မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သိပ္ပံပညာနှင့် ခရစ်ယာန်ဘာသာတရား ပဋိပက္ခစတင်လာပုံ

သိပ္ပံပညာနှင့် ခရစ်ယာန်ဘာသာတရား ပဋိပက္ခစတင်လာပုံ

သိပ္ပံ​ပညာ​နှင့် ခရစ်ယာန်​ဘာသာ​တရား ပဋိပက္ခ​စတင်​လာပုံ

အသက် ၇၀ အရွယ် သေ​အံ့​မူး​မူး​ဖြစ်နေ​သော နက္ခတ္တ​ဗေဒ​ပညာရှင်​ကြီး​သည် စာ​ကို ကြိုးစား​ဖတ်နေ​လေ​သည်။ ထုတ်ဝေ​ဖို့ အသင့်​ဖြစ်နေ​သည့် သူ့​လက်ရာ စာမူ​ကြမ်း​များ​ကို သူ၏​လက်ထဲ​တွင် ကိုင်ထား​၏။ သူသိ​သွား​သည်​ဖြစ်စေ၊ မသိ​သွား​သည်​ဖြစ်စေ သူ၏​စာအုပ်​သည် စကြဝဠာ​နှင့်​ပတ်သက်​သည့် လူသား​တို့၏​ရှုမြင်ပုံကို တော်လှန်​ပစ်​လိမ့်​မည်။ ယင်းက ခရစ်ယာန်ဘောင်​အတွင်း​၌ အပြင်းအထန်​အငြင်းပွားမှု​စတင်​စေ​ခဲ့​ကာ ယနေ့​ထက်​တိုင် မပြီး​ဆုံး​သေး​ပေ။

အဆိုပါ​သေ​အံ့​မူး​မူး​ဖြစ်နေ​သူ​မှာ ပိုလန်​လူမျိုး ကက်သလစ်​ဘာသာဝင် နီ​ကို​လတ် ကော့​ပါး​နိ​ကတ်​ဖြစ်​ပြီး အချိန်ကာလ​မှာ ၁၅၄၃ ခုနှစ်​က​ဖြစ်၏။ အာကာသ​စက်လုံး​များ တော်လှန်ရေး​ကိစ္စ​ဟု ခေါင်းစဉ်​တပ်ထား​သော ကော့​ပါး​နိ​ကတ်​၏​စာအုပ်​က နေ​အဖွဲ့အစည်း​၏​အလယ်ဗဟို​၌ ကမ္ဘာ​မြေကြီးကို​မဟုတ်ဘဲ နေကို ထား​ရှိ၏။ ဤ​တစ်ချက်​တည်း​နှင့်​ပင် ကော့​ပါး​နိ​ကတ်​သည် အလွန်​တ​ရာ​ရှုပ်ထွေး​လှ​သည့် ကမ္ဘာ​ဗဟို​ထား​အဖွဲ့အစည်း​ကို လှပ​တင့်တယ်​၍ ရိုးရှင်း​သော​နေ​အဖွဲ့အစည်း​နှင့် အစားထိုး​လိုက်​သည်။

အစ​ပထမ​၌ ပဋိပက္ခ​ဖြစ်လာ​မည့် အရိပ်လက္ခဏာ​မရှိခဲ့​ပေ။ အကြောင်းရင်း​တစ်ခု​မှာ ကော့​ပါး​နိ​ကတ်​သည် မိမိ၏​အယူအဆကို သိုသိုသိပ်သိပ် တင်ပြ​တတ်သော​ကြောင့်​ဖြစ်၏။ ထို့​အပြင် ကမ္ဘာ​သည် စကြဝဠာ​၏​ဗဟို​ဖြစ်သည်ဟု စွဲကိုင်​ထားသော ကက်သလစ်​ချာ့ခ်ျ​သည် ထို​ခေတ်​က သိပ္ပံ​အတွေးအခေါ်ကို သဘောထားကြီး​ကြီး​ဖြင့် လက်ခံ​ထား​ပုံ​ရသည်။ ပုပ်​ရဟန်း​မင်း​ကိုယ်တိုင်​က​ပင် ကော့​ပါး​နိ​ကတ်​အား သူ၏​စာအုပ်​ကို ထုတ်ဝေ​ဖို့ တိုက်တွန်း​ခဲ့​၏။ နောက်ဆုံး​တွင် ၎င်း​စာအုပ်​ကို ကော့​ပါး​နိ​ကတ်​ထုတ်ဝေ​လိုက်​သောအခါ ကြောက်ရွံ့​နေသော အယ်ဒီတာ​တစ်ဦး​က အယ်ဒီတာ့​အမှာစကား​တွင် နေသည်​စကြဝဠာ​၏​ဗဟို​ဖြစ်သည်​ဟူသော သဘောတရား​မှာ နက္ခတ္တ​ဗေဒ​ဆိုင်ရာ အမှန်တရား​အနေ​နှင့်​မဟုတ်ဘဲ သင်္ချာ​ဆိုင်ရာ​စံ​အနေ​နှင့်​ဖြစ်​ကြောင်း ရေးသား​တင်ပြ​ထား​သည်။

