မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၏စကားတော်ကို ယုံကြည်ကိုးစားလော့

ယေဟောဝါ၏စကားတော်ကို ယုံကြည်ကိုးစားလော့

ယေဟောဝါ​၏​စကားတော်​ကို ယုံကြည်​ကိုးစား​လော့

အကျွန်ုပ်သည် ကိုယ်တော်​၏​စကားတော်​ကို ယုံကြည်​ကိုးစား​ပါ​၏။’—ဆာလံ ၁၁၉:၄၂

၁။ ဆာလံ ၁၁၉ ကို​ရေးဖွဲ့​သူသည် မည်သူ​မည်ဝါ​ဖြစ်​ကြောင်း​နှင့် သူ၏​စိတ်ထား​အကြောင်း သင်​အဘယ်အရာ​ပြော​နိုင်​သနည်း။

ဆာလံ ၁၁၉ ကို​ရေးဖွဲ့​သူသည် ယေဟောဝါ​၏​စကားတော်​ကို နှစ်သက်​စွဲလမ်း​ခဲ့​သည်။ သူသည် ယုဒ​နိုင်ငံ​၏​မင်းသား ဟေဇကိ​ဖြစ်​နိုင်​ဖွယ်​ရှိ၏။ အဆိုပါ​မှုတ်သွင်းခံ​သီချင်း​တွင် ဖော်ပြ​ထားသော ခံစားချက်​များသည် ယုဒ​ရှင်ဘုရင်​ဖြစ်​စဉ်​တစ်လျှောက် ‘ထာဝရ​ဘုရားသခင်​ကို ဆည်းကပ်’ ခဲ့​သော ဟေဇကိ​၏​စိတ်ထား​နှင့် တစ်ထပ်တည်း​ဖြစ်၏။ (၄ ဓမ္မ​ရာဇဝင် ၁၈:၃-၇) တစ်ခု​သေချာ​သည်​မှာ ၎င်းကို​ရေးဖွဲ့​သူသည် မိမိ၏​ဝိညာဉ်​ရေး​လိုအပ်ကြောင်း သတိပြုမိ​သူ​ဖြစ်သည်။—မဿဲ ၅:၃က​ဘ။

၂။ ဆာလံ ၁၁၉ ၏​အဓိက​အချက်​ကား အဘယ်နည်း၊ ဤ​သီချင်းကို မည်သို့​ဖွဲ့ဆို​ထား​သနည်း။

ဆာလံ ၁၁၉ ၏​အဓိက​အချက်​မှာ ဘုရားသခင်​၏​စကားတော် သို့​မဟုတ် သတင်းတရား​၏ တန်ဖိုး​ဖြစ်သည်။ * ၎င်းကို​ရေးဖွဲ့​သူသည် မှတ်မိ​ရလွယ်​ကူ​စေရန် အက္ခရာစဉ်​အတိုင်း ရေးစပ်​ခဲ့​ပုံ​ရှိ၏။ ၎င်း​၏​အပိုဒ် ၁၇၆ ခု​စ​လုံး​သည် ဟေဗြဲ​အက္ခရာစဉ်​ကို အခြေပြု​ရေးဖွဲ့ထား​သည်။ မူရင်း​ဟေဗြဲ​တွင် အဆိုပါ​ဆာလံ​သီချင်း ၂၂ ပိုဒ်​၏​အပိုဒ်​တစ်ခုစီ​တွင် အက္ခရာ​တစ်မျိုးတည်း​ဖြင့် အစပြု​သည့် စာ​ကြောင်း ၈ ကြောင်း​ပါရှိ​သည်။ ဤ​ဆာလံ​သီချင်းသည် ဘုရားသခင့်​စကားတော်၊ တရားတော်၊ သက်သေခံ​တော်​မူ​ချက်၊ နည်းလမ်း၊ ဥပဒေသ၊ အထုံးအဖွဲ့၊ ပညတ်၊ စီရင်တော်မူချက်၊ မိန့်မှာချက်​နှင့် စည်းမျဉ်း​တို့ကို ဖော်ပြ​၏။ ဤ​ဆောင်းပါး​နှင့် နောက်​ဆောင်းပါး​တွင် ဟေဗြဲ​ကျမ်း​စာစောင်​များ​ကို တိကျ​မှန်ကန်​စွာ​ပြန်ဆို​ထားသော ဘာသာပြန်​ကျမ်း​အတိုင်း ဆာလံ ၁၁၉ ကို​ဆွေးနွေး​သုံးသပ်ကြ​မည်။ အတိတ်​နှင့် မျက်မှောက်ခေတ်​မှ ယေဟောဝါ​ကျေးကျွန်​များ​၏ တွေ့ကြုံမှု​များ​ကို တွေးတော​ဆင်ခြင်ခြင်း​ဖြင့် ဘုရားသခင့်​မှုတ်သွင်းခံ ဤ​သီချင်းကို ပို​၍​သိမြင်​နားလည်​လာ​သည့်​အပြင် မှတ်တမ်းတင် ဘုရားသခင့်​စကားတော် သမ္မာကျမ်းစာ​ကိုလည်း တိုး၍​တန်ဖိုး​ထား​တတ်လာ​ပေမည်။

ဘုရားသခင့်​စကားတော်​ကို နာခံ​၍ ပျော်ရွှင်​ပါ

၃။ အပြစ်ကင်း​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​ကြောင်း ရှင်းပြ​ပြီး ဥပမာ​ပေး​ပါ။

စစ်မှန်သော​ပျော်ရွှင်မှု​ရှိ​ရန် ဘုရားသခင်​၏​တရားတော်​အတိုင်း လျှောက်လှမ်းဖို့​လို​သည်။ (ဆာလံ ၁၁၉:၁-၈) ထိုသို့​ပြု​မည်​ဆိုလျှင် “ကျွန်ုပ်​တို့၏​နည်းလမ်း​တွင် အပြစ်ကင်း” သည်​ဟု ယေဟောဝါ​ယူမှတ်​ပေမည်။ (ဆာလံ ၁၁၉:၁က​ဘ) အပြစ်ကင်း​ခြင်း​ဟူသည် စုံလင်​သည်​ဟု​မဆိုလို​ဘဲ ယေဟောဝါ​ဘုရားသခင်​၏​အလိုတော်ကို ကြိုးစား​လုပ်ဆောင်ခြင်း​ဖြစ်၏။ နောဧ​သည် “ဘုရားသခင်​နှင့်အတူ​သွားလာ” သည်​ဖြစ်၍ “မိမိ​အမျိုး​၌ စုံလင် [“အပြစ်​မရှိ၊” က​ဘ] သော​သူ​ဖြစ်၏။” တည်ကြည်သော ထို​ဘိုးဘေး​သည် ယေဟောဝါ​ချမှတ်​ထား​သည့် အသက်​လမ်းပေါ် လျှောက်လှမ်း​ခဲ့​သဖြင့် ရေလွှမ်းမိုး​ဘေး​ကို သူ့​မိသားစု​နှင့်အတူ ကပ်ကျော်​ခဲ့​သည်။ (ကမ္ဘာဦး ၆:၉; ၁ ပေတရု ၃:၂၀) ထို​နည်းတူ၊ ဤ​ကမ္ဘာ​ကုန်ဆုံး​ချိန်​တွင် ကျွန်ုပ်​တို့​ကပ်ကျော်​ရန် ‘ဘုရားသခင်​၏​နည်း​ဥပဒေသ​များ​ကို ကြိုးစား​ကျင့်’ ၍​ကိုယ်တော်​၏​အလိုတော်ကို ဆောင်​ဖို့​လို​သည်။—ဆာလံ ၁၁၉:၄

