သင်၏ယုံကြည်ခြင်းက သင့်အားပြုမူလုပ်ဆောင်ရန် လှုံ့ဆော်ပေးပါသလော
သင်၏ယုံကြည်ခြင်းက သင့်အားပြုမူလုပ်ဆောင်ရန် လှုံ့ဆော်ပေးပါသလော
ယေရှုသည် လေဖြတ်သွားသည့် မိမိကျွန်ကို ကုသပေးနိုင်ကြောင်း တပ်မှူးဖြစ်သူ ယုံကြည်ထားသည်။ သို့သော် အဆိုပါတပ်မှူးသည် ယေရှုအား အိမ်ထဲဝင်ရန် မဖိတ်ခေါ်ခဲ့ပေ၊ မခံထိုက်ဟု ခံစားရ၍ဖြစ်နိုင်သလို မိမိမှာ တစ်ပါးအမျိုးသားဖြစ်နေခြင်းကြောင့်လည်း ဖြစ်ပေမည်။ ယင်းအစား၊ တပ်မှူးသည် ယုဒအမျိုးအကြီးအကဲတချို့ကို ယေရှုထံစေလွှတ်၍ ဤသို့ဆိုစေသည်– “သခင်၊ ကျွန်တော်၏အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်းကျေးဇူးတော်ကို ကျွန်တော်မခံထိုက်ပါ။ အမိန့်တော်တစ်ခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။” ယေရှုသည် အဝေးကပင် ကုသပေးနိုင်ကြောင်းကို အဆိုပါတပ်မှူး ယုံကြည်ကြောင်း သတိပြုမိကာ ယေရှုက မိမိနောက်သို့လိုက်လာကြသည့် လူအုပ်အား ဤသို့မိန့်ဆိုလေသည်– “ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သောယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေး။”—မဿဲ ၈:၅-၁၀; လုကာ ၇:၁-၁၀။
ဤတွေ့ ကြုံမှုက ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အရေးကြီးသည့်အချက်ကို အာရုံစိုက်မိစေပါသည်။ စစ်မှန်သောယုံကြည်ခြင်းဟူသည် မလှုပ်မရှားဖြစ်နေသည့် ယုံကြည်ချက်မျိုးမဟုတ်ဘဲ ယင်းသည် ပြုမူလုပ်ဆောင်ချက်ဖြင့် ထောက်မပေးထား၏။ ကျမ်းရေးသူ ယာကုပ်က ‘အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏’ ဟု ရှင်းပြခဲ့သည်။ (ယာကုပ် ၂:၁၇) ယုံကြည်ခြင်းသည် ပြုမူလုပ်ဆောင်မှုမရှိတော့သည့်အခါ အဘယ်အရာဖြစ်သွားနိုင်ကြောင်း တကယ့်ပုံနမူနာတစ်ခုကို ကျွန်ုပ်တို့သုံးသပ်ကြမည်ဆိုလျှင် ထိုအချက်ကို ကောင်းစွာသဘောပေါက်လာပါမည်။
ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်တွင် ဣသရေလလူမျိုးသည် ပညတ်ပဋိညာဉ်အားဖြင့် ယေဟောဝါဘုရားသခင်နှင့် ပေါင်းစည်းခဲ့ကြသည်။ ထိုပဋိညာဉ်၏ ဖျန်ဖြေစေ့စပ်သူ မောရှေသည် ဣသရေလလူမျိုးအား ဘုရားသခင်၏စကားတော်ကို ဤသို့ကြားသိစေခဲ့၏– “ငါ့စကားကိုအမှန်နားထောင်၍ ငါ့ပဋိညာဉ်ကိုစောင့်ရှောက်လျှင် . . . သန့်ရှင်းသောလူမျိုး ဖြစ်ရကြလိမ့်မည်။” (ထွက်မြောက်ရာ ၁၉:၃-၆) မှန်ပါသည်၊ ဣသရေလလူမျိုးတို့၏သန့်ရှင်းမှုသည် နာခံမှုအပေါ် တည်မှီနေ၏။
