်း တစ်ခါတစ်ရံ အမှားမက ကြီးလေးသည့်အပြစ်မျိုးပင် ကျူးလွန်မိလျှင် စိတ်ပျက်စရာမလိုပါ။ (ဒေ. ၇:၂၀) ဒါဝိဒ်နောင်တရသောအခါ သူ၏အပြစ်များ ခွင့်လွှတ်ခံရကြောင်းသိရခြင်းမှ ကျွန်ုပ်တို့ခွန်အားယူနိုင်သည်။ အူဗက် *သည် လွန်ခဲ့သောနှစ်အနည်းငယ်က ထိုအတိုင်းဖြစ်ခဲ့၏။
အူဗက်သည် ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် အကြီးအကဲတစ်ဦးအဖြစ် အမှုဆောင်နေသည်။ တစ်ခါက မှားယွင်းသောဆန္ဒများကြောင့် သူအကျင့်ယိုယွင်းခဲ့၏။ အစပိုင်းတွင် သူသည် ဘုရင်ဒါဝိဒ်နည်းတူ မိမိအပြစ်ကို ယေဟောဝါ မသိကျိုးကျွန်ပြုလိမ့်မည်ဟုမျှော်လင့်ကာ ကြိုးစားဖုံးကွယ်ထားခဲ့၏။ နောက်ဆုံးတွင် အကြီးအကျယ်စိတ်အနှောင့်အယှက်ဖြစ်ပြီး အကြီးအကဲချင်းတစ်ဦးအား မိမိ၏အပြစ်ကိုဝန်ခံလိုက်ကာ ဝိညာဉ်ရေးဘေးအန္တရာယ်မှ ကယ်ဆယ်နိုင်ရန် အကူအညီရရှိခဲ့၏။
အူဗက်သည် နောင်တရပြီးနောက် ယေဟောဝါနှင့်အနီးကပ်နေကာ အသင်းတော်မှ မထွက်သွားခဲ့ပါ။ အပတ်အနည်းငယ်အကြာတွင် သူရရှိသည့်အကူအညီအတွက် အလွန်ကျေးဇူးတင်ကြောင်း အကြီးအကဲများထံစာတစ်စောင်ရေးပို့ခဲ့၏။ “ယေဟောဝါရဲ့နာမ ရှုတ်ချစရာမဖြစ်အောင် ခင်ဗျားတို့ကူညီပေးခဲ့ကြတယ်” ဟု သူရေးခဲ့၏။ အူဗက်သည် ယေဟောဝါနှင့်ဆက်ဆံရေးပြန်ကောင်းမွန်လာပြီး အတန်ကြာသော် ထိုအသင်းတော်တွင်ပင် အမှုထမ်းတစ်ဦးအဖြစ် ပြန်ခန့်အပ်ခံရ၏။
“ငါတို့ကဲ့သို့ လောကဓံတရား၌ကျင်လည်သောသူ”
ဒါဝိဒ်ပြီးနောက် ရာစုတစ်ခုအကြာတွင်အသက်ရှင်ခဲ့သော ဣသရေလနိုင်ငံ၏ ထိပ်သီးပရောဖက်တစ်ပါးမှာ ဧလိယဖြစ်၏။ ဧလိယသည် ဖောက်ပြန်မှု၊ အကျင့်ယိုယွင်းမှုတို့ အနှံ့အပြားဖြစ်နေချိန်တွင် စစ်မှန်သောဝတ်ပြုရေးကိုထောက်ခံခဲ့သူဖြစ်ပြီး ယေဟောဝါအား မယိမ်းမယိုင်ဆည်းကပ်ဝတ်ပြုသူတစ်ဦးဖြစ်၏။ ထို့ကြောင့် သူ၏အရိုက်အရာကိုဆက်ခံသူ ဧလိရှဲက ယေဟောဝါအား ‘ဧလိယ၏ဘုရားသခင်’ ဟုခေါ်ခဲ့ခြင်းမှာ အံ့ဩစရာမဟုတ်ပေ!—၄ ဓမ္မရာဇဝင် ၂:၁၄။
