ရှင်ပြန်ထမြောက်ခြင်း ကြည်နူးအားရဖွယ်မျှော်လင့်ချက်
ရှင်ပြန်ထမြောက်ခြင်း ကြည်နူးအားရဖွယ်မျှော်လင့်ချက်
ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်သူ အနှံ့အပြားရှိသည်။ အစ္စလာမ်တို့၏ သန့်ရှင်းသောစာစောင်၊ ကိုရန်ကျမ်း၏ အခန်းကြီးတစ်ခန်းလုံး၌ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဆွေးနွေးထားသည်။ ဆူရာအခန်း ၇၅ တွင် ဤသို့တစ်စိတ်တစ်ပိုင်း ဖော်ပြသည်– “ရှင်ပြန်ထမြောက်ရာနေ့ကို တိုင်တည်၍ ငါကျိန်ဆိုသည်။ . . . လူ၏အရိုးများကို ကျွန်ုပ်တို့ စုစည်း၍မရဟု သူတို့ယူဆကြသလော။ . . . ‘ရှင်ပြန်ထမြောက်ရာနေ့ကား ဘယ်သောအခါနည်း။’ သေလွန်သူကို အသက်ပေးရန် သူ၌ တန်ခိုးရှိသည်မဟုတ်ပေလော” ဟုသူမေးခွန်းထုတ်သည်။—ဆူရာ ၇၅:၁-၆၊ ၄၀။
“ဆိုးသွမ်းမှုကို အပြီးသတ်အောင်ပွဲခံခြင်း၊ ယေဘုယျရှင်ပြန်ထမြောက်ခြင်း၊ နောက်ဆုံးတရားစီရင်ခြင်းနှင့် သန့်စင်ထားသောကမ္ဘာကို ဖြောင့်မတ်သူများ ပြန်လည်ရရှိခြင်းစသည်တို့ကို ဇိုရိုအက်စ်ထရီယန်ဘာသာက ယုံကြည်သက်ဝင်သည်” ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ်ကဆို၏။
ရှင်ပြန်ထမြောက်ခြင်းဟူသည် “အဆုံးတွင် လူသေများ ပြန်အသက်ရှင်လာပြီး မြေကြီးပေါ်နေထိုင်ကြမည်ဟူသော ယုံကြည်ချက်” ဖြစ်၏ဟု ဂျူဒေးယကားစွယ်စုံကျမ်းက အနက်ဖွင့်ဆိုသည်။ တစ်ကြိမ်တည်းတွင် လူ၌ မသေနိုင်သောစိုးလ် (soul) ရှိသည်ဟူသောအယူအဆကို ဂျူးဘာသာက လက်ခံလိုက်ခြင်းကြောင့် အကျပ်ရိုက်စရာဖြစ်စေကြောင်း အဆိုပါစွယ်စုံကျမ်းက ဖော်ပြပါသေးသည်။ “ရှင်ပြန်ထမြောက်ခြင်းနှင့် စိုးလ်မသေနိုင်ဟူသော ယုံကြည်ချက်နှစ်ခုသည် အခြေခံအားဖြင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်သည်” ဟုယင်းစွယ်စုံကျမ်းက ဝန်ခံထားသည်။
ဟိန္ဒူဘာသာက လူသည် တစ်ဘဝမှတစ်ဘဝသို့ သံသရာလည်ရသည်၊ သို့မဟုတ် ပြန်ဝင်စားရသည်ဟု သွန်သင်၏။ ထိုသို့ဖြစ်ရန် လူတွင် သေပြီးနောက် ဆက်အသက်ရှင်သည့် စိုးလ်ရှိရပေမည်။ ဗာကဗတ်ဂီတာခေါ် ဟိန္ဒူကျမ်းစာစောင်က ဤသို့ဆို၏– “ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးတွင် ပျံ့နှံ့လျက်ရှိသော စိုးလ်ကို ဖျက်ဆီး၍မရချေ။ တည်မြဲသောစိုးလ်ကို မည်သူမျှမဖျက်ဆီးနိုင်။”