ရာစုနှစ်ပေါင်းများစွာကြာပြီးနောက် ဂျူးလူမျိုးများသည် ပညတ်တရား၏မူများ လက်တွေ့ကျင့်သုံးခြင်းထက် ပညတ်တရားလေ့လာခြင်းကို ပို၍အရေးပေးလာကြ၏။ မေရှိယယေရှု၏ ဘဝနှင့်ခေတ်ကာလစာအုပ်တွင် အဲလ်ဖရဒ် အယ်ဒရှိုင်းက ဤသို့ရေးသားခဲ့သည်– “‘ကမ္ဘာ့ထိပ်သီးများ’—[ရဗ္ဗိများ]—က လေ့လာမှုသည် အကျင့်ထက် ပို၍အရေးပါကြောင်း ဆုံးဖြတ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပေပြီ။”
ရှေးဣသရေလလူတို့သည် ဘုရားသခင့်တောင်းဆိုချက်များကို ဝီရိယရှိရှိ လေ့လာဖို့ မိန့်မှာခံခဲ့ရသည်မှာ အမှန်ပင်။ ဘုရားသခင်ကိုယ်တော်တိုင်က “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်” ဟု မိန့်မှာခဲ့၏။ (တရားဟောရာ ၆:၆၊ ၇) သို့သော် ပညတ်တရားနှင့်အညီ ပြုမူလုပ်ဆောင်ခြင်းထက် ယင်းကိုလေ့လာခြင်းက ပို၍အရေးပါသည်ဟု ယေဟောဝါ ရည်ရွယ်ခဲ့ခြင်းမျိုး ရှိဖူးပါသလော။ ကြည့်ကြစို့။
ပညာရှင်ဆန်ဆန် လုပ်ဆောင်မှုများ
ဘုရားသခင်ကိုယ်တော်တိုင် ပညတ်တရားကို နေ့တိုင်း သုံးနာရီကြာ ဖတ်ရှုလေ့လာခဲ့သည်ဟု ဂျူးထုံးတမ်းစဉ်လာတစ်ခုက ယူမှတ်ထားရာ ပညတ်တရားလေ့လာခြင်းကို အလွန်အမင်း အလေးထားခြင်းသည် ဣသရေလလူမျိုးတို့အတွက် အကျိုးသင့်အကြောင်းသင့်ရှိခဲ့သည်။ ယုဒလူတချို့က ‘ဘုရားသခင်တောင် ပညတ်တရားကို မှန်မှန်လေ့လာတယ်ဆိုမှတော့ ကိုယ်တော်ရဲ့ မြေကြီးသားတွေလည်း ထပ်တူမလေ့လာသင့်ဘူးလား’ ဟူ၍ ဆင်ခြင်ရခြင်းကို သဘောပေါက်နိုင်ပါသည်။
စီ.အီး. ပထမရာစုရောက်သော် ရဗ္ဗိတို့သည် ပညတ်တရားအား သရုပ်ခွဲလေ့လာဆန်းစစ်ခြင်းနှင့် အနက်ဖွင့်ခြင်းတို့တွင် အထူးလုံးပန်းလာကြခြင်းကြောင့် ၎င်းတို့၏ အတွေးအခေါ်မှာ လုံးဝအမှားမှားအယွင်းယွင်းဖြစ်ခဲ့ရလေသည်။ ယေရှုက “ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် . . . စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။ အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍ သူတစ်ပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှမရွှေ့လိုကြ” ဟု မိန့်တော်မူခဲ့၏။ (မဿဲ ၂၃:၂-၄) ဤဘာသာရေးခေါင်းဆောင်တို့သည် ပြည်သူလူထုအား မရေမတွက်နိုင်သည့် စည်းမျဉ်းဥပဒေများဖြင့် လေးလံစေခဲ့ကြသော်လည်း သူတို့ကိုယ်တိုင်မှာမူ အနှီစည်းမျဉ်းဥပဒေများအား မလိုက်နာဘဲနေနိုင်သည့် လွတ်ပေါက်များကို ကလိန်ဉာဏ်ဆင်ကာ ဖန်တီးထားကြ၏။ ထို့အပြင် ပညာရှင်ဆန်ဆန် အားထုတ်မှုများအပေါ် အာရုံစိုက်ခဲ့ကြသည့် ထိုသူတို့သည် “တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။”—မဿဲ ၂၃:၁၆-၂၄။