၄။ ကျွန်ုပ်​တို့​ပျော်ရွှင်​ပြီး အောင်မြင်​နိုင်​ဖို့ အဘယ်အရာ​လို​သနည်း။

ကျွန်ုပ်​တို့သည် ‘ဖြောင့်သော​သဘော​နှင့် ကိုယ်တော့်​ကို ချီးမွမ်း​၍ ကိုယ်တော်​၏​အထုံးအဖွဲ့​များ​ကို​စောင့်’ မည်​ဆိုလျှင် ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို ဘယ်တော့​မျှ စွန့်ပယ်​မည်​မဟုတ်ပါ။ (ဆာလံ ၁၁၉:၇၊ ၈) ‘ပညတ္တိကျမ်း​စာ​၌​ရေးထားသမျှ​အတိုင်း ကျင့်​မည်​ဟု စောင့်ရှောက်ခြင်း​အ​လို့​ငှာ ကျမ်းစာ​ကို နေ့​ည​မပြတ်​ကြည့်ရှု​ဖတ်ရွတ်’ ရမည်​ဟူသော လမ်းညွှန်ချက်ကို လိုက်နာ​ခဲ့​သော ဣသရေလ​ခေါင်းဆောင် ယောရှု​ကို ဘုရားသခင် စွန့်ပယ်​တော်​မ​မူ​ခဲ့​ချေ။ ယင်းကြောင့် သူသည် အောင်​မြင်ခဲ့​ပြီး ပညာရှိ​စွာ လုပ်ဆောင်​နိုင်​ခဲ့​သည်။ (ယောရှု ၁:၈) ယောရှု သေဆုံး​ခါနီး​အထိ ဘုရားသခင်​အား ချီးမွမ်း​ပြီး ဣသရေလလူ​တို့ကို ဤသို့​သတိပေး​နိုင်​ခဲ့​သည်– ‘သင်တို့၏​ဘုရားသခင် ယေဟောဝါ​သည် သင်တို့​အဖို့ မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့၊ အကုန်အစင်​ပြည့်စုံ​ကြောင်းကို သင်တို့သည် စိတ်နှလုံး​ထဲမှာ သိ​ကြ​၏။’ (ယောရှု ၂၃:၁၄) ယောရှု​နှင့် ဆာလံ ၁၁၉ ကို​ရေးသားခဲ့​သူတို့​ကဲ့သို့​ပင် ကျွန်ုပ်​တို့သည် ယေဟောဝါ​အား ချီးမွမ်း​ပြီး ကိုယ်တော်​၏​စကားတော်​ကို ယုံကြည်​ကိုးစားခြင်း​အားဖြင့် ပျော်ရွှင်​ပြီး​အောင်မြင်​နိုင်​ကြ​မည်။

ယေဟောဝါ​၏​စကားတော်​သည် ကျွန်ုပ်​တို့ကို သန့်ရှင်း​စေ

၅။ (က) ဝိညာဉ်​ရေး​အရ မည်သို့​သန့်ရှင်း​စင်ကြယ်​စွာ​နေနိုင်​ကြောင်း ရှင်းပြပါ။ (ခ) ကြီး​လေး​သော​အပြစ်​ကျူးလွန်​ခဲ့​သူ လူငယ်​တစ်ဦး​အတွက် အဘယ်​အကူအညီ​ရှိ​သနည်း။

ဘုရားသခင့်​စကားတော်​နှင့်​အညီ သတိပြု​နေထိုင်ကြ​မည်​ဆိုလျှင် ဝိညာဉ်​ရေး​အရ ကျွန်ုပ်​တို့ သန့်ရှင်း​စင်ကြယ်​နိုင်၏။ (ဆာလံ ၁၁၉:၉-၁၆) ကျွန်ုပ်​တို့၏​မိဘများသည် ပုံသက်သေ​ကောင်း​မပြ​ခဲ့​သည့်​တိုင် ယင်း​သို့​ဖြစ်​နိုင်၏။ ဟေဇကိ​၏​ဖခင်​သည် ရုပ်ပုံ​ကိုးကွယ်​သူ​ဖြစ်​ခဲ့​သော်လည်း ဟေဇကိ​သည် အယူမှား​သြဇာလွှမ်း​မိုး​မှုများ​မှ ‘မိမိ​သွားသော​လမ်းကို သန့်ရှင်း​စေနိုင်’ ခဲ့​သည်။ ယနေ့ ဘုရားသခင်​အား ဝတ်ပြု​ကိုးကွယ်​သူ လူငယ်​တစ်ဦး​သည် ကြီး​လေး​သော​အပြစ်​ကျူးလွန်​ခဲ့​မည်​ဆိုပါစို့။ သူသည် နောင်တ​ယူ၊ ဆုတောင်း၍ မိဘ​နှင့် ခရစ်ယာန်​အကြီးအကဲ​များ​၏ မေတ္တာပါ​ထောက်မ​ကူညီ​မှု​ဖြင့် ဟေဇကိ​ကဲ့သို့ ‘မိမိ​သွားသော​လမ်းကို သန့်ရှင်း​စေပြီး သတိ’ ရှိ​ရှိနေ​ထိုင်​နိုင်​သည်။—ယာကုပ် ၅:၁၃-၁၅

၆။ အဘယ်​အမျိုးသမီးများ​သည် ‘မိမိ​သွားသော​လမ်းကို သန့်ရှင်း​စေပြီး ဘုရားသခင့်​စကားတော်​အတိုင်း သတိပြု’ နေထိုင်ခဲ့​ကြ​သနည်း။

ရာခပ်​နှင့် ရုသ​တို့သည် ဆာလံ ၁၁၉ ကို​မ​ရေးဖွဲ့​မီ နှစ်ပေါင်း​များစွာက အသက်ရှင်ခဲ့​ကြသော်လည်း သူတို့သည် ‘မိမိ​သွားရာလမ်းကို သန့်ရှင်း​စေ’ ခဲ့​ကြ​၏။ ရာခပ်​သည် ခါ​နာ​န်​အမျိုးသမီး​ပြည့်တန်ဆာ​တစ်ဦး​ဖြစ်​ခဲ့​သော်လည်း ယေဟောဝါ​အား ဝတ်ပြုသူ​တစ်ဦး​အဖြစ် သူ၏​ယုံကြည်ခြင်း​ကြောင့် ထင်ပေါ်​ကျော်ကြား​လာ​သည်။ (ဟေဗြဲ ၁၁:၃၀၊ ၃၁) မောဘ​အမျိုးသမီး ရုသ,သည် သူ၏​နတ်​ဘုရား​များ​ကို စွန့်​ကာ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူ​ဖြစ်လာ​ပြီး ဣသရေလ​လူမျိုး​ကို​ပေး​သော ကိုယ်တော်​၏​တရားတော်​ကို လိုက်နာ​ကျင့်သုံး​ခဲ့​၏။ (ရုသ ၁:၁၄-၁၇; ၄:၉-၁၃) ဤ​တစ်ပါး​အမျိုးသမီး​နှစ်ဦးစလုံး​သည် ‘ဘုရားသခင့်​စကားတော်​အတိုင်း သတိပြု’ နေထိုင်ခဲ့​ကြ​သဖြင့် ယေရှု​ခရစ်​၏​ဘေးမ​များ​ဖြစ်ခွင့် ရရှိခဲ့​ကြသည်။—မဿဲ ၁:၁၊ ၄-၆