. . . က ဟိန္ဒူဘာသာနှင့် ကွဲပြားခြားနားစွာ မသေနိုင်သောစိုးလ်မရှိဟုဆို၏။ သို့တိုင် ယနေ့ အရှေ့ဖျားဒေသရှိ ယင်းဘာသာဝင်အများက မသေနိုင်သောစိုးလ် ဘဝကူးပြောင်းခြင်းကို ယုံကြည်သက်ဝင်ကြသည်။ *
ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်နှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးခြင်း
ခရစ်ယာန်ဘောင် အသုဘအခမ်းအနားများတွင် လူသေဆုံးပြီးနောက် စိုးလ်ဆက်အသက်ရှင်ကြောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုပါ ဖော်ပြလေ့ရှိသည်။ ဥပမာ၊ အင်္ဂလီကန်ခရစ်ယာန်ဘုန်းကြီးများသည် ဤစကားများကို ရွတ်ဆိုလေ့ရှိသည်– “အဆုံးမဲ့တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်သည်၊ ဤတွင် ထွက်ခွာသွားသော အကျွန်ုပ်တို့ချစ်ခင်ကြသော ညီ/နှမ၏စိုးလ်ကို မဟာကရုဏာတော်အတိုင်း သိမ်းပိုက်တော်မူသောကြောင့် ကြွင်းကျန်သောရုပ်ကလာပ်ကို၊ မြေကိုမြေချင်း၊ ပြာကိုပြာချင်း၊ မြေမှုန့်ကို မြေမှုန့်ချင်း၊ မြေ၌သိပ်ထားကြပါ၏။ အရှင်သခင် ယေရှုခရစ်သည် တန်ခိုးတော်ဖြင့် . . . ထာဝရအသက်ကို ရှင်ပြန်ဝင်စားခွင့် ပေးသနားတော်မူပါမည့်အကြောင်း စွဲယူမျှော်လင့်ကြပါ၏။”—ဆုတောင်းစာအုပ်။
အဆိုပါဖော်ပြချက်အရ သမ္မာကျမ်းစာ၏သွန်သင်ချက်သည် ရှင်ပြန်ထမြောက်ခြင်းလော၊ မသေနိုင်သောစိုးလ်အယူဝါဒလောဟူ၍ ဇဝေဇဝါဖြစ်သွားစေနိုင်သည်။ သို့သော် ပြင်သစ်လူမျိုး ပရိုတက်စတင့်ပါမောက္ခ အော်စကာ ကူလ်မန်ပြောဆိုခဲ့သောစကားကို သတိပြုပါ။ စိုးလ်မသေနိုင်ခြင်းလော၊ လူသေတို့ ရှင်ပြန်ထမြောက်ခြင်းလောဟူသည့် သူရေးသားသောစာအုပ်တွင် ဤသို့ဆိုသည်– “လူသေတို့ ရှင်ပြန်ထမြောက်လာမည်ဟူသော ခရစ်ယာန်မျှော်လင့်ချက်နှင့် စိုးလ်မသေနိုင်ဟူသော ဂရိအယူအဆသည် လုံးဝကွဲပြားခြားနား၏။ . . . နောက်ပိုင်းတွင် ခရစ်ယာန်ဘာသာသည် ထိုယုံကြည်ချက်နှစ်ခုကို ချိတ်ဆက်ပေးခဲ့ရာ ယနေ့ သာမန်ခရစ်ယာန်တစ်ဦးသည် ယင်းကို မဝေခွဲတတ်အောင်ဖြစ်နေသော်လည်း ကျွန်ုပ်နှင့် ပညာရှင်အများစုက အမှန်တရားဟုထင်မြင်သည့်အချက်ကို ထိမ်ဝှက်ထားစရာအကြောင်းမရှိဟု ယူဆသည်။ . . . ဓမ္မသစ်ကျမ်း၏ အဓိကအချက်နှင့် ဆိုလိုရင်းသည် ရှင်ပြန်ထမြောက်ခြင်းယုံကြည်ချက်အပေါ် လုံးဝမူတည်သည်။ . . . အမှန်ပင်သေဆုံးသွားသူ တစ်ယောက်လုံးသည် ဘုရားသခင်၏ဖန်ဆင်းခြင်းအသစ်တစ်ခုအဖြစ် အသက်ပြန်ရှင်လာ၏။”
သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို လူအများစိတ်ရှုပ်ထွေးနေကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပါ။ ထိုရှုပ်ထွေးမှုကို ဖြေရှင်းရန် သမ္မာကျမ်းစာတွင် အဖြေရှာဖို့လိုသည်၊ လူကိုဖန်ဆင်းသောအရှင် ယေဟောဝါဘုရားသခင်သည် ထိုတွင် အမှန်တရားများ ဖော်ပြထား၏။ သမ္မာကျမ်းစာတွင် ရှင်ပြန်ထမြောက်ခြင်းများစွာအကြောင်း မှတ်တမ်းတင်ထားသည်။ ထိုမှတ်တမ်းတို့မှ လေးခုကို ဆန်းစစ်ကြည့်ကာ ယင်းတို့က အဘယ်အရာကိုဖော်ပြကြောင်း သုံးသပ်ကြည့်ကြစို့။
“မိန်းမတို့သည်လည်း သေခြင်းမှထမြောက်သော မိမိတို့သေသူများကိုရပြန်ကြ၏”
ခရစ်ယာန်များဖြစ်လာကြသော ဂျူးတို့ထံ ပေါလုရေးသောစာတွင် ယုံကြည်ခြင်းရှိ အမျိုးသမီးများသည် ‘သေခြင်းမှထမြောက်သော သူတို့၏သေသူများကိုရပြန်ကြ’ ကြောင်းဖော်ပြခဲ့သည်။ (ဟေဗြဲ ၁၁:၃၅၊ သမ္မာ) သူတို့ထဲမှတစ်ဦးမှာ မြေထဲပင်လယ်ကမ်းရိုးတန်းရှိ ဇိဒုန်ပြည်အနီးမှ ဖိုနီးရှန်းမြို့တစ်မြို့ဖြစ်သော ဇရတ္တမြို့မှမြို့သူတစ်ဦးဖြစ်သည်။ ဘုရားသခင့်ပရောဖက်ဧလိယကို ဧည့်ဝတ်ကျေပွန်စွာ လက်ခံပြီး အလွန်အစာခေါင်းပါးချိန်၌ပင် သူ့ကိုကျွေးမွေးပြုစုခဲ့သော မုဆိုးမတစ်ဦးဖြစ်၏။ ဝမ်းနည်းစရာမှာ ဤအမျိုးသမီး၏သားသည် ဖျားနာပြီး သေဆုံးသွားရှာသည်။ ထိုအခါ ဧလိယသည် သူနေထိုင်ရာအထက်ခန်းသို့ ကလေးကိုချက်ချင်းချီဆောင်သွားပြီး အသက်ပြန်ရှင်စေရန် ယေဟောဝါထံ အသနားခံလေသည်။ အံ့ဖွယ်အမှုဖြစ်ပျက်ခဲ့ရာ သူငယ်သည် “အသက်ရှင်ပြန်၏။” ကလေးကို မိခင်ထံပြန်အပ်ပြီး ဧလိယက “ကြည့်လော့။ သင်၏သားအသက်ရှင်ပြီ” ဟုဆို၏။ ထိုအမျိုးသမီး မည်သို့တုံ့ပြန်ခဲ့သနည်း။ ဝမ်းသာအားရနှင့် သူက ‘ဤအမှုကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်၏လူဖြစ်ကြောင်းကိုလည်းကောင်း၊ ကိုယ်တော်ဆင့်ဆိုသော ဘုရားသခင်၏စကားတော် ဟုတ်မှန်ကြောင်းကိုလည်းကောင်း ကျွန်မသိပါ၏’ ဟုဆိုလေ၏။—၃ ဓမ္မရာဇဝင် ၁၇:၂၂-၂၄။
