ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
“လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။”—ဆာလံ ၁၄၅:၁၆။
၁-၃။ အချို့သူတို့တွင် အဘယ်အနာဂတ်မျှော်လင့်ချက်ရှိသနည်း။ ဥပမာပေး၍ ရှင်းပြပါ။
အင်္ဂလန်နိုင်ငံ၊ မန်ချက်စတာမြို့အနီးတွင် ကိုးနှစ်အရွယ် ခရစ္စတိုဖာနှင့် သူ၏အစ်ကိုတို့သည် ဦးလေး၊ အဒေါ်၊ ဝမ်းကွဲညီအစ်ကိုနှစ်ဦးနှင့်အတူ နံနက်ပိုင်း တစ်အိမ်မှတစ်အိမ်ခရစ်ယာန်အမှုဆောင်တွင် ပါဝင်ခဲ့ကြသည်။ သူတို့၏အဖြစ်အပျက်ကို ကျွန်ုပ်တို့၏တွဲဖက်မဂ္ဂဇင်း နိုးလော့! ကရှင်းပြ၏။ “နေ့လယ်ပိုင်း၌ အနီးအနားမှ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းဖြစ်သည့် ဘလက်ခ်ပိုလ်မြို့သို့ အလည်သွားခဲ့ကြသည်။ ‘မီးလောင်တိုက်သွင်းခြင်း’ နှင့်တူသည်ဟု ရဲတို့ကဖော်ပြသည့် အဝေးပြေးလမ်းမကြီးပေါ် ကားတိုက်မှုတွင် ပွဲချင်းပြီးသေဆုံးသွားသူ ၁၂ ဦးထဲတွင် သူတို့ ၆ ဦးစလုံးပါခဲ့သည်။”
၂ ထိုအဖြစ်ဆိုး မဖြစ်မီညတွင် အသင်းတော်စာအုပ်ကြီးသင်တန်းကို မိသားစုလိုက် တက်ရောက်ခဲ့ကြပြီး ထိုတွင် သေခြင်းအကြောင်း လေ့လာဆွေးနွေးခဲ့ကြသည်။ ဖခင်က ဤသို့ပြောပြ၏– “ခရစ္စတိုဖာလေးက အမြဲတမ်း လေးလေးနက်နက် စဉ်းစားတတ်တယ်။ အဲ့ဒီညက ကမ္ဘာသစ်နဲ့ သူ့ရဲ့အနာဂတ်မျှော်လင့်ချက်အကြောင်း ရှင်းရှင်းလင်းလင်း ဖြေဆိုသွားသေးတယ်။ ကျွန်တော်တို့ ဆွေးနွေးနေတဲ့အခါ ခရစ္စတိုဖာက ကောက်ကာငင်ကာနဲ့ ‘ယေဟောဝါသက်သေတစ်ယောက်ဖြစ်ရတဲ့ အကျိုးက သေခြင်းဟာ စိတ်ထိခိုက်စရာဖြစ်ပေမဲ့ တစ်နေ့ ကမ္ဘာပေါ်မှာ ပြန်တွေ့ကြရမယ်ဆိုတာကို ကျွန်တော်တို့သိထားကြတယ်’ တဲ့။ အခု အဲ့ဒီစကားတွေက အမှတ်တရဖြစ်ကျန်ရစ်ခဲ့မယ်ဆိုတာ ကျွန်တော်တို့တစ်ယောက်မှ မသိလိုက်ကြပါဘူး။” *
၃ ထိုအချိန်မတိုင်မီ ၁၉၄၀ ပြည့်နှစ်တွင် ဩစတြီးယန်းသက်သေခံတစ်ဦးဖြစ်သူ ဖရန့်ဇ်သည် ယေဟောဝါအား သစ္စာဖောက်ရန် ငြင်းဆိုခဲ့သဖြင့် ခေါင်းဖြတ်ခံခဲ့ရ၏။ ဖရန့်ဇ်သည် သူ၏ မိခင်ထံ ဘာလင်အကျဉ်းထောင်တစ်ခုမှ ဤသို့စာရေးခဲ့သည်– “ကျွန်တော်သိထားသလောက်ပြောရရင် တကယ်လို့ ကျွန်တော် . . . ကျမ်းကျိန်လိုက်ရင် သေထိုက်တဲ့အပြစ်ကို ကျွန်တော်ကျူးလွန်မိမယ်။ ကျွန်တော် သစ္စာဖောက်ဖြစ်သွားလိမ့်မယ်။ ကျွန်တော် ထမြောက်တော့မှာမဟုတ်ဘူး။ . . . ကျွန်တော်ချစ်ရတဲ့ အမေနဲ့ မောင်နှမအားလုံး၊ ကျွန်တော် သေဒဏ်ခံရမယ်ဆိုတာ ဒီနေ့ သိလိုက်ရတယ်၊ မကြောက်ကြပါနဲ့၊ မနက်ဖြန်မနက်မှာ ကျွန်တော် အသတ်ခံရတော့မယ်။ ရှေးအချိန်က စစ်မှန်တဲ့ခရစ်ယာန်အားလုံးလိုပဲ၊ ဘုရားသခင်ဆီကနေ ကျွန်တော် ခွန်အားရထားတယ်။ . . . အမေတို့အားလုံး သေတဲ့အထိ အခိုင်အမာရပ်တည်ကြမယ်ဆိုရင် ရှင်ပြန်ထမြောက်တဲ့အခါ ကျွန်တော်တို့ ပြန်ဆုံကြမယ်။ . . . ပြန်တွေ့ကြရအောင်။” *
