အတိုက်အခံပြုမှုကြားမှ ရဲစွမ်းသတ္တိ
အတိုက်အခံပြုမှုကြားမှ ရဲစွမ်းသတ္တိ
တစ်ယူသန်လူရမ်းကားအုပ်စုသည် တမန်တော်ပေါလု၏ အဖော်နှစ်ဦးဖြစ်သူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဧဖက်မြို့၏ ဇာတ်ရုံထဲသို့ အတင်းအကျပ်ဝင်ခိုင်းခဲ့ကြသည်။ ထိုတွင် လူရမ်းကားအုပ်စုသည် “ဧဖက်လူတို့၏အာတေမိသည် ကြီးမြတ်တော်မူ၏!” ဟု နှစ်နာရီကြာမျှ အော်ဟစ်ခဲ့ကြလေသည်။ (တမန်တော် ၁၉:၂၈၊ ၂၉၊ ၃၄) ပေါလု၏အဖော်များသည် ဤအတိုက်အခံပြုမှုကြားတွင် ကြံ့ခိုင်မှုရှိခဲ့ကြပါသလော။ ဤအခြေအနေဖြစ်စေခဲ့သည့် အဓိကအကြောင်းကား အဘယ်နည်း။
ပေါလုသည် ဧဖက်မြို့တွင် သုံးနှစ်ခန့်လောက် အောင်မြင်စွာ ဟောပြောခဲ့ရ၏။ ရလဒ်အနေနှင့် ဧဖက်မြို့သားများစွာ ရုပ်ပုံမကိုးကွယ်ကြတော့ပေ။ (တမန်တော် ၁၉:၂၆; ၂၀:၃၁) မျိုးပွားဘုရားမ အာတေမိ၏ ခမ်းနားထည်ဝါသော ငွေနတ်နန်းမှာ ဧဖက်မြို့၏ အထူးကြည်ညိုမြတ်နိုးရာဖြစ်သည်၊ ဤနတ်နန်းမှကြည့်လျှင် မြို့ကို အပေါ်စီးမှ မြင်ရ၏။ အဆိုပါနတ်နန်းပုံလေးများကို အဆောင်လက်ဖွဲ့အဖြစ် ဆင်မြန်းကြ သို့မဟုတ် အိမ်များ၌ တည်ထားကိုးကွယ်ကြ၏။ ခရစ်ယာန်များမူကား ယင်းရုပ်ပုံများကို ဝယ်ယူကြမည်မဟုတ်ပေ။—၁ ယောဟန် ၅:၂၁။
ငွေပန်းထိမ်သမားတစ်ဦးဖြစ်သူ ဒေမေတရိက ပေါလု၏ခရစ်ယာန်ဓမ္မအမှုသည် စီးပွားဖြစ်နေသော မိမိတို့၏လုပ်ငန်းကို အန္တရာယ်ပေးနေသည်ဟု ယူဆခဲ့သည်။ သို့နှင့် သူသည် မမှန်တစ်ဝက် မှန်တစ်ဝက်စကားများ၊ ချဲ့ကားပြောဆိုမှုများဖြင့် အာရှမိုင်းနားတစ်လျှောက်လုံးရှိ လူတို့သည် အာတေမိကို ဝတ်ပြုကြတော့မည်မဟုတ်ကြောင်း ပန်းထိမ်သမားချင်းတို့အား ယုံကြည်အောင်စည်းရုံးလိုက်သည်။ ဒေါသထွက်နေသော ပန်းထိမ်သမားများသည် အာတေမိကို စ၍ချီးမွမ်းအော်ဟစ်လိုက်သည်နှင့် အဓိကရုဏ်းအဖြစ်သို့ ရောက်ရှိသွားကာ တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။—တမန်တော် ၁၉:၂၄-၂၉။
ပွဲကြည့်ပရိသတ် ၂၅,၀၀၀ ဆံ့သည့် ဇာတ်ရုံတွင် ထောင်နှင့်ချီ၍ စုပြုံရောက်ရှိလာကြသည်။ အဆိုပါလူရမ်းကားအုပ်နှင့် ပေါလုတိုက်ရိုက်စကားပြောဆိုလိုသော်လည်း ရင်းနှီးသောအရာရှိများက မပြောဆိုဖို့ ဖျောင်းဖျခဲ့ကြသည်။ နောက်ဆုံး မြို့စာရေးက လူအုပ်ကို ငြိမ်သက်စေနိုင်လိုက်ရာမှ ဂါယုနှင့် အာရိတ္တာခုတို့ ဘေးကင်းစွာ လွတ်မြောက်လာခဲ့ကြသည်။—တမန်တော် ၁၉:၃၅-၄၁။
ယနေ့ ဘုရားသခင့်လူမျိုးလည်း ခရစ်ယာန်ဓမ္မအမှုကို ဆောင်ရွက်သည့်အခါ အတိုက်အခံပြုသူများ၊ ဆူပူအုံကြွမှုများကိုပင် ရင်ဆိုင်ရနိုင်သည်။ သူတို့သည် ရုပ်ပုံကိုးကွယ်မှု၊ အကျင့်ယိုယွင်းမှုနှင့် ရမ်းကားလူငယ်များရှိရာ မြို့များ၌ သတင်းကောင်းဟောပြောရလေ့ရှိသည်။ သို့ဖြစ်စေကာမူ ဧဖက်မြို့တွင် ‘လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း ဆုံးမသွန်သင်’ ခဲ့သည့် တမန်တော်ပေါလုကဲ့သို့ သူတို့သည် သတ္တိရှိရှိ လုပ်ဆောင်ကြ၏။ (တမန်တော် ၂၀:၂၀) ‘ယေဟောဝါ၏နှုတ်မြွက်စကားတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်’ နေသည်ကို သူတို့တွေ့ မြင်သည့်အခါ ထပ်တူရွှင်လန်းဝမ်းမြောက်ကြလေသည်။—တမန်တော် ၁၉:၂၀။
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ဧဖက်မြို့မှ ဇာတ်ရုံအပျက်အယွင်းများ