မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင့်စကားတော်သည် သင်၏လမ်းခရီးကို လင်းစေပါ

ဘုရားသခင့်စကားတော်သည် သင်၏လမ်းခရီးကို လင်းစေပါ

ဘုရားသခင့်​စကားတော်​သည် သင်၏​လမ်းခရီး​ကို လင်း​စေပါ

‘ကိုယ်တော်​၏​စကားတော်​သည် အကျွန်ုပ်​လမ်းခရီး​ကို လင်း​စေပါ​၏။’—ဆာလံ ၁၁၉:၁၀၅

၁၊ ၂။ အဘယ်​အခြေအနေ​မျိုး​တွင်​ရှိလျှင် ယေဟောဝါ​၏​စကားတော်​သည် ကျွန်ုပ်​တို့၏​လမ်းခရီး​ကို လင်း​စေနိုင်​မည်​နည်း။

ယေဟောဝါ​၏​စကားတော်​ဖြင့် ကျွန်ုပ်​တို့၏​လမ်းခရီး​ကို လင်း​စေ​လျှင် ထိုသို့​ပင်​ဖြစ်ပါ​လိမ့်​မည်။ ထိုသို့​သော​ဝိညာဉ်​ရေး​အလင်း​၏​အကျိုးကို ခံစားရ​ရန် သမ္မာကျမ်းစာ​ကို အပတ်တကုတ်​လေ့လာ​၍ ယင်း​၏​အကြံပြုချက်ကို ကျင့်သုံး​ရမည်။ သို့​ပြု​မှ​သာ ဆာလံဆရာ​၏ ဤ​သဘောထားမျိုး​ရှိ​နိုင်​မည်– ‘ကိုယ်တော်​၏​စကားတော်​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို လင်း​စေပါ​၏။’—ဆာလံ ၁၁၉:၁၀၅

ယခု ဆာလံ ၁၁၉:၈၉-၁၇၆ ကို​သုံးသပ်ကြည့်​ကြပါစို့။ အပိုဒ် ၁၁ ပိုဒ်​ဖြင့် စီစဉ်​ဖော်ပြ​ထား​သည့် အဆိုပါ​အခန်းငယ်​များ​တွင် အချက်အလက်​များစွာ အမှန်​ပါရှိ​သည်! ၎င်းတို့သည် ကျွန်ုပ်​တို့ကို ထာဝရ​အသက်​လမ်းပေါ် ဆက်​တည်ရှိ​စေနိုင်​၏။—မဿဲ ၇:၁၃၊ ၁၄

ဘုရားသခင့်​စကားတော်​ကို အဘယ်ကြောင့် နှစ်သက်​စွဲလမ်း​ရမည်​နည်း

၃။ ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​ကြောင်း ဆာလံ ၁၁၉:၈၉၊ ၉၀ က​မည်သို့​ဖော်ပြ​သနည်း။

ယေဟောဝါ​၏​စကားတော်​ကို နှစ်သက်​စွဲလမ်း​ပါ​က ဝိညာဉ်​ရေး​တည်ငြိမ်မှု​ရှိစေ​မည်။ (ဆာလံ ၁၁၉:၈၉-၉၆) ဆာလံဆရာ​က ဤသို့​သီဆို​ခဲ့​သည်– ‘အို​ထာဝရ​ဘုရားသခင်၊ စကားတော်​သည် ကောင်းကင်ဘုံ​၌ အစဉ်အမြဲ​တည်​ပါ​၏။ . . . မြေကြီးကို​တည်စေ​တော်​မူ​သဖြင့် သူသည် အမြဲ​နေပါ​၏။’ (ဆာလံ ၁၁၉:၈၉၊ ၉၀) ကိုယ်တော်​၏ “မိုးကောင်းကင်​တရား” ဖြစ်သော ဘုရားသခင့်​စကားတော်​အားဖြင့် ကောင်းကင်​တန်ဆာ​တို့သည် ၎င်းတို့၏​ပတ်​လမ်း​တွင် အတိမ်းအစောင်း​မရှိ ရွေ့​ရှား​လျက်​ရှိပြီး မြေကြီး​မှာ​မူ ကာလ​အစဉ် တည်မြဲ​တည်​နေ​၏။ (ယောဘ ၃၈:၃၁-၃၃; ဆာလံ ၁၀၄:၅) ယေဟောဝါ​၏​နှုတ်​တော်​ထွက်​စကား ရှိရှိသမျှကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်; ဘုရားသခင်​၏​ရည်ရွယ်ချက် ပြည့်စုံ​ရေး​တွင် ကိုယ်တော်​မိန့်ဆို​သမျှ “အောင်​လိမ့်​မည်။”—ဟေရှာယ ၅၅:၈-၁၁

၄။ ဘုရားသခင်​၏​စကားတော်​ကို နှစ်သက်​စွဲလမ်းခြင်း​က ကိုယ်တော်​၏​ဆင်းရဲ​ခက်ခဲ​နေသော ကျေးကျွန်​များ​အတွက် အဘယ်​အကျိုးပြု​သနည်း။

ဆာလံဆရာ​သည် “ကိုယ်တော်​၏​တရား၌ မွေ့လျော်ခြင်း​မ​ရှိလျှင် အထက်​က ဆင်းရဲခံ​စဉ် ပျက်စီး” ခဲ့​လိမ့်​မည်။ (ဆာလံ ၁၁၉:၉၂) သူ့ကို ညှဉ်းဆဲ​သူများ​မှာ တိုင်းတစ်ပါးသား​များ​မဟုတ်ဘဲ သူ့ကို မုန်းတီး​သူများ​သည် တရားတော်​ကို​ချိုးဖောက်​သော ဣသရေလ​အမျိုးသားများ​ပင်​ဖြစ်သည်။ (ဝတ်ပြုရာ ၁၉:၁၇) သို့သော် ယင်းကြောင့် သူ​မယိမ်းယိုင်​ခဲ့​ချေ၊ အကြောင်း​မှာ ဘုရားသခင်​၏​တရားတော်​ကို နှစ်သက်​မြတ်နိုး​၍​ဖြစ်၏။ တမန်​တော်​ပေါလု​သည် ကောရိန္သု​မြို့တွင် သူ့ကို စွဲချက်​တင်​လို​ကြသော “ထူးချွန်​တမန်​တော်​ကြီး​များ” အပါအဝင် “ညီအစ်ကို​ဖြစ်ယောင်ဆောင်​သော​သူတို့​ပြုသော​ဘေး” ကို​တွေ့ကြုံ​နေ​၏။ (၂ ကောရိန္သု ၁၁:၅က​ဘ၊ ၁၂-၁၄၊ ၂၆) သို့​တိုင် ပေါလု​သည် ဘုရားသခင့်​စကားတော်​ကို နှစ်သက်​စွဲလမ်း​သောကြောင့် ဝိညာဉ်ရေးတွင် တည်တံ့​မြဲမြံ​ခဲ့​ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စကားတော်​ကို နှစ်သက်​စွဲလမ်း​ပြီး ကျင့်သုံး​ကြ​သဖြင့် ညီအစ်ကို​များ​ကို ချစ်​နိုင်​ကြသည်။ (၁ ယောဟန် ၃:၁၅) လောက​မုန်းတီးမှု​ပင် ဘုရားသခင်​၏​မည်သည့်​လမ်းညွှန်ချက်ကို​မဆို မေ့ပျောက်​သွားစေရန် ကျွန်ုပ်​တို့အား ပြုလုပ်​နိုင်​မည်​မဟုတ်​ချေ။ ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​အမှုတော်ကို ထာဝစဉ်​ပျော်ရွှင်စွာ ထမ်းဆောင်​ရမည့်​အချိန်ကို စောင့်မျှော်​လျက် ကိုယ်တော်​၏​အလိုတော်ကို ညီအစ်ကို​များနှင့်​အတူ မေတ္တာဖြင့် စည်းလုံးစွာ ဆောင်ရွက်​နေကြ​သည်။—ဆာလံ ၁၁၉:၉၃