၄။ ဤတွင်ဖော်ပြထားသော အဖြစ်အပျက်များက သင့်အပေါ် အဘယ်အကျိုးသက်ရောက်သနည်း၊ အဘယ်အကြောင်းကို ဆက်သုံးသပ်ကြမည်နည်း။
၄ ခရစ္စတိုဖာနှင့် ဖရန့်ဇ်တို့နှစ်ဦးစလုံးအတွက် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် အလွန်အဓိပ္ပာယ်ရှိခဲ့သည်။ ယင်းသည် သူတို့အတွက် အမှန်တကယ်ဖြစ်၏။ ဤကဲ့သို့သောအကြောင်းအရာများသည် ကျွန်ုပ်တို့ကို အမှန်ပင်အားရှိစေ၏! ယေဟောဝါအား ပိုမိုတန်ဖိုးထားလေးမြတ်ပြီး ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက် ခိုင်မာလာစေရန် အဘယ်ကြောင့်ရှင်ပြန်ထမြောက်ရပြီး ကျွန်ုပ်တို့တစ်ဦးစီကို မည်သို့အကျိုးသက်ရောက်သင့်ကြောင်း သုံးသပ်ကြည့်ကြစို့။
မြေကြီးဆိုင်ရာထမြောက်ခြင်း အမြင်အာရုံ
၅၊ ၆။ ဗျာ. ၂၀:၁၂၊ ၁၃ တွင်တမန်တော်ယောဟန် မှတ်တမ်းတင်ထားသော အမြင်အာရုံသည် အဘယ်အရာကို ဖော်ပြသနည်း။
၅ ခရစ်တော်ယေရှု၏ အနှစ်တစ်ထောင်အုပ်ချုပ်ချိန်အတွင်း အဖြစ်အပျက်များနှင့်ပတ်သက်သည့် အမြင်အာရုံတစ်ခုတွင် မြေကြီးဆိုင်ရာရှင်ပြန်ထမြောက်ခြင်းကို တမန်တော်ယောဟန် မြင်တွေ့ခဲ့သည်။ သူဤသို့ဖော်ပြသည်– “သေလွန်သောသူအကြီးအငယ်တို့ . . . ကိုငါမြင်၏။ . . . သမုဒ္ဒရာသည် မိမိ၌ရှိသောလူသေတို့ကို အပ်ပေး၏။ မရဏာ [“သေခြင်း၊” ကဘ] နှင့် မရဏာနိုင်ငံ [“ဟေးဒီးစ်၊” ကဘ] သည်လည်း မိမိတို့၌ရှိသော လူသေတို့ကို အပ်ပေးကြ၏။” (ဗျာ. ၂၀:၁၂၊ ၁၃) အဆင့်ရာထူး “ကြီး” သည်၊ “ငယ်” သည်ဖြစ်စေ သင်္ချိုင်းဖြစ်သော ဟေးဒီးစ် (ရှီးအိုးလ်) ၌ချုပ်နှောင်ခံနေရသူအားလုံး လွတ်မြောက်လာကြပါလိမ့်မည်။ သမုဒ္ဒရာတွင် သေဆုံးသွားသူများလည်း ထိုအချိန်၌ အသက်ပြန်ရှင်လာကြလိမ့်မည်။ ယေဟောဝါ၏ရည်ရွယ်ချက်တွင် အဆိုပါအံ့ဖွယ်ရာ ပါဝင်သည်။
၆ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရာကာလသည် စာတန်ကိုချည်နှောင်၍ အနက်ဆုံးတွင်းထဲ ချပစ်လှောင်ထားခြင်းနှင့် စတင်မည်ဖြစ်သည်။ ထိုကာလတွင် စာတန်သည် မလှုပ်မရှားဖြစ်နေမည်ဖြစ်ရာ ရှင်ပြန်ထမြောက်လာသူများကိုဖြစ်စေ၊ ကြီးစွာသောဆင်းရဲခြင်းကိုကပ်ကျော်လာသူများကိုဖြစ်စေ လှည့်ဖြားနိုင်မည်မဟုတ်ပေ။ (ဗျာ. ၂၀:၁-၃) အနှစ်တစ်ထောင်ကာလသည် သင့်အတွက် အလွန်ကြာရှည်မည့်ပုံပေါက်သော်လည်း ယေဟောဝါအတွက်မူ “တစ်ရက်” သာဖြစ်၏။—၂ ပေတရု ၃:၈။
၇။ ခရစ်တော်၏အနှစ်တစ်ထောင်စိုးစံချိန်အတွင်း တရားစီရင်ခြင်းသည် အဘယ်အရာပေါ် အခြေပြုမည်နည်း။
၇ ထိုအမြင်အာရုံအရ၊ ခရစ်တော်၏အနှစ်တစ်ထောင်စိုးစံချိန်သည် တရားစီရင်ရာကာလဖြစ်၏။ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ . . . လူအသီးအသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကိုခံရကြ၏။” (ဗျာ. ၂၀:၁၂၊ ၁၃) လူတစ်ဦး မသေဆုံးမီ ပြုလုပ်ခဲ့ရာ၊ မပြုလုပ်ခဲ့ရာအပေါ် မူတည်ပြီး တရားမစီရင်ကြောင်း သတိပြုပါ။ (ရောမ ၆:၇) ၎င်းအစား၊ ဖွင့်ထားလိမ့်မည့် “စာစောင်များ” နှင့်အညီ စီရင်မည်ဖြစ်သည်။ “အသက်စာစောင်” တွင်သူ၏အမည် ပါမည်မပါမည်မှာ စာစောင်များပါ အကြောင်းအရာများကို သိရှိပြီးနောက် ကျင့်ကြံမှုပေါ် မူတည်ပေမည်။