၇။ ဒံယေလ​နှင့် အခြား​ဟေဗြဲ​လူငယ်​သုံးဦး​တို့သည် ဝိညာဉ်​ရေး​ဘက် သန့်ရှင်း​စင်ကြယ်​နေခြင်း​ဖြင့် မည်သို့ ပုံသက်သေ​ကောင်း ပြ​ခဲ့​ကြ​သနည်း။

“လူတို့သည် ငယ်​သော​အရွယ်​မှ​စ၍ စိတ်နှလုံး​အကြံအစည်​ဆိုး​ကြ” သော်လည်း စာတန်​ချုပ်ကိုင်​ထားသော ပျက်စီး​ယိုယွင်း​နေသည့် ဤ​လောက​၌​ပင် သန့်ရှင်း​စင်ကြယ်သော​လမ်းစဉ်​ကို လူငယ်များ​လိုက်လျှောက်​နိုင်​ကြသည်။ (ကမ္ဘာဦး ၈:၂၁; ၁ ယောဟန် ၅:၁၉) ဒံယေလ​နှင့် အခြား​ဟေဗြဲ​လူငယ်​သုံးဦး​တို့သည် ဗာဗုလုန်​နိုင်ငံ​သို့ ပြည်နှင်ခံရ​ကြ​စဉ် ‘ဘုရားသခင့်​စကားတော်​အတိုင်း သတိပြု’ နေထိုင်ခဲ့​ကြ​၏။ ဥပမာ၊ သူတို့သည် “ပွဲတော်​မှ​ကြွင်း​သော​အစာ​နှင့်” မိမိကိုယ်ကို မ​ညစ်ညူး​စေ​ခဲ့​ကြ​ချေ။ (ဒံယေလ ၁:၆-၁၀) ဗာဗုလုန်​လူတို့သည် မောရှေ​ပညတ်​က တားမြစ်​ထား​သည့် မစင်ကြယ်​သော​တိရစ္ဆာန်​များ​ကို စားသုံး​ကြသည်။ (ဝတ်ပြုရာ ၁၁:၁-၃၁; ၂၀:၂၄-၂၆) သူတို့သည် တိရစ္ဆာန်​များ​ကို​ပေါ်​ရာ​၌ အသွေး​ထုတ်ပစ်​ခြင်း​မရှိခဲ့​ကြ၊ အသွေး​မ​ထုတ်​ထားသော​အသားကို စားသုံးခြင်း​သည် ဘုရားသခင်​၏​သွေးပညတ်​ကို ချိုးဖောက်​ရာ​ကျ​သည်။ (ကမ္ဘာဦး ၉:၃၊ ၄) ယင်းကြောင့် ထို​ဟေဗြဲ​လူငယ်လေး​ဦး​သည် ပွဲတော်​မှ​ကြွင်း​သော​အစာကို မစားသုံး​ကြသည်​မှာ အံ့ဩစရာ​မဟုတ်ပေ! ဘုရားသခင်​ကို​ကြောက်ရွံ့​သော အဆိုပါ​လူငယ်များသည် ဝိညာဉ်​ရေး​ဘက် သန့်ရှင်း​စင်ကြယ်​နေခြင်း​ဖြင့် ပုံသက်သေ​ကောင်း​ပြ​ခဲ့​ကြသည်။

ဘုရားသခင့်​စကားတော် တည်ကြည်မှု​ရှိစေ​သည့်​အကူအညီ

၈။ ဘုရားသခင်​၏​တရားတော်​ကို ကျွန်ုပ်​တို့ သိ​နားလည်​ပြီး ကျင့်သုံး​နိုင်​ရန် အဘယ်​စိတ်ထား​နှင့် အသိပညာ​ရှိဖို့လို​သနည်း။

ဘုရားသခင့်​စကားတော်​ကို စွဲလမ်းခြင်း​သည် ယေဟောဝါ​အပေါ် တည်ကြည်မှု​ရှိစေ​သည့် အရေးပါသော​အကြောင်း​တစ်ခု​ဖြစ်၏။ (ဆာလံ ၁၁၉:၁၇-၂၄) ကျွန်ုပ်​တို့သည် မှုတ်သွင်းခံ​သီချင်း ရေးဖွဲ့​သူ​ကဲ့သို့​ဖြစ်​မည်​ဆိုလျှင် ဘုရားသခင်​၏​တရားတော်​ရှိ “အံ့ဖွယ်သော​အရာ​တို့ကို” အလွန်​နားလည်​လို​မည်။ ‘ယေဟောဝါ​၏​စီရင်တော်မူချက်​တို့ကို အစဉ်မပြတ်​တောင့်တ’ ၍ ‘သက်သေခံ​တော်​မူ​ချက်​တို့ကို မြတ်နိုး’ ကြောင်း ကျွန်ုပ်​တို့ ဖော်ပြ​ကြ​မည်။ (ဆာလံ ၁၁၉:၁၈၊ ၂၀၊ ၂၄) မကြာသေးမီ​ကမှ ယေဟောဝါ​ထံ ကျွန်ုပ်​တို့ ဆက်ကပ်​အပ်နှံ​ထား​လင့်​ကစား ‘နှုတ်မြွက်​တရား​၏​နို့​စစ်​ကို အလွန်​လိုချင်​သော​စိတ်​ရှိ’ ပါသလော။ (၁ ပေတရု ၂:၁၊ ၂) ဘုရားသခင်​၏​တရားတော်​ကို သိ​နားလည်​ပြီး လက်တွေ့​ကျင့်သုံး​နိုင်​ရန် ကျမ်းစာ​အခြေခံ​သွန်သင်ချက်​များ​ကို သဘောပေါက်​နားလည်​ထား​ဖို့​လို​သည်။

၉။ လူ​တို့​တောင်းဆို​သော​အရာများ​သည် ဘုရားသခင်​၏​တရားတော်​နှင့် ဆန့်ကျင်​သည့်​အခါ မည်သို့​တုံ့ပြန်​သင့်​သနည်း။