မည်သို့ပင်ဖြစ်စေ၊ ဧလိယသည် အာဂယောက်ျားတစ်ဦးမဟုတ်ပါ။ ‘ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်သည်’ ဟု ယာကုပ်ရေးခဲ့၏။ (ယာကုပ် ၅:၁၇) ဥပမာ၊ ဣသရေလနိုင်ငံရှိ ဗာလကိုးကွယ်သူများကို နှိမ်နင်းပြီးနောက် မိဖုရားယေဇဗေလက သူ့ကိုသတ်ပစ်မည်ဟုခြိမ်းခြောက်ခဲ့၏။ သူ မည်သို့တုံ့ပြန်ခဲ့သနည်း။ ကြောက်လန့်တကြားဖြင့် တောကန္တာရထဲထွက်ပြေးခဲ့၏။ ထို့နောက် ဧလိယသည် ရသမ်ပင်အောက်တွင်ထိုင်ကာ ဤသို့မြည်တမ်းခဲ့၏– “ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေးတို့ထက် သာ၍မကောင်းပါ။” ဧလိယသည် ပရောဖက်တစ်ပါးမဖြစ်ချင်တော့ဘဲ သေချင်စိတ်သာပေါ်ခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၉:၄။
သို့သော် ဧလိယမည်သို့ခံစားနေရကြောင်း ယေဟောဝါသဘောပေါက်တော်မူသည်။ ထို့နောက် ဘုရားသခင်သည် ဧလိယကိုခွန်အားပေးပြီး သူတစ်ဦးတည်းမဟုတ်ကြောင်း၊ စစ်မှန်သောဝတ်ပြုရေးတွင် တည်ကြည်သူများစွာရှိနေသေးကြောင်း စိတ်ချစေခဲ့၏။ ထို့ပြင် ဧလိယကို ယေဟောဝါယုံကြည်စိတ်ချနေဆဲဖြစ်ပြီး သူ့ကိုလုပ်ကိုင်စရာအလုပ်ပေးခဲ့၏။—၃ ဓမ္မရာဇဝင် ၁၉:၅-၁၈။
ဧလိယ စိတ်ပူပန်သောကရောက်နေခြင်းက ယေဟောဝါ၏စိတ်တော်နှင့်မတွေ့တော့သည့်လက္ခဏာ မဟုတ်ပါ။ နောင်နှစ်ပေါင်း ၁,၀၀၀ ခန့်ကြာသော် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ရှေ့မှောက် ယေရှုကိုယ်ယောင်ထွန်းလင်းချိန်တွင် ကိုယ်တော်၏ဘေးတွင် မည်သူတို့ပေါ်လာစေဖို့ ယေဟောဝါရွေးချယ်ခဲ့သနည်း။ မောရှေနှင့်ဧလိယတို့ဖြစ်၏။ (မဿဲ ၁၇:၁-၉) ဧလိယအား ပုံနမူနာယူထိုက်သော ပရောဖက်တစ်ပါးအဖြစ် ယေဟောဝါယူမှတ်ခဲ့သည်မှာ ရှင်းနေပါသည်။ ဧလိယသည် “ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်” သော်လည်း စစ်မှန်သောဝတ်ပြုရေးထူထောင်ရန်နှင့် ဘုရားသခင်၏နာမတော် ဂုဏ်တင်ရန် သူကြိုးပမ်းလုပ်ဆောင်ခဲ့သမျှကို ကိုယ်တော်တန်ဖိုးထားခဲ့သည်။
ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာတိုက်လှန်မှု
ယနေ့ ယေဟောဝါ၏ကျေးကျွန်များသည် တစ်ခါတစ်ရံ စိတ်ဓာတ်ကျကာ သောကရောက်ကြပေမည်။ ဧလိယလည်း အလားတူခံစားခဲ့ရကြောင်းသိရှိထားခြင်းက အားတက်စရာပင်! ဧလိယ၏ခံစားချက်ကို ယေဟောဝါသဘောပေါက်ခဲ့သကဲ့သို့ ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာတိုက်လှန်မှုကို ကိုယ်တော် သိနားလည်တော်မူသည်။—ဆာလံ ၁၀၃:၁၄။