“အသက်ရှင်ရာထမြောက်ခြင်း” သို့မဟုတ် “အပြစ်စီရင်ရာထမြောက်ခြင်း”
၈။ ရှင်ပြန်ထမြောက်လာကြမည့်သူများသည် အဘယ်ဖြစ်နိုင်စရာအကြောင်းနှစ်ခု ကြုံရမည်နည်း။
၈ အစောပိုင်း ယောဟန်၏အမြင်အာရုံတွင် ယေရှုက “ငါ၌ သေခြင်းနှင့် ဟေးဒီးစ်၏သော့များ” ရှိသည်ဟုမိန့်ဆိုကြောင်း ဖော်ပြထား၏။ (ဗျာ. ၁:၁၈၊ ကဘ) ကိုယ်တော်သည် “အသက်ရှင်သောသူ၊ သေသောသူတို့ကို” စစ်ကြောစီရင်ရန် အခွင့်အာဏာရရှိထားသည့် ယေဟောဝါ၏ “အသက်ကိုယ်စားလှယ်ချုပ်” ဖြစ်တော်မူသည်။ (၂ တိမောသေ ၄:၁; တမန်တော် ၃:၁၅၊ ကဘ) ကိုယ်တော် မည်သို့စစ်ကြောစီရင်မည်နည်း။ သေခြင်း၌ အိပ်ပျော်နေသူများကို အသက်ပြန်ရှင်စေခြင်းဖြင့်ဖြစ်သည်။ ယေရှု၏ဟောပြောချက်ကို နားထောင်နေသည့် လူအုပ်အား ကိုယ်တော်က ဤသို့မိန့်ဆိုခဲ့သည်– “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတ္တံ့။” ထို့နောက် “ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့လည်းကောင်း၊ ဆိုးယုတ်သောအကျင့်ကိုကျင့်သောသူတို့သည် အပြစ်စီရင်ရာထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတ္တံ့” ဟု ဆက်မိန့်ဆိုသည်။ (ယောဟန် ၅:၂၈-၃၀) ထို့ကြောင့် ရှေးသစ္စာရှိအမျိုးသား၊ အမျိုးသမီးများသည် အဘယ်အနာဂတ်ကို စောင့်မျှော်နေကြသနည်း။
၉။ (က) ရှင်ပြန်ထမြောက်လာသည့်အခါ အဘယ်အရာကို လူအများ သိရှိလာကြမည်နည်း။ (ခ) မည်သည့်မဟာပညာပေးရေးလုပ်ငန်းကို လုပ်ဆောင်ကြမည်နည်း။
၉ အဆိုပါရှေးသစ္စာရှိသူများ ရှင်ပြန်ထမြောက်လာသည့်အခါ သူတို့မျှော်လင့်ခဲ့သော ကတိတော်များ ယခု အမှန်ပြည့်စုံလာသည်ကို တွေ့ရကြလိမ့်မည်။ သမ္မာကျမ်းစာတွင် ကမ္ဘာဦး ၃:၁၅ ၌ဖော်ပြထားသည့် ပထမဦးဆုံး ပရောဖက်ပြုချက်ပါ ဘုရားသခင့်မိန်းမ၏မျိုးနွယ်သည် မည်သူမည်ဝါဖြစ်ကြောင်း သူတို့သိရှိလာပြီး အလွန်စိတ်ဝင်စားကြပေမည်! ဤကတိထားရာမေရှိယ ယေရှုသည် တည်ကြည်စွာ သေဆုံးခြင်းဖြင့် ရွေးနုတ်ဖိုးပူဇော်ရာယဇ်အဖြစ် အသက်စွန့်ခဲ့ကြောင်း သူတို့သိလျှင် တကယ့်ကို ဝမ်းသာကြလိမ့်မည်ဖြစ်ခြင်း! (မဿဲ ၂၀:၂၈) အသက်ပြန်ရှင်လာသူများကို ကြိုဆိုကြမည့်သူများက ဤရွေးနုတ်ဖိုးပြင်ဆင်ပေးချက်သည် ယေဟောဝါ၏မခံစားထိုက်သော ကြင်နာမှုနှင့်ကရုဏာဖြစ်ကြောင်း သူတို့သဘောပေါက်လာရန် ဝမ်းသာအားရ ကူညီပေးကြလိမ့်မည်။ ဘုရားသခင့်နိုင်ငံတော်သည် မြေကြီးဆိုင်ရာ ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံစေရန် အဘယ်အရာဆောင်ရွက်နေသည်ကို ထမြောက်လာသူများ တွေ့မြင်သည့်အခါ သူတို့နှလုံးတွင် ယေဟောဝါအား ချီးမွမ်းစကားများ ပြည့်လျှံနေမည်မှာ သေချာ၏။ သူတို့၏မေတ္တာရှင် ကောင်းကင်ခမည်းတော်နှင့် ကိုယ်တော်၏သားတော်တို့အား ချစ်ခင်တွယ်တာကြောင်း ဖော်ပြခွင့်များစွာ ရရှိကြလိမ့်မည်။ အသက်ရှင်သူအပေါင်းသည် ဘုရားသခင့်ရွေးနုတ်ဖိုးပြင်ဆင်ပေးချက်ကို လက်ခံဖို့လိုအပ်မည့် သင်္ချိုင်းမှထမြောက်လာကြသော သန်းနှင့်ချီသူများကို မဟာပညာပေးရေးလုပ်ငန်းတွင် အားရဝမ်းသာပါဝင်ကြလိမ့်မည်။