ဘုရားသခင်​၏​သက်သေခံ​တော်​မူ​ချက်​များ​ကို ကျွန်ုပ်​တို့ နှစ်သက်​စွဲလမ်း​ကြ​မည်​ဖြစ်သော်လည်း “မင်းတို့​သည်” အကြောင်း​တစ်မျိုး​မျိုး​ကြောင့် ကျွန်ုပ်​တို့ကို ဆန့်ကျင်​ပြောဆို​ကြ​လျှင်​ကော အသို့နည်း။ (ဆာလံ ၁၁၉:၂၃၊ ၂၄) ယနေ့ အာဏာပိုင်​များသည် ကျွန်ုပ်​တို့အား ဘုရားသခင်​၏​တရားတော်​ထက် လူ့​ဥပဒေသကို ဦးစားပေး​ရန် ကြိုးစား​နား​သွင်း​တတ်ကြ​သည်။ လူ​တို့​တောင်းဆို​သော​အရာများ​သည် ဘုရားသခင့်​အလိုတော်နှင့် ဆန့်ကျင်​သည့်​အခါ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ကြ​မည်​နည်း။ ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့ နှစ်သက်​စွဲလမ်း​လျှင် ယေဟောဝါ​အပေါ် ဆက်၍​တည်ကြည်​ကြ​မည်။ ညှဉ်းပန်း​နှိပ်စက်​ခံရ​သော ယေရှု​ခရစ်​၏​တမန်​တော်​များ​ကဲ့သို့ ကျွန်ုပ်​တို့သည်​လည်း “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​သင့်​ပါ​၏” ဟု​ပြောဆို​ကြ​ပါ​လိမ့်​မည်။—တမန်​တော် ၅:၂၉

၁၀၊ ၁၁။ ကျွန်ုပ်​တို့သည် အခဲယဉ်းဆုံး​အခြေအနေ​များ​တွင်​ပင် ယေဟောဝါ​အပေါ် မည်သို့​သမာဓိ​စောင့်ထိန်း​နိုင်​ပုံ​ကို ဥပမာ​ပေး​၍ ရှင်းပြပါ။

၁၀ အခဲယဉ်းဆုံး​အခြေအနေ​များ​တွင်​ပင် ယေဟောဝါ​အပေါ် ကျွန်ုပ်​တို့​တည်ကြည်​နိုင်​ကြသည်။ (ဆာလံ ၁၁၉:၂၅-၃၂) ဘုရားသခင်​အပေါ် ကျွန်ုပ်​တို့ သမာဓိ​စောင့်ထိန်း​နိုင်​ရန် ကိုယ်တော်​၏​သွန်သင်မှု​ကို​ခံယူ​ဖို့ အသင့်ရှိ​ပြီး သွန်သင်​ပေး​ပါ​ဟု​လည်း ထက်သန်​စွာ​ဆုတောင်း​ကြ​ရမည်။ “သစ္စာ​လမ်း” ကိုလည်း​ရွေး​ကြ​ရမည်။—ဆာလံ ၁၁၉:၂၆၊ ၃၀

၁၁ ဆာလံ ၁၁၉ ကို​ရေးသားခဲ့​ဖွယ်​ရှိသူ ဟေဇကိ​သည် “သစ္စာ​လမ်း” ကို​ရွေး​ခဲ့​သည်။ သူ၏​ပတ်လည်​တွင် အယူမှား​ဝတ်ပြုသူ​များ​ရှိပြီး နန်းတော်သား​များ​၏ ပြောင်လှောင်ခြင်း​ကို​ခံ​ခဲ့​ရမည်​ဖြစ်သော်လည်း ထိုသို့​ရွေးချယ်​ခဲ့​သည်။ သူသည် ဤ​အခြေအနေ​များ​ကြောင့် “ဝမ်းနည်းခြင်း​အားဖြင့် မ​အိပ်​နိုင်” ခဲ့​ခြင်း​ဖြစ်​ပေမည်။ (ဆာလံ ၁၁၉:၂၈) သို့သော် ဘုရားသခင်​ကို ယုံကြည်​ကိုးစား​ခဲ့​သော ဟေဇကိ​သည် မင်းကောင်း​တစ်ပါး​ဖြစ်​ပြီး ‘ထာဝရ​ဘုရားသခင်​ရှေ့တော်၌ တရားသော​အမှုကိုပြု’ ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၁၈:၁-၅) ကျွန်ုပ်​တို့သည်​လည်း ဘုရားသခင်​ကို ယုံကြည်​ကိုးစားခြင်း​ဖြင့် သမာဓိ​စောင့်ထိန်း​သူများ​အနေ​နှင့် အခက်အခဲ​များ​ကို ခံရပ်​နိုင်​ကြ​မည်။—ယာကုပ် ၁:၅-၈

ယေဟောဝါ​၏​စကားတော်​က ရဲစွမ်းသတ္တိ​ရှိစေ

၁၂။ ဆာလံ ၁၁၉:၃၆၊ ၃၇ ကို​ကျွန်ုပ်​တို့​ကိုယ်တိုင် မည်သို့​ကျင့်သုံး​နိုင်​သနည်း။

၁၂ ဘုရားသခင်​၏​စကားတော် လမ်းညွှန်ချက်ကို လိုက်လျှောက်ခြင်း​သည် ဘဝ​အခက်အခဲ​များ​ကို ကျော်လွှား​ရန် လိုအပ်သော ရဲစွမ်းသတ္တိ​ရှိစေ​၏။ (ဆာလံ ၁၁၉:၃၃-၄၀) ယေဟောဝါ​၏​တရားတော်​ကို “စိတ်နှလုံး​အကြွင်းမဲ့” စောင့်ထိန်း​နိုင်​ရန် ကိုယ်တော်​၏​သွန်သင်ချက်​ကို နှိမ့်ချစွာ ကြိုးစား​ရှာဖွေ​ရမည်။ (ဆာလံ ၁၁၉:၃၃၊ ၃၄) ဆာလံဆရာ​နည်းတူ ဘုရားသခင်​အား ဤသို့​တောင်းလျှောက်​ကြသည်– ‘အကျွန်ုပ်​စိတ်နှလုံး​ကို မတရား​စီးပွား​ရှာ​သည့် လောဘ,ဘက်​သို့ မဟုတ်၊ သက်သေခံ​တော်​မူ​ချက်​တို့​ဘက်​သို့ ဆွဲ​တော်​မူ​ပါ။’ (ဆာလံ ၁၁၉:၃၆) တမန်​တော်​ပေါလု​ကဲ့သို့ ကျွန်ုပ်​တို့သည် “အရာ​ရာ​တို့​၌ ကောင်းမွန် [“ရိုးသား၊” က​ဘ] စွာ​ကျင့်​နေ” ကြ​၏။ (ဟေဗြဲ ၁၃:၁၈) အလုပ်ရှင်​တစ်ဦး​သည် ကျွန်ုပ်​တို့ကို မရိုးမသား​ပြုလုပ်​စေ​လို​သည့်​အခါ ဘုရားသခင်​၏​လမ်းညွှန်ချက်​အတိုင်း လိုက်လျှောက်​နိုင်​ရန် သတ္တိ​မွေး​ကြ​ရမည်၊ ဤသို့​ပြုခြင်း​ကို ယေဟောဝါ အစဉ်​ကောင်းချီး​ပေး​တော်​မူ​၏။ အမှန်​အားဖြင့် ကိုယ်တော်​သည် မကောင်းသော​လိုအင်ဆန္ဒ​အားလုံး​ကို ချုပ်ထိန်း​နိုင်​ရန် ကျွန်ုပ်​တို့ကို ကူညီပေး​၏။ သို့​ဖြစ်၍ “[အချည်းနှီး] ကို ပမာဏ​မပြု​စေခြင်း​ငှာ အကျွန်ုပ်​မျက်စိ​ကို အခြား​သို့​လွှဲ​တော်​မူ​ပါ” ဟု​ဆုတောင်း​ကြ​စို့။ (ဆာလံ ၁၁၉:၃၇) ကျွန်ုပ်​တို့သည် ဘုရားသခင်​မုန်း​သော အချည်းနှီး​အရာများ​ကို နှစ်သက်ဖွယ်ရာ​များ​အဖြစ် ဘယ်တော့​မျှ ရှုမြင်​လို​ကြ​မည်​မဟုတ်ပေ။ (ဆာလံ ၉၇:၁၀) ဤသို့​အားဖြင့် အခြားသော​အရာများ​အပြင် ညစ်ညမ်း​သော​စာအုပ်၊ ရုပ်ရှင်​နှင့် နတ်​ဝိဇ္ဇာ​အတတ်​တို့ကို​လည်း ကျွန်ုပ်​တို့​ရှောင်ရှား​နိုင်​မည်​ဖြစ်သည်။—၁ ကောရိန္သု ၆:၉၊ ၁၀; ဗျာ. ၂၁:၈