၅။ အာသမင်း​သည် ယေဟောဝါ​ကို မည်သို့​ရှာဖွေခဲ့​သနည်း။

ယေဟောဝါ​အား ဆည်းကပ်​ဝတ်ပြု​သည်ကို ဖော်ပြ​ရန် ကျွန်ုပ်​တို့ ဤသို့​ဆုတောင်း​နိုင်​ကြသည်– “အကျွန်ုပ်သည် ကိုယ်တော်​၏​ကျွန်​ဖြစ်ပါ​၏။ ကိုယ်တော်​၏​ဥပဒေသ​များ​ကို ရှာဖွေ​လိုက်​စစ်​သောကြောင့် အကျွန်ုပ်​ကို ကယ်တင်​တော်​မူ​ပါ။” (ဆာလံ ၁၁၉:၉၄) အာသမင်း​သည် ဘုရားသခင်​အား ရှာဖွေ​၍ ယုဒပြည်​ရှိ အယူဖောက်ပြန်သူ တစ်ယောက်​မကျန် သတ်ခဲ့​သည်။ အာသမင်း​နန်းစံ ၁၅ နှစ် (ဘီ.စီ.အီး. ၉၆၃ ခုနှစ်) ၌​လူ​အစုအဝေး​ကြီး​တွင် ယုဒ​လူတို့သည် ‘ထာဝရ​ဘုရားသခင်​ကို ရှာပါ​မည်​ဟု ကျိန်ဆို​၍ ဝန်ခံခြင်း​ပဋိညာဉ်ဖွဲ့​ကြ​၏။’ ထို​အခါ ဘုရားသခင်​သည် “အတွေ့ခံ​တော်​မူ” ၍ “အရပ်ရပ်​၌ ငြိမ်သက်ခြင်း​အခွင့်​ကို ပေး​တော်​မူ​၏။” (၂ ရာဇဝင်ချုပ် ၁၅:၁၀-၁၅) ဤ​ပုံ​နမူနာကို​ထောက်ရှု၍ ခရစ်ယာန်​အသင်းတော်​နှင့် တဖြည်းဖြည်း​ဝေးကွာ​သွား​သူ မည်သူ​မဆို ဘုရားသခင်​ကို တစ်ဖန်​ပြန်​ရှာဖွေ​ရန် အားပေးမှု​ဖြစ်​သင့်​၏။ ကိုယ်တော်​သည် မိမိ၏​လူမျိုးတော်​နှင့် တက်ကြွ​စွာ ပြန်ပေါင်း​သင်း​သူများကို ကောင်းချီး​ပေး​၍ ကာကွယ်​ပေး​တော်​မူ​လိမ့်​မည်။

၆။ အဘယ်​လမ်းစဉ်သည် ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​ဘေးမသင့်​စေရန် ကာကွယ်​ပေး​မည်​နည်း။

ယေဟောဝါ​၏​စကားတော်​သည် ဝိညာဉ်​ရေး​ဘေးမသင့်​စေရန် ကာကွယ်​ပေး​နိုင်​သည့် ဉာဏ်​ပညာရှိ​စေ​၏။ (ဆာလံ ၁၁၉:၉၇-၁၀၄) ဘုရားသခင်​၏​ပညတ်တော်​များသည် ကျွန်ုပ်​တို့​ရန်သူများ​ထက် ကျွန်ုပ်​တို့ကို ဉာဏ်ပညာ​သာလွန်​စေ​သည်။ ကိုယ်တော်​၏​သတိပေး​နှိုးဆော်ချက်​များ​ကို လိုက်နာခြင်း​သည် ထိုးထွင်း​သိမြင်မှု​ရှိစေပြီး ‘ကိုယ်တော်​၏​ဥပဒေသ​များ​ကို စောင့်ရှောက်ခြင်း​သည် အသက်ကြီးသူတို့​ထက် သာ၍​ဉာဏ်​ကောင်း’ စေ​၏။ (ဆာလံ ၁၁၉:၉၈-၁၀၀) ယေဟောဝါ​၏​မိန့်တော်မူချက်​တို့သည် “အကျွန်ုပ် . . . ခံတွင်း​ထဲမှာ ပျားရည်​ထက် သာ၍​ချို” မည်​ဆိုလျှင် ‘လမ်းမှား​ရှိသမျှ​တို့ကို​မုန်း’ ပြီး​ရှောင်​လိမ့်​မည်။ (ဆာလံ ၁၁၉:၁၀၃၊ ၁၀၄) ယင်း​သို့​ပြုခြင်း​က ဤ​နောက်ဆုံး​ကာလ​တွင် မာနကြီး​သူ၊ ကြမ်းတမ်း​သူ၊ ဘုရားတရား​မဲ့​သူတို့နှင့် ကျွန်ုပ်​တို့ ဆက်ဆံ​ရသည့်​အခါ ဝိညာဉ်​ရေး​ဘေးမသင့်​စေရန် ကာကွယ်​မှု​ရရှိစေ​လိမ့်​မည်။—၂ တိမောသေ ၃:၁-၅က​ဘ။

ကျွန်ုပ်​တို့​ခြေရှေ့​မှာ မီးခွက်

၇၊ ၈။ ဆာလံ ၁၁၉:၁၀၅ နှင့်​အညီ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ဖို့​လို​သနည်း။

ဘုရားသခင့်​စကားတော်​သည် ဝိညာဉ်​ရေး​အလင်း​ကို အမြဲမပြတ်​ထွန်းလင်းပေး​၏။ (ဆာလံ ၁၁၉:၁၀၅-၁၁၂) ကျွန်ုပ်​တို့သည် ဝိညာဉ်​တော်​ဖွား​ခရစ်ယာန်​များ​ဖြစ်စေ၊ သူတို့၏​အပေါင်းပါ “အခြားသိုး” ဖြစ်စေ ဤသို့​ကြေညာ​ကြသည်– ‘ကိုယ်တော်​၏​စကားတော်​သည် အကျွန်ုပ်​ခြေရှေ့​မှာ မီးခွက်​ဖြစ်၍ အကျွန်ုပ်​လမ်းခရီး​ကို လင်း​စေပါ​၏။’ (ယောဟန် ၁၀:၁၆; ဆာလံ ၁၁၉:၁၀၅) ဘုရားသခင့်​စကားတော်​သည် ဝိညာဉ်ရေးတွင် ကျွန်ုပ်​တို့ ထိမိ​မလဲ​စေရန် လမ်းခရီး​ကို ထွန်းလင်းပေး​သော မီးခွက်​နှင့်​တူ​၏။ (သု. ၆:၂၃) သို့​တိုင် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​သည် ယေဟောဝါ​၏​စကားတော်​ကို ကျွန်ုပ်​တို့​ခြေရှေ့​တွင် မီးခွက်​ဖြစ်စေ​ရမည်။