တစ်ဖက်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် လူသားချင်းတို့ကို ချစ်မြတ်နိုးပြီး ယေဟောဝါ၏နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်လိုကြသည်။ အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့ဟောပြောကြသော်လည်း နားထောင်မည့်သူမရှိသဖြင့် စိတ်ဓာတ်ကျပေမည်၊ သို့မဟုတ် စစ်မှန်သောဝတ်ပြုရေးကိုဆန့်ကျင်သူများက ခြိမ်းခြောက်သည့်အတွက် စိတ်ပူပန်ကြပေမည်။ သို့သော် ယေဟောဝါသည် ဧလိယကိုဆက်ကူညီခဲ့သကဲ့သို့ ယနေ့ခေတ်ကျေးကျွန်များကိုလည်း ကူညီပေးပါလိမ့်မည်။ ဥပမာ၊ ဟာဘတ်နှင့် ဂါထရွတ်တို့၏အဖြစ်ကို သုံးသပ်ကြည့်ပါ။
ဟာဘတ်နှင့် ဂါထရွတ်တို့သည် ယခင်ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ လစ်ပ်ဇစ်မြို့တွင် ၁၉၅၂ ခုနှစ်ကနှစ်ခြင်းခံခဲ့ကြသော ယေဟောဝါသက်သေများဖြစ်၏။ ထိုစဉ်က လူအများရှေ့အမှုဆောင်လုပ်ငန်းကို ပိတ်ပင်ထားသောကြောင့် ယေဟောဝါ၏ကျေးကျွန်များအတွက် ခက်ခဲခဲ့၏။ တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းနှင့်ပတ်သက်ပြီး ဟာဘတ် မည်သို့ခံစားခဲ့ရသနည်း။
“အဲဒီတုန်းက ကျွန်တော်တို့သိပ်စိတ်ပူခဲ့တယ်။ တစ်အိမ်မှတစ်အိမ်သွားတဲ့အခါ အာဏာပိုင်တွေ ရုတ်တရက်ပေါ်လာပြီး ကျွန်တော်တို့ကိုဖမ်းမလားလို့ စိုးရိမ်နေရတယ်။” ဟာဘတ်နှင့်အခြားသူများသည် ကြောက်စိတ်ကို မည်သို့ကျော်လွှားနိုင်ခဲ့သနည်း။ “ကိုယ်ပိုင်လေ့လာမှု များများပြုလုပ်ခဲ့ကြတယ်။ ဟောပြောခြင်းလုပ်ငန်းကို ကျွန်တော်တို့ဆက်လုပ်ဆောင်နိုင်ဖို့ ယေဟောဝါခွန်အားပေးခဲ့တယ်။” ဟာဘတ်၏အမှုဆောင်လုပ်ငန်းတွင် ရယ်စရာပင်ဖြစ်စေသည့် ခွန်အားရှိဖွယ်တွေ့ကြုံမှုများစွာ ရရှိခဲ့၏။
ကျမ်းစာကိုစိတ်ဝင်စားသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးနှင့် ဟာဘတ်တွေ့ဆုံခဲ့၏။ နောက်ရက်အနည်းငယ်တွင် ထိုအမျိုးသမီးထံ ဟာဘတ်ပြန်လည်ပတ်သည့်အခါ လူရွယ်တစ်ဦးလည်းရှိပြီး နားထောင်နေပုံရသည်။ မိနစ်အနည်းအကြာတွင် ပစ္စည်းတစ်ခုကိုတွေ့လိုက်၍ ဟာဘတ်တုန်လှုပ်သွား၏။ အခန်းထောင့်ရှိထိုင်ခုံပေါ်တွင် ရဲဦးထုပ်တစ်လုံးဖြစ်နေသည်။ ဟာဘတ်ကိုဖမ်းဆီးလိုသည့် ရဲသားဖြစ်သူ ထိုလူရွယ်၏ဦးထုပ်ဖြစ်သည်။