ဇရတ္တမြို့တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင် ရက်ရောသည့်မောင်နှံတစ်စုံ နေထိုင်သည်၊ ဧလိယအရာကိုဆက်ခံသူ ပရောဖက်ဧလိရှဲအား သူတို့ပြုစုကျွေးမွေးခဲ့ကြသည်။ ဇနီးသည်မှာ ရှုနင်မြို့တွင် လူသိများသောအမျိုးသမီးတစ်ဦးဖြစ်၏။ ထိုဇနီးမောင်နှံသည် ဧလိရှဲကို မိမိတို့နေအိမ်အထက်ခန်းတွင် နေခွင့်ပေးခဲ့ကြသည်။ သားသမီးမရှိ၍ သူတို့ဝမ်းနည်းနေရသည့်အခြေအနေမှ သားလေးတစ်ဦးမွေးဖွားသဖြင့် ဝမ်းသာလာရကြသည်။ ထိုသူငယ်လေး ကြီးပြင်းလာသောအခါ လယ်ကွင်းသို့ ဖခင်နှင့်အတူ စပါးရိတ်သူတို့နှင့် လိုက်သွားလေ့ရှိ၏။ တစ်နေ့သော် ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်လေ၏။ ခေါင်းကိုက်သည်ဟု သူငယ်ဆို၏။ ငယ်သားတစ်ဦးက အိမ်သို့ အမြန်ခေါ်ဆောင်သွားသည်။ မိခင်က ရင်ခွင်၌ပိုက်၍ထားစဉ် နောက်ဆုံး သူငယ်လေး သေဆုံးသွားလေသည်။ စိတ်ကယောက်ကယက်ဖြစ်နေသောမိခင်သည် ဧလိရှဲထံ အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။ ဧလိရှဲနေထိုင်ရာ အနောက်မြောက်အရပ်ရှိ ကရမေလတောင်သို့ ငယ်သားတစ်ဦးနှင့်သွားလေ၏။
ပရောဖက်သည် သူ၏နောက်လိုက် ဂေဟာဇိကို အရင်သွားစေ၍ သူငယ်အမှန်သေနေကြောင်း သိခဲ့ရသည်။ နောက်မှဧလိရှဲနှင့် ထိုအမျိုးသမီးလိုက်လာကြရာ ရှုနင်မြို့သို့ရောက်သော် အဘယ်အရာဖြစ်ပျက်ခဲ့သနည်း။ ၄ ဓမ္မရာဇဝင် ၄:၃၂-၃၇ ပါမှတ်တမ်းက ဤသို့ဆို၏– “ဧလိရှဲသည် အိမ်သို့ရောက်သောအခါ သူငယ်သေလျက် မိမိခုတင်ပေါ်မှာတင်ထားလျက်ရှိသည်ကိုတွေ့သဖြင့်၊ အထဲသို့ဝင်၍ နှစ်ယောက်တည်းရှိစေခြင်းငှာ တံခါးကိုပိတ်လျက် ထာဝရဘုရား [သခင်]ကိုဆုတောင်းလေ၏။ သူငယ်၏အနီးအပါးသို့ချဉ်း၍ သူ့အပေါ်မှာအိပ်လျက် နှုတ်ချင်း၊ မျက်စိချင်း၊ လက်ချင်းထပ်လျက် သူငယ်အပေါ်မှာကိုယ်ကိုလှန်သဖြင့် သူငယ်အသားသည် နွေးစရှိ၏။ တစ်ဖန်ဆင်း၍ အခန်းထဲမှာ စင်္ကြံသွားပြီးလျှင် ချဉ်းပြန်၍ သူငယ်အပေါ်မှာကိုယ်ကိုလှန်သဖြင့် သူငယ်သည် ခုနစ်ကြိမ်ချေဆတ်၍ မျက်စိကိုဖွင့်၏။ ဧလိရှဲသည် ဂေဟာဇိကိုခေါ်၍ ‘ရှုနင်မြို့သူမိန်းမကိုခေါ်လိုက်’ ဟုဆိုသည်အတိုင်း ခေါ်၍ သူသည်ရောက်လာသောအခါ ဧလိရှဲက ‘သင်၏သားကိုချီယူလော့’ ဟုဆို၏။ မိန်းမသည်အထဲသို့ဝင်၍ မြေပေါ်မှာပျပ်ဝပ်ဦးချပြီးလျှင် သားကိုချီယူ၍ထွက်သွား၏။”