ကျွန်ုပ်​တို့သည် ဆာလံ ၁၁၉ ကို​ရေးဖွဲ့​သူ​ကဲ့သို့ မယိမ်းမယိုင် တည်ကြည်​ဖို့​လို​သည်။ သူသည် ဘုရားသခင်​၏​တရားတော်​မှ သွေဖည်​မသွား​စေရန် ဤသို့​ဆုံးဖြတ်​ခဲ့​သည်– “[ယေဟောဝါ​၏] ဖြောင့်မတ်​စွာ စီရင်တော်မူချက်​တို့ကို စောင့်ပါ​မည်​ဟု အကျွန်ုပ်​ကျိန်ဆို​သည်​အတိုင်း​ပြု​ပါ​မည်။” (ဆာလံ ၁၁၉:၁၀၆) သမ္မာကျမ်းစာ​ဖတ်ရှုခြင်း၊ ခရစ်ယာန်​အစည်းအဝေး​များ တက်ရောက်ခြင်း​တို့ကို မှန်မှန်​ပြုလုပ်ခြင်း​၏​တန်ဖိုး​ကို ဘယ်တော့​မျှ လျှော့မတွက်​ပါ​နှင့်။

၉၊ ၁၀။ ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံထားသူ​များသည် ‘ကိုယ်တော်​၏​ဥပဒေသ​များ​မှ လွှဲ​သွား’ နိုင်​ကြောင်း မည်သို့​သိရှိ​နိုင်​သနည်း၊ သို့သော်လည်း ယင်းကို မည်သို့​ရှောင်ရှား​နိုင်​သနည်း။

ဆာလံဆရာ​သည် ‘ဘုရားသခင်​၏​ဥပဒေသ​များ​မှ လွှဲ​၍​မသွား’ ခဲ့​ချေ၊ သို့သော် ယေဟောဝါ​အား ဆက်ကပ်​အပ်နှံထားသူ​တစ်ဦး​သည် လမ်း​လွှဲ​သွား​နိုင်​သည်။ (ဆာလံ ၁၁၉:၁၁၀) ရှင်ဘုရင်​ရှောလမုန်​သည် ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​ထားသော လူမျိုးအဝင်​ဖြစ်​ခဲ့​ပြီး မူလ​က ဘုရားသခင်​ပေး​ဉာဏ်ပညာ​နှင့်​အညီ ပြုမူ​လုပ်ဆောင်ခဲ့​သော်လည်း နောက်ပိုင်း​တွင် သွေဖည်​သွားခဲ့သည်။ “တစ်ပါး​အမျိုးသား​မိန်းမ​တို့သည်” မမှန်​သော​နတ်​ဘုရား​များ​ကို ဝတ်ပြု​ကိုးကွယ်​ရန် သူ့​အား သွေးဆောင်ခြင်း​ဖြင့် “ပြစ်မှား​စေ​သည်။”—နေဟမိ ၁၃:၂၆; ၃ ဓမ္မ​ရာဇဝင် ၁၁:၁-၆

၁၀ “ငှက်​ခတ်​သ​မား” စာတန်​သည် ကျော့ကွင်း​များစွာ ထောင်​ထား​၏။ (ဆာလံ ၉၁:၃က​ဘ) ဥပမာ၊ ယုံကြည်သူချင်း​ဖြစ်သော ယခင်​အပေါင်းပါ​တစ်ဦး​သည် ဝိညာဉ်​ရေး​အလင်း​ရှိသည့် လမ်းခရီး​ပေါ်​မှ အယူဖောက်ပြန်​သည့်​အမှောင်ထု​ထဲ​သို့ သွေဖည်​သွားစေရန် ကြိုးစား​သွေးဆောင်​ပေမည်။ သွာတိရ​မြို့ရှိ ခရစ်ယာန်​များ​ကြား​တွင် ရုပ်ပုံ​ကိုးကွယ်​ရန်၊ မတရားမေထုန်​ပြု​ရန် တခြားသူ​များ​ကို သင်ပေး​နေသော အမျိုးသမီး​တစ်စု​ဖြစ်​နိုင်​ဖွယ်​ရှိသည့် ‘ထို​မိန်းမ ယေဇဗေလ’ ရှိ၏။ ဤသို့​သောမ​ကောင်းမှု​များ​ကို ယေရှု​သည်းမခံ၊ ခွင့်​မပြု​နိုင်​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ထိုသို့​ဖြစ်​သင့်​သည်။ (ဗျာ. ၂:၁၈-၂၂; ယုဒ ၃၊ ၄) ထို့​ကြောင့် ကိုယ်တော်​၏​နည်း​ဥပဒေသ​မှ မ​သွေဖည်​ဘဲ ဘုရားသခင့်​အလင်းတော်​တွင် ရှိ​မြဲ​ရှိနေ​ရန် ယေဟောဝါ​၏​အကူအညီ​ရဖို့ ဆုတောင်း​ကြ​စို့။—ဆာလံ ၁၁၉:၁၁၁၊ ၁၁၂