၁၃။ ညှဉ်းပန်း​နှိပ်စက်​ခံ​ခဲ့​ရသော ယေရှု၏​တပည့်​များသည် ရဲရင့်စွာ​သက်သေ​ခံရန် လိုအပ်​သည့်​သတ္တိ​ကို မည်သို့​ရရှိခဲ့ကြ​သနည်း။

၁၃ ဘုရားသခင့်​စကားတော်​၏ တိကျ​မှန်ကန်သော​အသိပညာ​သည် သတ္တိရှိရှိ သက်သေခံ​စေ​သည်။ (ဆာလံ ၁၁၉:၄၁-၄၈) “ကဲ့ရဲ့​သော​သူ၏​စကား​ကို​ချေ” ပ​ရန် ကျွန်ုပ်​တို့ သတ္တိ​ရှိဖို့လို​သည်။ (ဆာလံ ၁၁၉:၄၂) တစ်ခါတစ်ရံ ကျွန်ုပ်​တို့သည် ညှဉ်းပန်း​နှိပ်စက်​ခံ​ခဲ့​ရသော ယေရှု၏​တပည့်​များ​နည်းတူ ‘ထာဝရ​ဘုရားသခင်၊ ကိုယ်တော်​၏​ကျွန်​တို့သည် နှုတ်မြွက်​စကားတော်​ကို ရဲရင့်စွာ​ဟောပြောပါ​မည်​အကြောင်း ကယ်မ​သနားတော်မူ​ပါ’ ဟု​ဆုတောင်း​ကြ​ပေမည်။ ရလဒ်​ကား အဘယ်နည်း။ ‘ထို​သူအပေါင်း​တို့သည် သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့်​ပြည့်​သဖြင့် ဘုရားသခင်​၏​နှုတ်မြွက်​စကားတော်​ကို ရဲရင့်စွာ​ဟောပြောကြ​၏။’ အစိုးရ​တော်​မူ​သော​ထို​အရှင်​သည် ကိုယ်တော်​၏​စကားတော်​ကို ရဲရင့်စွာ​ဟောပြောနိုင်​ရန် ကျွန်ုပ်​တို့အား သတ္တိ​ပေး​တော်​မူ​၏။—တမန်​တော် ၄:၂၄-၃၁

၁၄။ ပေါလု​နည်းတူ သတ္တိရှိရှိ သက်သေ​ခံနိုင်​ရန် ကျွန်ုပ်​တို့ကို အဘယ်အရာက ထောက်ကူ​ပေး​သနည်း။

၁၄ ကျွန်ုပ်​တို့သည် ‘ဟုတ်မှန်​သော​စကား’ ကို​စွဲလမ်း​ပြီး ‘ဘုရားသခင်​၏​တရားကို အစဉ်အမြဲ​ကျင့်​စောင့်’ မည်​ဆိုလျှင် မရှက်မကြောက် သက်သေ​ခံရန် လိုအပ်​သည့်​သတ္တိ​ကို ရရှိပါ​လိမ့်​မည်။ (ဆာလံ ၁၁၉:၄၃၊ ၄၄) သမ္မာကျမ်းစာ​ကို အပတ်တကုတ် လေ့လာခြင်း​က ‘ဘုရားသခင်​၏​သက်သေခံ​တော်​မူ​ချက်​တို့ကို မင်း​များ​ထံ​မှာ ပြန်​ပြော’ ရန်​အသင့်ရှိ​စေ​သည်။ (ဆာလံ ၁၁၉:၄၆) ဆုတောင်းခြင်း​နှင့် ယေဟောဝါ​၏​ဝိညာဉ်​တော်​က​လည်း မှန်ကန်​ရာ​ကို နည်း​မှန်​လမ်း​ကျ​ပြောဆို​စေ​၏။ (မဿဲ ၁၀:၁၆-၂၀; ကောလောသဲ ၄:၆) ပေါလု​သည် ဘုရားသခင်​၏​သက်သေခံ​တော်​မူ​ချက်​များ​ကို ပထမ​ရာစု​အုပ်စိုးရှင်​များ​အား ရဲရင့်စွာ​ပြောဆို​ခဲ့​သည်။ ဥပမာ၊ သူသည် “ခရစ်တော်​ကို ယုံကြည်ခြင်း​နှင့်ယှဉ်သော​စကား​ကို နားထောင်” ခဲ့​သော ရောမ​ဘုရင်ခံ​ဖေလဇ်​အား သက်သေခံ​ခဲ့​သည်။ (တမန်​တော် ၂၄:၂၄၊ ၂၅) ထို့​ပြင် ဘုရင်ခံ​ဖေတ္တု​နှင့် ရှင်ဘုရင်​အဂြိပ္ပ​တို့ကို​လည်း သက်သေခံ​ခဲ့​၏။ (တမန်​တော် ၂၅:၂၂–၂၆:၃၂) ကျွန်ုပ်​တို့သည်​လည်း ယေဟောဝါ​၏​ကျော​ထောက်​နောက်ခံ​ဖြင့် ‘သတင်းကောင်းကို ရှက်ကြောက်ခြင်း​မရှိ’ သတ္တိရှိရှိ သက်သေ​ခံနိုင်​ကြ​မည်။—ရောမ ၁:၁၆

ဘုရားသခင့်​စကားတော်​သည် ကျွန်ုပ်​တို့ကို နှစ်သိမ့်​ပေး

၁၅။ တခြား​သူများ ကျွန်ုပ်​တို့ကို ကဲ့ရဲ့​သည့်​အခါ သမ္မာကျမ်းစာ​က မည်သို့​နှစ်သိမ့်မှု​ပေး​နိုင်​သနည်း။