၁၀၊ ၁၁။ (က) အနှစ်တစ်ထောင်ကာလတွင် ကမ္ဘာသားအားလုံး အဘယ်အခွင့်အရေး ရရှိကြမည်နည်း။ (ခ) ယင်းက ကျွန်ုပ်တို့အပေါ် မည်သို့အကျိုးသက်ရောက်စေသင့်သနည်း။
၁၀ ထမြောက်လာသော အာဗြဟံသည် မိမိမျှော်လင့်စောင့်စားခဲ့သည့် “မြို့” ၏အုပ်ချုပ်မှုအောက်တွင် ဘဝအမှန်ကို ခံစားရသည့်အခါ အလွန်ကျေနပ်အားရလိမ့်မည်။ (ဟေဗြဲ ၁၁:၁၀) မိမိ၏ဘဝလမ်းစဉ်က သမာဓိစောင့်ထိန်းရန် စမ်းသပ်မှုများခံခဲ့ရသည့် ယေဟောဝါ၏တခြားကျေးကျွန်များအတွက် ခွန်အားဖြစ်စေခဲ့ကြောင်း တည်ကြည်သောသက်ကြီးအိုရွယ်ယောဘ သိရှိရလျှင် အလွန်ဝမ်းသာပီတိဖြစ်ပေလိမ့်မည်! ထို့ပြင် ဒံယေလသည် မိမိရေးသားခဲ့သော မှုတ်သွင်းခံပရောဖက်ပြုချက်များ၏ ပြည့်စုံမှုကို အလွန်သိလိုပေမည်!
၁၁ ရှင်ပြန်ထမြောက်လာ၍ဖြစ်စေ၊ ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်၍ဖြစ်စေ ဖြောင့်မတ်သောကမ္ဘာသစ်တွင် အသက်ရှင်မည့်သူအားလုံးသည် ကမ္ဘာမြေနှင့် ကမ္ဘာသားများအတွက် ယေဟောဝါ၏ရည်ရွယ်ချက်အကြောင်း များစွာသိရှိစရာလိုပေလိမ့်မည်။ ထာဝစဉ်အသက်ရှင်ပြီး ယေဟောဝါအား ထာဝစဉ်ချီးမွမ်းခွင့်ရခြင်းသည် အနှစ်တစ်ထောင်ပညာပေးအစီအစဉ်ကို အမှန်ပင် ပျော်ရွှင်စရာဖြစ်စေမည်မှာ သေချာ၏။ သို့သော် စာစောင်များပါ အကြောင်းအရာများကို သိရှိလာသည့်အခါ ကျွန်ုပ်တို့တစ်ဦးချင်းစီ ပြုလုပ်သည့်အမှုက အရေးအပါဆုံးဖြစ်ပေလိမ့်မည်။ ကျွန်ုပ်တို့သိရှိလာရာများကို လက်တွေ့ကျင့်သုံးကြမည်လော။ အမှန်တရားမှ ကျွန်ုပ်တို့သွေဖည်သွားစေရန် စာတန်၏နောက်ဆုံးတိုက်ခိုက်မှုကို တွန်းလှန်နိုင်စေမည့် အရေးကြီးအချက်အလက်များကို တွေးတောဆင်ခြင် နှလုံးသွင်းကြပါမည်လော။
၁၂။ ပညာပေးရေးနှင့် ကမ္ဘာမြေကို ပရဒိသုဖြစ်စေခြင်းလုပ်ငန်းတို့တွင် လူတိုင်း အပြည့်အဝပါဝင်နိုင်စေရန် အဘယ်အရာက ကူညီပေးမည်နည်း။
၁၂ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏ အကျိုးကျေးဇူးများမှရရှိသော ထူးမြတ်လှသည့်ကောင်းချီးများကို မမေ့သင့်ပါ။ ရှင်ပြန်ထမြောက်လာမည့်သူများသည် ယခုခံစားနေရသည့် ရောဂါဝေဒနာများ၊ မသန်မစွမ်းမှုများ ခံစားရတော့မည်မဟုတ်ပေ။ (ဟေရှာယ ၃၃:၂၄) ကမ္ဘာသစ်၌နေထိုင်သူအားလုံးသည် သန်းနှင့်ချီထမြောက်လာသူများကို အသက်လမ်းစဉ်ပေါ်ရှိနေစေရန် သွန်သင်ပေးခြင်းလုပ်ငန်းတွင် အပြည့်အဝပါဝင်နိုင်ဖို့ သန်စွမ်းသောကိုယ်ခန္ဓာနှင့် ပြည့်ဝစုံလင်သော ကျန်းမာရေးရှိကြလိမ့်မည်။ ကမ္ဘာဂြိုဟ်တစ်ခုလုံးကို ပရဒိသုဖြစ်စေခြင်းသည် ယေဟောဝါအား ချီးမွမ်းဖွယ်ရာဖြစ်ပြီး ကမ္ဘာပေါ် ကြိုးစားလုပ်ဆောင်ခဲ့သမျှတွင် အကြီးမားဆုံးဖြစ်သည့် ထိုလုပ်ငန်းတွင်လည်း အဆိုပါသူတို့ပါဝင်ကြလိမ့်မည်။