ဘုရားသခင့်​စကားတော်​က ထောက်မ​ခဲ့

၁၁။ ဆာလံ ၁၁၉:၁၁၉ အရ ဘုရားသခင်​သည် ဆိုးညစ်သူ​များ​ကို မည်သို့​ရှုမြင်​သနည်း။

၁၁ ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​အထုံးအဖွဲ့တော်​များ​မှ ဘယ်တော့​မျှ သွေဖည်​မသွား​လျှင် ကျွန်ုပ်​တို့ကို ကိုယ်တော် ထောက်မ​ကူညီပေး​ပါ​လိမ့်​မည်။ (ဆာလံ ၁၁၉:၁၁၃-၁၂၀) ယေရှုသည် ယနေ့ မ​ပူ​မအေး​နွေး​ရုံ​သာ​ရှိသော ခရစ်ယာန်​အမည်ခံ​သူများကို မနှစ်သက်​သကဲ့သို့ ကျွန်ုပ်​တို့​လည်း “စိတ်​နှစ်ခွ​ရှိသူတို့​ကို” နှစ်သက်​မည်​မဟုတ်​ချေ။ (ဆာလံ ၁၁၉:၁၁၃သမ္မာ; ဗျာ. ၃:၁၆) ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု​ကိုးကွယ်​ကြသော​ကြောင့် ကိုယ်တော်​သည် ‘ကျွန်ုပ်​တို့၏​အကွယ်အကာ’ ဖြစ်​ပြီး ထောက်မ​ပေး​တော်​မူ​၏။ ကိုယ်တော်​သည် လိမ်လည်​မုသား​ပြောဆို​၍ “အထုံးအဖွဲ့တော်​တို့​မှ လွဲသွား​သမျှ​သော​သူတို့ကို ပယ်​တော်​မူ” လိမ့်​မည်။ (ဆာလံ ၁၁၉:၁၁၄၊ ၁၁၇၊ ၁၁၈; သု. ၃:၃၂) ဤ​ဆိုးညစ်သူ​များ​ကို ရွှေငွေ​အစ​ရှိသော တန်ဖိုး​ရှိ​သတ္တုများ​မှ ဖယ်​ထုတ်ပစ်​သည့် အညစ်အကြေး “ချော်” ကဲ့သို့​သာ ကိုယ်တော်​ရှုမြင်​၏။ (ဆာလံ ၁၁၉:၁၁၉; သု. ၁၇:၃) ဖျက်ဆီး​ခံရ​မည့် ဆိုးညစ်သူ​များ​ကို ပစ်ထား​သည့် အမှိုက်ပုံ​တွင် ကျွန်ုပ်​တို့ ပါ​လို​ကြ​မည်​မဟုတ်သောကြောင့် ဘုရားသခင်​၏​သတိပေး​နှိုးဆော်ချက်​များ​ကို နှစ်သက်​စွဲလမ်း​စိတ် အမြဲ​တင်ပြ​ကြ​ပါ​လေ!

၁၂။ ယေဟောဝါ​ကို ကြောက်ရွံ့​ခြင်း​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

၁၂ “ကိုယ်တော်​ကို ထိတ်လန့်​သဖြင့် အကျွန်ုပ်သည် ကြက်​သီး​မွေး​ညှင်း​ထ” ပါ​၏​ဟု ဆာလံဆရာ​က​ဆို​သည်။ (ဆာလံ ၁၁၉:၁၂၀) ဘုရားသခင်​၏​ကျေးကျွန်​များ​အဖြစ် ကျွန်ုပ်​တို့ကို ထောက်မ​စေ​လိုလျှင် ကိုယ်တော် မနှစ်သက်​ရာ​များ​ကို ရှောင်ရှား​ခြင်း​ဖြင့် ကိုယ်တော့်​အား တော်​သင့်​မှန်ကန်​စွာ ကြောက်ရွံ့​ကြောင်း တင်ပြ​ဖို့​အရေးကြီး​သည်။ ယောဘသည် ယေဟောဝါ​အား ကြောက်ရွံ့​ရိုသေ​သောကြောင့် ဖြောင့်မတ်​စွာ​အသက်ရှင်ခဲ့​သည်။ (ယောဘ ၁:၁; ၂၃:၁၅) ကျွန်ုပ်​တို့သည် အဘယ်​ဆင်းရဲ​ခက်ခဲ​မှု​ကို​ပင်​ခံရ​ပါစေ ဘုရားသခင်​ကို ကြောက်ရွံ့​ခြင်း​ရှိ​မည်​ဆိုလျှင် ဘုရားသခင်​၏​မျက်နှာသာတော်​ကို ရရှိစေ​သည့် လမ်းစဉ်၌ ဆက်​တည်ရှိ​စေနိုင်​၏။ သို့သော် ခံနိုင်ရည်​ရှိ​ရန် ယုံကြည်ခြင်းဖြင့် စိတ်အား​ထက်သန်​စွာ ဆုတောင်း​ဖို့​လို​သည်။—ယာကုပ် ၅:၁၅

ယုံကြည်ခြင်းဖြင့် ဆုတောင်း​လော့

၁၃-၁၅။ (က) ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ဖြေကြား​မည်​ဟု အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။ (ခ) ကျွန်ုပ်​တို့​ဆုတောင်းချိန်​တွင် အဘယ်အရာကို ပြောဆို​ရ​မှန်း​မသိ​လျှင် မည်သို့​ဖြစ်ပျက်​နိုင်​သနည်း။ (ဂ) ဆာလံ ၁၁၉:၁၂၁-၁၂၈ သည် ကျွန်ုပ်​တို့ ဆုတောင်း၍ “နှုတ်​မ​မြွက်​နိုင်သော ညည်းတွား” မှုများ​နှင့် မည်သို့​ဆက်နွှယ်​နေကြောင်း ဥပမာ​ပေး​ပါ။

၁၃ ဘုရားသခင်​သည် ကျွန်ုပ်​တို့​အကျိုးအတွက် လုပ်ဆောင်ပေး​မည်​ဟူသော ယုံကြည်ချက်​ဖြင့် ဆုတောင်း​နိုင်​သည်။ (ဆာလံ ၁၁၉:၁၂၁-၁၂၈) ဆာလံဆရာ​ကဲ့သို့ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ဖြေကြား​ပေး​မည်​ဟု စိတ်ချ​နိုင်​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဘုရားသခင့်​ပညတ်​များ​ကို “ရွှေ​ထက်မက ရွှေ​စင်​ထက်​သာ၍” ကျွန်ုပ်​တို့​နှစ်သက်သော​ကြောင့်​ဖြစ်သည်။ ထို့​ပြင် ‘ကိုယ်တော်​၏​ဥပဒေသ​အလုံးစုံ​တို့သည် ဖြောင့်​ကြသည်​ဟု ကျွန်ုပ်​တို့ ထင်မှတ်​ကြ​၏။’—ဆာလံ ၁၁၉:၁၂၇၊ ၁၂၈

၁၄ ကျွန်ုပ်​တို့သည် ယုံကြည်ခြင်းဖြင့် ဆုတောင်း​သည့်​အပြင် ယေဟောဝါ​၏​ဥပဒေသ​များ​ကိုလည်း ဂရုတစိုက် ကျင့်သုံး​ကြသော​ကြောင့် ကျွန်ုပ်​တို့၏​တိုးလျှိုး​အသနားခံချက်များ​ကို ကိုယ်တော်​နားညောင်း​တော်​မူ​၏။ (ဆာလံ ၆၅:၂) သို့သော် တစ်ခါတစ်ရံ အဘယ်အရာ​အတွက် ဆုတောင်း​ရ​မှန်း​မသိ​သည်​အထိ စိတ်ရှုပ်​ထွေး​စ​ရာ ပြဿနာ​များ​ရှိ​နေလျှင်​ကော အသို့နည်း။ ထို​အခါ “ငါ​တို့​ဆုတောင်းခြင်း​အမှုကို နှုတ်​မ​မြွက်​နိုင်သော ညည်းတွား​ခြင်း​အားဖြင့် ဝိညာဉ်တော်သည် စောင့်မ​တော်​မူ​၏။” (ရောမ ၈:၂၆၊ ၂၇) ဤသို့​သော​အချိန်​အခါ​မျိုး​တွင် ဘုရားသခင်​သည် သမ္မာ​ကျမ်းစာ​ပါ စာသား​များ​ကို ကျွန်ုပ်​တို့​တောင်းဆို​လို​သည့် ဆုတောင်းချက်​များ​အဖြစ် လက်ခံ​တော်​မူ​၏။

