မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထူးခြားသောနည်းဖြင့် အောင်ပွဲခံခြင်း

ထူးခြားသောနည်းဖြင့် အောင်ပွဲခံခြင်း

ထူးခြားသော​နည်းဖြင့် အောင်ပွဲခံ​ခြင်း

အလုပ်ခွင်၊ ကျောင်း​နှင့် မိသားစုတွင်​ဖြစ်စေ သို့​မဟုတ် . . . ၏​ကန့်သတ်ချက်​များ​ကြောင့်​ဖြစ်စေ သင်၏​ယုံကြည်ခြင်း အတိုက်အခံ​ကြုံနေ​ရ​သလော။ သို့​ဖြစ်​လျှင် စိတ်ဓာတ်​မကျ​ပါ​နှင့်။ ယေဟောဝါသက်သေ အမြောက်အမြား​သည် အလားတူ​စမ်းသပ်မှု​များ​ကို ရင်ဆိုင်ခဲ့​ကြ​ရ​သော်လည်း သူတို့ အောင်မြင်​ကျော်လွှား​ခဲ့​ကြသည်။ အယ်နာ လူး​ဒေါ့ဖ်​၏​ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။

၁၉၀၈ ခုနှစ်၊ ဂျာမနီ​နိုင်ငံ၊ လူး​ဘက်​ခ်​မြို့တွင် အယ်နာ​ကို မွေးဖွား​ခဲ့​သည်။ သူ့​မိသားစုတွင် သူ​တစ်ဦးတည်း​သာ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သည်။ ၁၉၃၃ ခုနှစ်​တွင် ဟစ်တလာ​အုပ်ချုပ်မှု အာဏာ​သိမ်း​သောအခါ ယေဟောဝါသက်သေ​များ အခက်အခဲ​ကြုံတွေ့​ခဲ့​ကြ​ရသည်။ အယ်နာ​သည် ဟစ်တလာ​ကို အလေး​မပြု​သည့်​အတွက် သူ၏​လုပ်ဖော်ကိုင်ဖက်​များ​က သူ့ကို​ထုတ်ဖော်​လိုက်​ကြ​ရာ နာဇီ​တို့၏​ဖမ်းဆီးခြင်း​ခံ​ခဲ့​ရသည်။ ရှစ်နှစ်​တိုင် အကျဉ်းထောင်​တစ်ခု​ပြီး​တစ်ခု​အပြင် ဟ​မ်းဗွတ်ခ် ဖူး​လ်စ်​ဘူး​တဲ​လ်၊ မော်​ရင်​ငန်၊ လိ​ခ်​တင်​ဘ​ဂ်​နှင့် ရာ​ဗဲန်စ်​ဘ​ရွတ်​ခ် ချွေး​တပ်​စခန်း​များ​တွင် အကျဉ်း​ချ​ခံ​ခဲ့​ရသည်။ ရာ​ဗဲန်စ်​ဘ​ရွတ်​ခ်​တွင် အယ်နာ​ရှိ​စဉ် အဖြစ်အပျက်​တစ်ခု​ကြောင့် အောင်ပွဲခံ​ခွင့်​ရခဲ့​သည်။