၁၃၊ ၁၄။ နောက်ဆုံးစမ်းသပ်မှုပြုရန် စာတန်လွတ်လာရခြင်း၏ရည်ရွယ်ချက်ကား အဘယ်နည်း၊ ကျွန်ုပ်တို့တစ်ဦးစီ အဘယ်အကျိုးကျေးဇူး ခံစားနိုင်မည်နည်း။
၁၃ စာတန်သည် နောက်ဆုံးစမ်းသပ်မှုပြုရန် တွင်းနက်မှလွတ်လာသည့်အခါ လူတို့ကို လှည့်ဖြားဦးမည်ဖြစ်သည်။ ဗျာ. ၂၀:၇-၉ အရ၊ စာတန်၏မကောင်းသောဩဇာအောက် ကျရောက်သွားသော ‘လှည့်ဖြားခံရသည့် လူအမျိုးမျိုး၊’ လူမျိုးစုအားလုံးတို့သည် ‘ကောင်းကင်မှမီးကျ၍ မျိုချ‘ ဖျက်ဆီးခံရကြလိမ့်မည်။ ဤသူတို့ထဲမှ အနှစ်တစ်ထောင်အတွင်း ထမြောက်လာသူအချို့သည် ထိုသို့ဖျက်ဆီးခံရမည်ဆိုလျှင် သူတို့၏ထမြောက်ခြင်းသည် အပြစ်စီရင်ရာထမြောက်ခြင်းဖြစ်လိမ့်မည်။ ထမြောက်လာကြမည့် သမာဓိစောင့်ထိန်းသူများမူ ထာဝရအသက်ဆုကျေးဇူးကို ရရှိပါလိမ့်မည်။ သူတို့၏ထမြောက်ခြင်းသည် အမှန်ပင် “အသက်ရှင်ရာထမြောက်ခြင်း” ဖြစ်၏။—ယောဟန် ၅:၂၉။
၁၄ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ယခုပင် ကျွန်ုပ်တို့ကို မည်သို့နှစ်သိမ့်မှုပေးနိုင်သနည်း။ ၎င်း၏အကျိုးကျေးဇူးများကို အနာဂတ်တွင် ခံစားရရန် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်ရမည်နည်း။
ယခုပင် သင်ယူစရာ သင်ခန်းစာများ
၁၅။ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ခြင်းသည် ယခုပင် မည်သို့ထောက်ကူပေးနိုင်သနည်း။
၁၅ မကြာသေးမီက သင်ချစ်ရသူတစ်ဦး ကွယ်လွန်သွားသဖြင့် ဤသို့သောအကြီးအကျယ်ဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာသည့် ပြောင်းလဲမှုကြီးကို ကိုင်တွယ်ရပေမည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က အမှန်တရားမသိသူများ၌ မရှိနိုင်သည့် အတွင်းငြိမ်သက်မှုနှင့် ခွန်အားကို ရရှိစေနိုင်၏။ ပေါလုသည် သက်သာလောနိတ်မြို့သားများကို ဤသို့နှစ်သိမ့်ပေးခဲ့သည်– “မျှော်လင့်ခြင်းမရှိသောအခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း အိပ်ပျော်သောသူတို့၏အမှုအရာကို မသိဘဲနေစေခြင်းငှာ ငါတို့အလိုမရှိ။” (၁ သက်သာလောနိတ် ၄:၁၃) ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်ခြင်းကို အသင်ကိုယ်တိုင် မြင်တွေ့နေရသည်ဟု မှန်းဆကြည့်ဖူးသလော။ အသင်ချစ်ရသူများနှင့် တစ်ဖန်ပြန်ဆုံတွေ့ခွင့်ရခြင်းကို စဉ်းစားတွေးတော၍ ယခုပင် နှစ်သိမ့်မှုရယူနေပါ။
၁၆။ ရှင်ပြန်ထမြောက်ချိန်တွင် သင်၏ခံစားချက်များ မည်သို့ဖြစ်နိုင်မည်နည်း။