ကျမ်းတတ်များနှင့် ဖာရိရှဲတို့သည် မိမိတို့ဖြောင့်မတ်ကြောင်းကို သက်သေထူရန် ရှာကြံရင်း မိမိတို့ လိုက်နာစောင့်စည်းပါသည်ဟုဆိုသော ပညတ်များကို ချိုးဖောက်ခြင်းဖြင့်သာ အဆုံးသတ်သွားခြင်းမှာ ရှေ့နောက်မညီလိုက်လေခြင်း! ပညတ်တရား၏ စကားလုံးများနှင့် အခြားသောအသေးအဖွဲ အချက်အလက်တို့အပေါ် ရာစုနှစ်ပေါင်းများစွာ အချေအတင်ငြင်းခုံမှုများက သူတို့အား ဘုရားသခင်နှင့် မနီးကပ်စေခဲ့ပါ။ အကျိုးဆက်အနေနှင့် ပေါလုဆိုသည့်အတိုင်း “အချည်းနှီးစကားပြောဆိုမှုများ၊” “ရှေ့နောက်မညီမှုများ” နှင့် မှားယွင်းသော “အသိပညာ” တို့ကြောင့် သွေဖည်လမ်းလွဲသွားကြလေသည်။ (၁ တိမောသေ ၆:၂၀၊ ၂၁၊ ကဘ) သို့သော် နောက်ပြဿနာကြီးတစ်ခုမှာ သူတို့ အဆက်မပြတ် ရှာဖွေလေ့လာထားသည့်အရာသည် သူတို့အပေါ် စိုးမိုးနေခြင်းဖြစ်သည်။ မှန်ကန်စွာ ပြုမူလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည့် ယုံကြည်ခြင်းမျိုး သူတို့၌ ရှိမလာခဲ့ချေ။
ပညာကြွယ်ဝသော်လည်း ယုံကြည်ခြင်းမဲ့
ယုဒဘာသာရေးခေါင်းဆောင်များ၏ စဉ်းစားတွေးတောပုံသည် ဘုရားသခင်၏စဉ်းစားတွေးတောပုံနှင့် အလွန်ပင်ကွာခြားလှပါဘိ! ကတိထားရာပြည်တော်ထဲ ဝင်ရောက်ခါနီးအချိန်လေးတွင် ဣသရေလလူမျိုးတို့အား မောရှေ ဤသို့မှာကြားခဲ့၏– “သင်တို့အား ယနေ့ ငါသက်သေခံသမျှသောစကားတို့ကို နှလုံးသွင်းကြလော့။ သင်တို့သားသမီးတို့သည် ဤပညတ်တရားစကားတော်အလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ သူတို့အား ထပ်ဆင့်၍ မှာထားရကြမည်။” (တရားဟောရာ ၃၂:၄၆) ဘုရားသခင့်လူမျိုးသည် ပညတ်တရားကို အလေးအနက်သင်ယူသူများသာဖြစ်ရန်မကဘဲ ပညတ်တရားကို စောင့်စည်းလိုက်နာသူများဖြစ်ရကြမည်မှာ ရှင်းနေပါသည်။
သို့ရာတွင် ဣသရေလလူမျိုးသည် ယေဟောဝါအပေါ် သစ္စာမဲ့ခဲ့ကြသည်မှာ အကြိမ်ကြိမ်အလီလီပင်။ မှန်ကန်သည့်အလုပ်မျိုးကို လုပ်ဆောင်ကြမည့်အစား ဣသရေလလူတို့သည် “ကိုယ်တော်ကိုမယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။” (တရားဟောရာ ၉:၂၃; တရားသူကြီး ၂:၁၅၊ ၁၆; ၂ ရာဇဝင်ချုပ် ၂၄:၁၈၊ ၁၉; ယေရမိ ၂၅:၄-၇) နောက်ဆုံး ယုဒလူတို့သည် ယေရှုအား မေရှိယအဖြစ် ငြင်းပယ်လိုက်ချိန်တွင် အဆိုးဆုံးသစ္စာမဲ့မှုကို ကျူးလွန်လိုက်ခြင်းပင်။ (ယောဟန် ၁၉:၁၄-၁၆) ယင်းကြောင့်ပင် ယေဟောဝါဘုရားသခင်သည် ဣသရေလလူမျိုးကို ငြင်းပယ်ကာ အခြားလူမျိုးများဘက်သို့ အာရုံလှည့်ခဲ့လေသည်။—တမန်တော် ၁၃:၄၆။