၁၅ ကျမ်းစာ​တွင် ကျွန်ုပ်​တို့ “နှုတ်​မ​မြွက်​နိုင်သော ညည်းတွား” မှုများ​နှင့် ဆက်နွှယ်​နေသည့် ဆုတောင်းချက်​များစွာ ပါရှိ​၏။ ဥပမာ၊ ဆာလံ ၁၁၉:၁၂၁-၁၂၈ ကို​သုံးသပ်ကြည့်​ပါ။ ဤ​တွင်​ဖော်ပြ​ထားသော အကြောင်းအရာများ​သည် ကျွန်ုပ်​တို့၏​အခြေအနေ​များနှင့် ကိုက်ညီ​ပေမည်။ ဥပမာ၊ ကျွန်ုပ်​တို့သည် လှည့်ဖြား​ခံရ​မည်​ကို စိုးရိမ်​လျှင် ဆာလံဆရာ​နည်းတူ ဘုရားသခင်​၏​အကူအညီကို တောင်းခံ​နိုင်​သည်။ (အခန်းငယ် ၁၂၁-၁၂၃) အလွန်​ခက်ခဲ​သည့် ဆုံးဖြတ်ချက်​ချ​ရမည်​ဆိုပါစို့။ ထို​အခါ ယေဟောဝါ​၏​ဥပဒေသ​များ​ကို ပြန်​အမှတ်ရ​ပြီး ကျင့်သုံး​နိုင်​ရန် ကိုယ်တော်​၏​ဝိညာဉ်​တော် ကူညီပေး​ပါ​ဟု ဆုတောင်း​ကြ​မည်။ (အခန်းငယ် ၁၂၄၊ ၁၂၅) ကျွန်ုပ်​တို့သည် “အမှား​လမ်း​ရှိသမျှ​တို့ကို ရွံရှာ” ကြသော်လည်း ကိုယ်တော်​၏​တရားတော်​ကို ချိုးဖောက်​စေ​မည့် သွေးဆောင်မှု​တစ်ခုခု​နောက် မလိုက်​ပါ​မိ​စေရန် ကူညီပေး​တော်​မူ​ပါ​ဟု ဘုရားသခင်​အား တောင်းလျှောက်​ဖို့​လို​ပေမည်။ (အခန်းငယ် ၁၂၆-၁၂၈သ​မာ) သမ္မာကျမ်းစာ​ကို နေ့စဉ်​မှန်မှန်​ဖတ်ရှု​မည်​ဆိုလျှင် ယေဟောဝါ​ကို ကျွန်ုပ်​တို့ တိုးလျှိုး​အသနားခံ​ကြ​သည့်​အခါ ဤ​ကဲ့သို့​သော အထောက်အကူ​ပြု​ကျမ်းပိုဒ်​များ​ကို ပြန်​အမှတ်ရ​နိုင်​သည်။

ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​များ​က ထောက်ကူ​ပေး

၁၆၊ ၁၇။ (က) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​သတိပေး​နှိုးဆော်ချက်​များ​ကို အဘယ်ကြောင့်​လိုအပ်​သနည်း၊ ၎င်းတို့ကို မည်သို့​ရှုမြင်​သင့်​သနည်း။ (ခ) သူတစ်ပါး​သည် ကျွန်ုပ်​တို့ကို မည်သို့​ရှုမြင်​နိုင်​သနည်း၊ သို့သော် အဘယ်အရာက အမှန်တကယ်​အရေးကြီး​သနည်း။

၁၆ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​ကို ဘုရားသခင်​အား နားညောင်း​စေ​လို​ပြီး ဘုရားသခင်​၏​မျက်နှာသာတော်​ရလိုလျှင် ကိုယ်တော်​၏​သတိပေး​နှိုးဆော်ချက်​များ​ကို လိုက်နာ​ကြ​ရမည်။ (ဆာလံ ၁၁၉:၁၂၉-၁၃၆က​ဘ) ကျွန်ုပ်​တို့သည် မေ့လျော့​တတ်​သူများ​ဖြစ်​ကြ​ရာ ယေဟောဝါ​၏​လမ်းညွှန်ချက်​နှင့် ပညတ်​များ​ကို ပြန်​အမှတ်ရ​စေသည့် ကိုယ်တော်​၏​အလွန်​ကောင်းသော သတိပေး​နှိုးဆော်ချက်​များ​လိုအပ်​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကား​များနှင့်​ပတ်သက်​၍ ဝိညာဉ်​ရေး​အလင်း ထွန်းလင်း​ဖော်ပြ​သည့် နားလည်မှု​အသစ်​တိုင်း​ကို ကျွန်ုပ်​တို့ အမှန်ပင်​ကျေးဇူး​တင်​ကြ​၏။ (ဆာလံ ၁၁၉:၁၂၉၊ ၁၃၀) ထို့​ပြင် အခြား​သူများ​သည် ယေဟောဝါ​၏​တရားတော်​ကို ချိုးဖောက်​ကြသော​ကြောင့် ‘ကျွန်ုပ်​တို့​မျက်စိ​မှ မျက်ရည်​သည် မြစ်ရေ​ကဲ့သို့​စီး’ ကျ​ရ​သော်လည်း ကိုယ်တော်​၏ ‘မျက်နှာတော်​အလင်း​သည် ကျွန်ုပ်​တို့​အပေါ် ထွန်းလင်း’ နေသည့်​အတွက် ကျေးဇူး​တင်​ကြ​ပါ​သည်။—ဆာလံ ၁၁၉:၁၃၅၊ ၁၃၆; ဝတ်ပြုရာ ၆:၂၅

