ရှင်ပြန်ထမြောက်ခြင်း သင့်ကို အကျိုးပြုသောသွန်သင်ချက်
ရှင်ပြန်ထမြောက်ခြင်း သင့်ကို အကျိုးပြုသောသွန်သင်ချက်
‘ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ ဘုရားသခင်ကိုအမှီပြု၍ အကျွန်ုပ်မျှော်လင့်ပါ၏။’—တမန်တော် ၂၄:၁၅။
၁။ ရှင်ပြန်ထမြောက်ခြင်းအကြောင်းက ဆဲန်ဟီဒရင်ကို မည်သို့ဖြစ်သွားစေသနည်း။
တမန်တော်ပေါလုသည် သူ၏တတိယသာသနာပြုခရီးစဉ်အဆုံး စီ.အီး. ၅၆ ခုနှစ်တွင် ယေရုရှလင်မြို့၌ ရှိနေ၏။ ရောမတို့သည် သူ့ကို ဖမ်းဆီးပြီး ဂျူးအထက်တရားရုံး ဆဲန်ဟီဒရင်ရှေ့မှောက်သို့ ခေါ်ဆောင်သွားကြ၏။ (တမန်တော် ၂၂:၂၉၊ ၃၀) ထိုတရားရုံးအဖွဲ့သားများကို ပေါလုကြည့်လိုက်ရာ တချို့သည် ဇဒ္ဒုကဲများဖြစ်ကြပြီး အခြားသူတို့မှာ ဖာရိရှဲများဖြစ်ကြကြောင်း သတိထားမိသည်။ ဤအုပ်စုနှစ်စုတွင် သိသာထင်ရှားသည့် သဘောထားကွဲလွဲမှုတစ်ခုရှိ၏။ ဇဒ္ဒုကဲများသည် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်၍ ဖာရိရှဲများမူ ယင်းကို လက်ခံယုံကြည်ကြ၏။ ဤကိစ္စတွင် မိမိ၏ရပ်တည်မှုကို ပေါလု ဤသို့ဖော်ပြလိုက်သည်– “ညီအစ်ကိုတို့၊ အကျွန်ုပ်သည် ဖာရိရှဲဖြစ်၏။ ဖာရိရှဲ၏သားလည်းဖြစ်၏။ သေသောသူတို့သည် ထမြောက်မည်ဟု မျှော်လင့်ခြင်းအကြောင်းကြောင့် အကျွန်ုပ်သည် စစ်ကြောစီရင်ခြင်းကိုခံရ၏။” သူထိုသို့ပြောလိုက်ရာ ပရိသတ်များ စိတ်ရှုပ်ထွေးသွားကြ၏!—တမန်တော် ၂၃:၆-၉။
၂။ ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို မိမိယုံကြည်ကြောင်း ထုချေရန် အဘယ်ကြောင့် အသင့်ရှိခဲ့သနည်း။
၂ အစောပိုင်းနှစ်များက ပေါလုသည် ဒမာသက်မြို့သို့သွားနေစဉ် ယေရှု၏အသံတော်ကို ကြားရသည့် အမြင်အာရုံကို တွေ့မြင်ခဲ့၏။ ထိုအခါ ပေါလုက “သခင်၊ အကျွန်ုပ်သည် အဘယ်သို့ပြုရပါမည်နည်း” ဟုယေရှုအား မေးလျှောက်ခဲ့၏။ ယေရှုက “ထလော့။ ဒမာသက်မြို့သို့သွားလော့။ သင်ဆောင်ရွက်စရာဖို့ ခွဲခန့်စီမံသမျှတို့ကို ထိုမြို့၌ပြောလိမ့်မည်” ဟုမိန့်ဆိုခဲ့၏။ ပေါလုသည် ဒမာသက်မြို့သို့ရောက်သည့်အခါ သူ့ကို တွေ့ဆုံကူညီပေးသည့် ခရစ်ယာန်တပည့် အာနနိက ဤသို့ရှင်းပြခဲ့သည်– “သင်သည် ဘုရားသခင်၏အလိုတော်ကို သိစေခြင်းငှာလည်းကောင်း၊ ဖြောင့်မတ်တော်မူသောသူ [ရှင်ပြန်ထမြောက်ခဲ့သောယေရှု] ကိုမြင်၍ နှုတ်တော်ထွက်ကို ကြားစေခြင်းငှာလည်းကောင်း ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင့်ကို ခန့်ထားတော်မူ၏။” (တမန်တော် ၂၂: ၆-၁၆) သို့ဖြစ်၍ ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို မိမိယုံကြည်ကြောင်း ထုချေရန် အသင့်ရှိနေသည်မှာ အံ့အားသင့်စရာမဟုတ်ပေ။—၁ ပေတရု ၃:၁၅။
ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို လူသိရှင်ကြားကြေညာခြင်း
၃၊ ၄။ ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာယုံကြည်ကြောင်း မည်သို့ထောက်ခံပြောဆိုခဲ့သနည်း၊ သူ၏ပုံနမူနာမှ အဘယ်အရာ သင်ယူနိုင်သနည်း။