ကျွန်ုပ်တို့သည် အလားတူထောင်ချောက်—ပညာကြွယ်ဝပြီး ယုံကြည်ခြင်းကင်းမဲ့သည့်နှလုံးဖြင့် ဘုရားသခင်အား ဝတ်ပြု၍ရသည်ဟူသော အတွေးအခေါ်—ထဲ မကျရောက်စေရန် အမှန်ပင် သတိထားဖို့လို၏။ တစ်နည်းအားဖြင့် သမ္မာကျမ်းစာကို ကျွန်ုပ်တို့လေ့လာမှုသည် အသိပညာကြွယ်ဝလာစေရုံထက်မက လေ့လာဖို့လိုသည်။ တိကျမှန်ကန်သောအသိပညာသည် ကျွန်ုပ်တို့၏ဘဝအသက်တာအပေါ် ကောင်းကျိုးဖြစ်ထွန်းလာစေရန် ကျွန်ုပ်တို့၏နှလုံးထဲထိ ရောက်သွားစေရမည်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းကို လေ့လာသင်ယူထားသော်လည်း မည်သည့်မျိုးစေ့မျှ မစိုက်မပျိုးလျှင် အကျိုးရှိပါမည်လော။ ဥယျာဉ်ခြံတစ်ခြံကို မည်သို့ပြုစုပျိုးထောင်ရမည်နှင့်ပတ်သက်၍ အသိပညာအတော်အတန်ရရှိလာနိုင်သော်လည်း အဘယ်အရာကိုမှ ရိတ်သိမ်းရမည်မဟုတ်! အလားတူ၊ သမ္မာကျမ်းစာကို လေ့လာဆည်းပူးကာ ဘုရားသခင့်တောင်းဆိုချက်များကို သင်ယူသိရှိလာသူတို့သည် မိမိတို့တွင် အမှန်တရားမျိုးစေ့များ အပင်ပေါက်ကာ ပြုမူလုပ်ဆောင်ရန် တွန်းအားပေးစေဖို့ ယင်းမျိုးစေ့များကို နှလုံးထဲရောက်စေရမည်။—မဿဲ ၁၃:၃-၉၊ ၁၉-၂၃။
“တရားကိုကျင့်သောသူဖြစ်ကြလော့”
တမန်တော်ပေါလုက “ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏” ဟု ပြောကြားခဲ့သည်။ (ရောမ ၁၀:၁၇) ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ကြားနာခြင်းမှသည် ကိုယ်တော့်သားတော် ယေရှုခရစ်အား ယုံကြည်ကြောင်း တင်ပြလာသည်အထိ တိုးတက်လာသည့် ဤဖြစ်စဉ်က ကျွန်ုပ်တို့အား ထာဝရအသက်အလားအလာကို ရရှိစေသည်။ ‘ဘုရားသခင်နဲ့ ခရစ်တော်ကို ကျွန်ုပ်ယုံကြည်တယ်’ ဟုဆိုရုံထက်မကလိုအပ်ပါသည်။
