စိတ်ပျက်လက်မှိုင်ချရချိန်တွင် မျှော်လင့်ချက်—ခိုလှုံရေးစခန်းတစ်ခုမှ စည်းဝေးပွဲ
စိတ်ပျက်လက်မှိုင်ချရချိန်တွင် မျှော်လင့်ချက်—ခိုလှုံရေးစခန်းတစ်ခုမှ စည်းဝေးပွဲ
ကာကူမာခိုလှုံရေးစခန်းသည် ဆူဒန်နယ်စပ်အနီး၊ ကင်ညာနိုင်ငံ၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ယင်းသည် လူ ၈၆,၀၀၀ ကျော်တို့၏ စခန်းဖြစ်လေသည်။ နေ့ခင်းတွင် အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက်အထိရှိကာ အလွန်ပူပြင်းခြောက်သွေ့၏။ ဤသို့သော အခြေအနေမဲ့အသိုင်းအဝိုင်းတွင် နိုင်လိုမင်းထက်ပြုကြသည်မှာ ဓမ္မတာပင်။ အများစုအတွက် ဤသို့သောစခန်းသည် စိတ်ပျက်လက်မှိုင်ချရာ အရပ်တစ်ခုပင်။ သို့သော် အခြားသူတို့အတွက်မူ မျှော်လင့်ချက်ရှိနေပါသည်။
အဆိုပါခိုလှုံသူများထဲတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို စိတ်အားထက်သန်စွာ ကြေညာနေကြသည့် ယေဟောဝါသက်သေ အတော်များများ ပါရှိကြသည်။ ထိုသက်သေခံများသည် စခန်း၏တောင်ဘက် ၇၅ မိုင်အကွာတွင်ရှိသည့် လို့ဒ်ဝါအသင်းတော်ငယ်တစ်ခုမှဖြစ်၏။ နောက်အသင်းတော်တစ်ခုမှာ လို့ဒ်ဝါအသင်းတော်မှ ရှစ်နာရီကြာသွားရသည့် နေရာတွင်ရှိသည်။
ခိုလှုံနေသူများသည် စခန်း၏အပြင်ဘက်သို့ လွတ်လွတ်လပ်လပ် ထွက်မသွားနိုင်သည့်အတွက် ယေဟောဝါသက်သေများ၏ စည်းဝေးပွဲများနှင့် စည်းဝေးကြီးများကို လူအများစု မတက်ရောက်နိုင်ကြချေ။ ဤအကြောင်းကြောင့် စခန်းအတွင်း အထူးစည်းဝေးပွဲနေ့ကိုကျင်းပရန် အစီအစဉ်ရေးဆွဲခဲ့ကြသည်။
မြောက်ဘက်သို့ခရီးဆန့်
အဆိုပါစည်းဝေးပွဲကို ကူညီပေးရန် စခန်း၏တောင်ဘက် မိုင် ၃၀၀ အကွာတွင်ရှိသည့် အဲလ်ဒရက်တ်မြို့မှ သက်သေခံ ၁၅ ဦးသည် မိမိ၏မီနီဘတ်စ်နှင့် ဒရိုင်ဘာကို အသုံးပြုခွင့်ပေးသည့် ကျမ်းစာသင်သားတစ်ဦးနှင့်အတူ ပူပြင်းခြောက်သွေ့သော မြောက်ဘက်သို့ ခရီးကြမ်းနှင်လာခဲ့ကြသည်။ သူတို့၏လှိုက်လှဲသောစိတ်ဆန္ဒမှာ မိမိတို့၏ညီအစ်ကိုများကို အားပေးဖို့ဖြစ်သည်။
ကင်ညာအနောက်ဘက်ပိုင်း ကုန်းမြင့်ဒေသမှ ချမ်းချမ်းစီးစီး နံနက်စောစောတွင် ခရီးစထွက်ခဲ့ကြ၏။ ခရီးလမ်းမှာ ခလုတ်ကန်သင်းများပြီး စိုက်ခင်းနှင့် သစ်တောများဆီသို့ ထောင်တက်သွားပြီးနောက် ချုံနွယ်ပိတ်ပေါင်းများရှိရာ ပူပြင်းသော ကန္တာရဆီသို့ ပြန်နိမ့်ဆင်းသွားသည်။ ဆိတ်အုပ်များနှင့် ကုလားအုတ်များသည် ကျတ်တီးမြေကွင်းပြင်တွင် မြက်စားနေကြ၏။ လူမျိုးနွယ်စုဝင်တို့သည် ရိုးရာဝတ်စုံများဝတ်ဆင်ထားကြကာ အများစု၏လက်ထဲတွင်လည်း တင်းပုတ်များ၊ လေးများနှင့် မြားများကိုင်ဆောင်၍ သွားလာနေကြသည်။ ၁၁ နာရီကြာ ခရီးနှင်ပြီးနောက် သက်သေခံတို့သည် လူ ၂၀,၀၀၀ နီးပါးရှိသည့် ပူပြင်း၍ဖုန်ထူသော လို့ဒ်ဝါသို့ ရောက်ရှိသွားကြလေသည်။ သက်သေခံအိမ်ရှင်များက သူတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပြီးနောက် သူတို့သည် သီတင်းပတ်အဆုံးပိုင်းတွင် အပြည့် လုပ်ဆောင်ရမည့်အရာအတွက် အဆင်သင့်ဖြစ်စေရန် အိပ်စက်အနားယူကြ၏။
နောက်မနက်တွင် ဤအလည်အပတ်ရောက်ရှိလာသူတို့သည် ဒေသရှုခင်းများကို လည်ပတ်ကြည့်ရှုကြသည်။ ကင်ညာနိုင်ငံ၏ အကြီးဆုံးရေကန်ဖြစ်သည့် တာကာနာအိုင်သည် လည်ကိုလည်ပတ်ရမည့်နေရာတစ်ခုဖြစ်၏။ မိုင်ချီကျယ်သော ကန္တာရချုံပုတ်တောများနှင့် ပတ်လည်ဝိုင်းနေသည့် ဤကန်ကြီးသည် ကမ္ဘာ့မိကျောင်းအများဆုံး စံပျော်ရာနေရာလည်းဖြစ်သည်။ အငန်ဓာတ်ပါသည့်ရေသည် ကန်စောင်းတစ်လျှောက်တွင် နေထိုင်ကြသည့် လူနည်းစုကို အသက်ဆက်ပေးသည်။ ညနေပိုင်းတွင် ဧည့်သည်များသည် ဒေသခံအသင်းတော်နှင့်အတူ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လုပ်ငန်းတော်အစည်းအဝေးကို ပျော်ရွှင်စွာတက်ရောက်ခဲ့ကြ၏။ သူတို့တွင် လှပသည့် ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခု ရှိထားသည်၊ ယင်းကို ငွေကြေးအခက်အခဲရှိ နိုင်ငံများအတွက် သက်သေခံတို့၏ ဆောက်လုပ်ရေးအစီအစဉ်ဖြင့် ၂၀၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
အထူးစည်းဝေးပွဲနေ့
တနင်္ဂနွေနေ့သည် အထူးစည်းဝေးပွဲနေ့အတွက် ဖြစ်လေသည်။ လို့ဒ်ဝါအသင်းတော်နှင့် လည်ပတ်ရောက်ရှိလာသည့် ညီအစ်ကိုများသည် နံနက် ၈ နာရီတွင် စခန်းထဲဝင်ရောက်ခွင့်ရခဲ့ကြသဖြင့် အဆိုပါသက်သေခံများသည် စည်းဝေးပွဲကို စောစောစတင်လိုကြသည်။ မြွေလိမ်မြွေကောက်လမ်းသည် ကျတ်တီးမြေလွင်ပြင်မှသည် ဆူဒန်နယ်စပ်အထိရောက်၏။ တောင်စွယ်တောင်ထွတ်များက လမ်းကို မိုးထားသည်။ ဤတောင်ကြားရှုမျှော်ခင်းမှာ ကာကူမာရွာအထိပင် ကျယ်ပြန့်လှ၏။ မိုးရွာနေသဖြင့် စခန်းအတွင်းရှိ ဖုန်ထူသောလမ်းမှာ နေရာတော်တော်များများ ရေမြုပ်သွားလေသည်။ အိမ်အများစုကို ရွှံ့အုတ်နှင့်ဆောက်ထားပြီး သွပ် သို့မဟုတ် တာလပတ်ဖြင့် အမိုး မိုးထားသည်။ အီသီယိုးပီးယား၊ ဆိုမာလီ၊ ဆူဒန်နှင့် အခြားလူမျိုးတို့သည် ကိုယ့်အုပ်စုနှင့်ကိုယ် နေထိုင်နေကြ၏။ ခိုလှုံနေသူများက အလည်ရောက်လာသူများကို အားတက်သရော ကြိုဆိုကြသည်။