၃ နောက်ပိုင်းတွင် ဖေလဇ်မင်းရှေ့မှောက်သို့ ပေါလုရောက်ခဲ့၏။ ထိုအချိန်တွင် ပေါလုအား ဂျူးတို့စွဲချက်တင်သောအမှုကို လျှောက်လဲခဲ့သည့် “ရှေ့နေ” တေရတုလုက ပေါလုသည် ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ပုန်ကန်ထကြွရန် လှုံ့ဆော်ပေးသူဖြစ်၏ဟု စွပ်စွဲသည်။ ထိုအခါ ပေါလုသည် ချက်ချင်း ဤသို့လျှောက်တင်ခဲ့သည်– ‘ဂိုဏ်းဟု သူတို့ခေါ်တတ်သော ဘာသာအတိုင်း အကျွန်ုပ်သည် မိစဉ်ဖဆက်ကိုးကွယ်သော ဘုရားသခင်ကို ကိုးကွယ်သည်ဟု ရှေ့တော်၌ အကျွန်ုပ်ဝန်ခံပါ၏။’ ထို့နောက် အဓိကအရေးကိစ္စကို ပြန်ကောက်ကာ ဤသို့ဆက်ဆို၏– “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူရှိသမျှတို့သည် သေခြင်းမှထမြောက်ကြလိမ့်မည်ဟူ၍ သူတို့မျှော်လင့်သည်နည်းတူ၊ အကျွန်ုပ်လည်း ဘုရားသခင်ကို အမှီပြု၍ မျှော်လင့်ပါ၏။”—တမန်တော် ၂၃:၂၃၊ ၂၄; ၂၄:၁-၈၊ ၁၄၊ ၁၅။
၄ နှစ်နှစ်ခန့်အကြာတွင် ဖေလဇ်မင်း၏အရာကိုဆက်ခံသူ ပေါတိဖေတ္တုမင်းသည် အကျဉ်းသားပေါလု၏အမှုကို မိမိနှင့်အတူ ကြားနာစစ်ဆေးပေးပါရန် ဟေရုဒ်အဂြိပ္ပမင်းကြီးအား မေတ္တာရပ်ခံခဲ့သည်။ စွဲချက်တင်သူများက “သေပြီးသော . . . ယေရှုသည် အသက်ရှင်လျက်ရှိသည်” ဟုပေါလု၏ပြောဆိုချက်ကို ငြင်းခုံကြကြောင်း ဖေတ္တုမင်းက ရှင်းပြ၏။ ပေါလုသည် ဤသို့မေးလျှောက်၍ ချေပပြောဆိုခဲ့သည်– “သေလွန်သောသူတို့ကို ဘုရားသခင်ထမြောက်စေတော်မူမည်ဟူသောအယူကို မယူအပ်ဟု သင်တို့သည် အဘယ်ကြောင့် ထင်ကြပါသနည်း။” ထို့နောက် သူက “ဘုရားသခင်မစတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ်ခံရ၍ ယခုတိုင်အောင်ရှိနေရပါ၏။ ခရစ်တော်သည် အသေသတ်ခြင်းကိုခံရမည်ဟူ၍လည်းကောင်း၊ သေခြင်းမှအဦးဆုံးထမြောက်၍ ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့အား အလင်းကိုပေးမည်ဟူ၍လည်းကောင်း မောရှေမှစသော ပရောဖက်များတို့ ဟောပြောသောစကားထက် အကျွန်ုပ်သည် မလွန်ဘဲ၊ လူအကြီးအငယ်တို့အား သက်သေခံ၍နေပါသည်ဟု လျှောက်လေ၏။” (တမန်တော် ၂၄:၂၇; ၂၅:၁၃-၂၂; ၂၆:၈၊ ၂၂၊ ၂၃) ရှင်ပြန်ထမြောက်ခြင်းကို ပေါလု အခိုင်အမာထောက်ခံပြောဆိုလိုက်ခြင်းပင်! ပေါလုနည်းတူ ကျွန်ုပ်တို့လည်း ရှင်ပြန်ထမြောက်ခြင်းရှိလိမ့်မည်ဟု ယုံကြည်စိတ်ချစွာ ကြေညာနိုင်ကြသည်။ သို့သော် လူတို့ မည်သို့တုံ့ပြန်မည်နည်း။ ပေါလုကို တုံ့ပြန်သကဲ့သို့ တုံ့ပြန်နိုင်ဖွယ်ရှိသည်။
၅၊ ၆။ (က) ရှင်ပြန်ထမြောက်ခြင်းကို တမန်တော်များ ထောက်ခံပြောဆိုခဲ့ခြင်းကြောင့် မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ကျွန်ုပ်တို့ပြောဆိုသည့်အခါ အဘယ်အရာအရေးကြီးသနည်း။
၅ ပေါလု၏ဒုတိယသာသနာပြုခရီးစဉ် (စီ.အီး. ၄၉-၅၂ ခုနှစ်ခန့်) အတွင်း အာသင်မြို့သို့ ရောက်ရှိချိန်က ဖြစ်ပျက်ခဲ့ရာကို သုံးသပ်ကြည့်ပါ။ သူသည် နတ်ဘုရားများစွာကို ယုံကြည်ကြသူများနှင့် ကျိုးကြောင်းဆင်ခြင်ပြီး ဘုရားသခင်ခန့်အပ်ထားသူသည် ကမ္ဘာသားများကို ဖြောင့်မတ်စွာတရားစီရင်ရန် ဘုရားသခင်ရည်ရွယ်ထားကြောင်း ဖော်ပြခဲ့သည်။ ထိုသူကား ယေရှုကိုယ်တော်တိုင်ပင်ဖြစ်၏။ ဘုရားသခင်သည် ယေရှုအား ရှင်ပြန်ထမြောက်လာစေခြင်းဖြင့် ယုံလောက်သောသက်သေကို ပြတော်မူခဲ့ပြီဟု ပေါလုရှင်းပြ၏။ တုံ့ပြန်မှုကား အဘယ်နည်း။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “သေသောသူတို့၏ထမြောက်ခြင်းအကြောင်းကို ကြားရလျှင် အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တစ်ဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။”—တမန်တော် ၁၇:၂၉-၃၂။