ပြုမူလုပ်ဆောင်ဖို့ မိမိတို့အားလှုံ့ဆော်ပေးမည့် ယုံကြည်ခြင်းမျိုးရှိကြရန် နောက်လိုက်များအား ယေရှု ဤသို့တိုက်တွန်းခဲ့သည်– “သင်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။” (ယောဟန် ၁၅:၈) နောက်ပိုင်းတွင် ယေရှု၏မိတူဖကွဲညီ ယာကုပ်က ဤသို့ရေးသားခဲ့သည်– ‘နှုတ်မြွက်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။’ (ယာကုပ် ၁:၂၂) သို့သော် အဘယ်အရာလုပ်ဆောင်ရမည်ကို ကျွန်ုပ်တို့မည်သို့သိနိုင်မည်နည်း။ ဘုရားသခင့်မျက်နှာသာရရန် ကျွန်ုပ်တို့လုပ်ဆောင်ဖို့လိုအပ်ရာကို အပြောနှင့်ပုံသက်သေတို့အားဖြင့် ယေရှု ညွှန်ပြပေးခဲ့သည်။
ယေရှုသည် ကမ္ဘာပေါ်ရှိစဉ် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွား တိုးပွားရန်နှင့် မိမိခမည်းတော်၏နာမတော် ဘုန်းထင်ရှားစေရန် ကြိုးစားလုပ်ဆောင်ခဲ့၏။ (ယောဟန် ၁၇:၄-၈) အဘယ်နည်းဖြင့်နည်း။ ဖျားနာသူတို့နှင့် မသန်စွမ်းသူတို့အား ယေရှုကုသပေးခဲ့သည့် အံ့ဖွယ်တန်ခိုးပြမှုများကို လူအများ အမှတ်ရကြပေမည်။ သို့သော် အဓိကနည်းလမ်းကို မဿဲ၏ခရစ်ဝင်ကျမ်းက ဤနှယ်ရှင်းပြသည်– ‘ယေရှုသည် တရားဇရပ်တို့၌ ဆုံးမသွန်သင်ပေးလျက်၊ ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကိုဟောလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။’ ယေရှုသည် မိတ်ဆွေအနည်းငယ်၊ အသိအကျွမ်းအချို့တို့ကိုသာ အလွတ်သဘောသက်သေခံခြင်း၊ အိမ်နီးချင်းများကိုသာ သက်သေခံခြင်းလောက်နှင့် မိမိ၏ခရစ်ယာန်ဓမ္မအမှုကို ကန့်သတ်မထားခဲ့သည်မှာ မှတ်သားစရာပင်။ ကိုယ်တော်သည် “ဂါလိလဲပြည်တစ်ပြည်လုံး” ရှိ လူတို့ထံလည်ပတ်ရန် နည်းလမ်းအစုံသုံး၍ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့၏။—မဿဲ ၄:၂၃၊ ၂၄; ၉:၃၅။
ယေရှုသည် မိမိ၏နောက်လိုက်များလည်း တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ပါဝင်ကြရန် ညွှန်ကြားခဲ့၏။ အမှန်ဆိုရလျှင် သူတို့တုပရန် အကောင်းဆုံးစံနမူနာကို ကိုယ်တော်ချမှတ်ပေးခဲ့လေသည်။ (၁ ပေတရု ၂:၂၁) မိမိ၏တည်ကြည်သော တပည့်နောက်လိုက်များအား ယေရှု ဤသို့မိန့်မှာခဲ့၏– ‘သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ နှစ်ခြင်းပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသွန်သင်ပေးကြလော့။’—မဿဲ ၂၈:၁၉၊ ၂၀။
ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ခြင်းသည် တကယ့်စိန်ခေါ်ချက်ဖြစ်သည်ကို ဝန်ခံရပေမည်။ ယေရှုကိုယ်တော်တိုင် ဤသို့မိန့်ဆိုခဲ့၏– “တောခွေးစုထဲသို့ သိုးသငယ်တို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။” (လုကာ ၁၀:၃) ဆန့်ကျင်မှုနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရသည့်အခါ မလိုအပ်ဘဲ စိတ်သောကရောက်ရမှု သို့မဟုတ် စိုးရိမ်ပူပန်ရမှု မရှိစေရန် ရှောင်တတ်ကြခြင်းမှာ သဘာဝပင်။ ယေရှုအဖမ်းခံရသည့်ညတွင် ထိုသို့ဖြစ်ပျက်ခဲ့၏။ တမန်တော်များသည် ကြောက်ရွံ့ကာ ထွက်ပြေးကြလေသည်။ ထိုညနေနောက်ပိုင်းတွင် ပေတရုက ယေရှုကိုမသိဟု သုံးကြိမ်တိုင်အောင် ငြင်းပယ်ခဲ့၏။—မဿဲ ၂၆:၅၆၊ ၆၉-၇၅။
ထို့အပြင် တမန်တော်ပေါလုပင်လျှင် သတင်းကောင်းဟောဖို့ ကြိုးစားအားထုတ်ခဲ့ရကြောင်း ဖွင့်ပြောခဲ့သည်ကို သိရှိရလျှင် သင်အံ့အားသင့်ပေမည်။ သက်သာလောနိတ်အသင်းတော်ထံ သူ ဤသို့စာရေးခဲ့၏– “ငါတို့၏ဘုရားသခင်ကိုအမှီပြု၍ ကြီးစွာသောတိုက်လှန်ခြင်းနှင့်တကွ ဘုရားသခင်၏ ဝမ်းမြောက်ဖွယ်သတင်းတရားကို သင်တို့အား ရဲရင့်စွာ ဟောပြောကြ၏။”—၁ သက်သာလောနိတ် ၂: ၁၊ ၂။
ပေါလုနှင့် သူ၏တမန်တော်ချင်းများသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း အခြားသူများအား ပြောပြရန် ကြောက်စိတ်မှန်သမျှကို ကျော်လွှားနိုင်ခဲ့ကြသည်၊ သင်လည်း ထပ်တူ ကျော်လွှားနိုင်ပါသည်။ မည်သို့အားဖြင့်နည်း။ အရေးကြီးဆုံးခြေလှမ်းမှာ ယေဟောဝါအား မှီခိုအားထားခြင်းဖြစ်ပေသည်။ ယေဟောဝါအား ကျွန်ုပ်တို့ အပြည့်အဝ ယုံကြည်ကြမည်ဆိုလျှင် ထိုယုံကြည်ခြင်းက ပြုမူလုပ်ဆောင်ဖို့ ကျွန်ုပ်တို့အား လှုံ့ဆော်ပေးမည်ဖြစ်ရာ ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ်တို့ထမ်းဆောင်နိုင်ကြပါလိမ့်မည်။—တမန်တော် ၄:၁၇-၂၀; ၅:၁၈၊ ၂၇-၂၉။
သင်၏လုပ်ဆောင်မှုအတွက် ဆုလာဘ်ရှိ
ကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ဖို့ ကျွန်ုပ်တို့ မည်မျှကြိုးစားအားထုတ်နေသည်ကို ယေဟောဝါကောင်းစွာသိထား၏။ သာဓကအနေနှင့်၊ ကျွန်ုပ်တို့ ဖျားနာသည့်အခါ၊ မောပန်းနွမ်းနယ်နေသည့်အခါ ကိုယ်တော်သိရှိတော်မူ၏။ ကျွန်ုပ်တို့၏ စိတ်အားငယ်မှုများနှင့် မိမိကိုယ်ကို သံသယဝင်တတ်မှုများကို ကိုယ်တော် သိနေတော်မူသည်။ ငွေရေးကြေးရေးအခက်အခဲကြောင့် စိတ်ပူပင်ရသည့်အခါတိုင်း၊ ကျန်းမာရေး သို့မဟုတ် စိတ်လှုပ်ရှားမှုတို့က ဇာတိပြလာပုံရသည့်အခါတိုင်း ကျွန်ုပ်တို့၏အခြေအနေကို ယေဟောဝါ အမြဲသိရှိတော်မူသည်။—၂ ရာဇဝင်ချုပ် ၁၆:၉; ၁ ပေတရု ၃:၁၂။
