နေ့ရက်တိုင်းကို အကျိုးရှိရှိအသုံးပြုနိုင်ပုံ
နေ့ရက်တိုင်းကို အကျိုးရှိရှိအသုံးပြုနိုင်ပုံ
“အကျွန်ုပ်တို့သည် ပညာတရားကို နှလုံးသွင်းမိမည်အကြောင်း ကိုယ်နေ့ရက်ကာလကို ရေတွက်နိုင်စေခြင်းငှာ သွန်သင်တော်မူပါ။” (ဆာလံ ၉၀:၁၂) ဤကား ကျမ်းရေးသူမောရှေ၏ နှိမ့်ချသောဆုတောင်းချက်ဖြစ်သည်။ အဘယ်အရာကို သူ အထူးပြုတောင်းလျှောက်နေခြင်းနည်း။ ကျွန်ုပ်တို့ကော ရိုသေလေးစားစွာ ထပ်တူ တောင်းလျှောက်သင့်သလော။
အခန်းငယ် ၁၀ တွင် မောရှေသည် လူ့သက်တမ်းတိုတောင်းခြင်းကို ညည်းတွားခဲ့သည်။ နောက်တစ်ကြိမ်တွင် သူက “မိန်းမမှ ဖွားသောလူသည်၊ အသက်တာတို၍ အနှောင့်အယှက်နှင့် ပြည့်ဝလေ၏” ဟုပြောခဲ့သူ ယောဘ၏အဆိုကို မှတ်တမ်းတင်ခဲ့သည်။ (ယောဘ ၁၄:၁၊ သမ) မောရှေသည် မစုံလင်သူတို့၏သက်တမ်း တဒင်္ဂမျှဖြစ်မှုကို စိတ်မချမ်းသာကြောင်း ထင်ရှား၏။ ထို့ကြောင့် သူသည် အသက်ရှင်သည့်နေ့ရက်တိုင်းကို အဖိုးတန်ဆုအဖြစ် ယူမှတ်ခဲ့သည်။ ဘုရားသခင်ထံ ဤသို့အသနားခံရာတွင် မောရှေသည် သူ၏ကျန်ကြွင်းသောနေ့ရက်များတွင် ဉာဏ်ပညာရှိရှိ၊ ဖန်ဆင်းရှင်နှစ်သက်မည့်နည်းအတိုင်း အသက်ရှင်လိုကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့လည်း ကျွန်ုပ်တို့၏နေ့ရက်တိုင်းကို အဓိပ္ပာယ်ရှိရှိ ကုန်လွန်စေဖို့ ကြိုးစားသင့်သည်မဟုတ်ပေလော။ ဘုရားသခင့်နှစ်သက်မှုကို ယခုပင် ရလိုပါက ထိုသို့အစွမ်းကုန်ကြိုးစားပြုလုပ်ကြပါမည်။
မောရှေနှင့် ယောဘကို လှုံ့ဆော်ပေးခဲ့သော အကြောင်းရင်းတစ်ခုရှိသေးသည်၊ ယင်းက ကျွန်ုပ်တို့ကိုလည်း လှုံ့ဆော်ပေးသင့်သည်။ ဘုရားသခင်ကိုကြောက်ရွံ့သော ထိုသူနှစ်ဦးစလုံးသည် အနာဂတ်ဆုကျေးဇူးတစ်ခုဖြစ်သော သာ၍ကောင်းမွန်သည့် အခြေအနေများရှိမည့် မြေကြီးပေါ် အသက်ရှင်ခြင်းကို စောင့်မျှော်ခဲ့ကြသည်။ (ယောဘ ၁၄:၁၄၊ ၁၅; ဟေဗြဲ ၁၁:၂၆) ထိုအခါ မည်သူမျှ သေခြင်းကြောင့် ကောင်းမှုဆက်မလုပ်ရဘဲ ဖြစ်မည်မဟုတ်။ တည်ကြည်သူလူသားအပေါင်း မြေကြီးပရဒိသုပေါ်တွင် ထာဝစဉ်အသက်ရှင်စေရန် ကျွန်ုပ်တို့၏ဖန်ဆင်းရှင် ရည်ရွယ်ထားပါသည်။ (ဟေရှာယ ၆၅:၂၁-၂၄; ဗျာ. ၂၁:၃၊ ၄) အသင်လည်း ‘ပညာတရားကိုနှလုံးသွင်းစေမည့်နည်းအတိုင်း ကိုယ်နေ့ရက်ကို ရေတွက်’ မည်ဆိုလျှင် သင့်အလားအလာသည် ထိုသို့ဖြစ်နိုင်ပါသည်။