၆ ထိုသို့သောတုံ့ပြန်မှုမျိုးကို စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲပြီးနောက်မကြာမီ ပေတရုနှင့် ယောဟန်တို့ ကြုံခဲ့ဖူးသည်။ ယခုတစ်ဖန် ဇဒ္ဒုကဲများသည် အကြီးအကျယ်ငြင်းခုံကြပြန်၏။ အဘယ်အရာဖြစ်ခဲ့ကြောင်း တမန်တော် ၄:၁-၄ ကဤသို့ဖော်ပြ၏– ‘ထိုသို့ တမန်တော်တို့သည် လူများတို့အား ဟောပြောစဉ်တွင် ဝတ်ပြုရာအိမ်တော်မှူးမှစသော ယဇ်ပုရောဟိတ်တို့နှင့် ဇဒ္ဒုကဲများတို့သည် လာကြသဖြင့် တမန်တော်တို့သည် လူများတို့အား ဆုံးမ၍ ယေရှုကိုအကြောင်းပြုလျက် သေခြင်းမှထမြောက်ခြင်းတရားကို ဟောသောကြောင့် ထိုမင်းများတို့သည် စိတ်ပူပန်ခြင်းရှိကြသည်။’ သို့သော် တခြားသူများမှာမူ၊ တလိုတလားလက်ခံခဲ့ကြ၏။ “တရားနာသောသူအများတို့သည် ယုံကြည်ခြင်းသို့ရောက်၍ အရေအတွက်အားဖြင့် လူငါးထောင်မျှလောက်ရှိကြ၏။” ရှင်းနေသည်မှာ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ကျွန်ုပ်တို့ပြောပြသည့်အခါ အမျိုးမျိုးတုံ့ပြန်ကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ဤသွန်သင်ချက်ကို ကျွန်ုပ်တို့ကိုယ်တိုင် အခိုင်အမာယုံကြည်ကြဖို့ အရေးကြီးသည်။
ယုံကြည်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း
၇၊ ၈။ (က) ပထမရာစု ကောရိန္သုအသင်းတော်ထံ ရေးပို့ခဲ့သောစာအရ ယုံကြည်ခြင်းသည် မည်သို့အချည်းနှီးဖြစ်သွားနိုင်သနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို မှန်ကန်စွာသဘောပေါက်ထားခြင်းက စစ်မှန်သောခရစ်ယာန်များကို မည်သို့ခွဲခြားသိမြင်စေသနည်း။
၇ စီ.အီး. ပထမရာစုတွင် ခရစ်ယာန်ဖြစ်လာကြသူတိုင်း ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို အလွယ်တကူလက်မခံနိုင်ခဲ့ကြချေ။ လက်ခံရန်အခက်တွေ့နေသူအချို့သည် ကောရိန္သုအသင်းတော်တွင်ရှိ၏။ သူတို့ထံ ပေါလုဤသို့စာရေးခဲ့သည်– “ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း၊ သင်တို့အား ရှေ့ဦးစွာပေးအပ်သော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။” ထို့နောက် ပေါလုက ရှင်ပြန်ထမြောက်ခဲ့သောခရစ်တော်ကို မိမိအပါအဝင် “ညီအစ်ကိုငါးရာမက . . . မြင်ရကြ” ပြီး ထိုသူတို့ထဲမှ အများသောသူတို့သည် အသက်ရှင်နေကြသေးသည်ဟု ပြောဆို၍ ဤအမှန်တရားကို အခိုင်အမာထောက်ခံပြောဆိုခဲ့သည်။ (၁ ကောရိန္သု ၁၅:၃-၈) သူသည် ဤသို့ကျိုးကြောင်းဆင်ခြင်ပြခဲ့ပြန်၏– “ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူကြောင်းကို ဟောပြောရသည်ဖြစ်၍ သေသောသူတို့သည် ထမြောက်ခြင်းမရှိဟု သင်တို့တွင် အချို့သောသူတို့သည် အဘယ်ကြောင့်ဆိုရကြသနည်း။ သေသောသူတို့သည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော်မမူလျှင် ငါတို့ဟောပြောခြင်း၌ အကျိုးမရှိ၊ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။”—၁ ကောရိန္သု ၁၅:၁၂-၁၄။