၁၇ ကိုယ်တော်​၏​ဖြောင့်မတ်​သော သတိပေး​နှိုးဆော်ချက်​များ​ကို ကျွန်ုပ်​တို့ လိုက်လျှောက်​နေသရွေ့ ဘုရားသခင်​၏​မျက်နှာသာတော် ရရှိ​နေ​မည်​ကို စိတ်ချ​နိုင်​သည်။ (ဆာလံ ၁၁၉:၁၃၇-၁၄၄) ယေဟောဝါ​သည် မိမိ၏​ဖြောင့်မတ်​သော သတိပေး​နှိုးဆော်ချက်​များ​ကို ကျွန်ုပ်​တို့အား အာရုံစိုက်​စေပြီး ကျွန်ုပ်​တို့​လိုက်နာ​ရမည့်​ပညတ်​များ​အဖြစ် သတ်မှတ်​ပိုင်ခွင့်​ရှိကြောင်း ကိုယ်တော်​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့ အသိအမှတ်ပြု​ကြ​၏။ (ဆာလံ ၁၁၉:၁၃၈) ဆာလံဆရာ​သည် ဘုရားသခင်​၏​ပညတ်​များ​ကို လိုက်နာ​လျက်​နှင့် “အကျွန်ုပ်သည် ငယ်​သော​သူ၊ မထီမဲ့မြင်​ပြုခြင်း​ကို ခံရ​သော​သူ​ဖြစ်ပါ​၏” ဟု အဘယ်ကြောင့် ဆို​ရသနည်း။ (ဆာလံ ၁၁၉:၁၄၁) သူ၏​ရန်သူများ သူ့​အား​ရှုမြင်ပုံကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်​မှာ ထင်ရှား​၏။ ကျွန်ုပ်​တို့သည် ဖြောင့်မတ်ခြင်း​တရား​အတွက် အလျော့ပေးလိုက်လျော​မှုမရှိ​ဘဲ မားမားမတ်မတ်​ရပ်တည်​မည်​ဆိုလျှင် သူတစ်ပါး​၏​အထင်သေး​မှု​ကို ခံရ​ကြ​ပေမည်။ သို့​တိုင် အမှန်တကယ် အရေးကြီး​သည်​မှာ ယေဟောဝါ​၏​ဖြောင့်မတ်​သော သတိပေး​နှိုးဆော်ချက်​များနှင့်​အညီ ကျွန်ုပ်​တို့ အသက်ရှင်နေ​ထိုင်​ကြသော​ကြောင့် ကိုယ်တော်​၏​မျက်နှာသာတော်​ရရှိ​ခြင်း​ဖြစ်သည်။

လုံခြုံ​၍ ငြိမ်သက်မှု​ရှိ

၁၈၊ ၁၉။ ဘုရားသခင်​၏​သတိပေး​နှိုးဆော်ချက်​များ​ကို ကျွန်ုပ်​တို့ လက်ခံ​နာယူ​ခြင်း​၏​အကျိုး​ကား အဘယ်နည်း။

၁၈ ဘုရားသခင်​၏​သတိပေး​နှိုးဆော်ချက်​များ​ကို လိုက်နာခြင်းက ကိုယ်တော်​နှင့် နီးကပ်​ရင်းနှီး​နေ​စေ​၏။ (ဆာလံ ၁၁၉:၁၄၅-၁၅၂) ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​များ​ကို ကျွန်ုပ်​တို့​အလေးထား​ကြသော​ကြောင့် စိတ်နှလုံး​အကြွင်းမဲ့ ကိုယ်တော်​ထံ လွတ်လပ်​စွာ​ဆုတောင်း​နိုင်​ပြီး ယင်းကို ကိုယ်တော် နားညောင်း​တော်​မူ​မည်​ဟု စိတ်ချ​နိုင်​သည်။ “မိုး​မ​လင်း​မီ” အိပ်ရာ​မှ​ထ၍ အကူအညီ​တောင်းခံ​နိုင်၏။ ဆုတောင်း​ရန် အချိန်​ကောင်း​ပါ​တကား! (ဆာလံ ၁၁၉:၁၄၅-၁၄၇) အကျင့်ပျက်​ပြား​မှု​ကို ရှောင်ရှား​ပြီး ယေရှု​ကဲ့သို့ သမ္မာကျမ်းစာ​ကို အမှန်တရား​အဖြစ် ရှုမြင်​သောကြောင့်​လည်း ဘုရားသခင်​သည် ကျွန်ုပ်​တို့​နှင့် အလွန်​နီး​တော်​မူ​၏။ (ဆာလံ ၁၁၉:၁၅၀၊ ၁၅၁; ယောဟန် ၁၇:၁၇) ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ဆက်ဆံ​ရေး​ကောင်း​ရှိ​မည်​ဆိုလျှင် ဆင်းရဲ​ခက်ခဲ​သော ဤ​လောကတွင် ထောက်မ​ကူညီ​မှု​ရမည်​သာမက အာမဂေဒုန်​စစ်ပွဲ​ကြီး​ကို ကပ်ကျော်​နိုင်​ပေမည်။—ဗျာ. ၇:၉၊ ၁၄; ၁၆:၁၃-၁၆

၁၉ ဘုရားသခင်​၏​စကားတော်​ကို ကျွန်ုပ်​တို့ အလွန်​လေးမြတ်​ကြသော​ကြောင့် စစ်မှန်သော​လုံခြုံမှု​ကို ခံစားရ​၏။ (ဆာလံ ၁၁၉:၁၅၃-၁၆၀) ကျွန်ုပ်​တို့သည် လူဆိုးများ​နှင့်​မတူဘဲ ‘ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​တို့​မှ လွှဲ​၍​မသွား​ပါ။’ ဘုရားသခင်​၏​ဥပဒေသ​များ​ကို ကျွန်ုပ်​တို့​နှစ်သက်သော​ကြောင့် ကိုယ်တော်​၏​ချစ်ခင်​ကြင်နာ​မှု​ခံစား​ရပြီး လုံခြုံမှု​ရှိကြသည်။ (ဆာလံ ၁၁၉:၁၅၇-၁၅၉) ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​များ​က ကျွန်ုပ်​တို့၏​မှတ်ဉာဏ်​ကို စေ့ဆော်​ပေး​ရာ ထူးခြားသော​အခြေအနေ​များ​တွင် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ရမည်ကို မှတ်မိ​စေ​၏။ အခြား​တစ်ဖက်​တွင်​မူ ဘုရားသခင်​၏​ဥပဒေသ​များသည် လမ်းညွှန်ချက်များ​ဖြစ်​ရာ ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် လမ်းညွှန်​ပေး​ပိုင်ခွင့်​ရှိကြောင်း ကျွန်ုပ်​တို့ တလိုတလား အသိအမှတ်ပြု​လက်ခံ​ကြသည်။ ‘ဘုရားသခင်​၏​စကားတော် အလုံးစုံ​တို့သည် ဟုတ်မှန်’ ပြီး မိမိတို့​ခြေရာ​ကို မိမိ​ဘာသာ​မစီရင်​နိုင်​ကြောင်း ကျွန်ုပ်​တို့ သိရှိ​ထား​သဖြင့် ဘုရားသခင်​၏​လမ်းညွှန်မှုကို ဝမ်း​ပန်း​တ​သာ​လက်ခံ​ကြသည်။—ဆာလံ ၁၁၉:၁၆၀; ယေရမိ ၁၀:၂၃