၁၆ သင်သည် ယခုလောလောဆယ် အာဒံ၏ပုန်ကန်မှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများဖြစ်သည့် ရောဂါတစ်မျိုးမျိုးကို ခံစားနေရပေမည်။ ယင်းကြောင့် ကမ္ဘာသစ်တွင် ရှင်ပြန်ထမြောက်ကာ ပြန်လည်ကျန်းမာသန်စွမ်းလာမည့် ရွှင်လန်းအားရစရာမျှော်လင့်ချက်ကို မေ့သွားသည်အထိ ဝမ်းနည်းကြေကွဲမနေပါနှင့်။ ထိုအချိန်တွင် အသင်ထမြောက်လာ၍ သင့်ကို ဝမ်းသာအားရ ကြိုဆိုကြသူများအား မြင်တွေ့ရသည့်အခါ ဘုရားသခင်၏ချစ်ခင်ကြင်နာမှုကို ကျေးဇူးတင်မည်မှာ သေချာ၏။
၁၇၊ ၁၈။ အဘယ်အရေးကြီးသင်ခန်းစာနှစ်ခုကို ကျွန်ုပ်တို့နှလုံးသွင်းအပ်သနည်း။
၁၇ ဤအတောအတွင်း ကျွန်ုပ်တို့ နှလုံးသွင်းအပ်သည့် သင်ခန်းစာနှစ်ခုကို သုံးသပ်ကြည့်ပါ။ တစ်ခုမှာ၊ ယခုပင် ယေဟောဝါ၏အမှုတော်ကို စိုးလ်အကြွင်းမဲ့လုပ်ဆောင်ခြင်း၏ အရေးပါမှုဖြစ်သည်။ ကျွန်ုပ်တို့၏သခင် ခရစ်တော်ယေရှုကို တုပသည့်အနေနှင့် ကိုယ်ကျိုးစွန့်ပြီး အသက်ရှင်လျှင် ယေဟောဝါနှင့် ကျွန်ုပ်တို့၏အိမ်နီးချင်းများကို ချစ်ကြောင်း ဖော်ပြကြသည်။ အတိုက်အခံ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ကျွန်ုပ်တို့၏အသက်မွေးမှု သို့မဟုတ် လွတ်လပ်မှု ဆုံးရှုံးသွားလျှင်ပင် ယုံကြည်ခြင်း၌ အခိုင်အမာရပ်တည်၍ မည်သည့်စမ်းသပ်မှုများကိုမဆို ရင်ဆိုင်ရန် စိတ်ဆုံးဖြတ်ထားကြသည်။ အတိုက်အခံပြုသူများကြောင့် ကျွန်ုပ်တို့ သေရလျှင်ပင် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်က နှစ်သိမ့်မှုပေးပြီး ယေဟောဝါနှင့် ကိုယ်တော်၏နိုင်ငံတော်အပေါ် တည်ကြည်ရန် ခွန်အားရှိစေသည်။ မှန်ပါသည်၊ ဘုရားသခင့်နိုင်ငံတော် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့ စိတ်အားထက်သန်စွာ ပါဝင်ခြင်းအားဖြင့် ဖြောင့်မတ်သူများကို ယေဟောဝါပေးမည့် ထာဝရကောင်းချီးများ ခံစားရစရာအကြောင်းရှိသည်။
၁၈ ဒုတိယသင်ခန်းစာသည် ကျွန်ုပ်တို့၏သွေးသားအားနည်းချက်ကြောင့် ဖြစ်ပေါ်လာသည့် သွေးဆောင်မှုများကို ရင်ဆိုင်ရပုံနှင့်ပတ်သက်သည်။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကိုသိရှိထားပြီး ယေဟောဝါ၏မခံစားထိုက်သောကြင်နာမှုကို ကျေးဇူးတင်လေးမြတ်မှုက ယုံကြည်ခြင်းတွင် ခိုင်မြဲစွာ တည်ရှိနေရန် ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မာစေသည်။ တမန်တော်ယောဟန်က ဤသို့သတိပေးခဲ့သည်– ‘လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏။ လောကနှင့် လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား၊ ထာဝရတည်၏။’ (၁ ယောဟန် ၂:၁၅-၁၇) ရုပ်ပစ္စည်းဖြင့် ဤလောက၏ဆွဲဆောင်မှုကို “မှန်သောအသက်” နှင့်ယှဉ်ကြည့်လျှင် ဘာမျှစွဲမက်စရာမရှိချေ။ (၁ တိမောသေ ၆:၁၇-၁၉) အကျင့်ယိုယွင်းရန် သွေးဆောင်ခံရလျှင် ကျွန်ုပ်တို့ အခိုင်အမာတွန်းလှန်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့သည် ယေဟောဝါမနှစ်သက်သည့် လမ်းစဉ်အတိုင်း ပြုကျင့်နေရင်း အာမဂေဒုန်မတိုင်မီ ကွယ်လွန်သွားပါက ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်မရှိသူများနှင့် တစ်တန်းစားတည်းဖြစ်သွားနိုင်သည်။