ပဋိပက္ခ တင်းမာ​လာ

ပဋိပက္ခ​ထဲ​ဝင်ရောက်​လာ​သူ နောက်​တစ်ဦး​မှာ အီတလီ​လူမျိုး နက္ခတ္တ​ဗေဒ​ပညာရှင်၊ သင်္ချာ​ပညာရှင်​နှင့် ရူပဗေဒ​ပညာရှင် ဂယ်လီလီယို ဂဲ​လီ​လေ (၁၅၆၄-၁၆၄၂) ဖြစ်​ပြီး သူလည်း ကက်သလစ်​ဘာသာဝင်​တစ်ဦး​ဖြစ်၏။ ဂယ်လီလီယို​သည် မိမိ​တီထွင်​ထားပြီး​ခါ​စ မှန်ဘီလူး​များ​ဖြင့်​တည်ဆောက်​ထား​သည့် အဝေးကြည့်​မှန်ပြောင်း​ကို​အသုံးပြု၍ ကောင်းကင်ပြင်​ကြီး​ကို ယခင်​က​ထက် များစွာ​အသေးစိတ် တွေ့မြင်​လိုက်ရ​သည်။ သူ၏​တွေ့ရှိချက်​များ​က ကော့​ပါး​နိ​ကတ်​မှန်ကန်ကြောင်း သူ့​အား ယုံကြည်​စိတ်ချ​စေ​ခဲ့​သည်။ ထို့​အပြင် ဂယ်လီလီယို​သည် နေ​ပြော​က်​များ​ဟု ယနေ့​ခေါ်ဆို​ကြ​သည့် နေ​ပေါ်​မှ အစက်အပြောက်​များ​ကိုလည်း တွေ့​လိုက်ရ​၏၊ သို့​နှင့် နေသည် ပြောင်းလဲခြင်း​မရှိ သို့​မဟုတ် ပျက်စီး​ယိုယွင်း​သွားခြင်း​မရှိ​ဟူသော အလွန်​အရေးပါသည့် အတွေးအခေါ်​ပိုင်း​နှင့် ဘာသာ​တရား​ပိုင်း​ဆိုင်ရာ အယူဝါဒ​နောက်​တစ်မျိုး​ကို အငြင်းပွား​စေ​ခဲ့​လေ​သည်။

ကော့​ပါး​နိ​ကတ်​နှင့်​မတူ​သည်​မှာ ဂယ်လီလီယို​သည် မိမိ၏​အယူအဆကို ရဲ​ရဲတင်း​တင်း​နှင့် စိတ်အား​ထက်သန်​စွာ ခုခံ​ပြောဆို​တတ်​သူ​ဖြစ်၏။ သူသည် ပို​၍​ရန်လို​တတ်သော ဘာသာရေး​ဝန်းကျင်​တွင် ထိုသို့​ပြု​ခဲ့​၏၊ အကြောင်း​မှာ ထို​အချိန်တွင် ကက်သလစ်​ချာ့ခ်ျ​သည် ကော့​ပါးနီ​ကန်​သီအိုရီ​ကို ဗြောင်​ဆန့်ကျင်​နေပြီ​ဖြစ်သော​ကြောင့်​တည်း။ ၎င်းကို​အကြောင်းပြု၍ ဂယ်လီလီယို​က နေသည် စကြဝဠာ​၏​ဗဟို​ဖြစ်သည်​ဟူသော သဘောတရား​မှာ မှန်ကန်​ရုံ​သာမက ကျမ်းစာ​နှင့်​ပင်​ကိုက်ညီ​ကြောင်း အခိုင်အမာ​ပြောဆို​ခဲ့​သည့်​အခါ ချာ့ခ်ျ​က အယူ​လွဲမှား​မှု​ဟု သင်္ကာမကင်း​ဖြစ်​လေ​တော့​သည်။ *