စည်းဝေးပွဲကို လေ့ကျင့်ရေးဌာနတစ်ခုတွင် ကျင်းပကြ၏။ ဌာနအတွင်းရှိနံရံများပေါ် ရေးဆွဲထားသည့်ရုပ်ပုံများက ခိုလှုံသူတို့ဘဝ၏ ကြောက်မက်ဖွယ်ရာများအကြောင်းကို ပြောပြနေသလိုရှိသော်လည်း ထိုနေ့ရက်၌ ခန်းမအတွင်းရှိစိတ်ဓာတ်မှာ မျှော်လင့်ချက်ရှိကြောင်း ဖော်ပြနေသည်။ ဟောပြောချက်တိုင်းကို အင်္ဂလိပ်နှင့် ဆွာဟီလီဘာသာစကားတို့ဖြင့် ဟောခဲ့ကြ၏။ ဟောပြောသူတချို့မှာ ဘာသာစကားနှစ်မျိုးစလုံးဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဟောပြောနိုင်ကြလေသည်။ ဆူဒန်နိုင်ငံမှ ခိုလှုံသူညီအစ်ကိုတစ်ဦးက “ကျွန်ုပ်တို့၏ပုံဆောင်နှလုံးကို စစ်ဆေးခြင်း” ဟူသည့် အဖွင့်ဟောပြောချက်ကို ဟောပြောသွားသည်။ ကျန်အပိုင်းများကို လည်ပတ်ရောက်ရှိနေသည့် အကြီးအကဲများက ဟောပြောသွားကြ၏။
စည်းဝေးပွဲတိုင်း၏ အထူးပေါ်လွင်ချက်တစ်ခုမှာ နှစ်ခြင်းမင်္ဂလာဖြစ်ပေသည်။ နှစ်ခြင်းဟောပြောချက်ပေးပြီးနောက် မတ်တတ်ရပ်လိုက်သည့် နှစ်ခြင်းခံမည့်သူတစ်ဦးထံ မျက်လုံးအားလုံး ရောက်သွားကြ၏။ ဇဟီဘာသည် မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်ပွားသည့် ၁၉၉၄ ခုနှစ်အတွင်း ဇာတိနိုင်ငံမှ ဖခင်နှင့်အတူ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် ဘူရွန်ဒီနိုင်ငံ၌ ခိုလှုံရန် မျှော်လင့်ခဲ့ကြသော်လည်း သူတို့သည် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း မကြာမီ သဘောပေါက်သွားကြ၏။ ဇဟီဘာသည် ဇိုင်ယာနိုင်ငံ၊ ထိုမှတစ်ဖန် တန်ဇန်းနီးယားနိုင်ငံ—တစ်ခါတစ်ရံ တောထဲတွင် ပုန်းအောင်းနေခဲ့ရကာ—နောက်ဆုံး ကင်ညာနိုင်ငံသို့ ထွက်ပြေးရောက်ရှိလာခဲ့သည်။ ဟောပြောချက်ပေးသူက သူ့အား အသင်းတော်ရှိ ညီအစ်ကိုတစ်ဦးအဖြစ် ကြိုဆိုလိုက်သည့်အခါ လူအများ မျက်ရည်လည်သွားကြလေသည်။ လူ ၉၅ ဦးရှိ သေးငယ်သော စည်းဝေးပွဲရှေ့တွင် မတ်တတ်ရပ်နေလျက် ဟောပြောသူမေးသည့်မေးခွန်းနှစ်ခုကို ဇဟီဘာက ဆွာဟီလီဘာသာစကားဖြင့် “နဒီယို!”—“ဟုတ်ကဲ့!”—ဟု ယုံကြည်မှုအပြည့်ဖြင့် ပီပီသသ ဖြေလိုက်သည်။ သူနှင့် ညီအစ်ကိုတချို့သည် ကန်လေးတစ်ခုကို လက်ဖြင့်တူးခဲ့ကြပြီး ကန်အတွင်းပတ်လည်ကို တစ်ချိန်က စခန်းရှိ သူ၏နေအိမ်ကို အမိုးမိုးခဲ့သည့် တာလပတ်ဖြင့် ခံထားလိုက်သည်။ နှစ်ခြင်းခံလိုသည့်စိတ်ဇောကို သူတင်ပြသည့်အနေနှင့် ထိုနေ့နံနက်ပိုင်းတွင် ကန်လေးကို သူကိုယ်တိုင် ရေတစ်ပုံးပြီးတစ်ပုံး အပြည့်ဖြည့်ထားလိုက်လေသည်!