တစ်မူထူး​သော အိမ်ဖော်

ပါမောက္ခ ဖရက်ဒရစ် ဟော့လ်ဇ်​နှင့် သူ၏​ဇနီး အဲ​လ​စ္စ​တို့သည် ဘာလင်​မြို့တွင် နေထိုင်ကြ​သည်။ သူတို့သည် နာဇီ​ပါတီ​ဝင်​များ​မဟုတ်၊ ယင်း​၏​နိုင်ငံရေး​ဝါဒ​ကိုလည်း မထောက်ခံ​ကြ​ပါ။ သို့သော် သူတို့သည် ချွေး​တပ်​စခန်း​အကျဉ်းသား​အချို့​ကို တာဝန်​ယူရ​သော ရာထူး​မြင့် အက်စ်​အက်စ်​အရာရှိ​တစ်ဦး​နှင့် ဆွေမျိုး​တော်​ကြသည်။ ထို့​ကြောင့် ၎င်း​ပါမောက္ခ​ဇနီး​မောင်နှံ အိမ်ဖော်​ရှာ​သောအခါ ထို​အက်စ်​အက်စ်​အရာရှိ​က အကျဉ်းသား​အမျိုးသမီး​တစ်ဦး​ကို ရွေး​စေ​ခဲ့​သည်။ သို့ဖြင့် ၁၉၄၃ ခုနှစ် မတ်​လ​တွင် အဲ​လ​စ္စ​သည် ရာ​ဗဲန်စ်​ဘ​ရွတ်​ခ်​သို့ သွားပြီး အိမ်ဖော်​တစ်ဦး​ရွေးချယ်​လေ​သည်။ မည်​သူ့ကို သူ​ရွေး​ခဲ့​သနည်း။ အယ်နာ လူး​ဒေါ့ဖ်​ကို​ဖြစ်သည်။ အယ်နာ​သည် သူ့ကို ကောင်းစွာ​ဆက်ဆံ​ကြသော ဟော့လ်ဇ်​မိသားစု​နှင့် သွားရောက်​နေထိုင်ခဲ့​ရ၏။ စစ်​ပြီးသွား​သည့်​အခါ ဇာ​လီ​မြစ်​ပေါ်​ရှိ ဟာ​လီ​မြို့​သို့ ထို​မိသားစု​နှင့်အတူ သူ​ပြောင်းရွှေ့​သွား​၏။ ထို​မြို့တွင် အယ်နာ​သည် အတိုက်အခံ​ကြုံ​ရ​ပြန်​သည်၊ ဤ​တစ်ကြိမ်​တွင်​မူ အရှေ့​ဂျာမနီ​ရှိ . . . အာဏာပိုင်​များ​ထံ​မှ ဖြစ်သည်။ ၁၉၅၇ ခုနှစ်​တွင် ထို​မိသားစု​သည် အနောက်​ဂျာမနီ​သို့ ပြည်နှင်ခံ​ခဲ့​ရ​သဖြင့် အယ်နာ​ပါ လိုက်သွား​ခဲ့​သည်။ နောက်ဆုံး အယ်နာ​သည် သူ​ယုံကြည်​သည်​အတိုင်း လွတ်လပ်​စွာ​ကိုးကွယ်​နိုင်​လေ​သည်။

အယ်နာ​သည် ထူးခြားသော​နည်းဖြင့် မည်သို့​အောင်ပွဲခံ​ခဲ့​သနည်း။ အယ်နာ​၏​အမူအကျင့်ကောင်း​နှင့် ကျမ်းစာ​သတင်းတရားကို လိမ္မာ​ပါးနပ်​စွာ ဟောပြောခဲ့​ခြင်း​၏​အကျိုးဆက်​မှာ အဲ​လ​စ္စ​ဟော့လ်ဇ်​နှင့် သူ၏​သားသမီး​ငါး​ယောက်​စ​လုံး နှစ်ခြင်း​ခံ ယေဟောဝါသက်သေ​များ​ဖြစ်လာ​ကြ​ခြင်း​ဖြစ်သည်။ ထို့​ပြင် အဲ​လ​စ္စ​၏​မြေး ၁၁ ယောက်​လည်း သက်သေခံ​များ​ဖြစ်လာ​ကြသည်။ သူတို့​ထဲ​မှ နှစ်ဦး​သည် ဂျာမနီ​နိုင်ငံ၊ စ​ယ်လ်​တာ​စ်​မြို့ရှိ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​တွင် အမှုထမ်း​နေကြ​သည်။ အဲ​လ​စ္စ​၏​သမီး​တစ်ဦး​ဖြစ်သော စူစဲန်​နာ​က “ကျွန်မ​တို့​မိသားစု အမှန်တရားမှာ​ရှိနေကြ​တာ အဓိက​တော့ အယ်နာ​ရဲ့​ပုံသက်သေ​ကြောင့်​ပဲ” ဟု​ဆို​၏။ အယ်နာ ခံနိုင်ရည်​ရှိသည့်​အတွက် များစွာ​ဆုချ​ခံ​ခဲ့​ရ၏။ သင့်​အခြေအနေ​ကော မည်သို့​နည်း။ ခက်ခဲ​သော​အခြေအနေ​များ​တွင် သင်​တည်ကြည်​ခံရပ်​ခဲ့​သဖြင့် အလားတူ ဆုကျေးဇူး​များ ရရှိခဲ့​ပေမည်။ မှန်ပါသည်၊ အမူအကျင့်ကောင်း​တင်ပြ​ပြီး လိမ္မာ​ပါးနပ်​စွာ ဟောပြောခြင်း​ဖြင့် ထူးခြား​စွာ​အောင်ပွဲခံ​ရန် ကူညီပေး​ပေမည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 အသက် ၉၆ နှစ်​ရှိ​အယ်နာ လူး​ဒေါ့ဖ်​သည် ဤ​ဆောင်းပါး​ကို ထုတ်ဝေ​ဖို့​ပြင်ဆင်​နေစဉ် ကွယ်လွန်​သွား​သည်။ အဆုံးတိုင်အောင် သူ​တည်ကြည်​ခဲ့​ပါ​သည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဟော့လ်ဇ်​မိသားစု​နှင့်အတူ အယ်နာ လူး​ဒေါ့ဖ် (ထိုင်​နေ​သူ)