ကျွန်ုပ်တို့တွင် မစုံလင်မှုများနှင့် အခက်အခဲများရှိနေလင့်ကစား ကျွန်ုပ်တို့၏ယုံကြည်ခြင်းက ပြုမူလုပ်ဆောင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးသည့်အခါ ယေဟောဝါ အလွန်ပျော်ရွှင်နေမည်သာ! မိမိ၏သစ္စာရှိကျေးကျွန်များအပေါ် ထားရှိသည့် ယေဟောဝါ၏ အကြင်နာတရားသည် ဝိုးတဝါး ခံစားချက်မျှသာမကဘဲ ကတိတော်ဖြင့် ပံ့ပိုးထားသည့် ခံစားချက်မျိုးဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် တမန်တော်ပေါလု ဤသို့ရေးသားခဲ့၏– “သင်တို့လုပ်ဆောင်သောအလုပ်မှစ၍ သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း ဘုရားသခင်သည်မေ့လျော့ရအောင် မတရားသောအရှင်ဖြစ်တော်မူသည်မဟုတ်။”—ဟေဗြဲ ၆:၁၀၊ သမ္မာ။
သမ္မာကျမ်းစာက ယေဟောဝါအား ‘အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားသခင်’ အဖြစ်လည်းကောင်း၊ ‘ကိုယ်တော်ကို စိတ်အားထက်သန်စွာ ရှာသောသူတို့အား ဆုလာဘ်ပေးသနားသည့်အရှင်’ အဖြစ်လည်းကောင်း ဖော်ပြထားသည်ကို ကျွန်ုပ်တို့ ယုံကြည်စိတ်ချနိုင်ပါသည်။ (တရားဟောရာ ၃၂:၄; ဟေဗြဲ ၁၁:၆) ဥပမာ၊ ယူ.အက်စ်.အေ.၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသမီးတစ်ဦးက ဤသို့ပြန်ပြောပြသည်– “ကျွန်မရဲ့အဖေဟာ မိသားစုတာဝန်မရှိခင်က အချိန်ပြည့်ဓမ္မအမှုဆောင်အဖြစ် ဆယ်နှစ်လုပ်ခဲ့ပါတယ်။ ခရစ်ယာန်ဓမ္မအမှုမှာ သူ့ကို ယေဟောဝါဘယ်လိုထောက်မပေးခဲ့တဲ့ အကြောင်းတွေ နားထောင်ရတာ ကျွန်မနှစ်ခြိုက်တယ်။ အမှုဆောင်သွားနိုင်ဖို့ ရှိသမျှပိုက်ဆံနဲ့ ကားဓာတ်ဆီ ဝယ်ခဲ့တဲ့အကြိမ်ပေါင်းလည်း မနည်းဘူး။ အမှုဆောင်ရာကနေ အိမ်ကိုလည်းပြန်ရောက်ရော အိမ်တံခါးဝမှာ မျှော်လင့်မထားတဲ့ စားစရာတွေက သူ့ကို စောင့်ကြိုနေတတ်တယ်။”
‘သနားခြင်း၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင် ဘုရားသခင်’ သည် ကာယရေးအပြင် စိတ်ပိုင်းနှင့် ဝိညာဉ်ရေးပိုင်းတို့တွင်လည်း ထောက်ပံ့ကူညီတော်မူသည်။ (၂ ကောရိန္သု ၁:၃) “ယေဟောဝါကို မှီခိုအားထားခြင်းဟာ စိတ်သက်သာ အေးငြိမ်းစေပါတယ်။ ယေဟောဝါကို ယုံကြည်ကိုးစားခွင့်ရသလို ကိုယ်တော်ဘယ်လိုကူညီပေးတယ်ဆိုတာကိုလည်း မြင်တွေ့ ခွင့်ရတယ်” ဟု စမ်းသပ်မှု အမျိုးမျိုးကို နှစ်ပေါင်းများစွာ ခံရပ်နိုင်ခဲ့သည့် သက်သေခံတစ်ဦးကဆိုသည်။ ‘ဆုတောင်းချက်ကို နားညောင်းတော်မူသောအရှင်’ ထံ နှိမ့်ချစွာ သင်ချဉ်းကပ်နိုင်ကာ သင့်ကိုယ်ရေးကိုယ်တာ စိုးရိမ်စရာကိစ္စများကို ကိုယ်တော်ကြည့်ရှုစောင်မပေးမည်ဖြစ်ကြောင်း စိတ်ချပါလေ။—ဆာလံ ၆၅:၂။