၈ မှန်ပေသည်၊ ရှင်ပြန်ထမြောက်ခြင်းကို ဖြစ်ရပ်မှန်တစ်ခုအဖြစ် လက်မခံနိုင်လျှင် ခရစ်ယာန်ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်သွားသည်အထိ ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်သည် ဤမျှအခြေခံကျ၏။ ရှင်ပြန်ထမြောက်ခြင်းကို မှန်ကန်စွာသဘောပေါက်ထားခြင်းသည် ခရစ်ယာန်အစစ်နှင့်အတုကို ခွဲခြားသိမြင်နိုင်စေသည်။ (ကမ္ဘာဦး ၃:၄; ယေဇကျေလ ၁၈:၄) သို့ဖြစ်၍ ခရစ်ယာန်ဘာသာတရား၏ ‘မူလအယူဝါဒ’ တွင် ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်ကို ပေါလုထည့်သွင်းဖော်ပြထား၏။ ‘ရင့်ကျက်သည့်အဖြစ်သို့ တက်လှမ်း’ ကြရန် စိတ်ပိုင်းဖြတ်နိုင်ကြပါစေ။ “ဘုရားသခင်အခွင့်ပေးတော်မူလျှင် ငါတို့သည် ထိုသို့ပြုကြမည်” ဟုပေါလုတိုက်တွန်းအားပေးခဲ့၏။—ဟေဗြဲ ၆:၁-၃။
ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်
၉၊ ၁၀။ သမ္မာကျမ်းစာက ရှင်ပြန်ထမြောက်ခြင်းဟုဆိုသည့်အခါ အဘယ်အရာကိုဆိုလိုသနည်း။
၉ ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကို ပိုမိုခိုင်မာစေရန် ဤမေးခွန်းများကို ပြန်လည်သုံးသပ်ကြည့်ကြစို့– ရှင်ပြန်ထမြောက်ခြင်းဟု သမ္မာကျမ်းစာဆိုရာတွင် အဘယ်အရာကို ဆိုလိုသနည်း။ ရှင်ပြန်ထမြောက်ခြင်းသွန်သင်ချက်သည် ယေဟောဝါ၏မေတ္တာတော်ကို မည်သို့ဖော်ကျူးသနည်း။ ဤမေးခွန်းများ၏အဖြေသည် ဘုရားသခင်နှင့် သာ၍နီးကပ်စေပြီး တစ်ချိန်တည်းတွင် သူတစ်ပါးကိုလည်း သွန်သင်ပေးနိုင်သည်။—၂ တိမောသေ ၂:၂; ယာကုပ် ၄:၈။
၁၀ “ရှင်ပြန်ထမြောက်ခြင်း” ဟူသည် ဂရိစကားလုံးတစ်လုံး၏ ပြန်ဆိုချက်ဖြစ်ပြီး စာသားအရ “တစ်ဖန် မတ်တတ်ရပ်ခြင်း” ဟုအဓိပ္ပာယ်ရသည်။ ထိုအသုံးအနှုန်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ သမ္မာကျမ်းစာအရ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် သေလွန်သူတစ်ဦး အသက်ပြန်ရှင်နိုင်သည်ကို ယုံကြည်စိတ်ချခြင်းဖြစ်သည်။ လူတစ်ဦးသည် မြေကြီး သို့မဟုတ် ကောင်းကင်မျှော်လင့်ချက်ရှိခြင်းအပေါ် မူတည်၍ သူသည် လူ့ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်ခန္ဓာကိုယ်ဖြင့် ပြန်ထလာမည်ဟု သမ္မာကျမ်းစာက ထပ်ဆင့်ဖော်ပြသည်။ အံ့ချီးဖွယ်ရာ ဤရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ဖြင့် ထင်ရှားသည့် ယေဟောဝါ၏မေတ္တာတော်၊ ဉာဏ်ပညာနှင့် တန်ခိုးတော်တို့ကို ကျွန်ုပ်တို့ အံ့သြချီးမွမ်းကြသည်။
၁၁။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကြောင့် ဘုရားသခင်၏ဝိညာဉ်တော်ဖွားကျေးကျွန်များ အဘယ်အလားအလာရှိကြသနည်း။
၁၁ ယေရှုနှင့် ကိုယ်တော်၏ဝိညာဉ်တော်ဖွားညီအစ်ကိုများသည် ကောင်းကင်တွင် အမှုဆောင်နိုင်ရန် ဝိညာဉ်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ကြမည်ဖြစ်သည်။ (၁ ကောရိန္သု ၁၅:၃၅-၃၈၊ ၄၂-၅၃) သူတို့သည် ကမ္ဘာမြေကို ပရဒိသုဖြစ်စေမည့် မေရှိယနိုင်ငံတော်၏အုပ်စိုးရှင်များအဖြစ် အတူတကွ အမှုဆောင်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်မင်းကြီး