မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင်​စာစောင်​များ ဖတ်ရှု​ရသည်ကို သင်​သဘောကျခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ယေရှု၏​မွေးနေ့​ကျင်းပ​သည့်​ရက်စွဲ​အဖြစ် ဒီဇင်ဘာ​လ ၂၅ ရက်ကို ရွေးချယ်​ရသည့် အကြောင်းရင်း​ကား​အဘယ်နည်း။

သမ္မာကျမ်းစာ​တွင် ယေရှု​မွေးဖွား​သည့်​ရက်စွဲ မပါ​ပါ။ အင်​စီ​ကလို​ပေ​ဒီ​ယာ ဟ​စ္စ​ပဲ​န်​နစ်​ကာ​က ဤသို့​ဆို​၏– “ခရစ္စမတ်​ပွဲ​ကျင်းပ​သည့် ဒီဇင်ဘာ ၂၅ ရက်​သည် နှစ်​ရက်​စဉ်​အရ တိကျ​စွာ​တွက်ချက်​ပြီး​ရရှိ​လာ​သည့် ရက်စွဲ​မဟုတ်ဘဲ ဆောင်း​ယ​ဉ်​စွန်း​ချိန် ပွဲသဘင်​များ​ကို ခရစ်ယာန်​မှု​ပြု​ထားခြင်း​သာ​ဖြစ်သည်။” ရှေး​ရောမ​လူမျိုး​တို့သည် ဆောင်း​ရာသီ​ကောင်းကင်ပြင်​တွင် သူ​ရိယ​နေ​မင်း​ပေါ်ထွက်​ခြင်း​ပွဲ​ကို မြူးထူး​ပျော်ရွှင်​ခြင်း၊ သောက်​စား​ပျော်ပါး​ခြင်း​နှင့် လက်ဆောင်​များ​ဖလှယ်​ခြင်း​တို့​ဖြင့် ကျင်းပ​လေ့​ရှိကြသည်။—၁၂/၁၅၊ စာမျက်နှာ ၄-၅။

တမန်​တော် ၇:၅၉ က သတေဖန်​သည် ယေရှု​ထံ​ဆုတောင်း​ခဲ့​သည်​ဟု ဆိုလို​ပါသလော။

မဆိုလို​ပါ။ ယေဟောဝါ​ဘုရားသခင်​တစ်ပါး​တည်း​ထံ ဦးတည်​ဆုတောင်း​ရမည်ဟု သမ္မာကျမ်းစာ​ဆို​၏။ စိတ်အာရုံ​တွင် ယေရှုကို သတေဖန်​မြင်​လိုက်ရ​သဖြင့် “အကျွန်ုပ်၏​ဝိညာဉ်​ကို သိမ်းယူ​တော်​မူ​ပါ” ဟု တိုက်ရိုက်​အသနားခံ​ဝံ့​ခြင်း​ဖြစ်​နိုင်​သည်။ ယေရှုသည် လူသေ​တို့ကို ပြန်ရှင်​စေဖို့ အခွင့်အာဏာ​ရရှိခဲ့​ကြောင်း သတေဖန်​သိထား​သည်။ (ယောဟန် ၅:၂၇-၂၉) ထို့​ကြောင့် ရှင်ပြန်ထမြောက်​မည့်​နေ့​အထိ သူ၏​အသက်စွမ်းအား​ကို ကာကွယ်​ပေး​ရန် ယေရှု​အား သူ​တောင်းခံ​ခဲ့​ခြင်း​ဖြစ်သည်။—၁/၁၊ စာမျက်နှာ ၃၁။

လူတစ်ဦး​၏​နောင်ရေး​ကို ကြိုတင်​သတ်မှတ်​မထား​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

ဘုရားသခင်​သည် လူ​၏​ဘဝကို တင်ကူး​ပြဋ္ဌာန်း​မထား​ဘဲ သူ့ကို လွတ်လပ်​စွာ​ရွေးချယ်ခွင့် ပေး​ထား​သည်။ ကျွန်ုပ်​တို့​လိုက်လျှောက်​ရမည့် ဘဝ​လမ်းစဉ်​ကို ကြိုတင်​သတ်မှတ်​ထားပြီး ကျွန်ုပ်​တို့​ပြုလုပ်​ရာ​ကို ကျွန်ုပ်​တို့​တာဝန်​ယူရ​မည်​ဆိုလျှင် ယေဟောဝါ​သည် အလွန်​မေတ္တာ​မဲ့ပြီး မတရားသော​ဘုရားသခင် ဖြစ်သွား​ပေမည်။ (တရားဟောရာ ၃၂:၄; ၁ ယောဟန် ၄:၈)—၁/၁၅၊ စာမျက်နှာ ၄-၅။