၁၅ ယေဟောဝါ​၏​စကားတော်​သည် အစဉ်​နှစ်သိမ့်မှု​ပေး​၏။ (ဆာလံ ၁၁၉:၄၉-၅၆) ကျွန်ုပ်​တို့သည် အထူးသဖြင့် နှစ်သိမ့်မှု​လို​သည့် အချိန်​များ​ရှိသည်။ ယေဟောဝါသက်သေ​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ရဲရင့်စွာ​ပြောဆို​ကြသော်လည်း ဘုရားသခင်​အပေါ် ရောင့်တက်စွာ ပြုမူ​ကြ​သည့် ‘ရောင့်တက်သော​သူတို့’ သည် တစ်ခါတစ်ရံ ‘ကျွန်ုပ်​တို့ကို အလွန်​ကဲ့ရဲ့’ တတ်ကြ​၏။ (ဆာလံ ၁၁၉:၅၁) သို့သော် ကျွန်ုပ်​တို့ ဆုတောင်း​နေစဉ် သမ္မာ​ကျမ်းစာ​ပါ အပြုသဘော​ပါ​အရာများ​ကို ပြန်သတိရ​ကြသော​ကြောင့် “နှစ်သိမ့်” မှု​ရ​ပေမည်။ (ဆာလံ ၁၁၉:၅၂) ကျွန်ုပ်​တို့​တိုးလျှိုး​အသနားခံ​ဆုတောင်း​နေစဉ် ဖိစီးမှု​ခံ​နေရ​သော​အခြေအနေ​တွင် လိုအပ်သော နှစ်သိမ့်မှု​နှင့် ရဲစွမ်းသတ္တိ​ပေး​သည့် ကျမ်းစာ​ပညတ် သို့​မဟုတ် မူ​တစ်ခု​ကို အမှတ်ရ​ပေမည်။

၁၆။ ဘုရားသခင်​၏​ကျေးကျွန်​များသည် ညှဉ်းပန်း​နှိပ်စက်မှု​ခံရ​ငြား အဘယ်အရာ မပြု​လုပ်ခဲ့ကြ​သနည်း။

၁၆ ဆာလံဆရာ​ကို ကဲ့ရဲ့​ခဲ့​ကြသော ရောင့်တက်သူ​များ​မှာ ဘုရားသခင်​ကို အပ်နှံ​ထားသော ဣသရေလ​လူမျိုး​ပင်​ဖြစ်သည်။ တကယ့်ကို​ဝမ်းနည်းစရာပင်! သို့သော် သူတို့နှင့်​မတူဘဲ ဘုရားသခင်​၏​တရားတော်​မှ သွေဖည်​မသွား​မိ​ရန် စိတ်​ဆုံးဖြတ်ထား​ကြပါစို့။ (ဆာလံ ၁၁၉:၅၁) နှစ်များ​တစ်လျှောက် နာဇီ​ညှဉ်းပန်းမှု​နှင့် အလားတူ​အရာ​မျိုးကို​ခံ​ခဲ့​ကြ​ရသော ဘုရားသခင့်​ကျေးကျွန်​မြောက်မြားစွာ​သည် သမ္မာကျမ်းစာ​တွင် တွေ့ရှိ​ရသည့် တရားတော်​နှင့်​မူ​တို့​မှ သွေဖည်​မသွား​ခဲ့​ကြ​ချေ။ (ယောဟန် ၁၅:၁၈-၂၁) ယေဟောဝါ​ကို နာခံခြင်း​သည် ဝန်ထုပ်​မဟုတ်ပါ၊ အကြောင်း​မှာ ကိုယ်တော်​၏​အထုံးအဖွဲ့​များသည် ကျွန်ုပ်​တို့အတွက် စိတ်​ချမ်းမြေ့​ဖွယ် တေးသံသာ​များနှင့်​တူ​၍​ဖြစ်၏။—ဆာလံ ၁၁၉:၅၄; ၁ ယောဟန် ၅:၃

ယေဟောဝါ​၏​စကားတော်​အတွက် ကျေးဇူး​တင်​ရှိ

၁၇။ ဘုရားသခင့်​စကားတော်​ကို တန်ဖိုး​ထား​လေးမြတ်ခြင်းက ကျွန်ုပ်​တို့ကို အဘယ်အရာ​ပြုလုပ်​စေ​သနည်း။

၁၇ ဘုရားသခင့်​စကားတော်​ကို လိုက်လျှောက်ခြင်း​အားဖြင့် ၎င်း​အတွက် ကျေးဇူး​တင်​ကြောင်း ကျွန်ုပ်​တို့​ဖော်ပြ​ကြသည်။ (ဆာလံ ၁၁၉:၅၇-၆၄) ဆာလံဆရာ​သည် ‘ယေဟောဝါ​၏​စကားတော်​ကို နားထောင်ပါ​မည်​ဟု ကတိပေး’ သည့်​ပြင် ‘တရား​သဖြင့် စီရင်တော်မူချက်​တို့ကို​ထောက်၍ ဂုဏ်တော်​ကို​ချီးမွမ်း​ခြင်း​ငှာ သန်း​ခေါင်​အချိန်၌ ထ​တတ်၏။’ ကျွန်ုပ်​တို့သည် ည​အချိန် တစ်​ရေး​နိုး​လျှင် ဘုရားသခင်​ကို ဆုတောင်း၍ ကျေးဇူး​တင်​ကြောင်း ဖော်ပြ​ရန် တကယ့်​အခွင့်ကောင်း​ပင်! (ဆာလံ ၁၁၉:၅၇၊ ၆၂) ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့ တန်ဖိုး​ထား​လေးမြတ်ခြင်းက မြင့်မြတ်​သော​သွန်သင်ခြင်း​ကို ကြိုးစား​ရှာယူ​စေပြီး ယေဟောဝါ​အား ကြည်ညို​လေးမြတ်​ကာ ‘ကြောက်ရွံ့​သော​သူတို့နှင့် ပေါင်းဖော်’ စေ​သည်။ (ဆာလံ ၁၁၉:၆၃၊ ၆၄) ဤ​ကမ္ဘာ​မြေပေါ်​တွင် ထို​ထက်​သာ၍​ကောင်းသော အပေါင်းအသင်းများကို အဘယ်သူ ရှာတွေ့နိုင်​မည်​နည်း။

၁၈။ ‘လူဆိုး​တို့၏​ကြိုး​များသည် အကျွန်ုပ်​တို့ကို​ဝိုင်း’ ထားချိန်​တွင် ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို ယေဟောဝါ မည်သို့​ဖြေကြား​တော်​မူ​သနည်း။