၁၉။ ကျွန်ုပ်တို့သည် တန်ဖိုးဖြတ်မရသည့် အဘယ်အခွင့်ထူးကို မမေ့သင့်သနည်း။
၁၉ ထို့ထက်ကား၊ ယေဟောဝါ၏စိတ်တော်ကို ယခုနှင့်ထာဝရ ရွှင်လန်းစေခြင်းသည် တန်ဖိုးဖြတ်မရသည့်အခွင့်ထူးဖြစ်ကြောင်း ဘယ်တော့မျှမမေ့သင့်ချေ။ (သု. ၂၇:၁၁) ကျွန်ုပ်တို့သည် သေသည့်တိုင် တည်ကြည်မည်ဆိုလျှင်၊ ဤအစီအစဉ်စနစ်ဆိုး၏အဆုံးတိုင်အောင် သမာဓိစောင့်ထိန်းမည်ဆိုလျှင် စကြဝဠာပိုင်သအုပ်စိုးမှုအရေးကိစ္စတွင် မည်သူဘက်ရပ်တည်ကြောင်း ယေဟောဝါအား ဖော်ပြကြသည်။ သို့ဖြစ်၍ ကြီးစွာသောဆင်းရဲခြင်းကို ကပ်ကျော်၍ဖြစ်စေ၊ အံ့ဖွယ်နည်းဖြင့် ရှင်ပြန်ထမြောက်၍ဖြစ်စေ မြေကြီးပရဒိသုတွင် အသက်ရှင်ရခြင်းသည် တကယ့်ကို အားရရွှင်လန်းစရာဖြစ်မည်တကား!
ကျွန်ုပ်တို့၏လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးခြင်း
၂၀၊ ၂၁။ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ မဖြေဆိုနိုင်သေးသော မေးခွန်းများရှိလင့်ကစား ဆက်တည်ကြည်နိုင်ရန် အဘယ်အရာက ထောက်ကူပေးမည်နည်း။ ရှင်းပြပါ။
၂၀ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျွန်ုပ်တို့၏ဆွေးနွေးချက်တွင် အဖြေမရသေးသော မေးခွန်းအချို့ရှိပါသေးသည်။ အိမ်ထောင်သည်များ ကွယ်လွန်သည့်အခါ သူတို့အတွက် ယေဟောဝါ မည်သို့စီစဉ်ပေးမည်နည်း။ (လုကာ ၂၀:၃၄၊ ၃၅) သေဆုံးသွားသည့်နေရာ၌ပင် ရှင်ပြန်ထမြောက်လာကြမည်လော။ မိသားစုနေထိုင်သည့်နေရာအနားတွင် ထမြောက်လာကြမည်လော။ ရှင်ပြန်ထမြောက်ခြင်း အစီအစဉ်နှင့်ပတ်သက်၍ တခြားမေးခွန်းများစွာ ကျန်ရှိနေသေး၏။ မည်သို့ပင်ဖြစ်ပါစေ၊ ယေရမိ၏ဤစကားများကို ကျွန်ုပ်တို့စွဲမှတ်ထားကြရမည်– ‘ကိုယ်တော်ကိုမျှော်လင့်သောသူနှင့် ကိုယ်တော်ကိုရှာသောသူ၏ စိတ်ဝိညာဉ် [“စိုးလ်၊” ကဘ] အားထာဝရဘုရားသခင်သည် ကျေးဇူးပြုတော်မူ၏။ ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက် ငြိမ်ဝပ်စွာစောင့်၍ နေကောင်း၏။” (မြည်တမ်းစကား ၃:၂၅၊ ၂၆) ယေဟောဝါသတ်မှတ်ထားချိန်တွင် ကျွန်ုပ်တို့ စိတ်ကျေနပ်သည်အထိ မေးခွန်းအားလုံး၏အဖြေကို ရရှိကြလိမ့်မည်။ ယင်းကို အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၂၁ ဆာလံဆရာသည် ယေဟောဝါအကြောင်း ဤသို့ရေးစပ်သီကုံးခဲ့သည့် မှုတ်သွင်းခံစကားများကို ဆင်ခြင်သုံးသပ်ကြည့်ပါ– “လက်တော်ကိုဖွင့်၍ အသက်ရှင်သောသတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ၏။” (ဆာလံ ၁၄၅:၁၆) ကျွန်ုပ်တို့ အသက်ကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏အလိုဆန္ဒများလည်း ပြောင်းလဲသွားတတ်ကြ၏။ ယနေ့ ကျွန်ုပ်တို့၏အလိုဆန္ဒများသည် ကလေးဘဝကနှင့် မတူတော့ချေ။ ကျွန်ုပ်တို့၏အတွေ့အကြုံနှင့် မျှော်လင့်ချက်များအပေါ် မူတည်၍ ဘဝကို ရှုမြင်တတ်လာကြသည်။ သို့တိုင် ကမ္ဘာသစ်တွင် ကျွန်ုပ်တို့၏ တော်လျော်သောမည်သည့်အလိုဆန္ဒကိုမဆို ယေဟောဝါ အမှန်တကယ်ဖြည့်ဆည်းပေးမည်မှာ သေချာသည်။