၂၀။ ကျွန်ုပ်​တို့​တွင် “ကြီးစွာ​သော​ငြိမ်သက်ခြင်း” အဘယ်ကြောင့်​ရှိကြ​သနည်း။

၂၀ ယေဟောဝါ​၏​တရားတော်​ကို ကျွန်ုပ်​တို့​နှစ်သက်ခြင်း​ကြောင့် ကြီးစွာ​သော​ငြိမ်သက်ခြင်း​ရှိ၏။ (ဆာလံ ၁၁၉:၁၆၁-၁၆၈) ညှဉ်းပန်း​နှိပ်စက်မှု​က အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော “ဘုရားသခင်​၏​ငြိမ်သက်ခြင်း” ကို ပျောက်ဆုံး​သွား​စေနိုင်​မည်​မဟုတ်ပါ။ (ဖိလိပ္ပိ ၄:၆၊ ၇) ယေဟောဝါ​၏​စီရင်တော်မူချက်​များ​ကို ကျွန်ုပ်​တို့​အလွန်​လေးမြတ်​သောကြောင့် ကိုယ်တော်​အား အကြိမ်ကြိမ်—“တစ်ရက်​လျှင် ခု​နစ်​ကြိမ်”—ချီးမွမ်း​ကြ​၏။ (ဆာလံ ၁၁၉:၁၆၁-၁၆၄) ဆာလံဆရာ​က “တရားတော်​ကို နှစ်သက်သော​သူတို့၌ ကြီးစွာ​သော​ငြိမ်သက်ခြင်း​ရှိပါ၏။ တိုက်မိ​၍​လဲစရာ​အကြောင်း​မရှိပါ” ဟု​သီဆို​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၆၅သမ္မာ) ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အနေ​နှင့် ယေဟောဝါ​၏​တရားတော်​ကို နှစ်သက်စောင့်​ထိန်း​မည်​ဆိုလျှင် တစ်ဦး​တစ်ယောက်​၏​လုပ်ရပ် သို့​မဟုတ် တခြား​ကိစ္စ​တစ်ခုခု​ကြောင့် ဝိညာဉ်ရေးတွင် ထိမိ​၍​လဲ​မည်​မဟုတ်​ချေ။

၂၁။ အသင်းတော်တွင် ပြဿနာ​များ​ပေါ်ပေါက်​လာ​လျှင် ကျွန်ုပ်​တို့သည် ထိမိ​လဲစရာ​ဖြစ်​ဖို့ မလို​ကြောင်း အဘယ်​ကျမ်းစာ​ပုံ​နမူနာ​များ​က ဖော်ပြ​သနည်း။

၂၁ သမ္မာကျမ်းစာ​မှတ်တမ်းပါ လူများစွာ​သည် အဘယ်​ထိမိ​လဲစရာ​တစ်စုံတစ်ရာ​ကို​မျှ ကြာရှည်​ခွင့်​မပြု​ခဲ့​ကြ​ချေ။ ဥပမာ၊ ခရစ်ယာန်​အမျိုးသား ဂါယု​သည် ဒယောတရပ်​၏ ဘုရားသခင်​ရေးရာ​မ​ဆန်​သော အပြုအမူကြောင့် ထိမိ​မလဲ​ဘဲ ‘အမှန်တရား၌ ကျင်လည်’ ခဲ့​သည်။ (၃ ယောဟန် ၁-၃၊ ၉၊ ၁၀) ဧဝေါဒိ​နှင့် သုန္တုတ်​တို့သည် “သခင်​ဘုရား​၌ သဘော​တညီတညွတ်​တည်း​ဖြစ်” ကြ​ရန် ပေါလု အားပေးခဲ့​ရခြင်း​မှာ သူတို့​နှစ်ဦး​စပ်ကြား ပြဿနာ​ပေါ်ပေါက်​ခဲ့​၍​ဖြစ်​မည်။ သူတို့၏​ပြဿနာ​ကို ဖြေရှင်း​နိုင်​ခဲ့​ပုံ​ရပြီး ယေဟောဝါ​အား တည်ကြည်​စွာ သူတို့ ဆက်​ဝတ်ပြု​ကိုးကွယ်​ခဲ့​ကြ​၏။ (ဖိလိပ္ပိ ၄:၂၊ ၃) ထို့​ကြောင့် အသင်းတော်တွင် ပြဿနာ​များ​ပေါ်ပေါက်​လာ​လျှင် ကျွန်ုပ်​တို့ ထိမိ​မလဲ​ချေ။ ‘ကျွန်ုပ်​တို့၏​အကျင့်​ရှိသမျှ​တို့သည် ကိုယ်တော်​၏​ရှေ့တော်၌​ရှိ’ ကြောင်း အမှတ်ရ​ကာ ယေဟောဝါ​၏​နည်း​ဥပဒေသ​များ​ကို ဂရုစိုက်​စောင့်ထိန်း​ကြပါစို့။ (ဆာလံ ၁၁၉:၁၆၈; သု. ၁၅:၃) သို့ပြုလျှင် အဘယ်အရာကမျှ “ကြီးစွာ​သော​ငြိမ်သက်ခြင်း” ကို​ထာဝစဉ် ပျောက်ဆုံး​စေနိုင်​မည်​မဟုတ်​ချေ။

၂၂။ (က) ကျွန်ုပ်​တို့သည် ဘုရားသခင်​ကို နာခံ​မည်​ဆိုလျှင် အဘယ်​အခွင့်အရေး​ကို ရရှိနိုင်​ကြ​သနည်း။ (ခ) ခရစ်ယာန်​အသင်းတော်​မှ ထွက်သွား​သူတချို့​ကို ကျွန်ုပ်​တို့ မည်သို့​ရှုမြင်​သင့်​သနည်း။

၂၂ ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို အမြဲ​နာခံကြ​မည်​ဆိုလျှင် ကိုယ်တော်​အား အစဉ်​ချီးမွမ်း​နေ​ရန် အခွင့်အရေး​ရရှိပါ​လိမ့်​မည်။ (ဆာလံ ၁၁၉:၁၆၉-၁၇၆) ဘုရားသခင်​၏​အထုံးအဖွဲ့​များနှင့်​အညီ အသက်ရှင်​နေထိုင်ခြင်း​ဖြင့် ဝိညာဉ်​ရေး​လုံခြုံမှု​ရှိ​မည်​သာမက ‘ကျွန်ုပ်​တို့၏​နှုတ်​သည် ယေဟောဝါ​အား ချီးမွမ်း​ခြင်း​ကို မြွက်ဆို​နေ’ ပေမည်။ (ဆာလံ ၁၁၉:၁၆၉-၁၇၁၊ ၁၇၄) ၎င်း​သည် ဤ​နောက်ဆုံး​ကာလ​တွင် ကျွန်ုပ်​တို့​ရရှိနိုင်​သည့် အခွင့်ထူး​ကြီး​ဖြစ်၏။ ဆာလံဆရာ​သည် အသက်ရှင်သရွေ့ ယေဟောဝါ​အား ချီးမွမ်း​လို​သော်လည်း အကြောင်း​တစ်ခုခု​ကြောင့် သူသည် ‘ပျောက်သော​သိုး​ကဲ့သို့ လမ်းလွဲ’ ခဲ့​သည်။ (ဆာလံ ၁၁၉:၁၇၅၊ ၁၇၆) ခရစ်ယာန်​အသင်းတော်​မှ ထွက်သွား​သူတချို့​သည် ဘုရားသခင်​ကို ချစ်​မြတ်နိုး​ဆဲ​ရှိပြီး ကိုယ်တော့်​ကို ချီးမွမ်း​လို​ကြ​ပေမည်။ ထို့​ကြောင့် သူတို့သည် ဝိညာဉ်​ရေး​လုံခြုံမှု​ကို တစ်ဖန်​ပြန်​ရရှိ​ပြီး ယေဟောဝါ​၏​လူမျိုးတော်​နှင့်အတူ ကိုယ်တော်​အား ချီးမွမ်း​ခြင်း​၏​ပျော်ရွှင်မှု​ကို ခံစားရ​စေရန် သူတို့ကို တတ်နိုင်​သရွေ့ ကူညီပေး​ကြပါစို့။—ဟေဗြဲ ၁၃:၁၅; ၁ ပေတရု ၅:၆၊ ၇