“ခင်ဗျားက ယေဟောဝါသက်သေတစ်ယောက်ပဲ! ခင်ဗျားရဲ့စိစစ်ရေးကတ်ကို ကြည့်ရအောင်” ဟု ထိုလူရွယ်ပြောလိုက်သည်။ ဟာဘတ်က သူ့စိစစ်ရေးကတ်ကို ကမ်းပေးလိုက်ရာ မမျှော်လင့်ဘဲ အိမ်ရှင်အမျိုးသမီးက “ဒီဘုရားသခင်ရဲ့လူ တစ်ခုခုဖြစ်သွားရင် ရှင် ကျွန်မအိမ်ကို ဘယ်တော့မှ မလာတော့နဲ့” ဟု သတိပေးလိုက်သည်။
ထိုလူရွယ်က တစ်ခဏတုံ့ဆိုင်းသွားပြီး ဟာဘတ်၏စိစစ်ရေးကတ်ကို ပြန်ပေးလိုက်သည်။ ထိုအမျိုးသမီး၏သမီးကို ရဲသားက ပိုးပန်းနေကြောင်း နောက်ပိုင်းတွင် ဟာဘတ်သိလိုက်ရသည်။ ဟာဘတ်ကိုဖမ်းဆီးဖို့ထက် မိန်းကလေးကိုပိုးပန်းလျှင် ပိုအကျိုးရှိမည်ဟု သူယူဆပုံရကြောင်းထင်ရှားပါသည်။
ယေဟောဝါအား ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်စေပါ
ဤဖြစ်ရပ်များမှ ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း။ အာဗြဟံနည်းတူ ယေဟောဝါ၏ကတိတော်များကို အကြွင်းမဲ့ယုံကြည်စိတ်ချကြရမည်။ ဒါဝိဒ်နည်းတူ ကျွန်ုပ်တို့အပြစ်ပြုမိသည့်အခါတိုင်း စစ်မှန်သောနောင်တဖြင့် ယေဟောဝါထံပြန်လှည့်လာသင့်သည်။ ဧလိယကဲ့သို့ စိုးရိမ်သောကရောက်ချိန်တွင် ယေဟောဝါကို မှီခိုအားထားရန်လိုသည်။ ယင်းသို့ပြုခြင်းအားဖြင့် ယခုနှင့်ထာဝစဉ် ယေဟောဝါအား ကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်စေနိုင်ပါသည်၊ အကြောင်းမှာ ဘုရားသခင်သည် ‘အသက်ရှင်တော်မူပြီး လူအပေါင်းတို့ကိုကယ်မတော်မူ၍ ယုံကြည်သောသူတို့ကို အထူးသဖြင့် ကယ်မတော်မူ’ သောကြောင့်တည်း။—၁ တိမောသေ ၄:၁၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 20 အမည်ပြောင်းထားသည်။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
နာခံမှုရှိရှိလုပ်ဆောင်ခဲ့ခြင်းက အာဗြဟံ၏ယုံကြည်ခြင်းကို တိုးပွားစေခဲ့
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့အပြစ်ပြုမိသည့်အခါ ဒါဝိဒ်နည်းတူ နောင်တရသင့်
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဧလိယ၏ခံစားချက်ကို ယေဟောဝါသဘောပေါက်သကဲ့သို့ ကျွန်ုပ်တို့၏ခံစားချက်များကိုလည်း ကိုယ်တော်သဘောပေါက်တော်မူ၏