ယင်းသည် ဘုရားသခင့်တန်ခိုးတော်ကြောင့်ဖြစ်ကြောင်း ဇရတ္တမြို့သူမုဆိုးမနည်းတူ ရှုနင်မြို့သူသိရှိခဲ့သည်။ သူတို့ချစ်မြတ်နိုးရသောသားများကို ဘုရားသခင်အသက်ပြန်ရှင်စေသည့်အတွက် ဤမိန်းမနှစ်ဦးစလုံး အလွန်ဝမ်းမြောက်ခဲ့ကြရသည်။
ယေရှုအမှုဆောင်ချိန်အတွင်း ရှင်ပြန်ထမြောက်မှုများ
အနှစ် ၉၀၀ ခန့်လွန်ပြီးနောက် ရှုနင်မြို့မြောက်ဘက် မနီးမဝေးရှိ နာဣနမြို့ပြင်တွင် ရှင်ပြန်ထမြောက်မှုတစ်ခု ဖြစ်ပျက်ခဲ့သည်။ ယေရှုခရစ်နှင့် ကိုယ်တော့်တပည့်များသည် ကပေရနောင်မြို့မှ ခရီးထွက်လာပြီး နာဣနမြို့တံခါးအနီးသို့ရောက်သောအခါ အသုဘလိုက်ပို့သော လူတန်းကြီးနှင့်ဆုံလေရာ တစ်ဦးတည်းသောသားကို ဆုံးရှုံးလေသူ မုဆိုးမအား ယေရှုသတိပြုမိသည်။ မငိုနှင့်ဟု သူ့ကို ယေရှုမိန့်တော်မူ၏။ ဆက်ဖြစ်ပျက်ခဲ့ရာကို ဆေးဆရာလုကာက ဤသို့ဖော်ပြသည်– “[ယေရှုသည်] အနီးသို့ကြွ၍ တလားကိုလက်နှင့်တို့တော်မူသဖြင့်၊ ထမ်းသောသူတို့သည်ရပ်၍နေကြ၏။ ကိုယ်တော်ကလည်း၊ ‘အချင်းလုလင်၊ ထလော့၊ သင့်အားငါအမိန့်ရှိသည်’ ဟု မိန့်တော်မူလျှင်၊ သေသောသူသည် ထိုင်၍စကားပြော၏။ ကိုယ်တော်သည်လည်း ထိုသူကို မိခင်အားအပ်ပေးတော်မူ၏။” (လုကာ ၇:၁၃-၁၅) ဤအံ့ဖွယ်အမှုကို တွေ့မြင်သူတို့သည် ဘုရားသခင်အား ဂုဏ်တင်ချီးမွမ်းခဲ့ကြသည်။ ရှင်ပြန်ထမြောက်ခြင်းသတင်းသည် တောင်ဘက်ယွန်းယွန်းရှိ ယုဒနှင့် အနီးတစ်ဝိုက်နယ်သို့ ပျံ့နှံ့သွားလေသည်။ စိတ်ဝင်စားစရာမှာ နှစ်ခြင်းဆရာယောဟန်၏တပည့်တို့သည် ထိုအံ့ဖွယ်သတင်းကို ယောဟန်အား ပြန်ပြောပြကြသည်။ ယောဟန်သည်လည်း တပည့်များကို ယေရှုထံစေလွှတ်ပြီး ကိုယ်တော်သည် မျှော်လင့်ထားသောမေရှိယ ဟုတ်မဟုတ် မေးလျှောက်စေ၏။ ယေရှုကဤသို့ဆို၏– “သင်တို့သည် ကြားရသမျှ၊ မြင်ရသမျှတို့ကို သွား၍ ယောဟန်အားကြားလျှောက်ကြလော့။ မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကိုကြားရကြ၏။”—လုကာ ၇:၂၂၊ ၂၃။