ကျွန်ုပ်​တို့​လမ်းခရီး​အတွက် ထာဝရ​အလင်း

၂၃၊ ၂၄။ သင်သည် ဆာလံ ၁၁၉ မှ​အဘယ်​အကျိုးကျေးဇူးများ​ရရှိ​သနည်း။

၂၃ ဆာလံ ၁၁၉ သည် နည်း​အမျိုးမျိုးဖြင့် ကျွန်ုပ်​တို့ကို အကျိုးပေး​နိုင်​သည်။ ဥပမာ၊ ယင်းက ကျွန်ုပ်​တို့ကို ယေဟောဝါ​အား ပိုမို​မှီခို​အားထား​စေနိုင်​သည်၊ အကြောင်း​မှာ စစ်မှန်သော​ပျော်ရွှင်မှု​သည် ‘ထာဝရ​ဘုရားသခင်​၏​တရားလမ်း​၌ လျှောက်လှမ်းခြင်း’ မှ​ရရှိနိုင်​ကြောင်း ဖော်ပြ​ထား​၍​ဖြစ်သည်။ (ဆာလံ ၁၁၉:၁) ‘ဘုရားသခင်​၏​စကားတော် အလုံးစုံ​တို့သည် ဟုတ်မှန်’ ကြောင်း ဆာလံဆရာ​သတိပေး​၏။ (ဆာလံ ၁၁၉:၁၆၀) ထို့​ကြောင့် သမ္မာကျမ်းစာ​တစ်အုပ်လုံး​အတွက် ကျွန်ုပ်​တို့ ပိုမို​ကျေးဇူး​တင်​လေးမြတ်​သင့်​သည်။ ဆာလံ ၁၁၉ ကို တွေးတော​ဆင်ခြင်ခြင်း​က သမ္မာကျမ်းစာ​ကို အပတ်တကုတ် ကြိုးစား​လေ့လာ​ရန် စေ့ဆော်​ပေး​သင့်​သည်။ ဆာလံဆရာ​သည် “အထုံးအဖွဲ့တော်​တို့ကို အကျွန်ုပ်​၌ သွန်သင်​တော်​မူ​ပါ” ဟု​ဘုရားသခင်​ကို ထပ်ခါတလဲ​လဲ အသနားခံ​ဆုတောင်း​ခဲ့​သည်။ (ဆာလံ ၁၁၉:၁၂၊ ၆၈၊ ၁၃၅) ထို့​ပြင် “ပညတ်တော်​တို့ကို အကျွန်ုပ်​ယုံကြည်​သည်​ဖြစ်၍ ကောင်းသော​ဉာဏ်​နှင့် ပညာတော်​အတတ်ကို သွင်း​ပေး​တော်​မူ​ပါ” ဟု​လည်း အသနားခံ​ခဲ့​သည်။ (ဆာလံ ၁၁၉:၆၆) ကျွန်ုပ်​တို့​လည်း ထို​နည်းတူ ဆုတောင်း​သင့်​၏။

၂၄ ယေဟောဝါ​၏​သွန်သင်မှု​သည် ကိုယ်တော်​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိစေ​၏။ ဆာလံဆရာ​က သူ့ကိုယ်သူ ဘုရားသခင့်​ကျေးကျွန်​ဟု အကြိမ်ကြိမ်​ခေါ်ဆို​ခဲ့​၏။ အမှန်ဆိုလျှင် သူက “အကျွန်ုပ်သည် ကိုယ်တော်​၏​ကျွန်​ဖြစ်ပါ​၏” ဟူ၍ ယေဟောဝါ​အား ရင်​နင့်​စ​ဖွယ် ကြားလျှောက်​၏။ (ဆာလံ ၁၁၉:၁၇၊ ၆၅၊ ၉၄၊ ၁၂၂၊ ၁၂၅; ရောမ ၁၄:၈) ယေဟောဝါ​၏​သက်သေ​တစ်ဦး​အနေ​ဖြင့် ကိုယ်တော့်​အား ဝတ်ပြု​ချီးမွမ်း​ရခြင်း​သည် တကယ့်ကို အခွင့်ထူး​ဖြစ်၏! (ဆာလံ ၁၁၉:၇) ဘုရားသခင့်​နိုင်ငံတော် ကြွေးကြော်​သူ​တစ်ဦး​အနေ​နှင့် သင်သည် ကိုယ်တော်​၏​အမှုတော်ကို ရွှင်လန်းစွာ ထမ်းဆောင်​နေပါသလော။ သင်သည် ထိုသို့​ပြုလုပ်​နေပြီး ကိုယ်တော်​၏​စကားတော်​ကို အမြဲ​ယုံကြည်​ကိုးစား​ကာ သင်၏​လမ်းခရီး​ကို ထွန်းလင်း​စေမည်​ဆိုလျှင် ယေဟောဝါ​သည် အခွင့်ထူး​သော ဤ​လုပ်ငန်း​တွင် သင့်​အား ထောက်မ​၍ ကောင်းချီး​ပေး​နေ​မည်​ကို စိတ်ချ​နိုင်​ပါ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ဘုရားသခင့်​စကားတော်​ကို အဘယ်ကြောင့် နှစ်သက်​စွဲလမ်း​သင့်​သနည်း။

• ဘုရားသခင့်​စကားတော်​သည် ကျွန်ုပ်​တို့ကို မည်သို့​ထောက်မ​သနည်း။

• ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​များသည် အဘယ်​နည်းများဖြင့် ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​သနည်း။

• ယေဟောဝါ​၏​လူမျိုးတော်သည် အဘယ်ကြောင့် လုံခြုံမှု​ရှိပြီး ငြိမ်သက်​ကြ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဘုရားသခင့်​စကားတော်​သည် ဝိညာဉ်​ရေး​အလင်း​၏ ရင်းမြစ်​ဖြစ်

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​သတိပေး​နှိုးဆော်ချက်​များ​ကို ကျွန်ုပ်​တို့ နှစ်သက်​မည်​ဆိုလျှင် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို “ချော်” ကဲ့သို့ ဘယ်တော့​မျှ ယူမှတ်​တော်​မူ​မည်​မဟုတ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံများ]

သမ္မာကျမ်းစာ​ကို နေ့စဉ် မှန်မှန်​ဖတ်ရှု​မည်​ဆိုလျှင် ကျွန်ုပ်​တို့ ဆုတောင်း​သည့်​အခါ အထောက်အကူ​ပြု​ကျမ်းပိုဒ်​များ​ကို အလွယ်တကူ​မှတ်မိ​လာပေမည်