အံ့ဖွယ်အမှု​များ မဖြစ်​နိုင်​ဟု​ဆို​ခြင်း​သည် အဘယ်ကြောင့် မတော်လျော်​သနည်း။

သိပ္ပံ​ပညာရှင်​အချို့​က ဘုရားသခင့်​ဖန်ဆင်း​ရာ​များ​နောက်ဝယ် သိပ္ပံ​ဆိုင်ရာ​အံ့ဖွယ်ရာ​တို့ကို အနည်း​အကျဉ်း​မျှ​သာ သိ​ရှိကြောင်း အသိအမှတ်ပြု​ထား​ကြ​ရာ တစ်စုံတစ်ခု​မဖြစ်​နိုင်​ပါ​ဟု တပ်အပ်​မပြော​ဆိုနိုင်​ကြောင်း သူတို့​ဝန်ခံ​ကြသည်။ အလွန်​ဆုံး​တော့ မဖြစ်​တန်​ရာ​ဟု သူတို့​ပြောဆို​လို​ကြသည်။—၂/၁၅၊ စာမျက်နှာ ၅-၆။

တရားသူကြီး​ရှံဆုန်​သည် ဖိလိတ္တိ​အမျိုးသမီး​တစ်ဦး​ကို ဇနီး​အဖြစ်​လိုချင်​သည်​ဟု မိဘတို့​အား အဘယ်ကြောင့် တောင်းဆို​ရသနည်း။ (တရားသူကြီး ၁၄:၂)

အယူမှား​ဝတ်ပြုသူ​တစ်ဦး​နှင့် အိမ်ထောင်ပြုခြင်း​က ဘုရားသခင့်​ပညတ်​နှင့်​ဆန့်ကျင်​၏။ (ထွက်မြောက်ရာ ၃၄:၁၁-၁၆) သို့​တိုင် ရှံဆုန်​သည် ဖိလိတ္တိ​အမျိုးသမီးကို “မျက်စိကျ” ခဲ့​၏။ ရှံဆုန်​သည် “ဖိလိတ္တိ​လူ​တို့​၌ အမှု​ရှာ” နေရာ ၎င်း​ရည်ရွယ်ချက်​အတွက် ထို​အမျိုးသမီး​သည် အတော်ပင်​ဖြစ်၏။ ဘုရားသခင်​သည် ရှံဆုန်​ကို ကိုယ်တော်​၏​ဝိညာဉ်တော်ဖြင့် ကျော​ထောက်​နောက်ခံ​ခဲ့​၏။ (တရားသူကြီး ၁၃:၂၅; ၁၄:၃၊ ၄၊)—၃/၁၅၊ စာမျက်နှာ ၂၆။

ခရစ်ယာန်​တစ်ဦး​သည် အစိုးရ​အမှုထမ်း​တစ်ဦး၏​ဝန်ဆောင်မှု​အတွက် ဘောက်ဆူး​ဖြစ်စေ၊ လက်ဆောင်​ဖြစ်စေ ပေး​သင့်​သလော။

တရား​မဝင်​ရာ​တစ်စုံတစ်ခု ပြုလုပ်​ရန်၊ တရား​မမျှမတ​ပြုလုပ်​ရန် သို့​မဟုတ် ဦးစားပေး​ဆက်ဆံခံရ​ရန် အာဏာပိုင်​တစ်ဦး​အား လာဘ်ထိုး​ခြင်း၊ အဖိုးတန်​ပစ္စည်း​တစ်ခုခု ပေးကမ်း​ခြင်း​သည် မှား​၏။ သို့သော် တရားဝင်​ဝန်ဆောင်မှု​တစ်ခု​ရရှိရန် သို့​မဟုတ် မတရား​သဖြင့်​ဆက်ဆံ​မခံရ​ရန် ဝန်ထမ်း​တစ်ဦး​အား လက်ဆောင် သို့​မဟုတ် ဘောက်ဆူး​ပေးခြင်း​သည် လာဘ်ထိုး​ခြင်း​မဟုတ်ပေ။—၄/၁ စာမျက်နှာ ၂၉။