နေ့လယ်ပိုင်းအစီအစဉ်၏ ပေါ်လွင်ချက်တစ်ခုမှာ ခိုလှုံရေးစခန်းမှသက်သေခံများ၏ ထူးခြားသောအခြေအနေနှင့်ပတ်သက်၍ တွေ့ ကြုံမှုများ ပြန်လည်ပြောပြကြခြင်းဖြစ်၏။ ညီအစ်ကိုတစ်ဦးက သစ်ပင်အောက်တွင် အနားယူနေသည့်လူတစ်ဦးထံ သူမည်သို့ချဉ်းကပ်ခဲ့ပုံကို ဤသို့ပြောပြခဲ့သည်။
“သစ်ပင်အောက်မှာထိုင်တာဟာ အမြဲ ဘေးကင်းလုံခြုံမှုရှိပါသလား။”
“ဒါပေါ့” ဟု ထိုလူက ပြန်ဖြေခဲ့သည်။ ထို့နောက် သူက “ဒါပေမဲ့ ညမှာတော့ မလုံခြုံဘူး” ဟု ထပ်ဆိုလိုက်သည်။
ညီအစ်ကိုက မိက္ခာ ၄:၃၊ ၄ ကို ထိုလူအား ဤသို့ဖတ်ပြသည်– “လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။” “တွေ့လား၊ ဘုရားသခင့်ကမ္ဘာသစ်မှာဆိုရင် အမြဲ ဘေးကင်းလုံခြုံမှာ” ဟု ရှင်းပြ၏။ ထိုသူသည် ကျမ်းစာသင်အံမှု အထောက်အကူပြု စာအုပ်တစ်အုပ်ကို လက်ခံလိုက်သည်။
ကာကူမာသို့ လာရောက်သည့် ညီအစ်မတစ်ဦးမှာ မကြာသေးမီက ဆွေမျိုးသုံးဦးကို ဆုံးရှုံးလိုက်ရသူဖြစ်သည်။ စခန်းရှိ ညီအစ်ကိုများနှင့်ပတ်သက်၍ သူဤသို့ချီးမွမ်းလိုက်၏– “ဒီနေရာဟာ အရမ်းခက်ခဲတဲ့နေရာဖြစ်ပေမဲ့ သူတို့ရဲ့ယုံကြည်ခြင်းက ခိုင်မာနေတာပဲ။ ပျော်ရွှင်မှုမဲ့တဲ့နေရာမှာ သူတို့နေ,နေရပေမဲ့ ယေဟောဝါရဲ့အမှုတော်ကို ပျော်ရွှင်စွာ ထမ်းဆောင်နေကြတယ်။ ဘုရားသခင်နဲ့ ငြိမ်းချမ်းတဲ့ဆက်ဆံရေး သူတို့ရရှိထားကြတယ်။ ငြိမ်သက်မှုရှိဖို့နဲ့ ယေဟောဝါရဲ့အမှုတော်ကိုဆောင်ဖို့ ကျွန်မ အားပေးခံခဲ့ရပါတယ်။ အပြစ်ဆိုစရာ ဘာမှမတွေ့ရဘူး!”
စည်းဝေးပွဲနေ့သည် အကုန်မြန်လှပါဘိ။ နိဂုံးဟောပြောချက်တွင် ဟောပြောသူက နိုင်ငံရှစ်နိုင်ငံမှ ကိုယ်စားလှယ်များလည်း ရှိနေကြကြောင်း ထောက်ပြခဲ့သည်။ ကွဲပြားနေသောလောကတွင် ယေဟောဝါသက်သေများအလယ် စည်းလုံးမှုနှင့် ချစ်ခြင်းမေတ္တာရှိနေသည်ကို ဤစည်းဝေးပွဲက အထောက်အထားဖြစ်ကြောင်း ခိုလှုံရေးစခန်းမှ သက်သေခံတစ်ဦးက ပြောဆို၏။ သူတို့၏ညီအစ်ကိုအသင်းအပင်းသည် စစ်မှန်သော ခရစ်ယာန်ညီအစ်ကိုအသင်းအပင်း ဖြစ်လေသည်။—ယောဟန် ၁၃:၃၅။
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]
ပျောက်ဆုံးသွားသော ဆူဒန်သူငယ်လေးများ
ဆူဒန်နိုင်ငံတွင် ပြည်တွင်းစစ် စတင်ဖြစ်ပွားသည့် ၁၉၈၃ ခုနှစ်မှစ၍ လူငါးသန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရရှာသည်။ ၎င်းတို့အထဲတွင် မိမိတို့၏မိသားစုနှင့် ကွဲကွာနေသည့် ကလေးသူငယ် ၂၆,၀၀၀ ခန့်ပါဝင်၏။ အီသီယိုးပီးယားနိုင်ငံရှိ ခိုလှုံရေးစခန်းများသို့ ထောင်နှင့်ချီ ထွက်ပြေးလာခဲ့ကြရာ ထိုတွင် သုံးနှစ်ခန့် နေခဲ့ကြ၏။ အတင်းအကျပ် ပြန်ရွှေ့ပြောင်းခိုင်းသဖြင့် သူတို့သည် ဆူဒန်နိုင်ငံကိုဖြတ်၍ မြောက်ဘက်ပိုင်း