ယေရှု၏လက်အောက်တွင် ဝိညာဉ်တော်ဖွားများသည် မင်းစည်းစိမ်ရှိ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ဖြောင့်မတ်သောကမ္ဘာသစ်တွင် လူသားများအတွက် ခရစ်တော်ရွေးနုတ်ဖိုးပူဇော်ရာယဇ်၏ အကျိုးကျေးဇူးများကို သူတို့ဆောင်ကြဉ်းပေးလိမ့်မည်။ (ဟေဗြဲ ၇:၂၅၊ ၂၆; ၉:၂၄; ၁ ပေတရု ၂:၉; ဗျာ. ၂၂:၁၊ ၂) ဤအတောအတွင်း မြေကြီးပေါ်အသက်ရှင်နေကြဆဲရှိသေးသည့် ဝိညာဉ်တော်ဖွားများသည် ဘုရားသခင်၏မျက်နှာသာတော်ကို ဆက်ရရှိလိုကြသည်။ သူတို့သေဆုံးသည့်အခါ ကောင်းကင်တွင် မသေနိုင်သောဝိညာဉ်အသက်တာနှင့် ရှင်ပြန်ထမြောက်ခြင်းဖြင့် သူတို့၏ “အကျိုး” ကိုရကြလိမ့်မည်။ (၂ ကောရိန္သု ၅:၁-၃၊ ၆-၈၊ ၁၀; ၁ ကောရိန္သု ၁၅:၅၁၊ ၅၂; ဗျာ. ၁၄:၁၃) “အသေခံတော်မူခြင်း၏ပုံကိုဆောင်၍ ထိုအရှင်နှင့် ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သည်မှန်လျှင် ထမြောက်တော်မူခြင်း၏ပုံကိုလည်းဆောင်၍ တစ်လုံးတစ်ဝတည်းဖြစ်ကြလိမ့်မည်” ဟုပေါလုရေးသားခဲ့သည်။ (ရောမ ၆:၅၊ သမ) သို့ရာတွင် လူသားများအဖြစ် ကမ္ဘာမြေပေါ် အသက်ရှင်ရန် ထမြောက်လာကြမည့်သူများနှင့်ပတ်သက်၍ကော အသို့နည်း။ ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် သူတို့ကို ဘုရားသခင်နှင့် မည်သို့သာ၍ရင်းနှီးစေနိုင်မည်နည်း။ အာဗြဟံ၏ပုံနမူနာမှ ကျွန်ုပ်တို့ များစွာသင်ယူနိုင်ပါသည်။
ရှင်ပြန်ထမြောက်ခြင်း၊ ယေဟောဝါနှင့်မိတ်ဖွဲ့ခြင်း
၁၂၊ ၁၃။ အာဗြဟံသည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ရန် အဘယ်ခိုင်မာသော အခြေခံရရှိခဲ့သနည်း။
၁၂ “ဘုရားသခင်၏အဆွေ” ဟူ၍ အခေါ်ခံရသော အာဗြဟံသည် ထူးခြားထင်ရှားသော ယုံကြည်သူတစ်ဦးဖြစ်သည်။ (ယာကုပ် ၂:၂၃) ပေါလုသည် ဟေဗြဲကျမ်း အခန်းကြီး ၁၁ တွင်မှတ်တမ်းတင်ထားသည့် တည်ကြည်သောအမျိုးသား၊ အမျိုးသမီးများ၏အမည်စာရင်းတွင် အာဗြဟံ၏ယုံကြည်ခြင်းကို သုံးကြိမ်တိုင်ဖော်ပြခဲ့၏။ (ဟေဗြဲ ၁၁:၈၊ ၉၊ ၁၇) တတိယအကြိမ်မြောက် ပေါလုဖော်ပြရာတွင် သားဣဇာက်ကို နာခံမှုရှိရှိပူဇော်ရန် အသင့်ရှိသောအာဗြဟံ၏ယုံကြည်ခြင်းကို အာရုံစိုက်စေခဲ့သည်။ ဣဇာက်မှတစ်ဆင့် မျိုးနွယ်တော်ဆင်းသက်လာမည်ဟူသော ယေဟောဝါ၏ကတိတော်ကို အာဗြဟံ ယုံကြည်စိတ်ချခဲ့သည်။ ပူဇော်ရာယဇ်အဖြစ် ဣဇာက် သေရလျှင်ပင် “သေခြင်းမှထမြောက်စေခြင်းငှာ ဘုရားသခင်တတ်နိုင်တော်မူ” ကြောင်း အာဗြဟံသိ၏။
၁၃ ဖြစ်ပျက်သမျှကိုထောက်ရှု၍ အာဗြဟံ၏ယုံကြည်ခြင်း မည်မျှပြင်းပြကြောင်း ယေဟောဝါသိမြင်သောအခါ တိရစ္ဆာန်တစ်ကောင်ကို အစားထိုးပူဇော်ရန် စီစဉ်ပေးလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ ဣဇာက်၏အဖြစ်အပျက်သည် ရှင်ပြန်ထမြောက်ခြင်း၏ပုံဥပမာဖြစ်ကြောင်း ပေါလုက ဤသို့ရှင်းပြခဲ့သည်– “[အာဗြဟံ]သည် ထိုသား[ဣဇာက်]ကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။” (ဟေဗြဲ ၁၁:၁၉) ထို့ပြင် အာဗြဟံသည် ရှင်ပြန်ထမြောက်ခြင်းကို အခိုင်အမာယုံကြည်ရန် အခြေခံရရှိခဲ့နှင့်ပြီးဖြစ်သည်။ ယေဟောဝါသည် အာဗြဟံနှင့် သူ၏ဇနီးစာရာတို့ အိုမင်းရင့်ရော်ချိန်တွင် မျိုးပွားနိုင်စွမ်းပေး၍ သူတို့၏သား ဣဇာက်ကို မွေးဖွားစေခဲ့သည်မဟုတ်ပေလော။—ကမ္ဘာဦး ၁၈:၁၀-၁၄; ၂၁:၁-၃; ရောမ ၄:၁၉-၂၁။