ဂယ်လီလီယို​သည် ခုခံ​ကာကွယ်​ပြောဆို​ဖို့ ရောမမြို့​သို့ သွားခဲ့သော်​လည်း အချည်းနှီး​ဖြစ်​ခဲ့​ရ၏။ ၁၆၁၆ ခုနှစ်​တွင် ချာ့ခ်ျ​က ကော့​ပါး​နိ​ကတ်​အား ထောက်ခံ​ခြင်း​ကို ရပ်​တန်း​က​ရပ်​ရန် သူ့​အား အမိန့်ပေး​ခဲ့​၏။ ဂယ်လီလီယို​သည် ကာလ​အတန်ကြာ နှုတ်ဆိတ်​နေခဲ့​၏။ ထို့နောက် ၁၆၃၂ ခုနှစ်​တွင် ကော့​ပါး​နိ​ကတ်​အား ထောက်ခံ​သည့် နောက်​စာအုပ်​တစ်အုပ်​ကို ထုတ်ဝေ​လိုက်​သည်။ နောက်​တစ်နှစ်​တွင်​ပင် ဘာသာရေး​ခုံရုံး​က ဂယ်လီလီယို​အား ထောင်ဒဏ်​တစ်သက်တစ်ကျွန်း ချမှတ်​လိုက်​လေ​သည်။ သို့ရာတွင် သူ၏​အသက်အရွယ်ကို ထောက်ထား​ညှာတာ​သည့်​အနေ​နှင့် အကျယ်ချုပ်​အဖြစ် အလျင်အမြန် ပြစ်ဒဏ်​လျှော့ပေါ့​ပေး​လိုက်​သည်။

လူအများ​က ဂယ်လီလီယို​၏ ချာ့ခ်ျ​နှင့်​ပဋိပက္ခ​သည် ဘာသာ​တရား​အပေါ် သိပ္ပံ​ပညာ​၏ အကြီးအကျယ်​အောင်ပွဲခံ​မှု၊ အကျယ်​ဆို​ရ​လျှင် သမ္မာကျမ်းစာ​အပေါ် သိပ္ပံ​ပညာ​၏ အကြီးအကျယ်​အောင်ပွဲခံ​မှု​တစ်ရပ်​အဖြစ် ရှုမြင်ကြ​၏။ သို့သော် ရိုးရှင်း​လွန်း​သည့် ဤ​ကောက်ချက်​သည် အဖြစ်မှန်​များစွာကို ဥပေက္ခာပြု​ထား​ကြောင်း နောက်​ဆောင်းပါး​တွင် ကျွန်ုပ်​တို့​ဖတ်ရှု​ကြ​ရမည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ဂယ်လီလီယို​သည် ၎င်း​၏​ထိုးနှက်၊ ထေ့ငေါ့​တတ်​မှု​တို့​ကြောင့် ကိုယ့်​အတတ်​နှင့်​ကိုယ်​စူး​ရလေ​သည်။ ထို့​အပြင် နေသည် စကြဝဠာ​၏​ဗဟို​ဖြစ်သည်​ဟူသော သဘောတရား​မှာ ကျမ်းစာ​နှင့်​ကိုက်ညီ​ကြောင်း ငြင်းခုံခြင်း​အားဖြင့် သူ့ကိုယ်သူ ဘာသာရေး​အာဏာပိုင်​တစ်ဦး​အဖြစ် ဖော်ပြ​လိုက်​ရာ ယင်းက ချာ့ခ်ျ​၏​ဒေါသကို ထပ်၍​ဆွပေး​လိုက်​ပြန်​သည်။

[စာမျက်နှာ ပါ ရုပ်ပုံ]

ကော့​ပါး​နိ​ကတ်

[Credit Line]

Taken from Giordano Bruno and Galilei (German edition)

[စာမျက်နှာ ပါ ရုပ်ပုံ]

ဂယ်လီလီယို​သည် ရောမမြို့​ရှိ ဘာသာရေး​ခုံရုံး ရှေ့မှောက်​တွင် ထုချေ​လျှောက်​လဲနေ

[Credit Line]

The Historian’s History of the World, Vol. IX, 1904

[Picture Credit Line on page 3]

နောက်ခံ– Chart depicting Copernicus’ concept of the solar system