ယေရှုပြုတော်မူခဲ့သော လူသိအများဆုံး ရှင်ပြန်ထမြောက်ခြင်းအံ့ဖွယ်အမှုမှာ ကိုယ်တော်၏ရင်းနှီးသောမိတ်ဆွေ လာဇရုကို အသက်ပြန်ရှင်စေခြင်းဖြစ်သည်။ ဤဖြစ်ရပ်တွင် လာဇရုသေဆုံးချိန်နှင့် သူ့မိသားစုနေအိမ်သို့ ယေရှုရောက်ရှိချိန်စပ်ကြား အချိန်အနည်းငယ်ကြာခဲ့သည်။ ဗေသနိရွာသို့ ယေရှုရောက်သော် လာဇရုသေသည်မှာ လေးရက်ရှိလေပြီ။ သင်္ချိုင်းဂူအဝင်ဝမှ ကျောက်တုံးကို ယေရှုရွှေ့ခိုင်းသောအခါ မာသက “သခင်၊ ယခုဖြစ်လျှင် နံလိမ့်မည်။ လေးရက်ရှိပါပြီ” ဟုကန့်ကွက်၏။ (ယောဟန် ၁၁:၃၉) သို့သော် လာဇရု၏ကိုယ်ခန္ဓာ မည်မျှပင်ပျက်စီးယိုယွင်းနေပါစေ ရှင်ပြန်ထမြောက်ခြင်းကို မဟန့်တားနိုင်ချေ။ ယေရှုအမိန့်ပေးသောအခါ “သေလွန်သောသူသည် မိမိခြေလက်၌ ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်းပဝါနှင့်စည်းလျက်ထွက်လာ၏။” ထိုသို့ဖြစ်ပြီးနောက် ယေရှု၏ရန်သူများပြုလုပ်ရာများက လာဇရု အမှန်တကယ်အသက်ပြန်ရှင်ခဲ့ကြောင်း သက်သေထူသည်။—ယောဟန် ၁၁:၄၃၊ ၄၄; ၁၂:၁၊ ၉-၁၁။
ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ဤမှတ်တမ်းလေးခုမှ အဘယ်အရာသိရှိရသနည်း။ သေဆုံးခဲ့သူအသီးသီးတို့ကိုယ်တိုင် ရှင်ပြန်ထမြောက်လာကြသည်။ သူတို့အားလုံးကို ဆွေမျိုးရင်းချာများပင် မှတ်မိကြသည်။ သူတို့သေဆုံးနေခိုက် အချိန်တိုလေးအတွင်း အဘယ်အရာဖြစ်ပျက်ခဲ့ကြောင်း သူတို့တစ်ဦးတစ်ယောက်မျှ မပြောဆိုခဲ့ကြပါ။ အခြားတစ်ကမ္ဘာသို့ ရောက်ခဲ့သည်ဟု တစ်ဦးတစ်ယောက်ကမျှ မပြောပါ။ သူတို့အားလုံး ကျန်းကျန်းမာမာနှင့် ပြန်ထလာကြသည့်ပုံပင်။ သူတို့သည် ယေရှုပြောသည့်အတိုင်း ခဏအိပ်ပျော်ရာမှ နိုးလာသကဲ့သို့ဖြစ်ကြသည်။ (ယောဟန် ၁၁:၁၁) သို့သော် အချိန်တန်သော် သူတို့တစ်ဦးစီသည် ပြန်သေဆုံးသွားရကြသည်။
ချစ်ရသူများနှင့် ပြန်လည်ဆုံစည်းရခြင်း —ကြည်နူးအားရဖွယ်မျှော်လင့်ချက်