၁၄။ (က) ဟေဗြဲ ၁၁:၉၊ ၁၀ အရ အာဗြဟံသည် အဘယ်အရာကို စောင့်မျှော်ခဲ့သနည်း။ (ခ) အာဗြဟံသည် ကမ္ဘာသစ်တွင် ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများ ခံစားရရန် မည်သို့ဖြစ်လာရဦးမည်နည်း။ (ဂ) ဘုရားသခင့်နိုင်ငံတော်ကောင်းချီးများကို ကျွန်ုပ်တို့ မည်သို့ခံစားနိုင်မည်နည်း။
၁၄ အာဗြဟံသည် “ဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်” သည့်ဧည့်သည်၊ တဲထိုးနေထိုင်သူအဖြစ် ပေါလုဖော်ပြသည်။ (ဟေဗြဲ ၁၁:၉၊ ၁၀) ထိုမြို့သည် ဘုရားသခင်၏ဝတ်ပြုရာအိမ်တော်တည်ရှိရာ ပကတိယေရုရှလင်မြို့ကဲ့သို့မဟုတ်ဘဲ ပုံဆောင်မြို့တစ်မြို့ဖြစ်၏။ ၎င်းမြို့သည် ခရစ်တော်ယေရှုနှင့် ကိုယ်တော်၏တွဲဖက်ဘုရင် ၁၄၄,၀၀၀ တို့ဖြင့် ဖွဲ့စည်းထားသော ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ဖြစ်သည်။ ကောင်းကင်ဘုန်းဝင်စားကြသူ ၁၄၄,၀၀၀ ကို “သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်၊” ခရစ်တော်၏ “မင်္ဂလာဆောင်သတို့သမီး” ဟူ၍လည်း ခေါ်ဆိုထား၏။ (ဗျာ. ၂၁:၂) ၁၉၁၄ ခုနှစ်တွင် ယေဟောဝါသည် ယေရှုကို ကောင်းကင်နိုင်ငံတော် မေရှိယဘုရင်အဖြစ် ခန့်အပ်ပြီး ရန်သူများအလယ် အုပ်စိုးစေခဲ့သည်။ (ဆာလံ ၁၁၀:၁၊ ၂; ဗျာ. ၁၁:၁၅) “ဘုရားသခင်၏အဆွေ” အာဗြဟံသည် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက် ကောင်းချီးများခံစားရရန် အသက်ပြန်ရှင်လာရလိမ့်မည်။ ထိုနည်းတူ ကျွန်ုပ်တို့လည်း ဘုရားသခင့်နိုင်ငံတော် ကောင်းချီးများခံစားရရန် အာမဂေဒုန်ကိုကပ်ကျော်မည့် လူအုပ်ကြီးတွင်ဖြစ်စေ၊ သေခြင်းမှထမြောက်လာကြသူများတွင်ဖြစ်စေ ပါဝင်ပြီး ဘုရားသခင်၏ကမ္ဘာသစ်တွင် အသက်ရှင်ကြရမည်။ (ဗျာ. ၇:၉၊ ၁၄၊ ကဘ) သို့သော် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၏ အခြေခံအကြောင်းရင်းကား အဘယ်နည်း။
ဘုရားသခင့်မေတ္တာတော်—ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်၏အခြေခံအကြောင်း
၁၅၊ ၁၆။ (က) သမ္မာကျမ်းစာပါ ပထမဦးဆုံးပရောဖက်ပြုချက်သည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အတွက် အခြေခံအကြောင်း မည်သို့ပေးသနည်း။ (ခ) ရှင်ပြန်ထမြောက်ခြင်းယုံကြည်ချက်သည် ယေဟောဝါနှင့် မည်သို့သာ၍ရင်းနှီးစေနိုင်သနည်း။
၁၅ ကျွန်ုပ်တို့သည် မေတ္တာရှင်ကောင်းကင်ခမည်းတော်နှင့် ရင်းနှီးမှုရှိခြင်း၊ အာဗြဟံကဲ့သို့ ခိုင်မာသောယုံကြည်မှုရှိခြင်း၊ ဘုရားသခင့်ပညတ်များကို နာခံခြင်းတို့ကြောင့် ဖြောင့်မတ်သည်ဟု ကြေညာခံရပြီး ယေဟောဝါ၏မိတ်ဆွေများအဖြစ်လည်း ရှုမြင်ခံရသည်။ ယင်းကြောင့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှုအောက်တွင် ကျွန်ုပ်တို့ အကျိုးကျေးဇူးခံစားခွင့်ရရှိစေသည်။ သမ္မာကျမ်းစာ၌ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသော ပထမဦးဆုံးပရောဖက်ပြုချက်က ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ရှိဖို့နှင့် ဘုရားသခင်၏မိတ်ဆွေဖြစ်နိုင်ဖို့ အခြေခံဖြစ်သည်။ ၎င်းတွင် စာတန်၏ခေါင်းကို