၁၈ ယေဟောဝါ​ထံ စိတ်နှလုံး​အကြွင်းမဲ့ ဆုတောင်း၍ ကျွန်ုပ်​တို့ကို သွန်သင်​ပေး​ပါ​ရန် နှိမ့်ချစွာ​ဆုတောင်း​သည့်​အခါ ကိုယ်တော်​၏​မျက်နှာသာတော်​ရ​လို​၍ “တောင်းပန်” နေခြင်း​ဖြစ်သည်။ အထူးသဖြင့် ‘လူဆိုး​တို့၏​ကြိုး​များသည် အကျွန်ုပ်​တို့ကို​ဝိုင်း​ကြ’ သည့်​အခါ ဆုတောင်း​ဖို့​လို​သည်။ (ဆာလံ ၁၁၉:၅၈၊ ၆၁သမ္မာ) ဘုရားသခင့် နိုင်ငံတော်​ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်း​ကို မ​လုပ်ကိုင်​နိုင်​စေရန် တားဆီး​သော ရန်သူ​၏​ကြိုး​များ​ကို ယေဟောဝါ ဖြတ်တောက်​ပစ်​နိုင်၏။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျွန်ုပ်​တို့၏​လုပ်ငန်း ပိတ်ပင်​ခံရ​သော နိုင်ငံ​များ​တွင် ယင်းကို အကြိမ်ကြိမ်​တွေ့ မြင်ခဲ့​ကြ​ရပြီ။

ဘုရားသခင့်​စကား​ကို ယုံကြည်ပါ

၁၉၊ ၂၀။ ဆင်းရဲခံ​ရသော​ကျေးဇူး မည်သို့ ကြီး​နိုင်​သနည်း။

၁၉ ဘုရားသခင်​နှင့် ကိုယ်တော်​၏​စကားတော်​ကို ယုံကြည်ခြင်း​သည် ဆင်းရဲ​ခက်ခဲ​မှုများ​ကို ခံရပ်​စေပြီး ကိုယ်တော်​၏​အလိုတော်ကို ဆောင်ရွက်​စေ​သည်။ (ဆာလံ ၁၁၉:၆၅-၇၂) ရောင့်တက်သော​သူတို့သည် ဆာလံဆရာ​အပေါ် “မုသာ​စကား​ကို ကြံစည်” ကြသော်လည်း သူက “အကျွန်ုပ်​ဆင်းရဲခံ​ရသော​ကျေးဇူး​သည် ကြီး​ပါ​၏” ဟု​စပ်ဆို​ခဲ့​သည်။ (ဆာလံ ၁၁၉:၆၆၊ ၆၉၊ ၇၁) ယေဟောဝါ​၏​အဘယ်​ကျေးကျွန်​မဆို ဆင်းရဲ​ခက်ခဲ​မှု​ခံရ​ခြင်း​သည် မည်သို့​အကျိုး​ကြီး​နိုင်​သနည်း။

၂၀ ကျွန်ုပ်​တို့သည် ဆင်းရဲ​ခက်ခဲ​မှု​ခံရ​သည့်​အခါ ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ တိုးလျှိုး​အသနားခံ​ကြ​မည်​မှာ သေချာ​၏၊ ၎င်း​က ကျွန်ုပ်​တို့ကို ကိုယ်တော်​နှင့် သာ၍​နီးကပ်​ရင်းနှီး​စေ​၏။ သမ္မာကျမ်းစာ​ကို အချိန်ပို​ပေး​၍ လေ့လာ​ကာ ယင်းကို လက်တွေ့​ကျင့်သုံး​ရန် ပို​ကြိုးစား​အားထုတ်​ကြ​ပေမည်။ ထိုသို့​ပြုခြင်း​က ပျော်ရွှင်မှု ပို​ရှိစေသည်။ သို့သော် စိတ်မရှည်​ခြင်း၊ မာနကြီး​ခြင်း​အစ​ရှိသည့် မနှစ်မြို့ဖွယ်​ဝသီ​များ​ဖြင့် ဆင်းရဲ​ခက်ခဲ​မှု​ကို တုံ့ပြန်​ခဲ့​မိ​လျှင်​ကော အသို့နည်း။ ထက်သန်​စွာ ဆုတောင်း၍ ဘုရားသခင့်​စကားတော်​နှင့် ဝိညာဉ်​တော်​၏​အကူအညီ​ဖြင့် ဤသို့​သော​အပြစ်​အနာအဆာ​များ​ကို နှိမ်နင်း​ပြီး “အသစ်​ပြုပြင်​သော​လူသစ်​ကို” ပိုမို​အပြည့်အဝ “ယူတင်​ဝတ်ဆောင်” နိုင်​ကြ​ပေမည်။ (ကောလောသဲ ၃:၉-၁၄) ထို့​ပြင် ဆင်းရဲ​ခက်ခဲ​မှု​ကို ခံရပ်​သည့်​အခါ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ပိုမို​ခိုင်ခံ့​လာ​၏။ (၁ ပေတရု ၁:၆၊ ၇) ပေါလု​သည် ဆင်းရဲ​ခက်ခဲ​မှုများ​ခံရသော​အခါ ယေဟောဝါ​အပေါ် ပိုမို​မှီခို​အားထား​တတ်လာ​သည့်​အတွက် အကျိုး​ခံစား​ခဲ့​ရ၏။ (၂ ကောရိန္သု ၁:၈-၁၀) ကျွန်ုပ်​တို့​လည်း ဆင်းရဲ​ခက်ခဲ​မှု​ခံရ​ခြင်း​မှ အကျိုး​ရယူ​သလော။

ယေဟောဝါ​အား အစဉ်​ယုံကြည်​ကိုးစား​လော့

၂၁။ ဘုရားသခင်​သည် ရောင့်တက်သူ​များ​ကို ရှက်ကြောက်​စေသည့်​အခါ အဘယ်အရာ​ဖြစ်ပျက်​မည်​နည်း။

၂၁ ဘုရားသခင့်​စကားတော်​က ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရန် ခြေမြစ်​ခိုင်လုံ​သော အကြောင်းရင်းကို​ပေး​၏။ (ဆာလံ ၁၁၉:၇၃-၈၀) ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​ကို အမှန်တကယ် ယုံကြည်​ကိုးစား​မည်​ဆိုလျှင် ရှက်ကြောက်​စ​ရာ​အကြောင်း ရှိ​မည်​မဟုတ်ပေ။ သို့သော် အခြားသူများ​၏​လုပ်ရပ်​ကြောင့် ကျွန်ုပ်​တို့​နှစ်သိမ့်မှု​လိုအပ်​ပြီး ဤသို့​ဆုတောင်း​လို​ပေမည်– ‘ရောင့်တက်သော​သူတို့သည် ရှက်ကြောက်​ကြ​ပါစေ​သော။’ (ဆာလံ ၁၁၉:၇၆-၇၈) ယေဟောဝါ​သည် ဤ​ရောင့်တက်သူ​များ​ကို အရှက်တကွဲ​ဖြစ်စေ​သည့်​အခါ သူတို့၏​လမ်းစဉ် ဆိုးညစ်​ကြောင်း၊ ကိုယ်တော်​၏​မြင့်မြတ်​သော​နာမတော် သန့်ရှင်း​ကြောင်း ထင်ရှား​လာ​မည်​ဖြစ်သည်။ ဘုရားသခင့်​လူမျိုးတော်ကို ညှဉ်းပန်း​နှိပ်စက်​သူများ​သည် အဘယ်​အကျိုး​မျှ​မရရှိ​ကြ​ကြောင်း ကျွန်ုပ်​တို့ စိတ်ချ​နိုင်​သည်။ ဥပမာ၊ ဘုရားသခင်​အား စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်​ကိုးစား​ကြသော ယေဟောဝါသက်သေ​များ​ကို သူတို့​ဘယ်​သောအခါ​မျှ ပပျောက်​သွား​စေနိုင်​ကြ​မည်​မဟုတ်ပေ။—သု. ၃:၅၊ ၆