ရှေ့ဆောင်းပါးတွင် ဖော်ပြထားသော အိုဝင်လေး ကြေကွဲဖွယ် သေဆုံးပြီး မကြာမီ သူ၏ဖခင်သည် အိမ်နီးချင်းတစ်ဦးထံ အလည်သွားခဲ့သည်။ စားပွဲပေါ်တွင် ယေဟောဝါသက်သေများ၏ လူထုဟောပြောပွဲ ကြော်ငြာစာရွက်ကို သူတွေ့လေသည်။ “လူသေများ အဘယ်မှာရှိသနည်း” ဟူသောခေါင်းစဉ်ကို သူစိတ်ဝင်စားသွားသည်။ သူတွေးတောနေသောမေးခွန်းပင်ဖြစ်သည်။ ဟောပြောပွဲကို သူတက်ရောက်ခဲ့ရာ သမ္မာကျမ်းစာမှ စစ်မှန်သောနှစ်သိမ့်မှုရရှိခဲ့သည်။ သေလွန်သူများသည် ဝေဒနာမခံစားရကြောင်း၊ အိုဝင်အပါအဝင် သေလွန်သူများသည် မီးငရဲတွင် ဝေဒနာခံနေရမည့်အစား၊ ကောင်းကင်တမန်များဖြစ်ရန် ဘုရားသခင်ခေါ်ဆောင်သွားမည့်အစား ရှင်ပြန်ထမြောက်ရမည့်အချိန် မရောက်မချင်း သင်္ချိုင်းတွင် စောင့်ဆိုင်းနေကြကြောင်း သူသိရှိလာသည်။—ဒေ. ၉:၅၊ ၁၀; ယေဇကျေလ ၁၈:၄။
သင့်မိသားစုတွင် ကြေကွဲဖွယ်အဖြစ်ဆိုးကျရောက်ခဲ့သလော။ အိုဝင်၏ဖခင်ကဲ့သို့ အသင်သည် ဆုံးပါးသွားသောချစ်ရသူများ ယခု အဘယ်နေရာတွင်ရှိနေကြောင်းနှင့် သူတို့ကို ပြန်တွေ့နိုင်စရာအကြောင်းရှိမရှိ သိလိုပါသလော။ သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သမ္မာကျမ်းစာက နောက်ထပ်အဘယ်အရာသွန်သင်သည်ကို သုံးသပ်ကြည့်ရန် သင့်အား ဖိတ်ခေါ်ပါသည်။ ‘မည်သည့်အချိန်တွင် ရှင်ပြန်ထမြောက်လာကြမည်နည်း။ မည်သူတို့သည် ထိုအစီအစဉ်မှ အကျိုးအပြည့်အဝရရှိကြမည်နည်း’ ဟုသင်သိကောင်းသိလိုပေမည်။ ဤမေးခွန်းများနှင့် အခြားမေးခွန်းများကို ဆွေးနွေးသုံးသပ်ထားသည့် နောက်ဆောင်းပါးများကို ကျေးဇူးပြု၍ ဖတ်ရှုကြည့်ပါလေ။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 6 ယေဟောဝါသက်သေများထုတ်ဝေခဲ့သော ဘုရားသခင်ကို လူသားများ ရှာပုံတော်၊ [လိပ်] စာမျက်နှာ ၁၅၀-၄ ကိုရှု။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ရှုနင်မြို့သူ၏သား ရှင်ပြန်ထမြောက်လာစေဖို့ ဧလိရှဲကို ယေဟောဝါအသုံးပြုခဲ့
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သူငယ်လေးကို အသက်ပြန်ရှင်စေဖို့ ယေဟောဝါအား ဧလိယအသနားခံခဲ့
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
နာဣနမြို့မှ မုဆိုးမ၏သားကို ယေရှုပြန်ရှင်စေခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ရှင်ပြန်ထမြောက်ခြင်းက ဆွေမျိုးများနှင့် ချစ်မြတ်နိုးရသူများကို ပြန်လည်ဆုံစည်းစေမည်