ကြိတ်ခြင်းကိုသာမက ဘုရားသခင့်မိန်းမမျိုးနွယ်၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟုလည်း ကြိုဟောထား၏။ နှက်တိုင်ပေါ်တွင် ယေရှုအသတ်ခံရခြင်းသည် ပုံဆောင်သဘောအရ ဖနောင့်ကို ကြိတ်ခြင်းဖြစ်သည်။ တတိယမြောက်နေ့တွင် ကိုယ်တော်ရှင်ပြန်ထမြောက်လာခြင်းက ထိုဒဏ်ရာပျောက်ကင်းပြီး ‘သေခြင်းတရားကို အစိုးရသောသူ စာတန်’ အားအပြီးသတ် အရေးယူလုပ်ဆောင်ရန် လမ်းဖွင့်ပေး၏။—ဟေဗြဲ ၂:၁၄။
၁၆ “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏” ဟူ၍ ကျွန်ုပ်တို့ကို ပေါလုသတိရစေသည်။ (ရောမ ၅:၈) ဤမခံစားထိုက်သောကရုဏာအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်ကြသဖြင့် ယေရှုနှင့်ရော မေတ္တာရှင်ကောင်းကင်ခမည်းတော်နှင့်ပါ အမှန်ပင် ပိုမိုရင်းနှီးလာစေသည်။—၂ ကောရိန္သု ၅:၁၄၊ ၁၅။
၁၇။ (က) အဘယ်မျှော်လင့်ချက်အကြောင်း ယောဘပြောဆိုခဲ့သနည်း။ (ခ) ယောဘ ၁၄:၁၅ ကယေဟောဝါအကြောင်း အဘယ်အရာဖော်ပြသနည်း။ ယင်းက သင့်ကို မည်သို့ခံစားစေသနည်း။
၁၇ ခရစ်ယာန်ခေတ်မတိုင်မီက တည်ကြည်သူယောဘသည်လည်း ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်ခဲ့သည်။ သူသည် စာတန်၏လက်ချက်ကြောင့် အကြီးအကျယ်ပင်ပန်းဆင်းရဲခံခဲ့ရ၏။ ယောဘသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း တစ်ခါမျှမပြောဖူးခဲ့သော သူ၏မိတ်ဆွေတုများနှင့်မတူဘဲ အဆိုပါမျှော်လင့်ချက်ကြောင့် နှစ်သိမ့်မှုရရှိခဲ့ရာ “လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော” ဟုမေးလျှောက်၏။ သူကိုယ်တိုင် ဤသို့ဖြေဆိုသည်– ‘အကျွန်ုပ်ပြောင်းလဲချိန်မရောက်မီ ပင်ပန်းစွာအမှုထမ်းရသော နေ့ရက်ကာလပတ်လုံး စောင့်မျှော်လျက်နေပါမည်။’ ထို့နောက် သူ၏ဘုရားသခင် ယေဟောဝါအား ဤသို့လျှောက်တင်ခဲ့သည်– “အကျွန်ုပ်ကိုခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။” မေတ္တာရှိဖန်ဆင်းရှင်၏ခံစားချက်ကို ယောဘသတိပြုမိ၍ ဤသို့ဆိုသည်– “ကိုယ်တိုင်ဖန်ဆင်းတော်မူသောအရာကို သနားခြင်းစိတ်ရှိတော်မူပါ။” (ယောဘ ၁၄:၁၄၊ ၁၅) မှန်ပါသည်၊ ယေဟောဝါသည် တည်ကြည်သူများ ရှင်ပြန်ထမြောက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်လျက်ရှိသည်။ ကျွန်ုပ်တို့သည် မစုံလင်သူများဖြစ်ကြလင့်ကစား ကျွန်ုပ်တို့ကို ကိုယ်တော်ပြသသည့် မေတ္တာတော်နှင့် မခံစားထိုက်သောကြင်နာမှုတို့အကြောင်း တွေးတောဆင်ခြင်သောအခါ ကိုယ်တော်နှင့် အမှန်ပင် သာ၍ရင်းနှီးလာစေသည်!—ရောမ ၅:၂၁; ယာကုပ် ၄:၈။
၁၈၊ ၁၉။ (က) ဒံယေလသည် အသက်ပြန်ရှင်လာရန် အဘယ်မျှော်လင့်ချက်ရှိသနည်း။ (ခ) နောက်ဆောင်းပါးတွင် အဘယ်အကြောင်းကို ကျွန်ုပ်တို့ဆွေးနွေးသုံးသပ်ကြမည်နည်း။