ဝိညာဉ်ရေးရိတ်သိမ်းသူများ ရရှိသည့် ကောင်းချီးများနှင့် ဆုလာဘ်များကား များလှပေသည်။ (မဿဲ ၉:၃၇၊ ၃၈) များစွာသောသူတို့သည် လူထုရှေ့ဓမ္မအမှုဆောင်ခြင်းတွင် ပါဝင်ခြင်းကြောင့် ကျန်းမာရေးပိုကောင်းလာကြသည်၊ သင်လည်း ထပ်တူခံစားရနိုင်ပါသည်။ သို့သော် ပို၍အရေးကြီးသည်ကား အခြားသူများကိုသက်သေခံခြင်းက ကျွန်ုပ်တို့အား ဘုရားသခင်နှင့်ကောင်းသောဆက်ဆံရေးကို ပိုမိုခိုင်ခံ့စေပါသည်။—ယာကုပ် ၂:၂၃။
ကောင်းမှုကိုဆက်၍ပြုနေလော့
ဘုရားသခင့်ကျေးကျွန်တစ်ဦးသည် မကျန်းမမာ၊ အိုမင်းမစွမ်းမှုကြောင့် ခရစ်ယာန်ဓမ္မအမှုတွင် တစ်နည်းနည်းဖြင့် စိတ်သွားတိုင်း ကိုယ်မပါဖြစ်လာလျှင် ယေဟောဝါ စိတ်ပျက်သွားမည်ဟု ကောက်ချက်ချခြင်းက မှားပေမည်။ ကျန်းမာရေးချို့တဲ့မှု၊ မိသားစုတာဝန်ထမ်းဆောင်ရမှု သို့မဟုတ် အခြားသောအခြေအနေများကြောင့် ကန့်သတ်ခံနေရသူတို့နှင့်ပတ်သက်၍လည်း ထပ်တူမှန်ကန်ပါသည်။
တမန်တော်ပေါလုသည် ချို့တဲ့မှု သို့မဟုတ် အတားအဆီးတစ်ခုကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည့်အခါ ကင်းလွတ်ဖို့ ‘သုံးကြိမ်မြောက်အောင် ဘုရားသခင်ကို အသနားတော်ခံ’ ခဲ့ကြောင်း သတိရပါလေ။ ယေဟောဝါ၏အမှုတော်ကို ပိုမိုပြီးမြောက်အောင်မြင်နိုင်ရန် ပေါလုကို ကုသပေးမည့်အစား ဘုရားသခင်က ဤသို့မိန့်ဆိုတော်မူသည်– “ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။” (၂ ကောရိန္သု ၁၂:၇-၁၀) သို့ဖြစ်၍၊ အဘယ်ခက်ခဲသော အခြေအနေများကိုမဆို သင်ကြုံတွေ့ရစေကာမူ ကောင်းကင်ခမည်းတော်အတွက် သင် အတတ်နိုင်ဆုံး လုပ်ဆောင်မှုမှန်သမျှကို ကိုယ်တော်တန်ဖိုးထားကြောင်း စိတ်ချနိုင်ပါသည်။—ဟေဗြဲ ၁၃:၁၅၊ ၁၆။
ကျွန်ုပ်တို့၏ မေတ္တာပြည့်ဝသော ဖန်ဆင်းရှင်သည် ကျွန်ုပ်တို့ပေးနိုင်သည့်အရာထက်ပို၍ မမျှော်လင့်ပေ။ ပြုမူလုပ်ဆောင်ရန် ကျွန်ုပ်တို့အားလှုံ့ဆော်ပေးသည့် ယုံကြည်ခြင်းမျိုး ကျွန်ုပ်တို့၌ရှိရန်သာ ကိုယ်တော်တောင်းဆိုတော်မူ၏။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ပညတ်တရားကိုလေ့လာရုံဖြင့် လုံလောက်ပြီလော
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံများ]
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို အကျင့်နှင့်ပံ့ပိုးပေးရန်လို