ကင်ညာနိုင်ငံသို့ တစ်နှစ်ကြာ ခြေလျင်ခရီးဆန့်ခဲ့ကြရပြီး စစ်သားများ၊ ဓားပြများ၊ ရောဂါများနှင့် သားရဲတိရစ္ဆာန်များကြောင့် သေကျေခဲ့ကြလေသည်။ ခက်ခဲကြမ်းတမ်းသော ဤခရီးတွင် ကလေးသူငယ် ထက်ဝက်လောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ရာ နောက်ဆုံး ဤသူတို့သည် ကာကူမာခိုလှုံရေးစခန်း၏ အခရာဖြစ်လာခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက သူတို့ကို ပျောက်ဆုံးသွားသော ဆူဒန်သူငယ်လေးများဟု ကင်ပွန်းတပ်ထားကြ၏။
ကာကူမာခိုလှုံရေးစခန်းသည် ယခုအခါ ဆူဒန်၊ ဆိုမားလီးယား၊ အီသီယိုးပီးယားနှင့် အခြားနိုင်ငံများမှ ခိုလှုံသူများ၏ လူမျိုးပေါင်းစုံဂေဟာတစ်ခု ဖြစ်နေလေပြီ။ ယင်းခိုလှုံရေးစခန်းသို့ ရောက်ရှိလာပြီဆိုလျှင် အိမ်ဆောက်ဖို့ အခြေခံပစ္စည်းတချို့နှင့် အမိုး,မိုးဖို့ တာလပတ်တစ်ခုပေးသည်။ ခိုလှုံသူတစ်ဦးလျှင် ဂျုံမုန့် ၁၃ ပေါင်ခန့်၊ ပဲ ၂ ပေါင်၊ ဆီအနည်းငယ်နှင့် ဆားတို့ကို တစ်လနှစ်ကြိမ် ထုတ်ပေးသည်။ အခြားလိုအပ်ရာများရရှိရန် ခိုလှုံသူများစွာသည် မိမိတို့၏ဝေစုတချို့ကို ရောင်းဝယ်ကြ၏။
အဆိုပါပျောက်ဆုံးသူငယ်လေးများအနက် တချို့မှာ မိမိတို့၏မိသားစုနှင့် ပြန်လည်ဆုံစည်းခဲ့ကြ၊ အခြားနိုင်ငံများတွင် အခြေချနေထိုင်ခဲ့ကြသည်။ သို့သော် ခိုလှုံနေသူများအား ပြန်လည်နေရာချထားရေးရုံး၏အဆိုအရ “ဖုန်ထူ၍ ယင်ပေါများသော ကာကူမာခိုလှုံရေးစခန်းတွင် ထောင်နှင့်ချီဆက်လက်နေထိုင်လျက်ရှိသည်၊ ထိုတွင် သူတို့သည် အစားအစာအတွက် ခြစ်ခြုတ်ရှာဖွေနေရပြီး ပညာကြိုးစားသင်ယူနေကြသည်။”
[Credit Line]
Courtesy Refugees International
[စာမျက်နှာ ၂၃ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကင်ညာ
ကာကူမာစခန်း
တာကာနာကန်
လို့ဒ်ဝါ
အဲလ်ဒရက်တ်
နိုင်ရိုဘီ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
စခန်းအတွင်းရှိ လူနေမှုအခြေအနေမှာ စိန်ခေါ်ချက်ဖြစ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကာကူမာစခန်းတွင်ရေကို ခွဲတမ်းဖြင့်ပေး
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကင်ညာသက်သေခံများသည် မိမိတို့၏ ညီအစ်ကိုများကို အားပေးရန် ခက်ခဲကြမ်းတမ်းသည့်မြောက်ဘက်သို့ ခရီးနှင်ကြ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
ဒေသခံအထူးရှေ့ဆောင်တစ်ဦးပေးသည့် ဟောပြောချက်ကို ခရစ်ယာန်သာသနာပြုတစ်ဦးက စကားပြန်ပေးနေ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
နှစ်ခြင်းပေးသည့်ကန်
[Picture Credit Line on page 23]
ရေကို ခွဲတမ်းနှင့်ပေးနေခြင်း၊ ကာကူမာခိုလှုံရေးစခန်း–