၁၈ “အလွန်ချစ်အပ်သောသူ” ဟူ၍ ဘုရားသခင်၏ကောင်းကင်တမန်ခေါ်ခဲ့သော ပရောဖက်ဒံယေလသည် သူ၏ဘဝတစ်လျှောက်လုံး တည်ကြည်စွာ အမှုထမ်းဆောင်ခဲ့၏။ (ဒံယေလ ၁၀:၁၁၊ ၁၉) ပြည်နှင်ဒဏ်ခံရချိန် ဘီ.စီ.အီး. ၆၁၇ ခုနှစ်မှစ၍ ပေရသိရှင်ဘုရင် ကုရုနန်းစံသုံးနှစ် ဘီ.စီ.အီး. ၅၃၆ ခုနှစ်တွင် စိတ်အာရုံမြင်ပြီး သေသည်အထိ ယေဟောဝါအပေါ် သူ၏ သမာဓိ မပျက်ခဲ့ချေ။ (ဒံယေလ ၁:၁; ၁၀:၁) ကုရုနန်းစံသုံးနှစ်အတွင်း ဒံယေလသည် ဖြစ်လုဆဲ ကြီးစွာသောဆင်းရဲခြင်းတွင် အဆုံးတိုင်မည့် ကမ္ဘာ့အာဏာစက်များ ချီတက်လာခြင်းဆိုင်ရာ အမြင်အာရုံတစ်ခုရရှိခဲ့သည်။ (ဒံယေလ ၁၁:၁–၁၂:၁၃) ဒံယေလသည် ဤအမြင်အာရုံကို အပြည့်အဝနားမလည်နိုင်သောကြောင့် သတင်းသယ်ဆောင်ပေးသော ကောင်းကင်တမန်အား “သခင်ဘုရား၊ ဤအမှုအရာတို့သည် အဘယ်သို့ကုန်စင်ပါမည်နည်း” ဟုမေးလျှောက်ခဲ့၏။ “ပညာရှိသောသူတို့မူကား နားလည်ကြလိမ့်” မည့် “အမှုကုန်ရသည်ကာလ” ကိုကောင်းကင်တမန်က အာရုံစိုက်စေခဲ့သည်။ ဒံယေလမှာမူ အဘယ်မျှော်လင့်ချက်ရှိသနည်း။ ကောင်းကင်တမန်က “သင်မူကား . . . ငြိမ်ဝပ်စွာနေရလိမ့်မည်။ နေ့ရက်ကာလကုန်စင်ပြီးမှ ကိုယ်အရိပ်အရာကိုခံ၍ ပေါ်ရလိမ့်မည်” ဟုမိန့်ဆိုခဲ့သည်။ (ဒံယေလ ၁၂:၈-၁၀၊ ၁၃) ဒံယေလသည် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ချိန် “ဖြောင့်မတ်သောသူတို့ . . . ထမြောက်သည်ကာလ၌” အသက်ပြန်ရှင်လာလိမ့်မည်။—လုကာ ၁၄:၁၄။
၁၉ ကျွန်ုပ်တို့သည် အမှုကုန်ရသည်ကာလ၏ နောက်ဆုံးပိုင်းတွင် အသက်ရှင်နေထိုင်လျက်ရှိပြီး ယုံကြည်သူများဖြစ်လာစအချိန်ကထက် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်မှုစတင်မည့်အချိန်နှင့် ပို၍နီးကပ်လာလေပြီ။ ထို့ကြောင့် မိမိကိုယ်ကို ဤသို့မေးရမည်– ‘ကျွန်ုပ်သည် အာဗြဟံ၊ ယောဘ၊ ဒံယေလနှင့် အခြားသစ္စာရှိအမျိုးသား၊ အမျိုးသမီးတို့နှင့် ပေါင်းသင်းနိုင်ရန် ကမ္ဘာသစ်တွင်ရှိမည်လော။’ ယေဟောဝါနှင့်တရင်းတနှီးရှိပြီး ကိုယ်တော်၏ပညတ်များကို နာခံကြမည်ဆိုလျှင် ထိုတွင် ကျွန်ုပ်တို့ရှိနိုင်ပါသည်။ အဘယ်သူတို့ ရှင်ပြန်ထမြောက်လာကြမည်ကို ခွဲခြားသိမြင်နိုင်ရန် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်နှင့်ဆိုင်သော ထပ်ဆင့်အချက်အလက်များကို နောက်ဆောင်းပါးတွင် ဆွေးနွေးသုံးသပ်ကြပါလိမ့်မည်။
သင်မှတ်မိသလော
• ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ကြေညာလိုက်သောအခါ လူတို့ မည်သို့တုံ့ ပြန်ခဲ့ကြသနည်း။
• ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်သည် ခရစ်ယာန်အစစ်နှင့်အတုတို့ကို အဘယ်ကြောင့် ခွဲခြားဖော်ပြပေးသနည်း။
• အာဗြဟံ၊ ယောဘနှင့် ဒံယေလတို့သည် ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြောင်း ကျွန်ုပ်တို့ မည်သို့သိရှိကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
ဖေလဇ်မင်းရှေ့မှောက်ရောက်လာသော ပေါလုသည် ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ယုံကြည်စိတ်ချစွာ ကြေညာခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အာဗြဟံသည် ရှင်ပြန်ထမြောက်ခြင်းကိုအဘယ်ကြောင့်ယုံကြည်ခဲ့သနည်း
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ယောဘသည် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်မှ နှစ်သိမ့်မှုရခဲ့
[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]
ဒံယေလသည် ဖြောင့်မတ်သောသူတို့ ထမြောက်မည့်အချိန်တွင် ပြန်အသက်ရှင်လာလိမ့်မည်