၂၂။ ယေဟောဝါအား ချီးမွမ်းထောမနာပြုရန် ကျွန်ုပ်တို့တွင် အဘယ်ကြောင့် အကြောင်းကောင်းရှိသနည်း။
၂၂ ယခု ကျွန်ုပ်တို့တစ်ဦးချင်းစီ အာရုံစိုက်ကြရမည်မှာ တည်ကြည်မှုရှိဖို့ဖြစ်သည်။ “ဘဏ္ဍာစိုးမည်သည်ကား၊ သစ္စာရှိရမည်။” (၁ ကောရိန္သု ၄:၂) ကျွန်ုပ်တို့သည် ဘုန်းအသရေနှင့်ပြည့်စုံသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း၏ ဘဏ္ဍာစိုးများဖြစ်ကြသည်။ တွေ့သမျှလူတိုင်းကို စိတ်ထက်သန်စွာ သတင်းကောင်းကြေညာခြင်းသည် ကျွန်ုပ်တို့ကို အသက်လမ်းပေါ် ရှိနေစေ၏။ ကျွန်ုပ်တို့အားလုံး “အချိန်နှင့်ကြိုတင်မမြင်ရသောဖြစ်ပျက်မှု” တို့ကို ကြုံတွေ့တတ်ကြောင်း ဘယ်တော့မျှမမေ့ပါနှင့်။ (ဒေ. ၉:၁၁၊ ကဘ) ဘဝ၏မရေရာမှုများကြောင့် ဖြစ်ပေါ်လာသော မလိုအပ်သည့်စိုးရိမ်မှုများမရှိစေရန် ဘုန်းအသရေရှိ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ကိုင်စွဲထားပါ။ ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန်မတိုင်မီ အသင် သေဆုံးသွားရမည့်ပုံရှိလျှင်ပင် ကယ်လွှတ်ခြင်းချမ်းသာရမည်ဟူသော ယုံကြည်စိတ်ချမှုဖြင့် နှစ်သိမ့်မှုရယူနိုင်သည်။ ယေဟောဝါ၏အချိန်တွင် ဖန်ဆင်းရှင်အား ယောဘလျှောက်တင်သကဲ့သို့ သင်ဤသို့ပြောနိုင်ပါလိမ့်မည်– “အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။” မှတ်ဉာဏ်တော်တွင်ရှိသူအားလုံးကို အသက်ပြန်ရှင်စေလိုသောအရှင် ယေဟောဝါအား ချီးမွမ်းထောမနာပြုကြပါလေ!—ယောဘ ၁၄:၁၅။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 ယေဟောဝါသက်သေများ ထုတ်ဝေသော ၁၉၈၈၊ ဇူလိုင် ၈ ရက် နိုးလော့! [လိပ်] စာမျက်နှာ ၁၀ ကိုရှု။
^ အပိုဒ်၊ 3 ယေဟောဝါသက်သေများ ထုတ်ဝေသော ယေဟောဝါသက်သေများ—ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများစာအုပ် [လိပ်] ၏စာမျက်နှာ ၆၆၂။
သင်မှတ်မိသလော
• အနှစ်တစ်ထောင်ကာလအတွင်း အဘယ်အရာပေါ်မူတည်၍ လူတို့ကို တရားစီရင်မည်နည်း။
• အဘယ်ကြောင့် တချို့သည် “အသက်ရှင်ရာထမြောက်” ပြီး အခြားသူများမူ “တရားစီရင်ရာထမြောက်” ကြမည်နည်း။
• ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ယခု ကျွန်ုပ်တို့ကို မည်သို့နှစ်သိမ့်မှုပေးနိုင်သနည်း။
• ဆာလံ ၁၄၅:၁၆ ပါစကားများက ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အဖြေမရသေးသော မေးခွန်းများနှင့်ပတ်သက်၍ မည်သို့အဖြေရရှိစေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံများ]
ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ရှိခြင်းက ယခု ကျွန်ုပ်တို့ကို မည်သို့ထောက်ကူပေးနိုင်သနည်း