၂၂။ ဆာလံဆရာ​သည် အဘယ်​သဘော​မျိုး​ဖြင့် “မီးခိုး​၌​ရှိသော သားရေ​ဘူး​ကဲ့သို့” ဖြစ်​ခဲ့​သနည်း။

၂၂ ကျွန်ုပ်​တို့ ညှဉ်းပန်း​နှိပ်စက်​ခံရ​သည့်​အခါ ဘုရားသခင့်​စကားတော်​သည် ကိုယ်တော့်​အပေါ် ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားမှု​ကို ပို​ခိုင်ခံ့​စေ​၏။ (ဆာလံ ၁၁၉:၈၁-၈၈) ရောင့်တက်သူ​များ​၏ ညှဉ်းပန်းမှု​ကို​ခံရ​သော ဆာလံဆရာ​က “မီးခိုး​၌​ရှိသော သားရေ​ဘူး​ကဲ့သို့” ဖြစ်ပါ​၏​ဟု ခံစား​ခဲ့​ရသည်။ (ဆာလံ ၁၁၉:၈၃၊ ၈၆) ကျမ်းစာ​ခေတ်​က တိရစ္ဆာန်​အရေခွံ​နှင့် ပြုလုပ်​ထားသော သားရေ​ဘူး​များ​ကို ရေ၊ ဝိုင်​နှင့် တခြား​အရည်များ​ထည့်​ရန် အသုံးပြုလေ့​ရှိ၏။ အဆိုပါ​သားရေ​ဘူး​များ​ကို အသုံးမပြု​သည့်​အခါ မီး​ခေါင်းတိုင်​မရှိသော​အခန်း​တွင် မီး​အနား ချိတ်ဆွဲ​ထား​လျှင် တွန့်​လိပ်​ရှုံ့တွ​သွား​နိုင်၏။ သင်သည် ဆင်းရဲ​ခက်ခဲ​မှု သို့​မဟုတ် ညှဉ်းပန်း​နှိပ်စက်မှု​ခံရ​သည့်​အခါ “မီးခိုး​၌​ရှိသော သားရေ​ဘူး​ကဲ့သို့” ခံစားရ​ဖူး​သလော။ ထိုသို့​ခံစား​ခဲ့​ရမည်​ဆိုလျှင် ယေဟောဝါ​အား ယုံကြည်​ကိုး​စား၍ “ကရုဏာတော်​ရှိသည်​အတိုင်း အကျွန်ုပ်​ကို အသက်ရှင်​စေတော်မူ​ပါ။ နှုတ်​တော်​ထွက် . . . ကို​စောင့်ပါ​မည်” ဟု​ဆုတောင်း​ပါ။—ဆာလံ ၁၁၉:၈၈

၂၃။ ဆာလံ ၁၁၉:၁-၈၈ ကို​ဆွေးနွေး​ရာ​တွင် အဘယ်အရာကို ဆင်ခြင်​သုံးသပ်​ခဲ့​ကြပြီ​နည်း၊ ဆာလံ ၁၁၉:၈၉-၁၇၆ ကို​လေ့လာ​တော့​မည်​ဖြစ်​ရာ မိမိကိုယ်ကို မည်သို့​မေး​နိုင်​သနည်း။

၂၃ ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ မိမိ၏​စကားတော်​ကို ယုံကြည်​ကိုးစား​ပြီး မိမိ၏​အထုံးအဖွဲ့​များ၊ သက်သေခံ​တော်​မူ​ချက်​များ၊ ပညတ်ချက်​များနှင့် တရားတော်​များ​ကို စိတ်​စွဲလမ်း​သောကြောင့် သူတို့ကို ချစ်ခင်​ကြင်နာ​ကြောင်း ဆာလံ ၁၁၉ ၏​ပထမ​အပိုင်း​ကို သုံးသပ်​ရာ​မှ သိရှိ​ခဲ့​ရပြီ။ (ဆာလံ ၁၁၉:၁၆၊ ၄၇၊ ၆၄၊ ၇၀၊ ၇၇၊ ၈၈) ကိုယ်တော့်​ကို​ဆည်းကပ်​ဝတ်ပြုသူ​များသည် ကိုယ်တော်​၏​စကားတော်​နှင့်​အညီ အစဉ်​သတိပြု​နေထိုင်ကြ​သည်ကို ကိုယ်တော် နှစ်သက်​အားရ​တော်​မူ​၏။ (ဆာလံ ၁၁၉:၉၊ ၁၇၊ ၄၁၊ ၄၂) နှစ်သက်​အားရှိဖွယ် ဤ​ဆာလံ​၏ ကျန်​အပိုင်း​ကို လေ့လာ​တော့​မည်​ဖြစ်​ရာ ‘ယေဟောဝါ​၏​စကားတော်​သည် ကျွန်ုပ်​၏​လမ်းခရီး​ကို အမှန်ပင် လင်း​စေ​သလော’ ဟု​သင့်ကို​သင် မေး​နိုင်၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 2 ဤ​တွင် ဘုရားသခင့်​စကားတော် သမ္မာ​ကျမ်းစာ​ပါ အကြောင်းအရာ​အားလုံး​ကို​မဟုတ်ဘဲ ယေဟောဝါ​၏​သတင်းတရားကို​သာ ဖော်ညွှန်း​ထား​၏။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• စစ်မှန်သော​ပျော်ရွှင်မှု​ရှိ​ရန် အဘယ်အရာ​လို​သနည်း။

• ယေဟောဝါ​၏​စကားတော်​သည် ကျွန်ုပ်​တို့ကို ဝိညာဉ်​ရေး​အရ မည်သို့ သန့်ရှင်း​စင်ကြယ်​စေ​သနည်း။

• ဘုရားသခင့်​စကားတော်​သည် အဘယ်​နည်းများဖြင့် သတ္တိ​ရှိစေပြီး နှစ်သိမ့်မှု​ပေး​သနည်း။

• ကျွန်ုပ်​တို့သည် ယေဟောဝါ​နှင့် ကိုယ်တော်​၏​စကားတော်​ကို အဘယ်ကြောင့် ယုံကြည်​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံများ]

ရုသ၊ ရာခပ်​နှင့် ဗာဗုလုန်​သို့​ပြည်နှင်ခံရ​သော ဟေဗြဲ​လူငယ်များသည် ‘ဘုရားသခင့်​စကားတော်​နှင့်​အညီ သတိပြု​နေထိုင်ခဲ့​ကြ’

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

ပေါလု​သည် သတ္တိရှိရှိ ‘ဘုရားသခင်​၏​သက်သေခံ​တော်​မူ​ချက်​တို့ကို မင်း​များ​ထံ ပြော​ခဲ့’