စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ခရစ်ယာန်အမျိုးသမီးတစ်ဦးနှင့်စပ်လျဉ်း၍ ပေါလုက “သားဖွားခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟု အဘယ်ကြောင့် ရေးသားထားသနည်း။—၁ တိမောသေ ၂:၁၅၊ သမ္မာ။
ပေါလု၏ဆိုလိုရင်းကို ဤအခန်းငယ်၏ရှေ့နောက်စကားက အဘယ်သို့ဖော်ပြသနည်း။ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်မှုဖြင့် သူသည် အသင်းတော်ရှိ ခရစ်ယာန်အမျိုးသမီး၏အခန်းကဏ္ဍနှင့်ပတ်သက်၍ သွန်သင်ပေးနေသည်။ သူဤသို့ရေးသားခဲ့၏– “မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုးထိုက်သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်လည်းကောင်း၊ ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမဆင်သင့်သည်အတိုင်း ကောင်းသောအကျင့်နှင့်လည်းကောင်း ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” (၁ တိမောသေ ၂:၉၊ ၁၀) ပေါလုသည် မိမိ၏ခရစ်ယာန်ညီအစ်မများအား ကျိုးနွံမှုရှိရန်၊ အဆင်တန်ဆာရွေးချယ်ရာတွင် မျှတမှုရှိရန်၊ ကောင်းသောအကျင့်များဖြင့် “တန်ဆာဆင်” ရန် အားပေးတိုက်တွန်းခဲ့သည်။
ထို့နောက် အသင်းတော်ရှိ ဦးစီးမှုအစီအစဉ်ကို ပေါလု ဤသို့ရှင်းပြသည်– ‘မိန်းမသည် ဆုံးမသွန်သင်ခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။’ (၁ တိမောသေ ၂:၁၂; ၁ ကောရိန္သု ၁၁:၃) ဤအစီအစဉ်၏ အခြေခံအကြောင်းကို အာဒံသည် စာတန်၏လှည့်ဖြားခြင်းကိုမခံ၊ ဧဝသည် “လှည့်ဖြားခံ၍ လွန်ကျူးခြင်းသို့ရောက်လေ၏” ဟု တင်ပြခြင်းအားဖြင့် သူရှင်းပြ၏။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ဧဝ၏အမှားမျိုးမမှားမိရန် မည်သို့ကာကွယ်ခံရနိုင်သနည်း။ ပေါလုက ဤသို့ဖြေသည်– “သို့သော်လည်း ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌တည်နေလျှင် သားဖွားခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (၁ တိမောသေ ၂:၁၄၊ ၁၅၊ သမ္မာ) ပေါလု၏ ဤစကားများက အဘယ်သို့ဆိုလိုသနည်း။
ဘာသာပြန်သူအချို့က အမျိုးသမီးတစ်ဦး ကယ်တင်ခြင်းရရေးသည် သားသမီးမွေးဖွားခြင်းအပေါ် မူတည်သည်ဟု ထင်မြင်ကြ၏။ သို့ရာတွင် ပေါလု၏စကားများကို ဤသို့ဖွင့်ဆိုလိုက်ခြင်းသည် တိကျမှန်ကန်မှုမရှိပေ။ လူတစ်ဦး ကယ်တင်ခြင်းရရန် သူသည် ယေဟောဝါအားသိကျွမ်းရမည်၊ ယေရှုကို ယုံကြည်ရမည်၊ ယုံကြည်ခြင်းရှိကြောင်း အကျင့်များအားဖြင့် တင်ပြရမည်ဟု ကျမ်းချက်ပေါင်းများစွာက ဖော်ပြသည်။ (ယောဟန် ၁၇:၃; တမန်တော် ၁၆:၃၀၊ ၃၁; ရောမ ၁၀:၁၀; ယာကုပ် ၂:၂၆) ထို့အပြင် ယုံကြည်သူအမျိုးသမီးများသည် အန္တရာယ်ကင်းကင်းနှင့် သားဖွားခွင့်ရမည်ဟူသည့် အာမခံချက်ပေးထားသည်ဟူ၍လည်း ပေါလုမဆိုလိုခဲ့ချေ။ အမျိုးသမီးများသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ အန္တရာယ်မရှိဘဲ သားဖွားတတ်ကြပါသည်။ အမျိုးသမီးတချို့မှာမူ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ ကလေးမွေးဖွားစဉ် သေဆုံးခဲ့ရသည်မှာ ဝမ်းနည်းစရာကောင်း၏။—ကမ္ဘာဦး ၃၅:၁၆-၁၈။
ဤစာစောင်တွင်ပင် အမျိုးသမီးများနှင့်စပ်လျဉ်း၍ နောက်ပိုင်းပေးခဲ့သည့် ပေါလု၏ထပ်ဆင့်သွန်သင်ချက်က သူ၏ဆိုလိုရင်းကို သဘောပေါက်ရန် ကျွန်ုပ်တို့အား ကူညီပေးသည်။ ‘တစ်အိမ်မှတစ်အိမ်လည်၍ ပျင်းရိတတ်သော; ပျင်းရိသည်သာမက စကားများ၍ မပြောအပ်သောအရာကိုပြောသဖြင့် ကိုယ်နှင့်မဆိုင်သောအမှု၌ ရောနှောသော’ ငယ်ရွယ်သည့် မုဆိုးမတချို့ကို သူသတိပေးသည်။ ပေါလု၏အကြံပေးချက်ကား အဘယ်သို့နည်း။ သူဤသို့ဆက်ဆိုသည်– “ထို့ကြောင့် အသက်အရွယ်နုပျိုသောမုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကိုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအားမပေးဘဲနေခြင်းအမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏။”—၁ တိမောသေ ၅:၁၃၊ ၁၄။
မိသားစုအစီအစဉ်တွင် အမျိုးသမီးများ၏ အကျိုးပြုသောကဏ္ဍကို ပေါလု မီးမောင်းထိုးပြသည်။ “သားဖွားခြင်း၊ အိမ်မှုကိုကြည့်ရှုပြုစုခြင်း” ကဲ့သို့သော လုပ်ဆောင်စရာများဖြင့် အလုပ်များနေသော အမျိုးသမီးတစ်ဦးသည် “ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌” ဆက်တည်နေလျှင် တည်ဆောက်မှုမပေးသော အမူအကျင့်ဘက်သို့ ဆွဲဆောင်ခံရမည်မဟုတ်ပေ။ သူ၏ဝိညာဉ်ရေး မပျောက်မပျက်အောင် ကာကွယ်ပေးမည်၊ သို့မဟုတ် “ကယ်တင်” ခံရမည်။ (၁ တိမောသေ ၂:၁၅) ယင်းသို့သောလမ်းစဉ်ကိုလိုက်လျှောက်ခြင်းက အမျိုးသမီးငယ်များစွာအား စာတန်၏ကျော့ကွင်းများကို ရှောင်ကြဉ်နိုင်စေပါမည်။
တိမောသေထံလိပ်မူသော ပေါလု၏စကားက အမျိုးသား၊ အမျိုးသမီးအားလုံး မိမိတို့၏အချိန်ကို အကျိုးရှိရှိ ကုန်လွန်စေရန် သတိပေးသည်။ ခရစ်ယာန်အားလုံးကို သမ္မာကျမ်းစာက ဤသို့အကြံပေး၏– “ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိကဲ့သို့ စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည်အကြောင်း သတိပြုကြလော့။”—ဧဖက် ၅:၁၅။